သားရဲများ နိုးထလာခြင်း
Vol. 2 Ch. 17
ဗီဒီယိုခေါ်ဆိုမှုကို ချက်ချင်းပင် လက်ခံလိုက်ပြီး ဗီဒီယိုမှတစ်ဆင့် လီဝမ်ရှီး၏နောက်ကွယ်ရှိ ပရိဘောဂအားလုံးမှာ သူ့ထံတွင်ရှိသော ပရိဘောဂများနှင့် ထပ်တူကျသည့် ပရိဘောဂအသစ်များဖြင့် အစားထိုးထားသည်ကို ရွှီရှင်း အထင်အရှား မြင်လိုက်ရသည်။
"မင်းလည်း ဒီပရိဘောဂတွေကို တကယ်ကြီး လုပ်လိုက်တာပဲ"
သူ စကားမပြောရသေးခင်မှာပင် တစ်ဖက်မှ လှပျိုဖြူလေးက ဦးအောင်ပြောလိုက်ပြီး သူ့နောက်ကွယ်ရှိ ပစ္စည်းများကို ကြည့်ကာ
"ရှင် အဆင့်မြင့် အကင်ဖို တောင် လုပ်ထားတာလား" ဟု ဆိုလာသည်။
"ဘယ်လိုသိတာလဲ" ရွှီရှင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သူမမှာလည်း ထူးခြားစွမ်းရည် ရှိနေလို့လား။
"ကြည့်ရတာ ကျွန်မ အကင်ဖိုထက် ပိုအဆင့်မြင့်နေလို့ပေါ့"
လီဝမ်ရှီးက သူမနောက်ကွယ်ရှိ အကင်ဖို ကို လက်ညှိုးထိုးပြရာ ၎င်းမှာ ရွှီရှင်း၏ အကင်ဖို ထက် များစွာ ရိုးရှင်းလှသည်မှာ အမှန်ပင်။
"ဘာလို့ အဆင့်မြင့်တာကို မလုပ်တာလဲ"
"မေ့သွားလို့လေ၊ လက်ထဲရှိတာနဲ့ပဲ တန်းလုပ်လိုက်တာ။"
လီဝမ်ရှီးက အမှတ်မထင် ပြန်ဖြေပြီးနောက်
"အော်... ဒါနဲ့ ညဘက်မှာ ကျွန်မ အပြင်ထပ်ထွက်ပြီး ကျောက်ရိုင်းတွေ အများကြီး သယ်လာသေးတယ်။ လောလောဆယ်တော့ ကျောက်နဲ့ သတ္တုပြတ်မှာ စိုးရိမ်စရာ မလိုတော့ဘူး။ ဒါပေမဲ့ တော်တော်တော့ ပျင်းဖို့ကောင်းတယ်၊ စတင်သူကာကွယ်စောင့်ရှောက်မှု ကာလက မြန်မြန်ကုန်ရင် ကောင်းမယ်။ ကျောက်တူးတာကလွဲလို့ ဘာမှလုပ်လို့မရဘူး၊ သစ်ပင်အိမ်နဲ့ အဝေးကြီးသွားရင်လည်း ခွင့်မပြုဘူး။ ကျွန်မ အဝေးကြီးသွားမိတော့ သတိပေးချက်တောင် တက်လာတယ်"
"သတိပေးတယ် ဟုတ်လား"
ရွှီရှင်း အံ့သြသွားပြီး
"ဘာလို့ သတိပေးတာလဲ" ဟု အမြန်မေးလိုက်သည်။
"သစ်ပင်အိမ်နဲ့ အဝေးကြီး မသွားဖို့၊ မဟုတ်ရင် မကောင်းတာတွေ ဖြစ်လာလိမ့်မယ်တဲ့။ ဘာဖြစ်မလဲဆိုတာတော့ အသံက မပြောဘူး၊ ဒါပေမဲ့ လေသံကတော့ တော်တော်လေး ပြတ်သားတယ်"
"မင်း ဘယ်လောက်အထိ ဝေးဝေးသွားလိုက်လို့လဲ"
