← Chapters

အခန်း (၆၁၇-၆၁၈)

Vol. 62 Ch. 617-618

အခန်း (၆၁၇-၆၁၈)

Vol. 62 Ch. 617-618

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၇ + ၆၁၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

တုပိုင်၏ ခန္ဓာကိုယ်သည် ဧရာမ တွင်းနက်ကြီး တစ်ခုအလား ဖြစ်ပေါ်နေလေသည်။ အတိုင်းအဆမဲ့သော စွမ်းအင်အမြောက်အမြားသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဟာလာဟင်းလင်း စီးဝင်သွားပြီးနောက် ရွှံ့နွံပင်လယ်ထဲ ကျောက်တုံးပစ်ချလိုက်သကဲ့သို့ မည်သည့်တုံ့ပြန်မှုမှ မရှိတော့ချေ။ ထိုအခြေအနေကို မြင်လိုက်ရသော ဂိုဏ်းချုပ်ကြီး အချို့မှာမူ လုံးဝ တုန်လှုပ်ခြောက်ခြားသွားကြတော့သည်။

တုပိုင် သောက်သုံးထားသော အမှောင်ဒြပ်စင်ဆိုသည်မှာ မည်သို့သော အရာဖြစ်၍ ဤမျှကြီးမားသည့် စွမ်းအင်တွင်းနက်ကြီးကို ဖြစ်ပေါ်စေရသနည်း။ ဤမျှ များပြားလှသော စွမ်းအင်ပမာဏဖြင့်ပင် သူ့ကို မဖြည့်ဆည်းနိုင်တော့သလော။

လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် အလွန်ရိုးရှင်းလှပေသည်။

တုပိုင်သည် အမှောင်ဒြပ်စင်ကို သောက်သုံးခဲ့ပြီး အကန့်အသတ်မရှိသော စွမ်းအင်နှင့် အသက်စွမ်းအင်တို့ကို ကြိုတင်ထုတ်ယူ သုံးစွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တုပိုင်၏ ခန္ဓာကိုယ် ပြန်လည်ညီမျှလာစေရန်နှင့် အသက်ပြန်ရှင်နိုင်စေရန်အတွက် တူညီသော စွမ်းအင်ပမာဏကို ပြန်လည် အစားထိုး ထိုးသွင်းရန် လိုအပ်ပေသည်။

အဓိကအချက်မှာ တုပိုင်သည် မကြာသေးမီကမှ ကြီးမားလှသော ငရဲမီးတောက်ကြီးကို ဝါးမြိုထားခဲ့ပြီးဖြစ်သလို ၊ ယခု ဂိုဏ်းချုပ်ကြီးငါးဦးမှ စွမ်းအင်များကို ဆက်တိုက် ထည့်သွင်းပေးနေသော်ငြား တုပိုင်၏ ခန္ဓာကိုယ်ထဲရှိ ဟာလာဟင်းလင်း လိုအပ်ချက်ကိုမူ မဖြည့်ဆည်းနိုင်သေးပေ။

အမွှေးတိုင်တစ်တိုင် ထွန်းချိန်ခန့် ကြာသောအခါ ၁၉ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ရန်ထျန်သည် လေးနက်သော အသံဖြင့် ဆိုလိုက်၏။

“အစ်ကိုကြီးတို့... ကျွန်တော် အရင်သွားနှင့်ပါရစေ။ ဘိုးဘေးအတွက် ၊ တာဝန်ရှင်ကောင်းကင်သခင် အတွက် ၊ ပြီးတော့ ဒီကမ္ဘာကြီးအတွက်...”

ထိုသို့ ပြောဆိုပြီးသည်နှင့် တပြိုင်နက် အလွန်ပါးလွှာနေပြီဖြစ်သော ရန်ထျန်၏ ပုံရိပ်သည် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။

နောက်ထပ် အမွှေးတိုင်တစ်တိုင် ထွန်းချိန်ခန့် ကြာသွားပြန်သည်။ ၁၈ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူပုမြဲ့သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“အစ်ကိုကြီးတို့... ကျွန်တော် အရင်သွားနှင့်ပါမယ်။ အားလုံး ကံကောင်းပါစေ ၊ တာဝန်ရှင်ကောင်းကင်သခင် နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားပါစေလို့ ဆုတောင်းပါတယ်...”

စကားဆုံးသည်နှင့် ဝူပုမြဲ့၏ ပုံရိပ်သည်လည်း မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေ၏။ သူတို့၏ ဝိညာဉ်များ ကွဲလွင့်သွားပြီးနောက် ဤတစ်ကြိမ်တွင်မူ မည်သည့်ကမ္ဘာ ၊ မည်သည့်ဘုံဘဝမှ မကျန်ရစ်တော့ဘဲ အပြီးအပိုင် ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

ထပ်မံ၍ အမွှေးတိုင်တစ်တိုင် ထွန်းချိန်ခန့် ကြာသွားပြန်သည်။

၁၅ ဆက်မြောက် ဂိုဏ်းချုပ် ကျူးထျန်ဟန်သည် ကျန်ရစ်သူများကို နှုတ်ဆက်စကား ဆိုလိုက်၏။

“အစ်ကိုကြီး နှစ်ယောက်... ညီလေး အရင်သွားနှင့်ပါမယ်...”

