← Chapters

အခန်း (၆၁၉-၆၂၀)

Vol. 62 Ch. 619-620

အခန်း (၆၁၉-၆၂၀)

Vol. 62 Ch. 619-620

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၉ + ၆၂၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဝူယာကျစ်က လေးနက်စွာ ဖြေကြားသည်။

“ဟုတ်တယ်... ဒီငရဲတံခါးကို မင်းတစ်ယောက်တည်းပဲ ပိတ်နိုင်စွမ်းရှိတာ...”

ဝူယာကျစ်က လေးနက်သောလေသံဖြင့် ဆက်လက် ရှင်းပြလိုက်၏။

“ငရဲတံခါးက မူလကတည်းက ပိတ်ထားတာပါ။ ဒါပေမဲ့ ကမ္ဘာနှစ်ခုကြားက စွမ်းအင်မညီမျှမှုကြောင့် ဒီတံခါးမှာ အက်ကြောင်းလေးတစ်ခု ပေါ်လာပြီး လိင်မိစ္ဆာတွေက အလင်းနဲ့ အရိပ်အဖြစ် ပြောင်းလဲကာ အဲဒီအက်ကြောင်းကနေ ဝင်ရောက်လာနိုင်ခဲ့ကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအတွင်းမှာ လိင်မိစ္ဆာတွေက ငရဲတံခါး အက်ကြောင်းကနေ တိုးဝင်လာခဲ့ကြတာ။ ကံကောင်းစွာနဲ့ပဲ ငါတို့က သူတို့ကို ချေမှုန်းနိုင်ခဲ့တယ်။ သူတို့ကိုသာ ငါတို့ကမ္ဘာထဲ ဝင်ခွင့်ပေးလိုက်ရင်... အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး။”

ထို့နောက် ဝူယာကျစ်က တည်ငြိမ်စွာပင် ဆက်ပြောလေသည်။

“အခု တာဝန်ရှင်ဖြစ်တဲ့ ကောင်းကင်သခင် ရောက်လာပြီဆိုတော့ ငါတို့ ငရဲတံခါးကို အပြီးအပိုင် ပိတ်ပစ်ပြီး တစ်ဖက်ကမ္ဘာက လိင်မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို လုံးဝ တားဆီးနိုင်တော့မယ်။ ငါတို့ရဲ့ တာဝန်လည်း ပြီးဆုံးပြီဖြစ်တဲ့အတွက် စိတ်အေးလက်အေးနဲ့ ပျောက်ကွယ်သွားလို့ ရပြီ။ ငရဲတံခါး အပြီးအပိုင် ပိတ်ပြီးတာနဲ့ ငါက မင်းအတွက် ပေမင်မဟာအတတ် စာလိပ်အဖြစ် ပြောင်းလဲပေးလိုက်မယ်။ ပြီးရင် ငါ ဒီကမ္ဘာကနေ အပြီးအပိုင် ထွက်ခွာသွားတော့မယ်။”

တုပိုင်က စိုးရိမ်တကြီးဖြင့် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“စီနီယာ... ဂိုဏ်းချုပ်ကြီးလေးယောက်လည်း မရှိတော့ဘူး။ သူတို့ရဲ့ သေမင်းတမန်ဥမင်လိုဏ်ခေါင်း က အစောင့်အရှောက် မရှိတော့ဘူး မဟုတ်လား။ အကယ်၍ ဒီအချိန်မှာ လိင်မိစ္ဆာတွေ ဖြတ်ကျော်လာမယ်ဆိုရင် အကျိုးဆက်က ဆိုးရွားလိမ့်မယ်။ ကျွန်တော်တို့ ငရဲတံခါးဆီ ချက်ချင်းသွားပြီး အပြီးအပိုင် ပိတ်ပစ်မှ ဖြစ်မယ်။”

ဝူယာကျစ်ကလည်း ချက်ချင်းပင် ထောက်ခံလိုက်၏။

“ဟုတ်တယ်... ချက်ချင်း သွားကြစို့ ၊ ချက်ချင်း သွားကြစို့ ၊ အခုပဲ သွားမယ်။”

ထို့နောက် သူက ဓားကို ဆွဲထုတ်လိုက်ပြီး အမိန့်ပေးသံဖြင့် ဆိုလိုက်သည်။

“ကောင်းကင်သခင်... ကျွန်တော့်နောက် လိုက်ခဲ့ပါ။”

တုပိုင်သည် ဝူယာကျစ်၏ နောက်မှ လိုက်ပါလျက် ရွှေရောင်အိမ်ငယ်အတွင်းမှ ထွက်ခွာကာ ငရဲတံခါးဆီသို့ ဦးတည်သွားလေသည်။ ဟင်းလင်းပြင်အက်ကြောင်း၏ အလယ်မှတ်ဖြစ်သော လုံးဝ အမှောင်ကျနေသည့် နေရာကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ အမှောင်တံတားကို ဖြတ်ကျော်ပြီးနောက် ယခင်က လမ်းနှင့် မတူတော့ချေ။ သွေးရောင်လွှမ်း၍ တွန့်လိမ်နေသော သေမင်းတမန်ဥမင်လိုဏ်ခေါင်း မဟုတ်တော့။

ယနေ့ လျှောက်လှမ်းရသည့် သေမင်းတမန်ဥမင်လိုဏ်ခေါင်း သည် အလွန်အေးချမ်းပြီး ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။ ထိုခံစားချက်သည် သင်္ချိုင်းကုန်းပေါ်သို့ လရောင်ဖြာကျနေသကဲ့သို့ စိမ်းဖန့်ဖန့် ခံစားချက်မျိုး ဖြစ်သည်။ ခြောက်ခြားဖွယ်ကောင်းသည် ၊ ဆိတ်ငြိမ်သည် ၊ သိမ်မွေ့သည် ၊ လျှို့ဝှက်ဆန်းကြယ်သည်။