"ကျွန်မ လည်း ဘယ်သိမလဲ၊ အကြာကြီး လမ်းလျှောက်လိုက်တာပဲ။ အသွားအပြန်ဆိုရင် နှစ်နာရီနီးပါး ကြာတယ်"
သာမန် လမ်းလျှောက်နှုန်းနှင့်ဆိုလျှင် တစ်နာရီကို လေး၊ ငါးကီလိုမီတာခန့် သွားနိုင်သော်လည်း တောထဲတွင်မူ ထိုမျှ မမြန်နိုင်ချေ။
သုံးကီလိုမီတာဆိုသည်မှာပင် အတော်လေး ဝေးနေပြီဖြစ်သည်။
သူတို့ရဲ့ သွားလာမှု နယ်မြေမှာ သစ်ပင်အိမ်ပတ်ဝန်းကျင်နားမှာသာ ကန့်သတ်ထားပြီး အဝေးကြီးသွား မရပေ။
ရွှီရှင်း အတော်လေး ဝေးဝေးသွားခဲ့ဖူးသော်လည်း အများဆုံး နှစ်ကီလိုမီတာခန့်သာ ရှိလိမ့်မည်။ ထို့ထက် ပိုမသွားခဲ့ခြင်းမှာ သူ၏စွမ်းရည်ဖြင့် ကြည့်လျှင် နှစ်ကီလိုမီတာအကျော်မှာ အရင်းအမြစ်နယ်မြေ မဟုတ်တော့ဘဲ အဆင့်မြင့်ကုန်ကြမ်းများလည်း မရှိတော့သောကြောင့် ဖြစ်သည်။
ရွှီရှင်းသည် စရောက်သည့်နေရာမှာတင် သစ်ပင်အိမ်စိုက်ခဲ့သူများကို တွေးပြီး သနားမိသွားသည်။ ထိုနေရာပတ်ဝန်းကျင်တွင် ဘာမှမရှိသည့်အပြင် လှုပ်ရှားမှုနယ်မြေကိုပါ ကန့်သတ်ထားလျှင် သူတို့ရရှိနိုင်မည့် အရင်းအမြစ်မှာ ပို၍ပင် နည်းပါးသွားပေလိမ့်မည်။
"မနက်ဖြန်ကျရင်တော့ သတိထားဦးနော်" ရွှီရှင်းက သူတွေ့ခဲ့သော ဝက်ဝံနက်ဂူကို သတိရကာ သတိပေးလိုက်သည်။
"မင်း ကျောက်တူးနေတာ ဂူထဲမှာလား။ ဂူတွေထဲမှာ သားရဲတွေ နေတတ်တယ်၊ မနက်ဖြန် ကာကွယ်စောင့်ရှောက်မှုကာလ ပြီးတာနဲ့ သူတို့ ပြန်ရောက်လာလိမ့်မယ်"
"ဒါကြောင့်မို့လို့လည်း ကျွန်မ အောက်ဆင်းပြီး ကျောက်တွေ အများကြီး ထပ်တူးထားတာပေါ့။" လီဝမ်ရှီးက သူမလက်ထဲရှိ ကျောက်ရိုင်းများကို မြှောက်ပြလိုက်သည်။
ဖန်သားပြင်မှတစ်ဆင့် ဖြစ်သော်လည်း ထိုကျောက်ရိုင်းများမှ ထွက်ပေါ်နေသော အပြာရောင်အလင်းတန်းကို ရွှီရှင်း မြင်နေရသည်။
"ကျွန်မ လုပ်နိုင်သမျှ ပစ္စည်းတွေလည်း အကုန်လုပ်ပြီးပြီ၊ ကျောက်တုံးတွေကိုလည်း တစ်ထပ်လုံး ပြည့်အောင် သိမ်းထားပြီးပြီ။ ကျွန်မ ဘာမှမလုပ်ဘဲ ဒီကျောက်တုံးတွေကိုပဲ ရောင်းစားရင်တောင် တော်တော်ကြာကြာ အေးအေးဆေးဆေး နေလို့ရတယ်"
သူမ ထိုသို့ပြောသည်ကို ကြားမှ ရွှီရှင်း စိတ်အေးသွားရသည်။
