← Chapters

ကမ္ဘာကြီး၏ လျှို့ဝှက်ချက်

Vol. 3 Ch. 38

ကမ္ဘာကြီး၏ လျှို့ဝှက်ချက်

Vol. 3 Ch. 38

ရွှီရှင်းသည် အလွန်လေးလံပုံရသော ထိုသံတံခါးကြီးဆီသို့ လျှောက်သွားလိုက်သည်။

ဤသံတံခါးမှာ ဘဏ်တိုက်တံခါးတစ်ခုကဲ့သို့ ဒီဇိုင်းထုတ်ထားပြီး ယခုအချိန်တွင် သူသည် အခန်း၏အတွင်းဘက်သို့ ရောက်နေခြင်းဖြစ်သည်။

ဘဏ်တိုက်တံခါးများကို မည်သို့ဖွင့်ရသည်ကို ရွှီရှင်းအနေဖြင့် ရုပ်ရှင်များနှင့် ဂိမ်းများတွင် မြင်ဖူးသည်။

ပုံမှန်အားဖြင့် အပြင်ဘက်ရှိ စက်ဝိုင်းပုံလက်ကိုင်ကို ဘီးကဲ့သို့ လှည့်လိုက်ရခြင်းဖြစ်သည်။

ထို့နောက် လေထွက်သံတစ်ခုနှင့်အတူ စက်ဝိုင်းပုံတံခါးကြီးမှာ အပြင်သို့ တွန်းထွက်သွားပြီး ဘေးတိုက်ပွင့်သွားတတ်သည်။

သို့သော် သူသည် အခန်းအတွင်းရောက်နေသဖြင့် ထိုကဲ့သို့ စက်ဝိုင်းပုံခလုတ်ကို ရှာမတွေ့ချေ။

ထို့ကြောင့် သူ၏လက်နှစ်ဖက်ဖြင့် တံခါးကို အားကုန်တွန်းဖွင့်ရန်သာ ကြိုးစားကြည့်ရတော့သည်။

"ကျွီ"

သံချေးတက်နေသော သတ္တုချင်း ပွတ်တိုက်သံကြီး ထွက်ပေါ်လာပြီး ရွှီရှင်းသည် သူ၏ခွန်အားရှိသမျှ အသုံးပြုကာ တံခါးကို ဖြည်းဖြည်းချင်း တွန်းလိုက်သည်။

"မျှော်လင့်ချက် ရှိသားပဲ"

တံခါးရွေ့လျားသွားသည်ကို မြင်လိုက်ရသဖြင့် ရွှီရှင်း ဝမ်းသာသွားပြီး ခွန်အားကို ပိုစိုက်လိုက်သည်။

"ကလပ်"

ဆိုသော အသံနှင့်အတူ စက်ဝိုင်းပုံသံတံခါးကြီးမှာ ၎င်း၏ဘောင်ထဲမှ လုံးဝ ထွက်သွားပြီး တံခါးနှင့် ဘောင်ကြားတွင် လက်နှစ်ချောင်းစာခန့် အဟလေးတစ်ခု ဖြစ်သွားသည်။

ရွှီရှင်းသည် တံခါးကို အလျင်စလို မဖွင့်သေးဘဲ ထိုအဟလေးမှတစ်ဆင့် အပြင်ဘက်ကို အရင်ချောင်းကြည့်လိုက်သည်။

အပြင်ဘက်တွင် ဘဏ်တိုက်တစ်ခုကဲ့သို့ ခေတ်မီသော အခန်းတစ်ခုကို တွေ့ရမည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း၊ အံ့သြစရာကောင်းစွာ သူမြင်လိုက်ရသည်မှာ အနီရောင်ဖျော့ဖျော့သမ်းနေသော မြေသားနံရံကြီးတစ်ခုပင် ဖြစ်သည်။

သူသည် လိုဏ်ဂူတစ်ခုထဲသို့ တစ်ဖန်ပြန်ရောက်သွားသည့်အလား။

"အပြင်မှာလည်း လိုဏ်ဂူပဲလား" ရွှီရှင်း ဇဝေဇဝါ ဖြစ်သွားသည်။

ဒါဆိုရင် မြေအောက်အနက်ကြီးထဲမှာ ဘဏ်တိုက်တံခါးတပ်ထားတဲ့ သီးသန့် လေးထောင့်သံခန်းလေး တစ်ခုရှိနေပြီး၊ အဲဒီထဲမှာ လွန်ခဲ့တဲ့ ရာစုနှစ် ရှစ်ဆယ်ကျော်က ကမ္ဘာမြေကလာတဲ့ ဥရောပတိုက်သားတစ်ယောက် သေနေခဲ့တာပေါ့။

