လျှို့ဝှက်ဆန်းကြယ်သော မြေအောက်လိုဏ်ဂူ
Vol. 3 Ch. 36
အရာအားလုံး ပြင်ဆင်ပြီးနောက် ရွှီရှင်းသည် ကျောက်လှံ ကို ကိုင်စွဲကာ မြေအောက်လိုဏ်ဂူထဲသို့ ဝင်ရောက်ခဲ့သည်။
ယခုအခါ သူသည် မြေအောက် ဆိုသော စကားလုံးကို အတော်လေး အာရုံခံစားလွယ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ခဲခဲ က အောက်တွင် အန္တရာယ်မရှိဟု ပြောထားသော်လည်း သူသည် သတိကို အမြင့်ဆုံးထားကာ အနီရောင်ဘယ်ရီသီး နှင့် လိမ္မော်သီးများကို စားသုံးပြီး ခွန်အားဖြည့်ထားခဲ့သည်။
လိုဏ်ဂူထဲသို့ စတင်ဝင်ဝင်ချင်းတွင် ရွှီရှင်း ရှေ့သို့ ကြည့်လိုက်သည်။
လိုဏ်ဂူမှာ ကျဉ်းမြောင်းလှပြီး သူ၏ ပုခုံးအကျယ်ထက် အနည်းငယ်သာ ပိုကျယ်သည်။
ထိုမျှ ကျဉ်းမြောင်းသော နေရာတွင် လူနှစ်ယောက် ယှဉ်လျှောက်ရန်ပင် မဖြစ်နိုင်ချေ။
လိုဏ်ဂူ၏ လမ်းကြောင်းမှာ ရှေ့တည့်တည့်သို့ မဟုတ်ဘဲ အောက်ဘက်သို့ လျှောစောက်အတိုင်း ဆင်းသွားခြင်း ဖြစ်သည်။
လမ်းအတိုင်း လိုက်သွားရင်း ရွှီရှင်းသည် မြေပြင်နှင့် ပို၍ပို၍ ဝေးကွာလာသည်ကို ခံစားမိလာသည်။
လမ်းဘေးဝဲယာရှိ နံရံများမှာ ကြမ်းတမ်းသော မြေသားနံရံများ ဖြစ်ကြပြီး တစ်စုံတစ်ယောက်က လက်ဖြင့် တူးထားသည့်အတိုင်းပင်။
ရွှီရှင်းသည် လမ်း၏အဆုံးကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။
လိုဏ်ဂူ၏ အဆုံးမှာ သူနှင့် မီတာ ရာဂဏန်းခန့်သာ ဝေးတော့သည်။
"ထူးဆန်းတယ်၊ လမ်းဆုံးသွားတာလား" ရွှီရှင်းက ရေရွတ်လိုက်သည်။
သူသည် လမ်းလျှောက်ရင်း ဘေးပတ်ပတ်လည်ရှိ နံရံများကို စစ်ဆေးလာခဲ့သည်။
အခြားဘက်သို့ ဆက်သွယ်ထားသော လမ်းကြောင်းများ ရှိမည်ဟု မျှော်လင့်ခဲ့သော်လည်း၊ လိုဏ်ဂူအဆုံးသို့ ရောက်၍ မြေသားနံရံကို လက်ဖြင့် စမ်းသပ်ကြည့်သည့်တိုင် အခြားလမ်းကြောင်း ဘာမှ ရှာမတွေ့ခဲ့ချေ။
လိုဏ်ဂူ၏ အဆုံးမှာ အောက်သို့ ဆင်းရသည့် လျှောစောက် မဟုတ်တော့ဘဲ မြေပြင်ကဲ့သို့ ညီညာနေသည်။
ရွှီရှင်း တွက်ချက်ကြည့်ရသလောက် သူ ရောက်နေသည့် နေရာမှာ မြေပြင်မှ မီတာ နှစ်ဆယ်၊ သုံးဆယ်ခန့် အကွာအဝေးတွင် ရှိနေသည်။
သူ့ခြေရင်းက ခဲခဲ ကို ငုံ့ကြည့်လိုက်ရာ ခဲခဲ သည် လက်ကလေးများဖြင့် မြေကြီးကို တူးနေသည်ကို တွေ့ရသည်။
ရွှီရှင်း အာရုံစိုက်ကြည့်လိုက်သောအခါ ထိုနေရာရှိ မြေကြီး၏ အရောင်မှာ ပတ်ဝန်းကျင်ရှိ မြေသားများထက် အနည်းငယ် ကွဲပြားနေသည်ကို သတိပြုမိလိုက်သည်။
