← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၃ + ၆၁၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

စိတ်မကောင်းစရာပင်။ အနောက်တောင်ပိုင်း ပြည်နယ်သုံးခုရှိ ကိုယ်ကျိုးစီးပွား အုပ်စုများသည် လီဝမ်ဟွေ့ကြောင့် တစ်ကြိမ် ၊ ဖန်းရှဲ့ကြောင့် တစ်ကြိမ် ၊ လီရူဟိုင်ကြောင့် တစ်ကြိမ် ၊ နောက်ဆုံးတွင် တုပိုင်၏ လက်ချက်ဖြင့် အထိနာခဲ့ရပြီး ဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်တွင် ဤပြည်နယ်သုံးခုရှိ အကျိုးစီးပွား အုပ်စုများသည် စာရွက်ဖြူတစ်ရွက်ထက်ပင် ပို၍ ရှင်းလင်းနေကြပြီ ဖြစ်သည်။

ထို့ကြောင့်ပင် တုပိုင်၏ ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ ပုံပျက်ပန်းပျက်နှင့် ကျိုးကြောင်းဆီလျော်မှု မရှိသလို ၊ ဤပြည်နယ်သုံးခု၏ ပထဝီဝင်အနေအထား ဆိုးရွားသော်လည်း ကာလတိုအတွင်း အံ့မခန်း ရလဒ်များကို ဖော်ဆောင်နိုင်ပေလိမ့်မည်။ ဆိုရလျှင် တုပိုင် မရှိလျှင်ပင် အနောက်တောင်ပိုင်း ပြည်နယ်သုံးခုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲလျက် ရှိသည်။ နောက်ထပ် နှစ်ဝက်ခန့်ဆိုလျှင် ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာပေလိမ့်မည်။

--------------

ကမ္ဘာ့အက်ကွဲကြောင်းရှိ ပုံရိပ်ယောင် ကျောက်အိမ်လေး တစ်လုံးတွင် ဖြစ်၏။ ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရန်ထျန်သည် မျက်လုံးများ ဖွင့်လိုက်ပြီး တုပိုင်ကို ကြည့်ကာ အမိန့်ပေးလိုက်၏။

“ငါနဲ့ လိုက်ခဲ့... ဒီကိစ္စကို ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ မရဘူး။ ဂိုဏ်းချုပ်အားလုံး မဲခွဲဆုံးဖြတ်ဖို့ လိုလိမ့်မယ်”

“ကောင်းပါပြီ”

ထို့နောက် ရန်ထျန်သည် တုပိုင်ကို ခေါ်ဆောင်၍ သူ၏ ကျောက်အိမ်မှ ထွက်ခွာကာ ရှည်လျားသော လမ်းခရီးကို လျှောက်လှမ်းပြီးနောက် လမ်းခွဲတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ ဤလမ်းခွဲအတိုင်း အတော်ဝေးဝေး လျှောက်ပြီးနောက် ရှေ့တွင် သစ်သားအိမ်လေး တစ်လုံး ရှိနေသည်။ ရန်ထျန် ဝင်သွားပြီး တုပိုင်သည် အပြင်တွင် စောင့်နေလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ ရန်ထျန်နှင့်အတူ အဘိုးအိုတစ်ဦး ထွက်လာ၏။

ရန်ထျန်က မိတ်ဆက်ပေးလိုက်သည်။

“ဒါက ငါ့ရဲ့ ဆရာသခင် ၊ ပေမင်ဓားဂိုဏ်းရဲ့ ၁၈ ဆက်မြောက် ဂိုဏ်းချုပ် ဝူပုမြဲ့ပဲ”

၁၈ ဆက်မြောက် ဂိုဏ်းချုပ်သည် အလွန်ပိန်ပါးပြီး မျက်နှာတွင် ခံစားချက်ဟူ၍ လုံးဝ မရှိသလောက် ဖြစ်နေကာ မျက်လုံးများမှာ ထာဝရ မှေးစင်းနေသကဲ့သို့ ဖြစ်နေသည်ကို တုပိုင် မြင်တွေ့လိုက်ရသည်။

၁၈ ဆက်မြောက် ဂိုဏ်းချုပ်က တုပိုင်အနားသို့ လာကာ ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်နေသည်။ ထို့နောက် ရှုပ်ထွေးသော သက်ပြင်းတစ်ချက်ချပြီး ရေရွတ်လိုက်၏။

“ဒါက... ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်ရှင်ကောင်းကင်သခင်လား”

ဤသက်ပြင်းသံသည် စိတ်ပျက်သွားသည့်ပုံ ပေါက်နေသည်။

ထို့နောက် ဝူပုမြဲ့က ညွှန်ကြားလိုက်သည်။

“ရန်ထျန်... တုပိုင်ကို ရွှေနန်းဆောင် ၊ မြေနန်းဆောင်နဲ့ ရေခဲနန်းဆောင်က ဂိုဏ်းချုပ်နှစ်ပါးဆီ တိုက်ရိုက် ခေါ်သွားလိုက်။ ငါသူတို့ကို ဖိတ်ခေါ်လိုက်မယ်”

