← Chapters

ပူးကပ်ခံရခြင်း

Vol. 3 Ch. 32

ပူးကပ်ခံရခြင်း

Vol. 3 Ch. 32

အချိန်ကို ကြည့်လိုက်တော့ ညရှစ်နာရီ ထိုးနေပြီဖြစ်သည်။

ဒီနေ့က လမသာတဲ့ ညတစ်ည ဖြစ်နေပြီး ကြယ်တာရာတွေနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်ယံဟာ ထူးခြားစွာ ကြည်လင်တောက်ပနေပါတယ်။

ကောင်းကင်တစ်ခုလုံးကို ဖြတ်သန်းပြီး ခမ်းနားထည်ဝါလှတဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီး ဝန်းရံနေတာဟာ မြို့ပြမှာ ကြီးပြင်းလာခဲ့တဲ့ ရွှီရှင်းအတွက်တော့ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းတစ်ခုပါပဲ။

"ငါမှတ်မိသလောက်တော့ မနေ့ညက လရောင်က တော်တော်လင်းတာ၊ လပြည့်ည မဟုတ်ဘူးလား၊ ဒီနေ့ကျတော့ လကွယ်ည ဖြစ်နေပြီ။ ဒီကမ္ဘာက တကယ်ကို ထူးဆန်းတာပဲ"

ရွှီရှင်း သက်ပြင်းချလိုက်မိပေမယ့် အဲဒါကို သိပ်ပြီး အာရုံမစိုက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာ တခြားကမ္ဘာတစ်ခု ဖြစ်နေပြီမို့ ကမ္ဘာမြေရဲ့ စံနှုန်းတွေနဲ့ တိုင်းတာလို့ မရတော့ဘူးလေ။

သူဟာ အသုံးအဆောင်တွေကို အသင့်ပြင်ပြီး သစ်ပင်အိမ်ရဲ့ အနောက်မြောက်ဘက်ဆီကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။

ရေအိုင်ကြီးက သစ်ပင်အိမ်ရဲ့ အနောက်မြောက်ဘက် တည့်တည့်မှာ ရှိနေတာဖြစ်လို့ ရွှီရှင်း အဲ့ဒီဘက်ကို သွားချင်တယ်ဆိုရင် ရေအိုင်ကို အရင်ပတ်သွားရမှာပါ။

တကယ်တော့ ရတနာသေတ္တာဟာ ဒီရေအိုင်ထဲမှာ ရှိနေနိုင်မလားလို့လည်း သူ စဉ်းစားမိပါသေးတယ်။

ဒါပေမဲ့ တကယ်လို့ ရေထဲမှာ ရှိနေတယ်ဆိုရင်တောင် အခုချိန်မှာ သူ့မှာ သွားယူနိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။

ဒီရေအိုင်က အရမ်း အန္တရာယ်များပါတယ်။

ရေအိုင်ထဲက မြွေကြီး မရှိတော့ဘူးဆိုပေမဲ့ သစ်ပင်အိမ်ရဲ့ ၃ ကီလိုမီတာ ပတ်လည်မှာ အနီစက်ရှိနေတဲ့ တစ်ခုတည်းသောနေရာက ဒီရေအိုင်ပဲ ဖြစ်ပါတယ်။

ရေအိုင်အလယ်ဗဟိုမှာ စုပြုံနေတဲ့ အနီစက်တွေက သိပ်ပြီး မလင်းလက်လှဘဲ အရင်က ဝက်ဝံနက်သတ်ခဲ့တဲ့ ဝံပုလွေတွေရဲ့ အနီစက်တွေထက် ပိုမှိန်နေကာ အရေအတွက်ကတော့ အများကြီးပါပဲ။

အဲ့ဒါတွေဟာ စုပြုံ လှုပ်ရှားနေကြတာမို့ အသားစားငါးတွေ ဒါမှမဟုတ် အဲဒီလိုမျိုး သတ္တဝါတွေ ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ လက်ရှိစွမ်းရည်နဲ့ ရေထဲက အသားငါး တွေဆီကနေ ရတနာသေတ္တာ လုယူဖို့ ကြိုးစားတာဟာ သေမင်းနဲ့ သွားတွေ့တာနဲ့ အတူတူပါပဲ။

