အခြားအသက်ရှင်သူများ၏ ရရှိမှုများ
Vol. 2 Ch. 28
သံလိုက် အိမ်မြှောင်အပ် ညွှန်ပြနေသည့် အရပ်မျက်နှာမှာ စမ်းချောင်းလေး စီးဆင်းလာရာ အတိုင်း ဖြစ်နေသည်။
ဆိုလိုသည်မှာ ငွေရတနာသေတ္တာသည် သူလျှောက်ခဲ့ဖူးသည့် လမ်းကြောင်းပေါ်တွင် ရှိနေနိုင်ပေသည်။
"ဝက်ဝံနက်ဂူများ ဖြစ်နေမလား"
ရွှီရှင်းသည် သံလိုက် အိမ်မြှောင်ကို စိုက်ကြည့်ရင်း တွေးနေမိသည်။ သူ စတင်ရာနေရာမှ လာခဲ့စဉ်က ပတ်ဝန်းကျင်ကို အသေအချာ ဂရုတစိုက် လေ့လာခဲ့ဖူးသည်။
လမ်းတစ်လျှောက်တွင် ဝက်ဝံနက်ဂူမှလွဲ၍ ထူးခြားသည့်အရာ ဘာမှမရှိခဲ့ချေ။
မှန်ပါသည်၊ ရတနာသေတ္တာ တည်ရှိနိုင်သည့်နေရာကို သာမန်အတွေးဖြင့် တွေး၍မရချေ။
ကြေးရတနာသေတ္တာသည် နွယ်ပင်၏ အမြစ်ထဲတွင် ရှိနေလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။
ထိုနေရာမှာ အလွန်ပင် ကောက်ကျစ်ရက်စက်လှသည်။ အကယ်၍ သူ့တွင် စွမ်းရည်သာမရှိပါက သေချာပေါက် ထိုထောင်ချောက်ထဲသို့ ကျရောက်ကာ မသေရုံတမယ် ဒဏ်ရာရရှိသွားပေလိမ့်မည်။
ယခုတစ်ကြိမ် ငွေရတနာသေတ္တာ ရှိမည့်နေရာမှာလည်း သာမန်ဖြစ်နိုင်ခြေ မရှိသဖြင့် ခြေလှမ်းတိုင်းကို သတိကြီးစွာ လှမ်းရပေမည်။
"ဝက်ဝံနက်ဂူကို အရင်သွားစစ်ကြည့်ရအောင်။ အခုထိ ဂူထဲမှာ ဝက်ဝံတွေ ရှိနေသေးလားမသိဘူး"
ရွှီရှင်း သတ်ခဲ့သော ဝက်ဝံနက်၏ အရေခွံမှာ ယခုအခါ သူ၏ကျောပေါ်မှ ကျောပိုးအိတ် ဖြစ်နေပြီဖြစ်သည်။
သူသည် မြေပုံကိုဖွင့်ကာ မှတ်သားထားသော ဝက်ဝံနက်ဂူကို ကြည့်လိုက်ရာ လောလောဆယ် ဂူထဲတွင် အနီစက်များ မရှိချေ။
"ဒီဝက်ဝံနက်က တကယ်ပဲ ဝက်ဝံနက်ဂူက အကောင် ဖြစ်နိုင်တယ်"
ရွှီရှင်း အနည်းငယ် ဝမ်းသာသွားသည်။ အကယ်၍ ထိုအတိုင်းသာဆိုလျှင် အကောင်းဆုံးပင်။
ပြီးခဲ့သည့်အကြိမ်က သူသည် သစ်ပင်အိမ်၏ အကူအညီဖြင့် ဒဏ်ရာအပြင်းအထန်ရနေပြီး အကာအကွယ်မဲ့နေသော ဝက်ဝံနက်ကိုသာ သတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝက်ဝံနက်တစ်ကောင်ကို လက်နက်များဖြင့် တိုက်ရိုက်ရင်ဆိုင်ခြင်းမှာ မိမိကိုယ်ကို သတ်သေခြင်းနှင့် အတူတူပင်။
အကယ်၍ ဝက်ဝံနက်သာ မသေသေးပါက သူ၏ ဉာဏ်ကိုသာ အားကိုးရပေလိမ့်မည်။
ထိုစဉ် ခဲခဲသည် စားပွဲပေါ်တွင် ဝပ်လျက် သံလိုက် အိမ်မြှောင်အပ်ကို ၎င်း၏ လက်ကလေးဖြင့် လှည့်ကာ ကစားနေသည်။