“ဆရာ့အမိန့်အတိုင်းပါ”

နှစ်နာရီကြာပြီးနောက် ရွှေရောင်အခန်းတစ်ခုထဲတွင် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ၅ ဦးစလုံး တုပိုင်ကို ဝိုင်းရံလျက် ထိုင်နေကြသည်။

နင်တောက်ရွှမ် အပါအဝင် ပေမင်ဓားဂိုဏ်းတွင် စုစုပေါင်း ဂိုဏ်းချုပ် ၁၉ ဆက် ရှိခဲ့သည်။ အမှန်စင်စစ် အခြားသော ပြောဆိုမှုများလည်း ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်အချို့သည် သစ္စာဖောက်များအဖြစ် သတ်မှတ်ခံရပြီး မောင်းထုတ်ခံခဲ့ရသောကြောင့် ဖြစ်သည်။

သို့သော် ကမ္ဘာ့အက်ကွဲကြောင်းထဲတွင်မူ ဂိုဏ်းချုပ် ၅ ဦးသာ ရှိလေသည်။

၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ် ၊ ၁၃ ဆက်မြောက် ဂိုဏ်းချုပ် အော်ယန်နု ၊ ၁၅ ဆက်မြောက် ဂိုဏ်းချုပ် ကျူးထျန်ဟန် ၊ ၁၈ ဆက်မြောက် ဂိုဏ်းချုပ် ဝူပုမြဲ့နှင့် ၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန် တို့ဖြစ်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းချုပ် ၅ ဦးသာ ပေမင်ဘိုးဘေး၏ ဟောကိန်းကို ယုံကြည်ပြီး လိုက်နာခဲ့ကြသောကြောင့် ဖြစ်သည်။ ဤဂိုဏ်းချုပ် ၅ ဦးတို့သည် မသေဆုံးမီ ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ခုန်ဆင်းခဲ့ကြပြီး ပေမင်ဘိုးဘေး ဟောကိန်းထဲမှ တမန်တော် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း အက်ကွဲကြောင်းကို စောင့်ကြပ်နေခဲ့ကြသည်။

အစောဆုံးလူသည် နှစ်ပေါင်း ၄၀၀ ကြာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

ပေမင်ဂိုဏ်းချုပ် ၅ ဦးစလုံးသည် တစ်ချိန်က ကမ္ဘာ့ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ခဲ့ကြသည်။ လူတိုင်းသည် တစ်ချိန်က သိုင်းလောက၏ ဧကရာဇ်များ ဖြစ်ခဲ့ကြပြီး အရှေ့တိုင်းကမ္ဘာတစ်ခုလုံး၏ သိုင်းသခင်ကြီးများ ဖြစ်ခဲ့ကြသည်။ သူတို့သည် သေဆုံးပြီးနောက်တွင်ပင် ကမ္ဘာ့အက်ကွဲကြောင်းကို စောင့်ကြပ်ရန် ကြီးမားသော စွမ်းအားကို အသုံးပြုနေကြဆဲ ဖြစ်သည်။

ရန်ထျန်က လေးနက်စွာ တင်ပြလိုက်၏။

“ဒီတုပိုင်က ပေမင်ဘိုးဘေး ဟောကိန်းထုတ်ခဲ့တဲ့ တာဝန်ရှင်ကောင်းကင်သခင်ပါလို့ ပြောနေပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ကြောက်စရာကောင်းတဲ့ အမှောင်စွမ်းအင် တစ်ခု ရှိနေပြီး သူ့ရဲ့ အသက်စွမ်းအင်နဲ့ စွမ်းအားအားလုံးကို လုံးဝ ဝါးမြိုထားပါတယ်။ ဒါကြောင့် သူက နဂါးအကြေးခွံကို မထုတ်ပြနိုင်သလို ၊ ငရဲမီးတောက်ကိုလည်း မထုတ်လွှတ်နိုင်ပါဘူး”

ကျန်ရှိသော ဂိုဏ်းချုပ် ၄ ဦးစလုံး တိတ်ဆိတ်သွားကြသည်။ ရန်ထျန်က ဆက်ပြောသည်။

“မကြာသေးခင်ကပဲ ကျွန်တော်တို့ လိင်မိစ္ဆာ အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လိင်မိစ္ဆာက နင်တောက်ရွှမ်အဖြစ် အသွင်ပြောင်းပြီး ကျွန်တော်တို့အားလုံးကို လှည့်စားလုနီးပါး ဖြစ်ခဲ့ကာ ကမ္ဘာတစ်ခုလုံးကို ကြောက်မက်ဖွယ်ရာ အကျပ်အတည်း ဆိုက်ရောက်စေလုနီးပါး ဖြစ်ခဲ့ပါတယ်”

