← Chapters

မြေပုံခွင့်ပြုချက် နှင့် အမဲလိုက်ခြင်း

Vol. 2 Ch. 19

မြေပုံခွင့်ပြုချက် နှင့် အမဲလိုက်ခြင်း

Vol. 2 Ch. 19

"မြေပုံစွမ်းရည်လား"

ရွှီရှင်း စဉ်းစားလိုက်သည်နှင့် သူ၏စိတ်ထဲတွင် မြေပုံတစ်ခု ပေါ်လာသည်။

အချို့နေရာများမှာ လင်းနေသော်လည်း နေရာအများစုမှာ မှောင်နေဆဲပင်။

အသေအချာ စစ်ဆေးကြည့်ရာ ထိုလင်းနေသော နေရာများမှာ သူရောက်ဖူးသော နေရာများ ဖြစ်နေသည်။

စတင်ရာနေရာမှသည် မြစ်ကမ်းဘေး နှင့် မြစ်တစ်လျှောက် လမ်းလျှောက်ခဲ့သော လမ်းကြောင်း၊ နောက်ဆုံးတွင် သူရောက်ရှိနေသော ရေအိုင်နယ်မြေတို့မှာ မြေပုံပေါ်တွင် လင်းထိန်နေသည်။

မြေပုံသည် သူရောက်ဖူးသမျှ နေရာအားလုံးကို အလွန်ကြည်လင်စွာ ပြသနေသည်။

ဝက်ဝံနက်ဂူ ၊ ရေအိုင်နှင့် သူ၏သစ်ပင်အိမ် တည်နေရာတို့ကိုပါ မြင်ရသည်။

အရင်းအမြစ်နယ်မြေ တစ်ခုလုံးမှာ ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းတန်းလေးများ ဖြာထွက်နေသည်။

ထိုစဉ်မှာပင် မြေပုံပေါ်၌ ဟိုဟိုဒီဒီ လှုပ်ရှားနေသော အနီစက်များကို သူ သတိပြုမိလိုက်သည်။ ထိုအနီစက်များသည် လင်းနေသော နေရာများတွင်သာမက မှောင်နေသော နေရာများတွင်ပါ ပျံ့နှံ့နေသည်။

"ဒီအနီစက်တွေက အပြင်က တောရိုင်းတိရစ္ဆာန်တွေပေါ့"

ရွှီရှင်းသည် သူ၏သစ်ပင်အိမ်အနီးရှိ အနီစက် ၅ စက်ကို ကြည့်လိုက်သည်။ အနီစက်ကြီးတစ်စက်ကို အနီစက်အသေး ၄ စက်က ဝိုင်းထားသည်။

သူ အပြင်သို့ လှမ်းကြည့်လိုက်ရာ အမှန်ပင် ဝက်ဝံနက်ကြီးတစ်ကောင်ကို ဝံပုလွေ ၄ ကောင်က ဝိုင်းထားသည်ကို တွေ့ရသည်။

ထို့နောက် သူသည် ရေအိုင်၏ အလယ်ဗဟိုကို ကြည့်လိုက်ရာ နေမင်းကြီးကဲ့သို့ တောက်ပသော အနီစက်ကြီးတစ်စက်မှာ စူးရှသော အလင်းတန်းများ ထုတ်လွှတ်နေပြီး ၎င်းပတ်လည်တွင် အနီစက်အသေးပေါင်းများစွာ ရှိနေသည်။ ၎င်းမှာ သေချာပေါက် ဧရာမမြွေကြီး ပင် ဖြစ်ရမည်။

ရွှီရှင်းသည် မြွေကြီးကို လှမ်းကြည့်လိုက်ရာ သူ၏မျက်စိသူငယ်အိမ်များ ကျုံ့သွားရသည်။

မြွေကြီးသည် ရွှီရှင်း၏ သစ်ပင်အိမ်ဘက်သို့ စိုက်ကြည့်နေဆဲ ဖြစ်သည်။ လျှာနှစ်ခွကို ထုတ်လိုက် သွင်းလိုက် လုပ်နေပြီး ၎င်း၏ အမည်းရောင် မျက်လုံးကြီးများမှာ ရွှီရှင်း၏ အကြည့်နှင့် ဆုံနေသကဲ့သို့ပင်။

အေးစက်သော လရောင်အောက်တွင် ၎င်း၏အကြည့်မှာ ရွှီရှင်း၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။

"ဒီမြွေကြီး ငါ့ကို တကယ်ပဲ မြင်နေတာလား၊ ဒါဆိုရင်တော့ ငါ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး"

