သစ်ပင်အိမ် အဆင့်မြှင့်တင်ရေး စာချုပ်
Vol. 2 Ch. 30
စမ်းချောင်းထဲက ကြောက်မက်ဖွယ် မိကျောင်းကြီးမှာ သူ့ကို ဘာမှမလုပ်ပေမဲ့ ရွှီရှင်းကတော့ လေးစားမှုပေးတဲ့အနေနဲ့ ငွေသေတ္တာကို ကျောပိုးအိတ် ထဲ အမြန်ထည့်ပြီး မြစ်ကမ်းဘေးကနေ ခပ်ဝေးဝေးကို ဆုတ်ခွာလာခဲ့ပါတယ်။
"ဒီမိကျောင်းကြီးက ခဲခဲ လိုပဲ မြေပုံပေါ်မှာ မပေါ်သလို ငါ့ကိုလည်း ရန်မမူဘူး။ ရန်လိုတဲ့ သတ္တဝါမဟုတ်လို့ မြေပုံက ချန်ထားတာများလား"
ရွှီရှင်းက ခဲခဲ ရဲ့ အမွေးပွခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့ ခဲခဲ က "အီးးး" ဆိုတဲ့ အသံလေးလုပ်ပြီး သူ့လက်ဖဝါးကို ပြန်ပြီးပွတ်သီးပွတ်သပ် လုပ်နေပါတယ်။
"ဖြစ်နိုင်တာက မြေပုံပေါ်က အနီစက်တွေက ငါ့ကို ရန်မူ ပြီး တိုက်ခိုက်မယ့် သတ္တဝါတွေကိုပဲ ပြတာဖြစ်မယ်။ ဒီမိကျောင်းကြီးနဲ့ ခဲခဲ တို့လို ကောင်တွေကိုတော့ တောအုပ်ထဲက ငှက်တွေ၊ ပိုးမွှားတွေလိုမျိုး မိတ်ဆွေ ဒါမဟုတ် ကြားနေသတ္တဝါအဖြစ် သတ်မှတ်ထားလို့ မပေါ်တာ ဖြစ်နိုင်တယ်"
ဒါကို နားလည်သွားတော့ စမ်းချောင်းထဲက ကောင်ကြီးအပေါ် ရွှီရှင်းရဲ့ အမြင်က ပြောင်းလဲသွားပါတယ်။ အစက အရမ်းလန့်သွားခဲ့ရပေမဲ့ အခုတော့ ငွေသေတ္တာတစ်လုံးကို အလွယ်တကူရအောင် ကူညီပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့။
မြစ်ကမ်းနဲ့ မီတာ သုံးလေးရာလောက် ဝေးတဲ့နေရာ ရောက်မှ ရွှီရှင်းက ငွေသေတ္တာကို ကျောပိုးအိတ် ထဲကနေ ပြန်ထုတ်လိုက်ပါတယ်။
ရှေ့က ငွေသေတ္တာဟာ အရင်က ကြေးသေတ္တာထက် အနည်းငယ် ပိုကြီးပြီး ငွေရောင် တောက်ပနေပါတယ်။
အရောင်ကလွဲရင် ကျန်တာ သိပ်မကွာပေမဲ့ အလယ်မှာတော့ သော့ပေါက်တစ်ခု ပိုပါလာပါတယ်။
ရွှီရှင်းက ငွေသော့ကိုထုတ် ကာ သော့ပေါက်ထဲထည့်ပြီး အသာအယာ လှည့်လိုက်ပါတယ်။
သော့လှည့်လိုက်တဲ့အခါ လက်ထဲမှာ ယန္တရားတစ်ခုရဲ့ တုန့်ပြန်မှုကို ခံစားလိုက်ရပြီး သေတ္တာထဲက ဂျပ် ဆိုတဲ့ အသံနဲ့အတူ သော့ပွင့်သွားပါတယ်။
ရွှီရှင်းက သတိကြီးစွာနဲ့ သေတ္တာရဲ့ နောက်ဘက်ကို ပတ်သွားပြီးမှ အဖုံးကို လှမ်းဖွင့်လိုက်ပါတယ်။
ကံကောင်းစွာနဲ့ပဲ သူစိုးရိမ်သလို ဘာအန္တရာယ်မှ ဖြစ်မလာခဲ့ပါဘူး။
"ဟင်..ပစ္စည်းတွေက ဘာလို့ ဒီလောက်နည်းရတာလဲ"
ငွေသေတ္တာထဲမှာ စာရွက်ပါးတစ်ရွက်၊ ရွှေရောင် [သံလိုက်အိမ်မြှောင်] တစ်ခုနဲ့ ရွှေသော့တစ်ချောင်းသာ ရှိနေပါတယ်။
ရွှီရှင်းက စာရွက်ကို အရင်ကောက်ယူကြည့်လိုက်ပါတယ်။
[သစ်ပင်အိမ် အဆင့်မြှင့်တင်ရေး စာချုပ် (အပြာရောင်အဆင့်): ဤစာချုပ်ကို အသုံးပြုပြီးနောက် သစ်ပင်အိမ်အား ပြင်ဆင်မွမ်းမံနိုင်သည့် အခွင့်အရေးများ ပွင့်သွားမည်ဖြစ်သည်။ အိမ်တွင်းပိုင်း အလှဆင်ခြင်းနှင့် အိမ်အပြင်ဘက်တွင် လက်နက်များနှင့် ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။]
"ဝိုး"
ရွှီရှင်းရဲ့ မျက်လုံးတွေ တောက်ပသွားပါတယ်။
သစ်ပင်အိမ်မှာ လက်နက်တွေနဲ့ ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်လို့ရပြီတဲ့လား..