ရန်ထျန်က အသံကိုမြှင့်၍ ဆက်ပြောလိုက်၏။

“ဒါကြောင့် အခု ခင်ဗျားတို့ရှေ့က ဒီတုပိုင်ဟာ တကယ့်တာဝန်ရှင်ကောင်းကင်သခင်အစစ် ဖြစ်နိုင်သလို ၊ လိင်မိစ္ဆာရဲ့ နောက်ဆုံးပိတ် ပူးပေါင်းကြံစည်မှုလည်း ဖြစ်နိုင်ပါတယ်။ ဒီမှာရှိတဲ့ ကျွန်တော်တို့ထဲမှာ လိင်မိစ္ဆာနဲ့ တိုက်ခိုက်ခဲ့တဲ့ သက်တမ်း အတိုဆုံးက ဆယ်စုနှစ်တွေ ရှိခဲ့ပြီး အကြာဆုံးက နှစ်ပေါင်းရာချီ ရှိခဲ့ပါပြီ။ လိင်မိစ္ဆာတွေ ဘယ်လောက် ကောက်ကျစ်စဉ်းလဲတယ် ဆိုတာ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်”

“ဒါကြောင့် တကယ်လို့ သူ့ရဲ့ အထောက်အထားကို ၁၀၀ ရာခိုင်နှုန်း မသေချာဘူးဆိုရင် ၊ ကျွန်တော်တို့ သူ့ကို ပေမင်မဟာအတတ်နဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို လုံးဝ လက်ဆင့်ကမ်းပေးလို့ မဖြစ်ပါဘူး”

၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန်က ဆက်လက်တင်ပြလိုက်၏။

“အခု တုပိုင်က ငရဲမီးတောက်ကို ရှာဖွေပြီး မီးထဲဝင်ဖို့ အကြံပြုထားပါတယ်။ တကယ်လို့ သူက ပြာကျမသွားဘဲ ငရဲမီးတောက်ကို ဝါးမြိုပစ်လိုက်မယ်ဆိုရင် ဒါဟာ ဘိုးဘေးရဲ့ ဟောကိန်းထဲက တာဝန်ရှင်သခင် ဖြစ်ကြောင်း သက်သေပြလိုက်တာပါပဲ။ ဒါပေမဲ့ ငရဲမီးတောက်က ရန်သူကမ္ဘာဘက်ခြမ်းက အက်ကွဲကြောင်းမှာ ရှိနေတာပါ။ ဟိုဘက်ကမ္ဘာနဲ့ နီးကပ်လေလေ ၊ ကျွန်တော်တို့ရဲ့ စွမ်းအားတွေက ဆက်ပြီး အားနည်းသွားမှာဖြစ်သလို ရန်သူရဲ့ စွမ်းအားတွေကတော့ ဆက်ပြီး တိုးပွားလာမှာပါ”

အခြေအနေကား ဤသို့ရှိပေသည်။

ကမ္ဘာ့အက်ကွဲကြောင်းသည် နှစ်ဖက် ခွဲခြားထားပြီး တစ်ဖက်သည် အခြားကမ္ဘာနှင့် နီးကပ်ကာ ၊ ကျန်တစ်ဖက်သည် ဤကမ္ဘာနှင့် နီးကပ်နေသည်။ ဤကမ္ဘာနှင့် နီးကပ်လာသောအခါ လူသားတို့၏ စွမ်းအား တိုးပွားလာပြီး အခြားကမ္ဘာမှ သတ္တဝါများ၏ စွမ်းအား လျော့နည်းသွားလေ့ရှိသည်။ လူသားများက ရန်သူ့ကမ္ဘာသို့သွားလျှင် လူသားများသည် အားနည်းလာပြီး ရန်သူများသည်တော့ ပို၍အစွမ်းကြီးလာလိမ့်မည် ဖြစ်လေ၏။

ရန်ထျန်က ဆက်လက်၍ ပြောကြားလိုက်သည်။ “အခု ကျွန်တော်တို့ စွန့်စားပြီး အခြားကမ္ဘာက ရန်သူနဲ့ နီးကပ်တဲ့ အက်ကွဲကြောင်းဆီ သွားမလား။ ပြီးတော့ ငရဲမီးတောက်ထဲမှာ တုပိုင်ရဲ့ အထောက်အထားကို သွားပြီး အတည်ပြုမလား”

ထို့နောက် ရန်ထျန်သည် ၁၂ ဆက်မြောက် ဂိုဏ်းချုပ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဘိုးဘေး... ဘိုးဘေးပဲ ဆုံးဖြတ်ပါ”

၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က ပြန်လည်ဖြေကြားလိုက်၏။ “ကမ္ဘာ့အက်ကွဲကြောင်းထဲ ရောက်နေမှတော့ ဘယ်လို အရည်အချင်းပဲ ရှိရှိ လူတိုင်း တန်းတူပါပဲ။ လက်ထောင်ပြီး မဲခွဲဆုံးဖြတ်ကြတာပေါ့”

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်သည် လက်ထောင်လိုက်ပြီး မိန့်ကြားလိုက်သည်။