ယမန်နေ့က သွေးရောင်များနှင့် တွန့်လိမ်နေခဲ့သည့် သေမင်းတမန်ဥမင်လိုဏ်ခေါင်း သည် ငရဲနှင့် တူ၏။ သွေးစိမ်းရှင်စိမ်း ငရဲဖြစ်သည်။ ယနေ့တွင်မူ ဤခြောက်ခြားဖွယ် လျှို့ဝှက်သော သေမင်းတမန်ဥမင်လိုဏ်ခေါင်း သည်လည်း ငရဲနှင့်ပင် တူပြန်သည်။ သရဲတစ္ဆေငရဲ ဖြစ်လေသည်။

ဤနက်နဲသော သေမင်းတမန်ဥမင်လိုဏ်ခေါင်း အတိုင်း တည့်တည့် ဆက်သွားနေမိသည်။ လမ်းသည် ပို၍ ပို၍ ကျယ်ဝန်းလာသည်။ လိုဏ်ခေါင်း၏ ဘေးတစ်ဖက်တစ်ချက်သည် အဆုံးမရှိသော ဟင်းလင်းပြင်ကဲ့သို့ပင်။ ကြာရှည်စွာ လျှောက်လှမ်းပြီးနောက် မည်သည့်အသံမျှ မကြားရတော့ဘဲ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။

နှလုံးခုန်သံသာ ရှိတော့၏။ တုပိုင်၏ နှလုံးခုန်သံနှင့်... ဝူယာကျစ်၏ နှလုံးခုန်သံ။ ဝေး... အဝေးကြီးသို့ ရောက်လာကြသည်။

ရုတ်တရက် တုပိုင်၏ ရှေ့တွင် ကြီးမားသော တံခါးကြီးတစ်ခု ပေါ်လာသည်။ ဤသည်ကား... ငရဲတံခါးပေါက်လား။

အမှန်တကယ်ပင် ကြီးမားလှပေသည်။ ကြီးမားလွန်းလှသည်။ စာဖွဲ့၍ မရနိုင်လောက်အောင် ကြီးမားလှပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ကန့်လန့်ဖြတ် တည်ရှိနေသကဲ့သို့ ခံစားရသည်။ ငရဲတံခါး တစ်ခုလုံးသည် မီးလောင်ကျွမ်းနေ၏။ ဖျော့တော့သော ငရဲမီးတောက်များ ဖြစ်သည်။ ဤနေရာသည် ငရဲမီးတောက် အများဆုံးနှင့် ကြောက်စရာ အကောင်းဆုံး နေရာ ဖြစ်တန်ရာ၏။

အနီးကပ် သေချာကြည့်လိုက်သောအခါ ကြီးမားလှသော ငရဲတံခါး၏ အလယ်တွင် အက်ကြောင်းတစ်ခု ပွင့်နေသည်ကို တွေ့လိုက်ရသည်။ အလွန်သေးငယ်သော အက်ကြောင်းလေး ဖြစ်ပြီး ဆံခြည်မျှင်တစ်မျှင်စာ ၊ နှစ်မျှင်စာ ခန့်သာ ရှိတော့သည်။

သို့သော် ဤကဲ့သို့သော အက်ကြောင်းလေးမှပင် လိင်မိစ္ဆာများစွာ ထွက်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။

“ဝုန်းးး... ဝုန်းးး... ဝုန်းးး..”

ရုတ်တရက် ငရဲတံခါး တစ်ခုလုံး တုန်ခါသွားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

ဝူယာကျစ်၏ မျက်နှာ ပျက်သွားပြီး ဓားကို ဆွဲထုတ်ကာ အသည်းအသန် အော်ဟစ်လိုက်သည်။

“မြန်မြန်... မြန်မြန်... မိစ္ဆာတွေက ငရဲတံခါးကို အသေခံ တိုက်ခိုက်တော့မယ်။ ပြီးရင် လိင်မိစ္ဆာတွေ ဖြတ်ကျော်ဖို့ အခွင့်အရေး ဖန်တီးကြလိမ့်မယ်... ငရဲတံခါးကို ချက်ချင်း သွားပိတ်လိုက်ပါ။ ဒါမှမဟုတ်ရင်... ငါတို့ လိင်မိစ္ဆာတွေကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။”

“ဝုန်းးး... ဝုန်းးး... ဝုန်းးး... ဝုန်းးး...”

ကျယ်လောင်သော အသံကြီးများနှင့်အတူ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ခါသွားပြီး ကမ္ဘာမြေကြီးပင် ပြောင်းပြန်လှန်သွားမတတ် ခံစားလိုက်ရသည်။ ဝူယာကျစ် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

“ဒါက အဆိုးရွားဆုံး အချိန်ပဲ ၊ ဒါက အဆုံးစွန်ဆုံး အချိန်ပဲ။ ကောင်းကင်သခင်... မြန်မြန်... ငရဲတံခါးကို သွားပိတ်လိုက်တော့။ ဒါမှမဟုတ်ရင် လိင်မိစ္ဆာတွေ အများကြီး ထွက်လာလိမ့်မယ်။ ဒါက သူတို့ရဲ့ အလုံးအရင်းနဲ့ တိုက်ခိုက်မှုပဲ ၊ မြန်မြန်လုပ်... မြန်မြန်လုပ်ပါ။”

၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ်၏ အသံမှာ အက်ကွဲလုမတတ် ဖြစ်နေသည်။

“လိင်မိစ္ဆာတွေ အမြဲတမ်း တိုက်ခိုက်နေကြတာ။ ငရဲတံခါးကို သွားပိတ်လိုက်ပါ ၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်။ မဟုတ်ရင် ငါတို့ကမ္ဘာကြီး ပျက်စီးသွားလိမ့်မယ်...”

“ဝုန်းးး... ဝုန်းးး... ဝုန်းးး..”