သူ့စကား မဆုံးခင်မှာပင် ရေပေါ်သို့ ထွက်နေသော မြွေကြီး စတင်လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။

ဧရာမမြွေကြီး၏ ကိုယ်ထည်မှာ ရေထဲမှ ကြွတက်လာပြီး ရေတံခွန်တစ်ခုအလား ရေများ တဖွဲဖွဲကျလာကာ ကမ်းခြေရှိ သွေးကွက်များကို ဆေးကြောပစ်လိုက်သည်။

အနီရောင်ဘယ်ရီသီး စားထားသဖြင့် ရွှီရှင်းမှာ ရေပေါ်သို့ လွင့်စင်လာပြီး ရေထဲသို့ ပြန်ကျသွားသော ငါးပေါင်းများစွာကို အတိုင်းသား မြင်နေရသည်။

မြွေကြီးသည် ရွှီရှင်းရှိရာဘက်သို့ ပါးစပ်ကြီးကို ဟလိုက်ပြီး လျှာကို ထုတ်ကာ တရှူးရှူး မှုတ်လိုက်သည်။

၎င်း၏ ချောက်ကဲ့သို့ ပါးစပ်ကြီးမှာ တစ်ကိုယ်လုံးကို တစ်လုတ်တည်းနှင့် မြိုချနိုင်မည့်အလားပင်။

ရွှီရှင်း အသက်ပင် မရှူဝံ့ဘဲ နှလုံးတုန်နေစဉ်မှာပင် မြွေကြီးသည် ရုတ်တရက် ခေါင်းကို လှည့်ကာ ရေထဲသို့ ငုပ်လျှိုးသွားတော့သည်။

ရေမျက်နှာပြင်ပေါ်တွင် ဧရာမဘီးကြီးတစ်ခု လည်ပတ်သွားသကဲ့သို့ လှိုင်းလုံးကြီးများ ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

နောက်ဆုံးတွင် ၎င်း၏ အမြီးပိုင်းမှာ ပေါ်လာပြီးနောက် ရေထဲသို့ ပျောက်ကွယ်သွားကာ လှိုင်းဂယက်များသာ ကျန်ရစ်ခဲ့တော့သည်။

ရွှီရှင်း၏ စိတ်ထဲရှိ မြေပုံပေါ်တွင် တောက်ပသော အနီစက်ကြီးမှာ တဖြည်းဖြည်း မှိန်သွားပြီး ပျောက်ကွယ်သွားသည်။ ရေအိုင်အလယ်ရှိ အနီစက်အသေးလေးများသာ ဟိုဟိုဒီဒီ လှုပ်ရှားနေတော့သည်။

"ရေငုပ်သွားရင် မြေပုံပေါ်မှာ မမြင်ရတော့တာလား မဖြစ်နိုင်ပါဘူး၊ တခြား အနီစက်အသေးလေးတွေ မြင်နေရသေးတာပဲ ဒါဆို ရေအောက်က တခြားနေရာနဲ့ ဆက်နေတာလား၊ အခု မြွေကြီးက တခြားကို ထွက်သွားတာလား"

ပထမဆုံး ဤရေအိုင်ကို မြင်ကတည်းက အလယ်ဗဟိုမှာ အလွန်နက်မည်ဟု ရွှီရှင်း ထင်ခဲ့သည်။ ယခုကြည့်ရသည်မှာ ၎င်းသည် အခြားနေရာတစ်ခုနှင့် ဆက်သွယ်နေပုံရသည်။

မဟုတ်ပါက ဤမျှကြီးမားသော သတ္တဝါကြီးတစ်ကောင်သည် ဆည်တစ်ခုစာမျှသာ ရှိသော ရေအိုင်ထဲတွင် မည်သို့ ပုန်းအောင်းနေထိုင်နိုင်မည်နည်း။

ဘာပဲဖြစ်ဖြစ် မြွေကြီးသည် သူ၏သစ်ပင်အိမ်ကို ဆက်လက် မကြည့်တော့သဖြင့် ရွှီရှင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

"အခုရတဲ့ စွမ်းရည်က တကယ်ကို အစွမ်းထက်တာပဲ၊ မြေပုံပေါ်မှာ ရန်သူ့တည်နေရာကို X-ray နဲ့ ကြည့်နေရသလိုပဲ"

မြေပုံပေါ်ရှိ လင်းနေသော နေရာများသာမက မှောင်နေသော နေရာများရှိ အနီစက်များကိုပါ မြင်နိုင်သည်မှာ အလွန်အားသာချက် ဖြစ်သည်။