“ငါ သဘောတူတယ်။ တုပိုင်ကို ဟိုဘက်ခြမ်းက အက်ကွဲကြောင်းဆီ ခေါ်သွားပြီး ငရဲမီးတောက်ထဲမှာ သူ့ရဲ့ အထောက်အထားကို အတည်ပြုကြမယ်”

ထို့နောက် ၁၈ ဆက်မြောက် ဂိုဏ်းချုပ် ဝူပုမြဲ့ကလည်း လက်ထောင်လိုက်သည်။ ၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန်သည်လည်း ချက်ချင်းပင် လက်ထောင်လိုက်၏။

၁၅ ဆက်မြောက် ဂိုဏ်းချုပ် ကျူးထျန်ဟန်က ဝင်ရောက်ပြောဆိုလိုက်၏။ “ဟိုဘက်ခြမ်းကို ရောက်သွားပြီးရင် ကျွန်တော်တို့ရဲ့ စွမ်းအားတွေ အများကြီး လျော့နည်းသွားလိမ့်မယ်။ တကယ်လို့ တစ်ဖွဲ့လုံး ပျက်စီးသွားခဲ့ရင် အက်ကွဲကြောင်း ဝင်ပေါက်ကို စောင့်ကြပ်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ လိင်မိစ္ဆာတွေက ကျွန်တော်တို့ ကမ္ဘာထဲကို ဆက်ပြီး ဝင်ရောက်လာကြလိမ့်မယ်။ အကျိုးဆက်က ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်”

၁၃ ဆက်မြောက် ဂိုဏ်းချုပ် အော်ယန်နုက ဒေါသတကြီး ပြောလိုက်သည်။ “ပေမင်ဘိုးဘေးရဲ့ ဟောကိန်းအရဆိုရင် ငါတို့မှာ အချိန် သိပ်မကျန်တော့ဘူး။ တာဝန်ရှင်ကောင်းကင်သခင်က ကမ္ဘာကြီးအတွက် သော့ချက်ပဲ။ တာဝန်ရှင်ကောင်းကင်သခင်က အမြင့်မြတ်ဆုံးပဲ။ ဒါကြောင့် ဒီတစ်ခါ ငါတို့ စွန့်စားရမယ်လို့ ငါထင်တယ်”

ထို့နောက် သူလည်း လက်ထောင်လိုက်လေသည်။

၁၅ ဆက်မြောက် ဂိုဏ်းချုပ်က တုပိုင်ကို ကြည့်လိုက်၏။ “အခြားကမ္ဘာနဲ့ နီးကပ်တဲ့ အက်ကွဲကြောင်းဆီ သွားမယ်ဆိုရင် တကယ်ပဲ တစ်ဖွဲ့လုံး ပျက်စီးသွားနိုင်တယ်။ အဲဒီကျရင်...”

၁၅ ဆက်မြောက် ဂိုဏ်းချုပ်သည် လက်ထောင်လိုက်ပြီး ရေရွတ်လိုက်သည်။ “ကောင်းပြီလေ... အားလုံးက ဘိုးဘေးရဲ့ ဟောကိန်းအတွက် ၊ အားလုံးက တာဝန်ရှင်ကောင်းကင်သခင်အတွက် ၊ အားလုံးက ကမ္ဘာကြီး တစ်ခုလုံးအတွက်ပဲ”

သို့ဖြင့် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ၅ ဦးစလုံး လက်ထောင်လိုက်ကြလေသည်။ ရုတ်တရက် တုပိုင်သည် သူ၏ ပခုံးပေါ်တွင် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ပေမင်ဓားဂိုဏ်း၏ အခြားသော ဂိုဏ်းချုပ် တစ်ဒါဇင်ကျော်သည် ဘိုးဘေး၏ ဟောကိန်းကို မယုံကြည်လိုကြဘဲ ၊ အချို့ဆိုလျှင် တုပိုင်ကို တိုက်ရိုက် သတ်ပစ်ချင်ကြသည်။ သို့သော် ဘိုးဘေးများကို အပြည့်အဝ ယုံကြည်ပြီး သစ္စာရှိသော ဂိုဏ်းချုပ် ၅ ဦး ရှိနေသည်။ သူတို့သည် ကမ္ဘာ့အက်ကွဲကြောင်းဟူသော သရဲခြောက်သော နေရာတွင် နေထိုင်ရန် ဆန္ဒရှိကြပြီး သူတို့ ဘာဆိုဘာကိုမှ မသိသည့် တာဝန်ရှင်ကောင်းကင်သခင် ဆိုသူအတွက် စွန့်လွှတ်အနစ်နာခံရန် ဆန္ဒရှိကြပေသည်။

၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က ပြောလိုက်သည်။ “ဆုံးဖြတ်ပြီးပြီ ဆိုတော့ သွားကြစို့”