ဘာပဲဖြစ်ဖြစ် ဤလှပျိုဖြူလေးမှာ လောလောဆယ်တွင် သူ၏ တစ်ဦးတည်းသော အပြာရောင်သတ္တုရိုင်း ရင်းမြစ် မဟုတ်ပါလား။
သူ ဂူတစ်ခု ရှာတွေ့ထားသော်လည်း ထိုနေရာတွင် ဝက်ဝံနက်ကြီး ရှိနေသည်။ နှစ်ဦးသား သတင်းအချက်အလက်အချို့ ဖလှယ်ပြီးနောက် ဗီဒီယိုကို ပိတ်လိုက်ကြသည်။ ယခုဆိုလျှင် သူတို့မှာ လက်တွဲဖော်များကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
ရွှီရှင်းသည် သူ၏ကုလားထိုင်ကို ကုတင်ဘေးသို့ ရွှေ့လိုက်သည်။ ညဘက် တောအုပ်မှာ နေ့ခင်းဘက်ထက်စာလျှင် အနည်းငယ် ပို၍ အေးစိမ့်လှသည်။
ထူထပ်လှသော ညောင်ရွက်များမှာ သူ၏အမြင်အာရုံကို မပိတ်ပင်နိုင်သော်လည်း လေတိုက်နှုန်းကိုတော့ ကာကွယ်ပေးထားသည်။
သစ်ရွက်အမိုးအကာကြီးမှာ လေတိုက်တိုင်း တရှဲရှဲနှင့် လှုပ်ခတ်နေသည်။
လေတိုက်သံနှင့် သဘာဝ၏ အသံများကို နားထောင်ရင်း ရွှီရှင်းမှာ အိပ်ငိုက်လာကာ သတိများ ဝေဝါးလာတော့သည်။
[အသက်ရှင်ကျန်ရစ်သူ အားလုံး အစပြုသူကာကွယ်စောင့်ရှောက်မှု ကာလကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး ကိုယ်ပိုင်သစ်ပင်အိမ်များကို ပိုင်ဆိုင်နိုင်ခဲ့ကြသည့်အတွက် ဂုဏ်ယူပါသည်။ ယခုအချိန်မှစ၍ ဤကမ္ဘာကြီးသည် အသက်ရှင်ကျန်ရစ်သူများကို ထပ်မံကာကွယ်ပေးတော့မည် မဟုတ်ပါ။ ကျေးဇူးပြု၍ အသက်ရှင်သန်နိုင်ရန် ကြိုးစားကြပါ။]
[ပထမအဆင့် စတင်ပါပြီ။ လုပ်ဆောင်ချက်အသစ် ပွင့်သွားပါပြီ - လက်နက်နှင့် သံချပ်ကာများ ပြုလုပ်ခြင်း]
[ဤမှောင်မည်းပြီး ထိတ်လန့်စရာကောင်းသော ညတွင် သုံးရက်တိုင်တိုင် ဖိနှိပ်ခံထားရသော သားရဲများမှာ စတင်လှုပ်ရှားလာကြပြီ ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူတို့၊ အစွမ်းကုန် ကြိုးစားကြပါ။ ယနေ့ည သားရဲလှိုင်းများ၏ တိုက်ခိုက်မှုကို အသက်ရှင်ကျော်ဖြတ်နိုင်မှသာ သင်တို့သည် တကယ်တမ်း ပြန်လည်မွေးဖွားနိုင်မည် ဖြစ်သည်]
နားထဲသို့ ရုတ်တရက် ရောက်ရှိလာသော အသံကြောင့် ရွှီရှင်း ချက်ချင်း နိုးသွားသည်။ စက်ရုပ်ဆန်သော ထိုစကားလုံးများက သူ့နှလုံးသားကို တင်းကျပ်သွားစေသည်။
သားရဲတွေ လှုပ်ရှားလာပြီ...