ဤစွမ်းရည်ကြောင့် သူသည် နယ်မြေအသစ်များ စူးစမ်းသည့်အခါ သားရဲများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရမည် မဟုတ်ပေ။ သူ၏ အာရုံကို ပြန်စုစည်းလိုက်သောအခါ သစ်ပင်အိမ်အနီးရှိ အနီစက်များမှာ တစ်စက် လျော့သွားသည်ကို တွေ့ရသည်။

ရွှီရှင်း တစ်ခုခုကို သတိရကာ မျက်လုံးများ လင်းခနဲ ဖြစ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအချိန်တွင် ဝံပုလွေတစ်ကောင်မှာ ဝက်ဝံ၏ လက်ဝါးရိုက်ချက်ကြောင့် သေဆုံးသွားပြီ ဖြစ်သည်။

ကျန်ဝံပုလွေ ၃ ကောင်မှ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း ဝက်ဝံကို ဆက်လက် ဝိုင်းရံကာဟိန်းဟောက်နေကြသည်။

ဝက်ဝံနက်ကြီးမှာ ဝံပုလွေတစ်ကောင်ကို သတ်နိုင်ခဲ့သော်လည်း ၎င်းကိုယ်တိုင်လည်း စုတ်ပြတ်နေကာ မျက်လုံးတစ်ဖက်မှာလည်း ကန်းသွားသဖြင့် တကယ့် ဝက်ဝံကန်း ကြီး ဖြစ်သွားတော့သည်။

အပြန်အလှန် အခြေအနေမှာ ၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် အသာစီးမရနိုင်ဘဲ နှစ်ဘက်လုံး သေကြေပျက်စီးသွားမည်ကို နားလည်သွားပုံရသည်။

ဝံပုလွေတစ်ကောင်၏ အူသံအပြီးတွင် ကျန်ဝံပုလွေ ၃ ကောင်မှာ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြတော့သည်။ ရွှီရှင်း မြေပုံကို စစ်ဆေးကြည့်ရာ သူ၏သစ်ပင်အိမ်အနီးတွင် ဒဏ်ရာရနေသော ဝက်ဝံကြီးတစ်ကောင်သာ ကျန်တော့သည်။

၎င်းမှာ သူရရှိထားသော အစာကို ကျောပေးကာ စားသောက်နေသည်။

ရွှီရှင်း စိတ်လှုပ်ရှားသွားသည်။ ဤဝက်ဝံနက်ကြီးမှာ ဝက်ဝံနက်ဂူ တွင် နေထိုင်သော ဝက်ဝံ ဖြစ်ပုံရသည်။ အကယ်၍ ဤဝက်ဝံသည် ထိုဂူမှ လာခြင်းမှန်လျှင် ၎င်းကို ဤနေရာမှာတင် သတ်နိုင်ခြင်းက အနာဂတ်အတွက် အန္တရာယ်တစ်ခုကို ကြိုတင်ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။

သူသည် ကျောက်လှံ ကို မြဲမြဲ ဆုပ်ကိုင်လိုက်ပြီး စွန့်စားရန် ပြင်လိုက်သည်။

ဝက်ဝံမှာ သစ်ပင်အိမ်၏ အမိုးအကာအောက်တည့်တည့်တွင် ရှိနေသဖြင့် ရွှီရှင်းသည် သစ်ပင်အိမ်၏ စွမ်းရည်ကို အသုံးပြုကာ အပေါ်မှ ဆင်းပြီး ဝက်ဝံကို တိုက်ရိုက် ထိုးလိုက်သည်။

သူသည် လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ အကောင်းဆုံး စိတ်အခြေအနေ ရရှိရန်အတွက် အပြာရောင်အဆင့် လိမ္မော်သီးကို စားလိုက်သည်။

ချက်ချင်းပင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများ ပျောက်ကွယ်သွားတော့သည်။

ရွှီရှင်းသည် အသက်ကို ပြင်းပြင်းရှူကာ သစ်ပင်အမြစ်များက သူ့ခါးကို ပတ်ထားပေးပြီးနောက် လှံသွားကို ဝက်ဝံ၏ ဦးခေါင်းတည့်တည့်သို့ ချိန်ရွယ်ကာ အောက်သို့ ဆင်းလာခဲ့သည်။

"သုံး... နှစ်... တစ်"

