ဗုဒ္ဓအားလုံးအရှင်
Vol. 174 Ch. 2485
ဒုက္ခသမာဓိသည် လက်အုပ်ချီလိုက်ပြီး သူ့ဗုဒ္ဓအလင်းကို ပြန်ရုတ်သိမ်းလိုက်၏။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်ပေါ်ရှိ ဗုဒ္ဓပုံရိပ်များ ပျောက်ကွယ်သွားပြီး အရာအားလုံး ပြန်တည်ငြိမ်သွားသည်။
သူက ရီဖူရှင်းကို ဦးညွှတ်၍ ပြောလိုက်သည်။
“ကိုယ်တော်က လိပ်ပြာတောင်ကုန်းပေါ်မှာ နှစ်တစ်ထောင်လောက် ကျင့်ကြံခဲ့တာပါ... ဒါတောင် ဗုဒ္ဓလမ်းစဉ်ကို အရိပ်အမြွက်ပဲ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ ဒကာလေးရီ... ဒကာလေးရီက ဗုဒ္ဓဓမ္မကို လအနည်းငယ်လောက်ပဲကျင့်ကြံခဲ့တာတောင် ဒီလောက်အောင်မြင်နေပြီပဲ။ ကိုယ်တော် ကိုယ့်ကိုယ်ကို ရှက်မိပါတယ်”
သူ၏နှစ်တစ်ထောင်ကျော် ကျင့်ကြံထားသည့် ဗုဒ္ဓဓမ္မနှင့် ရီဖူရှင်း၏ လအနည်းငယ်သာကျင့်ကြံထားသည့် ဗုဒ္ဓဓမ္မကို ယှဉ်ပြိုင်ခြင်းက မမျှတပေ။ သူတို့သည် အဆင့်မတူချေ။ သို့သော် ရီဖူရှင်းသည် ဗုဒ္ဓများကို အနိုင်ယူနိုင်ခဲ့ပြီး ဤနေရာထိပင် ရောက်လာနိုင်၏။ ရီဖူရှင်းသည် ဒုက္ခသမာဓိကို ရှုံးသွားကြောင်း ဝန်ခံခဲ့သော်လည်း အမှန်တွင် သူသည် ဗုဒ္ဓဓမ္မကို ကျင့်ကြံခဲ့သည့် အချိန်အတိုင်းအတာတွင်သာ ရှုံးနိမ့်သွားခြင်းဖြစ်သည်။
ဒုက္ခသမာဓိသည် ဗုဒ္ဓအားလုံးအရှင်နောက်သို့ နှစ်တစ်ထောင်ကျော်လိုက်ခဲ့သော ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှာ သူဗုဒ္ဓလမ်းစဉ်ကျင့်ကြံရာတွင် များစွာအထောက်အကူပေး၏။
ဗုဒ္ဓများသည် နှိမ့်ချတတ်သောသူတို့နှစ်ယောက်ကို ကြည့်နေကြ၏။ ရလဒ်မှာ မျှော်လင့်ထားပြီးဖြစ်သည်။ ဒုက္ခသမာဓိသည် သူကိုယ်တိုင် ရှေ့သို့ထွက်လာခဲ့ခြင်း မဟုတ်ပေလော။
ရီဖူရှင်းသည် အတိတ်က အရှင်ဒွန်ဟောင်၏ခြေလှမ်းအတိုင်း လိုက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်မဟုတ်ပါ။ အရှင်ဒွန်ဟောင် အနောက်လောကသို့ လာခဲ့စဉ်က သူ၏ကျင့်ကြံခြင်းအဆင့်သည် ရီဖူရှင်းထက်များစွာ မြင့်ပြီး သူသည် ဗုဒ္ဓဓမ္မကို နှစ်ပေါင်းများစွာ လေ့လာကျင့်ကြံခဲ့ပြီးဖြစ်သည်။ အရှင်ဒွန်ဟောင်၏ အခြားစွမ်းရည်များကို ထည့်မတွက်ဘဲ သူ၏ဗုဒ္ဓဓမ္မအပေါ်နားလည်မှုကိုပင် ကြည့်မည်ဆိုလျှင် အတိတ်မှအရှင်ဒွန်ဟောင်သည် ဗုဒ္ဓအဆင့်ရှိခဲ့ပြီးဖြစ်သည်။
ထိုအခြေအနေများကြောင့်သာ အရှင်ဒွန်ဟောင်သည် ဗုဒ္ဓများကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကဲ့သို့ မစွမ်းဆောင်နိုင်ခြင်းမှာ သိပ်ထူးဆန်းမနေပါ။ ထို့ပြင် သူလမ်းကိုပိတ်ခဲ့သူမှာ ဒုက္ခသမာဓိဖြစ်သည်။ ရီဖူရှင်းအနေဖြင့် ထိုအဆင့်သို့ရောက်ခဲ့ခြင်းသည်ပင် ကြီးမားသောအောင်မြင်မှု ဖြစ်နေပေပြီ။ သူသည် ရှန်းယန်ရဟန်းကိုပင် အနိုင်ယူခဲ့၏။ အခြားသူများသာဆိုလျှင် သူရရှိခဲ့သော အောင်မြင်မှုကို ရရှိနိုင်ရန်ပင် မဖြစ်နိုင်သလောက်ပင်။
“ကိုယ်တော်ဒုက္ခသမာဓိ... ကိုယ်တော်က တော်တော်လေး ယဉ်ကျေးနေတာပါ။ ဒီကောင်လေး ဒီနေ့ လိပ်ပြာတောင်ကုန်းကိုလာခဲ့တာက ဗုဒ္ဓဂိုဏ်းတွေကို စိန်ခေါ်ဖို့ပါ။ ကိုယ်တော်သာ ရှေ့ကိုမထွက်လာဘူးဆိုရင် ကျုပ်တို့ဂိုဏ်းတွေမှာ သူ့ကိုယှဉ်နိုင်တဲ့သူမရှိဘူးလို့တောင် သူတွေးနေလောက်တယ်”
ရှန်းယန်ဗုဒ္ဓအရှင်က ထိုစကားကို ပြောသည်။ သူသည် ဒုက္ခသမာဓိက ရီဖူရှင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေသည်ကို တွေ့လိုက်သောအခါ ကြေနပ်ခြင်းမရှိပါ။ သူက ရီဖူရှင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ဗုဒ္ဓက သနားကရုဏာကြီးမားပါတယ်။ ဒီနေ့ မင်းက လိပ်ပြာတောင်ကုန်းကို ပြဿနာရှာဖို့ လာခဲ့တာပဲ။ ဒါပေမဲ့ အခုက ဗုဒ္ဓအားလုံးအရှင်ပွဲတော်အချိန်ဆိုတော့ ငါတို့ မင်းကို အပြစ်မရှာတော့ပါဘူး။ တောင်ပေါ်က ဆင်းသွားတော့”
သူထိုသို့ပြောလိုက်သောအခါ သူ့မျက်ဝန်းထဲတွင် အေးစက်စက် ထီမထင်မှုတစ်ခု လက်သွား၏။ ဗုဒ္ဓအကြားအမြင်အောက်တွင် ရီဖူရှင်းသည် တောင်ပေါ်မှ ဆင်းသွားလျှင်ပင် လွတ်မည်လော။ ရီဖူရှင်းသည် သူ၏နတ်မျက်စိအောက်မှ လွတ်မည်မဟုတ်ပေ။
သူသည် ဗုဒ္ဓအားလုံးအရှင်ပွဲတော်ပြီးသွားလျှင် ရီဖူရှင်းနှင့် စာရင်းရှင်းပေမည်။ ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူသည် အနောက်ကောင်းကင်တွင် နေခဲ့ရန်လိုသည်။
ရီဖူရှင်းသည် ရှန်းယန်ဗုဒ္ဓအရှင်၏အတွေးများကို မသိသော်လည်း တစ်ဘက်လူက သူ့အား မလိုမုန်းထားဖြစ်နေကြောင်း အာရုံခံမိ၏။ ယနေ့တွင် ရီဖူရှင်း ရှုံးသွားခြင်းသည် သာမန်သာဖြစ်သည်။ သူဤနေရာသို့ လာခဲ့စဉ်က သူသည် ဗုဒ္ဓများကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူ့တွင် ကြိုးစားကြည့်လိုစိတ်သာ ရှိသည်။ နောက်ဆုံးတွင် သူသည် ဒုက္ခသမာဓိကို ရှုံးနိမ့်ခဲ့၏။
ရီဖူရှင်းသည် ထိုရလဒ်ကို လက်ခံနိုင်သည်။ သူရှုံးသွားပြီဖြစ်၍ သူသည် မကြာခင်တွင် ထွက်သွားရတော့မည်။
သူနောက်လှည့်လိုက်ပြီး ဟွာချင်းချင်းကို ကြည့်လိုက်၏။ သူ၏အကြည့်တွင် တောင်းပန်တိုးလျှိုးသော အဓိပ္ပာယ်ပါသည်။ သို့သော် ဟွာချင်းချင်းမှာ စိတ်ထဲထားဟန်မတူဘဲ ပြုံးနေသည်။
“ဝူထျန်းဗုဒ္ဓအရှင်က ငါတို့အပေါ် ကြင်နာပါတယ်။ မင်း ဒီမှာနေခဲ့ပြီး ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံနိုင်ဖို့ ဝူထျန်းဗုဒ္ဓအရှင်ကို ခွင့်တောင်းကြမလား။ အဲ့လိုဆို အနာဂတ်မှာ မင်း ဗုဒ္ဓအားလုံးအရှင်ကို တွေ့ခွင့်ရချင်ရနိုင်တယ်”
ရီဖူရှင်းသည် ဟွာချင်းချင်းကို အတွေးပို့လွှတ်၍ မေးလိုက်၏။ အကယ်၍ သူတို့သာ သည်အတိုင်း ထွက်ခွာသွားပါက နောင်တွင် ဗုဒ္ဓအားလုံးအရှင်ကို တွေ့နိုင်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
“လိပ်ပြာတောင်ကုန်းပေါ်မှ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတိုင်းက ဗုဒ္ဓအားလုံးအရှင်ရဲ့ အမြင်အောက်က မလွတ်နိုင်ပါဘူး။ သူသာ ငါ့ကိုတွေ့ချင်ရင် လာတွေ့ပါလိမ့်မယ်။ သူ မတွေ့ချင်ဘူးဆိုရင် ဒီမှာနေခဲ့ရင်လည်း ဘာမှထူးမှာမဟုတ်ပါဘူး”
ဟွာချင်းချင်းသည် နူးညံ့စွာပြန်ဖြေလိုက်သည်။ ရီဖူရှင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
ဗုဒ္ဓတန်ခိုးတော်များသည် ဆန်းကြယ်ပေသည်။ ဗုဒ္ဓအားလုံးအရှင်သည် ဗုဒ္ဓအတတ်များစွာကို ကျွမ်းကျင်သည်မှာ သေချာပေါက်ပင်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို သူသိရှိမည်ဖြစ်သည်။
ရီဖူရှင်းသည် ဟွာချင်းချင်း၏တုံ့ပြန်စကားကို ကြားလိုက်ရသောအခါ သူမ ပြောသည်မှာ မှန်ကန်ကြောင်း နားလည်၏။ ထို့ကြောင့် သူက ဗုဒ္ဓများဘက်သို့ လှည့်၍ ပြောလိုက်၏။
“ဒီနေ့ ကျွန်တော်လာခဲ့တာ ဗုဒ္ဓလမ်းစဉ်အတွက် လမ်းညွှန်မှုလိုချင်လို့ပါ။ ကျွန်တော် အသိအမြင်အများကြီး ရခဲ့ပါတယ်။ ဗုဒ္ဓဓမ္မမှာ အကန့်အသတ်မရှိပါဘူး။ အရှင်တို့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အရှင်တို့ကို အနှောင့်အယှက်ပေးခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ နှုတ်ဆက်ပါတယ်ခင်ဗျာ”
သူက လက်အုပ်ချီလျှက် ပြောနေစဉ်မှာပင် ဗုဒ္ဓအလင်းသည် သူ့ပတ်ပတ်လည်တွင် လင်းဖြာနေသည်။ သူသည် ဗုဒ္ဓအရှင်များကို ဦးညွှတ်လိုက်ပြီး တောင်ပေါ်မှဆင်းကာ ထွက်သွားရန် ဟန်ပြင်လိုက်၏။
“ခဏနေပါဦး”
ရီဖူရှင်း ထွက်သွားတော့မည်အချိန်တွင် အသံတစ်ခုထွက်ပေါ်လာသည်။
ရီဖူရှင်းသည် အသံလာရာသို့ လှမ်းကြည့်လိုက်၏။ တားလိုက်သူကား ထိပ်ဆုံးတွင် ထိုင်နေသော ဗုဒ္ဓအရှင်တစ်ပါးဖြစ်လေသည်။ ထိုဗုဒ္ဓအရှင်သည် ရှန်းယန်ဗုဒ္ဓအရှင်က ယဉ်ကျေးစွာပြောဆိုဆက်ခံ၍ ‘ဗုဒ္ဓ’ဟု ခေါ်ဝေါ်ခံခဲ့ရသူဖြစ်သည်။
“ဗုဒ္ဓအရှင်...”
ရီဖူရှင်း ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
“ဘာကိစ္စများ ရှိသေးလို့ပါလဲ”
ရှန်းယန်ဗုဒ္ဓအရှင်နှင့် အခြားဗုဒ္ဓအရှင်များသည် စကားပြောလိုက်သော ဗုဒ္ဓအရှင်ကို ကြည့်လိုက်ကြသည်။ သူတို့သည် အတန်ငယ် အံ့အားသင့်နေကြ၏။ ထိုဗုဒ္ဓအရှင်သည် စကားပြောခဲလေသည်။ ယခုတွင် သူသည် ရီဖူရှင်းကို တားနေလေသည်။ သူ့တွင် မည်သည့် ရည်ရွယ်ချက် ရှိသနည်း။
“ဒကာလေးရီ... ဘာကိစ္စလည်းဆိုတာ ခဏနေရင် သိရမှာပါ”
ဗုဒ္ဓအရှင်က ပြုံးလျက် ပြောလိုက်၏။ သူက မျက်မှောင်ကြုတ်၍ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ရီဖူရှင်းလည်း စိတ်ဝင်တစား လှမ်းကြည့်သည်။
ဝူထျန်းဗုဒ္ဓအရှင်ကလည်း ပြုံးလိုက်ပြီး လိပ်ပြာတောင်ကုန်းအထက်ရှိ ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုဗုဒ္ဓအရှင်သည် သဗ္ဗညုတဉာဏ်တော်ကို ကျင့်ကြံခဲ့သူဖြစ်သည်။ အကယ်၍ သူသည် ရီဖူရှင်းကို စောင့်ဆိုင်းစေလိုပါက သေချာပေါက် အကြောင်းပြချက် ရှိရပေမည်။
“လိပ်ပြာတောင်ကုန်းအထက်မှာ တစ်ခုခုရှိလို့လား”
ရီဖူရှင်းက မေးလိုက်၏။ သူ မော့ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မမြင်လိုက်ပါ။ လိပ်ပြာတောင်ကုန်းသည် အရာရာတိတ်ဆိတ်နေသည်။ အားလုံး ထူးခြားမှုတစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြ၏။
ထိုအခိုက် ကောင်းကင်ထက်မှနေ၍ သက်တန့်ရောင်အလင်းများ ကျဆင်းလာသည်။ ထို့နောက် ထိုအလင်းသည် လိပ်ပြာတောင်ကုန်းကို လွှမ်းခြုံသွား၏။ အထက်ကောင်းကင်တွင် ဗုဒ္ဓပုံရိပ်တစ်ခုပေါ်ပေါက်လာသည်။
ယခုတွင် တောင်တစ်ခုလုံးသည် ဗုဒ္ဓရောင်ခြည်တော်အောက်တွင် ရှိနေပေပြီ။
တစ်စုံတစ်ခု ဖြစ်ပေါ်လာကြောင်း သိလိုက်ရသောအခါ လိပ်ပြာတောင်ကုန်းပေါ်မှ ဗုဒ္ဓအားလုံးသည် ထရပ်လိုက်ပြီး ကောင်းကင်ထက်သို့ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ သူတို့အားလုံးသည် စိတ်ရောကိုယ်ပါ အလွန်အမင်း ရိုသေကိုင်းရှိုင်းဟန် ရှိသည်။
“ဗုဒ္ဓအားလုံးအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”
“ဗုဒ္ဓအားလုံးအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”
သူတို့၏အသံများသည် လိပ်ပြာတောင်ကုန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။ ဗုဒ္ဓများအားလုံးသည် ဦးညွှတ်နေကြသည်။ မည်သည့်အဆင့်တွင်ရှိသူဖြစ်စေကာမူ ဗုဒ္ဓအားလုံးသည် တစ်ပုံစံတည်းရှိနေပြီး လက်အုပ်ချီကာ ဦးညွှတ်နေကြ၏။
မည်သူ ရောက်ရှိလာကြောင်းကို ရီဖူရှင်း သဘောပေါက်သွား၏။ ဗုဒ္ဓအားလုံးအရှင်သာ ဗုဒ္ဓအားလုံးကို ဦးညွှတ်၍ ကြိုဆိုနိုင်စေလေသည်။
ရီဖူရှင်း ရင်ခုန်သွား၏။ ဗုဒ္ဓအားလုံးအရှင်သည် အမှန်ပင် ရောက်လာပေပြီ။
သို့ဆိုလျှင် ထိပ်ဆုံးတွင်ထိုင်နေသော ဗုဒ္ဓအရှင်သည် သူ့ကိုစောင့်ဆိုင်းနေရန် ပြောခဲ့ခြင်းသည် ဗုဒ္ဓအားလုံးအရှင်ရောက်ရှိလာမည်ကို ကြိုသိနေ၍ဖြစ်နိုင်၏။
ရီဖူရှင်းသည် ထိုအကြောင်းကိုနားလည်သွားသောအခါ လက်အုပ်ချီလိုက်ပြီး ဦးညွှတ်လိုက်သည်။ ဟွာချင်းချင်းသည် ကောင်းကင်ထက်သို့မော့ကာ သူမ၏လှပသောမျက်ဝန်းများဖြင့် ဗုဒ္ဓအားလုံးအရှင်ကို ကြည့်လိုက်၏။ ကောင်းကင်ထက်ရှိ ဗုဒ္ဓအားလုံးအရှင်သည် သူမ၏အကြည့်ကို သတိပြုမိသွားဟန်ဖြင့် သူမကိုလှမ်းကြည့်ကာ ကြင်ကြင်နာနာပြုံးပြလိုက်သည်။ ဟွာချင်းချင်းတစ်ယောက် ရုတ်ခြည်းပင် စိတ်လှုပ်သွားသည်။ သူမက ဦးညွှတ်၍ ပြောလိုက်၏။
“ဗုဒ္ဓအားလုံးအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”
“ငါကိုယ်တော် လိပ်ပြာတောင်ကုန်းကိုလာခဲ့တာ အလည်အပတ်အနေနဲ့ပါပဲ။ အားလုံးပဲ အရိုအသေပေးနေဖို့ မလိုပါဘူး”
ကောင်းကင်ထက်ရှိ ဗုဒ္ဓအားလုံးအရှင်သည် လက်အုပ်ချီ၍ အောက်ရှိဗုဒ္ဓအားလုံးကို ကြည့်ကာ ပြောလိုက်သည်။ သူသည် အလွန်သိမ်မွေ့၏။ ထိုမြင်ကွင်းသည် ရီဖူရှင်းကို စိတ်လှုပ်ရှားသွားစေသည်။ ဗုဒ္ဓဂိုဏ်းများသည် အခြားလောကများနှင့်ယှဉ်လျှင် အမှန်ပင် ကွဲပြားသောအမူအကျင့်များ ရှိသည်။
ယခင်က ဗုဒ္ဓများပြောခဲ့သလိုပင် သက်ရှိအားလုံးသည် တန်းတူဖြစ်ပြီး ဗုဒ္ဓများသည်လည်း ချွင်းချက်မဟုတ်သော်ငြား သူတို့၏ဗုဒ္ဓဓမ္မအပေါ် နားလည်မှုတွင် ကွဲပြားမှုရှိ၏။ ဗုဒ္ဓအားလုံးအရှင်သည် မာန်မာနမရှိသော်လည်း သူ၏ဗုဒ္ဓဓမ္မအပေါ် နားလည်မှုသည် ဗုဒ္ဓဂိုဏ်းများအကြားတွင် အနက်ရှိုင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူသည် ဗုဒ္ဓအားလုံးအရှင်ဖြစ်ကာ အခြားဗုဒ္ဓအားလုံးသည် သူ့ကိုဦးညွှတ်ရ၏။