ဒါဟာ သစ်ပင်အိမ်ကို ခံတပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်တာပါပဲ။
အကယ်၍ သစ်ပင်အိမ်ကို လက်နက်အပြည့်အစုံ တပ်ဆင်နိုင်မယ်ဆိုရင် တစ်နေ့ကျရင် ရေအိုင်ထဲက ကြောက်စရာကောင်းတဲ့ မြွေကြီးကိုတောင် သူ သတ်နိုင်ကောင်း သတ်နိုင်ပါလိမ့်မယ်။
ဒါ့အပြင် အိမ်တွင်းပိုင်းကိုလည်း မွမ်းမံလို့ ရပြီလေ။ ညတိုင်း စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ပေမဲ့ ဘာအသုံးအဆောင်မှမရှိတဲ့ အခန်းလွတ်ကြီးထဲမှာ အိပ်ရတာက နည်းနည်းတော့ အဆင်မပြေပါဘူး။
သစ်ပင်အိမ်က ဘယ်လောက်ပဲ ကြီးကြီး၊ ရေချိုးဖို့နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် အောက်ကို ဆင်းနေရတာက တကယ်ကို အလုပ်ရှုပ်ပါတယ်။
ဒီစာချုပ်ရှိရင် အိပ်ခန်းနဲ့ ရေချိုးခန်းတွေကို ပြင်ဆင်ပြီး သစ်ပင်အိမ်ကို တကယ့် အိမ်တစ်လုံးအဖြစ် ဖန်တီးနိုင်တော့မှာပါ။
ရွှီရှင်းက တွေဝေမနေဘဲ စာချုပ်ကို ချက်ချင်း အသုံးပြုလိုက်ပါတယ်။
စာချုပ်ဟာ သူ့လက်ထဲမှာ အမှုန့်ဖြစ်သွားပြီး လက်ဖဝါးကတဆင့် ကိုယ်ထဲ စိမ့်ဝင်သွားပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ စိတ်ဝိညာဉ်က ပိုမိုတက်ကြွလာသလို ခံစားရပြီး ကိုယ်ထဲမှာ နွေးထွေးတဲ့ စီးကြောင်းတစ်ခု စီးဆင်းသွားပါတယ်။
ရွှီရှင်းဟာ သူ့ရဲ့ ခွန်အားတွေ အနည်းငယ် ပိုတိုးလာတာကိုတောင် သတိပြုမိလိုက်ပါတယ်။
"ဒီစာချုပ်က ငါ့ရဲ့ ခွန်အားကိုပါ မြှင့်တင်ပေးနိုင်တာလား" ရွှီရှင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကြည့်ပြီး မြေပြင်ပေါ်က ငွေသေတ္တာကို မကြည့်လိုက်ပါတယ်။
အမှန်ပင် ငွေသေတ္တာက အရင်ကထက် အများကြီး ပိုပေါ့နေသလို ခံစားရပါတယ်။
ဝက်ဝံလက်ဝါး စားပြီးနောက်ပိုင်း ယခုလို ဒုတိယအကြိမ် ခွန်အား ထပ်တိုးလာတာဟာ ဒီလိုအန္တရာယ်များတဲ့ ကမ္ဘာမှာ အရေးကြီးဆုံးပါပဲ။
ဘာလို့လဲဆိုတော့ ထိုလျှို့ဝှက်ဆန်းပြားတဲ့ အသံက ရှင်ကျန်သူများ ကို သစ်ပင်အိမ်ထဲမှာ ထာဝရ အောင်းနေခွင့် ပေးမှာမဟုတ်လို့ပါပဲ။
သေတ္တာထဲက ရွှေရောင် သံလိုက်အိမ်မြှောင် နဲ့ ရွှေသော့ကို ယူပြီးနောက်၊ သေတ္တာထဲ ခုန်ဝင်ပြီး နံရံတွေကို ကုတ်ခြစ်နေတဲ့ ခဲခဲ ကို ပြန်ဆွဲထုတ်လိုက်ပါတယ်။
အထဲမှာ ဘာမှမရှိတော့တဲ့ ငွေသေတ္တာကိုတော့ ကျောပိုးအိတ် ထဲ ပြန်ထည့်လိုက်ပါတယ်။
ဒီကမ္ဘာရဲ့ နည်းပညာတွေ တိုးတက်လာရင် ငွေနဲ့ ကြေးတွေဟာ စက်ပစ္စည်းတွေလုပ်ဖို့ မရှိမဖြစ် ကုန်ကြမ်းတွေ ဖြစ်လာမှာမို့လို့ သိမ်းထားတာက အကျိုးရှိမှာပါ။
ငွေသေတ္တာမှာ တော်တော်လေး လေးသည်။
ကျောပိုးအိတ် ထဲ ထည့်ထားရင်တောင် ကျန်နေတဲ့ ၂၀ ရာခိုင်နှုန်း အလေးချိန်က ရွှီရှင်းရဲ့ လှုပ်ရှားမှုကို အနည်းငယ် ထိခိုက်စေ၏။
လီဝမ်ရှီးနဲ့ ချိန်းထားတဲ့ ညနေ ခုနစ်နာရီ နီးနေပြီမို့ သူဌေးမလေး ဘာမှမဖြစ်ပါစေနဲ့လို့ သူ ဆုတောင်းနေမိပါတယ်။
သံလိုက်အိမ်မြှောင် ကတော့ သစ်ပင်အိမ် ရောက်မှ သုံးတာ အကောင်းဆုံးပါပဲ။
"အရင် ပြန်ကြရအောင်၊ လာ ခဲခဲ။"
"အီးးး" ခဲခဲက ရွှီရှင်းရဲ့ ပုခုံးပေါ် ခုန်တက်လိုက်ပါတယ်။
စမ်းချောင်းနား ပြန်ရောက်တော့ မိကျောင်းကြီးက ရေပေါ်မှာ လုံးဝ ပျောက်သွားပါပြီ။
ရေစီးသန်တာကြောင့် ရေကလည်း အရင်လို ပြန်ကြည်နေပြီး စမ်းချောင်းအောက်ခြေက ပုံမှန်အတိုင်း ပြန်ဖြစ်နေပါတယ်။ ရွှီရှင်း ရေထဲကို ငုံ့ကြည့်လိုက်တော့ အောက်ခြေမှာ ကျောက်စရစ်ခဲတွေ ဖုံးနေပြီး မိကျောင်းကြီးရဲ့ အရေခွံက အနည်းငယ်ပဲ ပေါ်နေပါတယ်။
တကယ်လို့ မိကျောင်းကြီး ရေထဲက ထွက်လာတာကိုသာ ရွှီရှင်း မတွေ့ခဲ့ရင် စမ်းချောင်းအောက်ခြေက မညီမညာဖြစ်နေတဲ့ အမည်းရောင်ဟာ မီတာ နှစ်ဆယ်နီးပါးရှည်တဲ့ ဧရာမ သတ္တဝါကြီးမှန်း သူ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။
"မိကျောင်းကြီးရေ၊ ကျေးဇူးပဲနော်။ နောက်တစ်ခါ လာရင် စားစရာ ကောင်းကောင်း ယူလာခဲ့ပါ့မယ်"
ရွှီရှင်းက စမ်းချောင်းဘက်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
ရေစီးကြောင်းက ဝဲဂယက်လေးတစ်ခု ဖြစ်သွားတာဟာ သူ့စကားကို ပြန်ထူးလိုက်သလိုပါပဲ။
"အမလေးဟ... တကယ်ကြီး ပြန်ထူးတာပဲ"
ရွှီရှင်းရဲ့ ကြောက်စိတ်တွေ ပျောက်ပြီး မိကျောင်းကြီးအပေါ် စပ်စုချင်စိတ်က ပိုများလာပါတယ်။
မိကျောင်းကြီးကိုတောင် ချစ်စရာကောင်းတယ်လို့ ထင်မိလာပါတယ်။
ဒါပေမဲ့ အချိန်ဖြုန်းနေလို့ မဖြစ်သေးတာကြောင့် ထပ်မံ နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။
ပုခုံးပေါ်က ခဲခဲ ကလည်း လက်ကလေးယမ်းပြီး နှုတ်ဆက်နေပါတယ်။
ခုနတုန်းက သွားဖြဲပြနေသည်မှာ သူမဟုတ်သည့်အတိုင်းပင်...
သစ်ပင်အိမ်ကို ပြန်ရောက်တာနဲ့ ရွှီရှင်း အရင်ဆုံးလုပ်တာက အသစ်ပွင့်လာတဲ့ စွမ်းဆောင်ချက်ကို စစ်ဆေးတာပါပဲ။
ဖန်သားပြင်ပေါ်မှာ သစ်ပင်အိမ် အဆင့်မြှင့်တင်ခြင်း ဆိုတဲ့ ရွေးချယ်စရာအသစ် ပေါ်လာပါတယ်။
အဲ့ဒီထဲကို နှိပ်လိုက်တာနဲ့ ဆောက်လုပ်စရာ စာရင်းတွေက အများကြီးပါပဲ။
သစ်သားကာရံမှုတွေ၊ တံခါးတွေ၊ ဗီဒိုတွေ၊ ပြတင်းပေါက်တွေ အစရှိတဲ့ အိမ်တွင်းပိုင်း အသုံးအဆောင် အစုံအလင် ပါဝင်နေပါတယ်။
[သစ်သားကာရံမှု (အစိမ်းရောင်အဆင့်): အိမ်တွင်းပိုင်းကို အခန်းဖွဲ့ရန်၊အသံလုံစေသည်။ လိုအပ်ချက်: အစိမ်းရောင် သစ်တုံး ၅ တုံး]
[သစ်သားတံခါး (အစိမ်းရောင်အဆင့်): အိမ်အတွင်းခန်းများအတွက် တံခါး။ လိုအပ်ချက်: အစိမ်းရောင် သစ်တုံး ၂ တုံး]
[ကျောက်မီးဖိုအသေး (အစိမ်းရောင်အဆင့်): အစားအစာ ချက်ပြုတ်ရန်။ လိုအပ်ချက်: အစိမ်းရောင် ကျောက်တုံး ၁၀ တုံး]
ဒီအသုံးအဆောင်သစ်တွေအတွက် ကြေးရတနာသေတ္တာ ကနေ ရခဲ့တဲ့ ကုန်ကြမ်းအသစ်တွေ လိုအပ်မှာ ဖြစ်ပါတယ်။
နောက်ဆုံးတော့လည်း ချက်ပြုတ်ဖို့ မီးဖို ရတော့မှာပေါ့။
အိမ်အပြင်ဘက် လက်နက်တွေနဲ့ ကာကွယ်ရေးအပိုင်းမှာတော့ လောလောဆယ် လက်နက် တစ်မျိုးပဲ ရှိပါသေးတယ်။
[အလိုအလျောက် မြှားသေနတ် (အစိမ်းရောင်အဆင့်): ရန်လိုတဲ့ သတ္တဝါတွေကို အလိုအလျောက် တိုက်ခိုက်ပေးသည်။ လိုအပ်ချက်: အဆင့်မြင့်သစ်သား ၁၀ တုံး၊ သားရဲ အကြော ၂ ချောင်း]
[မြှားကြီး (အစိမ်းရောင်အဆင့်): အလွန်လေးလံပြီး ထက်မြက်သော မြှား။ လိုအပ်ချက်: အဆင့်မြင့်သစ်သား ၂ တုံး၊ ကျောက်တုံး ၁ တုံး]
[သစ်ပင်အိမ် သစ်သားချပ်ဝတ် (အစိမ်းရောင်အဆင့်): သစ်ပင် ပင်စည်တွင် တပ်ဆင်ရန်၊ သားရဲတိုက်ခိုက်မှုဒဏ်ကို လျှော့ချပေးသည်။ လိုအပ်ချက်: သစ်တုံး ၂ တုံး]
ဒီလက်နက်တွေအတွက် ဘတ်ချ် သစ်ပင် နဲ့ ထင်းရှူးပင် တွေဆီကရတဲ့ အဆင့်မြင့်သစ်သားတွေ လိုအပ်မှာပါ။
ဒါကြောင့် အဲဒီအစေ့တွေကို အမြန်ဆုံး စိုက်ပျိုးဖို့ လိုနေပါပြီ။
အလိုအလျောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေနဲ့ ကာကွယ်ရေးတွေသာ ရှိမယ်ဆိုရင် နောက်တစ်ခါ သားရဲလှိုင်းလာတဲ့အခါ အသက်ရှင်ဖို့ အခွင့်အရေး ပိုများလာမှာဖြစ်သလို၊ အရင်က ဝက်ဝံနက်တုန်းကလို အန္တရာယ်မများဘဲ အိမ်ထဲကနေ သားရဲတွေကို သတ်ပြီး ကုန်ကြမ်းတွေ ရနိုင်မှာပါ။
ဒါပေမဲ့ အလိုအလျောက် မြှားသေနတ်အတွက် သားရဲ အကြောတွေ လိုအပ်နေပါသေးတယ်။
---
အခန်း (၃၀) ပြီး...