ရွှီရှင်းက လက်ကို ဝှေ့ယမ်းပြီး ရေအိုင်အလယ်ထဲကို ကျောက်တုံးတစ်တုံး ပစ်ထည့်လိုက်ပါတယ်။

"အီးး" သူ့ပုခုံးပေါ်က ခဲခဲ ဟာ ရွှီရှင်းရဲ့ လှုပ်ရှားမှုကြောင့် ပြုတ်ကျလုနီးပါး ဖြစ်သွားပြီး အဝတ်အစားတွေကို ခြေလက်အစုံနဲ့ အတင်းကုပ်တွယ်ပြီး ပုခုံးပေါ် ပြန်တက်လာပါတယ်။

ကျောက်တုံးဟာ ရေအိုင်အလယ်ကို ထိမှန်သွားပြီး ရေလှိုင်းကြီးတွေ ထွက်ပေါ်လာကာ ရေမျက်နှာပြင်တစ်ခုလုံး ချက်ချင်းပဲ ပွက်ပွက်ဆူလာပါတော့တယ်။

ရေက ကြည်လင်နေပြီး ရေအိုင်အလယ်က နက်ရှိုင်းတာကြောင့် ရွှံ့နွံတွေ ထမလာဘဲ ရေအောက်မှာ ငါးအုပ်ကြီးတွေ ရူးသွပ်စွာ ကူးခတ်နေတာကို ရွှီရှင်း ခပ်ရေးရေး မြင်လိုက်ရပါတယ်။

အချို့ငါးတွေဆိုရင် ရေပေါ်ကိုတောင် ခုန်တက်လာကြပါတယ်။

အဲဒါတွေဟာ တစ်ကိုယ်လုံး သွေးလိုနီနေတဲ့ ငါးတွေဖြစ်ပြီး လက်ဖဝါးထက် အနည်းငယ် ပိုကြီးပုံရပေမယ့် သူတို့ရဲ့ ထက်မြက်တဲ့ သွားတွေက လွှသွားတွေလို ဖြစ်နေတာကြောင့် ရွှီရှင်း ကျောချမ်းသွားရပါတယ်။

သေချာပါတယ်၊ ဒါတွေဟာ အသားစားငါး တွေပါပဲ။

ဒီငါးတွေဟာ ရေအိုင်အလယ်မှာပဲ ကျင်လည်ကျက်စားပုံရပြီး ကမ်းစပ်နားကို မလာကြတာကြောင့် ရေတိမ်ပိုင်းက ငါးတွေနဲ့ ပုစွန်တွေတော့ ဘာမှမဖြစ်ကြပါဘူး။

အဲဒီအချိန်မှာပဲ ရွှီရှင်း ပစ်လိုက်တဲ့ ကျောက်တုံးကြောင့် လန့်သွားတဲ့ ဧရာမ မြက်စားငါးကြင်းကြီးတစ်ကောင်ဟာ ရေအိုင်အလယ်ပိုင်းထဲကို မှားယွင်းပြီး ရောက်သွားပါတယ်။

ချက်ချင်းဆိုသလိုပဲ ရေမျက်နှာပြင်ဟာ တစ်ဖန် ပေါက်ကွဲထွက်လာပြန်ပြီး ထွက်ပေါ်လာတဲ့ ရေလှိုင်းတွေဟာ ရွှီရှင်း ပစ်လိုက်တဲ့ ကျောက်တုံးထက် အဆပေါင်းများစွာ ပိုကြီးမားပါတယ်။

ငါးကြင်းကြီး ရှိနေတဲ့နေရာမှာ သွေးရောင်ဖျော့ဖျော့လေး တစ်ချက်ပေါ်လာပြီး ရေလှိုင်းတွေကြားထဲမှာ ချက်ချင်းပဲ ပျောက်ကွယ်သွားပါတော့တယ်။