တကယ့်ကို ထူးဆန်းလွန်းလှသည်။

"ခဲခဲ၊ အပြင်မှာ အန္တရာယ်ရှိလား... မင်း ဘာလုပ်နေတာလဲ"

ဦးခေါင်းခွံတစ်ခုကို လက်ကလေးများဖြင့် ကလိနေသော ခဲခဲ ကို ကြည့်ပြီး ရွှီရှင်း မျက်တောင်တဆတ်ဆတ် တုန်သွားသည်။

သနားစရာကောင်းသော ဦးခေါင်းခွံကြီးမှာ ခဲခဲ ၏ လက်ချက်ဖြင့် မြေပြင်ပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ဘယ်တစ်ချက် ညာတစ်ချက် လိမ့်နေတော့သည်။

ချစ်စရာကောင်းသော ပန်ဒါလေးတစ်ကောင်က လူ့ဦးခေါင်းခွံတစ်ခုနှင့် ဆော့ကစားနေသည့် မြင်ကွင်းမှာ တကယ့်ကို ထူးဆန်းလှသည်။

"အီးးး" ခဲခဲ က ရွှီရှင်းကို ဇဝေဇဝါဖြင့် မော့ကြည့်သည်။

မှန်ပါသည်၊ ခဲခဲ က ပန်ဒါလေးတစ်ကောင်ပဲလေ။ ၎င်းဆီကနေ လူ့အရိုးစုကို ကြောက်ရွံ့လိမ့်မည်ဟု မျှော်လင့်၍မရနိုင်ချေ။

ရွှီရှင်း ခေါင်းကို ခါယမ်းလိုက်ရင်း

"ငါတို့ အပြင်ရောက်ရင် မင်းကို သေချာ ရေချိုးပေးရမယ်" ဟု ပြောလိုက်သည်။

"အီးးး"

သို့သော် ဤကဲ့သို့ လှုပ်ရှားမှုလေးက ရွှီရှင်း၏ စိတ်ထဲရှိ ဦးခေါင်းခွံအပေါ် ကြောက်ရွံ့မှုကို ထူးဆန်းစွာပင် ပြေလျော့သွားစေသည်။

"ခဲခဲ၊ အပြင်မှာ အန္တရာယ်ရှိလား"

"အီးးး။"

ခဲခဲ က ခေါင်းလေးကို ခါယမ်းပြသည်။ ဘာအန္တရာယ်မှ မရှိကြောင်း အချက်ပြခြင်းဖြစ်သည်။

ရွှီရှင်း အသက်ကို ပြင်းပြင်းရှူကာ၊ တံခါးအဟကြားသို့ လက်ချောင်းများ ထည့်ပြီး တံခါးကို ဘေးတစ်ဖက်သို့ အားကုန် ဆွဲဖွင့်လိုက်သည်။

စူးရှသော အသံကြီးနှင့်အတူ တံခါးမှာ တဖြည်းဖြည်းချင်း တစ်ဝက်ခန့် ပွင့်သွားသည်။

သူ ဖြတ်သွားရန် လုံလောက်ပြီဖြစ်၍ ရွှီရှင်း ရပ်လိုက်သည်။

သူသည် တံခါးမှတစ်ဆင့် အပြင်ဘက်သို့ ထွက်ကာ ကြည့်လိုက်သည်။

အပြင်ဘက်က မြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီရှင်း ကြောင်အမ်းသွားတော့သည်။

သူသည် သူ၏မျက်လုံးများကို ပွတ်ကာ ထပ်မံကြည့်ရှုမိသည်။

၎င်းမှာ လိုဏ်ဂူတစ်ခုဟု သူ ထင်မှတ်ခဲ့သော်လည်း သူ လုံးဝ မှားသွားခဲ့သည်။

"အီးးး" ခဲခဲ ပင်လျှင် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ရွှီရှင်းသည် ဗီဇအရ ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်ပြီးမှ ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် ချောက်ကမ်းပါး အစွန်းတစ်ခုပေါ်တွင် ရောက်နေကြောင်း ရုတ်တရက် သတိပြုမိလိုက်ခြင်းကြောင့် ဖြစ်သည်။

