ရတနာသေတ္တာပေါ်မှ ပုံစံများ
Vol. 3 Ch. 31
ရွှီရှင်းသည် သစ်ပင်အိမ် အဆင့်မြှင့်တင်ခြင်း အစီစဥ် အောက်တွင် ဖန်တီးနိုင်သည့် ပစ္စည်းများကို စစ်ဆေးနေစဉ်မှာပင် လီဝမ်ရှီးထံမှ စာတစ်စောင် ရောက်လာသည်။
"ရွှီရှင်း၊ ရှင် ပြန်ရောက်ပြီလား"
ကြည့်ရသည်မှာ သူမအနေဖြင့် မည်သည့်အခက်အခဲမှ မကြုံခဲ့ရပုံရသည်။
ရွှီရှင်းတွင် သူမကို မေးစရာများစွာ ရှိနေသဖြင့် ဗီဒီယိုခေါ်ဆိုမှု ချက်ချင်းပြုလုပ်လိုက်သည်။
သူမကလည်း ချက်ချင်းပင် ဖုန်းကိုင်လိုက်ရာ ဗီဒီယိုထဲတွင် မြင်လိုက်ရသော လီဝမ်ရှီး၏ ပုံစံကြောင့် ရွှီရှင်း၏ မျက်တောင်များ တဆတ်ဆတ် တုန်သွားရသည်။
ဗီဒီယိုထဲတွင် လီဝမ်ရှီးမှာ အလွန်ပင် ဖရိုဖရဲဖြစ်နေပြီး သူမ၏ လက်မောင်းနှင့် ပေါင်များပေါ်တွင် ကုတ်ခြစ်ရာများကို မြင်နေရသည်။
သူမ ဝတ်ထားသည့် ရှင်ကျန်သူဝတ်စုံပင် အနည်းငယ် စုတ်ပြဲနေပြီး အသားစိုင်အချို့ ထွက်နေသည်။
"..."
သို့သော် သူမကတော့ ထိုအရာကို သတိပြုမိပုံမရချေ။
သူမ၏ မျက်နှာမှာ အလွန်ပင် စိတ်လှုပ်ရှားနေပြီး ဗီဒီယို ချိတ်ဆက်မိသည်နှင့် တပြိုင်နက် သူမက
"ရွှီရှင်း၊ ကျွန်မ ကြေးရတနာသေတ္တာ ကို ရှာတွေ့ခဲ့ပြီ အိုး... ဟိုင်း၊ ဟယ်လို... ပန်ဒါလေး" ဟု အော်ဟစ်နှုတ်ဆက်တော့သည်။
"အီးးး" ရွှီရှင်း၏ ပုခုံးပေါ်တွင် ထိုင်နေသော ခဲခဲ ကလည်း ဗီဒီယိုထဲက လီဝမ်ရှီးကို ပြန်လည် နှုတ်ဆက်လိုက်သည်။
"မင်း ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဒဏ်ရာတွေ ရလာတာလဲ။
ရတနာသေတ္တာနားက သတ္တဝါတွေရဲ့ တိုက်ခိုက်တာ ခံလိုက်ရလို့လား"
"အင်း၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဒါနဲ့... ရှင်က ဘယ်လိုသိတာလဲ။ အော်... ရှင်လည်း ရတနာသေတ္တာ ရှာတွေ့ခဲ့လို့ မဟုတ်လား" လီဝမ်ရှီးက ရိပ်မိသွားပြီး ခေါင်းညိတ်လိုက်သည်
"ရှင် လည်း ရှာတွေ့မှာပဲလို့ ကျွန်မ သိသားပဲ။ ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ ကြည့်ပြီးပြီလား။ ရတနာသေတ္တာ ရှာတွေ့တဲ့လူ သိပ်မရှိဘူးနော်...ကျွန်မ တို့တွေ တော်တော်လေး တော်ကြတာပဲ"
ရွှီရှင်းက ဆက်သွယ်ရေးလိုင်းကို တစ်ချက်ကြည့်လိုက်ရာ ရှင်ကျန်သူ ဦးရေမှာ ၇,၅၆၈ ဦးသို့ ကျဆင်းသွားပြီဖြစ်ပြီး ယနေ့ နေ့ခင်းပိုင်းအတွင်းမှာပင် လူပေါင်း ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြသည်။
"လူတော်တော်များများ ရတနာသေတ္တာနဲ့ တိုးကြမှာပဲ၊ ဒါပေမဲ့ ဘေးနားက သတ္တဝါတွေရဲ့ လက်ချက်နဲ့ သေကုန်ကြတာ ဖြစ်မယ်..."
ရွှီရှင်းက စကားကို အဆုံးမသတ်သော်လည်း လီဝမ်ရှီးက နားလည်သွားပြီး ခေါင်းညိတ်ထောက်ခံသည် "အမှန်ပဲ။ ဒါနဲ့... ရှင့်ဆီမှာရော ဘယ်လိုသတ္တဝါမျိုးနဲ့ တွေ့လဲ။ ကျွန်မ ရဲ့ ရတနာသေတ္တာကတော့ နွယ်ပင် ရဲ့ အမြစ်တွေထဲမှာ ရှိနေတာ"
ဟင်..
သူမလည်း ငါနဲ့ အတူတူပဲလား။
"ငါ့ဟာလည်း နွယ်ပင် ရဲ့ အမြစ်ထဲမှာပဲ။ အဲ့ဒီ နွယ်ပင် က မြေကြီးထဲကနေ ရုတ်တရက် ထိုးထွက်လာပြီး ငါ့ကို နှစ်ခါလောက် တိုက်ခိုက်ပြီးတော့ သေသွားတာ"
"အင်း..ငါ့ဆီမှာ ဖြစ်တာနဲ့ အတိအကျပဲ နွယ်ပင် က ငါ့ခြေထောက်အောက်ကနေ ရုတ်တရက် ထွက်လာတာ..ငါသာ သတိမထားမိရင် ချက်ချင်း သေမှာပဲ..ငါ ဆက်သွယ်ရေးလိုင်းမှာ စစ်ကြည့်တော့ ရတနာသေတ္တာ ရတဲ့ တခြားလူတွေက နွယ်ပင် နဲ့ မတွေ့ကြဘူးတဲ့။ လူတိုင်း မတူညီတဲ့ အန္တရာယ်တွေနဲ့ ကြုံရတာလို့ ငါ ထင်နေတာ"
ရွှီရှင်းသည် ဆက်သွယ်ရေးလိုင်းကို ဖတ်ကြည့်လိုက်၏။
ကြေးရတနာသေတ္တာ ရရှိထားသူ အချို့သည် အလွန်တက်ကြွစွာ စာရေးနေကြသည်။
၎င်းတို့ထဲတွင် နေ့ခင်းက သူပြန်ရောက်စဉ်က တွေ့ခဲ့သော၊ အပြင်ထွက်ပြီး မကြာမီ တိုက်ခိုက်ခံခဲ့ရသူလည်း ပါဝင်၏။
အချို့မှာ ဇလုံတစ်လုံးခန့် တုတ်သော မြွေကြီးများ၏ ရစ်ပတ်မှုကို ခံခဲ့ရပြီး၊ အချို့မှာ ကြောင်ငယ်တစ်ကောင်ခန့် ကြီးသော ကြွက်ကြီးများ၏ လိုက်လံကိုက်ခဲမှုကို ခံခဲ့ရသည်။
အချို့မှာ ပိုးဟပ်ကြီးများကဲ့သို့ ကြီးမားသော ပိုးကောင်များ ကိုယ်ထဲသို့ တိုးဝင်ခြင်း ခံခဲ့ရကာ၊ အချို့မှာမူ ရုတ်တရက် ပေါက်လာသော ဆူးပင်များ၏ ရစ်ပတ်မှုကို ခံခဲ့ရသည်။
သို့သော် ထူးခြားချက်တစ်ခုမှာ ၎င်းသတ္တဝါများအားလုံးမှာ မြေကြီးထဲမှ ထိုးထွက်လာခြင်းပင် ဖြစ်သည်။
လီဝမ်ရှီးနှင့် သူ နွယ်ပင် အချင်းချင်း တူနေခြင်းမှာ တိုက်ဆိုင်မှုသက်သက်ပဲလား။
"ငါလည်း မသေချာဘူး၊ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ" ရွှီရှင်း အဖြေရှာမရသဖြင့် ခေါင်းခါလိုက်ပြီး "မင်းရော ကြေးရတနာသေတ္တာ ကို ဘယ်လိုရှာတွေ့တာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ လည်း မသိဘူး၊ တစ်နေကုန် အာရုံခံစားမှုအတိုင်းပဲ လျှောက်သွားနေတာ။ လက်လျှော့တော့မယ့် အချိန်ကျမှ နွယ်ပင် က ကျွန်မ ကို ချောင်းတိုက်တာပဲ" လီဝမ်ရှီးက ရိုးရိုးသားသား ရှင်းပြသည်။
တကယ့်ကို ကံကောင်းခြင်းဘုရင်မပဲ။
၃ ကီလိုမီတာ ပတ်လည် ဧရိယာထဲမှာ ရတနာသေတ္တာကို ကံစမ်းပြီး ရှာတွေ့တယ်ဆိုတာ မလွယ်ကူချေ။
"မင်းရဲ့ ရတနာသေတ္တာထဲမှာလည်း မြေသြဇာ နဲ့ အစေ့ နှစ်အိတ် ပါလား"
"အင်း၊ ပါတယ်" လီဝမ်ရှီးက ခေါင်းညိတ်သည်။
"စကားပြောခန်း ထဲမှာ ပြောနေကြသလိုပဲ ဘတ်ချ် သစ်ပင် နဲ့ ထင်းရှူးပင် အစေ့တွေပေါ့။ အားလုံး တူတူပဲ ထင်ပါတယ်။ ဒါပေမဲ့ ဒီသစ်တုံးတွေက ဘာအတွက်လဲဆိုတာ မသိဘူး။ ငါ ဆောက်လုပ်ရေးစာရင်းမှာ ကြည့်တော့ သစ်တုံးတွေ လိုအပ်တဲ့ ပစ္စည်းတစ်ခုမှ မတွေ့ဘူး"
ရွှီရှင်းသည် သူရရှိထားသော ငွေရတနာသေတ္တာ အကြောင်းကို ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ပြန်ပိတ်လိုက်သည်။
အထူးသဖြင့် စမ်းချောင်းထဲက ဧရာမမိကျောင်းကြီးအကြောင်းကို သူကိုယ်တိုင်ပင် မည်သို့ရှင်းပြရမှန်း မသိသောကြောင့် ဖြစ်သည်။
သူက - "နောင်လာမယ့် ရတနာသေတ္တာထဲက ပစ္စည်းတွေနဲ့ ဆက်စပ်နေလို့ ဖြစ်မှာပါ" ဟုသာ ရိုးရိုးလေး ပြောလိုက်သည်။
"အင်းလေ၊ ဘာပဲဖြစ်ဖြစ်ပေါ့ ။ ကျွန်မ ကတော့ အေးအေးဆေးဆေးပဲ နေတော့မယ် ညဘက်တော့ အပြင်မထွက်ဘူး၊ နေ့ဘက်တောင် ဒီလောက်အန္တရာယ်များတာ၊ ညဘက်ဆို ပိုဆိုးမှာ အား... အား... အား..."
လီဝမ်ရှီး၏ ဒဏ်ရာရထားသော လက်မောင်းမှာ စားပွဲနှင့် တိုက်မိသွားသဖြင့် သူမက လက်ကို အမြန်ပြန်ရုတ်ကာ အသာအယာ ပွတ်သပ်နေသည်။
ရွှီရှင်းသည် သူရှာတွေ့ထားသော ဒဏ်ရာလိမ်းရန် ဆေးဖက်ဝင်အပင်အချို့ကို သူမထံ လှဲလှယ်ပေးလိုက်ပြီး - "ဒါကို သုံးကြည့်၊ ဒါက ဆေးဖက်ဝင်အပင်ပဲ။ မင်းအိမ်ပတ်ဝန်းကျင်မှာ အများကြီးရှိမှာပါ၊ ဒါပေမဲ့ မြက်ပင်တွေနဲ့ တူလွန်းလို့ မှတ်မိဖို့တော့ မလွယ်ဘူး" ဟု ပြောလိုက်သည်။
"တကယ်လား" လီဝမ်ရှီးသည် လက်ထဲက အပင်ကို ကြည့်လိုက်ရာ အောက်ထပ်က ပေါင်းပင်များနှင့် အတိအကျပင် တူနေသည်။
သို့သော် သူမမြင်ရသည့် အညွှန်းတွင်မူ [သွေးတိတ်ဆေးပင်: အထူးအပင်တစ်မျိုး] ဟု ရေးထားသည်။
ရွှီရှင်းကဲ့သို့ ပစ္စည်းခွဲခြားနိုင်သော စွမ်းရည်မရှိသဖြင့် လီဝမ်ရှီး မြင်ရသည့် အညွှန်းများမှာ စာကြောင်းတစ်ကြောင်းတည်းဖြင့် ရိုးရှင်းလွန်းလှသည်။
"ဒါကိုတောင် ရှင် က ရှာတွေ့တာလား" ပုံမှန်အားဖြင့် ပစ္စည်းများကို ကိုင်တွယ်ကြည့်မှသာ အညွှန်းကို မြင်ရခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း မည်သူက ပေါင်းပင်တွေကို လိုက်ကိုင်ကြည့်နေပါမည်နည်း။
၎င်းကို ရှာတွေ့ရန်မှာ ထိုဆေးဖက်ဝင်အပင်ကို တိတိကျကျ ခူးမိမှသာ ဖြစ်ပေမည်။
အခုအထိတော့ ဆေးဖက်ဝင်တဲ့ ဒီလိုအပင်မျိုး အရောင်းအဝယ်ဈေးကွက်မှာ မပေါ်သေးချေ။
"တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့တာပါ" ရွှီရှင်းသည် သူ၏ စွမ်းရည်အကြောင်းကိုတော့ ထုတ်မပြောချေ။
"ကဲ... အပြင်မထွက်ဘူးဆိုရင်လည်း အနားယူလိုက်ပါဦး။ ငါတော့ ဒီည သစ်ပင်အိမ်မှာ ရှိမှာ မဟုတ်ဘူး"
"အိုကေလေ။ ဒါနဲ့... ရှင် ကျွန်မကို ပစ္စည်းတွေ အများကြီး ပေးထားတာ၊ ကျွန်မ တစ်ခုခု ပြန်ပေးမယ်"
လီဝမ်ရှီးမှာ သူတစ်ပါးဆီကပဲ ရနေသဖြင့် အားနာနေပုံရသည်။
"မလိုပါဘူး၊ သိမ်းထားလိုက်ပါ။ နောက်မှ ပစ္စည်းကောင်းတွေ ရှာတွေ့ရင် ငါ့ကို မမေ့ဖို့ပဲ လိုတယ်"
ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ရွှီရှင်းသည် ရွှေရောင် သံလိုက်အိမ်မြှောင် ကို ထုတ်ယူလိုက်သည်။
နောက်ဆုံး ရွှေရတနာသေတ္တာ တစ်ခုသာ ကျန်တော့သည်။
အထဲတွင် မည်သို့သော အရင်းအမြစ်များ ရှိနေမည်ကို သူမသိပေ။
ကြေးရတနာသေတ္တာ က သတ်ဖြတ်နွယ်ပင်ရဲ့ အမြစ်ထဲမှာ၊ ငွေရတနာသေတ္တာ က ဧရာမမိကျောင်းကြီးရဲ့ ပါးစပ်ထဲမှာဆိုရင်၊ ရွှေရတနာသေတ္တာ ကရော ဘယ်မှာ ရှိနေမလဲ။
[ရွှေရတနာသေတ္တာပြ သံလိုက်အိမ်မြှောင်: အပ်ကို လှည့်လိုက်ပါက ရွှေရတနာသေတ္တာ ရှိရာ အရပ်မျက်နှာကို ပြသပေးမည်။ စွမ်းရည်ပြန်သုံးရန် အချိန်ကန့်သတ်ချက် မှာ ၅ နာရီ ဖြစ်သည်။]
ဤ သံလိုက်အိမ်မြှောင် ၏ စောင့်ဆိုင်းချိန်မှာ ငွေရတနာသေတ္တာ ထက် များစွာ ပိုကြာသဖြင့် ရွှေရတနာသေတ္တာ ကို ရှာဖွေရန်မှာ သေချာပေါက် ပိုမို ခက်ခဲပေလိမ့်မည်။
သူသည် သံလိုက်အိမ်မြှောင် ကို လှည့်လိုက်ရာ အပ်သည် နောက်ဆုံးတွင် အနောက်မြောက်ဘက် အရပ်တွင် ရပ်တန့်သွားသည်။
"အဲ့ဒီဘက်မှာပေါ့..."
တောင်ကုန်းထူထပ်ပြီး အနီစက်တွေ ပြည့်နေတဲ့ နေရာက အနောက်မြောက်ဘက်မှာ ရှိနေတာပဲ။
ကံကောင်းတာက ထိုနေရာသည် ၃ ကီလိုမီတာ အပြင်ဘက်မှာဖြစ်သဖြင့် ရွှေရတနာသေတ္တာ သည် ထိုအန္တရာယ်ရှိသော နယ်မြေထဲတွင် မရှိနိုင်သည်မှာ သေချာသည်။
ရွှီရှင်းသည် အလျင်စလို အပြင်မထွက်သေးဘဲ ဝက်ဝံသားအချို့ကို ကင်လိုက်ပြီး၊ ရှာဖွေထားသော မှိုများနှင့် တွဲဖက်ကာ မြိန်ရည်ယှက်ရည် စားသောက်လိုက်သည်။
ရွှေရတနာသေတ္တာ ကို ရှာဖွေခြင်းသည် ပြင်းထန်သော တိုက်ပွဲတစ်ခုနှင့် အဆုံးသတ်နိုင်သဖြင့် အဝစားထားရန် လိုအပ်သည်။
ကျောပိုးအိတ် ထဲမှ ငွေရတနာသေတ္တာ ကို ထုတ်၍ ကြေးရတနာသေတ္တာ ဘေးတွင် ချထားလိုက်စဉ် ရွှီရှင်း၏ အကြည့်မှာ ရပ်တန့်သွားပြီး သေတ္တာနှစ်လုံးကို အနီးကပ် စစ်ဆေးမိတော့သည်။
အစပိုင်းတွင် ရွှီရှင်းက သေတ္တာနှစ်လုံး၏ ပုံစံမှာ အတူတူပင် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခု ယှဉ်ကြည့်လိုက်သောအခါ ကွဲပြားချက်များကို သတိပြုမိလာသည်။
သေတ္တာနှစ်လုံးကို ဘေးချင်းယှဉ်ချလိုက်သောအခါ ငွေရောင်နှင့် ကြေးရောင် သေတ္တာပေါ်မှ ပုံစံများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး မပြည့်စုံသေးသော ပုံစံတစ်ခု ဖြစ်နေသည်။
၎င်းမှာ တိရစ္ဆာန်တစ်ကောင်ကို ဘေးတိုက်မြင်ရသည့် ပုံစံမျိုးဖြစ်ပြီး၊ ဘယ်ဘက်က ကြေးရတနာသေတ္တာ ပေါ်တွင် အမြီးနှင့် နောက်ခြေထောက် အစိတ်အပိုင်းများ ပါဝင်ကာ၊ ညာဘက်က ငွေရတနာသေတ္တာ]ပေါ်တွင် ကိုယ်ထည်နှင့် ရှေ့ခြေထောက်များ ပါဝင်နေသည်။
ခေါင်းအပိုင်းမှာတော့ ပျောက်ဆုံးနေသည်။ ထိုခေါင်းပုံစံမှာ ရွှေရတနာသေတ္တာ ပေါ်တွင် ရှိနေရမည်မှာ သေချာသည်။
ကိုယ်ထည်ကို ကြည့်ခြင်းအားဖြင့် ထိုပုံစံမှာ ဒဏ္ဍာရီလာ သတ္တဝါ ချီလင် နှင့် ဆင်တူနေသည်။ သမင်ကဲ့သို့ ကိုယ်ထည်၊ နဂါးကဲ့သို့ အမြီးနှင့် တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းနေသည့် ပုံစံမျိုးပင်။
ရွှီရှင်းသည် ဤကမ္ဘာတွင် လက်တွေ့မကျသော သတ္တဝါ နှစ်ကောင်နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ရေအိုင်ထဲက မြွေကြီးနှင့် စမ်းချောင်းထဲက မိကျောင်းကြီးတို့မှာ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေသဖြင့် ဤနေရာတွင် ချီလင် နှင့် တွေ့လျှင်ပင် သူ အံ့သြမည်မဟုတ်ချေ။
ရတနာသေတ္တာပေါ်က ပုံစံတွေက ဘာကို ကိုယ်စားပြုလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ထားလိုက်ပါတော့၊ အများကြီး တွေးမနေတော့ဘူး။ ရွှေရတနာသေတ္တာ ကို ရှာတွေ့တဲ့အခါ ဒီပုံစံတွေရဲ့ အဓိပ္ပာယ်က အလိုလို ရှင်းလင်းသွားမှာပါ။
---
အခန်း (၃၁) ပြီး