← Chapters

မမျှော်လင့်ထားသော ရရှိမှုများ

Vol. 2 Ch. 29

မမျှော်လင့်ထားသော ရရှိမှုများ

Vol. 2 Ch. 29

နယ်နိမိတ်မျဉ်းအစွန်းသို့ ရောက်ရှိသွားသော်လည်း ရွှီရှင်းသည် အိမ်သို့ပြန်ရန် အလျင်မလိုသေးချေ။

သူသည် အသိဉာဏ်ကင်းမဲ့စွာဖြင့် ၃ ကီလိုမီတာ နယ်နိမိတ်ပြင်ပသို့ ခြေလှမ်းလှမ်းမည်မှာ သေချာသော်လည်း စပ်စုချင်စိတ်တော့ ရှိနေဆဲပင်။

အဘယ်ကြောင့် ၃ ကီလိုမီတာ အကွာအဝေးထက် ပိုသွား၍ မရသနည်း။ သစ်ပင်အိမ်၏ အကာအကွယ်သည် ဤ ၃ ကီလိုမီတာအတွင်းမှာသာ ရှင်ကျန်သူများကို ကာကွယ်ပေးနိုင်တာကြောင့်လား။

မြေပုံပေါ်တွင်လည်း သစ်ပင်အိမ်၏ ပတ်လည် ၃ ကီလိုမီတာအတွင်း၌ ရေအိုင်အလယ်ရှိ အနီစက်ကြီးမှလွဲ၍ အခြားသားရဲတိရစ္ဆာန်များ မရှိချေ။

ဤသည်မှာလည်း သစ်ပင်အိမ်ကြောင့်ပင်လော။ သို့မဟုတ် ထိုလျှို့ဝှက်ဆန်းပြားသော အသံပိုင်ရှင်က တမင်တကာ ဖန်တီးထားခြင်းလော။

ယခုအချိန်တွင် သူ၏စိတ်ထဲ၌ ယူဆချက်တစ်ခု ရှိနေသော်လည်း အတည်ပြုရန်တော့ စောလွန်းသေးသည်။

သူသည် နယ်နိမိတ်ပြင်ပရှိ မြေပြင်ကို တစ်ချက်မျှ လေးနက်စွာ စိုက်ကြည့်လိုက်သည်။ သူလာခဲ့စဉ်က ထိုနေရာမှ အန္တရာယ်ကင်းစွာ လျှောက်လှမ်းလာနိုင်ခဲ့သော်လည်း ယခုမူ ပြန်သွား၍ မရတော့ချေ။

ယခင် အစပြုသူကာကွယ်စောင့်ရှောက်မှုကာလ က သူ့ကို ကာကွယ်ပေးခဲ့ပြီး ယခုမူ သစ်ပင်အိမ်က သူ့ကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။

သူအတွေးလွန်နေခြင်းကို ရပ်တန့်လိုက်သည်။

နှစ်နာရီနီးပါး ကြာမြင့်သွားပြီဖြစ်ရာ ရွှီရှင်းသည် ဝက်ဝံနက်ဂူရှိရာဆီသို့ ပြန်လှည့်လာခဲ့သည်။ ဝက်ဝံနက်ဂူ အဝင်ဝတွင် ရပ်လျက် ရွှီရှင်းသည် သံလိုက်အိမ်မြှောင် ကို ဒုတိယအကြိမ် အသုံးပြုလိုက်သည်။

"ဒေါင်" ဆိုသော အသံလေးနှင့်အတူ သံလိုက်အိမ်မြှောင် အပ်သည် ဝက်ဝံနက်ဂူ၏ ဆန့်ကျင်ဘက်အရပ်၊ စမ်းချောင်း၏ အခြားတစ်ဖက်သို့ ဖြည်းဖြည်းချင်း ညွှန်ပြနေသည်။

ကြည့်ရသည်မှာ ရတနာသေတ္တာသည် စမ်းချောင်း၏ အခြားတစ်ဖက်တွင် ရှိနေပုံရပြီး ရွှီရှင်းအနေဖြင့် စမ်းချောင်းကို ဖြတ်ကျော်ရန် လိုအပ်သည်။