ထို့နောက် သူသည်လည်း ပြာကျပျက်စီးသွားပြီး ဝိညာဉ် လွင့်ပါးသွားလေတော့၏။ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤမျှ ပေးဆပ်မှုများ ရှိနေသော်လည်း တုပိုင်၏ အသက်ရှူသံ ပြန်မလာသေး ၊ သွေးခုန်နှုန်း ပြန်မလာသေးဘဲ တစ်ကိုယ်လုံး သေဆုံးနေဆဲ ဖြစ်နေခြင်းပင်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တွင်းနက်ကြီးမှာ မပြည့်သေးသလို စွမ်းအင် မျှတမှုကိုလည်း ပြန်မရရှိသေးပေ။

ထိုအခြေအနေကြောင့် ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။

အကယ်၍ ဂိုဏ်းချုပ်ကြီးငါးဦးစလုံး၏ စွမ်းအင်အားလုံးကို တုပိုင်ထံ လွှဲပြောင်းပေးလိုက်လျှင်သော်မှ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တွင်းနက်ကြီးကို မဖြည့်ဆည်းနိုင်ခဲ့လျှင်... ထိုသို့သာဆိုလျှင်... အကျိုးဆက်က တွေးရဲစရာပင် မရှိတော့။

ဆိုလိုသည်မှာ တုပိုင်သည် မည်သည့်အခါမျှ နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားနိုင်တော့မည် မဟုတ်ပေ။ နောက်ထပ် အမွှေးတိုင်တစ်တိုင် ထွန်းချိန်ခန့် ကြာသွားပြန်သည်။

၁၃ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် အော်ယန်နုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“အစ်ကိုကြီး... ဘုရားသခင်ဆီ ဆုတောင်းလိုက်ပါ ၊ ညီလေး အရင်သွားတော့မယ်...”

ထို့နောက် သူလည်း ပြာကျပျက်စီးသွားပြီး ဝိညာဉ် လွင့်ပါးသွားလေသည်။ လက်ရှိအချိန်၌ ယခုအခါ ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

အကယ်၍ သူ၏စွမ်းအင်အားလုံးကို တုပိုင်အား ပေးလိုက်သော်လည်း တုပိုင်ကို နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားစေနိုင်ခြင်း မရှိလျှင်... ထိုသို့ဆိုလျှင်... အရာအားလုံး ပြီးဆုံးသွားပြီဖြစ်လေ၏။

ဝူယာကျစ်သည် အံကိုတင်းတင်းကြိတ်ပြီး အားကုန်အော်ဟစ်လိုက်၏။

“ကံတရားအတိုင်း ဖြစ်စေတော့ကွာ...”

ထို့နောက် သူသည် တုပိုင်ထံသို့ စွမ်းအင်များကို ရုတ်တရက် အကုန်အစင် ထိုးသွင်းလိုက်သည်။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

သူ့ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော အလင်းတန်းများနှင့် အရိပ်များအဖြစ် ပြောင်းလဲသွားပြီး တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်သွားတော့သည်။

ထိုအချိန်၌ပင်... ရုတ်တရက်... တုပိုင်၏ ဒန်တျန်ထဲတွင် မီးတောက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

“ဝုန်းးးး.....” ချက်ချင်းပင် သူ၏တစ်ကိုယ်လုံး လောင်ကျွမ်းသွားပြီး ကြီးမားသော မီးလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် တုပိုင်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် နဂါးအကြေးခွံများ ဆက်တိုက် ပေါ်လာသည်။ ကြောက်စရာကောင်းသော ရွှေရောင်အလင်းတန်းများလည်း တောက်ပနေ၏။

ထို့ပြင် ပိုပြီး တုန်လှုပ်စရာ ကောင်းသည်မှာ... တုပိုင်၏ ခေါင်းထိပ်တွင် ဦးချိုနှစ်ချောင်း ရုတ်တရက် ပေါက်လာခြင်းပင်။

သူ့မျက်လုံးများက မီးတောက်နှစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကြောက်စရာကောင်းသော အစိမ်းရောင် မီးတောက်များ ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာလေတော့သည်။

**--**--**--**--**--**--**--**

တစ်ဖက်တွင်မူ... ကျီယင်ယင် အသက်ရှင်ရန် နှစ်လခန့်သာ လိုတော့သည်။

ဤအဖြစ်အပျက်သည် အလွန် ဝမ်းနည်းစရာ ကောင်းလှပေသည်။ သူမ တုပိုင်နှင့် အတူနေခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း။ တစ်နှစ်ကျော်ခန့် ရှိပေပြီ။

လွန်ခဲ့သော တစ်ကြိမ် သူမ အမှောင်ဒြပ်စင်ကို သောက်သုံးခဲ့စဉ်က ချက်ချင်းပင် အလွန် စွမ်းအားကြီးမားလာပြီး ပေမင်ဓားဂိုဏ်း၏ မဟာဆရာသခင်ကြီး နှစ်ဦးကို သတ်ဖြတ်ကာ တုပိုင်ကို ကယ်တင်ခဲ့သည်။ ထိုအချိန်မှစပြီး သူမသည် အမြဲတမ်း ကာကွယ်ရေး အိပ်မောကျခြင်း အခြေအနေတွင် ရှိနေခဲ့ပြီး အသက်ရှူသံ သဲ့သဲ့သာ ရှိတော့သည်။