ဟုတ်ပါသည်၊ ချောက်ကမ်းပါး အစွန်းပင်။

ကျောက်တုံးငယ်လေးများနှင့် မြေစာအချို့မှာ ချောက်ကမ်းပါးအစွန်းမှ လိမ့်ကျသွားကြသည်။

ရွှီရှင်း အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သွားကို တင်းတင်းကြိတ်ထားမိပြီး၊ မျက်နှာကြွက်သားများ တဆတ်ဆတ် တုန်ယင်လျက် နဖူးမှ ချွေးစက်တစ်ခုမှာ အောက်သို့ ကျသွားသည်။

ချောက်ကမ်းပါး၏အောက်ခြေ၊ မီတာ တစ်ထောင်ခန့် အနက်တွင် အဆုံးအစမရှိလှသော ဧရာမ မြေအောက်ကမ္ဘာကြီးတစ်ခု ရှိနေခြင်းပင်။

သူ၏ ညဘက်တွင် မြင်နိုင်သော စွမ်းရည်ကြောင့် မြေအောက်ကမ္ဘာတစ်ခုလုံးကို သူ အထင်းသား မြင်နေရသည်။

"ဒါ... ဒါတွေက တကယ်ကြီးလား"

ရွှီရှင်းသည် ရှေ့ကမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းများ တုန်ယင်နေသည်။

အောက်ဘက်တွင် အစိမ်းရောင်နှင့် သွေးရောင်နီနေသော နွယ်ပင် ပေါင်း မြောက်မြားစွာမှာ ရူးသွပ်စွာ ကခုန်နေကြသည်။

ပါးစပ်ကဲ့သို့ ပွင့်နေသော ဧရာမ လူသားစားပန်း ကြီးတစ်ပွင့်က ဒိုင်နိုဆောနှင့်တူသောသတ္တဝါတစ်ကောင်ကိုဝါးမြိုနေသည်ကိုလည်း သူ မြင်လိုက်ရသည်။

မီတာ ဆယ်ဂဏန်းခန့် မြင့်ပြီး အစိမ်းရောင် ရေမှော်များ ဖုံးလွှမ်းနေသော ဧရာမ သတ္တဝါကြီးတစ်ကောင်က ထိုသွေးရောင် နွယ်ပင် များကို ဆွဲဖြတ်ကာပါးစပ်ထဲသို့ထိုးထည့်နေသည်ကိုလည်း တွေ့ရသည်။

ကားတစ်စီးခန့် အရွယ်အစားရှိပြီး အမြီးမှ တောက်ပသော အလင်းများ ထွက်ပေါ်နေသော ပိုးကောင်ပေါင်း မြောက်မြားစွာမှာ လူသားစားပန်း များ၏ ဘေးပတ်လည်တွင် ပျံသန်းဝဲပျံနေကြသည်။

၎င်းမှာ ဖရိုဖရဲ ဖြစ်နေသော ကမ္ဘာတစ်ခုပင်။

ရှေ့က မြင်ကွင်းမှာ မယုံနိုင်လောက်အောင်ပင် ဆန်းကြယ်လွန်းလှပြီး သူ့ကို မှင်တက်သွားစေသည်။

သူသည် ပတ်ဝန်းကျင်ကို ငေးမှိုင်စွာ စိုက်ကြည့်နေမိသည်။

သူသည်ဤမြေအောက်ကမ္ဘာ၏အပေါ်ဆုံးတွင်ရှိသော၊လိုဏ်ဂူတစ်ခုထဲတွင် ရောက်နေခြင်းဖြစ်သည်။

မြေအောက်ကမ္ဘာ၏ မျက်နှာကြက်မှာသူ၏အပေါ်နားလေးတွင်သာ ရှိပြီး လက်ဖြင့်ပင် လှမ်းထိ၍ရနိုင်သည်။

အကယ်၍ ဤမြေအောက်ကမ္ဘာကြီးကို ဧရာမ အခန်းကြီးတစ်ခန်းအဖြစ် မြင်ကြည့်လျှင်၊ သူသည် ယခုအခါ မျက်နှာကြက်မီးဆိုင်းနှင့် မျက်နှာကြက်ကြားက အဟလေးထဲတွင် ရောက်နေသည့် သေးငယ်သော ပိုးကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ ထိုဧရာမအခန်းကြီးထဲက နေထိုင်သူ သတ္တဝါကြီးများကို ငုံ့ကြည့်နေခြင်း ဖြစ်သည်။

မြေပုံပေါ်တွင်မူ ထူထပ်သိပ်သည်းလှသော အနီစက်များက သူ့ကို ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုကို ပေးစွမ်းနေသည်။

[ဂုဏ်ယူပါသည်။ သင်သည် ဤကမ္ဘာ၏ နောက်ကွယ်ရှိ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များထဲမှ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ရှင်ကျန်သူများ အုပ်စုထဲတွင် မြေအောက်ကမ္ဘာကို ပထမဆုံး ရှာဖွေတွေ့ရှိသူ ဖြစ်လာခဲ့သည်။ ဤတောတွင်း စူးစမ်းရှာဖွေမှု အစီအစဉ် ပြီးဆုံးပြီးနောက် ဆုလာဘ်များကို ထုတ်ပေးပါမည်။]

[ကျေးဇူးပြု၍ ဤကမ္ဘာ၏ လျှို့ဝှက်ချက်များကို မသိသေးသူများနှင့် မဝေမျှပါနှင့်။ မဟုတ်ပါက အလွန်ပြင်းထန်သော အပြစ်ပေးမှုကို ခံရပါမည်။]

[မထိတ်လန့်ပါနှင့်၊ မြေအောက်ကမ္ဘာမှာ လက်ရှိ ရှင်ကျန်သူများ ရင်ဆိုင်နိုင်သည့် အရာမဟုတ်သေးပါ။ သားရဲများ၏ ပုန်ကန်မှုကို ကိုင်တွယ်ဖြေရှင်းရန်သာ ရှင်ကျန်သူများ အနေဖြင့် ယခု စဉ်းစားသင့်ပါသည်။]

[ဆက်လက် ကြိုးစားပါ၊ မိမိကိုယ်ကို အားကောင်းအောင် ပြုလုပ်ပြီး ဤကမ္ဘာတွင် ရှင်သန်နိုင်ရန် ကြိုးစားပါ။]

[နောက်ထပ် သတိပေးချက်တစ်ခုအနေဖြင့်၊ သင်၏ သစ်ပင်အိမ်လေးကို ဘယ်တော့မှ မစွန့်ခွာပါနှင့်။ ၎င်းမှာ သင်၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်သည်။]

ထိုလျှို့ဝှက်ဆန်းပြားသော အသံသည် သူ၏နားထဲတွင် တစ်ဖန် ပဲ့တင်ထပ်လာပြီး သူ့ကို လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။

ဤသတ္တဝါကြီးများနှင့် ယှဉ်လိုက်လျှင် ထိုလျှို့ဝှက်ဆန်းပြားသော အသံမှာပင် အတော်လေး နှစ်သိမ့်မှုပေးနိုင်သည်ဟု ခံစားလိုက်ရသည်။

"ခဏလေး ဒါက တကယ်ကြီး ဘယ်နေရာလဲ ဘာလို့ မြေအောက်မှာ ဒီလောက်ကျယ်တဲ့ နေရာကြီးနဲ့ သတ္တဝါတွေ အများကြီး ရှိနေရတာလဲ"

ရွှီရှင်း သူသိချင်ဆုံး မေးခွန်းကို မေးလိုက်သည်။

[ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များကို ရှင်ကျန်သူများ ကိုယ်တိုင် စူးစမ်းရှာဖွေရမည် ဖြစ်သည်]

ထိုလျှို့ဝှက်ဆန်းပြားသော အသံက သူ့ကို ဤအဖြေသာ ပေးခဲ့ပြီး၊ သူ မည်မျှပင် ထပ်မံမေးမြန်းပါစေ နောက်ထပ် စကားမပြောတော့ချေ။

ယခုအချိန်တွင် ခဲခဲ မှာ ရွှီရှင်း၏ ရင်ခွင်ထဲသို့ ခေါင်းမြှုပ်ကာ ကြောက်ရွံ့လွန်း၍ တုန်ယင်နေရှာသည်။

အောက်ဘက်တွင် ရှိနေသော သတ္တဝါများ၏ အရေအတွက်မှာ အလွန်ပင် များပြားလှသည်။

မီတာ တစ်ထောင်ခန့် နက်သော်လည်း ထိုဧရာမ သတ္တဝါကြီးများ၏ ဖိအားပေးမှုကို ရွှီရှင်း ခံစားနေရသည်ဖြစ်ရာ ခဲခဲ အတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

