← Chapters

နောက်ပြောင်လိုက်တဲ့စကားကတကယ်ဖြစ်လာ

Vol. 29 Ch. 404

နောက်ပြောင်လိုက်တဲ့စကားကတကယ်ဖြစ်လာ

Vol. 29 Ch. 404

အခန်း (၄၀၄) နောက်ပြောင်လိုက်တဲ့စကားကတကယ်ဖြစ်လာ

ရန်ကျောက်ကဲစကားကိုကြားတော့ ရန်တိနှင့် အခြားသူများက ယွမ်ကျန်းဖုန်းနှင့် ဖူအန်းစုကို လှမ်းကြည့်ကြသည်။

ယွမ်ကျန်းဖုန်းက ပြုံးကာ ခေါင်းညိတ်ရင်း...

“တခြားနေရာက တောင်တစ်တောင်က တခြားဒေသက လူတစ်ယောက်အတွက် လက်နက်တစ်ခု လုပ်ပေးသလိုပဲ ၊ အဲဒါ တကယ့်ကို ထူးခြားလွန်းတယ်”

ဖူအန်းစုက...

“ဒီရတနာပစ္စည်း ရရှိလာတာက ကျွန်မတို့ဂိုဏ်းအတွက်တော့ မျှော်လင့်မထားတဲ့ အံ့သြဖွယ်ရာ တစ်ခုပါပဲ”

လူတစ်ယောက်၏ အသွင်အပြင် ၊ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းကိုအသာထား ၊ သိုင်းကျင့်ကြံသူတစ်ယောက် မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိလာရန်မှာ သိုင်းတာအိုတွင် စိတ်အားထက်သန်မှသာလျှင် ဖြစ်နိုင်သည်။

ယခု သွေးနီရောင်စေတီတွင် သိုင်းတာအိုနှင့်ပတ်သက်သည့်လေးနက်သောအဓိပ္ပါယ်တစ်ခုပါရှိကြောင်း သတိပြုမိသည့်အခါ ရန်တိနှင့် အခြားအကြီးအကဲများ စိတ်ဝင်တစားဖြင့် စေတီငယ်ရှေ့သို့ ရောက်လာကြသည်။

ရန်ကျောက်ကဲက ဘေးဘက်သို့အသာဆုတ်သွားရင်း...

“တစ်ကြိမ်ကိုတစ်ယောက်ပဲ အလှည့်ကျ ထိကြည့်ကြနော် ၊ လူတွေအများကြီး ဝိုင်းထိကြည့်ရင် စေတီက တုံ့ပြန်မှုရှိမှာ မဟုတ်တော့ဘူး”

အရင်ဆုံး ရန်တိက သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထုတ်ဖော်ပြီး သွေးနီရောင်စေတီကို ထိကိုင်လိုက်သည်။ ထိုအခါ စေတီငယ်က အနည်းငယ် တုန်ခါသွားသည်။

အချိန်အတန်ကြာပြီးနောက် ရန်တိ လက်ကိုလွှတ်လိုက်သည်။ သို့သော် သူက မည်သည့်စကားမှမဆိုဘဲ နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်ရင်း မျက်စိစုံမှိတ်ကာ တစ်စုံတစ်ခုကို လေးလေးနက်နက်စဉ်းစားနေ၏။

အခြားသောထိပ်တန်းအကြီးအကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ သွေးနီရောင်စေတီကို ထိကိုင်ကြည့်ကြသည်။

ထို့နောက် လူတိုင်း တိတ်ဆိတ်စွာဖြင့် စိတ်အာရုံစူးစိုက်လျှက် တစ်စုံတစ်ခုကို တွေးတောနေကြလေတော့သည်။

ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် ဖူအန်းစုတို့  တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ သွေးနီရောင်စေတီကို ဆက်သွယ်စမ်းသပ်ကြည့်သည့်အခါ သူတို့သည်လည်း ဤသို့ပင် ခံစားခဲ့ကြရသည် မဟုတ်ပါလား။