မူလက ဤတိုက်ပွဲပြီးလျှင် တုပိုင်က မြို့တော်ကို ချီတက်ပြီး ပေမင်ဓားဂိုဏ်းသို့ သွားကာ ကျီယင်ယင်ကို ကယ်တင်ရန် နည်းလမ်းရှာဖို့ စီစဉ်ထားခဲ့သည်။ သို့သော် ထိုအရာများမတိုင်ခင် သူကိုယ်တိုင် အရင်ဦးစွာ လဲပြိုသွားလိမ့်မည်ဟု တုပိုင်လုံးဝထင်မှတ်မထားခဲ့မိပေ။ ထို့ကြောင့် ကျီယင်ယင်သည် ဤနေရာတွင် နေ့တိုင်း လှဲလျောင်းနေရုံသာ တတ်နိုင်တော့သည်။

မြို့တော်တွင် တုပိုင်ကို ကျီလန်ထင်း ခေါ်ဆောင်သွားပြီးနောက် ကျီပြောင်ပြောင်သည် အနောက်တောင်ဘက်သို့ အမြန်ဆုံး ပြန်လာ၍ လီဝမ်ဟွေ့ထံ သတင်းပို့ခဲ့သည်။ ကျီပြောင်ပြောင်သည် အနောက်တောင်ဘက်တွင် များများစားစား မလုပ်ခဲ့ပေ။ နေ့တိုင်း အချိန်အများစုကို သိုင်းကျင့်ကြံခြင်းဖြင့် ကုန်ဆုံးကာ ကျန်အချိန်များကို ကျီယင်ယင်၏ အခန်းထဲတွင်သာ ကုန်ဆုံးခဲ့သည်။

အိပ်မောကျနေချိန်မှာပင် ကျီယင်ယင်သည် နုပျိုခြင်းသို့ ပြန်လည်ရောက်ရှိနေဆဲ ဖြစ်သည်။ လက်ရှိအချိန်၌ သူမက သုံးလေးနှစ် အရွယ်ခန့်သာ ရှိတော့သည်။

သူမနှင့် ပေမင်ဂိုဏ်းချုပ် ကျီကျန်ယန်၏ ဇနီးတို့သည် အမြွှာများ ဖြစ်ကြသည်။ သူတို့ကို မွေးဖွားစဉ်က မိဘများ အလွန် ပျော်ရွှင်ခဲ့ကြမည်မှာ မလွဲဧကန်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်တရာ လှပကြသောကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ကျီယင်ယင်သည် အမှန်တကယ်ပင် အရုပ်မလေး တစ်ရုပ်နှင့် တူနေသည်။ မျက်လုံးများ ပိတ်ထားသော်လည်း နူးညံ့သိမ်မွေ့သော မျက်နှာလေးနှင့် ချောမောလှပသော မျက်နှာအသွင်အပြင်များက ဘုရားသခင် ဖန်တီးထားသော လက်ရာမြောက်သည့် ကျောက်စိမ်းရုပ်လေး တစ်ရုပ်ပမာ ဖြစ်နေသည်။

ကျီယင်ယင်ကို ကြည့်လေ ၊ ကျီပြောင်ပြောင် ရင်ကွဲမတတ် ခံစားရလေ ဖြစ်သည်။

သူမ အသက် ၃၀ ရှိပြီ​ဖြစ်၏။ တုပိုင်၏ အမျိုးသမီး ဖြစ်ခဲ့ပြီး ၊ နောက်ပိုင်းတွင် တုပိုင်သည် သူမ၏ သခင် ဖြစ်လာပြန်သည်။ နှစ်ယောက်ကြား ရင်းနှီးမှုသည် ပိုမို နည်းပါးလာခဲ့သည်။ သို့သော် ဤအရာကပင် ကျီပြောင်ပြောင်၏ မိခင်စိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ရလဒ်အနေဖြင့် သူမရင်ထဲမှ မိခင်မေတ္တာလည်း နိုးထလာကာ သုံးလေးနှစ်သမီးအရွယ် အသွင်ဆောင်နေသော ကျီယင်ယင်ကို သူမ၏ သမီးအရင်းပမာ ကြည့်ရှုစောင့်ရှောက်နေမိသည်။ ယခု တုပိုင်၏ အနောက်တောင်ဘက် နယ်မြေက အလွန် အင်အားကြီးမားနေပြီး နေ့စဉ်နှင့်အမျှ တိုးတက်ဖွံ့ဖြိုးနေသည်။ သို့သော် ကျီယင်ယင်၏ အသက်အန္တရာယ်နှင့် ပတ်သက်ပြီး ဘာမှ မလုပ်ပေးနိုင်ပေ။

တုပိုင်၏ အသက်ရှင်ခြင်း ၊ သေဆုံးခြင်းကလည်း ကမ္ဘာ့အက်ကွဲကြောင်းထဲတွင် မသေချာ မရေရာ ဖြစ်နေသဖြင့် ၊ ရက်စက်သော အမှန်တရားမှာ ကျီယင်ယင်သည် ဤနေရာတွင် လှဲလျောင်းပြီး သေမင်းကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။