ထို့နောက် ဂိုဏ်းချုပ် ၅ ဦးသည် မတ်တတ်ထရပ်ကာ ဓားများကို ဆွဲထုတ်လိုက်ပြီး တုပိုင်ကို အလယ်တွင် ထား၍ ကာကွယ်လိုက်ကြသည်။ သူတို့သည် ရွှေရောင်အခန်းထဲမှ ထွက်ကာ ရှေ့သို့ ဆက်လျှောက်သွားကြလေသည်။

--------------

ရှေ့သို့ ဆက်သွားနေရင်း တဖြည်းဖြည်းနှင့် ဤနေရာရှိ စွမ်းအင် အငွေ့အသက်များ ပြောင်းလဲသွားကြောင်း တုပိုင် ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ ပို၍ ထူးဆန်းလာသည် ၊ ပို၍ ကွဲပြားလာသည် ၊ ပို၍ ယုတ်မာလာကာ အကြောက်တရားတို့က စိမ့်ဝင်လာသည်။

လူ့ကမ္ဘာဘက်ခြမ်းနှင့် နီးကပ်သော အက်ကွဲကြောင်းသည် ငြိမ်းချမ်းသော အလင်းရောင်မျိုး ဖြစ်၏။ သို့သော် ရှေ့ဆက်သွားလေလေ ၊ ပို၍ မှောင်မိုက်လေလေ ဖြစ်သည်။

၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က သတိပေးလိုက်၏။ “အမှောင်ထု ၊ အက်ကွဲကြောင်းရဲ့ အလယ်မှတ်ပဲ... အမှောင်တံတားကို ကျော်ဖြတ်ပြီးရင် ရန်သူမိစ္ဆာတွေရဲ့ နယ်မြေ ဖြစ်သွားပြီ”

ပတ်ဝန်းကျင်သည် တဖြည်းဖြည်း ပို၍ ပို၍ မှောင်မိုက်လာကာ နောက်ဆုံးတွင် အမှောင်ထုသည် အစွန်းရောက်သွားပြီး မမြင်နိုင်တော့သည်သာမက ဘာကိုမှ အာရုံခံစား၍ မရတော့ချေ။ အသက်ရှူရ ကြပ်တည်းလာပြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အမှောင်ထုက စိတ်ဝိညာဉ်ကို ဆွဲယူဝါးမြိုသွားမတတ် ခံစားနေရသည်။

ဤနေရာကား အက်ကွဲကြောင်း၏ အလယ်မှတ်ပင် ဖြစ်ပေသည်။ သူတို့သည် မရပ်မနား ရှေ့ဆက်သွားကြသည်။

တုပိုင်သည် ပို၍ စိတ်ဓာတ်ကျလာကာ ပို၍ ကြောက်လန့်လာသည်ဟု ခံစားလိုက်ရသည်။ ဤအမှောင်ထုသည် သာမန်အမှောင်ထုမဟုတ်ပေ။ မျှော်လင့်ချက်များကိုပါ ဝါးမြိုပစ်နိုင်သော တွင်းနက်ကြီးကဲ့သို့ပင်။

ထို့နောက်... အမှောင်ထုထဲမှ အလင်းရောင်တစ်ခု ပို၍ ပို၍ တောက်ပလာသည်။ အနီရောင် ဖြစ်သည်။ ရှေ့ဆက်သွားလေလေ ၊ ပို၍ နီရဲလာလေလေ ဖြစ်သည်။ သွေးနှင့် တူသော အရောင်ပင်။

နောက်ဆုံးတွင် ကြာရှည်စွာ သေဆုံးနေခဲ့သော သွေးအရောင် ဖြစ်လာသည်။ သွေးရောင်လွှမ်းသော ကောင်းကင်အောက် ၊ အက်ကွဲကြောင်း ပတ်လည်တွင် တွန့်လိမ်နေသော အလင်းရောင်များ ရှိနေသည်။

ဟင်းလင်းပြင် တစ်ခုလုံး ပုံပျက်ရှုံ့တွနေပုံ ရသည်။ အထက် ၊ အောက် ၊ ဘယ် ၊ ညာ မရှိ ၊ နေရာတိုင်းတွင် စီးဆင်းနေသော သွေးများကဲ့သို့ တွန့်လိမ်နေသည်။

ဤသည်မှာ အခြားကမ္ဘာနှင့် နီးကပ်သော အက်ကွဲကြောင်း လမ်းမကြီးလား။ ငရဲနှင့် ပိုတူနေပေသည်။

ပတ်ဝန်းကျင်သည် အလွန်ကျယ်ဝန်းသလို အလွန်ကျဉ်းမြောင်းပုံလည်း ရပြီး နေရာဟင်းလင်းပြင် သဘောတရား မရှိတော့သကဲ့သို့ ၊ နေရာတိုင်းတွင် သွေးများ လှိုင်းထနေသကဲ့သို့ ဖြစ်နေသည်။ နေရာတိုင်းတွင် ကွင်းပြင်ကျယ်ကြီး ရှိနေသလို ၊ နေရာတိုင်းတွင် တွင်းနက်ကြီး ရှိနေသလို ဖြစ်နေသည်။

