← Chapters

ပြန်လည်ဝင်စားခြင်း

Vol. 174 Ch. 2486

ပြန်လည်ဝင်စားခြင်း

Vol. 174 Ch. 2486

ဗုဒ္ဓအလင်းဖြာကျလာသောအခါ ဗုဒ္ဓအားလုံးသည် တစ်နေရာစာ ပြင်ဆင်ပေးလိုက်ကြ၏။ ထိုနေရာသည် သူတို့အထက်နေရာတွင်ဖြစ်ပြီး သူတို့အားလုံး၏အလယ်တွင် ဖြစ်သည်။ ယခင်က ထိုနေရာတွင် မည်သူမှမထိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် ဗုဒ္ဓအားလုံးအရှင်၏နေရာဖြစ်သောကြောင့်ပင်။

ဗုဒ္ဓအားလုံးအရှင် ဆင်းသက်လာပြီး သူသည် ထိုနေရာတွင် ထိုင်လိုက်၏။ သူက ဗုဒ္ဓများကို ပြောလိုက်သည်။

“ဗုဒ္ဓတို့... ထိုင်ကြပါ”

ဗုဒ္ဓများက ‌ခေါင်းညိတ်လိုက်ပြီး တစ်ပါးပြီးတစ်ပါး ထိုင်လိုက်ကြသည်။ သူတို့အားလုံးသည် ဗုဒ္ဓအားလုံးအရှင်ကို ကြည့်နေကြ၏။

ရီဖူရှင်းနှင့်ဟွာချင်းချင်းတို့သည်လည်း ဒုက္ခသမာဓိနှင့်အတူ ရပ်၍ ကြည့်နေကြသည်။

ထိုအခြေအနေတွင် ရီဖူရှင်းသည်လည်း ဗုဒ္ဓအားလုံးအရှင်ကို လေ့လာသုံးသပ်နေသည်။ ဗုဒ္ဓအားလုံးအရှင်၏ခန္ဓာကိုယ်သည် ခံ့ညားထည်ဝါစွာတောက်ပနေပြီး ထိုခန္ဓာကိုယ်သည် သာမန်လူတစ်ဦး၏ခန္ဓာကိုယ်မဟုတ်တော့ဘဲ ရွှေခန္ဓာဖြစ်နေပေပြီ။ ရီဖူရှင်းသည် မဟာအင်ပါယာများ၏ဝိညာဉ်စွမ်းအားများ၊ အင်ပါယာရီချင်၏ဝိညာဉ်အကြွင်းအကျန်နှင့် အရှင်ဒွန်ဟောင်၏ပုံရိပ်တို့နှင့် မျက်နှာချင်းဆိုင်ခဲ့ဖူးပေသည်။ သို့သော် သူ့အရှေ့ရှိ ဗုဒ္ဓအားလုံးအရှင်သည် အစစ်အမှန်ပုံစံဟုတ်မဟုတ် သူမဝေခွဲနိုင်ပါ။

သို့ရာတွင် ဤတစ်ကြိမ်မှာ သူက မဟာအင်ပါယာအဆင့်ကျင့်ကြံသူများနှင့် အနီးကပ်ဆုံးရှိသည့် အကြိမ်ဖြစ်နိုင်ပေသည်။ သူ့ရှေ့ရှိ ဗုဒ္ဓအားလုံးအရှင်သည် အစစ်အမှန်မဟုတ်လျှင်ပင် အနည်းဆုံးတော့ ကိုယ်ပွားဖြစ်နိုင်၏။

“ဗုဒ္ဓအရှင်...”

ဒုက္ခသမာဓိသည် လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓအားလုံးအရှင်ကို ဦးညွှတ်လိုက်၏။ သူသည် ဗုဒ္ဓအားလုံးအရှင်၏လက်အောက်မှဖြစ်ပြီး ဗုဒ္ဓအားလုံးအရှင်နှင့်ရင်းနှီးသူဟုဆိုနိုင်သည်။

“ဒုက္ခသမာဓိ... သင် ငါကိုယ်တော်နောက်ကိုလိုက်ပြီး ကျင့်ကြံခဲ့တာ နှစ်ပေါင်းများစွာရှိပြီ... သင်က ဗုဒ္ဓလမ်းစဉ်အပေါ် ခြေချခဲ့ပြီးပြီလို့ ငါကိုယ်တော်ယူဆတယ်။ သင် ဒီကဒကာလေးရီဖူရှင်းနဲ့ ဗုဒ္ဓဓမ္မဆွေးနွေးပြီးတော့ ဘယ်လိုသဘောရလဲ”

ဗုဒ္ဓအားလုံးအရှင်က ပြုံးလျက် မေးလိုက်၏။ သူ၏လေသံသည် ရိုးရှင်းသိမ်မွေ့ကာ တခြား မဟာအင်ပါယာများကဲ့သို့ ဂုဏ်မာနအရိပ်အယောင်မရှိချေ။ လိပ်ပြာတောင်ကုန်းပေါ်မှ ကျင့်ကြံသူများသည် သူ၏ဗုဒ္ဓရောင်ခြည်တော်အောက်သို့ ကျရောက်သွားစဉ်ကတည်းက သူတို့ကို နွေဦးလေပြေလေးက ဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ စိတ်သဏ္ဍာန်မှာ ငြိမ်းချမ်းမှုကို ခံစားကြရ၏။

၎င်းမှာ ဗုဒ္ဓအားလုံးအရှင်၏တန်ခိုးတော်ဖြစ်နိုင်သည်။

“ဒကာလေးရီကလည်း ဗုဒ္ဓလမ်းစဉ်နဲ့ ရေစက်ပါ,ပါတယ်။ သူ ဆယ်နှစ်လောက်သာ ကျင့်ကြံလိုက်မယ်ဆိုရင် သူ့ရဲ့ဗုဒ္ဓဓမ္မအပေါ်နားလည်မှုက တပည့်တော်ထက် သေချာပေါက် သာသွားမှာပါ”

ဒုက္ခသမာဓိက ပြန်ဖြေလိုက်၏။ သူက ဆယ်နှစ်ဟုပြောလိုက်ခြင်းသည် မှားသည်ဟု ရီဖူရှင်းမထင်ပေ။ ကိုယ်တော်ဒုက္ခသမာဓိ၏ဗုဒ္ဓဓမ္မအပေါ်နားလည်မှုသည် လွန်စွာနက်ရှိုင်းပြီး ရီဖူရှင်းအနေဖြင့် အချိန်ဆယ်နှစ်ရခဲ့လျှင်ပင် သူ့ကိုယှဉ်နိုင်မည်မဟုတ်ပေ။

ဒုက္ခသမာဓိ၏ ရီဖူရှင်းအပေါ်ချီးကျူးမှုသည် အမှန်ပင် မြင့်မားနေပေပြီ။ သူသည် ဗုဒ္ဓအားလုံးအရှင်လက်အောက်တွင် နှစ်တစ်ထောင်ကျော်ကြာ ကျင့်ကြံခဲ့သူမဟုတ်ပေလော။

ထိုနေရာရှိဗုဒ္ဓများသည်လည်း ဒုက္ခသမာဓိ၏ ရီဖူရှင်းအပေါ်အမြင်သည် ထူးကဲကြောင်း နားလည်ကြ၏။ ဗုဒ္ဓအားလုံးအရှင်က ပြုံးလျှက် ခေါင်းညိတ်သည်။ သူက ရီဖူရှင်းဘက်သို့ ကြည့်ကာ ပြောလိုက်သည်။

“ရီဖူရှင်း... သင် ဒီတစ်ကြိမ် လိပ်ပြာတောင်ကုန်းကို လာခဲ့တာ သူ့အတွက်ဟုတ်တယ်မလား”

သူက ထိုသို့ပြောကာ ဟွာချင်းချင်းကို ကြည့်လိုက်၏။ သူ့ရွှေမျက်ဝန်းတော်တွင် သိမ်မွေ့သောအပြုံးအငွေ့အသက်တစ်ခုသည် ကြင်နာမှုအငွေ့အသက်တစ်ခုနှင့်အတူ ကပ်ငြိနေ၏။

“ဟုတ်ပါတယ်... တပည့်တော် ဟွာချင်းချင်းအတွက် လာခဲ့တာပါ။ ကိုယ်တော်ဒုက္ခသမာဓိက တပည့်တော်ဟာ ဗုဒ္ဓလမ်းစဉ်နဲ့ ရေစက်ပါတယ်လို့ပြောပေမယ့် အမှန်တော့ ဟွာချင်းချင်းကလည်း ဗုဒ္ဓလမ်းစဉ်နဲ့ ရေစက်ပါ,ပါတယ်။ တပည့်တော်ရဲ့ ရေစက်က သူ့ဆီက ရရှိတာပဲဖြစ်နိုင်ပါတယ်”

ရီဖူရှင်း ဖြေလိုက်သည်။

“အမှန်ပဲ”

ဗုဒ္ဓအားလုံးအရှင်က ခေါင်းညိတ်လိုက်၏။ ဗုဒ္ဓလမ်းစဉ်နှင့်ဆက်စပ်နေသောရေစက်သည် ဗုဒ္ဓနှင့်ဆက်စပ်နေသောရေစက်ပင်။ ထို့ကြောင့် ရီဖူရှင်း၏ဗုဒ္ဓလမ်းစဉ်နှင့်ဆက်စပ်နေမှုသည် ဟွာချင်းချင်းနှင့် ဆက်စပ်နေခြင်းပင်။

ဗုဒ္ဓအားလုံးအရှင်သည် ဟွာချင်းချင်းကို ကြည့်လိုက်သောအခါ ဗုဒ္ဓအလင်းသည် သူမပေါ်သို့ စတင်ဖြန်းပျက်လာ၏။ ထိုအလင်းသည် သိမ်မွေ့ပြီး ဟွာချင်းချင်းအပေါ်ဖြာကျနေရာ သူမကို ပို၍ထည်ဝါစေသည်။ သူမ၏ခန္ဓာကိုယ်သည် တောက်ပစွာလင်းလက်နေရာ ထိုဗုဒ္ဓအလင်းသည် သူမကိုယ်မှ ထွက်ပေါ်နေသကဲ့သို့ပင် ထင်ရ၏။ ထိုအလင်းသည် မီးအိမ်တစ်ခု၏အလင်းနှင့် ဆင်တူသည်။

သူမ၏ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားပြီး ဗုဒ္ဓအားလုံးအရှင်ရှေ့သို့ ရောက်သွားသည်။ ဗုဒ္ဓအားလုံးအရှင်က လက်တော်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ခေါင်းပေါ်သို့ တင်လိုက်သည်။ ရုတ်ခြည်းပင် ထုလုံးရှည်သဏ္ဍာန်အလင်းမျက်နှာပြင်သည် ဟွာချင်းချင်းကို လှည့်ပတ်သွားသည်။ သူမသည် အမျိုးသမီးဗုဒ္ဓတစ်ပါးကဲ့သို့ပင် ထင်မှတ်ရ၏။

“အရာတိုင်းမှာ ဝိညာဉ်ရှိတယ်။ အတိတ်တုန်းက သင်ဉာဏ်အလင်းပွင့်လာလိမ့်မယ်လို့ ငါကိုယ်တော်မထင်ခဲ့ဘူး။ ရှေးဟောင်းဗုဒ္ဓချင်းသန်း(မီးအိမ်)... သင်က ငါကိုယ်တော်နဲ့အတူ နှစ်ပေါင်းများစွာအတူတကွကျင့်ကြံခဲ့တယ်။ အဲ့ဒါကြောင့် သင့်ကို ငါကိုယ်‌တော် သံသရာမှာအခွင့်အရေးတစ်ခုပေးခဲ့ပြီး ပြန်ဝင်စားစေခဲ့တယ်။ အဲ့ဒါကြောင့် သင် လက်ရှိဘဝကို ရရှိထားတာပဲ။ အခု သင့်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရပြီလား”

ဗုဒ္ဓအားလုံးအရှင်က ပြုံးလျက် ပြောလိုက်ပြီး သူ၏လက်တော်ကို ပြန်ရုတ်လိုက်သည်။

ဟွာချင်းချင်းက လက်အုပ်ချီလိုက်၏။ သူမ၏မျက်ခုံးနှစ်ခုကြားတွင် အလင်းစက်တစ်ခုပေါ်လာသည်။ ၎င်းသည် မီးအိမ်တစ်ခုနှင့်တူပြီး သူမကိုပို၍ ထည်ဝါမြင့်မြတ်စေသည်။

“တပည့်တော်မဟာ အရင်က မီးအိမ်တစ်လုံးပါ”

ဟွာချင်းချင်းက ရေရွတ်လိုက်သည်။

ဗုဒ္ဓအားလုံးအရှင်သည် ပြုံးလျက် ခေါင်းညိတ်၏။ ဟွာချင်းချင်းက ရီဖူရှင်းကို ပြန်လှည့်ကြသည်။ သူမ၏မျက်ဝန်းများသည် လွန်စွာ ကြည်လင်သန့်ရှင်းနေ၏။ ယခုတွင် သူမသည် သူမ၏အတိတ်ဘဝကို ပြန်မှတ်မိသွားပြီဖြစ်သည်။ သူမသည် ရှေးဟောင်းဗုဒ္ဓချင်းသန်းကို သဘောကျခဲ့ခြင်းမှာ အဓိပ္ပာယ်ရှိခဲ့ပေပြီ။ ထိုအရာသည် သူမ၏ကံကြမ္မာဖြစ်နေခဲ့ခြင်းပင်။ သူမသည် အတိတ်ဘဝတွင် ရှေးဟောင်းဗုဒ္ဓချင်းသန်းဖြစ်ခဲ့၏။ သူမသည် ဗုဒ္ဓအားလုံးအရှင်ရှေ့တော်မှ မီးအိမ်တစ်လုံးဖြစ်ခဲ့ပြီး သူကျင့်ကြံရာတွင် အဖော်ပြုပေးခဲ့ခြင်းဖြစ်သည်။

“မဟာဗုဒ္ဓအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

ဒုက္ခသမာဓိသည် ဦးညွှတ်လိုက်ပြီး ဟွာချင်းချင်းကို အရိုအသေပေးလိုက်၏။ သူသည် လက်အုပ်ချီထားပြီး သူ၏မျက်နှာထားသည် အလွန်တည်ငြိမ်နေသည်။ သူ့ပုံစံက အလွန်ရိုသေလေးစားသော ဟန်ပင်ဖြစ်၏။

“မဟာဗုဒ္ဓအရှင်ကို နှုတ်ခွန်းဆက်ပါတယ် ”

ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတော်တော်များများသည် ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ဗုဒ္ဓအရှင်အချို့သာ သူမကို အရိုအသေမပေးကြပေ။

ဟွာချင်းချင်းသည် ငယ်ရွယ်သော်လည်း ထိုအသက်အရွယ်သည် သူမ၏လက်ရှိဘဝမှအသက်အရွယ်သာဖြစ်သည်။ သူမသည် ဗုဒ္ဓအားလုံးအရှင်နှင့်အတူ ကျင့်ကြံခဲ့စဉ်က သူမသည် အတိအကျမဆိုနိုင်သော နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီး ဒုက္ခသမာဓိထက်ပင် အသက်ကြီးပေသည်။ သူမသည် ထိုကဲ့သို့နှစ်ပေါင်းများစွာ ဗုဒ္ဓအရှင်ဖြစ်ခဲ့သဖြင့် သူမသည် ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံရာတွင် အမှန်ပင်အဖော်ပြုပေးခဲ့သည်ဟု ဆိုနိုင်၏။

ထို့ကြောင့် ဒုက္ခသမာဓိသည် သူမကို “မဟာဗုဒ္ဓ”ဟုခေါ်ဝေါ်၍ အလေးအမြတ်ပြုခဲ့ခြင်းပင်။

ထိုနေရာရှိ ဗုဒ္ဓအရှင်အများစုသည် သူမထက်ဝါနုသည်ဟု ဆိုနိုင်၏။

ရီဖူရှင်းကို ရန်လိုနေသော ရှန်းယန်ဗုဒ္ဓအရှင်နှင့် အခြားဗုဒ္ဓအရှင်များသည် အလန့်တကြားဖြစ်သွားကြ၏။ သူတို့သည် ဗုဒ္ဓအားလုံးအရှင်၏ ဗုဒ္ဓမီးအိမ်အကြောင်းကို သိကြသည်။ ဟွာချင်းချင်းသည် ဗုဒ္ဓအားလုံးအရှင်၏ ထိုမီးအိမ်ပြန်လည်ဝင်စားသူ ဖြစ်သည်။

ယခင်က ချင်းသန်းသည် ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံရာလမ်းခရီးတစ်လျှောက်လုံးတွင် အဖော်ပြုပေးခဲ့သည်။ ချင်းသန်းသည် ဗုဒ္ဓသုတ္တံများကို နှစ်အသင်္ချေကြားနာခဲ့ရသဖြင့် ဉာဏ်အလင်းပွင့်သွားခဲ့၏။ ထို့ကြောင့် ဗုဒ္ဓအားလုံးအရှင်သည် ဗုဒ္ဓဓမ္မအမိန့်တော်ကို အသုံးပြု၍ ထိုဗုဒ္ဓမီးအိမ်ကို လူသားအဖြစ် ပြန်လည်ဝင်စားနိုင်ရန် ကူညီပေးခဲ့ခြင်းပင်။ ထိုဒဏ္ဍာရီသည် ဗုဒ္ဓလောကတွင် လက်ဆင့်ကမ်းခဲ့သော ဒဏ္ဍာရီဖြစ်သည်။ ယနေ့တွင် ဗုဒ္ဓဓမ္မများကိုဆွေးနွေးရန် လိပ်ပြာ‌တောင်ကုန်းသို့လာခဲ့သော ရီဖူရှင်းသည် ဗုဒ္ဓမီးအိမ်အတွက် လာခဲ့ခြင်းဖြစ်ကြောင်း မည်သူမှ မထင်ထားပေ။

ထိုသို့သာဆိုလျှင် ဗုဒ္ဓလောကအတွင်းတွင် ရီဖူရှင်းကို ပစ်မှတ်ထားရန် လွန်စွာခက်ခဲမည်ဖြစ်ကြောင်း သူတို့သိကြလေသည်။

ဟွာချင်းချင်းသည် ဗုဒ္ဓများကိုဦးညွှတ်၍ ပြောလိုက်သည်။

“ဗုဒ္ဓတို့ကို နှုတ်ခွန်းဆက်သပါတယ်”

ရီဖူရှင်းသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ပြုံးလိုက်၏။ ဟွာချင်းချင်းက ထိုအကြောင်းကို သူ့အားပထမဆုံးပြောပြခဲ့စဉ်ကလည်း သူသည် အံ့အားသင့်ကာ မယုံနိုင်ဖြစ်ခဲ့၏။ ဟွာချင်းချင်းသည် အမှန်ပင် ဗုဒ္ဓအားလုံးအရှင်၏ မီးအိမ်ဖြစ်လေသည်။ ထို့ကြောင့် သူမသည် ဂျီယူကိုကာကွယ်နိုင်ခဲ့ကာ သူမ၏စိတ်ညာဉ်‌ပျက်စီးပျောက်ကွယ်သွားမည်ကို တားဆီးနိုင်ခဲ့ခြင်းမှာ အံ့အားသင့်ဖွယ်မဟုတ်တော့ပေ။

ယခုတွင် သူသည် ဟွာချင်းချင်းကို ဗုဒ္ဓအားလုံးအရှင်လက်အောက်တွင် ကျင့်ကြံနိုင်ရန် လိပ်ပြာတောင်ကုန်းသို့ ပြန်ပို့နိုင်ခဲ့ပြီဖြစ်သည်။ ထိုခရီးစဉ်တစ်ခုလုံးသည် နောက်ဆုံးတွင် ကျေနပ်ဖွယ်ရလဒ်ဖြင့် အဆုံးသတ်သွားခဲ့ပေပြီ။

“အဲ့လိုဆိုရင် တပည့်တော်ရဲ့ တာဝန်ပြီးဆုံးသွားပြီပေါ့”

ရီဖူရှင်းက ပြုံးလျက် ပြောလိုက်၏။ ဟွာချင်းချင်းသည် ဗုဒ္ဓအားလုံးအရှင်၏ဂရုစိုက်မှုအောက်သို့ ရောက်သွားပြီဖြစ်သဖြင့် သူသည် သူမအတွက် ဆက်၍ပူပန်စရာမလိုတော့ချေ။ အနန္တလောကတစ်ခုလုံးတွင် သူမကို ထိခိုက်အောင် လုပ်နိုင်သူ ရှိနိုင်လိမ့်မည်မဟုတ်ပေ။

ဟွာချင်းချင်းသည် သိမ်မွေ့သောအပြုံးဖြင့် ရီဖူရှင်းကို ကြည့်လိုက်သည်။ ထို့နောက်တွင် ဗုဒ္ဓအားလုံးအရှင်က ပြောလိုက်၏။

“အဲ့လိုပြောဖို့ စောသေးတယ်ထင်တယ်”

ရီဖူရှင်းသည် ဗုဒ္ဓအားလုံးအရှင်ပြောလိုက်သည့်စကားကြောင့် ကြောင်အသွားသည်။ သူက မေးလိုက်၏။

“တပည့်တော်ကို အလင်းပြပါဦး”

“သူက ကျင့်ကြံဖို့ ပြန်ဝင်စားခဲ့တာပဲ... အဲ့ဒါကြောင့် သူကအခု ကွဲပြားတဲ့ဘဝမှာ နေ,နေပါပြီ။ သူက သူနဲ့သေမျိုးလောက,က ရေစက်တွေကို အကုန်မဖြတ်တောက်ရသေးဘူး။ ဒါကြောင့် သူ ဗုဒ္ဓအရိပ်မှာခိုလှုံလို့မရသေးဘူး... အချိန်မကျသေးဘူး...”

ဗုဒ္ဓအားလုံးအရှင်က အပြုံးဆောင်၍ ပြောလိုက်သည်။ ရီဖူရှင်း နားမလည်ပါ။ သူ ဆိုလိုသည်က ဟွာချင်းချင်းကို သာမန်လောကတွင် ဆက်လက်ရင့်ကျက်စေပြီး သာမန်လောကတွင်ပင် ကျင့်ကြံစေလိုခြင်းပေလော။

“ဟွာချင်းချင်း... သင်ဘယ်လိုသဘောရလဲ”

ဗုဒ္ဓအားလုံးအရှင်က သူမကို မေးလိုက်သည်။

“တပည့်‌တော်မ အရှင်ဘုရားရဲ့စီစဉ်မှုအတိုင်း နာခံပါမယ်”

ဗုဒ္ဓအားလုံးအရှင်ဆက်ပြောလိုက်သည်။

“ဒီတစ်ကြိမ်မှာ သင် အတိတ်ဘဝကမှတ်ဉာဏ်တွေကို ပြန်မှတ်မိဖို့ ငါကိုယ်တော် ကူညီပေးခဲ့တယ်။ အတိတ်တုန်းက သင် ဉာဏ်အလင်းပွင်းလာတဲ့အချိန်မှာ သင်က ငါကိုယ်တော်ဘေးမှာ နှစ်ပေါင်းများစွာ အဖော်ပြုပေးပြီးနေခဲ့ပြီ။ အဲ့ဒါကြောင့် သင်က ဗုဒ္ဓဓမ္မကို နက်နက်ရှိုင်းရှိုင်းနားလည်ပြီး ရီဖူရှင်းကို သူ့ရဲ့ကျင့်ကြံခြင်းမှာ ကူညီပေးနိုင်ခဲ့တာပဲ။ အခု အဲ့မှတ်ဉာဏ်တွေကို သင်ပြန်ရလာပြီဆို‌တော့ သေမျိုးလောကကိုပြန်ပြီး အတွေ့အကြုံဆက်ရှာပြီး တိုးတက်လာအောင်လုပ်ပါ။ သင်နဲ့သေမျိုးလောကရဲ့ ရေစက်ကုန်ဆုံးသွားတဲ့နေ့က သင် ဗုဒ္ဓတစ်ပါးပြန်ဖြစ်မယ့်နေ့ပဲ”

ဟွာချင်းချင်းက မည်သည့်စကားမှ မဆိုပါ။ သူမသည် လက်အုပ်ချီကာ ဦးညွှတ်လျက် ဗုဒ္ဓအားလုံးအရှင်၏စကားများကို တိတ်တဆိတ်နာခံလိုက်သည်။

ရီဖူရှင်းသည်လည်း ထိုစကားများကို ကြားလိုက်သောအခါ ဟွားချင်းချင်းအတွက် လိပ်ပြာတောင်ကုန်းကိုပြန်ရန် အချိန်မကျသေးကြောင်း သဘောပေါက်သွားသည်။ သို့ဆိုလျှင် သူသည် ဤခရီးစဉ်ကို အလကားသက်သက်လာခဲ့သလို ဖြစ်သွားသည့် အဓိပ္ပာယ်ပေလော။

သို့သော် ထိုခရီးစဉ်ကြောင့် သူသည် ဟွာချင်းချင်း၏ဇစ်မြစ်ကို အတည်ပြုနိုင်ခဲ့ပြီး သူမကို မှတ်ဉာဏ်များပြန်ရအောင် ကူညီပေးနိုင်ခဲ့၏။ ထိုအချက်မျှဖြင့်ပင် ခရီးစဉ်မှာ တန်နေပေပြီ။

All Chapters