ထိုစဉ်... ဖူဟုန်ပင်းနှင့် မြို့စားမင်း ကျီရှီရှောင် ဇနီးမောင်နှံတို့ ဝင်လာကြလေ၏။ မြို့စားမင်း ကျီရှီရှောင်က ပြောလိုက်၏။ “သူက ကျွန်တော်တို့ မျိုးနွယ်ထဲကပါ ၊ ဒါပေမဲ့ ကျွန်တော် သူ့ကို တစ်ခါမှ မမြင်ဖူးသလို မကြားဖူးပါဘူး။ သူနဲ့ သူ့မိဘတွေရဲ့ သမိုင်းကြောင်းကို သူ့အဖေက လုံးဝ ဖျောက်ဖျက်ခဲ့ပုံ ရပါတယ်။”

ဖူဟုန်ပင်းက ရှေ့တိုးလာကာ ကျီပြောင်ပြောင်၏ ပခုံးကို ဖွဖွပုတ်၍ နှစ်သိမ့်စကား ဆိုသည်။

“သူက ဘဝရဲ့ ပထမပိုင်းမှာ အရမ်း မောက်မာခဲ့ပေမဲ့ အခုတော့ အလှပဆုံး ပုံစံနဲ့ လောကကြီးကနေ ထွက်ခွာရတော့မယ်။ သူ့အတွက် ဘာမှ မမှားပါဘူး။”

ပြောင်ပြောင်သည် နောက်ဆုံးတွင် အောင့်အီးမထားနိုင်တော့ဘဲ ငိုကြွေးလိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။

“ယင်ယင်က ဒီလို မသေသင့်ဘူး... လုံးဝ မသေသင့်ဘူး။”

ဖူဟုန်ပင်းသည် ကျီယင်ယင်၏ နူးညံ့သော မျက်နှာလေးကို ကြည့်ပြီး ရင်ထဲ တုန်လှုပ်သွားသည်။ သူမသည် ဤဘဝတွင် အထီးကျန်ရန် ကံပါလာပြီး ကျားမ ဆက်ဆံရေးအတွက် မျှော်လင့်ချက် မရှိပေ။ သို့သော် ဤသို့ လှပသော သမီးလေးတစ်ယောက် ရှိပါက အလွန် ကောင်းမွန်ပေလိမ့်မည်။

မနေနိုင်တော့သဖြင့် ဖူဟုန်ပင်း မျက်နှာကို ငုံ့ကာ ကျီယင်ယင်၏ ပါးလေးကို နမ်းလိုက်လေသည်။

မြို့စားမင်း ကျီရှီရှောင်၏ ဇနီးသည်သည် ကလေးနှစ်ယောက် ကိုယ်ဝန်ဆောင်ဖူးကာ ကလေးမွေးဖွားခြင်း၏ ပင်ပန်းဆင်းရဲမှုကို သိထားသူ ဖြစ်သည်။ ကျီယင်ယင်၏ ပုံစံကို ကြည့်ပြီး သူမ မျက်ရည်ကျနေပြီ ဖြစ်ကာ ခင်ပွန်းသည်၏ ရင်ခွင်ထဲတွင် အသက်ရှူမဝအောင် ရှိုက်ငိုနေလေသည်။

“ကဲပါ... ကဲပါ...” မြို့စားမင်းလေး ကျီရှီရှောင်က ဇနီးသည်၏ ကျောကို ပုတ်ပေးလိုက်သည်။

“သွားကြစို့...” ဖူဟုန်ပင်းက တိုက်တွန်းလိုက်၏။ “သခင်ကြီး မရှိတော့ဘူး ၊ ကျွန်မတို့ ပခုံးပေါ်မှာ ကြီးမားတဲ့ တာဝန်တွေ ရှိနေတယ် ၊ အလုပ်ပြန်လုပ်ကြရအောင်။”

သူတို့သုံးဦး ထွက်ခွာသွားကြသည်။ သူတို့အားလုံးသည် ယခုအခါ စစ်ဘက်ဆိုင်ရာ အရေးကြီးသော ရာထူးများကို ရယူထားကြပြီး နေ့စဉ် အလွန် အလုပ်များနေကြသည်။ ကျီပြောင်ပြောင် တစ်ယောက်တည်း အခန်းထဲတွင် ကျန်ရစ်ခဲ့လေသည်။ သူမ မနေနိုင်တော့ဘဲ ကျီယင်ယင်၏ ကိုယ်လုံးလေးကို ပွေ့ဖက်ထားလိုက်သည်။

သူမစိတ်ထဲတွင် ရူးသွပ်သော အတွေးများ ဝင်ရောက်လာကာ ကျီယင်ယင်ကို ပေမင်ဓားဂိုဏ်းသို့ ခေါ်သွားပြီး နင်တောက်ရွှမ်ကို ကယ်တင်ခိုင်းမည်ဟု တွေးလိုက်သည်။ သူမ ကျီပြောင်ပြောင်သည် ပေမင်ဓားဂိုဏ်းထဲသို့ ဝင်ခွင့် ရရှိနိုင်မည် မဟုတ်သော်လည်း... ဤအကြံအစည် ပေါ်လာပြီးနောက် ထိန်းချုပ်၍ မရတော့ပေ။

ထိုအချိန်၌ပင်... ခြံဝန်းပတ်လည်ရှိ ငှက်တေးသံနှင့် ပိုးကောင်လေးများ၏ အသံများ ခဏတာ တိတ်ဆိတ်သွား၏။ အင်အားကြီးမားသော စွမ်းအားတစ်ခုက လုံးဝ ဖိနှိပ်လိုက်သကဲ့သို့ ဖြစ်နေချေသည်။ ချက်ချင်းပင် ကျီပြောင်ပြောင် မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးသွားပြီး အိမ်ထဲတွင် လူတစ်ယောက် ပိုလာသည်။

နက်နဲဆန်းကြယ်သော ရနံ့တစ်ခု...။

မျက်နှာတွင် ဇာပဝါ အုပ်ထားသော နိုင်ငံခြားသူ အမျိုးသမီး တစ်ဦး ဖြစ်ကာ သမုဒ္ဒရာကဲ့သို့ လှပသော မျက်လုံးနှစ်လုံးကိုသာ ဖော်ပြထားရာ လူကို စွဲမက်စေသည်။ သူမ၏ နဖူးထက်တွင် မြှုပ်နှံထားသော ခရမ်းရောင် ကျောက်မျက်ရတနာက သူမ၏ အသားအရေကို သိုးအဆီခဲကဲ့သို့ ဖြူဝင်းစေသည်။

သူမသည် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ကျောက်စိမ်းလက်များက လှပစွာ တန်ဆာဆင်ထား၏။ လက်ချောင်း ၅ ချောင်းသည် ကြက်သွန်မြိတ်ကဲ့သို့ ဆွဲဆောင်မှု ရှိသည်။ ဤသည်မှာ ကျီပြောင်ပြောင် သူမ၏ တစ်သက်နှင့်တစ်ကိုယ် မြင်ဖူးသမျှထဲတွင် အလှပဆုံး လက်ဖြစ်ပေသည်။

သူမ၏ ခါးသိမ်သိမ်လေးသည် လေထဲတွင် ပေါ်လွင်နေသည်။ ဤသည်မှာလည်း ကျီပြောင်ပြောင် မြင်ဖူးသမျှထဲတွင် အလှပဆုံး ခါး ဖြစ်သည် ၊ ဆွဲဆောင်မှု ရှိရုံသာမက ခမ်းနားထည်ဝါသည်။ အမှန်တကယ်ပင် ၊ ခါးသိမ်သိမ်လေးသည်ပင် လူကို ခမ်းနားထည်ဝါသည်ဟု ခံစားရစေသည်။

“သူက မိဖုရားလီ ထက်ပင် ပိုလှသေးသည်” ကျီပြောင်ပြောင် အလိုအလျောက် တွေးလိုက်မိသည်။

သူမရှေ့ရှိ ဤထူးဆန်းသော နိုင်ငံခြားသူ အမျိုးသမီးက ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး ကျီယင်ယင်၏ မျက်နှာလေးကို ကြည့်လိုက်သည်။

နိုင်ငံခြားသူ အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

“သူ အသက်ရှင်ဖို့ နှစ်လပဲ လိုတော့တယ်။” ကျီပြောင်ပြောင် ခေါင်းညိတ်လိုက်သည်။

နိုင်ငံခြားသူ အမျိုးသမီးက မေးလိုက်သည်။ “သူ နုပျိုခြင်းကို ပြန်ရောက်နေတာလား။”

ကျီပြောင်ပြောင် ခေါင်းညိတ်လိုက်ပြန်သည်။

နိုင်ငံခြားသူ အမျိုးသမီးက ဆိုလိုက်၏။ “ငါသူ့ကို ကယ်နိုင်တယ်။”

ကျီပြောင်ပြောင် တုန်လှုပ်သွားသည်။ “တကယ်လား။”

နိုင်ငံခြားသူ အမျိုးသမီးက သူမ၏ ကျောက်စိမ်းလက်ချောင်းလေးကို ဆန့်တန်းပြီး ကျီယင်ယင်၏ နဖူးကို ဖွဖွလေး တို့လိုက်သည်။

“အင်း...”

ကျီယင်ယင် မျက်လုံးဝိုင်းကြီးများကို ဖွင့်လိုက်ပြီး မထင်မှတ်ဘဲ နိုးလာသည်။ အိပ်ရာထခါစ ငိုချင်နေသော ကလေးမလေး တစ်ယောက်လို သူမ ပြောလိုက်သည်။

“ကိုကိုတုပိုင် ဘယ်မှာလဲ။” ထို့နောက် အလွန်ပင်ပန်းစွာ သမ်းဝေလိုက်သည်။ နှစ်စက္ကန့်အတွင်းမှာပင် ကျီယင်ယင် ပြန်အိပ်ပျော်သွားပြီး ကာကွယ်ရေး အိပ်မောကျခြင်း အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

နိုင်ငံခြားသူ အမျိုးသမီးက ရှင်းပြလိုက်၏။ “သူ အခုလေးတင် နိုးလာတဲ့ အခိုက်အတန့်က သူရဲ့ သက်တမ်း ဝလဝက်ကို ကုန်ဆုံးစေလိုက်ပြီ ၊ ဆိုလိုတာက သူမ အသက်ရှင်ဖို့ တစ်လခွဲပဲ လိုတော့တယ်။”

ထို့နောက် သူမက ကျီပြောင်ပြောင်ကို ဆက်ပြောလိုက်သည်။ “ငါတို့ သူ့ကို ကယ်နိုင်တယ် ၊ ငါတို့ပဲ သူ့ကို ကယ်နိုင်တာ။”

သူမလက်ကို ဆန့်တန်းပြီး အမိန့်သံပါပါ ပြောလိုက်သည်။

“သူ့ကို ငါ့ပေးပါ။”

ကျီပြောင်ပြောင် စိတ်မသက်မသာ ဖြစ်သွားကာ မပေးချင်ပေ။ အမှန်တကယ်တော့ သူမရှေ့ရှိ ဤနိုင်ငံခြားသူ အမျိုးသမီး၏ သိုင်းပညာသည် အလွန်ကောင်းမွန်ပြီး ကျီယင်ယင်ကို အလွယ်တကူ ခေါ်ဆောင်သွားနိုင်သော်လည်း သူမ ထိုသို့ မလုပ်ခဲ့ပေ။ သို့သော် လက်ကို ဆန့်တန်းထားဆဲ ဖြစ်ကာ ကျီပြောင်ပြောင်က ကျီယင်ယင်ကို သူမလက်ပေါ် တင်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

ကျီပြောင်ပြောင် မေးလိုက်သည်။ “ရှင်ဘယ်သူလဲ။”

နိုင်ငံခြားသူ အမျိုးသမီးက အေးစက်စွာ ပြန်ပြောလိုက်၏။ “ဒါက အရေးကြီးသေးလို့လား။”

ဟုတ်ပေသည်။ ဤသည်မှာ အရေးကြီးပါသေးသလော။ ယခု ကျီယင်ယင်မှာ အသက်ရှင်ရန် လမ်းစ မရှိတော့ပုံရပြီး သူမရှေ့မှ အမျိုးသမီးမှာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပုံရသည်။ ကျီယင်ယင်ကို ကယ်တင်နိုင်သရွေ့ အရာအားလုံးထက် ပိုအရေးကြီးပေလိမ့်မည်။

ကျီပြောင်ပြောင် မျက်လုံးများကို မှိတ်ပြီး ကြာမြင့်စွာ စဉ်းစားနေကာ နောက်ဆုံးတွင် ကျီယင်ယင်၏ နဖူးကို နက်ရှိုင်းစွာ နမ်းလိုက်ပြီး နိုင်ငံခြားသူ အမျိုးသမီး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“နှုတ်ဆက်ပါတယ်။”

နိုင်ငံခြားသူ အမျိုးသမီးက ပြောပြီးသည်နှင့် ကျီပြောင်ပြောင် မျက်စိရှေ့မှ လုံးဝ ပျောက်ကွယ်သွားလေသည်။

**--**--**--**--**--**--**--**

ကမ္ဘာ့အက်ကွဲကြောင်းရှိ ရွှေနန်းဆောင်ထဲတွင် အင်အားကြီးမားသော စွမ်းအားတစ်ခု တုပိုင်၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

တုပိုင် ပါးစပ်ကို ဟကာ မိုးခြိမ်းသံပမာ ဟိန်းဟောက်လိုက်လေသည်။

“ဝေါင်းးးးးးးးးး”

ထို့ပြင် ထိုအော်သံသည် အလွန် ထူးဆန်းနေသည်။ ယခင် အော်သံကို ကျားဟိန်းသံ ၊ နဂါးအော်သံဟု ခေါ်ဆိုနိုင်သော်လည်း ဤအချိန်တွင်မူ တုပိုင် ကိုယ်တိုင်ပင် မည်သည့်အသံဖြစ်ကြောင်း နားမလည်နိုင်တော့ချေ။

ထို့ပြင် ခေါင်းထက်၌ ပေါက်ရောက်လာသော ဦးချိုနှစ်ချောင်းမှာလည်း အလွန်တရာမှပင် ထူးဆန်းအံ့သြဖွယ် ကောင်းနေတော့သည်။ ကြည့်ရသည်မှာ နဂါးချိုတစ်ခုနှင့် တူသယောင်ရှိသော်ငြား အခြားအရာတစ်ခုခုနှင့်လည်း ဆင်တူနေပြန်သည်။

ထိုမျှသာမကသေး ၊ ယခုအချိန်တွင် တုပိုင်၏ နှလုံးခုန်သံမှာ ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်လာခဲ့ပြီး ၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအားလုံးသည်လည်း ပြန်လည်ပြည့်ဖြိုးလာခဲ့ပြီဖြစ်၏။ ဒန်တျန်အတွင်းရှိ ငရဲမီးတောက် ၊ နဂါးသွေး၏ ရွှေရောင်စွမ်းအားနှင့် ဝိညာဉ်ခွင်းအရိပ်မှ စွမ်းအင်များအားလုံး ပြန်လည်ကောင်းမွန်လာခဲ့ခြင်းပင် ဖြစ်သည်။

သို့သော်... သူ၏ ခန္ဓာကိုယ်ထဲတွင် အခြားစွမ်းအင်တစ်မျိုး ရှိနေသေး၏။ အလွန်ထူးဆန်းသော စွမ်းအင် ၊ ထူးခြားဆန်းကြယ်ပြီး အစွမ်းထက်ကာ နက်နဲ၍ ရှေးကျသော အငွေ့အသက်မျိုး ရှိလေသည်။ ဤသည်ကား တုပိုင် တစ်ခါမျှ မကြုံတွေ့ဖူးသော စွမ်းအင်မျိုးပင်။ ယခုအချိန်တွင် အိပ်မက်စနစ်သည် သူ၏ ဦးနှောက်ထဲတွင် မရှိတော့သဖြင့် ထိုစွမ်းအင်သည် မည်သည့်အရာဖြစ်ကြောင်း သူခွဲခြားစိတ်ဖြာ၍ မရနိုင်ချေ။