စမ်းချောင်းကို ဖြတ်ကျော်ရန်မှာ မခက်ခဲလှချေ၊ အကြောင်းမှာ ရေမနက်သောကြောင့် ဖြစ်သည်။

ဤနေရာမှာ စမ်းချောင်း၏ အောက်ဘက်ပိုင်းဖြစ်၍ အတော်လေး ကျယ်ဝန်းသော်လည်း အနက်ဆုံးနေရာမှာပင် ၃၀ မှ ၄၀ စင်တီမီတာခန့်သာ ရှိသည်။

ရွှီရှင်းသည် စမ်းချောင်းထဲသို့ ခြေလှမ်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။

အကယ်၍ သားရဲက စမ်းချောင်းရဲ့ ဟိုဘက်မှာ မဟုတ်ဘဲ စမ်းချောင်းထဲမှာတင် ရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒီအတိုင်းသာ ဆင်းသွားရင် သေမင်းကို ဖိတ်ခေါ်သလို ဖြစ်နေမှာ မဟုတ်လား။

၄၀ စင်တီမီတာ အနက်ရှိတဲ့ရေက သိပ်မနက်ဘူးဆိုပေမဲ့ ပုံမှန်လှုပ်ရှားမှုကို အများကြီး ဟန့်တားနိုင်ပြီး ရွှီရှင်းရဲ့ အရှိန်ကို တော်တော်လေး နှေးကွေးသွားစေမှာပါ။

"ခဲခဲ... ထတော့"

ရွှီရှင်းသည် သူ၏ပုခုံးပေါ်တွင် အိပ်မောကျနေသော ခဲခဲ ၏ ခေါင်းလေးကို အကြမ်းပတမ်း လှုပ်နှိုးလိုက်သည်။

" ခဲခဲ မှာ အရမ်းကာရော အနှိုးခံလိုက်ရသဖြင့် အလွန်မကျေမနပ်ဖြစ်ကာ ရွှီရှင်းကို ညည်းတွားသံဖြင့်သာ ပြန်လည် ဆန့်ကျင်နေတော့သည်။

ရွှီရှင်းသည် ခဲခဲ ကို ပုခုံးပေါ်မှ ချကာ လက်ထဲတွင် ပွေ့လျက် စမ်းချောင်းဘက်သို့ မျက်နှာမူစေလိုက်သည် "အာရုံခံကြည့်စမ်း၊ ဒီစမ်းချောင်းထဲမှာ တစ်ခုခု ထူးခြားနေလား"

ပြီးခဲ့သည့်အကြိမ်က ခဲခဲ သည် အနံ့ခံခြင်းဖြင့် ရတနာသေတ္တာကို ရှာတွေ့ခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ ခဲခဲ ၏ ဗီဇဖြစ်နိုင်သော်လည်း အလွန်ပင် အသုံးဝင်လှသည်။

"ခဲခဲ သည် ဗီဇအရ ခေါင်းလေးကို စောင်းကြည့်နေသည်။ အိပ်ချင်မူးတူးနှင့် အလုပ်ဆင်းခိုင်းခံရသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ ၎င်းသည် ရွှီရှင်း၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ ရေစပ်သို့ သွားသည်။ လက်ကလေးဖြင့် ရေကို ခပ်ကြည့်ပြီးနောက် ရွှီရှင်းဘက်သို့ လှည့်ကာ ခေါင်းခါပြလိုက်သည် "အီးးး"

"ဘာမှမရှိဘူးလား" ရွှီရှင်း မျက်မှောင်ကြုတ်သွားသည်။

သူ အတွေးလွန်သွားတာလား။ ခဲခဲရော၊ မြေပုံရောက ဘာအန္တရာယ် သတိပေးချက်မှ မပြနေချေ။ သူ မှားသွားတာလည်း ဖြစ်နိုင်သည်။

သူသည် မျက်မှောင်ကြုတ်ထားသည်ကို လျှော့လိုက်ပြီး ခဲခဲ ကို ပုခုံးပေါ် ပြန်တင်ကာ ဖိနပ်ကိုချွတ်ပြီး စမ်းချောင်းကို ဖြတ်ရန် ပြင်လိုက်သည်။

စမ်းချောင်း၏ ရေစီးမှာ မြန်ဆန်ပြီး အလွန်အေးလှသည်။ ရွှီရှင်း ရေထဲသို့ ခြေချလိုက်သည်နှင့် စူးရှသောအအေးဓာတ်ကို ခံစားလိုက်ရသည်။ ခြေလှမ်းအနည်းငယ်ပင် မလှမ်းရသေးခင်မှာပင် ခြေဖဝါးတစ်ခုလုံး အအေးဒဏ်ကြောင့် ထုံကျဉ်သွားတော့သည်။

ဤတောင်ကျစမ်းချောင်းက ဘာလို့ ဒီလောက်တောင် အေးနေရတာလဲဆိုတာ သူ နားမလည်နိုင်ချေ။ အပြင်မှာ အပူချိန်က ၃၀ ဒီဂရီကျော်နေသည် မဟုတ်ပါလား။

ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် ရွှီရှင်း ရပ်လိုက်ပြန်သည်။ ဘာကြောင့်မှန်းမသိ၊ သူ ရှေ့တိုးလေလေ ပိုပြီး စိုးရိမ်ပူပန်လာလေလေ ဖြစ်သည်။ ၎င်းသည် နွယ်ပင်များ မြေကြီးထဲမှ ထိုးထွက်ခါနီးက ခံစားခဲ့ရသော အန္တရာယ်အငွေ့အသက်နှင့် ဆင်တူသော်လည်း ထိုမျှအထိ ပြင်းထန်ခြင်း မရှိချေ။

အန္တရာယ်ရှိသောအရာတစ်ခုခုက သူ့အနားသို့ တဖြည်းဖြည်း တိုးကပ်လာနေသကဲ့သို့ ခံစားချက်မျိုးသာ ဖြစ်သည်။

ရေထဲမှာ တစ်ခုခု ရှိနေတယ်..တကယ်ကြီး ရေထဲမှာ တစ်ခုခု ရှိနေတာပဲ..

ရွှီရှင်းသည် သူ၏ ဗီဇကိုသာ ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ကမ်းဘက်သို့ ပြန်ပြေးတော့သည်။

သူသည် ရေနက်ပိုင်းသို့ မရောက်သေးသဖြင့် အမြန်ပြန်ဆုတ်ခြင်းက ကမ်းပေါ်သို့ ချက်ချင်း ရောက်ရှိစေနိုင်မည်ဖြစ်သည်။

သူ လှည့်ပြေးလိုက်သည်နှင့် တပြိုင်နက် နောက်ဘက်မှနေ၍ ရေသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ရေထဲမှ တစ်ခုခု ထိုးထွက်လာသကဲ့သို့ပင်။

" ခဲခဲ သည် ရွှီရှင်း၏ ပုခုံးပေါ်မှနေ၍ ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအသံမှာ ပုံမှန်ကဲ့သို့ ချစ်စရာအသံမဟုတ်ဘဲ စူးရှကာဟိန်းဟောက် သံကဲ့သို့ ဖြစ်နေပြီး နောက်ဘက်ကအရာကို သတိပေးနေပုံရသည်။

ရွှီရှင်း ခေါင်းကို အနည်းငယ် စောင်းကြည့်လိုက်ရာ နောက်ဘက်ကအရာကို အဝေးကနေ မြင်လိုက်ရသည်။ ထိုအရာကို မြင်လိုက်ရသည်နှင့် ရွှီရှင်း၏ သူငယ်အိမ်မှာ ချက်ချင်း ကျုံ့သွားတော့သည်။

သူသည် လန့်ဖြန့်သွားပြီး ကမ်းပေါ်သို့ အတင်းပြေးတက်တော့သည်။

စမ်းချောင်းအလယ်တွင် မိကျောင်းကြီးတစ်ကောင် ပေါ်လာခြင်း ဖြစ်သည်။

၎င်းသည် သာမန်မိကျောင်းထက် များစွာ ကြီးမားပြီး ခရီတေးရှပ်စ်ခေတ်နှောင်းပိုင်းက ကမ္ဘာပေါ်တွင် အကြီးဆုံး မိကျောင်းမျိုးစိတ်တစ်ခုဖြစ်သော ဒိုင်နိုဆူးကပ်စ် ကို သတိရစေသည်။

မဟုတ်သေး၊ ဒိုင်နိုဆူးကပ်စ် တောင် ဒီလောက် မကြီးဘူး..

ဒါက ဧရာမ ဒိုင်နိုဆူးကပ်စ် ကြီးပဲ...

မီတာ နှစ်ဆယ်ခန့် ရှည်လျားသော မိကျောင်းကြီးသည် စမ်းချောင်းအောက်ခြေတွင် ရေစီးကြောင်းအတိုင်း လှဲလျောင်းနေခဲ့ခြင်း ဖြစ်ပြီး၊

ယခု ၎င်း ရေပေါ်သို့တက်လာသောအခါ စမ်းချောင်း၏ ရေမျက်နှာပြင်မှာ သိသိသာသာ နိမ့်ဆင်းသွားတော့သည်။

ထိုအတောအတွင်း ရွှီရှင်း အသေအချာ စိုက်ကြည့်နေသော မြေပုံပေါ်တွင်မူ အနီစက် တစ်စက်မျှပင် ပေါ်မလာချေ။

"သောက်ကျိုးနည်း..ဒီမြေပုံက ဘာမှလည်း မပြပါလား..ဘာဖန်တီးရှင်စွမ်းရည်လဲ၊ လိမ်ညာနေတာပဲ"

ရွှီရှင်း ရှေ့ကပြေးပြီး သူ့ဝိညာဉ်မှာ နောက်ကလိုက်နေရသလိုပင်။ လေးငါးလှမ်းအတွင်းမှာတင် ကမ်းပေါ်သို့ ရောက်ရှိသွားသည်။

သို့သော်လည်း အနည်းငယ် အံ့သြစရာကောင်းသည်မှာ ထိုမိကျောင်းကြီးသည် သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံမရခြင်းပင်။ မဟုတ်ပါက ရွှီရှင်း လွတ်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

မိကျောင်းများသည် ရေထဲတွင် အလွန်လျင်မြန်လှသည်။ ၎င်းသည် သူ့ကို တစ်ချက် ကိုက်လိုက်ရုံဖြင့် သေမင်း သကဲ့သို့ လှည့်ပတ်ကာ သူ့ကို အသားနုပ်နုပ်စင်း ဘဝ ရောက်သွားစေနိုင်သည်။

မိကျောင်းကြီးသည် သူ့ကို စိုက်ကြည့်နေရုံသာ ကြည့်နေသည်။

ရေအိုင်ထဲက မြွေကြီး ကဲ့သို့ပင် သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေခြင်း ဖြစ်သည်။ ထိုမြွေကြီးကဲ့သို့ပင် ၎င်းတွင် ဤခေတ်နှင့် မလိုက်ဖက်သော ဧရာမ ခန္ဓာကိုယ်ကြီး ရှိနေသည်။

ထူးခြားချက်တစ်ခုမှာ ထိုမြွေကြီးသည် မြေပုံပေါ်တွင် အနီစက်ကြီးအဖြစ် ပေါ်နေသော်လည်း၊ ဤမိကျောင်းကြီးမှာမူ ပေါ်မလာခြင်းပင်။

မြေပုံပေါ်မှာ မပေါ်တဲ့ နောက်တစ်ကောင်ကတော့ သူ့ပုခုံးပေါ်က အနီရောင်ပန်ဒါလေး ခဲခဲ ပင်။

သူသည် မိကျောင်းကြီးကို သွားလေးများ ဖြဲပြကာ ခြိမ်းခြောက်နေသော ခဲခဲကို ကြည့်လိုက်သည်။ သို့သော် ဘာမှ အသုံးမဝင်ချေ၊ ၎င်းမှာ အရမ်းကို ချစ်စရာကောင်းနေသောကြောင့် ဖြစ်သည်။

မိကျောင်းကြီးသည် ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဖြည်းဖြည်းချင်း ဟလိုက်သည်။ ရွှီရှင်း မျက်နှာပျက်သွားပြီး ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် မိကျောင်းပါးစပ်အတွင်းမှ တောက်ပသော ငွေရောင်အလင်းတစ်ခုကို သတိပြုမိလိုက်သည်။

ငွေရောင်ရတနာသေတ္တာလား.. ဒီမိကျောင်းကြီးရဲ့ ပါးစပ်ထဲမှာလား..

"...ငါတို့ကို ကောင်းကောင်းမွန်မွန် မဆော့ခိုင်းတော့ဘူးလားဟ"

"အီးးး"

မိကျောင်းကြီးသည် ၎င်း၏ခေါင်းကို တစ်ချက်ခါယမ်းလိုက်ရာ ငွေရောင်သေတ္တာမှာ ကမ်းပေါ်သို့ လွင့်စင်လာပြီး "ဝုန်း" ဆိုသော အသံကြီးနှင့်အတူ ကျလာခဲ့သည်။

သေတ္တာသည် ရွှီရှင်း၏ ခြေရင်းတွင် ကျနေပြီး၊ ဧရာမ မိကျောင်းကြီးမှာမူ ၎င်း၏ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။

၎င်း၏ မျက်လုံးများဖြင့် ရွှီရှင်းကို တစ်ချက်ကြည့်ပြီးနောက် စမ်းချောင်းထဲသို့ ဖြည်းဖြည်းချင်း ပြန်လည် မြုပ်သွားတော့သည်။

မိကျောင်းကြီး၏ လှုပ်ရှားမှုကြောင့် စမ်းချောင်းအောက်ခြေမှ သဲနှင့် ကျောက်တုံးများမှာ ရေကို နောက်သွားစေသော်လည်း ရွှီရှင်းကတော့ ၎င်း ထွက်မသွားသည်ကို မြင်နေရဆဲပင်။

၎င်းသည် စမ်းချောင်းအောက်ခြေတွင် ထပ်မံ လှဲလျောင်းနေပြန်သည်။

၎င်းသည် ဤနေရာမှာ အမြဲတမ်း ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။

ဤမိကျောင်းကြီးသည် ခဲခဲ ကဲ့သို့ပင် ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်နိုင်သည်။ အကယ်၍ ခဲခဲ သည် ဤကမ္ဘာ၏ ကန့်သတ်ချက်များအောက်တွင် မရှိပါက ဤမိကျောင်းကြီးမှာလည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။

စဉ်းစားလေလေ ရွှီရှင်း ကျောချမ်းလေလေပင်။ ဤမိကျောင်းကြီးသည် သူ့အပေါ် ရန်ငြိုးမရှိပုံရသော်လည်း ၎င်းမှာ မိကျောင်းပင် ဖြစ်သည် မဟုတ်ပါလား။

ကံကောင်းထောက်မစွာဖြင့် လောလောဆယ်တွင် ဤမိကျောင်းသည် သူ့ကို ရန်ပြုလိုစိတ် မရှိပုံရချေ။

သူ့ခြေရင်းက ငွေရောင်ရတနာသေတ္တာ ကို ကြည့်ရင်း ရွှီရှင်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ အကြောင်းပြချက်မရှိဘဲ ငွေရောင်ရတနာသေတ္တာကို ရရှိလိုက်ခြင်း ဖြစ်သည်။

"...ဒီရတနာသေတ္တာ ရှိနေတဲ့နေရာက တကယ့်ကို ထူးဆန်းလွန်းတယ်"

---

အခန်း (၂၉) ပြီး..

All Chapters