ရူးသွပ်ဖွယ်ရာ ကျယ်လောင်သော အသံများနှင့် ရူးသွပ်ဖွယ်ရာ တုန်ခါမှုများသည် ဆက်တိုက်ဆိုသလိုပင် ထွက်ပေါ်လာ၏။ ကြီးမားသော ငရဲတံခါးကြီးတွင် ကြောက်မက်ဖွယ် ငရဲမီးတောက်များ ရူးသွပ်စွာ ထကြွလာပြီး ရူးသွပ်စွာ တွန့်လိမ်နေကြသည်။

ထိုစဉ် ငရဲတံခါးရှိ ဆံခြည်မျှင်တစ်မျှင်စာ ၊ နှစ်မျှင်စာ ခန့်သာရှိသော အက်ကြောင်းမှတဆင့် အရိပ်မည်းတစ်ခု ဖြည်းညှင်းစွာ တိုးထွက်လာသည်ကို တုပိုင် အထင်းသား မြင်လိုက်ရသည်။

ယင်းသည် ဆံပင်မျှင်ပေါင်းများစွာကဲ့သို့ ပါးလွှာသော အရိပ်အဖြစ် ပြောင်းလဲထားသည့် လိင်မိစ္ဆာဖြစ်သည်။ ဤအက်ကြောင်းမှ မုချဧကန် တိုးထွက်လာတော့မည့် ပုံပင်။

“ရွှီးးးး.....”

တစ်ခါတစ်ရံတွင် ငရဲမီးတောက်များက ထိုလိင်မိစ္ဆာများ၏ ပါးလွှာသော အရိပ်များကို လျှာဖြင့် လှမ်းလျက်လိုက်ရာ ချက်ချင်းပင် ပြာကျသွားကြသည်။

“အားးး... အားးး... အားးး...”

မီးလောင်ကျွမ်းသွားသည့် ခဏ၌ ထိုလိင်မိစ္ဆာများသည် ကြောက်မက်ဖွယ်ကောင်းအောင် အော်ဟစ်ငိုကြွေးကြလေသည်။

သို့သော် ပို၍ များပြားသော ၊ ပို၍ များပြားသော လိင်မိစ္ဆာများသည် ဆံပင်မျှင်များကဲ့သို့ အရိပ်မည်းများအဖြစ် ပြောင်းလဲကာ ငရဲတံခါး အက်ကြောင်းအတွင်းမှ ရူးသွပ်စွာ တိုးထွက်လာနေကြ၏။

ငရဲတံခါးကို ချက်ချင်း ပိတ်မှ ဖြစ်မည်။ သို့မဟုတ်ပါက... အကျိုးဆက်သည် ကပ်ဘေးသင့်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

ပေမင်ဂိုဏ်းချုပ်ကြီး လေးဦး သေဆုံးသွားခဲ့ပြီဖြစ်ရာ ဝူယာကျစ် တစ်ယောက်တည်းသာ ကျန်တော့သည်။ သူသည် ဤမျှ များပြားသော လိင်မိစ္ဆာများကို ကိုင်တွယ်နိုင်စွမ်း မရှိတော့သလို ၊ သူ၏ ကျင့်ကြံခြင်းစွမ်းအား အများစုကိုလည်း တုပိုင်ထံ လွှဲပြောင်းပေးထားပြီး ဖြစ်သည်။

တုပိုင်သည် အရှိန်ကို ရူးသွပ်စွာ တင်လိုက်ပြီး အရူးအမူး ပြေးဝင်သွားလေသည်။

လင်းပိုဝေပုသိုင်းကွက်ကို ထုတ်သုံးလျက် ခြေလှမ်းစိတ်စိတ်ဖြင့် အရှိန်ကုန် ပြေးလွှားလိုက်၏။ ရုတ်တရက် တုပိုင် လန့်သွားသည်။ သူ၏ အမြန်နှုန်းက အလွန်အမင်း မြန်လွန်းနေသည်။

ယခင်ကထက် မည်မျှ ပိုမြန်လာမှန်း မသိတော့ချေ။ သူ၏ သိုင်းပညာကျင့်ကြံခြင်းအဆင့်သည် မည်မျှလောက်တောင် တိုးတက်သွားပြီနည်း။

ရူးသွပ်စွာ ပြေးလွှားရင်း ငရဲတံခါးဆီသို့ ဦးတည်သွားလိုက်သည်။ ငရဲတံခါးကို မဖြစ်မနေ ပိတ်ရမည်။ ငရဲတံခါးကို အမြန်ဆုံး ပိတ်ရမည်။ သို့မဟုတ်ပါက တုပိုင် ပျက်စီးသွားမည် ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးလည်း ပျက်စီးသွားပေလိမ့်မည်။ လီသောင်းချီသည့် အကွာအဝေးကို တုပိုင်က လင်းပိုဝေပု အသုံးပြု၍ ခဏလေးအတွင်း ရောက်ရှိသွားလေ၏။

သူသည် အမြောက်ဆံတစ်ခုကဲ့သို့ ကြီးမားသော ငရဲတံခါးကြီးဆီသို့ အရှိန်ဖြင့် ဝင်တိုက်လိုက်ပြီး တံခါးကို ပိတ်ရန် အစွမ်းကုန် ကြိုးစားလိုက်လေသည်။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင်... ဟင်းလင်းပြင် အထက်၌ ဖြစ်သည်။ ထူးဆန်းသော အလင်းတန်းလေးခုတို့သည် ရုတ်တရက် တုန်ခါသွားကြသည်။ ရွှေရောင်အလင်းတန်းအရိပ်က စိုးရိမ်စွာ ပြောလိုက်၏။

“ဘာကြောင့်မှန်း မသိဘူး။ ငါ ရင်တုန်နေတယ် ၊ အရမ်း ရင်တုန်နေတယ်။”

စိမ်းပြာရောင် အလင်းတန်းအရိပ်က မေးသည်။

“မင်း စိတ်လှုပ်ရှားနေတာလား။”

