စည်းမျဉ်းများထဲမှ ဖုံးကွယ်ထားသော အဓိပ္ပာယ်
Vol. 2 Ch. 25
ရွှီရှင်းသည် လျှို့ဝှက်ဆန်းပြားသော အသံ၏စကားများကို ချန်ပီယံလုပွဲ ကစားနေရသကဲ့သို့ အာရုံစူးစိုက် နားထောင်နေမိသည်။
ကိုယ့်အသက်နဲ့ကိုယ် ယှဉ်လာလျှင် ဘယ်သူက အလေးမထားဘဲ နေပါမည်နည်း။ နောက်ဆုံး လူ ၅၀ကို ဖယ်ရှားပစ်မည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ ရွှီရှင်း၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။
ဤမျှ ရက်စက်သော ဖယ်ရှားမှုမျိုးကို လုပ်ဆောင်မည်ဆိုကတည်းက ဤလျှို့ဝှက်ဆန်းပြားသော အသံမှာ စိတ်ကောင်းရှိသူမဟုတ်ကြောင်း သူသိလိုက်သည်။
ဆုလာဘ်ပေးမည့် လှုပ်ရှားမှုဟု ဆိုသော်လည်း နယ်မြေတစ်ခုစီမှ လူ ၅၀ သေဆုံးရမည်ဖြစ်ပြီး စူးစမ်းရှာဖွေနေစဉ်အတွင်း အန္တရာယ်နှင့် ကြုံတွေ့ရမည့်သူ ဘယ်နှဦးရှိမည်ကိုလည်း မည်သူမှ မသိနိုင်ချေ။
သူတို့နယ်မြေမှ လူ ၈,၀၀၀ ကျော်တွင် ၅၀ ဦးဆိုသည်မှာ ၀.၆ ရာခိုင်နှုန်းမျှသာ ရှိသော်လည်း၊ ၎င်းသည် အစပြုသူကာကွယ်မှုကာလအပြီး ပထမဆုံး လှုပ်ရှားမှုသာ ဖြစ်သည်။
ရွှီရှင်းသည် ထိုအသံပေးထားသော စည်းမျဉ်းများကို စတင်စဥ်းစားတော့သည်။ သော့များ၏ တည်နေရာအရ ရတနာသေတ္တာများကို ကြေး၊ ငွေ၊ ရွှေ ဟူသော အစီအစဉ်အတိုင်း အစဉ်လိုက်ဖွင့်မှသာ သုံးလုံးလုံးကို ဖွင့်နိုင်မည်ဖြစ်သည်။
ထိုသေတ္တာများကို နေရာရွှေ့၍ ရပါသလား။ အကယ်၍ ရွှေ့၍ရပါက သေတ္တာကိုတွေ့လျှင် ကျောပိုးအိတ် ထဲ ထည့်သယ်သွားခြင်းက အလုပ်ကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
သေတ္တာတွေရဲ့ ပတ်ဝန်းကျင်မှာ သားရဲတွေ စောင့်နေမလား။ သေတ္တာအနားအနားတွင် ထင်ရှားသော အမှတ်အသားများ ရှိနေမလား။ ရွှီရှင်းက ရှိသင့်သည်ဟု ခံစားရသည်။
၃ ကီလိုမီတာ ပတ်လည်ဆိုသည်မှာ မြို့ငယ်လေးတစ်မြို့၏ မြို့ပြဧရိယာနှင့် ညီမျှသဖြင့် သေးငယ်သော ဧရိယာမဟုတ်ပေ။
ညဘက်တွင် မြင်နိုင်စွမ်းရှိပြီး အိပ်စရာမလိုလျှင်တောင် နှစ်ရက်အတွင်း ထိုမျှကျယ်ဝန်းသော နေရာကို လမ်းလျှောက်ရှာရန်မှာ မဖြစ်နိုင်သလောက်ပင်။
အကယ်၍ ကံတရားအပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံထားမည်ဆိုပါက ဤဂိမ်းမှာ အလွန်ပျင်းစရာကောင်းနေပေလိမ့်မည်။
စဉ်းစားနေစဉ်မှာပင် လီဝမ်ရှီးက သူ့ထံ ဗီဒီယိုဖုန်းခေါ်လာသဖြင့် ရွှီရှင်း လက်ခံလိုက်သည်။
သူဌေးမလေး၏ မျက်နှာမှာ အတော်လေး တည်ကြည်နေကာ သူမက တိုက်ရိုက်ပြောလိုက်သည်။
"ကျွန်မ ရှင့် ဆီကနေ အစိမ်းရောင်သစ်သားတွေ ထပ်လဲချင်တယ်။ ကျွန်မဆီမှာ သစ်သားတွေ ပြတ်နေပြီ၊ ကိရိယာတွေတောင် အများကြီး မလုပ်ရသေးဘူး။"
ရွှီရှင်းမှာလည်း အစိမ်းရောင်ကျောက်တုံးများ လိုအပ်နေသဖြင့် သဘောတူလိုက်ပြီး လဲလှယ်မှုကို ချက်ချင်း ပြီးဆုံးစေခဲ့သည်။
လီဝမ်ရှီးက ရုတ်တရက် ပြုံးလိုက်ပြီး "ဒီတစ်ခေါက် ကျွန်မ အသက်ရှင်ခဲ့ရင် ရှင့် ရဲ့ အနီရောင်ပန်ဒါလေး ကို ကျွန်မ ကို ပေးကြည့်ရမယ်နော်" ဟု ဆိုသည်။
ရွှီရှင်းက ခဲခဲ ၏ခေါင်းကို ပွတ်သပ်ပေးရင်း ဤသိကျွမ်းခါစ မိန်းကလေးကို သူ ကူညီသင့်သည်ဟု တွေးမိသည်။
သူမသည် သူ၏ သတ္တုအရင်းအမြစ်ပင် ဖြစ်သည်။
သူသည် လိမ္မော်သီးနှစ်လုံးကို ပစ္စည်းလဲလှယ်ရေးကဏ္ဍတွင် တင်လိုက်သည်။
"ဒီနှစ်လုံးက မင်းအတွက်ပဲ။ ဒီည အခြေအနေကို စောင့်ကြည့်ဦး၊ အန္တရာယ်ရှိရင် အပြင်မထွက်နဲ့။ အခြေအနေ ဘေးကင်းတယ်ဆိုမှ သုံးလိုက်ပါ။"
အပြာရောင်အဆင့် အသီးအနှံများသည် အပြာရောင် ကျောက်နှင့် သစ်သားများလောက် တန်ဖိုးမကြီးလှချေ။ သူမကို လိမ္မော်သီးပေးခြင်းမှာ ရွှီရှင်းအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပင်။
သူဌေးမလေးက ငြင်းရန် ပြင်သော်လည်း လိမ္မော်သီး၏ အာနိသင်ကို တွေ့လိုက်ရသောအခါ သဘောတူညီချက် ခလုတ်ကို ချက်ချင်း နှိပ်လိုက်သည်။
"ကျွန်မ... ဒီလှုပ်ရှားမှုပြီးရင် ရှင့်ကို ပြန်ပေးပါ့မယ်"
လီဝမ်ရှီးက သူမ အမြတ်ထွက်သွားမှန်း သိသည်။ ဤအသီး၏ အာနိသင်သည် အနီရောင်ဘယ်ရီသီးနှင့် ပေါင်းစပ်လိုက်ပါက ညကို နေ့အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
"အော်... ဒါနဲ့၊ သေတ္တာမရှာခင်မှာ အရင်းအမြစ်တွေ အရင်စုဆောင်းထားဦး။ ထိုအသံက အရင်းအမြစ်တန်ဖိုး အပေါ်မူတည်ပြီး လို့ ပြောသွားတာ၊ သေတ္တာတွေ့မှလို့ မပြောသွားဘူး။ ဒါကြောင့် အပြာရောင်အဆင့် ပစ္စည်းတစ်ခုခု ရှာတွေ့ထားတာကတောင် မင်းကို နောက်ဆုံး ၅၀ ထဲ မပါအောင် ကူညီပေးနိုင်တယ်" ဟု ရွှီရှင်းက သူ၏ စဉ်းစားချက်ကို ဝေမျှလိုက်သည်။
လီဝမ်ရှီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ စတင်စဉ်းစားတော့သည်။
"ရှင်ပြောတာ ဖြစ်နိုင်ခြေ ရှိသားပဲ အဲ့ဒီအသံက တကယ်ကြီး အဲ့လိုပြောသွားတာလား။"
"အဲ့လိုပဲ ပြောသွားတာ။ ဒါပေမဲ့ ဒါက အကာအကွယ်တစ်ခု အနေနဲ့ပဲ။ ကြေးသေတ္တာကို ရှာဖို့ကိုပဲ ဦးစားပေးသင့်တယ်"
ဟုတ်ပါသည်။ အချို့လူများတွင် အစိမ်းရောင်ကုန်ကြမ်းပင် မရှိသေးချေ။ အကယ်၍ ကြေးသေတ္တာ၏ တန်ဖိုးက အပြာရောင်အဆင့်ထက် သာလွန်နေပါက ငွေသေတ္တာနှင့် ရွှေသေတ္တာများမှာ ပို၍ပင် တန်ဖိုးကြီးပေလိမ့်မည်။
သူဌေးမလေးက ခေါင်းညိတ်လိုက်ကာ - "ကျွန်မ ရှင့်နောက်ကပဲ လိုက်မယ်"
"အဆင်ပြေရင် ဒီည ၇ နာရီမှာ ပြန်လာခဲ့ဦး၊ သတင်းအချက်အလက်တွေ ဖလှယ်ကြရအောင်"
"ဟားဟား... ရတာပေါ့၊ မင်းသာ မေ့မသွားနဲ့ဦး"
ဖုန်းချပြီးနောက် ရွှီရှင်း ဆက်သွယ်ရေးလိုင်းကို ပြန်စစ်ကြည့်ရာ နေရာအနှံ့မှာ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့ရသည်။ ဘယ်သူကမှ ရွှီရှင်း၏ နည်းလမ်းကို ဆက်သွယ်ရေးလိုင်းတွင် မဖော်ပြကြချေ။
အကယ်၍ ဤနည်းလမ်းသာ ပျံ့နှံ့သွားပါက လူတိုင်း လိုက်လုပ်ကြမည်ဖြစ်၍ ထိရောက်မှု ရှိတော့မည်မဟုတ်ပေ။ ဤအရာမှာ အားနည်းသူများကို ဖယ်ရှားရန်အတွက် ရက်စက်မှုပင်။
ရွှီရှင်းသည် ကျောက်ပုဆိန် ၊ ကျောက်တူးတံ ၊ ကျောက်လှံ စသည့် သူ၏ ကိရိယာများကို စုဆောင်းကာ ကျောပိုးအိတ် ကို လွယ်ပြီး ထွက်လာခဲ့သည်။
ပထမဆုံး အလုပ်မှာ လိမ္မော်သီးများကို ခူးရန်ဖြစ်သည်။ ၎င်းက သူ့ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးသည်။
လိမ္မော်သီးများ ခူးရင်း ရွှီရှင်းက သူ၏ပုခုံးပေါ်က ခဲခဲ ကို တစ်လုံး ကမ်းပေးလိုက်ရာ ၎င်းက လူကဲ့သို့ပင် အခွံခွာပြီး မြိန်ရေယှက်ရေ စားနေတော့သည်။
အသီးများ ခူးပြီးနောက် ရွှီရှင်းသည် မြေပုံကိုဖွင့်ကာ အနီးအနားတွင် အနီစက်များ ရှိ၊ မရှိ စစ်ဆေးလိုက်သည်။ စိတ်ပျက်စရာကောင်းသည်မှာ ရေအိုင်အလယ်တွင် ကူးခတ်နေသော အနီစက်များမှလွဲ၍ သူ၏ အရင်းအမြစ်နယ်မြေအတွင်း အနီစက် တစ်စက်မှ မရှိချေ။
"ဒါဆို ဘယ်မှာ ရှိနိုင်မလဲ" ရွှီရှင်း စဉ်းစားနေမိသည်။
"စဉ်းစားမနေတော့ဘူး၊ လက်တွေ့ပဲ လုပ်တော့မယ်။ ငါ့ရဲ့ ပစ္စည်းခွဲခြားနိုင်စွမ်း စွမ်းရည်နဲ့ဆိုရင် တွေ့ကောင်းတွေ့နိုင်မှာပဲ" ရွှီရှင်းသည် ၃ ကီလိုမီတာ ပတ်လည်၏ အပြင်ဘက်ဆုံး အစွန်းပိုင်းမှ စတင်ကာ စူးစမ်းရှာဖွေရန် စီစဉ်လိုက်သည်။
ဆိုလိုသည်မှာ စူးစမ်းရှာဖွေရမည့် နယ်မြေတွင် အရင်းအမြစ်နယ်မြေ တစ်ခုလုံးအပြင် အခြား သာမန်နယ်မြေ အများအပြားလည်း ပါဝင်နေသည်။
"ငါ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေကို အရင်သွားကြည့်ရအောင်။"
---
အခန်း (၂၅) ပြီး