ထိုအချိန်၌ပင် ပေမင်ဓားဂိုဏ်း၏ ၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က တုန်ရီစွာ ငိုကြွေးလျက် ရေရွတ်လာ၏။

“နည်းနည်းလေး.. နည်းနည်းလေးပါပဲကွာ.. ငါတို့ လုံးဝ ကျရှုံးတော့မယ်လို့တောင် ထင်ခဲ့တာ။”

“ဝူးးး....”

တုပိုင်၏ ခန္ဓာကိုယ်မှ မီးတောက်များအားလုံး ပျောက်ကွယ်သွားပြီး သူ၏ ခေါင်းပေါ်ရှိ ဦးချိုသည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။ ထိုစဉ် ကျန်ရှိနေသော ပေမင်ဓားဂိုဏ်းချုပ် လေးဦး ပျောက်ဆုံးသွားသည်ကို တုပိုင် သတိထားမိလိုက်၏။

တုပိုင်က ချက်ချင်းပင် မေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ် ရန်ထျန်နဲ့ တခြား စီနီယာလေးယောက်ရော... ဘယ်ရောက်သွားကြပြီလဲ။”

ဝူယာကျစ်က မျက်နှာပျက်ယွင်းစွာဖြင့် ဖြေကြားလေသည်။

“အားလုံး... ပျောက်ကွယ်သွားကြပြီလေ။”

ရုတ်တရက် တုပိုင် လုံးဝ ကြက်သေသေသွားရ၏။ ဝိညာဉ်ပြိုကွဲ ပျက်စီးသွားပြီလား။ တုပိုင်ထံသို့ စွမ်းအင်လွှဲပြောင်းပေးရန်အတွက် သူတို့၏ ဝိညာဉ်များ လုံးဝ ပြိုကွဲပျက်စီးသွားခဲ့ရခြင်းလား။

၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်က ဆက်လက်ပြောဆိုလေသည်။

“မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွင်းနက်ကြီးက ဒီလောက်ကြီးမားလိမ့်မယ်လို့ ငါတို့ မထင်မှတ်ထားခဲ့ဘူး။ ပေမင်ဂိုဏ်းချုပ် လေးယောက်လုံးက သူတို့မှာရှိသမျှ စွမ်းအင်အားလုံးကို ပုံအောပေးလိုက်ရတဲ့အတွက် လုံးဝကို ဝိညာဉ်ကြွေလွင့် ပျောက်ကွယ်သွားခဲ့ရပြီ... ငါတတ်နိုင်သမျှ အရာအားလုံးနဲ့ မင်းကို ကယ်တင်နိုင်မယ် မထင်ခဲ့ပေမဲ့... နောက်ဆုံးတော့ ဘုရားသခင်က မင်းကို စောင့်ရှောက်လိုက်တာပါပဲကွာ။ နောက်ဆုံးအချိန်မှာ မင်း ပြန်လည်သက်သာလာပြီး မင်းခန္ဓာကိုယ်ထဲက စွမ်းအင်တွေ မျှတသွားခဲ့တယ်။”

တုပိုင်မှာ အလွန်တရာ စိတ်ထိခိုက် ကြေကွဲသွားရလေသည်။ ဂိုဏ်းချုပ်လေးယောက်၏ ဝိညာဉ်များသည် ဘိုးဘေးတို့၏ ဟောကိန်းများအတွက် ၊ သူတို့၏ တာဝန်အတွက်နှင့် သူ့ကို ပြောင်းလဲပေးနိုင်ရန်အတွက် နောက်ဆုံးပေးဆပ်မှုအဖြစ် ဝိညာဉ်ကို စတေးခဲ့ကြပြီဖြစ်သည်။

သို့သော် တုပိုင်သည် ပေမင်မဟာအတတ်ကို ရရှိလိုက်သည်ဟု မခံစားရပေ။ ၁၂ ဆက်မြောက် ဂိုဏ်းချုပ် ဝူယာကျစ်က ရှင်းပြလိုက်သည်။

“ပေမင်မဟာအတတ် ဆိုတာက စွမ်းအင်စာလိပ်တစ်ခု ဖြစ်ပြီး သင်ယူရတဲ့ လုပ်ငန်းစဉ် မရှိသလောက်ပဲဆိုတာ မင်းသိသင့်တယ်။”

တုပိုင် ခေါင်းညိတ်လိုက်၏။ ထိုစဉ်က ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ စွမ်းအင်အလုံအလောက်ကို မျိုချရန်အတွက် စာလိပ်တစ်ခုလုံးသည် ဆယ်စုနှစ်များစွာ ကြာမြင့်တတ်သော်လည်း စာလိပ်ကို ဖွင့်ကြည့်ပြီး ထိတွေ့လိုက်ရုံဖြင့် စွမ်းအင်သင်္ကေတများသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ ဒန်တျန်နှင့် သွေးကြောများကို တိုက်ရိုက် ပြောင်းလဲပေးပြီး မဟာအတတ်ကို တိုက်ရိုက် တတ်မြောက်စေခဲ့ခြင်း ဖြစ်သည်။

