အခန်း (၆၁၁-၆၁၂)
Vol. 62 Ch. 611-612
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၁ + ၆၁၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
“ရွှီးးးးး”
လေထုကို ခွင်းလျက် ဓားတစ်စင်းသည် အရှိန်အဟုန်ပြင်းစွာ ကျဆင်းလာလေ၏။
ပေမင်ဂိုဏ်း၏ ၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန်၏ လက်ထဲမှ ဓားသည် တုပိုင်၏ ဦးခေါင်းထက်သို့ ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ကျဆင်းလာသည်။ အကယ်၍သာ ထိုဓားချက် ထိမှန်သွားခဲ့ပါက ရလဒ်မှာ တစ်ခုတည်းသာ ရှိပေမည်။ ယင်းမှာ... တုပိုင်၏ ခန္ဓာကိုယ်သာမက ဝိညာဉ်ပါမကျန် လွင့်ပါးပျောက်ကွယ်သွားရခြင်းပင် ဖြစ်၏။
သို့သော် “ဝုန်းးး” ဓားသွားသည် တုပိုင်၏ ဦးခေါင်းခွံနှင့် ဆံခြည်တစ်မျှင်စာ အကွာအဝေးသို့ ရောက်ရှိခါနီးအချိန်၌ ရုတ်တရက် တောင့်တင်းသွားကာ လေထဲတွင် ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် ရန်ထျန်၏ နှုတ်ဖျားမှ မိုးခြိမ်းသံပမာ အော်ဟစ်မေးမြန်းသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းစိတ်ထဲမှာ ရှိနေတဲ့ အရာရဲ့ နာမည်က ဘာလဲ”
တုပိုင်သည် ခေတ္တမျှပင် တွေဝေတုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ချက်ချင်းပင် တုံ့ပြန်ဖြေကြားလိုက်သည်။
“အိပ်မက်နယ်မြေ”
ယင်းစကားလုံးနှစ်လုံးသည် နှုတ်ဖျားမှ အလိုအလျောက် ထွက်ကျသွားခြင်း ဖြစ်သော်ငြား သာမန်ကာလျှံကာ ပေါ့တန်စွာ ပြောလိုက်ခြင်းမျိုးကား မဟုတ်ချေ။ ရန်ထျန်၏ ဓားသည် လေထဲတွင် တောင့်တင်းစွာ ရပ်တန့်နေဆဲဖြစ်ပြီး သူ၏ စူးရှသော မျက်လုံးများက တုပိုင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက်
“ဟူးးး . . .”
ရန်ထျန်သည် ဓားကိုပြန်ရုပ်သိမ်းရင်း လေးလံသော သက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။ သူ၏ မျက်နှာထားမှာ တင်းမာနေဆဲပင်။
“ဒီစကားလုံးနှစ်လုံး ပြောရုံနဲ့ မလုံလောက်သေးဘူးကွ။ ဒီကိစ္စက အရမ်းအရေးကြီးလွန်းတယ်။ ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ ယခင်ဂိုဏ်းချုပ်ဟောင်း ၅ ယောက်စလုံး မသေဆုံးခင် ဒီကမ္ဘာ့အက်ကွဲကြောင်းထဲကို ဝင်ရောက်ခဲ့ကြတာ ပေမင်ဘိုးဘေးရဲ့ ဟောကိန်းကြောင့်ပဲ။ တာဝန်သခင်ကောင်းကင်အရှင်ရောက်လာမယ့်အချိန်ကို စောင့်ဆိုင်းဖို့လေ . . .”
သူသည် စကားကို ခေတ္တရပ်လိုက်ပြီး လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
“ပြီးရင် သူ့ကို ပေမင်မဟာအတတ်နဲ့ ငါတို့ရဲ့ စွမ်းအင်အားလုံးကို လွှဲပြောင်းပေးရမှာ။ ဒါကြောင့် သူ့ရဲ့ အထောက်အထားကို ၁၀၀ ရာခိုင်နှုန်း သေချာမှ ဖြစ်မယ်။ အမှားအယွင်း နည်းနည်းလေး ရှိတာနဲ့ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းကောင်းကောင်း သိသင့်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ တုပိုင်သည် ကြောက်မက်ဖွယ်ရာ အကျိုးဆက်များကို တွေးကြည့်မိလိုက်သည်။ ယင်းက ဂိုဏ်းချုပ်အဆက်ဆက် အသက်စွန့်ပေးဆပ်ခဲ့ရမှုများ အချည်းနှီး ဖြစ်သွားရုံသာမက ဂိုဏ်းချုပ်တို့၏ ကျင့်ကြံခြင်း စွမ်းအားများပါ သဲထဲရေသွန် အလဟဿ ဖြစ်သွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ရန်ထျန်သည် ခေါင်းခါလိုက်ပြီး သတိပေးစကား ဆိုလိုက်သည်။
“မဟုတ်ဘူး ၊ မင်းက အကျိုးဆက်ကို လျှော့တွက်နေတုန်းပဲ။ လိင်မိစ္ဆာက ဘယ်သူ့ပုံစံမဆို ပြောင်းလဲနိုင်ပြီး လူသားတွေရဲ့ စိတ်နှလုံးကို နားလည်နိုင်တယ်လို့ ငါပြောခဲ့တယ်မလား။ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက မလုံလောက်သေးဘူး။ တကယ်လို့များ ငါတို့ရဲ့ စွမ်းအားတွေကိုသာ သူရသွားခဲ့ရင်... သူက ဒီကမ္ဘာ့အက်ကွဲကြောင်းရဲ့ ထွက်ပေါက်ကို ရှာဖွေနိုင်ပြီး ငါတို့ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်သွားလိမ့်မယ်”
ထိုစကားကြောင့် တုပိုင်၏ ခန္ဓာကိုယ် တုန်လှုပ်သွားရ၏။
“ဒါဆိုရင် သူတို့က ကျွန်တော်တို့ကမ္ဘာဆီကို ရောက်လာတဲ့ တခြားကမ္ဘာက သူလျှိုတွေ ဖြစ်လာမှာပေါ့”
“မှန်တယ် . . .”