ဒီညကို အသက်ရှင်အောင် ဖြတ်ကျော်ရမယ်.....
အမှန်ပင်... အစပြုသူကာလ ပြီးဆုံးသည်နှင့် ရက်စက်လှသော စိန်ခေါ်မှုကြီးက ရောက်ရှိလာခဲ့လေပြီ။
သူသည် ပြတင်းပေါက်မှ အပြင်သို့ အမြန်လှမ်းကြည့်လိုက်ရာ အတောင်ပံအကျယ် နှစ်မီတာခန့်ရှိသော ဇီးကွက်ကြီးတစ်ကောင်မှာ သစ်ပင်အမိုးအကာ အနားမှနေ၍ ဝဲပျံသွားပြီး စူးရှခြောက်ခြားဖွယ်ကောင်းသော အော်သံကြီးကို ပြုလုပ်လိုက်သဖြင့် ရွှီရှင်းပင် လန့်အော်မိတော့မလို ဖြစ်သွားသည်။
"ဒီဇီးကွက်က ဘာလို့ ဒီလောက်ကြီးနေရတာလဲ။ ကမ္ဘာပေါ်က အကြီးဆုံးဇီးကွက်တွေထက်တောင် ပိုကြီးနေသေးတယ်" ရွှီရှင်း ထိတ်လန့်တကြား တွေးလိုက်မိသည်။
တောအုပ်ကြီးမှာ တိတ်ဆိတ်မနေတော့ဘဲ ငှက်မျိုးစုံ၏ အော်သံနှင့် သားရဲဟိန်းသံများမှာ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေတော့သည်။ အဝေးမှ ဝံပုလွေအူသံတစ်ချက် ထွက်ပေါ်လာသဖြင့် ရွှီရှင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
ကံကောင်းသည်မှာ သူ၏သစ်ပင်အိမ်မှာ အတော်လေး မြင့်မားနေခြင်းပင်။
သူ၏သစ်ပင်အိမ်လေးမှာ အရပ်မျက်နှာအနှံ့မှ ဖုံးကွယ်နေသဖြင့် အန္တရာယ်ရှိပုံ မရချေ။
ထိုသို့တွေးကာ စိတ်အေးလက်အေးဖြင့် အခြားသူများ၏ တုံ့ပြန်မှုကို ဖန်သားပြင်ပေါ်တွင် စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် ရေအိုင်ဘက်မှ အလွန်ကျယ်လောင်သော ရေလှိုင်းသံကြီး ထွက်ပေါ်လာသည်။
သူ ရေအိုင်ဘက်သို့ အမြန်လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများ ပြူးသွားရသည်။
ရေအိုင်၏ အလယ်ဗဟိုမှ ဧရာမ မြွေကြီးတစ်ကောင်၏ ခေါင်းကြီး ထွက်ပေါ်လာသည်။ ၎င်း၏ ကိုယ်ထည်မှာ အချင်း နှစ်မီတာခန့်အထိ ရှိနိုင်ပြီး ရေပေါ်သို့ ပေါ်ထွက်နေသော ခေါင်းပိုင်းတင် ခြောက်မီတာ၊ ခုနစ်မီတာခန့် ရှိနေသည်။ ဧရာမ ပုံစံကြီးမှာ နဂါးတစ်ကောင်၏ ကိုယ်ထည်ကဲ့သို့ပင်။
ထိုကြီးမားလှသော ဖိအားကြောင့် ရေအိုင်ဘေးရှိ သားရဲများမှာ တောနက်ထဲသို့ အမြန်ထွက်ပြေးသွားကြတော့သည်။ ဧရာမ မြွေကြီး၏ အကြည့်မှာ ရေအိုင်ဘေးမှ ရွှီရှင်း၏ သစ်ပင်အိမ်ရှိရာဘက်သို့ ဝေ့ကြည့်လိုက်ပုံရသည်။
စေ့ထားသော ပါးစပ်ကြားမှ အနီရောင် လျှာနှစ်ခွမှာ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာပြီး အရသာရှိသော အစာတစ်ခုကို ချောင်းမြောင်းနေသည့်အလား...။
ရွှီရှင်း၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ သစ်ပင်အိမ်အတွင်းသို့ ပြန်ဆုတ်လိုက်ပြီး အနီရောင်ဘယ်ရီသီးအကြီးတစ်လုံးကို စားလိုက်သည်။
ညဘက်မြင်နိုင်စွမ်း ရှိလာသည်နှင့် သူသည် ပြတင်းပေါက်မှ အပြင်သို့ သတိကြီးစွာဖြင့် ပြန်ချောင်းကြည့်လိုက်သည်။
တောအုပ်အတွင်း မြင်ကွင်းမှာ ဖရိုဖရဲ ဖြစ်နေတော့သည်။ ဒီညမှာတော့ ရွှီရှင်း ထင်ထားသလို လွယ်ကူလိမ့်မည် မဟုတ်ချေ။
သူသည် စောစောက အသိပေးချက်တွင်ပါသော လက်နက်နှင့် သံချပ်ကာ ပြုလုပ်ခြင်းကို ရုတ်တရက် သတိရသွားကာ ဖန်သားပြင်ဆီသို့ ပြေးသွားလိုက်သည်။
အခြေခံပစ္စည်း ပြုလုပ်ခြင်း ကဏ္ဍတွင် ပြုလုပ်နည်းအသစ်အချို့ကို သူ ရှာတွေ့လိုက်သည်။
[သစ်သားတုတ် (အဖြူရောင်အဆင့်) - ရိုးရှင်းသော ထုရိုက်သည့် ကိရိယာဖြစ်သည်။ အသုံးမဝင်ဟု ထင်ရသော်လည်း ခွန်အားအလုံအလောက်ရှိလျှင် ၎င်းမှာ သင့်အတွက် အကောင်းဆုံး လက်တွဲဖော် ဖြစ်လာလိမ့်မည်။ ကြံ့ခိုင်မှု ၂၀၀။ သစ်သား (အဖြူရောင်အဆင့်) ၁၀ တုံး လိုအပ်သည်။]
[သစ်သားတူ (အဖြူရောင်အဆင့်) - ရိုးရှင်းသော ထုရိုက်သည့် ကိရိယာဖြစ်သည်။ လေးလံပုံရသော်လည်း သစ်သားတူခေါင်းမှာ ထင်သလောက် မလေးလံဘဲ သာမန်လူတစ်ယောက် လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်သည်။ သို့သော် အစွမ်းတော့ နည်းသည်။ ကြံ့ခိုင်မှု ၂၀၀။ သစ်သား (အဖြူရောင်အဆင့်) ၁၀ တုံး လိုအပ်သည်။]
[အသားခုတ်ဓား (အဖြူရောင်အဆင့်) - အခြေခံဓားအသေးစား ဖြစ်သည်။ တိရစ္ဆာန်အသေကောင်များမှ အခြေခံကုန်ကြမ်းများ ထုတ်ယူရန်အတွက် ကောင်းမွန်သည်။ ကျောက်တုံး (အဖြူရောင်အဆင့်) ၅ တုံး လိုအပ်သည်။
---
အခန်း (၁၇ ) ပြီး