ဝူယာကျစ်က ဆက်လက်ပြောဆိုသည်။ “ငါက ပေမင်မဟာအတတ်ကို လေ့လာခဲ့ဖူးပေမဲ့ အဲဒါကို တက်ကြွစွာ မဟုတ်ဘဲ ဖြစ်သလိုပဲ သင်ယူခဲ့တာ။ သူ့ရဲ့ စွမ်းအင်သင်္ကေတတွေနဲ့ စွမ်းအင်သဘောတရားတွေကို လုံးဝ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဒီ ဟင်းလင်းပြင်အက်ကြောင်းထဲ ရောက်လာပြီးတဲ့နောက်မှာတော့ လိင်မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ကာကွယ်ရတာကလွဲရင် ငါ့မှာ အချိန်တွေ အကန့်အသတ်မရှိ ရနေခဲ့တယ်။ ကျန်တဲ့အချိန် အများစုကို ပေမင်မဟာအတတ် လေ့လာရာမှာပဲ အကုန်ခံခဲ့တယ်။ ငါ့ရဲ့ ကြွက်သားတွေနဲ့ ဒန်တျန်ကို အတွင်းစိတ်နဲ့ ပြန်ကြည့် ၊ ပြန်လည်ဆန်းစစ်ပြီး နောက်ဆုံးမှာတော့ ပေမင်မဟာအတတ် တစ်ခုလုံးကို ရေးသားနိုင်ခဲ့တယ်။”

တုပိုင် ဘေးဘီဝဲယာကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။ အခန်းသည် ဗလာဖြစ်နေပြီး စာလိပ်တစ်ခု ထားစရာနေရာပင် မရှိချေ။

ဝူယာကျစ်က ပြုံးလျက် ဆိုလိုက်သည်။

“အရူးလေး... ဒါက စွမ်းအင်အက်ကြောင်းလေ။ ငါတို့က စွမ်းအင်ဝိညာဉ် ပုံစံနဲ့ပဲ တည်ရှိနိုင်တာ။ ငါ့အတွက် ရေးစရာ စာလိပ်ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်... တစ်ခုတည်းသော နည်းလမ်းက ငါ့ခန္ဓာကိုယ်ကို စာလိပ်အဖြစ် ပြောင်းလဲလိုက်ဖို့ပဲ။ ဒါကြောင့် ငါကိုယ်တိုင်က ပေမင်မဟာအတတ်ရဲ့ စွမ်းအင်စာလိပ်ပဲ။”

ထိုစကားကို ကြားသောအခါ တုပိုင် လုံးဝ အံ့အားသင့်သွားရသည်။ ၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်က ဆက်ပြောလေသည်။

“ဒါမှမဟုတ်ရင် ငါက ဘာလို့ နောက်ဆုံးမှ ပျောက်ကွယ်သွားရမလဲဆိုတာ မင်းဘယ်လိုထင်လဲ။ ငါက အသက်အကြီးဆုံးမို့လို့လား။ ဒီ ဟင်းလင်းပြင်အက်ကြောင်းထဲ ရောက်လာပြီးကတည်းက ဂိုဏ်းချုပ်အားလုံးက တန်းတူပဲ။ ငါ အခုထိ အသက်ရှင်နေရတဲ့ အကြောင်းရင်းက ငါ့မှာ အရေးကြီးတဲ့ တာဝန်တစ်ခု ကျန်နေသေးလို့ပဲ။”

တုပိုင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ငရဲတံခါး...”

ဝူယာကျစ်က ပြန်လည်ပြောဆိုသည်။

“ဟုတ်တယ် ၊ ငရဲတံခါးပေါ့။ အခု ဂိုဏ်းချုပ်လေးယောက်လုံး ပျောက်ကွယ်သွားကြပြီ။ မကြာခင်မှာ ငါလည်း ပေမင်မဟာအတတ် စာလိပ်အဖြစ် ပြောင်းလဲပြီး မင်းရဲ့ ဝါးမြိုခြင်းကို ခံရတော့မယ်။ အဲဒီအချိန်ကျရင် ဒီ ဟင်းလင်းပြင်အက်ကြောင်းကို စောင့်ကြပ်မယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ စောင့်ကြပ်နေဖို့လည်း မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ မင်းက ငရဲတံခါးကို အပြီးအပိုင် ပိတ်ပစ်လိုက်တော့မှာမို့လို့ပဲ။ ဒါမှ တစ်ဖက်ကမ္ဘာက လိင်မိစ္ဆာတွေ ငရဲတံခါးရဲ့ အက်ကြောင်းတွေကနေ ဖြတ်သန်းပြီး ငါတို့ကမ္ဘာကို မကျူးကျော်နိုင်တော့မှာလေ။”

ထိုသို့ပင် ဖြစ်လေသည်။ တုပိုင်က သံသယဖြင့် မေးမြန်းလိုက်သည်။

“ကျွန်တော်တစ်ယောက်တည်းပဲ ငရဲတံခါးကို ပိတ်နိုင်တာလား။”

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၇ + ၆၁၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters