သံသတ္တုရိုင်း ပေါများခြင်း
Vol. 3 Ch. 45
ရွှီရှင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ အခု လောလောဆယ် ငါတို့ စဉ်းစားရမှာက နောက်ထပ်လာမယ့် သားရဲပုန်ကန်မှုပဲ။ အခုချိန်မှာ ဒါတွေကို တွေးနေဖို့က စောလွန်းပါသေးတယ်။"
"ဟုတ်တယ်၊ တကယ်တော့ ငါပြောချင်တာက ဖြစ်နိုင်ရင် ကိုယ့်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေဘဲ တခြားသူတွေကို တတ်နိုင်သလောက် ကူညီပေးဖို့ပါပဲ။ အခု အသက်ရှင်ကျန်ရစ်တဲ့သူတွေဟာ နောင်တစ်ချိန်မှာ ငါတို့အတွက် အင်အားစုတွေ ဖြစ်လာနိုင်တယ်။"
"ဒါဆိုရင် တခြားပစ္စည်းတွေ ရှာဖွေတာကလည်း ဒီတစ်ခါ အဆင့်သတ်မှတ်ချက်အတွက် အမှတ်ရတယ်ဆိုတာကို အဲဒီ ရှင်ကျန်သူတွေ ကို ဘာလို့ မပြောပြခဲ့တာလဲ"
"မင်းက ဒီတစ်ခါအကြောင်း ပြောတာလား။ ဘာပဲဖြစ်ဖြစ် လူ ၅၀ ကတော့ သေရမှာပဲလေ။ သူတို့ကို ဘာလို့ ကူညီနေမှာလဲ။ အညံ့ဆုံးလူ ၅၀ သေသွားတာက အကောင်းဆုံး ရလဒ်ပဲ မဟုတ်လား။"
ရွှီရှင်းသည် ကျိချောင်းယန်၏ စရိုက်ကို အတော်လေး သဘောကျမိသည်။
သူ့စကားတွေက အေးစက်စက်နိုင်လှသော်လည်း သူသည် အမြဲတမ်း အများအကျိုးအတွက် အကောင်းဆုံးဖြစ်မည့် ရွေးချယ်မှုကိုသာ ပြုလုပ်လေ့ရှိသည်။
ဒါဟာ မွေးရာပါ ခေါင်းဆောင်တစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်ပေလိမ့်မည်။
သတင်းအချက်အလက်အချို့ ဖလှယ်ပြီးနောက် သူတို့နှစ်ဦး ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကြသည်။
စကားပြောကြည့်ရာမှ ရွှီရှင်း သိလိုက်ရသည်မှာ အဆင့် ၂ မှ ၁၀ အထိ ရရှိသူများသည်လည်း နာရီတစ်လုံးစီ ရရှိကြသော်လည်း ၎င်းတို့၏ နာရီမှာ ရွှီရှင်း၏ နာရီလောက် လုပ်ဆောင်ချက် မစုံလင်ချေ။
သူတို့၏ နာရီမှာ ဆက်သွယ်ခြင်း၊ အသံနှင့် ဗီဒီယို ခေါ်ဆိုခြင်း၊ သတင်းအချက်အလက် စစ်ဆေးခြင်းတို့ကိုသာ ပြုလုပ်နိုင်ပြီး၊ နာရီမှတစ်ဆင့် ပစ္စည်းဖန်တီးခြင်း သို့မဟုတ် အရောင်းအဝယ် ပြုလုပ်ခြင်းတို့ကို မလုပ်ဆောင်နိုင်ချေ။
ဘာပဲဖြစ်ဖြစ် ရွှီရှင်း၏ နာရီမှာ ခရမ်းရောင်အဆင့် ဖြစ်ပြီး သူတို့မှာမူ အပြာရောင်အဆင့် သာ ဖြစ်သည်။
သို့သော်လည်း အပြာရောင်အဆင့် နာရီများမှာပင် အတော်လေး အဆင်ပြေလှသည်။
အဖွဲ့အစည်း ဖွဲ့စည်းပြီးပါက အဖွဲ့ဝင်အားလုံးသည် အချိန်မရွေး၊ နေရာမရွေး ဆက်သွယ်နိုင်တော့မည် ဖြစ်သည်။
အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များကိုတော့ ကျိချောင်းယန်ကိုပဲ လွှဲထားလိုက်သည်။
ရွှီရှင်းကတော့ လီဝမ်ရှီးကို မေးမြန်းပေးရုံဖြင့် ကူညီနိုင်သည်။
ကိုယ်ပိုင်စာများကို စစ်ဆေးကြည့်ရာ ရွှီရှင်း မျက်စိလည်သွားရသည်။
စာပေါင်း ထောင်ချီ ရှိနေပြီး အများစုမှာ အသုံးမဝင်သည့် အကူအညီ တောင်းခံစာများနှင့် အရင်းအမြစ် တောင်းဆိုစာများသာ ဖြစ်သည်။
အချို့မှာ စိတ်ဓာတ်ရေးရာအရ အကျပ်ကိုင်စာများပင် ပါဝင်သေးသည်။
အချို့ကမူ သူ့ကို အသံ သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ရန် ကြိုးစားနေကြသည်။
သူသည် သူ၏နာရီကို လီဝမ်ရှီးနှင့် ကျိချောင်းယန်တို့ဆီကသာ ခေါ်ဆိုမှု လက်ခံရန် အမြန် ပြင်ဆင်လိုက်ရသည်။
စာပုံကြီးထဲမှ လီဝမ်ရှီးကို သူ ရှာတွေ့လိုက်သည်။
သူမသည် ရွှီရှင်း အစောပိုင်းက ပို့ထားသည့် သံသတ္တုရိုင်း ကုန်သွယ်မှု ကိစ္စကို အခုထိ ပြန်မဖြေသေးချေ။
ခဲခဲကတော့ ကုတင်ပေါ်မှာ ခွေလိပ်ပြီး အိပ်ငိုက်နေဆဲပင်။
ရွှီရှင်းသည် မီးကင်စင်ဘေးတွင် အေးအေးလူလူ ထိုင်ရင်း၊ မီးဖိုထဲသို့ ထင်းများ ထည့်ကာ ကြာစွယ်နှင့် ဝက်ဝံသားကို မြိန်ရည်ယှက်ရည် စားသောက်လိုက်သည်။
"ဒီသစ်ပင် နှစ်မျိုးကို အရင်စိုက်လိုက်ဦးမယ်။"
ဗိုက်ဝသွားသောအခါ ရွှီရှင်း တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် မြေသြဇာ နှင့် အစေ့ နှစ်အိတ်ကို ယူကာ သစ်ပင်အိမ်ပေါ်မှ ဆင်းပြီး အစောပိုင်းက သူ ရှင်းလင်းထားသည့် မြေကွက်ဆီသို့ သွားလိုက်သည်။
အိတ်ထဲက အစေ့တွေကတော့ အများကြီးပါပဲ။ အတိအကျ ဘယ်နှစ်စေ့လဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ချေ။ ဘာပဲဖြစ်ဖြစ် လုံလောက်မှုတော့ ရှိပါသည်။
"အရင်ဆုံး မြေသြဇာ ရဲ့ အာနိသင်ကို စမ်းကြည့်ရအောင်။"
ရွှီရှင်းသည် ဘတ်ချ် သစ်ပင် အစေ့တစ်စေ့ကို မြေကြီးထဲတွင် မြှုပ်လိုက်ရာ၊ စက္ကန့်အနည်းငယ်အကြာတွင် မြေကြီးထဲမှ အပင်ပေါက်လေး တစ်ပင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ဒါဟာ အစေ့ရဲ့ ပုံမှန် ကြီးထွားနှုန်းဖြစ်ပြီး ၁၀ ရက်ခန့် ကြာလျှင် သစ်ပင်ကြီးတစ်ပင် ဖြစ်လာပေလိမ့်မည်။
သူသည် လက်ထဲက မြေသြဇာ ကို ကြည့်လိုက်သည်။
[သဘာဝအော်ဂဲနစ်မြေသြဇာ (အစိမ်းရောင်အဆင့်): မြေညံ့ (အဖြူရောင်) ကို မြေကောင်း (အစိမ်းရောင်) အဖြစ် ပြောင်းလဲပေးနိုင်သည်။ မြေကောင်းပေါ်တွင် ဖြန်းပေးပါက အပင်ကြီးထွားမှုကို မြန်ဆန်စေသည်။ လက်ကျန်: အကြိမ် ၅၀ စာ။]
ဤ မြေသြဇာ အိတ်မှာ အကြိမ် ၅၀ စာသာ ပါရှိသည်။
ရွှီရှင်းသည် အပင်ပေါက်လေးပေါ်သို့ အသာအယာ ဖြန်းပေးလိုက်သည်။
[မြေသြဇာ ကျွေးခြင်း အောင်မြင်ပါသည်။ ဘတ်ချ် သစ်ပင် ကြီးထွားချိန်ကို ၁၀ နာရီအထိ လျှော့ချလိုက်ပါပြီ။]
ဒီလောက်တောင် လျော့သွားတာလား။
ရွှီရှင်း အတော်လေး အံ့သြသွားသည်။ အချိန်တစ်ဝက်လောက် လျော့သွားရင်တောင် တော်တော်ကောင်းနေပြီဟု သူ ထင်ထားခဲ့သော်လည်း ယခုမူ ၁၀ ရက်မှ ၁၀ နာရီအထိ လျော့ကျသွားခြင်း ဖြစ်သည်။
အခု ညနေ ၇ နာရီပင် မထိုးသေးသဖြင့် မနက်ဖြန် မနက်ဆိုလျှင် ကုန်ကြမ်းအသစ်များကို သူ စုဆောင်းနိုင်တော့မည် ဖြစ်သည်။
"ဒီ မြေသြဇာ က တကယ့်ကို ပစ္စည်းကောင်းပဲ။ ရောင်းတဲ့လူ ရှိမလား မသိဘူး။"
ရွှီရှင်းသည် သူ၏နာရီကို ချက်ချင်းဖွင့်ကာ အရောင်းအဝယ် ကဏ္ဍတွင် ရှာဖွေကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် လောလောဆယ်တွင် မြေသြဇာ ရောင်းသည့်သူ မရှိချေ။ သို့သော် သူအရင်က တင်ထားသည့် ဝံပုလွေသားများကို အစိမ်းရောင်အဆင့် အရင်းအမြစ်များနှင့် လဲလှယ်လိုသူ အများအပြား ရှိနေသည်။
ရွှီရှင်းသည် ကျောက်တုံးများနှင့် သံသတ္တုရိုင်းအချို့ကို ရွေးချယ်ကာ လဲလှယ်မှုကို အတည်ပြုလိုက်သည်။
"သစ်ပင်အိမ်ရဲ့ အလိုအလျောက် လက်နက်တွေအတွက် အဆင့်မြင့်သစ်သား ရယ်၊ ကာကွယ်ရေး ပစ္စည်းတွေအတွက် သစ်တုံးတွေ လိုအပ်တာဆိုတော့ တစ်ဝက်စီ စိုက်လိုက်မယ်။"
ရွှီရှင်းသည် မြေကွက်လပ်တွင် ဘတ်ချ် သစ်ပင် ၃၀ နှင့် ထင်းရှူးပင် ၃၀ ကို စိုက်ပျိုးကာ မြေသြဇာ များကို ဖြန်းပေးလိုက်သည်။
စောစောက အပင်အပါအဝင် ရွှီရှင်းသည် ဘတ်ချ် သစ်ပင် ၁၀ ပင်နှင့် ထင်းရှူးပင် ၁၀ ပင်ပေါ်တွင် မြေသြဇာ အကြိမ် ၂၀ စာ အသုံးပြုခဲ့သည်။
"မိုးမခပင်တွေရဲ့ အထွက်နှုန်းအရဆိုရင် တစ်ပင်ကို အဆင့်မြင့်သစ်သား ဒါမှမဟုတ် သစ်တုံး ၅ တုံးလောက် ထွက်မှာပဲ။ အပင် ၂၀ ဆိုရင် အတုံး ၁၀၀ ရမှာဆိုတော့ ငါ့အတွက် လုံလောက်ပါတယ်။ မြေသြဇာ ကိုတော့ လောလောဆယ် ချွေတာသုံးတာ အကောင်းဆုံးပဲ။"
ထို့နောက် သူသည် အပင်ပေါက်လေးများ ဘေးတွင် ရိုးရှင်းသော သစ်သားခြံစည်းရိုးလေးများ ခတ်ပေးလိုက်ပြီး သူ လုပ်ထားသည့် ရလဒ်ကို ကျေနပ်စွာ ကြည့်လိုက်သည်။
ရုတ်တရက် ရွှီရှင်း၏ နာရီ တုန်ခါလာသည်။ ကြည့်လိုက်တော့ လီဝမ်ရှီးဆီမှ ဗီဒီယို ခေါ်ဆိုမှု ဖြစ်နေသည်။
"ဝါး ရွှီရှင်း၊ ရှင် က တကယ့်ကို လူစွမ်းကောင်းကြီးပဲ။ နယ်မြေတစ်ခုလုံးမှာ အဆင့် ၁ တဲ့။ ကျိချောင်းယန်ထက်တောင် သာသေးတယ်"
နာရီမှ ထွက်ပေါ်လာသော ပုံရိပ်ယောင် ဖန်သားပြင်လေးပေါ်တွင် လီဝမ်ရှီးကို ဖုန်အနည်းငယ် ပေကျံနေသည့် ပုံစံဖြင့် တွေ့ရသည်။
သူမမှာ အလွန် စိတ်လှုပ်ရှားနေပုံရသည်။
ရွှီရှင်း မျှော်လင့်ထားသည့်အတိုင်းပင် သူမ အဆင့်စာရင်းကို မြင်မြင်ချင်း ခေါ်လိုက်ခြင်း ဖြစ်သည်။
"မင်းလည်း အဆင့် ၄ ရတာပဲ မဟုတ်လား။ မင်းလည်း ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။" ရွှီရှင်း ပြုံးလျက် ပြန်ဖြေလိုက်သည်။
"အော်... အဲဒါက... ကျွန်မ ကံကောင်းလို့ပါ"
လီဝမ်ရှီးက သူမ၏ခေါင်းကို ရှက်ကိုးရှက်ကန်း ပွတ်ရင်း
"ရွှေရတနာသေတ္တာ ရှာတွေ့နိုင်တဲ့ ရှင်တို့လို လူစွမ်းကောင်းတွေနဲ့တော့ မယှဉ်နိုင်ပါဘူး။"
"မင်း အခုမှ ပြန်ရောက်တာလား"
"အင်း၊ ငွေရတနာသေတ္တာ ရှာတွေ့ပြီးတော့ တက်ကြွပြီး ရွှေရတနာသေတ္တာ ကို ဆက်ရှာနေတာ။ အစီအစဉ် ပြီးဆုံးခါနီးအထိ ရှာမတွေ့တာနဲ့ အခုမှ ပြန်ပြေးလာတာ။"
လီဝမ်ရှီး၏ ချစ်စရာကောင်းသော မျက်နှာလေးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေသည်။
"ပြန်ရောက်လို့ ကြည့်လိုက်တော့ ကျွန်မက အဆင့် ၄ တဲ့။ရှင် က အဆင့် ၁ တဲ့။ တကယ်ကို အံ့သြစရာပဲ"
"ဟားဟား၊ ဂုဏ်ယူပါတယ်...ဒါနဲ့... မင်းဆီမှာ သံတုံးတွေ အများကြီး ရှိသေးလား"
"ရှိတာပေါ့၊ အများကြီးပဲ။ ကျွန်မ ဆီမှာ သစ်သားတွေနဲ့ အပင်တွေ သိပ်မရှိပေမယ့် သတ္တုတွင်းတွေတော့ အများကြီးရှိတယ်။ ကျွန်မ ပြောပြမယ်၊ ဒီစူးစမ်းရှာဖွေမှုအတွင်း ကျွန်မ သတ္တုတွင်း ၂ ခု ထပ်တွေ့ခဲ့သေးတယ်။ အဲဒီထဲမှာ သားရဲတွေလည်း တစ်ကောင်မှ မရှိဘူး"
ချစ်စရာကောင်းသော မိန်းကလေးမှာ ခါးထောက်လျက် မျက်နှာကို မော့ကာ ချီးကျူးစကားကို စောင့်မျှော်နေသည့် ပုံစံမျိုး လုပ်ပြနေသည်။
"တော်လိုက်တာ...တကယ်ကို တော်တာပဲ" ရွှီရှင်း အမှန်ပင် အားကျမိသည်။
ဤမိန်းကလေးမှာ တကယ်ကို သတ္တုတွင်းပိုင်ရှင် ဖြစ်နေသည်။
အထူးသဖြင့် သံချပ်ကာနှင့် သံလက်နက်များ ဖန်တီးရန် သံသတ္တုရိုင်း ရှားပါးနေချိန်တွင် ဤသတ္တုတွင်းများ၏ တန်ဖိုးမှာ အလွန် မြင့်မားလှသည်။
"ဟီးဟီး၊ ရှင် သံသတ္တုရိုင်း ဘယ်လောက် လိုချင်လို့လဲ..ကျွန်မ ပေးလို့ရတယ်နော်"
ရွှီရှင်းသည် ကျိချောင်းယန်၏ အဖွဲ့အစည်းအကြောင်းကို သတိရသွားပြီး လီဝမ်ရှီးကို စောစောက အကြောင်းအရာများ ပြောပြလိုက်သည်။
"လူစွမ်းကောင်းတွေချည်းပဲ စုထားတဲ့ အဖွဲ့အစည်းလား ရှင် ပါမယ်ဆိုရင်တော့ ကျွန်မ လည်း ပါမှာပေါ့၊ ဘာလို့ မပါဘဲ နေမလဲ"
လီဝမ်ရှီးမှာ လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
"ဒါနဲ့... ရှင် နဲ့ အဲဒီ ကျိချောင်းယန်က သံလက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေ လုပ်လို့ရပြီဆို"
"ဟုတ်တယ်။"
"အင်း... ဒါဆို ကျွန်မ က သံချပ်ကာ နှစ်စုံစာအတွက် ကုန်ကြမ်းတွေ ထုတ်ပေးမယ်၊ အဲဒီအစား ရှင်က ကျွန်မ အတွက်လည်း တစ်စုံ လုပ်ပေးမလား"
လီဝမ်ရှီးက အကဲစမ်းကာ မေးမြန်းလိုက်သည်။
"မင်း" ရွှီရှင်းက သူမကို အကဲခတ်ကြည့်လိုက်သည်။
"သံချပ်ကာ ဝတ်ပြီး မင်း လှုပ်ရှားနိုင်ပါ့မလား သေချာလို့လား"
"ဒီမှာရှင့်...ကျွန်မ က တော်တော် သန်တာနော်" လီဝမ်ရှီးက ကြွက်သားပြသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။
သူမ၏ ကြွက်သားများကို မမြင်ရသော်လည်း သူမ၏ ကျန်းမာကြံ့ခိုင်မှုက လှပသော ခွန်အားတစ်ရပ်ကို ဖော်ပြနေသည်။
"ပြီးတော့ ကျွန်မခန္ဓာကိုယ်ကလည်း စာချုပ်ကြောင့် တစ်ကြိမ် သန်မာလာပြီးသားလေ။"
"အိုကေလေ၊ ဒါပေမဲ့ ဝတ်မရရင် ငါ့ကို လာအပြစ်မတင်နဲ့နော်။"
"မတင်ပါဘူး မတင်ပါဘူး။ တကယ်လို့ ဝတ်လို့မရရင်လည်း ရှင် ပြောတဲ့ အဖွဲ့အစည်းထဲက တခြားလူတွေကို ပြန်ရောင်းလို့ ရတာပဲ။ ကျွန်မ မှာ သံတွေ အများကြီး ရှိပါတယ်၊ သတ္တုတွင်းတွေ မပြတ်ပါဘူး"
လီဝမ်ရှီးက ဒုက္ခပေးနေတဲ့ သံသတ္တုရိုင်း ပြဿနာကို တိုက်ရိုက် ဖြေရှင်းပေးလိုက်လေပြီ။
ဗီဒီယိုခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ရွှီရှင်း သစ်ပင်အိမ်ထဲ ပြန်ရောက်သည်နှင့် လီဝမ်ရှီးက သူ့ကို ကုန်သွယ်မှု ကမ်းလှမ်းချက် ပို့လာသည်။
အံ့သြစရာကောင်းသည်က သူမ ပို့လိုက်သည်မှာ သံသတ္တုရိုင်းများ မဟုတ်ဘဲ အရည်ကျိုပြီးသား သံတုံး (အစိမ်းရောင်အဆင့်) များ ဖြစ်နေသည်။
ထို့အပြင် သူမသည် သံတုံး (အပြာရောင်အဆင့်) ၈ တုံးကိုပင် ရက်ရက်ရောရော ပေးလိုက်သေးသည်။
အပြာရောင်အဆင့် သံတုံး ၈ တုံးတောင်လား။
ဒါဟာ တကယ်ကို ရက်ရောလွန်းလှသည်။
ငွေရတနာသေတ္တာ ရရှိသူများထဲတွင် သူမထက် အဆင့်မြင့်သည့်လူ တစ်ယောက်တည်းသာ ရှိခြင်းမှာ မဆန်းတော့ချေ။
သူမက စာတစ်စောင်လည်း ပို့ထားသေးသည်။
"ကျွန်မ ရှင့်ကိုသံတုံးတွေပဲ တိုက်ရိုက် ပေးလိုက်တယ်။ ကျွန်မအခန်းက ကျဉ်းကျဉ်းလေးဆိုတော့ သံသတ္တုရိုင်းတွေ အများကြီး မဆံ့ဘူး။ မီးဖိုကလည်း တစ်ချိန်လုံး မရပ်မနား လည်နေတာဆိုတော့ သံတုံးတွေ အများကြီး ရှိနေတာ။ သံချပ်ကာ တစ်စုံဆိုရင် လေးပိုင်း ပါတာလေ။ ရှင့် အတွက် လေးပိုင်း၊ ကျွန်မ အတွက် လေးပိုင်းဆိုတော့ စုစုပေါင်း ရှစ်ပိုင်းပေါ့။အပြာရောင် သံတုံး ၄ တုံးကတော့ ရှင် ပေးတဲ့ လိမ္မော်သီး နှစ်လုံးအတွက် ကျေးဇူးဆပ်တာပါ။ ရှင် က ကျွန်မ ကို တကယ် အများကြီး ကူညီပေးခဲ့တာပဲဟာ"
---
အခန်း ၄၅ ပြီး….