လေးလေးနက်နက်တွေးတောရင်း ငြိမ်သက်နေကြသည့် ရန်တိနှင့် အခြားသူများကို သူတို့က စိတ်ရှည်လက်ရှည်ဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

အတန်ကြာမှ စေတီငယ်ကို ထိကိုင်ကြသူများအားလုံး တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြသည်။

ဝါရင့်အကြီးအကဲဖြစ်သော အကြီးအကဲ’ကျန်း’က တက်တစ်ချက်ခေါက်ရင်း ချီးကျူးစကားဆို၏။

“ဒီစေတီငယ်အတွင်းထဲမှာပါဝင်တဲ့အဓိပ္ပါယ်က နက်နဲလွန်းတယ် ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်တာ မတူနိုင်ပေမယ့် သိုင်းတာအိုနဲ့ချိတ်ဆက်ပြီး အတွေးအမြင်အသစ်တွေ မွေးဖွားလာနိုင်တယ် ၊ ဒါပေမဲ့ အဲဒါကို ဆုပ်ကိုင်ပြီး ပြန်လည်သုံးသပ်ကျင့်ကြံဖို့တော့ လိုအပ်တယ်”

သူ့နံဘေးမှ အကြီးအကဲ’ဟယ်’ က...

“အန်းစု ပြောတာမှန်တယ် ၊ ဒီစေတီငယ်က တကယ့်ကို အံ့သြစရာပါပဲ”

ထို့နောက် သူမက ပတ်ဝန်းကျင်မှလူများကို အကဲခတ်ရင်း...

“ကျွန်မတို့ အသက်အရွယ်က ကျင့်ကြံခြင်းအဆင့်တက်နိုင်ဖို့ အရမ်းခက်ခဲသွားပြီ ၊ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ရှေ့ဆက်ဖို့အတွက် ပြင်ပရတနာပစ္စည်းတွေရဲ့ အကူအညီကိုလည်း ယူလို့မရတော့ဘူး ၊ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဝီရိယရှိရှိ ကြိုးစားမှသာ ရရှိနိုင်လိမ့်မယ်”

သူမက ဆက်ပြောသည်။

“အခု ကျောက်ကဲက အနောက်ဘက်သဲကန္တာရထဲက ကျောက်တိုင်လုံးကြီးကို ယူဆောင်လာခဲ့တယ် ၊ အခုလည်း မီးနဲ့ရေခဲရေယှက်ထားတဲ့ စေတီငယ်ကို ရရှိပြန်ပြီ ၊ ဒီရတနာပစ္စည်းနှစ်မျိုးနဲ့တင် ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အသိအမြင်တွေရှာဖွေဖို့ လုံလောက်နေပြီ ၊ ပြီးတော့ ဒီကိစ္စက ကျွန်မတို့ ဝါဒတောင်တစ်ခုလုံးအတွက်လည်း အရမ်းအရေးကြီးပါတယ်”

ရတနာပစ္စည်းနှစ်ခုရှိရုံဖြင့် အကြီးအကဲအားလုံး တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာရန် မဖြစ်နိုင်ပေ။

အကြီးအကဲ’ဟယ်’ ပြောသည့်အတိုင်း သူတို့ကဲ့သို့သောအဆင့်တွင် ကျင့်ကြံခြင်းအဆင့်တက်ရန်မှာ အလွန်တရာ ခက်ခဲသည်။

အထူးသဖြင့် ရန်တိနှင့် အကြီးအကဲ’ကျန်း’ တို့ကဲ့သို့ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်များအတွက် ဖြစ်သည်။ သူတို့အတွက် နောက်တစ်ဆင့်တက်မည်ဆိုလျှင် သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းရန်သာ ရှိတော့သည်။

သို့ပေသိ ဤစေတီငယ်ကို လေ့လာစမ်းစစ်ခြင်းဖြင့် သိုင်းသူတော်စင်အဆင့်သို့ မတက်ရောက်နိုင်ဦးတော့ သိုင်းတာအိုနှင့်ပတ်သက်သည့် ထူးခြားသောအတွေးအမြင်များကို ရရှိပါက အလွန်တရာ အကျိုးရှိမည်ပင်။

ထို့ပြင် ဤသည်က လူတစ်ဦးတစ်ယောက်၏ တိုးတက်မှုမဟုတ်ဘဲ ဝါဒတောင်တစ်ခုလုံးမှ ထိပ်တန်းအကြီးအကဲများအားလုံး၏ တိုးတက်မှုဖြစ်သည်။

အနည်းငယ်မျှသောတိုးတက်မှုလေးက သိပ်ပြီးအရေးမပါလှဟု ထင်မှတ်ရသော်လည်း ထိပ်တန်းအဆင့်သိုင်းကျင့်ကြံသူများတိုက်ပွဲတွင် အရည်အချင်းအနည်းငယ်မျှ ကွာခြားခြင်းက အနိုင်အရှုံးကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးနိုင်သည်။

ထိပ်သီးသိုင်းဂိုဏ်းကြီး (၅) ဂိုဏ်းတွင် ဝါဒတောင်က သိုင်းဆရာသခင်များ၏ အကြီးအကဲအရာထူးကို ရယူထားသည်။

ယွမ်ကျန်းဖုန်း သိုင်းသူတော်စင်အဆင့် တက်ရောက်ချိန်တွင် ရှင်းတုန်းဖင်းက သတ်ဖြတ်ခံခဲ့ရသည်။

ဝါဒတောင်မှ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်နှစ်ယောက် လျော့နည်းသွားသော်လည်း ရန်တိက သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိလာပြီး သိုင်းဆရာသခင်များ၏ အကြီးအကဲရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သိုင်းသမားများက ရန်တိကို ထူးခြားသူတစ်ယောက်အဖြစ် ရှုမြင်ကြသည်။

သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ရန်တိ၏ ပြိုင်ဘက်များမှာ သိုင်းဆရာသခင်များမဟုတ်ဘဲ သိုင်းသူတော်စင်များသာ ဖြစ်ကြပေသည်။

ဝါဒတောင်တိုက်ပွဲကြီးအပြီးတွင် ဝါဒတောင်က အရှိန်အဟုန်ဖြင့် အင်အားကောင်းလာပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ “လောကပထမ” ထိပ်သီးသိုင်းဂိုဏ်းကြီးအဖြစ် ပလ္လင်နေရာကို ပြန်လည်ရယူတော့မည် ဖြစ်သည်။

နေသူတော်စင်ဂိုဏ်းက မဟာနေမင်းတိုင်းတာခြင်းပေတံကိုဆုံးရှုံးခဲ့ရချိန် ယွမ်ကျန်းဖုန်းက သိုင်းသူတော်စင် ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းပင် ရန်တိသည်လည်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်လာခဲ့သလို ရန်ကျောက်ကဲသည်လည်း အဆင့်တူများအားလုံးထက်သာလွန်သူတစ်ယောက်အဖြစ် လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် စွမ်းအားကို ပြသနိုင်ခဲ့သည်။

ထိုသို့သောအခြေအနေများအောက်တွင် ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲများအနေဖြင့် သူတို့၏စွမ်းအားကို တစ်ဝက်မျှပင်ဖြစ်စေ စုပေါင်းမြှင့်တင်နိုင်ကြမည်ဆိုပါက ဝါဒတောင်၏အင်အားက သိသိသာသာ မြင့်မားလာမည်ပင်။

ထို့ပြင် ယွမ်ကျန်းဖုန်းကဲ့သို့ သိုင်းသူတော်စင်တစ်ယောက်သည်ပင် ဤစေတီငယ်မှ အကျိုးကျေးဇူးကို ခံစားခဲ့ရခြင်းက လူတိုင်းအတွက် ဝမ်းသာစရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။

အခြားသူများ သတိပြန်ဝင်လာပြီဖြစ်သော်လည်း ရန်တိနှင့် ဖန်ကျွင်းကတော့ ‌လေးလေးနက်နက် တွေးတောနေဆဲပင်။

ဤသည်ကိုမြင်တော့ လူတိုင်းက စိတ်မပူပန်ရုံသာမက သူတို့မျက်နှာများတွင် ပျော်ရွှင်မှုဖြင့် ပြည့်နက်လာသည်။

အတန်ကြာမှ ဖန်ကျွင်းက အသက်တစ်ချက်ရှူထုတ်ရင်း မျက်လုံးများ ဖွင့်ကြည့်လာသည်။

ယွမ်ကျန်းဖုန်းက ပြုံးရင်း...

“ဘယ်လိုလဲ”

ဖန်ကျွင်းက...

“အဆင့်တက်ဖို့ စက္ကူအလွှာပါးလေးတစ်ခုပဲ ဝေးတော့တယ်”

အားလုံးက ရယ်မောလိုက်ကြရင်း...

“ကောင်းတယ် ကောင်းတယ်”

အချိန်အတော်ကြာပြီးနောက် ရန်တိလည်း မျက်လုံးဖွင့်ကြည့်လာသည်။

ရန်တိက အကြီးအကဲများကို တစ်ချက်ဝေ့ကြည့်ရင်း တိုးတိတ်စွာ ဆိုသည်။

“စေတီငယ်ထဲက အဓိပ္ပါယ်တွေကို ဒီထက်ပိုပြီး လေးလေးနက်နက်တွေးတောနိုင်ဖို့ လိုသေးတယ်”

ထိုစကားကိုကြားတော့ ယွမ်ကျန်းဖုန်းနှင့် အခြားသူများအားလုံး မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။ သို့သော် စိတ်ပူပန်ခြင်းမျိုးမရှိဘဲ သူတို့မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များကိုသာ တွေ့ရသည်။

ယွမ်ကျန်းဖုန်းက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...

“အမှန်ပဲ... ဒီ ရတနာပစ္စည်းကို နားလည်နိုင်စွမ်းက တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး ၊ ဘာလို့လဲဆိုတော့ တစ်ယာက်ပြီးတစ်ယောက် အလှည့်ကျ အာရုံခံကြည့်ကြတာ ဖြစ်လို့ပဲ”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီးရဲ့ ရည်ရွယ်ချက်ကတော့ ရန်တိ ၊ ဂိုဏ်းတူညီလေး’ကျန်း’ နဲ့ ဂိုဏ်းတူညီမလေး’ဟယ်’ တို့ကို အလှည့်ကျ လေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ် ၊ ဒါပေမဲ့ ကျောက်ကဲ သုံးဖို့လိုအပ်တယ်ဆိုရင်လည်း အချိန်မရွေး ပြန်ယူသွားလို့ရတယ်”

ဖန်ကျွင်းနှင့် အခြားအကြီးအကဲများအားလုံး ခေါင်းညိတ်သဘောတူလိုက်ကြ၏။

ဝါဒတောင်မှ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် (၃)ယောက်ဖြစ်သော ရန်တိ ၊ အကြီးအကဲ’ကျန်း’ နှင့် အကြီးအကဲ’ဟယ်’ တို့အတွက် သိုင်းတာအိုကို ပိုမိုနားလည်ရန်မှာ အရေးကြီးသည်။

ဖန်ကျွင်းအတွက်တော့ ယခုတစ်ခေါက် သိရှိခဲ့ရသော အဓိပ္ပါယ်ကပင် လုံလောက်နေပေပြီ။ နောက်ပိုင်း လုံ့လဝီရိယရှိရှိဖြင့် ပိုမိုနားလည်အောင် ကျင့်ကြံရန်သာ လိုအပ်သည်။

ရန်တိက...

“ဆရာ့အတွက်လည်း အသုံးပြုသင့်တယ်လေ”

ဟုတ်ပေ၏။

သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ယွမ်ကျန်းဖုန်းသည်လည်း ဤစေတီငယ်အတွင်းမှ သိုင်းတာအိုအဓိပ္ပါယ်ကို လေ့လာပြီး ကျင့်ကြံခြင်းအဆင့် ထပ်မံတိုးတက်လာမည်ဆိုလျှင် ဝါဒတောင်အတွက် အကျိုးအမြတ်များစွာ ရှိပေမည်။

စကားပြောဆိုဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက် ယွမ်ကျန်းဖုန်းက ရန်တိကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ကျောက်စိမ်းပင်လယ်မြို့တော်မှာ ကျောက်စိမ်းပင်လယ်နတ်ဆေးဓားပြုလုပ်နိုင်ဖို့ ကူညီလိုက်တဲ့အတွက် ကျောက်ကဲရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပျက်ဆီးသွားခဲ့တယ် ၊ အခု တောင်ပေါ်ပြန်ရောက်ပြီဆိုတော့ မီးပြင်းဖိုအသစ်တစ်ခု သူ့အတွက် အမြန်ဆုံးလုပ်ပေးလိုက်ဦး”

ရန်ကျောက်ကဲက...

“အမလေး... ဆရာဘိုးဘိုး ဒီစကားပြောပါ့မလား ကျွန်တော် စောင့်နေတာ”

လူတိုင်းက ရယ်မောလိုက်ကြစဉ် ရန်တိကတော့ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းရင်း ရန်ကျောက်ကဲကို လက်ညှိုးတထိုးထိုးဖြင့်...

“မင်းကတော့လေ... မင်းကတော့...”

ရန်ကျောက်ကဲကိုကြည့်နေသည့် သူ့မျက်ဝန်းများက ဂုဏ်ယူမှုနှင့် ရွှင်လန်းမှုများ ပြည့်နက်နေသည်ပင်။

“အခုတော့ ငါတို့တွေ ရိတ်သိမ်းရမယ့်အချိန် ရောက်ပြီပေါ့ကွာ”

ဖခင်ဖြစ်သူစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။

“အခု မီးပြင်းဖိုက ဘယ်အဆင့်ရောက်နေပြီလဲ”

ရန်တိက...

“အလယ်ဆင့်မှော်ဝင်လက်နက်တွေကို ဘာပြဿနာမှမရှိဘဲ ပြုလုပ်နိုင်နေပြီ ၊ အဆင့်မြင့်မှော်ဝင်လက်နက်တွေကို ပြုလုပ်နိုင်ဖို့ပဲ ကြိုးစားရတော့မယ် ၊ အင်း... တကယ်တော့ လိုအပ်တဲ့ပစ္စည်းတွေသာ ပြည့်စုံမယ်ဆိုရင် အဆင့်မြင့်မှော်ဝင်လက်နက်တွေကိုလည်း ကြိုက်သလောက်လုပ်လို့ရနေပြီ”

ထိုစကားကြောင့် ရန်ကျောက်ကဲနှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပိုမိုကောင်းမွန်လာစေရန် သုတေသနပြခြင်းတွင် ဝါဒတောင်က ဘယ်သောအခါမှ အားလျော့ခြင်း မရှိခဲ့ပေ။ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို ချေမှုန်းပြီးနောက်ပိုင်း အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိစ္စကို ပိုမိုအားစိုက်ထုတ်ခဲ့ကြသည်။

ဝါဒတောင်တိုက်ပွဲကြီး ပြီးဆုံးသည့်နောက် ရန်တိသည်လည်း ဝါဒတောင်၏ တရားဝင်ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ သူက ဝါဒတောင်တွင် အခြေချနေထိုင်ပြီး ဂိုဏ်းတစ်ခုလုံး၏ လုပ်ငန်း‌ဆောင်တာ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရင်း အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကိုလည်း အာရုံစိုက်ကာ သုတေသနပြုလုပ်ခဲ့သည်။

ရန်ကျောက်ကဲကလည်း ခရီးထွက်စဉ်ကာလာတစ်လျှောက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းပြုလုပ်ရာတွင် အားမလျှော့ခဲ့ပေ။ သူ၏လေ့လာတွေ့ရှိချက်များစွာကိုလည်း အကျဉ်းချုံးကာ ဖခင်ဖြစ်သူထံ မပြတ်မလပ် ပေးပို့ခဲ့သည်။

လက်ရှိတွင် ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း အဆင့်နိမ့်မှော်ဝင်လက်နက်များ အများအပြားပြုလုပ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ လိုအပ်သည့် ရင်းမြစ်ပစ္စည်းသာ ရရှိပါက အကန့်အသတ်မရှိ လိုသလောက် ပြုလုပ်နိုင်ပေမည်။

ယခု ဖခင်ဖြစ်သူ ပြောစကားအရ အလယ်ဆင့်မှော်ဝင်လက်နက်များသာမက အဆင့်မြင့်မှော်ဝင်လက်နက်များကိုပင် အခက်အခဲမရှိ ပြုလုပ်နိုင်ပြီ ဖြစ်၏။

အရင်ကဆိုလျှင် ရန်ကျောက်ကဲက သူ၏ ဂိုဏ်းတူညီငယ် ၊ ညီမငယ်များကို စ နောက်လေ့ရှိသည်မှာ -

“တောင်ပေါ်မှဆင်းပြီး လောကတစ်ခွင်လှည့်လည်လျှင် ရန်သူများကို မှော်ဝင်လက်နက်ဖြင့် ဖိသတ်နိုင်သည်”

ဟူ၍။

ယခုတော့ သူပြောသည့်အတိုင်း အမှန်တကယ်ဖြစ်လာပေတော့မည်။

အစည်းအဝေးပြီးသည်နှင့် ရန်တိက ရန်ကျောက်ကဲနှင့်အတူ ပင်မခန်းဆောင်ကြီးအတွင်းမှ ထွက်ခွာလာသည်။ တောင်ပေါ်လမ်းတစ်လျှောက် အတူတူလမ်းလျှောက်လာကြရင်း ရန်တိမျက်နှာက တည်ကြည်လေးနက်နေသော်လည်း သားဖြစ်သူကိုကြည့်နေသည့်မျက်ဝန်းများကတော့ နူးညံ့သိမ်မွေ့လျှက် ဂုဏ်ယူမှုများလည်း ရောယှက်လို့နေသည်။

“အင်း... နောက်ထပ် (၁၀)နှစ်တစ်ကြိမ်ကာလာကိုတောင် ရောက်လာပြန်ပြီပဲ”

ရန်တိက ခပ်တိုးတိုးရေရွတ်လိုက်၏။

“အဖေက... အခု ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာပြီဆိုတော့ တာဝန်တွေကများလွန်းတယ် ၊ ဒါကြောင့် တောင်ပေါ်ကဆင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ မင်းလည်း တဖြည်းဖြည်းနဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မားလာပြီဆိုတော့ ဒီတစ်ခေါက် အဖေ့ကိုယ်စား ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကို ခရီးထွက်ဖို့ တာဝန်ပေးချင်တယ်”

ပြောပြီးသည်နှင့် ရန်တိက ဆံထိုးလေးတစ်ချောင်း ထုတ်ယူကာ ရန်ကျောက်ကဲကို ပေးလိုက်သည်။

ရန်ကျောက်ကဲက ဆံထိုးလေးကို လက်ခံယူပြီး အကဲခတ်လိုက်သည်။

ဆံထိုးထိပ်ဖျားက နှင်းကြိုးကြာပုံသဏ္ဌန်ရှိပြီး ရိုးရှင်းသော်လည်း ကျက်သရေနှင့်ပြည့်စုံသည့် ကျောက်စိမ်းဆံထိုးလေးတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

All Chapters