အကယ်၍ သူ့တွင် အမှောင်ထဲ၌ နေ့ခင်းကဲ့သို့ မြင်နိုင်သော စွမ်းရည်သာ မရှိပါက၊ မီးတုတ်ဖြင့် ကြည့်လျှင်ပင် မြေသားအရောင် ကွဲပြားမှုကို သတိပြုမိမည် မဟုတ်ချေ။
ဤနေရာရှိ မြေသားမှာ အရင်က အတူးခံထားရသဖြင့် ပွနေခြင်း ဖြစ်သည်။
ရတနာသေတ္တာက ဒီမှာ မြုပ်နေတာ သေချာပြီ။
"အိုကေပြီ ခဲခဲ၊ ငါ့ကို လွှဲလိုက်တော့"
ရွှီရှင်းသည် အလုပ်ကြိုးစားနေသော ခဲခဲ ကို ဘေးသို့ အသာဖယ်လိုက်ပြီး ဂေါ်ပြား ကို ထုတ်ကာ အရောင်ကွဲနေသည့် မြေသားကို စတင် တူးတော့သည်။
"အီးးး အီးးး အီးး"
ရွှီရှင်းသည် သတိမထားမိဘဲ တူးလိုက်ရာ မြေစာများက ခဲခဲ အပေါ်သို့ စင်သွားသဖြင့် ခဲခဲ က မကျေမနပ်ဖြင့် အော်ဟစ်ကာ ကိုယ်ပေါ်က မြေကြီးများကို ခါချပြီး ရွှီရှင်း၏ ခြေထောက်ကို ပြေးဖက်တော့သည်။
"ဟားဟား... ဆောရီးပါ ခဲခဲ ရယ်" ရွှီရှင်း မရယ်ဘဲ မနေနိုင်တော့ချေ။
သူသည် ခဲခဲ ၏ ခေါင်းလေးကို ပုတ်ပေးပြီး ခေါင်းပေါ်က မြေမှုန့်လေးများကို အသာအယာ ခါပေးလိုက်သည် "ပြန်ရောက်ရင် ငါ မင်းကို ရေချိုးပေးမယ်နော်"
"အီးးး"
ရွှီရှင်း ဆက်လက် တူးနေသော်လည်း ကျင်း၏အနက်မှာ သူ၏ ခါးလောက်အထိ ရောက်လာသည့်တိုင် ဘာမှ ရှာမတွေ့သေးချေ။
သူသည် ကျင်းထဲက မြေသားကို ကြည့်လိုက်ရာ၊ တူးလေလေ မြေသားမှာ အနီရောင်ဘက်သို့ သမ်းလာလေလေ ဖြစ်သည်ကို တွေ့ရသည်။
သိပ်ပြီး မထင်ရှားသော်လည်း ရွှီရှင်းကတော့ လွယ်လွယ်ကူကူ သတိပြုမိလိုက်သည်။
"တကယ်ကြီး အန္တရာယ်မရှိတာ သေချာလား" ရွှီရှင်း တွေဝေသွားသည်။
မြေသားများမှာ သွေးစွန်းနေသကဲ့သို့ ဖြစ်နေသဖြင့်၊ သူသည် အစိမ်းရင့်ရောင် နွယ်ပင် များပေါ်ရှိ သွေးကြောကဲ့သို့ အနီရောင် အမျှင်တန်းများနှင့် လူသားစားပန်း ၏ သွေးရောင်နီနေသော ပွင့်ချပ်များကို သတိရသွားသည်။
သူ သက်ပြင်းချလိုက်ပြီး သတ္တဝါလေး၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည် "တကယ်လို့ ဒီမှာ တစ်ခုခု လွဲချော်သွားရင် ငါတို့ နှစ်ယောက်လုံး တူတူ သေရမှာနော်"
"အီးးး" ခဲခဲ က လက်တစ်ဖက်ဖြင့် ရွှီရှင်း၏ ခြေထောက်ကို ဖက်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့် သူမ၏ ရင်ဘတ်ကို ပုတ်ပြသည်။
၎င်းမှာ "ငါ့ကို ယုံစမ်းပါ၊ အန္တရာယ်မရှိဘူးဆိုရင် တကယ် မရှိဘူး" ဟု ပြောနေသည့်အလားပင်။
သူသည် ခဲခဲ ကို ဆက်လက် ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ဒီအထိ ရောက်လာပြီးမှတော့ လမ်းတစ်ဝက်နဲ့ ပြန်လှည့်သွားလို့ မဖြစ်တော့ချေ။
သူသည် ဆက်လက် တူးခဲ့သော်လည်း အောက်တည့်တည့်သို့ မဟုတ်ဘဲ၊ လိုဏ်ဂူအဝင်ဝဘက်သို့ လျှောစောက်ပုံစံမျိုး တူးခဲ့သဖြင့် လမ်းလျှောက် ပြန်တက်နိုင်သည့် ပုံစံမျိုး ဖြစ်အောင် ပြုလုပ်ခဲ့သည်။
တူးထုတ်လိုက်သော မြေစာများကိုလည်း လမ်းကြောင်းထဲတွင် ညီညာအောင် ခင်းထားသဖြင့် ထွက်ပေါက်ကို ပိတ်ဆို့ခြင်း မရှိစေရန် အသေအချာ ဂရုစိုက်ခဲ့သည်။
တစ်ခုခုဖြစ်လာလျှင် ထွက်ပြေးနိုင်သည့် လမ်းကြောင်းကို အရင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
အနက်ကြီး တူးရမည်ဆိုပါက ပြန်တက်ရန် ခက်ခဲနိုင်သည် မဟုတ်ပါလား။
ကျင်း၏ အနက်မှာ သူ၏ အရပ်လောက်အထိ ရောက်လာသည့် အချိန်တွင်၊ သူ၏ ဂေါ်ပြား မှာ မာကျောသော အရာတစ်ခုကို ရုတ်တရက် ထိမှန်သွားသည်။
ကျောက်တုံးနှင့် ထိသည့် အသံမျိုး မဟုတ်ဘဲ သတ္တုနှင့် ထိသည့် အသံမျိုး ဖြစ်သည်။
ရွှီရှင်း၏ မျက်လုံးများ တောက်ပသွားသည်။
ဒါ ရတနာသေတ္တာလား။
သူသည် လက်အရှိန်ကို မြှင့်ကာ အောက်က မြေသားများကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။
ခြေထောက်အောက်တွင် ရှိနေသည်မှာ အမှန်ပင် သတ္တု ဖြစ်သည်။
သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ၎င်းမှာ ရွှေမဟုတ်ဘဲ သံ ဖြစ်နေခြင်းပင်။
ဤသံထည်ပစ္စည်းမှာ မြေအောက်တွင် မည်မျှကြာအောင် မြုပ်နေသည်မသိသော်လည်း၊ မျက်နှာပြင်တစ်ခုလုံးမှာ အနီရောင် သံချေးများဖြင့် ဖုံးလွှမ်းနေသည်။
ရွှီရှင်းသည် ပေါ်ထွက်လာသော သံမျက်နှာပြင် ဘေးပတ်ပတ်လည်ရှိ မြေကြီးများကို ဖယ်ရှားလိုက်သောအခါ၊ ၎င်းမှာ သေးငယ်သော အရာတစ်ခု မဟုတ်ဘဲ မြေအောက် သံတံခါးကြီး တစ်ချပ် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
မြေအောက် အနက်ပိုင်းသို့ ဆင်းသွားသည့် တံခါးကြီးပင်။
"ဒါက ဘာလို့ တံခါးကြီး ဖြစ်နေရတာလဲ"
ရွှီရှင်းက သံချေးတက်နေသော လက်ကိုင်ကို ကြည့်ရင်း ရေရွတ်လိုက်သည် "မြေအောက် ကမ္ဘာဆီ သွားတဲ့ တံခါးလား"
ဤသံတံခါးကြီးမှာ လမ်းဘေးရှိ ရေဆိုးထုတ်ပေါက် အဖုံးနှင့် ဆင်တူသော်လည်း၊ ၎င်းအဖုံးများမှာ အဝိုင်းပုံစံ ဖြစ်ပြီး၊ ဤသံတံခါးမှာမူ လေးထောင့်ပုံစံ ဖြစ်ကာ သံလက်ကိုင်တစ်ခု ပါရှိသည်။