သို့သော်... စိတ်ကူးထားသော ရန်သူ ပေါ်မလာခဲ့ပေ။

ဤအချက်သည် ဂိုဏ်းချုပ် ၅ ဦးကို အလွန် အံ့အားသင့်သွားစေသည်။ ပုံမှန်ဆိုလျှင် အမှောင်တံတားကို ဖြတ်ကျော်ပြီး တစ်ဖက်လူ၏ နယ်မြေထဲ ခြေချလိုက်သည်နှင့် ရန်သူက ချက်ချင်း ပေါ်လာတတ်စမြဲပင်။ သို့သော် ယခုအခါတွင် တစ်ကောင်မျှ မရှိနေပေ။

သို့သော် ထိုသည်က အခြေအနေကို စိတ်ချရမည့်အစား ပို၍ပင် အန္တရာယ်များနေသေးသည်။

ရှေ့ဆက်သွားသည်နှင့်အမျှ ဂိုဏ်းချုပ်ကြီး ၅ ဦး၏ စွမ်းအားသည် ပို၍ ပို၍ အားနည်းလာသည်။ တုပိုင်လည်း မူးမေ့လဲတော့မလို ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အလွန် ထူးဆန်းလွန်းပြီး စိတ်ဝိညာဉ်အပေါ် သက်ရောက်မှုမှာ အနှိုင်းမဲ့ ဖြစ်နေသောကြောင့်ပင်။

ရုတ်တရက် ရှေ့တွင် အမှောင်ထုတစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ တွန့်လိမ်ပြီး သွေးရောင်လွှမ်းနေသော အလင်းရောင်နှင့် လုံးဝ မလိုက်ဖက်ပေ။

၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က အော်ပြောလိုက်သည်။ “မြန်မြန်... ငရဲမီးတောက်က ရှေ့မှာ”

ထို့နောက် လူ ၅ ဦးသည် တုပိုင်ကို တွဲထူပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြသည်။ ဤအမှောင်နယ်မြေ၏ အလယ်ဗဟိုတွင် ကြီးမားသော ငရဲမီးတောက်ကြီး တစ်ခု ရှိနေသည်။

၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က ပြောလိုက်၏။ “တုပိုင်... မင်းရဲ့ တာဝန်ရှင်ကောင်းကင်သခင် အထောက်အထားကို သက်သေပြဖို့ ငရဲမီးတောက်ထဲ ချက်ချင်း ဝင်လိုက်။ သက်သေပြပြီးတာနဲ့ ငါတို့ ပေမင်မဟာအတတ်နဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို မင်းဆီ ချက်ချင်း လက်ဆင့်ကမ်းပေးမယ်... သွား ၊ မြန်မြန်လုပ်...”

“ရွှီးးး... ရွှီးးး... ရွှီးးး...”

လေတိုးသံကဲ့သို့ ၊ သရဲအော်သံကဲ့သို့ အသံနက်ကြီးများ ထွက်ပေါ်လာကာ တစ်ချိန်တည်းမှာပင် အရိပ်တစ်ခုပြီးတစ်ခု ပေါ်လာသည်။ မိစ္ဆာနှင့်တူသော ဘီလူးတစ်ကောင်ပြီးတစ်ကောင် အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ အနည်းငယ် ၊ တစ်ဒါဇင် ၊ ဒါဇင်နှင့်ချီ၍... တုပိုင်နှင့် ဂိုဏ်းချုပ် ၅ ဦးကို ဝိုင်းရံလိုက်ကြလေသည်။

ဝူယာကျစ် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ “တုပိုင်... မြန်မြန်သွား...”

တုပိုင်သည် ငရဲမီးတောက်ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် မိစ္ဆာနှင့်တူသော ဘီလူးရန်သူ ဒါဇင်ပေါင်းများစွာသည် ဂိုဏ်းချုပ် ၅ ဦးဆီသို့ ရူးသွပ်စွာ သတ်ဖြတ်ရန် ဝင်ရောက်လာကြသည်။

--------------

တစ်ချိန်တည်းတွင် တာ့နင်အင်ပါယာမြို့တော်ရှိ အိမ်တော်တစ်ခု၌...။ လီကျန့်သည် အလွန် အလုပ်ရှုပ်နေသည်။ ထို့ပြင် ရောဂါရလုနီးပါး အလုပ်ရှုပ်နေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် သူ့ကိုယ်သူတိတ်ဆိတ်စွာ မနေနိုင် ၊ အားလပ်ခွင့် မပေးနိုင် ၊ သို့မဟုတ်ပါက အဆုံးမရှိသော နာကျင်မှုထဲသို့ ကျရောက်သွားလိမ့်မည်။

သူသည် လူသားတစ်ယောက် ဖြစ်သည် ၊ နတ်ဘုရား မဟုတ်ပေ။ လွန်ခဲ့သော လအနည်းငယ်က သူသည် တာ့ယန်တိုင်းပြည်၏ အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့ပြီး အနောက်တောင်ဘက် တစ်ကြောလုံးကို ဝါးအစည်း ပြိုကွဲသကဲ့သို့ စစ်တပ်ကို ဦးဆောင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အခြေအနေကား အလွန်ကောင်းမွန်ခဲ့သည်။

လီမိသားစု၏ တာ့ယန်တိုင်းပြည်တွင် ပြဿနာများစွာ ရှိပြီး အခြေခံအုတ်မြစ် မခိုင်မာကြောင်း သူသိသည်။ သို့သော် စိချွမ်းကို သိမ်းပိုက်နိုင်သရွေ့ အရာအားလုံး ပြောင်းလဲသွားလိမ့်မည်ဟု သူခိုင်မာစွာ ယုံကြည်ခဲ့သည်။ ထိုအချိန်ကျလျှင် တာ့ယန်တိုင်းပြည်သည် နယ်မြေချဲ့ထွင်ခြင်းကို ခေတ္တရပ်နားပြီး ပြည်တွင်းရေးရာများကို စတင်ကိုင်တွယ်မည် ၊ အရည်အချင်းမရှိသော တပ်ဖွဲ့ဝင် အများအပြားကို စတင်ဖျက်သိမ်းမည် ၊ အကောင်းဆုံး အင်အားစု မူဝါဒကို အကောင်အထည်ဖော်မည်။

သို့သော် လီမိသားစု ပန်းပွင့်ဝေဆာပြီး မာနမီးတောက်လောင်နေချိန်မှာပင် တုပိုင်သည် စစ်တပ်ကြီးကို ဦးဆောင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ သူ၏ အချစ်ဆုံးဖခင် လီရူဟိုင် သေဆုံးခဲ့သည် ၊ သူ၏ စစ်တပ် ပျက်စီးခဲ့သည် ၊ တာ့ယန်တိုင်းပြည် ပျက်သုဉ်းခဲ့သည်။

လီမိသားစု အသရေအရှိဆုံး အချိန်တွင် အရာအားလုံး ရုတ်တရက် နိဂုံးချုပ်သွားခဲ့ရသည်။ သူ ဖခင်ကို ဆုံးရှုံးခဲ့ရသည် ၊ ကြီးမြတ်သော ရည်မှန်းချက်ကို ဆုံးရှုံးခဲ့ရသည် ၊ အရာအားလုံးနီးပါး ဆုံးရှုံးခဲ့ရသည်။

အိမ်ရှေ့စံမင်းသား ဘဝမှ တာ့နင်အင်ပါယာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ သူမကျေနပ်ခြင်း မရှိဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။

နာကျင်မှု ဆိုသည်မှာ အလွန် ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်သည်။ သူ အရာအားလုံး ဆုံးရှုံးလိုက်ရစက သူသည် ပို၍ အေးစက်ပြီး ထုံထိုင်းနေခဲ့သည်။ ဤအချိန်ကာလကို စောင့်ဆိုင်းပြီးနောက် နာကျင်မှုက စတင် ကစော်ဖောက်လာခြင်း ဖြစ်သည်။ ဤသို့သော နာကျင်မှုမျိုးက ထိန်းချုပ်၍ မရနိုင် ၊ အဆုံးမရှိ လှိုင်းထန်နေသဖြင့် လူကို မခုခံနိုင်အောင် ဖြစ်စေသည်။

ရလဒ်အနေဖြင့် လီကျန့်သည် နေ့စဉ် ရူးသွပ်စွာ အလုပ်ရှုပ်နေပြီး မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်အောင် လုပ်ကာ ညတိုင်း အိပ်ရာပေါ် လဲကျအိပ်ပျော်စေသည်။ သို့မဟုတ်ပါက သူရူးသွပ်သွားလိမ့်မည်ဟု ခံစားနေရသည်။ မှန်ပေသည်။ သူသည် စိတ်ကျရောဂါ ဟူသော ဝေါဟာရကို မသိရှိချေ။ မသိရှိ၍သာ ၊ အမှန်စင်စစ် သူသည် ထိုအခြေအနေနှင့် အကန့်အသတ်မရှိ နီးစပ်နေပြီ ဖြစ်သည်။

ယနေ့ အလုပ်က စောစောပြန်ရောက်ပြီး အိပ်ရာဝင်ရန် တစ်နာရီခွဲ လိုသေးသည်။ လီကျန့်သည် အနည်းငယ် ထိတ်လန့်သွားသည် ၊ ဤသို့ အားလပ်ပြီး တိတ်ဆိတ်နေသည့် အချိန်တွင် မိစ္ဆာစိတ်ဝင်ပြီး နာကျင်ခံစားရမည်ကို ကြောက်နေမိသည်။

ထို့ကြောင့် သူသည် သိုင်းပညာကို ရူးသွပ်စွာ လေ့ကျင့်နေသည်။ ကျင်း ၂၀၀ ကျော်လေးသော ဓားမကြီးကို ဝှေ့ယမ်းပြီး နာရီဝက်ကျော်ကြာ ရူးသွပ်စွာ လေ့ကျင့်လိုက်သည်။ ထို့နောက် အဝတ်အစားများကို ချွတ်လိုက်ရာ ကြွက်သားများသည့် ခန္ဓာကိုယ်အထက်ပိုင်း ပေါ်လာသည်။

တာ့ယန်တိုင်းပြည် ပျက်သုဉ်းပြီးနောက် သူသည် ပေါင် ၇၀ တိတိ ပိန်သွားခဲ့သည်။

သူ စူးရှစွာ အော်ဟစ်လိုက်သည်။ “လာစမ်း...”