အမလေး... သွားပြီးတော့ မစတာပဲ ကောင်းပါတယ်။ တခြားနေရာတွေကို အရင်ရှာကြည့်ရအောင်။

ရေအိုင်ကမ်းစပ်အတိုင်း လျှောက်လာရင်း သိပ်မကြာခင်မှာပဲ ရွှီရှင်းဟာ ရေအိုင်ရဲ့ တစ်ဖက်ခြမ်းကို ရောက်ရှိလာပါတယ်။

ဒီအနောက်မြောက်ဘက် အရပ်ဟာ ရွှီရှင်းအတွက် သိပ်ပြီး ရင်းနှီးတဲ့နေရာ မဟုတ်ပါဘူး။ အစောပိုင်း စူးစမ်းစဉ်တုန်းက တစ်ချက်ကြည့်ခဲ့ဖူးပေမယ့် အပြာရောင် အရင်းအမြစ်တွေ မတွေ့တာနဲ့ နောက်ထပ် မလာဖြစ်တော့ပါဘူး။

ဒါကြောင့် ဒီနေရာရဲ့ မြေပုံဟာ ဗလာ ပဲ ရှိပါသေးတယ်။

ရွှီရှင်းဟာ ခုနက သံလိုက်အိမ်မြှောင် ညွှန်ပြခဲ့တဲ့ အရပ်အတိုင်း တန်းတန်းမတ်မတ် ဆက်လျှောက်လာခဲ့ပါတယ်။

သူ့မှာ မြေပုံရှိနေတာကြောင့် တခြားလူတွေလို တောထဲမှာ စက်ဝိုင်းပုံပတ်ကာ လမ်းပျောက်မှာကို စိုးရိမ်စရာ မလိုပါဘူး။

ဒါကြောင့် သူ့လက်ထဲက သံလိုက်အိမ်မြှောင် ဟာ အထိရောက်ဆုံး ဖြစ်မှာပါ။

အရင်းအမြစ် နယ်မြေဟာ ရေအိုင်ရဲ့ အရှေ့ဘက်ကိုပဲ ဖြန့်ကျက်ထားတာမို့လို့ အနောက်မြောက်ဘက်ကို ဆက်သွားတဲ့အခါ အရင်းအမြစ် နယ်မြေအပြင်ဘက်ကို ရောက်သွားပြီး ပတ်ဝန်းကျင်မှာ အဖြူရောင် အလင်းတန်းတွေပဲ ရှိပါတော့တယ်။

ဒါပေမဲ့ ရွှီရှင်းအတွက်တော့ ဒါက ထူးဆန်းမနေပါဘူး။ ကြေးရတနာသေတ္တာ နဲ့ ငွေရတနာသေတ္တာ တွေ ရှိနေတဲ့နေရာတွေဟာလည်း အရင်းအမြစ် နယ်မြေထဲမှာ မဟုတ်သလို သစ်ပင်အိမ်နဲ့လည်း တော်တော်လေး ဝေးတဲ့နေရာတွေမှာ ရှိနေတာပါ။

ဘေးပတ်ဝန်းကျင်မှာလည်း အဆင့်မြင့် အရင်းအမြစ်တွေ မရှိကြပါဘူး။ ဒီလိုဆိုရင် ရွှေရတနာသေတ္တာ ဟာလည်း အရင်းအမြစ် နယ်မြေထဲမှာ ရှိမှာ မဟုတ်ပါဘူး။

ရွှီရှင်းဟာ ဘာသဲလွန်စမှ မရှိဘဲ ရှေ့ကိုပဲ ဆက်လျှောက်နေပါတယ်။

တစ်ခါတလေ ပုခုံးပေါ်က ခဲခဲ ကို ပုတ်ပေးပေမယ့် ခဲခဲ ကတော့ ကြေးရတနာသေတ္တာ ရှာတုန်းကလို လမ်းပြပေးတာမျိုး မလုပ်ဘဲ ရွှီရှင်းရဲ့ ပုခုံးပေါ်မှာပဲ ပျင်းပျင်းရိရိ အိပ်ငိုက်နေပါတယ်။

ဟုတ်ပေသည်၊ တစ်နေ့လုံး ရွှီရှင်းနောက်ကို လိုက်နေခဲ့ရခြင်းကြောင့် အခု ညဘက်ရောက်ပြီဖြစ်တဲ့အတွက် ဒီကောင်လေး အိပ်ချင်နေခြင်းဖြစ်သည်။

" ခဲခဲ... ငါမင်းကို ကျွေးထားတဲ့ အနီရောင် ဘယ်ရီသီးတွေနဲ့ လိမ္မော်သီးတွေက မင်းအတွက် ဘာအစွမ်းမှ မရှိဘူးလား"

ရွှီရှင်း ဒီနေ့ ခဲခဲ ကို လိမ္မော်သီး တော်တော်များများ ကျွေးထားတာပါ။ တကယ်လို့ အစွမ်းရှိမယ်ဆိုရင် အခုလို အိပ်ငိုက်နေမှာ မဟုတ်ပေ။

"အီးးး" ခဲခဲ က သူ့ကို ခေါင်းလေးစောင်းကြည့်လိုက်သည်။

အိပ်ချင်မူးတူး ဖြစ်နေတဲ့ မျက်လုံးတွေထဲမှာ ဇဝေဇဝါ ဖြစ်နေတဲ့ အရိပ်အယောင်တွေ ရှိနေ၏။

ကြည့်ရတာ အပြာရောင် အရင်းအမြစ်တွေရဲ့ အထူးအာနိသင်တွေဟာ သူတို့လို သတ္တဝါတွေအတွက်တော့ ဘာမှ အသုံးမဝင်ပုံရပါတယ်။

ရွှီရှင်း ခေါင်းခါလိုက်ပြီး ခဲခဲ ကို ရင်ခွင်ထဲ ပွေ့ကာ ၎င်းရဲ့ အမွေးပွ အမြီးကြီးကို သပ်ပေးရင်း ပြောလိုက်ပါတယ်။

"ခဏအိပ်လိုက်ဦး၊ တစ်ခုခု ဖြစ်ရင် ငါနှိုးမယ်။ အဲဒီကျရင်တော့ မင်း သေချာ အာရုံစိုက်ရမယ်နော်"

"အီးးး" ခဲခဲ က ပြန်ထူးပြီး ရွှီရှင်းရဲ့ ရင်ခွင်ထဲမှာပဲ အိပ်ပျော်သွားပါတော့တယ်။

ညဘက်တွင် တောအုပ်မှာ တိတ်ဆိတ်နေပြီး ပိုးကောင်သံတောင် မကြားရပါဘူး။

သစ်ရွက်လှုပ်သံနဲ့ သူမြက်ခင်းပေါ် နင်းလျှောက်နေတဲ့ ခြေသံတွေပဲ ရှိပါတယ်။

ပုခုံးပေါ်မှ ခဲခဲ က လှုပ်လှုပ်ရှားရှား မရှိတော့ဘဲ လည်ပင်းကို အမြီးနဲ့ လာမထိတော့တဲ့အခါ ရွှီရှင်း တစ်ခုခု လိုနေသလို ခံစားရပါတယ်။

မြေပုံပေါ်မှာ ရန်လိုတဲ့ သတ္တဝါတွေကို ကိုယ်စားပြုတဲ့ အနီစက်တွေ မရှိပေမယ့် ရွှီရှင်းကတော့ သတိကြီးကြီး ထားနေဆဲပါပဲ။

ပတ်ဝန်းကျင်ကို အမြဲ အာရုံခံနေသလို မြေပုံရဲ့ အပြောင်းအလဲတွေကိုလည်း စောင့်ကြည့်နေပါတယ်။

လျှောက်လာခဲ့တာ တော်တော်ကြာပြီဖြစ်ပေမယ့် ထူးခြားတဲ့ အရိပ်အယောင် ဘာမှ မတွေ့ရသေးပါဘူး။

အမြဲတမ်း တွေ့နေကျ မိုးမခတောအုပ်ကြီးပါပဲ။

[သတိပေးချက်၊ သစ်ပင်အိမ် နယ်မြေကနေ ၃ ကီလိုမီတာထက် ပိုမဝေးပါစေနဲ့။ မဟုတ်ရင် သင်မတွေ့လိုတဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်။]

နယ်နိမိတ်ရဲ့ အစွန်းကို ထပ်ရောက်လာပြန်ပါပြီ။

နယ်နိမိတ်မျဉ်းမှာ ရပ်ရင်း ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိပါတယ်။

ဒီတစ်ခါ သူ တကယ်ပဲ လမ်းပျောက်နေသလို ခံစားရပါတယ်။

သံလိုက်အိမ်မြှောင် ပြတဲ့အတိုင်း လာခဲ့တာတောင် ဘာထူးခြားချက်မှ မတွေ့ရပါဘူး။

ရွှေရတနာသေတ္တာ က တကယ်ပဲ ရေအိုင်ထဲမှာ ရှိနေတာလား..

ဒါဆိုရင်တော့ တကယ် ဒုက္ခပါပဲ။

ရွှီရှင်း ခေါင်းကို မော့ကြည့်လိုက်တဲ့အချိန် တစ်ဖက်မှာ တောင်ကုန်းတစ်ခုကို မြင်လိုက်ရပါတယ်။

အနီစက်တွေ အများကြီး စုပြုံနေတဲ့ နေရာက ဒီတောင်ကုန်းရဲ့ တစ်ဖက်မှာ ရှိနေတာဖြစ်ပြီး ၁ ကီလိုမီတာတောင် မဝေးတော့ပါဘူး။

သူကတော့ အပြင်ကို ထွက်သွားလို့ မရသလို သားရဲတွေကလည်း သူ့နယ်မြေထဲကို ဝင်လာချင်ပုံ မရပါဘူး။

လောလောဆယ်တော့ ဘေးကင်းပါသေးတယ်။

ရှေ့က တောင်ကုန်းကို ကြည့်ရင်း ရွှီရှင်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက် ပေါ်လာပါတယ်။

"ငါသာ ဒီနယ်နိမိတ်ကနေ အပြင်ကို ထွက်လိုက်ရင် ဘာဖြစ်မလဲ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်လာမှာလဲ"

ဒီအတွေးဟာ ရွှီရှင်းရဲ့ စိတ်ထဲမှာ အမြစ်တွယ်သွားပြီး အပြင်ထွက်ချင်တဲ့ ဆန္ဒက ပိုပြီး ပြင်းထန်လာပါတယ်။

ရွှီရှင်းဟာ ရှေ့က တောင်ကုန်းကို စူးစူးစိုက်စိုက် ကြည့်နေပြီး ရှေ့ကို ခြေတစ်လှမ်း လှမ်းချင်စိတ်ကို မထိန်းနိုင်တော့ပါဘူး။

ဒီတစ်ခါမှာတော့ လျှို့ဝှက်ဆန်းပြားတဲ့ အသံက သူ့ကို ထပ်ပြီး သတိမပေးတော့ပါဘူး။

ဆန္ဒတွေရဲ့ တွန်းအားကြောင့် ရွှီရှင်းဟာ ရှေ့ကို နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပါတယ်။

အခုဆိုရင် သူ့ရဲ့ ခြေထောက်တစ်ဝက်က နယ်နိမိတ် အပြင်ဘက်ကို ရောက်နေပါပြီ။

သူ နောက်ထပ် လှုပ်ရှားဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ သူ့ရင်ခွင်ထဲက ခဲခဲ လှုပ်ရှားလာပါတယ်။

"အီးးး..." တစ်ခုခု အဆင်မပြေဖြစ်နေသလိုမျိုး ခဲခဲ ဟာ ရွှီရှင်းရဲ့ ရင်ခွင်ထဲမှာ လူးလွန့်လာပါတယ်။

အဲဒီ လှုပ်ရှားမှုလေး တစ်ခုတည်းနဲ့တင် ရွှီရှင်း သတိပြန်ဝင်လာပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တတိယမြောက် ခြေလှမ်းကတော့ အပြင်ဘက်ကို ရောက်သွားပါပြီ။

ပြင်းထန်တဲ့ အန္တရာယ် အငွေ့အသက်ကြီးက သူ့နှလုံးသားထဲမှာ ပေါက်ကွဲထွက်လာပြီး ရွှီရှင်းဟာ အပြင်ကို လှမ်းလိုက်တဲ့ ခြေထောက်ကို အမြန် ပြန်ဆွဲလိုက်ပါတယ်။

သူ ပြန်ဆွဲလိုက်တဲ့ ခဏမှာပဲ၊ သူ့ရဲ့ တတိယခြေလှမ်း ကျမယ့်နေရာကနေ ချွန်ထက်တဲ့ နွယ်ပင် တစ်ခုဟာ မြေကြီးကို ဖောက်ကာ အပေါ်ကို ၄၊ ၅ မီတာလောက် ထိုးတက်လာပါတော့တယ်။

အစိမ်းရင့်ရောင် နွယ်ပင် ပေါ်မှာ သွေးကြောတွေလို ဖြစ်နေတဲ့ အနီရောင် အမျှင်တန်းလေးတွေ ပါနေတာကို မြင်လိုက်ရတဲ့အခါ သူ ကျောချမ်းသွားပါတယ်။

ရွှီရှင်း အနောက်ကို အမြန် ဆုတ်လိုက်ပြီး ကြွက်သားတွေကို တင်းထားကာ ရှောင်တိမ်းဖို့ ပြင်ဆင်လိုက်ပါတယ်။

ဒါပေမဲ့ ကြေးရတနာသေတ္တာ ရှာတုန်းက နွယ်ပင် လိုမျိုး သူ့ကို လိုက်မတိုက်ခိုက်ပါဘူး။

အဲဒီအစား လေထဲမှာ ခဏလောက် ဝဲနေပြီးမှ မြေအောက်ထဲကို ဖြည်းဖြည်းချင်း ပြန်ငုပ်သွားပါတော့တယ်။

မြေပုံပေါ်မှာ နွယ်ပင် ကို ကိုယ်စားပြုတဲ့ အနီစက်ကလည်း မှိန်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ လုံးဝ ပျောက်ကွယ်သွားပါတယ်။

"ခုနတုန်းက ငါ ဘာလို့ အဲဒီလို မိုက်မဲတဲ့ အလုပ်ကို လုပ်မိတာလဲ"

ရွှီရှင်း သူလုပ်ခဲ့တာကို မယုံနိုင်အောင် ဖြစ်နေမိပါတယ်။

သတိကြီးတဲ့ လူတစ်ယောက်အနေနဲ့ သူဟာ ဒီလို သေကြောင်းကြံတဲ့ အလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သူ လုပ်ခဲ့ပါတယ်။

တကယ်လို့ ခဲခဲ သာ လှုပ်မနိုးခဲ့ရင် အနည်းဆုံးတော့ သူ့ခြေထောက်ဟာ မြေကြီးထဲက တက်လာတဲ့ နွယ်ပင် နဲ့ အထိုးခံရမှာ သေချာပါတယ်။

အခု ပြန်စဉ်းစားကြည့်ရင် ခုနက ဆန္ဒနောက်ကိုပဲ လိုက်ပြီး ဘာကိုမှ ဂရုမစိုက်ဘဲ အပြင်ထွက်သွားတဲ့ ရွှီရှင်းဟာ သူနဲ့ လုံးဝ မတူပါဘူး။

"ငါ တစ်ခုခု ပူးကပ်ခံလိုက်ရတာလား"

အခန်း (၃၂) ပြီး

All Chapters