ကံကောင်းသည်မှာ ထိုလျှို့ဝှက်ဆန်းပြားသော အသံက ဤသတ္တဝါကြီးများကို ယခု ကိုင်တွယ်ဖြေရှင်းရန် မလိုသေးဘဲ သားရဲများ၏ ပုန်ကန်မှုကိုသာ အရင်စဉ်းစားရန် ပြောခဲ့ခြင်းပင်။

ဆိုလိုသည်မှာ ဤသတ္တဝါကြီးများမှာ ယခုအချိန်တွင် အပေါ်သို့ တက်လာမည် မဟုတ်ချေ။

သူသည် နောင်လာမည့် အခြေအနေတစ်ခုကို ကြိုတင်သိရှိလိုက်ရရုံသာ ဖြစ်သည်။

ဒါကတော့ ရွှီရှင်းကို အမှန်တကယ်ပင် သက်ပြင်းချ စိတ်အေးသွားစေသည်။

ထို့နောက် သူ တစ်ခုကို ရုတ်တရက် သတိရသွားသည်။

"ခဲခဲ၊ မင်း ရွှေရတနာသေတ္တာ က ဒီမှာရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား အောက်ထဲမှာ ရှိနေတာတော့ မဟုတ်ပါဘူးနော်"

အရင်ဆုံး ရွှေရတနာသေတ္တာ ကို ရှာကြဦးစို့။

ရွှီရှင်းသည် သူ၏ စိတ်လှုပ်ရှားနေမှုများကို ထိန်းချုပ်ကာ ရင်ခွင်ထဲက သတ္တဝါလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

"အီးးး" ခဲခဲ ကလည်း ဤကိစ္စကို ရုတ်တရက် သတိရသွားပြီး ရွှီရှင်း၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ နောက်ကလိုက်ခဲ့ရန် အချက်ပြ၏။

ထိုဧရာမ စက်ဝိုင်းပုံ သံတံခါးကြီး၏ အပြင်ဘက်မှာ ချောက်ကမ်းပါးပေါ်က နေရာကျဉ်းလေးတင် မဟုတ်ဘဲ၊ လိုဏ်ဂူနံရံတွင် အခြားသော လမ်းကြောင်းအပေါက်များလည်း ရှိနေသေးသည်။

ရွှီရှင်းမှာ မြင်ကွင်းကြောင့် မှင်တက်နေသဖြင့် ၎င်းတို့ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ခဲခဲ ၏ နောက်မှ လိုက်သွားရင်း၊ လမ်းဆုံးတွင် ရှိနေသော ရွှေရတနာသေတ္တာ ကို ရွှီရှင်း အမြန် ရှာတွေ့လိုက်သည်။

မှောင်မည်းနေသော မြေအောက်ကမ္ဘာထဲတွင်ပင် ထိုသေတ္တာမှာ ရွှေရောင်ဖျော့ဖျော့ လင်းလက်နေပြီး လိုဏ်ဂူ၏ ပတ်ဝန်းကျင်ကို ပင် လင်းထိန်စေသည်။

ရွှီရှင်းသည် ရတနာသေတ္တာကို စစ်ဆေးကြည့်ရာ၊ သေတ္တာပေါ်ရှိ ပုံစံမှာ အမှန်ပင် တိရစ္ဆာန်ခေါင်းပုံ ဖြစ်နေသည်။

သို့သော် သူ၏ မှတ်ဉာဏ်ထဲက ချီလင်နှင့်တော့ ကွဲပြားနေသည်။

ကြည့်ရသည်မှာ သေတ္တာသုံးလုံးပေါ်က ပုံစံများမှာ ချီလင် ဟုတ်ပုံမရချေ။

ရွှီရှင်းသည် ရွှေရတနာသေတ္တာ ကို ဤနေရာ၌ပင် ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် သော့ကို ထုတ်ပြီး သော့ပေါက်ထဲသို့ ထည့်လှည့်လိုက်ရာ၊ စက်ယန္တရားသံနှင့်အတူ သေတ္တာ ပွင့်သွားတော့သည်။

"အီးးး" ခဲခဲ က သေတ္တာအစွန်းသို့ တက်ကာ အတွင်းဘက်ကို ငုံ့ကြည့်နေသည်။

ရွှေရတနာသေတ္တာ အတွင်း၌ မီးခိုးရောင် ဆေးရည်ပုလင်း တစ်လုံးနှင့် ကတ်ပြားအပါးလေး တစ်ခု ရှိနေသည်။

အခန်း (၃၈) ပြီး

All Chapters