သူသည် ဘေးပတ်ပတ်လည်ကို ဆက်လက် တူးကြည့်ရာ၊ ပတ်ဝန်းကျင်ရှိ မြေသားများမှာ သွေးရောင်ကဲ့သို့ နီမြန်းနေသော မြေသားများ ဖြစ်နေသည်ကို တွေ့ရသည်။ ရွှီရှင်း မြင်ဖူးသမျှ မြေနီများနှင့် လုံးဝ မတူချေ။
ရွှီရှင်းသည် မြေသားကို လက်တစ်ဆုပ်စာ ယူကြည့်လိုက်သည်။
[ညစ်ညမ်းသော မြေသား (မီးခိုးရောင်အဆင့်): လျှို့ဝှက်ဆန်းပြားသော အင်အားတစ်ခုကြောင့် ညစ်ညမ်းသွားသော မြေသားဖြစ်ပြီး၊ ရှင်ကျန်သူများ အတွက် ဘာမှ အသုံးမဝင်ချေ။]
အမှန်ပင်၊ ဒီမြေသားကလည်း ပြဿနာ ရှိနေသည်။
သူသည် မြေသားကို ဘေးသို့ ပစ်ချလိုက်ကာ သံတံခါးကို စိုက်ကြည့်နေမိသည်။
အောက်ကို ဆင်းသွားဖို့ကလွဲရင် တခြားလမ်း မရှိတော့ချေ။
သူသည် မတ်တတ်ရပ်နိုင်သည့် နေရာအလုံအလောက်ကို တူးထုတ်လိုက်ပြီး၊ လက်ကိုင်ကို ဆွဲကိုင်ကာ အသက်ကို ပြင်းပြင်းရှူလျက် အပေါ်သို့ အားကုန် ဆွဲတင်လိုက်သည်။
သံတံခါးမှာ အလွန် လေးလံလှသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် သော့ခတ်မထားချေ။
နှစ်ကြိမ်တိုင်တိုင် မြှင့်တင်ထားသော သူ၏ ခွန်အားဖြင့် အားကုန် ဆွဲလိုက်သောအခါ၊ နောက်ဆုံးတွင် သံတံခါးမှာ စတင် ရွေ့လျားလာခဲ့သည်။
သံချေးတက်နေသော သံတံခါးမှာ စူးရှသော အသံကြီးဖြင့် ပွင့်လာကာ အဟလေးတစ်ခု ဖြစ်သွားသည်။
ရွှီရှင်း ထပ်မံ အားစိုက်ရန် ပြင်လိုက်စဉ်မှာပင်၊ ပြင်းထန်လှသော အနံ့ဆိုးကြီးတစ်ခုမှာ ထိုအဟလေးထဲမှနေ၍ ရုတ်တရက် တိုးထွက်လာကာ သူ၏ နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာတော့သည်။
"ဝေါ့..."
ရွှီရှင်းသည် ပျို့တက်လာသဖြင့် လက်ကို လွှတ်လိုက်ရာ၊ 'ဝုန်း' ဆိုသော အသံကြီးနှင့်အတူ ခုနက ပွင့်သွားသော သံတံခါးမှာ ပြန်လည် ပိတ်သွားတော့သည်။
ခဲခဲ ပင်လျှင် ထိုအနံ့ကြောင့် ရွံရှာသော အော်သံလေး ပြုလုပ်ကာ ပျို့အန်မည့်ပုံစံ ဖြစ်သွားသည်။
"အထဲမှာ ဘာတွေ ရှိနေလို့ ဒီလောက်တောင် နံစော်နေရတာလဲ"
ရွှီရှင်းတွင် လည်ချောင်းနာသည့် ဝေဒနာ အနည်းငယ် ရှိသဖြင့် ပုံမှန်အားဖြင့် အနံ့ဆိုးများကို အလွန် အာရုံခံစားလွယ်သည်။
သို့သော် ယခု ပျို့အန်ချင်စိတ်မှာ သူ၏ ဝေဒနာနှင့် မဆိုင်ချေ။ အကြောင်းမှာ သံတံခါးအောက်က အနံ့မှာ သာမန်လူတစ်ယောက် ခံနိုင်ရည်ထက် များစွာ ကျော်လွန်နေသောကြောင့် ဖြစ်သည်!
၎င်းမှာ လုံးဝ သည်းမခံနိုင်လောက်အောင် နံစော်လှသည်။
ငါးပိကောင်ပုပ်နှင့် ဝါးမျှစ်ပုပ်များ ရောနှောထားသည့် အနံ့မျိုးထက်ပင် ပိုမို ဆိုးရွားလှသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကပင် ငြင်းပယ်နေသည့် အနံ့မျိုး ဖြစ်သည်။
မတတ်သာသည့်အဆုံး ရွှီရှင်းသည် သူ၏ အင်္ကျီကို မျက်နှာဖုံးကဲ့သို့ အသုံးပြုကာ နှာခေါင်းကို ဖုံးအုပ်လိုက်သည်။
သံချေးတက်နေသော လက်ကိုင်ကို တစ်ဖန် ပြန်လည် ဆုပ်ကိုင်ကာ၊ ရွှီရှင်းသည် တစ်ကိုယ်လုံးက ခွန်အားကို စုစည်းလိုက်သည်။
ကြောက်စရာ အသံကြီးနှင့်အတူ သံတံခါးမှာ တစ်ဖန် ပြန်ပွင့်လာပြန်သည်။
သူသည် ပျို့အန်ချင်စိတ်ကို အတင်းအကျပ် အောင့်အည်းထားပြီး ခွန်အားကို မြှင့်တင်လိုက်သည်။
"ဟိတ်..ဟတ်..တက်…စမ်း.."
'ဂျိမ်း' သံတံခါးမှာ လုံးဝ ပွင့်ထွက်သွားပြီး အခြားတစ်ဖက်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
အနီရောင် ဓာတ်ငွေ့များမှာ အောက်ဘက်မှနေ၍ လွင့်ပျံတက်လာပြီး၊ အနံ့ဆိုးများမှာ ရွှီရှင်း၏ နှာခေါင်းထဲသို့ လျင်မြန်စွာ ပျံ့နှံ့ဝင်ရောက်လာသည်။
ရွှီရှင်း နောက်ထပ် သည်းမခံနိုင်တော့ဘဲ အပေါ်က လမ်းကြောင်းဆီသို့ ပြေးတက်ကာ၊ မျက်နှာက အင်္ကျီကို ဆွဲဖယ်ပြီး အန်ချလိုက်တော့သည်။
နံလွန်းတယ်၊ တကယ်ကို သည်းမခံနိုင်လောက်အောင် နံလွန်းတယ်။
ဒီတံခါးနောက်က အနံ့ဆိုးက လူသားစားပန်း ထက်ပင် ပိုမို ကြောက်စရာ ကောင်းသည်ဟု ရွှီရှင်း ထင်မိသည်။
၎င်းမှာ တကယ့် ဇီဝလက်နက်ကြီး တစ်ခုလိုပါပဲ။
ခဲခဲ မှာလည်း လိုဏ်ဂူနံရံကို လက်ကလေးများဖြင့် ကုပ်တွယ်ကာ၊ သူ၏ ဘေးနားတွင် တောက်လျှောက် ပျို့အန်နေတော့သည်။
မဖြစ်တော့ဘူး၊ လိုဏ်ဂူတစ်ခုလုံး ဒီအနံ့တွေနဲ့ ပြည့်နေပြီ။
ရွှီရှင်းသည် ခဲခဲ ကို ကောက်ချီကာ မြေပြင်ပေါ်သို့ ပြေးတက်ခဲ့ပြီး၊ တောအုပ်ထဲက လတ်ဆတ်သော လေကို အားပါးတရ ရှူလိုက်သည်။
တောအုပ်ထဲက လေက ဒီလောက်အထိ လတ်ဆတ်နေမှန်း သူ တစ်ခါမှ သတိမထားမိခဲ့ချေ။
ပတ်ဝန်းကျင်က လူသားစားပန်း ရဲ့ အနံ့ဖျော့ဖျော့လေးကိုတောင် သူ သဘောကျမိတော့သည်။
အသက်ရှူဝသွားသောအခါ ရွှီရှင်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
အနံ့ဆိုးလေး တစ်ခုကြောင့်နဲ့တော့ သူ လက်လျှော့မှာ မဟုတ်ချေ။
သူသည် စိတ်ကို တင်းထားပြီး ဤကြောက်မက်ဖွယ်ကောင်းသော သံတံခါးထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ရွှီရှင်းသည် လိုဏ်ဂူထဲသို့ ပြန်ဆင်းရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ မျက်တောင်များ တဆတ်ဆတ် တုန်သွားပြီး သူ တူးထားခဲ့သော အပေါက်ကို ကြည့်လိုက်မိသည်။
အနီရောင် ဓာတ်ငွေ့ဖျော့ဖျော့လေးမှာ အပေါက်ထဲမှနေ၍ တဖြည်းဖြည်း တိုးထွက်လာကာ၊ အဝင်ဝပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ရွှီရှင်း၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြန်သည်။
"ဝေါ့"
အခန်း (၃၆) ပြီး