ရန်ထျန်သည် ထောက်ခံလိုက်ပြီး အံကိုကြိတ်ကာ ဆက်ရှင်းပြသည်။
“ဒီလိင်မိစ္ဆာတွေက ငါတို့ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်နိုင်တာနဲ့ အကြောက်စရာအကောင်းဆုံး သူလျှိုတွေ ဖြစ်လာကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က လူ့စိတ်ကို နားလည်ပြီး ဘယ်သူ့ပုံစံမဆို ပြောင်းလဲနိုင်လို့ပဲ။ ငါတို့ကမ္ဘာထဲမှာ ပုန်းအောင်းနေပြီး နယ်မြေအရှင်သခင် တစ်ယောက် ဖြစ်လာနိုင်သလို ကြီးမားတဲ့ အာဏာကိုလည်း ဆုပ်ကိုင်ထားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ နောက်ဆုံးတာဝန်က အလွန်ကြီးမားတဲ့ စွမ်းအားကို အသုံးပြုပြီး ငါတို့ကမ္ဘာရဲ့ အက်ကွဲကြောင်းကို နောက်တစ်ကြိမ် ထပ်မံဆုတ်ဖြဲဖို့ပဲ”
သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းလာပြီး ဆက်ပြော၏။
“ပြီးရင် တခြားကမ္ဘာက မိစ္ဆာတွေကို ငါတို့ကမ္ဘာထဲ ဝင်ရောက်လာအောင် လုပ်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ကမ္ဘာကြီးက... လုံးဝ ပျက်စီးသွားပြီး ယဉ်ကျေးမှုတစ်ခုလုံး အစတုန်းသွားလိမ့်မယ်”
တုပိုင် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“ဒါဆို အခု ကျွန်တော်တို့ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်သွားတဲ့ လိင်မိစ္ဆာ ရှိနေပြီလား”
ရန်ထျန်သည် ပြန်ဖြေလိုက်၏။
“ငါတို့ ပေမင်ဂိုဏ်းချုပ်တွေ ကမ္ဘာ့အက်ကွဲကြောင်းထဲ ခုန်ဆင်းပြီး ဒီလမ်းကြောင်းတွေကို စောင့်ကြပ်နေခဲ့တာလေ။ ထိုးဖောက်ဖို့ ကြိုးစားတဲ့ လိင်မိစ္ဆာမှန်သမျှကို ငါတို့ မြင်တွေ့ပြီး သတ်ပစ်ခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်တော့ ငါတို့ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လိင်မိစ္ဆာ မရှိသေးဘူး။ ဒါပေမဲ့...”
သူ၏အသံက ပို၍ တင်းမာလာသည်။
“ဒီလိင်မိစ္ဆာတွေက ပိုပိုပြီး ကောက်ကျစ်လာကြတယ်။ မကြာသေးခင်ကပဲ လိင်မိစ္ဆာတစ်ကောင်က ငါတို့အားလုံးကို လှည့်စားပြီး ငါတို့ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်လုနီးပါး ဖြစ်ခဲ့တယ်”
“သူဘယ်လိုလုပ်ခဲ့တာလဲ။ ဘယ်သူ့ပုံစံ အသွင်ယူခဲ့တာလဲ”
“သူက ဒီမျိုးဆက်ရဲ့ ပေမင်ဂိုဏ်းချုပ် ၊ ငါ့ရဲ့ တပည့် နင်တောက်ရွှမ် ပုံစံ ပြောင်းလဲခဲ့တာ”
ရန်ထျန်၏ မျက်နှာတွင် နာကျင်မှုနှင့် ဒေါသတို့ ရောထွေးသွားသည်။
“သူက ငါ့ရဲ့ အလေးစားရဆုံး တပည့်ဖြစ်လို့ ငါသူ့ကို မကြာခဏ သတိရတယ်။ ဒါပေမဲ့ လိင်မိစ္ဆာက ငါ့စိတ်ကို ဖတ်ပြီး နင်တောက်ရွှမ်ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို သိသွားတယ်။ ဒါကြောင့် သူက နင်တောက်ရွှမ်ပုံစံ ဟန်ဆောင်ခဲ့တာ။ တစ်ပုံစံတည်း နီးပါး တူတယ်။ သူငါ့ကို လှည့်စားလုနီးပါး ဖြစ်ခဲ့ပြီး ငါတို့ကမ္ဘာထဲကို ဝင်ရောက်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သေစေနိုင်တဲ့ အမှားတစ်ခု လုပ်မိသွားတယ်”
နောက်ထပ် နင်တောက်ရွှမ်တစ်ယောက် ကမ္ဘာထဲ ရောက်လာခဲ့လျှင် မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို တွေးကြည့်ရုံမျှနှင့်ပင် တုပိုင် ကျောချမ်းသွားသည်။
“ဒါဆို ဘိုးဘေးက ဘယ်လိုလုပ် ရိပ်မိသွားတာလဲ”
ရန်ထျန်သည် ရှင်းပြလိုက်သည်။
“နင်တောက်ရွှမ်ရဲ့ ဆံပင်ပဲ... ငါ့မှတ်ဉာဏ်ထဲမှာ နင်တောက်ရွှမ်ရဲ့ ဆံပင်တစ်ချို့က ဖြူနေခဲ့တယ်။ အဲဒီတုန်းက ကျီယင်ယင်ရဲ့ ကိစ္စကြောင့် ၊ ပြီးတော့ သူအဖြေရှာမရတာတွေကြောင့် ဆံပင်ဖြူတစ်ချို့ ပေါ်လာခဲ့တာ။ လိင်မိစ္ဆာက နင်တောက်ရွှမ်အဖြစ် ပြောင်းလဲတဲ့အခါ အဲဒီဆံပင်ဖြူတွေ ပါလာတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နင်တောက်ရွှမ်က ဒီစိတ်အရှုပ်အထွေးတွေကို ဖြေရှင်းနိုင်ခဲ့ပြီး ဆံပင်ဖြူတွေ တဖြည်းဖြည်း လုံးဝ ပြန်နက်သွားပြီဆိုတာ ငါသေချာပေါက် သိနေတယ်။ ဒီအချက်ကြောင့်ပဲ လိင်မိစ္ဆာရဲ့ လှည့်ကွက်ကို ငါမြင်သွားတာ”
တုပိုင်သည် နင်တောက်ရွှမ်ကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်ရာ သူ၏ ဆံပင်များ အမှန်တကယ် နက်မှောင်နေသည်ကို သတိရလိုက်သည်။
ရန်ထျန်သည် လေးလေးနက်နက် ဆိုလိုက်၏။
“ဒီတစ်ခါ အခြေအနေက အန္တရာယ်များတယ်လို့ မင်းမထင်ဘူးလား။ ငါတို့ ကြီးမားတဲ့ အမှားတစ်ခု ၊ ပြန်ပြင်လို့မရတဲ့ အမှားတစ်ခု လုပ်မိလုနီးပါး ဖြစ်ခဲ့တယ်”
တုပိုင်သည် ခေါင်းညိတ်လိုက်သည်။
“လိင်မိစ္ဆာတွေက ပိုပိုပြီး ကောက်ကျစ်လာမယ်။ သူတို့ရဲ့ လှည့်ကွက်တွေကလည်း ပိုပိုပြီး အဆင့်မြင့်လာလိမ့်မယ်။ ပေမင်ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်သခင်ကောင်းကင်အရှင်ဆိုတာ သူတို့ရဲ့ နောက်ဆုံးဝှက်ဖဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ငါတို့ ဂိုဏ်းချုပ်ကြီးတွေ ကမ္ဘာ့အက်ကွဲကြောင်းထဲမှာ ကျန်ရစ်ခဲ့တဲ့ တာဝန်က ဘိုးဘေးရဲ့ ဟောကိန်းထဲက လူကို စောင့်ဆိုင်းဖို့ပဲလေ။ တကယ်လို့ လိင်မိစ္ဆာသာ တာဝန်သခင်ကောင်းကင်အရှင်အဖြစ် အသွင်ပြောင်းပြီး ပေမင်မဟာအတတ်ကို သင်ယူသွားမယ် ၊ ငါတို့ရဲ့ စွမ်းအားတွေကို ဝါးမြိုသွားမယ် ၊ နောက်ဆုံးမှာ ငါတို့ကမ္ဘာထဲကို ဝင်ရောက်ပြီး သူလျှို ဖြစ်သွားမယ်ဆိုရင်... အကျိုးဆက်က ဘယ်လိုဖြစ်မယ်လို့ မင်းထင်လဲ”
အကျိုးဆက်မှာ တွေးကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ် ကောင်းလှသည်။
“ဒါကြောင့် မင်းရဲ့ အထောက်အထားကို ၁၀၀ ရာခိုင်နှုန်း သေချာမှပဲ ပေမင်မဟာအတတ်နဲ့ ငါတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ပေးအပ်နိုင်မှာ”
ထိုအချက်ကိုမူ တုပိုင် အပြည့်အဝ နားလည်သဘောပေါက်လိုက်သည်။ သို့သော် ရန်ထျန်၏ နောက်စကားက သူ့ကို အကျပ်ရိုက်သွားစေသည်။
“ပြီးတော့ ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်သခင်ကောင်းကင်အရှင်မှာ ထူးခြားတဲ့ အမှတ်အသား နှစ်ခု ရှိတယ်။ တစ်ခုက ငရဲမီးတောက်ကို ထုတ်လွှတ်နိုင်တာ ၊ နောက်တစ်ခုက နဂါးအကြေးခွံပဲ”
တုပိုင်သည် ဤအရာနှစ်ခုစလုံးကို မထုတ်လွှတ်နိုင်ပေ။ ထို့ကြောင့် သူ့ကို လိင်မိစ္ဆာ အသွင်ပြောင်းထားသည့် တုပိုင်အတုဟု သတ်မှတ်လိုက်ခြင်းမှာ မဆန်းပေ။ နေရာချင်းလဲပြီး တုပိုင်သာဆိုလျှင်လည်း လုံးဝ ယုံကြည်မည် မဟုတ်ချေ။
“ဒါကြောင့် မင်းရဲ့ အထောက်အထားကို သက်သေပြဖို့ နဂါးအကြေးခွံ ဒါမှမဟုတ် ငရဲမီးတောက် တစ်ခုခုကို မဖြစ်မနေ ထုတ်ပြရမယ်”
ဤအချက်နှင့် ပတ်သက်၍ တုပိုင် တကယ်ပင် ဘာမှမတတ်နိုင်တော့ချေ။ သူသည် ကြံရာမရသည့်အဆုံး မေးလိုက်သည်။
“ကမ္ဘာ့အက်ကွဲကြောင်းထဲမှာ ငရဲမီးတောက် ရှိလား။ ငရဲမီးတောက်က အရာအားလုံးကို လောင်ကျွမ်းစေပြီး ငြိမ်းသတ်နိုင်တယ် ဆိုပေမဲ့ ကျွန်တော်က ငရဲမီးတောက်ကို မကြောက်ဘူး။ အဲဒီအပြင် လုံးဝကို ဝါးမြိုနိုင်တယ်။ ဒါက ကျွန်တော့်ရဲ့ ထူးခြားတဲ့ စွမ်းအင် ဖြစ်သင့်တယ်။ ဒါဆိုရင် တာဝန်သခင်ကောင်းကင်အရှင်ဆိုတဲ့ ကျွန်တော့်ရဲ့ အထောက်အထားကို သက်သေပြနိုင်လိမ့်မယ်”
ရန်ထျန်သည် အချိန်အကြာကြီး တိတ်ဆိတ်နေလေသည်။ ထို့နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။
“တုပိုင်... မင်းသိလား ၊ ကမ္ဘာ့အက်ကွဲကြောင်းဆိုတာ ငါတို့ကမ္ဘာရဲ့ အက်ကွဲကြောင်း တစ်ခုတည်း မဟုတ်ဘူး။ တခြားကမ္ဘာရဲ့ အက်ကွဲကြောင်းလည်း ဖြစ်နေတယ်”
တုပိုင်သည် ဤအချက်ကို နားလည်သည်။
“ကမ္ဘာ့အက်ကွဲကြောင်းထဲမှာ ငရဲမီးတောက် ရှိတယ်။ ဒါပေမဲ့... အဲဒါက တခြားကမ္ဘာရဲ့ အက်ကွဲကြောင်းနဲ့ နီးကပ်နေတယ်။ အဲဒါက ဘာကို ဆိုလိုလဲဆိုတော့... ကြောက်စရာကောင်းတဲ့ အန္တရာယ်ပဲ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ငါတို့ ဘာနဲ့တွေ့မလဲဆိုတာ မသိနိုင်လို့ပဲ”
ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။ သို့သော် တုပိုင်တွင် ရွေးချယ်စရာ မရှိတော့ပေ။
“စီနီယာရန်ထျန်... အခုအချိန်မှာတော့ ငရဲမီးတောက်ထဲ ရပ်နေပြီး မလောင်ကျွမ်းတာရယ် ၊ ငရဲမီးတောက်ကို ဝါးမြိုပြနိုင်တာရယ်ကလွဲပြီး ကျွန်တော့်ရဲ့ အထောက်အထားကို သက်သေပြဖို့ တခြားနည်းလမ်း မရှိတော့ဘူး။ အရာအားလုံးက စီနီယာ့သဘောပါပဲ”
ရန်ထျန်သည် လက်ကာပြလိုက်၏။
“ခဏလောက် စောင့်ပါဦး”
ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ပြီး စဉ်းစားခန်း ဝင်သွားလေတော့သည်။
**--**--**--**--**--**--**--**
ဟင်းလင်းပြင်ထဲတွင် အလင်းရောင်နှင့် အရိပ်လေးခု စိုးရိမ်တကြီး စောင့်ဆိုင်းနေကြလေ၏။
“စနစ်ရှင်က အခုထိ တုံ့ပြန်မှု မရှိသေးဘူး”
“ငါးရက်တောင် ရှိသွားပြီ”
ရွှေရောင်အလင်းတန်းက ဝင်ပြောလိုက်သည်။
“ပထမဆုံး စနစ်ရှင် ပေမင်ဘိုးဘေးက အစကတည်းက စီစဉ်ပြီးသားပါ။ သူ့ရဲ့ ဟောကိန်းကို ကြည့်ရင် သိနိုင်တယ်။ တုပိုင်က သူစီစဉ်ထားတဲ့ လူတွေနဲ့ တွေ့ဆုံသရွေ့ အကျပ်အတည်း အများစုက ပြေလည်သွားမှာပါ”
သို့သော် အစိမ်းရောင်အလင်းတန်းသည် စိုးရိမ်တကြီး ဆိုသည်။
“ဒါပေမဲ့ ငါတို့ ကမ္ဘာ့အက်ကွဲကြောင်းထဲ တစ်ခါမှ မရောက်ဖူးဘူး။ အဲဒီမှာ ဘယ်လိုပုံစံ ရှိလဲဆိုတာ ငါတို့ မသိဘူး။ ငါ့စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်။ ငါတို့စနစ်ရှင် ကြုံတွေ့ရမယ့် စမ်းသပ်မှုက မကြုံစဖူး ဖြစ်လာလိမ့်မယ်လို့ ထင်တယ်”
အပြာရောင်အလင်းတန်းသည် ထောက်ခံလိုက်သည်။
“ဒါ့အပြင် ဒီတစ်ခါ သူက ငါတို့ရဲ့ အကူအညီ မပါဘူး”
အနီရောင်အလင်းတန်းသည် နိဂုံးချုပ်လိုက်၏။
“စနစ်ရှင် ကြုံတွေ့ရမယ့် အရာတွေက ငါတို့ရဲ့ အစီအစဉ်နဲ့ လုံးဝ ကွဲပြားခြားနားလိမ့်မယ်။ ဇောက်ထိုးမိုးမျှော်တောင် ဖြစ်သွားနိုင်တယ်လို့ ငါထင်နေတယ်”
* *
တာ့နင်အင်ပါယာ၏ အနောက်တောင်ဘက် ဒေသ။
တုပိုင် ထွက်ခွာသွားသည်မှာ ရက်ပေါင်း ၂၀ ရှိပြီ ဖြစ်သည်။ သို့သော် သူ၏ အင်အားစုများ ဖွံ့ဖြိုးတိုးတက်မှုသည် သူထွက်ခွာသွားခြင်းကြောင့် ရပ်တန့်မသွားဘဲ ကြောက်စရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်နေဆဲ ဖြစ်သည်။
စစ်ခုန်းယဲ့၏ ဓာတ်ခွဲခန်းသည် ရူးသွပ်စွာ တိုးချဲ့လျက် ရှိသည်။ ယနေ့တွင် စစ်ပညာရှင်တစ်ထောင်ကျော်ကို စုဆောင်းထားပြီး သူတို့အနက် အရေးပါဆုံး အင်အားစုမှာ မီးနတ်ဘုရား အမြောက်တပ်ဖွဲ့ ဖြစ်သည်။
အမြောက်တပ်သားများသည် ဦးစွာ သင်္ချာကို နားလည်ထားရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သင်္ချာသည် သိပ္ပံပညာရပ်အားလုံး၏ မိခင် ဖြစ်သောကြောင့်ပင်။ သင်္ချာသာမထွန်းကားလျှင် အမြောက်နှင့် သေနတ်ကဲ့သို့သော အပူလက်နက်များသည် ဘယ်သောအခါမှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ သင်္ချာသည် အရာရာဖြစ်၏။ စကြဝဠာကြီး၏ ဘာသာစကားတစ်ခုလည်းဖြစ်သည်။
အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်မှုကြောင့် အင်ပါယာ၏ အနောက်တောင်ဘက်ရှိ ဘူမိဗေဒ အနေအထား လုံးဝ ပြောင်းလဲသွားပြီး တွင်းထွက်သတ္တုများ ၊ အထူးသဖြင့် တန်ဖိုးကြီး လျှို့ဝှက်ရွှေ သတ္တုသိုက်များ ပေါ်ပေါက်လာခဲ့သည်။ တုပိုင်သည် စစ်သုဥ့်ပန်းများကို သတ္တုတွင်းကျွန် သောင်းနှင့်ချီအဖြစ် ပြောင်းလဲလိုက်သဖြင့် သတ္တုရိုင်းမျိုးစုံ တူးဖော်ရရှိကာ သတ္တုမျိုးစုံအဖြစ် ပြောင်းလဲလျက် ရှိသည်။
တစ်ချိန်တည်းမှာပင် အင်ပါယာ၏ အနောက်တောင်ဘက်နှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကြားရှိ လမ်းကြောင်းကို လုံးဝ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
နေ့စဉ်နီးပါး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရင်းအမြစ်များကို ဆက်တိုက် သယ်ယူပို့ဆောင်လျက်ရှိရာ ထိုအထဲ၌ အလွန်တန်ဖိုးရှိသော အလင်းရွှေများသည်လည်း ပါဝင်နေသည်။
အင်ပါယာ၏ အနောက်တောင်ဘက်နှင့် နှိုင်းယှဉ်လျှင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ တွင်းထွက်များသည် ပိုမိုပေါများပြီး တန်ဖိုးရှိသည်။ နှစ်ပေါင်းရာချီ တူးဖော်ပြီးနောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ရှိ အလင်းရွှေ သတ္တုတွင်းများ၏ ဆယ်ပုံတစ်ပုံခန့် တူးဖော်ပြီးဖြစ်သော်လည်း များစွာ ကျန်ရှိနေသေး၏။
ယခင်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သည် အလင်းရွှေ အမြောက်အမြား တူးဖော်ခဲ့ပြီး သံချပ်ကာ ၊ လေးနှင့် မြှား စသည်တို့ကို တစ်သိန်းခန့် ထုတ်လုပ်ခဲ့သည်။ ထို့အပြင် ကျင်း သန်းနှင့်ချီ သိုလှောင်ထားသဖြင့် ဆက်လက်တူးဖော်ရန် မလိုအပ်တော့သောကြောင့် သတ္တုတွင်းကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခု တုပိုင်၏ အင်အားစုများ ရူးသွပ်စွာ တိုးချဲ့လာမှုနှင့်အတူ ပိတ်ထားသော သတ္တုတွင်းများကို တစ်ဖန် ပြန်လည်ဖွင့်လှစ်လိုက်ပြီး လူပေါင်းသောင်းနှင့်ချီကာ အလင်းရွှေ သန့်စင်ခြင်း လုပ်ငန်းတွင် တစ်ဖန် ဝင်ရောက်လုပ်ကိုင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ စစ်တပ်သည် သံချပ်ကာ နှစ်သိန်းမှ သုံးသိန်းအထိ လိုအပ်သောကြောင့် ဖြစ်သည်။ များပြားလှသည့် စစ်သည်အင်အားကြောင့် ဓားများ ၊ လေးနှင့် မြှားများကို ပိုမိုပြီး လိုအပ်လာသည်။ အထူးသဖြင့် အမြောက်များ ပိုမိုလိုအပ်ပြီး ၁၂ ပေါင် အမြောက်သာမက ၁၈ ပေါင် ၊ ၂၄ ပေါင် အမြောက်များကိုပါ လိုအပ်လာ၏။
လူအချို့၏ ဉာဏ်အလင်းပွင့်မှုကြောင့် မီးနတ်ဘုရားဂိုဏ်း၏ သံမဏိအဆင့်အတန်းသည် မြင့်မားနေပြီဖြစ်ရာ အမြောက်များ သွန်းလုပ်ရန် ပြဿနာကြီး မဟုတ်ပေ။ သို့သော် ပြုလုပ်ထားသော အမြောက်များမှာ လေးလံလွန်းသည်။
ထို့ကြောင့် ယခုအခါ စစ်ပညာရှင်အဖွဲ့သည် အမြောက်များကို အလင်းရွှေဖြင့် သွန်းလုပ်ရန် စီစဉ်နေကြလေသည်။ ထိုသို့သော အမြောက်များသည် သာမန်အမြောက်များထက် ပိုမိုပေါ့ပါးပြီး ပိုမိုခိုင်ခံ့ပေလိမ့်မည်။ ထို့အပြင် စစ်ခုန်းယဲ့၏ အဖွဲ့သည် နောက်ပွင့်သေနတ်နှင့် အမြောက်ပြောင်းအတွင်းရှိ ရိုင်ဖယ်အမြောင်းများကိုပါ စတင် လေ့လာနေကြပြီ ဖြစ်သည်။
မီးကျောက်သေနတ်နှင့် ပတ်သက်၍ ဆိုရလျှင် အခြားကမ္ဘာမြေတွင် ဤကာလ၌ မီးကျောက်သေနတ်များ ပေါ်ပေါက်နေပြီဖြစ်ပြီး အနောက်ကမ္ဘာ စစ်ပွဲများ၏ အဓိကလက်နက် ဖြစ်ပြီးနေပြီဖြစ်၏။ သို့သော် တုပိုင် အင်အားစုများကမူ သုတေသန စီမံကိန်း အနည်းငယ်သာ မီးကျောက်သေနတ်ပေါ်တွင် ရှိနေသည်။ အကြောင်းရင်းမှာ ဤကမ္ဘာရှိ လေးနှင့် မြှားများ၏ စွမ်းအားသည် အလွန်ပြင်းထန်လွန်းနေပြီး မီးကျောက်သေနတ် သုတေသနမှာ ယခုအချိန်၌ မလိုအပ်သေးသောကြောင့် ဖြစ်သည်။
ဤရက်ပိုင်းအတွင်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရာရှိ ရာပေါင်းများစွာ ရေးဆွဲခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် တရားဝင် ပုံပေါ်လာပြီ ဖြစ်၏။ ထိုသည်က ရှေးကျသော ပုံစံနှင့် အလွန်ခေတ်မီသော ပုံစံတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ပထမဦးစွာဖြင့် စည်းမျဉ်းအများစုသည် ချင်မင်းဆက် ဥပဒေများနှင့် ဆင်တူပြီး အလွန်တင်းကျပ်ကာ လူတန်းစား အဆင့်အတန်း ခွဲခြားမှုမှာလည်း အလွန်ရှင်းလင်းသည်။ သို့သော် ခေတ်မီသော မြေယာတော်လှန်ရေး တစ်ခုလည်း ပါဝင်လေသည်။ စစ်တပ်ကို တိုက်ရိုက်အသုံးပြုပြီး အရိုးရှင်းဆုံးနှင့် အရိုင်းစိုင်းဆုံး နည်းလမ်းများကို သုံးကာ ကျယ်ပြန့်သော မြေများကို ရှင်းလင်းပြီး တောင်သူလယ်သမား အများစုကို စိုက်ပျိုးရန် ခွဲဝေပေးသည်။
အမှန်စင်စစ်တွင် မြေများကို တိုက်ရိုက် သိမ်းဆည်းခြင်း မဟုတ်ဘဲ တုပိုင်သည် ငွေကြေးသုံးစွဲကာ ဝယ်ယူပြီးမှ တောင်သူများကို စိုက်ပျိုးရန် ပြန်လည်ခွဲဝေပေးခြင်း ဖြစ်သော်လည်း ဈေးနှုန်းမှာ အလွန်နိမ့်ကျသည်။ ထို့ကြောင့် အနောက်တောင်ပိုင်း ပြည်နယ်သုံးခုမှ မြေပိုင်ရှင်ကြီးများနှင့် စာပေပညာရှင် မိသားစုများသည် တုပိုင်ကို မုန်းတီးကြပြီး ဘေးအန္တရာယ်ကောင်အဖြစ် သတ်မှတ်ကြသည်။
ထို့ပြင် ကြွေးကြော်သံများ အော်ဟစ်ကာ မည်သည့် ပညာရှင်မျှ တုပိုင်ထံ အမှုမထမ်းသင့်ကြောင်း ၊ သို့မဟုတ်ပါက ပညာရှင်တို့၏ အရှက်တရား ဖြစ်ကြောင်း ပြောဆိုကြသည်။ တိုက်ဆိုင်စွာပင် တုပိုင်သည်လည်း သူတို့ကို မလိုအပ်ဘဲ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရာရှိ ထောင်ပေါင်းများစွာကို တိုက်ရိုက်ခေါ်ယူပြီး ပြည်နယ်သုံးခု၏ အောက်ခြေအဆင့်များတွင် ဖြန့်ကြက်လိုက်သည်။
စီရင်စုမှူးအထက် အရာရှိများအတွက်မူ အများစုမှာ မူလလူဟောင်းများ ဖြစ်ကြပြီး တုပိုင်အပေါ် သစ္စာမရှိသော ကြွေးကြော်သံများကို အော်ဟစ်မည် မဟုတ်ပေ။ အရာရှိ လုပ်ခွင့်ရသရွေ့ မည်သည့်နေရာရောက်ရောက် မည်သည့် ကြွေးကြော်သံမဆို အော်ဟစ်နိုင်ပြီး သီချင်းဆိုခိုင်းလျှင်လည်း ဆိုကြမည့်သူများ ဖြစ်သည်။
မင်းဆက်ငါးပါးနှင့် တိုင်းနိုင်ငံတစ်ဆယ်ခေတ်က တောင်ပိုင်းဟန်မင်းဆက်တွင် အရာရှိဖြစ်လိုလျှင် သင်းကွပ်ခံရမည်ဟု ဆိုသဖြင့် မရေမတွက်နိုင်သော လူများက မိမိကိုယ်ကို တစ်ယောက်ပြီးတစ်ယောက် သင်းကွပ်ခဲ့ကြဖူးသည်။ အာဏာနှင့် စည်းစမ်း၏ ဆွဲဆောင်မှုမှာ သောက်ကျိုးနည်းလှသည်။
တုပိုင်၏ စီမံကိန်းတွင် လက်နက် အလုပ်ရုံ ၊ အထည်အလိပ် အလုပ်ရုံ ၊ သတ္တုသန့်စင်ရေး အလုပ်ရုံ စသည်တို့သည် ထိပ်တန်း ဦးစားပေး ဖြစ်လာမည် ဖြစ်သည်။ ငွေကြေးနှင့် လုပ်အား အမြောက်အမြား၏ လွှမ်းမိုးမှုအောက်တွင် ဤအဆောက်အအုံများ၏ တည်နေရာများကို အပြည့်အဝ စီစဉ်ထားပြီးဖြစ်ရာ မကြာမီ တည်ဆောက်ရေး စတင်တော့မည် ဖြစ်သည်။
အရာအားလုံးသည် တိုင်းပြည်ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ၏ အနှစ်သာရများဖြင့် ပြည့်နှက်နေလေ၏။ တစ်ခုတည်းသော အားနည်းချက်မှာ သင်္ဘောကျင်းပင် ဖြစ်သည်။ လက်ရှိအချိန်၌ သူတို့ထံတွင် ကျွမ်းကျင်ပညာရှင် မရှိသဖြင့် သွေးနဂါးဂိုဏ်းနှင့် အန်နမ်နိုင်ငံတို့က သင်္ဘောဆောက်လုပ်သူ အများအပြားကို တုပိုင်၏ နယ်မြေသို့ စေလွှတ်ရန် အဆင်သင့် ဖြစ်နေကြသည်။ သို့သော် အရှေ့တိုင်းကမ္ဘာသည် ပိတ်ဆို့ခံထားရသည်မှာ ကြာမြင့်လှပြီဖြစ်ရာ သူတို့ဆောက်လုပ်သော သင်္ဘောများသည် ခေတ်နောက်ကျ ကျန်ရစ်နေဆဲ ဖြစ်သည်။
ကမ္ဘာ့အဆင့်အမီဆုံး သင်္ဘောကျင်းသည် အရှေ့ဘက် ပြည်ထောင်စု ၊ မီးနတ်ဘုရားကမ္ဘာနှင့် အနောက်ကမ္ဘာတို့တွင် ရှိသည်။
တုပိုင်၏ စီမံကိန်းတွင် အရှေ့ဘက် ပြည်ထောင်စုနှင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲသည် ကြီးမားသော ရေကြောင်းတိုက်ပွဲ ဖြစ်ရပေမည်။ အင်အားကြီးမားသော ရေတပ်အုပ်စု မရှိလျှင် တာ့နင်အင်ပါယာသည် ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးရမည်ဖြစ်ပြီး လုံးဝ ခံစစ်အနေအထားဖြင့်သာ ရင်ဆိုင်ရကာ အရှေ့ဘက် ပြည်ထောင်စု၏ အဓိကနယ်မြေကို မည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
တုပိုင်၏ စစ်တပ်နှင့် အရာရှိများ တစ်ဆင့်ပြီးတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာသည်နှင့်အမျှ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို အုပ်ချုပ်မှုသည်လည်း စတင် အမြစ်တွယ်လာခဲ့သည်။ တုပိုင် မရှိသောကြောင့် လီဝမ်ဟွေ့သည် အနောက်တောင်ပိုင်း ပြည်နယ်သုံးခု၏ နံပါတ်တစ် ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဤရက်ပိုင်းအတွင်း အဖြစ်အပျက် အချို့ ဖြစ်ပျက်ခဲ့သည်။ တုကျန်းသည် ကွမ်ရှီးဘုရင်ခံအဖြစ်မှ နုတ်ထွက်ပြီး ဖူကျန့်ဘုရင်ခံ ဖြစ်လာခဲ့သည်။
တုပိုင်၏ ဖိတ်ကြားချက်အရ ဆုန်ချွဲ၏ ခမည်းခမက် ၊ ယခင် ကွမ်ရှီးပညာရေးမှူး ဝူစန်းရှီသည် ကွမ်ရှီးဘုရင်ခံ ဖြစ်လာခဲ့သည်။
ဘုရင်ခံအသစ်သည် ခက်ခဲသော အသွင်ကူးပြောင်းမှုတစ်ခုကို ကြုံတွေ့နေရဆဲ ဖြစ်သည်။ သူသည် ယခင်က နိုင်ငံရေး လေ့လာမှုများကိုသာ တာဝန်ယူခဲ့ရသော်လည်း ယခုအခါ အရပ်ဘက် အုပ်ချုပ်ရေးအရာရှိ ဖြစ်လာရန် အလွန်ခက်ခဲနေသည်။ သူသည် တုပိုင် သတ်မှတ်ထားသော မူဝါဒများကို သဘောမတူပေ။ သူတို့သည် အလွန်ကြမ်းတမ်းပြီး ရက်စက်လွန်းသည်။ သို့သော် ဧကရာဇ်၏ အမိန့်တော်အောက်တွင် သူနားမလည်သော်လည်း အပြည့်အဝ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရင်း သင်ယူခဲ့သည်။
ထို့နောက် မတော်တဆပင် ဘုရင်ခံအသစ် ဝူစန်းရှီက ပြောလိုက်မိသည်။
“တုပိုင်က ဥပဒေကို ပြောင်းလဲတော့မှာ”
ရလဒ်အနေဖြင့် တုပိုင်၏ ပြုပြင်ပြောင်းလဲရေးဟူသော စကားရပ် ပြန့်နှံ့သွားခဲ့သည်။ အခြားကမ္ဘာမြေ၏ သမိုင်းတွင် ရှန်ယန် ပြုပြင်ပြောင်းလဲရေး ၊ ဝမ်အန်းရှီ ပြုပြင်ပြောင်းလဲရေး ၊ ကျန်းကျူကျန့် ပြုပြင်ပြောင်းလဲရေး ၊ ဝူရွှီ ပြုပြင်ပြောင်းလဲရေး စသည်ဖြင့် ရှိခဲ့သည်။ ရှန်ယန် တစ်ယောက်သာ ပြုပြင်ပြောင်းလဲရေးတွင် အောင်မြင်ခဲ့ပြီး ကျန်လူများ ကျရှုံးခဲ့ကြသည်။
ကျန်းကျူကျန့်သည်တော့ ၃၀ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
ပြုပြင်ပြောင်းလဲရေး အောင်မြင်သည်နှင့် တပြိုင်နက် အင်အားကြီးမားလာမည်ကို လူတိုင်း သိကြသည်။ သို့သော် အဘယ်ကြောင့် ရှန်ယန်၏ ပြုပြင်ပြောင်းလဲရေးသာ အောင်မြင်ခဲ့သနည်း။ အကြောင်းမှာ မင်းဘုရင်၏ ပကတိဆန္ဒတော်က အကျိုးစီးပွား အုပ်စုအားလုံး၏ တန်ပြန်တိုက်ခိုက်မှုများကို ဖိနှိပ်ထားနိုင်ခဲ့သောကြောင့် ဖြစ်၏။ ချင်မင်းဘုရင် လုပ်နိုင်ခဲ့သော်လည်း ဆုန်ဧကရာဇ် မလုပ်နိုင်ခဲ့ပေ။ ကျန်းကျူကျန့် မလုပ်နိုင်ခဲ့ပေ။ ကွမ်ရွှီ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ပြောင်းလဲနိုင်ပါမည်လား။ တုပိုင်သည် အကျိုးစီးပွား အုပ်စုအားလုံး၏ တန်ပြန်တိုက်ခိုက်မှုများကို ဖိနှိပ်နိုင်မည်လား။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၁ + ၆၁၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team