အနီရောင် အလင်းတန်းအရိပ်က ပြောလာ၏။ “စနစ်ရှင် တစ်ခုခု ဖြစ်နေတာ နေမှာ။ ဟင်းလင်းပြင်အက်ကြောင်းက အရမ်း အန္တရာယ်များတယ်။ သူက အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်ပဲ ရှိသေးတာ။”

အပြာရောင် အလင်းတန်းအရိပ်က ဆိုလေသည်။ “စနစ်ရှင် တုပိုင်ဆီမှာ ပြဿနာတစ်ခုခု ရှိနေတာ သေချာတယ်။”

**--**--**--**--**--**--**--**

“ဝုန်းးးးး......” တုပိုင်သည် သူ၏ခန္ဓာကိုယ်ကြီးဖြင့် ငရဲတံခါးကြီးကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်ပြီး တံခါးကို ပိတ်ရန် အစွမ်းကုန် အားထုတ်လိုက်သည်။

အောင်မြင်သွား၏။ ဤတံခါးကြီးသည် ကြည့်ရသည်မှာ အလွန်ကြီးမားပြီး ပိတ်ရန်အတွက် အားအချိန်ကျင်းသန်းပေါင်းများစွာ လိုအပ်မည့်ပုံ ပေါက်နေသည်။ သို့သော် လက်တွေ့တွင်မူ တုပိုင် အလွယ်တကူပင် ပိတ်လိုက်နိုင်ခဲ့သည်။ ဆံခြည်မျှင်တစ်မျှင်စာ ခန့်ရှိသော အက်ကြောင်း ပျောက်ကွယ်သွားပြီး ငရဲတံခါးကြီးတစ်ခုလုံး လုံးဝ ပိတ်သွားပြီဖြစ်လေသည်။

ထို့နောက် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ပျောက်ကွယ်သွား၏။ ကြောက်မက်ဖွယ် တုန်ခါမှုကြီး ပြီးဆုံးသွားလေ၏။

“ဖြောင်း ဖြောင်း ဖြောင်း...”

၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်က လက်ခုပ်တီးလိုက်သည်။

“လုပ်တာ ကောင်းတယ် ကလေး ၊ လုပ်တာ ကောင်းတယ် ကလေးရေ ၊ နောက်ဆုံးတော့ မင်း ဒီမဟာတာဝန်ကြီးကို ပြီးမြောက်သွားခဲ့ပြီပေါ့။”

အနည်းငယ်တော့ ပိုမနေသည် မဟုတ်ပါလား။ ငရဲတံခါးရှိ ဆံခြည်မျှင်စာခန့် ရှိသည့် အက်ကြောင်းလေးကို ပိတ်လိုက်ရုံနှင့် ထာဝရတည်တံ့မည့် အမှုကိစ္စကြီးတစ်ခုကို ပြီးမြောက်သွားသကဲ့သို့ ပြောဆိုနေသည် မဟုတ်ပါလော။

ထို့နောက် ချက်ချင်းပင်... ရုတ်တရက်... ငရဲတံခါးပေါ်ရှိ မီးတောက်များအားလုံး ပျောက်ကွယ်သွားသည်။

ဟုတ်သည်။ အားလုံး ပျောက်ကွယ်သွားပြီး တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ အားလုံး စုပ်ယူ ဝါးမြိုခြင်း ခံလိုက်ရသည်။

ထို့နောက်... ငရဲတံခါးကြီး တစ်ခုလုံး ပျက်စီးသွားလေသည်။

“ဝုန်းးးးး.....”

လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော မိစ္ဆာကောင်များ ပြေးထွက်လာပြီး တုပိုင်ကို လုံးဝ ဝိုင်းရံထားလိုက်ကြသည်။ ထူထပ်သိပ်သည်းစွာဖြင့် တုပိုင်ကို တစ်ထပ်ပြီးတစ်ထပ် ဝိုင်းထားလိုက်ကြခြင်း ဖြစ်သည်။

“အီး... ဟီး... ဟီး...”

“ဟားဟားဟား...”

ဤမရေမတွက်နိုင်သော မိစ္ဆာကောင်များသည် ကြောက်မက်ဖွယ် အော်ဟစ်သံများ ၊ ဟိန်းသံများနှင့် စူးရှသော ရယ်သံများကို ပြုလုပ်နေကြသည်။

၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်သည် လက်ခုပ်ဆက်တီးရင်း တုပိုင်ရှိရာသို့ လျှောက်လာလေသည်။ သူက ဖြည်းဖြည်းချင်း လှောင်ပြောင် ပြောဆိုလိုက်၏။

“တာဝန်ရှင်ဖြစ်တဲ့ ကောင်းကင်သခင်... လုပ်တာကောင်းတယ် ၊ လုပ်တာကောင်းတယ်။ မင်းက ထာဝရတည်တံ့မယ့် အမှုကိစ္စကြီးကို ပြီးမြောက်အောင် လုပ်လိုက်နိုင်ပြီပဲ။ ငရဲတံခါးကို ဖွင့်ပေးလိုက်ပြီလေ။ အခုဆိုရင် လိင်မိစ္ဆာတွေက မင်းတို့ကမ္ဘာထဲကို အတားအဆီးမရှိ ဝင်ရောက်နိုင်ပြီ။ ပြီးတော့ မရေမတွက်နိုင်တဲ့ မိစ္ဆာကောင်တွေလည်း မင်းတို့ကမ္ဘာထဲကို တိုးဝင်သွားလို့ ရပြီလေ... ဟားဟားဟားဟား။”

ဝူယာကျစ် လျှောက်လာနေရင်း သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာသည် မရပ်မနား ပြောင်းလဲနေသည်။ ခဏကြာသော် သူသည် ၁၉ ဆက်မြောက် ဂိုဏ်းချုပ် ရန်ထျန် ဖြစ်သွားသည်။

ခဏကြာသော် ၁၈ ဆက်မြောက် ဂိုဏ်းချုပ် ဝူပုမြဲ့ ၊ ၁၅ ဆက်မြောက် ဂိုဏ်းချုပ် ကျူးထျန်ဟန် နှင့် ၁၃ ဆက်မြောက် ဂိုဏ်းချုပ် အော်ယန်နု အဖြစ် ပြောင်းလဲသွားပြန်သည်။

နောက်ဆုံးတွင်မူ သူ၏ မူလမျက်နှာသွင်ပြင်ကို ပြန်လည်ရရှိသွားလေ၏။

လိင်မိစ္ဆာ... ဤသည်ကား တုပိုင် လိင်မိစ္ဆာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လူပုံသဏ္ဍာန် အရိပ်တစ်ခုနှင့် တူပြီး မျက်နှာမရှိ ၊ မျက်လုံးပင် မရှိချေ။ ယင်းသည် အရိပ်မည်းတစ်ခုသာဖြစ်ပြီး ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အနက်ရောင် အလင်းနှင့် အရိပ်များ စီးဆင်းနေသည်။

လိင်မိစ္ဆာ ၊ အရိပ် ၊ မျက်နှာမဲ့။ ယင်းသည် မည်သူ့ပုံစံကိုမဆို ပြောင်းလဲနိုင်သည်။

“ဟားဟားဟားဟား...”

“ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်လာတာနဲ့ ပေမင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းနဲ့ တွေ့မယ် ၊ ပြီးတော့ မင်းကို တာဝန်ရှင်လို့ သတ်မှတ်ပြီး ကျင့်ကြံခြင်းစွမ်းအားတွေ လွှဲပေးမယ်တဲ့လား။ ကောင်းကင်ဘုံမှာ ဒီလောက် ကောင်းတဲ့အရာမျိုး ရှိပါ့မလားကွ...”

“ပြီးတော့ တစ်ယောက်တည်းတောင် မဟုတ်ဘူး ၊ ဂိုဏ်းချုပ် ငါးယောက်တောင် ရှိသေးတယ်။ အားလုံးက သူတို့တစ်ကိုယ်လုံးမှာ ရှိတဲ့ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို မင်းဆီ လွှဲပေးမယ်တဲ့။ မင်းက တာဝန်ရှင်မို့လို့ ဒီလောက်တောင် ကံကောင်းနေရတာလား။”

“ကောင်းကင်ကနေ မုန့်ဟင်းခါးပန်းကန် ကျလာတယ်ဆိုတာ မရှိဘူး။ တကယ်လို့ မုန့်ကျလာခဲ့ရင်တောင် အဲဒါ အဆိပ်ပါလို့ပဲ ဖြစ်ရမယ်။”

“ဟုတ်တယ် ကောင်းကင်သခင် ၊ ကံတရားကြီးမားသူရေ... ငါတို့က မင်းကို အသုံးချလိုက်တာ။ ညီအစ်ကိုတို့... ထွက်ခဲ့ကြဟေ့။”

ထို့နောက် ရန်ထျန် ပေါ်လာသည် ၊ ဝူပုမြဲ့ ပေါ်လာသည် ၊ ကျူးထျန်ဟန် ပေါ်လာသည် ၊ အော်ယန်နု ပေါ်လာသည်။

ပျောက်ကွယ်သွားပြီဟု သိထားသော ပေမင်ဓားဂိုဏ်းချုပ်များသည် တုပိုင်၏ ရှေ့မှောက်တွင် အကောင်းပကတိအတိုင်း ရပ်နေကြသည်။ ခန္ဓာကိုယ်မှ အလင်းနှင့် အရိပ်များ ခေတ္တမျှ တွန့်လိမ်သွားပြီးနောက် အားလုံးသည် ယင်းတို့၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားကြလေသည်။ အားလုံးသည် လိင်မိစ္ဆာများ ဖြစ်ကြပေသည်။

“အရာအားလုံးက လှည့်ကွက်တစ်ခုပဲ ၊ တုပိုင်ဆိုတဲ့ အရူးကောင်ရဲ့။”

“ငါတို့က ဒီလို သွေးထွက်အောင်မှန်တဲ့ ပြဇာတ်ကြီး ကပြခဲ့တာ မင်းကို ငရဲတံခါး ဖွင့်ခိုင်းဖို့သက်သက်ပဲ။ ဒါမှ လိင်မိစ္ဆာတွေနဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာကောင်တွေ မင်းတို့ကမ္ဘာထဲကို ဝင်ရောက်ပြီး မင်းတို့ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်မှာလေ... ဟားဟားဟားဟား...”

“ဒီရည်ရွယ်ချက်အတွက် ငါတို့က စွမ်းအားအမြောက်အမြား ပေးရမှာကို ဝန်မလေးခဲ့ဘူး။ တကယ်ကို မင်းခန္ဓာကိုယ်ထဲကို စွမ်းအားကြီးမားတဲ့ စွမ်းအင်တွေ ထည့်ပေးခဲ့တာ ၊ တကယ်ကို ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားတဲ့ စွမ်းအားတွေပါပဲ။”

“မင်းခန္ဓာကိုယ်ထဲက စွမ်းအင်တွင်းနက်ကြီးက တကယ်ကို ကြီးလွန်းပါတယ်။ ငါတို့ လိင်မိစ္ဆာ ငါးကောင်တောင်မှ မင်းပြန်လည် အသက်ရှင်လာဖို့အတွက် မင်းခန္ဓာကိုယ် မျှတအောင် အဖိုးအခ အများကြီး ပေးဆပ်ခဲ့ရတာ။”

“မင်းခန္ဓာကိုယ်ထဲက မရင်းနှီးတဲ့ စွမ်းအင်က ပေမင်ဓားဂိုဏ်းချုပ် ငါးယောက်ဆီက လာတာ မဟုတ်ဘူး ၊ လိင်မိစ္ဆာတွေဆီက လာတာ။ မင်းခန္ဓာကိုယ်ထဲမှာ ရှိနေတာက မိစ္ဆာစွမ်းအားတွေကွ... ဟားဟားဟားဟား။”

“အခု မင်းရဲ့ တာဝန်ပြီးဆုံးပြီး ငရဲတံခါးကို ဖျက်ဆီးလိုက်ပြီဆိုတော့ ငါတို့ပိုင်တဲ့ စွမ်းအင်တွေကို ပြန်ယူရတော့မယ်။ မင်းကတော့ လုံးဝ ပျောက်ကွယ်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားရတော့မယ်။”

“ဟားဟားဟားဟား...”

လိင်မိစ္ဆာ ငါးကောင်သည် ထူးဆန်းစွာ ရယ်မောလိုက်ကြပြီး တုပိုင်ကို လုံးဝ ဝါးမြိုပစ်ရန် ၊ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန်အတွက် တုပိုင်ထံသို့ ပြေးဝင်လာကြလေသည်။

ဤမြင်ကွင်းကို အိပ်မက်စနစ်များ တွေးဖူးခဲ့လေသလော မသိ။ ငရဲဆန်သော မြင်ကွင်း ၊ ပျက်စီးခြင်းများ ပြည့်နှက်နေသော မြင်ကွင်း။ တုပိုင် မျက်လုံးများကို မှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

“ဒါကို သူများအကွက်ချတာ ခံလိုက်ရတယ်လို့ ခေါ်တာလား။ မိစ္ဆာက တစ်ပေမြင့်ရင် ၊ ငါက မိစ္ဆာဘုရင်မို့လို့ တစ်တောင်မြင့်တယ် ဆိုတာမျိုးလား။”

ယခုအချိန်တွင် တုပိုင်ကို မရေမတွက်နိုင်သော မိစ္ဆာကောင်များက ဝိုင်းရံထားကြပြီး နားကွဲလုမတတ် စူးရှကာ ရွံရှာဖွယ်ကောင်းသော အသံများကို ပြုလုပ်နေကြသည်။ လိင်မိစ္ဆာ ငါးကောင်သည် တုပိုင်ထံသို့ ရူးသွပ်စွာ ပြေးဝင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို ပြန်လည် ဝါးမြိုရန် ကြိုးစားနေကြသည်။ မရလျှင်တောင်မှ သူ့ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လုပ်ပစ်ကြမည်။

တုပိုင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“နေပါဦး။ မင်းတို့ ငါ့ကို သတ်ချင်ရင်တောင် ငါ့ကို ကျွတ်လွတ်တဲ့ သရဲ ဖြစ်ခွင့်ပေးပါဦး။”

သူတို့ကို ကြည့်လိုက်သောအခါ အများစုက ထူးဆန်းသော မိစ္ဆာကောင်များ ဖြစ်နေပြီး တကယ့် လိင်မိစ္ဆာအစစ်က ငါးကောင်သာ ရှိသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ လိင်မိစ္ဆာဆိုသည်က အလွန် ရှားပါးပုံရသည်။

တုပိုင်က မေးမြန်းလိုက်သည်။

“ပေမင်ဓားဂိုဏ်းချုပ်ကြီး ငါးယောက် ဘယ်ရောက်သွားပြီလဲ။”

ပေမင်ဘိုးဘေးများ၏ ဟောကိန်းကြောင့် ဂိုဏ်းချုပ်အချို့ ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်လာပြီး မြှုပ်နှံခံခဲ့ရသည်မှာ အမှန်ပင်။

လိင်မိစ္ဆာက ပြန်လည်ဖြေကြားလိုက်သည်။ “သေသွားပြီ ၊ ပျောက်သွားပြီလေ။”

တုပိုင်က ပြန်ပြောသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတို့ရဲ့ သိုင်းပညာက အရမ်း ၊ အရမ်း မြင့်မားတယ်။ မင်းတို့ လိင်မိစ္ဆာ ငါးကောင်ထက်တောင် ပိုစွမ်းသေးတယ်။ ဘယ်လိုလုပ် သေနိုင်မှာလဲ။”

လိင်မိစ္ဆာက ပြုံးပြီး ပြောလိုက်သည်။ “ဟုတ်တယ် ၊ သူတို့ရဲ့ သိုင်းပညာက အရမ်း စွမ်းတယ်။ ဒါပေမဲ့ သူတို့က မင်းနဲ့ မတူဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်လို့ မရဘူး။ စွမ်းအင် ၊ အလင်းနဲ့ အရိပ်တွေပဲ ဝင်လို့ ရတာ။ ပြီးတော့ ဟင်းလင်းပြင်အက်ကြောင်းဆိုတာက ကမ္ဘာပေါ်မှာ အပျင်းစရာ အကောင်းဆုံးနဲ့ အထီးကျန်စရာ အကောင်းဆုံး နေရာတစ်ခုပဲ။ သူတို့က ဒီမှာ ဘယ်တော့မှ ကျင့်ကြံအားထုတ်လို့ မရဘူး ၊ တိုးတက်အောင် လုပ်လို့ မရဘူး။ နှစ်ရှည်လများ အိပ်စက်အနားယူလို့လည်း မရဘူး။ သူတို့က မရေမတွက်နိုင်တဲ့ နှစ်ကာလတွေကို အထီးကျန်စွာနဲ့ပဲ ကုန်ဆုံးရမှာ။”

တုပိုင်က ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ဂိုဏ်းချုပ်တိုင်းက စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေပဲ။ ဆယ်စုနှစ်တွေ ၊ ရာစုနှစ်တွေ ကြာရင်တောင် ခံနိုင်ရည် ရှိမှာပါ။”

လိင်မိစ္ဆာက မဲ့ပြုံးပြုံးလိုက်သည်။ “ဟုတ်တယ် ၊ အဲဒါ အမှန်ပဲ။ လူတစ်ယောက်ရဲ့ အကြီးမားဆုံး ရန်သူက ဘာလို့ မင်းထင်လဲ။”

တုပိုင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။

“သူ့ကိုယ်သူပဲ။”

လိင်မိစ္ဆာက ကျေနပ်စွာ ပြုံးပြီး ဆိုသည်။

“ဟုတ်တယ် ၊ အကြီးမားဆုံး ရန်သူက ကိုယ့်ကိုယ်ကိုယ်ပဲ။ ပိုသန်မာလေ ၊ ပိုပြီး ပြိုင်ဘက်ကင်းလေ ဖြစ်တဲ့သူက လုံးဝ အထီးကျန်မှုထဲ ကျရောက်သွားတဲ့အခါ အဆုံးမဲ့ နာကျင်မှုကို ခံစားရတတ်တယ်။ အဲဒီအချိန်ကျရင် ငါတို့ လိင်မိစ္ဆာတွေက နည်းနည်းလေး လမ်းပြပေးလိုက်ရုံနဲ့ သူတို့ရဲ့ ဝိညာဉ်ကမ္ဘာကြီး မှေးမှိန်သွားအောင် ၊ မျှော်လင့်ချက်မဲ့သွားအောင် ၊ အရာအားလုံးကို သံသယဝင်လာအောင် ၊

တုပိုင် ရေရွတ်လိုက်သည်။ “စိတ်ဓာတ်ကျခြင်း။” (depression)

လိင်မိစ္ဆာက ထောက်ခံလိုက်သည်။ “ဟုတ်တယ် ၊ စိတ်ဓာတ်ကျခြင်းပဲ။ ဆယ်စုနှစ်တွေ ၊ ရာစုနှစ်တွေကြာအောင် စိတ်ဓာတ်ကျအောင် လမ်းပြပေးလိုက်တော့ သူတို့ ပြိုလဲသွားတယ် ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ် ၊ ပျောက်ကွယ်သွားခဲ့ရတယ်။”

တုပိုင်က ပြောလိုက်သည်။ “သူတို့က ပေမင်ဘိုးဘေးတွေရဲ့ ဟောကိန်းကြောင့် ဟင်းလင်းပြင်အက်ကြောင်းထဲ ရောက်လာကြတာ။ သူတို့ပခုံးပေါ်မှာ ကြီးမားတဲ့ တာဝန်တွေ ရှိနေတယ်။”

လိင်မိစ္ဆာက ပြန်ပြောသည်။ “စိတ်ဓာတ်ကျတယ် ဆိုတာက ဘာကိုမှ စိတ်မဝင်စားတော့တာကို ခေါ်တာ။ ပေမင်ဘိုးဘေးတွေရဲ့ တာဝန်ဆိုတာကိုလည်း စိတ်မဝင်စားတော့ဘူး။ လူတစ်ယောက်က ပိုသန်မာလေ ၊ သူတို့စိတ်ထဲမှာ အစွန်းရောက်ဖို့ ပိုလွယ်လေပဲ။ ဒါကြောင့် ငါတို့က သူတို့ကို အလွယ်တကူ ရှုံးနိမ့်စေပြီး သူတို့ရဲ့ စိတ်နှလုံးသား အရာအားလုံးကို ဖတ်ရှုလိုက်နိုင်တယ်။ အဲဒါကြောင့် ငါတို့က သူတို့ပုံစံ အလွယ်တကူ ပြောင်းလဲနိုင်ခဲ့တာ ၊ တာဝန်ရှင် ဆိုတာကို သိခဲ့တာ ၊ ပေမင်ဘိုးဘေးတွေရဲ့ ဟောကိန်းကို သိခဲ့တာ။ ပြီးတော့ ဒီပြဇာတ်ကို သရုပ်ပါပါ ကပြနိုင်ခဲ့ပြီး မင်းကို ငရဲတံခါး လိမ္မာပါးနပ်စွာ ဖျက်ဆီးခိုင်းနိုင်ခဲ့တာပေါ့... ဟားဟား။”

တကယ်ပင် သက်ရှိထင်ရှား ရှိနေသကဲ့သို့ ဟာကွက် မရှိသလောက် ဖြစ်နေခဲ့သည်။

တုပိုင်က မေးလိုက်သည်။ “ငရဲတံခါးက တခြားကမ္ဘာတစ်ခုကို လမ်းပေါက်တာလား။”

လိင်မိစ္ဆာက ရှင်းပြသည်။ “မဟုတ်ဘူး ၊ ငရဲတံခါးက ငရဲကိုပဲ ပေါက်တာ။ ဟင်းလင်းပြင်အက်ကြောင်းကသာ တခြားကမ္ဘာကို ပေါက်တာ။ ဒါပေမဲ့ ဒီအက်ကြောင်းက အခုချိန်မှာ လုံးဝ ပိတ်နေတယ်။ ဒါကြောင့် မင်းတို့ကမ္ဘာက တခြားကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေတာ။”

တုပိုင်က မေးလိုက်သည်။ “လိင်မိစ္ဆာ ဆိုတာ ဘာလဲ။”

လိင်မိစ္ဆာက ပြောသည်။ “မြေကြီးထဲကို ဝင်နိုင်ပြီး ငရဲထဲကိုပါ ဝင်နိုင်တဲ့ မိစ္ဆာကောင်ပေါ့။ တိတိကျကျ ပြောရရင်တော့ အရိပ်တစ်ခုပါပဲ။”

တုပိုင်က ပြောသည်။ “ဒါဆိုရင် တခြားကမ္ဘာက သတ္တဝါတွေက ဟင်းလင်းပြင်အက်ကြောင်းကနေ ငါတို့ကမ္ဘာထဲကို ဝင်လို့ မရဘူးပေါ့။ ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်နိုင်တဲ့ တစ်ခုတည်းသော အရာက မင်းတို့ လိင်မိစ္ဆာတွေပဲ ရှိတာလား။ မင်းတို့က ငရဲကနေတဆင့် ဟင်းလင်းပြင်အက်ကြောင်းဆီ သွားတယ် ၊ ပြီးမှ ငါတို့ကမ္ဘာထဲ ဝင်တာပေါ့။”

လိင်မိစ္ဆာက ပြောသည်။ “တော်တယ် ၊ တော်တော် ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ ငရဲနဲ့ ဟင်းလင်းပြင်အက်ကြောင်း ကြားမှာ ငရဲတံခါးတစ်ခု ရှိတယ်။ မင်းက အဲဒါကို တံခါးလို့ ထင်နေတာ။ တကယ်တော့ ငရဲမီးတောက်က ငရဲတံခါးပဲ... ဘယ်သရဲတစ္ဆေမှ ဒီတံခါးကို ဖြတ်လို့ မရဘူး။ ငရဲမီးတောက်က သရဲတစ္ဆေတွေ အပါအဝင် အရာအားလုံးကို လောင်ကျွမ်းပစ်တယ်။ ဒါပေမဲ့ ကမ္ဘာနှစ်ခုရဲ့ စွမ်းအင်မညီမျှမှုကြောင့် ငရဲတံခါးမှာ အလွန်သေးငယ်တဲ့ အက်ကြောင်းတစ်ခု ပေါ်လာတယ်... ငါတို့ လိင်မိစ္ဆာတွေက အဲဒီအက်ကြောင်းကနေ ဆံပင်မျှင်လို ပါးလွှာတဲ့ အရိပ်မည်းအဖြစ် ပြောင်းလဲပြီး ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်လို့ရတယ်။ ဒါပေမဲ့ အကြိမ်တိုင်းက သေဖို့ ၉၉ ရာခိုင်နှုန်း သေချာတယ်။ လိင်မိစ္ဆာ အကောင်တစ်ရာမှာ တစ်ကောင်လောက်ပဲ ငရဲတံခါး အက်ကြောင်းကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်တာက တော်တော် ထူးခြားနေပြီ။ ဒီလို တိုးတက်မှုက အရမ်း နှေးကွေးလွန်းတယ်။ နှစ်ပေါင်းတစ်ထောင်နီးပါးအတွင်းမှာ လိင်မိစ္ဆာ ဆယ်ကောင်တောင် မပြည့်တဲ့ အရေအတွက်ပဲ ငရဲတံခါး အက်ကြောင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာ။”

တုပိုင်သည် အဓိက သော့ချက်အချက်အလက်ကို ချက်ချင်း ဖမ်းမိလိုက်သည်။

စုစုပေါင်း လိင်မိစ္ဆာ ဆယ်ကောင်နီးပါး ငရဲတံခါး အက်ကြောင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် သူ့ရှေ့တွင် လိင်မိစ္ဆာ ငါးကောင်သာ ရှိသည်။

တုပိုင်က မေးလိုက်သည်။

“ကျန်တဲ့ လိင်မိစ္ဆာတွေကော။ အနည်းဆုံး လိင်မိစ္ဆာ လေးကောင်လောက် ရှိသေးတယ် မဟုတ်လား။ သူတို့ ဘယ်ရောက်သွားလဲ။”

လိင်မိစ္ဆာက ပြုံးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ။ သူတို့က မင်းတို့ကမ္ဘာထဲကို ခိုးဝင်သွားပြီး သေစေနိုင်တဲ့ သူလျှိုတွေ ဖြစ်သွားကြပြီပေါ့။”

ရုတ်တရက် တုပိုင်တစ်ကိုယ်လုံး တုန်ယင်သွားသည်။

အနည်းဆုံး လိင်မိစ္ဆာ လေးကောင်ခန့် လူ့ကမ္ဘာအတွင်းသို့ ရောက်နေလေပြီလား။ သူတို့သည် စိတ်ဖတ်နိုင်သည့် စွမ်းရည်ရှိကြသည် ၊ အလွန် ကောက်ကျစ်စဉ်းလဲကြသည် ၊ ထို့ပြင် မည်သူ့ပုံစံမဆို ပြောင်းလဲနိုင်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၉ + ၆၂၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

စိတ်ဓာတ်ကျခြင်း ၊ စိတ်ကျရောဂါ ၊ Depression။

စိတ်ကျရောဂါကို ရှင်းပြရရင် အမြဲတမ်း ဝမ်းနည်းနေတဲ့သူတွေလို့ မြင်ရင် မြင်မိမာပေါ့ တကယ်တော့ မဟုတ်ဘူး။ သူတို့က အရာအားလုံးကို စိတ်မဝင်စားတော့တာဗျ။ စိတ်မပါတော့ဘူး။ ဝမ်းနည်းတာမဟုတ် ၊ စိတ်မဝင်စားတာ။ အချို့က စိတ်ဒဏ်ရာတစ်ခုခုကြောင့် စိတ်ကျရောဂါရလာတယ် ၊ အချို့က လောကကြီးကို မေးခွန်းထုတ်ရင်း လောကကြီးက စိတ်ပျက်စရာကောင်းလွန်းလို့ကို စိတ်ကျရောဂါရလာကြတယ်။ အချို့က နည်းနည်းပဲ အချို့က ရောဂါပြင်းထန်တယ်။ မိမိပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ၊ လုပ်ရက်တစ်ခုကြောင့် စိတ်ကျရောဂါပြင်းထန်တဲ့သူက တကယ်ကြီးကို သတ်သေသွားနိုင်တယ် ၊ သတ်သေခဲ့ဖူးကြတယ်။ ထို့ကြောင့် ဆင်ခြင်ကြပါရန်။

ဖတ်ရှုအားပေးတဲ့ စာဖတ်သူပရိတ်သတ် ၊ ထမင်းရှင်လေးများအားလုံး ကျန်းမာချမ်းသာကြပါစေဗျ။ စော်ကြည် ၊ ဘဲကြည် ၊ ရုပ်ချော ၊ ထီပေါက် ၊ နိဗ္ဗာန်ရောက်ကြပါစေ

All Chapters