သံလိုက် အိမ်မြှောင်မှာ စောင့်ဆိုင်းချိန် ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် နှစ်နာရီအတွင်း အသုံးပြု၍ မရသေးချေ။
ထို့ကြောင့် ခဲခဲ၏ လက်ချက်ကြောင့် အပ်မှာ အားမရှိသကဲ့သို့ တုန်ခါနေကာ ပျက်နေသော နာရီတစ်လုံးကဲ့သို့ ဖြစ်နေတော့သည်။
ရွှီရှင်းသည် ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို စစ်ဆေးကြည့်ရာ လူဦးရေမှာ ရှစ်ထောင်အောက်သို့ ကျဆင်းသွားပြီး ၇,၉၈၇ ဦးသာ ကျန်တော့သည်။
သူ မနက်ပိုင်း ထွက်ခွာစဉ်က ၈,၁၄၀ ဦး ရှိနေသေးသည်ကို သူ မှတ်မိနေသည်။
"၁၅၀ လောက်က ဒီလောက်အမြန် သေကုန်တာလား" ရွှီရှင်း အနည်းငယ် ထိတ်လန့်သွားသည်။
ဤလူများသည် ရတနာသေတ္တာကို စောင့်ကြပ်နေသည့် သတ္တဝါများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် အချို့မှာ ကြေးသေတ္တာအစား ရွှေ သို့မဟုတ် ငွေရတနာသေတ္တာများနှင့် အရင် ကြုံခဲ့ရနိုင်ပြီး ၎င်းတို့ကို စောင့်ကြပ်နေသည့် သတ္တဝါများမှာ ပို၍ပင် အစွမ်းထက်နိုင်ပေသည်။
ယခုကြည့်ရသည်မှာ နောက်ဆုံး လူ ၅၀ ဦး ဖယ်ရှားမည် ဆိုသော စည်းမျဉ်းမှာ ရှင်ကျန်သူ များကို သစ်ပင်အိမ်ထဲမှ ထွက်လာရန် ဖိအားပေးခြင်းသာ ဖြစ်ပြီး၊ တကယ့် အန္တရာယ်မှာ သေတ္တာစောင့် သတ္တဝါများပင် ဖြစ်သည်။
ရွှီရှင်း ပိုမို သတိရှိလာသည်။ သူသည် သတ္တဝါတစ်ကောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် မသေချင်ပေ။
သူကဲ့သို့ သတိကြီးသူတစ်ဦးအဖို့ အန္တရာယ်ကို ကြိုတင်သိမြင်နိုင်သည့် မြေပုံစွမ်းရည်သာ မရှိပါက ကြေးရတနာသေတ္တာ ရရှိပြီးကတည်းက အပြင်သို့ မထွက်ဘဲ သစ်ပင်အိမ်ထဲတွင်သာ အေးအေးဆေးဆေး နေထိုင်နေပေလိမ့်မည်။
ယခုအခါ ဆက်သွယ်ရေးလိုင်းတွင်လည်း အခြားသူများက ထိုအကြောင်းကိုပင် ပြောဆိုနေကြသည်။
"ဘယ်သူရှိလဲ၊ ပြန်လာတဲ့လူ ရှိလား"
"ငါ ပြန်ရောက်ပြီ၊ ကြေးရတနာသေတ္တာ ရခဲ့တယ်..သောက်ကျိုးနည်း... အပြင်ထွက်ပြီး မကြာခင်ပဲ မြေကြီးထဲကနေ ဇလုံတစ်လုံးလောက် တုတ်တဲ့ မြွေကြီး ထွက်လာပြီး ငါ့ကို ပတ်ထားတာ၊ အသက်ရှူကျပ်ပြီး သေတော့မလို့ဟေ့"
"ဟင်..မင်း မြွေနဲ့ တိုးတာလား..ဘယ်လို လွတ်လာတာလဲ"
"ဟားဟား... ငါ ကံကောင်းသွားတာ။ ငါ့လက်ထဲက တုတ်က မြွေပါးစပ်ထဲမှာ ခံနေပြီး အဲ့ဒီမြွေကလည်း ထူးဆန်းတယ်၊ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ဘာသာသူ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတာ။ နောက်ထပ် စက္ကန့်အနည်းငယ်သာ ကြာရင် ငါ သေချာပေါက် သေမှာ။ ကံကောင်းလို့ သူထွက်လာတဲ့ မြေကျင်းထဲမှာ ကြေးသေတ္တာ ရှိနေလို့ တော်သေးတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတော့ နောက်ထပ် အပြင်မထွက်တော့ဘူး၊ အရမ်း အန္တရာယ်များတယ်။ ကြေးသေတ္တာ တစ်လုံးတည်းနဲ့တင် တန်ပါပြီ"
"ဒါက တကယ်ကို အန္တရာယ်များတာပဲ"
"မင်းကော ကြေးသေတ္တာ ရလား"
"ငါလား..ငါ အပြင်တောင် မထွက်ရသေးဘူး"
" မင်း သေမှာ မကြောက်ဘူးလား"
"ငါ့ခြေထောက်ကို သားရဲတစ်ကောင်က ကိုက်ဖြတ်သွားလို့ အခု သေဖို့ပဲ စောင့်နေတာ။ ဘာပဲဖြစ်ဖြစ် အပြင်ထွက်လည်း သေမှာပဲလေ။ လူတိုင်း သေတ္တာရှာတွေ့မှာ မဟုတ်ဘူးဆိုတော့ နောက်ဆုံး ၅၀ က ဘာမှမရတဲ့လူတွေထဲကပဲ ကံစမ်းမဲနှိုက်ပြီး ရွေးခံရမှာပဲ"
"... မင်းရဲ့ စိတ်က တော်တော်လေးကို အေးဆေး တာပဲ"
"သူငယ်ချင်း... ကြံ့ကြံ့ခံထားပါ"
"အတူတူ သေဖို့ပဲ စောင့်ကြရအောင်"
အခြားသူများထံမှ စကားလုံးများမှာလည်း ဟိုတစ်စ ဒီတစ်စ ပေါ်ထွက်လာသည်။
"စိတ်ဓာတ်ကျနေလို့ရော မသေရတော့ဘူးလား..ပျော်ပျော်ပဲ သေလိုက်မယ်။ ဒါနဲ့ သူငယ်ချင်း... မင်းရဲ့ ကြေးသေတ္တာထဲမှာ ဘာတွေပါလဲ၊ ငါ့ကို ပြောပြလို့ရမလား"
"အများကြီး မပါပါဘူး၊ မြေသြဇာ တစ်အိတ်နဲ့ အစေ့ နှစ်အိတ်ပဲ"
ရွှီရှင်းသည် သူတို့၏ စကားဝိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။
အချို့လူများမှာ သားရဲလှိုင်းတွင် မသေဆုံးခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိထားသဖြင့် လှုပ်ရှား၍ မရကြဘဲ ကံတရားကိုသာ ပုံအပ်ထားကြပုံရသည်။
၎င်းသည် ရွှီရှင်းအတွက် သတိပေးချက်တစ်ခုပင် ဖြစ်သည်။
ပြင်းထန်သော ဒဏ်ရာရရှိခြင်းမှာ နောက်ထပ် လှုပ်ရှားမှုများတွင် ဖယ်ရှားခံရခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထို့အပြင် သေတ္တာရခဲ့သူ၏ စကားအရ လူတိုင်းကြုံတွေ့ရသည့် အန္တရာယ်မှာ မတူညီကြသော်လည်း ကြေးရတနာသေတ္တာထဲမှ ပစ္စည်းများမှာတော့ အတူတူပင် ဖြစ်ပုံရသည်။
သူ့ထံမှ အစေ့များမှာလည်း အခြားသူများထံမှ အစေ့များနှင့် အတူတူပင် ဖြစ်မလား သူ သိချင်နေမိသည်။
မူလက ရွှီရှင်းသည် ဆက်သွယ်ရေးလိုင်းမှ သတင်းအချက်အလက်အချို့ ရရှိရန် မျှော်လင့်ခဲ့သော်လည်း ရတနာသေတ္တာ တည်နေရာနှင့် အန္တရာယ်များမှာ ရှင်ကျန်သူ တစ်ဦးနှင့် တစ်ဦး အလွန်ကွာခြားလှသဖြင့် သတင်းရရန် သိပ်မရှိချေ။
မွန်းလွဲပိုင်းတွင် အိပ်ငိုက်ခြင်းကြောင့် တစ်ခုခု လွဲချော်သွားခြင်း မရှိစေရန် ရွှီရှင်းသည် လိမ္မော်သီးတစ်လုံး စားလိုက်ပြီး၊ မနက်က ခူးထားသည်များထဲမှ အချို့ကို ကျောပိုးအိတ်ထဲ ထည့်ကာ ကျန်သည်များကို သစ်ပင်အိမ်ထဲတွင် ထားခဲ့သည်။
ခဲခဲ အတွက်လည်း တစ်လုံး ပစ်ပေးလိုက်သည်။
ကောင်လေးမှာ မြိန်ရေယှက်ရေ စားနေတော့သည်။
"ငါ့ပုခုံးပေါ်ကို လိမ္မော်ရည်တွေ မဖိတ်စေနဲ့နော်"
"အီးးး"
စမ်းချောင်းလေးအတိုင်း ရွှီရှင်း အထက်ဘက်သို့ ဆန်တက်လာခဲ့သည်။ ဤလမ်းမှာ သူ အကြိမ်ကြိမ် လျှောက်ခဲ့ဖူးသည့် လမ်းဖြစ်သည်။
သစ်ပင်အိမ် မစိုက်ပျိုးမီ တစ်ကြိမ်၊ စမ်းချောင်းထဲမှ ကျောက်စရစ်ခဲများ ကောက်ရန် တစ်ကြိမ်၊ ဝက်ဝံနက်ဂူမှ ကျောက်တုံးများ သွားယူရန် တစ်ကြိမ် သွားလာခဲ့ဖူးသည်။
ဤခရီးစဉ်များတွင် ရွှီရှင်းသည် စမ်းချောင်းဘေးရှိ လမ်းပေါ်တွင် ထူးခြားသည့်အရာ ဘာမှ သတိမပြုမိခဲ့ချေ။
ငွေရတနာသေတ္တာသည်လည်း ကြေးသေတ္တာကဲ့သို့ပင် ရုတ်တရက် ပေါ်ပေါက်လာနိုင်ခြေ ရှိသည်။
ထို့အပြင် ဤစမ်းချောင်းတစ်လျှောက်တွင် ယခင်က ပေါင်းပင်များနှင့် ချုံပုတ်များကဲ့သို့ပင် ရတနာသေတ္တာ တည်နေရာအတွက် သဲလွန်စပေးမည့် ထူးခြားသော အခြေအနေများ ရှိနေနိုင်သဖြင့် ရွှီရှင်းသည် ပြောင်းလဲမှုများကို စောင့်ကြည့်ရင်း လျှောက်လှမ်းလာခဲ့သည်။
ဝက်ဝံနက်ဂူကို အနီးကပ် မြင်လိုက်ရသောအခါမှ ရွှီရှင်းသည် သူ အာရုံစိုက်နေသည်မှာ အတော်ကြာသွားပြီဖြစ်ကာ ဂူသို့ပင် ရောက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
မြေပုံပေါ်တွင် အနီစက်များ မရှိချေ။ အနည်းဆုံးတော့ လောလောဆယ် ဂူထဲတွင် ဝက်ဝံ မရှိချေ။
ဝက်ဝံနက်များသည် နေ့ရောညပါ သွားလာတတ်ကြသဖြင့် ဂူထဲက ဝက်ဝံမှာ အပြင်ထွက်နေခြင်းလား၊ ဒါမှမဟုတ် ကျောပိုးအိတ် ဘ၀ရောက် သွားပြီလားဆိုသည်ကို ရွှီရှင်း မသိနိုင်သော်လည်း သတိထားခြင်းမှာ အကောင်းဆုံးပင်။
ရွှီရှင်းသည် မြေပုံကိုသာ အာရုံစိုက်ထားပြီး ဂူအတွင်းပိုင်းကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့သည်။
ထူးဆန်းသော လေတိုက်သံကို ရွှီရှင်း၏ နားထဲတွင် ထပ်မံ ကြားလိုက်ရပြန်သည်။
ဤဂူ၏ အောက်ဘက်တွင် ကြီးမားသော လိုဏ်ဂူကဲ့သို့ နေရာလွတ်တစ်ခု ရှိနေရမည်။ အတွင်းသို့ စီးဝင်နေသော လေစီးကြောင်းကြောင့် ဤအသံ ထွက်ပေါ်နေခြင်း ဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ ဤနေရာကို စူးစမ်းခြင်းဖြင့် မြေအောက်ကမ္ဘာ၏ အရိပ်အယောင်ကို မြင်တွေ့နိုင်ပေမည်။
ထိုစိတ်ကူးမှာ စွဲဆောင်မှုရှိသော်လည်း ဂူတစ်ခုလုံးကို အသေအချာ စူးစမ်းပြီးနောက်တွင်မူ အခြားနေရာတစ်ခုနှင့် ဆက်သွယ်နေသည့် အပေါက်လေး တစ်ပေါက်မျှပင် ရွှီရှင်း ရှာမတွေ့ခဲ့ချေ။
ထူးဆန်းသော လေတိုက်သံကို ဂူ၏ နေရာတိုင်းတွင် ကြားနေရသော်လည်း ပဲ့တင်သံများကြောင့် ထိုအသံ၏ အရင်းအမြစ်ကို ရွှီရှင်း တိတိကျကျ ရှာမတွေ့နိုင်ချေ။
ဖြစ်နိုင်သည်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော ကျောက်ဂူပေါက် မရှိခြင်းပင် ဖြစ်ပေလိမ့်မည်။ သူသည် ကိရိယာတစ်ခုခုကို အသုံးပြု၍ ဂူအဝင်ဝတစ်ခုကို ဖောက်ကြည့်သင့်သလား။
သို့သော် ဤနေရာတွင် ငွေရတနာသေတ္တာ တကယ်ပဲ ရှိနေတာလား.....
ဤလေတိုက်သံမှာ ပထမဆုံးနေ့ကတည်းက ရှိနေခြင်း ဖြစ်သည်။
ကြေးရတနာသေတ္တာ၏ တည်နေရာကို မှီငြမ်းရလျှင် ငွေရတနာသေတ္တာသည် နှစ်ရှည်လများ ရှိနေသည့် လေတိုက်သံမျိုး မဟုတ်ဘဲ ပတ်ဝန်းကျင်၏ ပြောင်းလဲမှု အသစ် တစ်ခုကိုသာ ကိုယ်စားပြုသင့်သည်ဟု ရွှီရှင်း ယူဆသည်။
ထို့အပြင် သူ၏ပုခုံးပေါ်မှ ရတနာရှာ ပန်ဒါလေး ခဲခဲမှာလည်း ဘာတုံ့ပြန်မှုမှ မရှိသည့်အပြင် အိပ်တောင် ငိုက်နေပြီ ဖြစ်သည်။
"ဒီကောင်လေးကတော့ တကယ့် အိပ်ပုတ်လေးပဲ" ရွှီရှင်း မတတ်သာဘဲ ခေါင်းခါမိသည်။
အရင်ဆုံး လေတိုက်သံကို နောက်ဆက်တွဲအဖြစ် တွေးထားလိုက်ပြီး မြစ်တစ်လျှောက် ဆက်လက်စူးစမ်းကာ ဘာမှ ရှာမတွေ့ပါက သံလိုက်အိမ်မြှောင်၏ အချိန်ကန့်သတ်ချက် ပြီးသည်အထိ စောင့်ကာ အရပ်မျက်နှာကို ထပ်မံ အတည်ပြုပေမည်။
ရွှီရှင်းသည် ဝက်ဝံနက်ဂူထဲမှ ထွက်ကာ မြစ်ကမ်းဘေးသို့ ပြန်လာပြီး အထက်ဘက်သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။
မကြာမီမှာပင် သတိပေးချက်တစ်ခု ထွက်ပေါ်လာပြန်သည်။
[သတိပေးချက်၊ သစ်ပင်အိမ်မှ ၃ ကီလိုမီတာထက် ပိုမဝေးပါစေနှင့်။ မဟုတ်ပါက သင်မတွေ့လိုသော အရာများနှင့် ရင်ဆိုင်ရပါလိမ့်မည်။]
သူသည် နယ်နိမိတ်၏ အစွန်းသို့ ထပ်မံ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
---
အခန်း (၂၈) ပြီး...