ရွှီရှင်း၏ လှုပ်ရှားမှုနှင့်အတူ ခါးမှ အမြစ်များ လျော့သွားပြီး ဝက်ဝံဆီသို့ အရှိန်ဖြင့် ကျဆင်းသွားသည်။

သူသည် အောက်က ဝက်ဝံကိုသာ စိုက်ကြည့်ပြီး လှံကို အားကုန် လွှဲလိုက်သည်။ ရွှီရှင်း ဆင်းလာသည်ကို ဝက်ဝံ မသိလိုက်ချေ။

ကျောက်လှံ မှာ ဝက်ဝံ၏ ဦးနှောက်ကို ဖောက်ထွက်သွားပြီး ဝက်ဝံကြီးမှာ ဘာမှ ပြန်မခုခံနိုင်ဘဲ ချက်ချင်းပင် လဲကျ သေဆုံးသွားတော့သည်။

ရွှီရှင်း၏ ပထမဆုံး အမဲလိုက်မှုမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဝက်ဝံနက်ကြီးကို အမဲလိုက်နိုင်ခဲ့ပြီ။

ရွှီရှင်းသည် အမြစ်များကို ပြန်လည် ထိန်းချုပ်လိုက်သဖြင့် အနည်းငယ် တင်းကျပ်သွားသော ခံစားချက်မှလွဲ၍ ဘာဒဏ်ရာမှ မရရှိခဲ့ချေ။

မြို့ပေါ်တွင် ကြီးပြင်းလာသူဖြစ်သဖြင့် ခြင်ထက်ကြီးသောအရာကို တစ်ခါမှ ကိုယ်တိုင် မသတ်ဖူးချေ။ ထို့ကြောင့် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားရသော်လည်း ထိုစိတ်လှုပ်ရှားဖွယ် လုပ်ရပ်ကြောင့် ပြောမပြနိုင်လောက်အောင် တက်ကြွနေမိသည်။

"ဆောရီးပဲ ဝက်ဝံကြီး၊ မင်းရဲ့ ကိုယ်ပေါ်က ပစ္စည်းတွေ ငါ တကယ် လိုအပ်လို့ပါ"

ရွှီရှင်းသည် အမြစ်များကို အသုံးပြုကာ ဝက်ဝံအသေကောင်နှင့် ဝံပုလွေအသေကောင်ကို ပထမထပ်သို့ သယ်ယူလိုက်သည်။ ပထမထပ်တွင် သစ်သားများ ပြည့်နေသော်လည်း အကောင်နှစ်ကောင်ထားရန် နေရာအလုံအလောက် ရှိသည်။

ဝက်ဝံနက်မှာ အတော်လေး လေးလံပြီး ကီလို ၂၀၀ ကျော် ရှိသည်။ ဘေးက ဝံပုလွေမှာလည်း ကီလို ၁၀၀ ခန့် ရှိပြီး လေးကောင်ထဲတွင် အသေးဆုံးတစ်ကောင် ဖြစ်သည်။

"ဒီကမ္ဘာက သားရဲတွေက မူလကမ္ဘာထက် ပိုအန္တရာယ်များပုံရတယ်။ ဒါကြောင့်လည်း သစ်ပင်အိမ်ကို စွန့်မသွားဖို့ ခဏခဏ သတိပေးနေတာပေါ့။" ရွှီရှင်း တီးတိုးရေရွတ်လိုက်သည်။

အရင်ဆုံး သူသည် အသားခုတ်ဓား တစ်လက် ပြုလုပ်လိုက်သည်။

ရွှီရှင်းသည် အစိမ်းရောင်ကျောက်တုံး ၄ တုံးနှင့် အပြာရောင်ကျောက်တုံး ၁ တုံးကို အသုံးပြုကာ အပြာရောင်အဆင့် အသားခုတ်ဓား တစ်လက်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

[အသားခုတ်ဓား (အပြာရောင်အဆင့်) - သားရဲအသေကောင်များကို လျင်မြန်စွာ ခွဲစိပ်နိုင်သော အဆင့်မြင့် ဓားအသေးစား ဖြစ်သည်။ အပြာရောင်အဆင့်နှင့် အောက်ရှိ ကုန်ကြမ်းများကို ရရှိနိုင်ခြေ ရှိသည်။ ကြံ့ခိုင်မှု ၁၀၀၀]

"အလုပ်တစ်ခုကို ကောင်းကောင်းလုပ်နိုင်ဖို့ဆိုရင် ကိရိယာတွေ ကောင်းနေဖို့ လိုတာပဲ"

---

အခန်း (၁၉ ) ပြီး.....

All Chapters