စစ်သည် အများအပြား ရှေ့တိုးလာပြီး သံကြိုးထူကြီးများဖြင့် သူ၏ ကျောပြင်ကို အားကုန် ရိုက်နှက်ကြလေသည်။

“ဖြောင်းးး... ဖြောင်းးး... ဖြောင်းးး...”

သူသည် အတွင်းအားကို စုစည်းထားသဖြင့် ဤသံကြိုးများသည် သူ၏ ခန္ဓာကိုယ်ကို ရိုက်နှက်သောအခါ ကျောက်တုံးနှင့် သံပြားများကို ရိုက်နှက်သကဲ့သို့ ဖြစ်နေသည်။

ဤသည်မှာ မိမိကိုယ်ကို နှိပ်စက်ခြင်း ပုံစံတစ်မျိုး ဖြစ်သလို ၊ စိတ်ထွက်ပေါက် ပေးခြင်း ပုံစံတစ်မျိုးလည်း ဖြစ်သည်။

သူ၏ ဇနီးသည်မှာမူ တံခါးဝတွင် ပုန်းကွယ်ကာ တိတ်တဆိတ် မျက်ရည်သုတ်နေရှာသည်။ သူမသည် မူလက လီကျန့်၏ ကိုယ်လုပ်တော်များထဲမှ တစ်ဦးဖြစ်ပြီး များပြားလှသော လှပသည့် ကိုယ်လုပ်တော်များကြားတွင် အထင်ရှားဆုံး မဟုတ်ခဲ့ပေ။

လီကျန့်သည် အသက် ၃၀ ကျော်ပြီ ဖြစ်သော်လည်း ဇနီးမယား မယူခဲ့သေးပေ။ အကြောင်းမှာ သူသည် မင်းသမီးယွီကျိန်းကို လက်ထပ်မည်ဟု ကျိန်ဆိုထားသောကြောင့် ဖြစ်သည်။ သို့သော် တုပိုင်ထံ လက်နက်ချပြီးနောက် သူသည် သားယောက်ျားလေး မွေးပေးထားသော ကိုယ်လုပ်တော် အများအပြားထဲမှ အနူးညံ့ဆုံးနှင့် အသိတတ်ဆုံး အမျိုးသမီး တစ်ဦးကို ရွေးချယ်ပြီး ဇနီးအဖြစ် တင်မြှောက်လိုက်သည်။

အလားတူပင် သူမသည်လည်း လီကျန့်ကို အချစ်ဆုံး အမျိုးသမီး ဖြစ်သည်။ ခင်ပွန်းသည်၏ ရင်ထဲမှ နာကျင်မှုကို သူမ သိသော်လည်း သူမ မကူညီနိုင်ကြောင်း သိသည်။ ဇနီးသည်တစ်ယောက်အနေဖြင့် သူမ လုပ်ပေးနိုင်သည်မှာ နေ့စဉ် အကောင်းဆုံး ထမင်းဟင်းများကို ကိုယ်တိုင် ချက်ပြုတ်ပေးခြင်း ၊ သားဖြစ်သူကို ကောင်းမွန်စွာ ပျိုးထောင်ပေးခြင်းနှင့် မိသားစု၏ နာကျင်နေသော နှလုံးသားကို နွေးထွေးစေခြင်းတို့သာ ဖြစ်သည်။

သံကြိုးထူကြီးသည် လီကျန့်၏ ကျောပြင်ပေါ်သို့ နာရီဝက်ကြာ ရူးသွပ်စွာ ရိုက်နှက်နေသည်။

--------------

ဇနီးသည် ထွက်လာပြီး ညင်သာစွာ ဆိုလေသည်။

“ယောက်ျားရေ... ထမင်းစားရအောင် ၊ ရှောင်ပေါင် စောင့်နေတာ ကြာပြီ”

လီကျန့် ပြောလိုက်သည်။ “အင်း... ကောင်းပြီ”

ယခင်က သူသည် အမျိုးသမီးများအပေါ် အေးစက်ပြီး မောက်မာသော သဘောထား ရှိခဲ့ကာ ကိုယ်လုပ်တော် အများအပြားအပေါ် လျစ်လျူရှုခဲ့သည်။ တစ်ခါတစ်ရံ နာမည်ကိုပင် မမှတ်မိလေဘဲ မျက်နှာနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကိုသာ မှတ်မိသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၃ + ၆၁၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters