ဘယ်ဆီဘယ်ဝယ်
Vol. 29 Ch. 405
အခန်း (၄၀၅) ဘယ်ဆီဘယ်ဝယ်
ပုံရိပ်ယောင်စိမ့်စမ်းတောသို့ ရန်ကျောက်ကဲ တစ်ခါမှ မရောက်ဖူးပေ။ သို့သော် နာမည်ကြားဖူးနေသည်ကတော့ ကြာပြီပင်။
ထိုနေရာက ရေကန်နယ်မြေတောင်ပိုင်းတွင် တည်ရှိသော ကြီးမားသည့် စိမ့်စမ်းတောကြီးတစ်ခုဖြစ်ပြီး ရေကန်နယ်မြေ၏ လမ်းကြောင်း (၆)ခုတွင် အရှေ့ရေကန်နှင့် အနောက်ရေကန်တည်ရှိရာ လင်နန်ဒေသကို ဖြတ်သန်းသွားရမည် ဖြစ်သည်။
ထိုစိမ့်စမ်းတောတွင် အရာရာတိုင်းက ပုံရိပ်ယောင်များသာဖြစ်ပြီး အခြေအနေမှန်ကို ခန့်မှန်းရခက်သဖြင့် အန္တရယ်များနှင့် ပြည့်နက်နေပေသည်။
စွန့်စားခရီးထွက်ကြသော သိုင်းဆရာသခင်များသည်ပင် ထိုနေရာတွင် ပျောက်ဆုံးသွားလေ့ရှိပြီး ဘယ်တော့မှ ပြန်ပေါ်လာခြင်း မရှိကြတော့ပေ။
ရေကန်နယ်မြေကို နှစ်ပေါင်းများစွာအုပ်စိုးခဲ့သည့် လှိုင်းနက်ဂေဟာသည်ပင် ထိုစိမ့်စမ်းတောကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
ငရဲအဖြစ် သန္ဓေပြောင်းသွားသော မြေကမ္ဘာနယ်မြေ ၊ လေနယ်မြေမှ ‘အနောက်ဘက်သဲကန္တာရ’ ၊ မိုးကြိုးနယ်မြေနှင့် တောင်တန်းနယ်မြေအစွန်အဖျားနှင့် ဆက်စပ်နေသော မြောက်ဖျားနှင်းလွင်ပြင် ၊ မီးနယ်မြေမှ တောင်ပိုင်းမြေအောက်နန်းတော်နှင့် ပင်လယ်တစ်ဖက်ခြမ်းဒေသများကဲ့သို့ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောသည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အန္တရယ်နယ်မြေ (၆)ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ရန်တိပြောသည့် “(၁၀)နှစ်တစ်ကြိမ်ကာလ” ဆိုသည်မှာ -
(၁၀)နှစ်လျှင်တစ်ကြိမ် ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှ ထင်ယောင်ထင်မှားပုံရိပ်များက သိသိသာသာ အားနည်းသွားတတ်ခြင်းကို ဆိုလိုခြင်း ဖြစ်၏။
ထိုအချိန်တွင် ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောသို့ ဝင်ရောက်မည်ဆိုပါက အခြားအချိန်များထက် အန္တရယ်ကင်းနိုင်မည် ဖြစ်သည်။ ထို့ပြင် တစ်ချိန်တည်းမှာပင် ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်သည့် ‘ကောင်းကင်သက်တံ့နှစ်လွှာ’ သည်လည်း စိမ့်စမ်းတော၏ အနက်ရှိုင်းဆုံးနေရာတွင် ထွက်ပေါ်လာမည် ဖြစ်သည်။
‘ကောင်းကင်သက်တံ့နှစ်လွှာ’ ဆိုသည်က သက်တံ့နှစ်စင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ သက်တံ့တစ်စင်းက အရှေ့မှအနောက် ၊ ကျန်သက်တံ့တစ်စင်းက တောင်မမြောက် ဖြတ်သန်းထွက်ပေါ်လာပြီး ကြက်ခြေခတ်သဏ္ဌန် မိုးကုတ်စက်ဝိုင်းဆီသို့ ချိတ်ဆက်သွားမည် ဖြစ်သည်။
လက်ထဲမှ နှင်းကြိုးကြာသဏ္ဌန် ကျောက်စိမ်းဆံထိုးလေးကို ရန်ကျောက်ကဲ ငုံ့ကြည့်လိုက်သည်။
ရန်တိက ဖြည်းညင်းစွာဖြင့်...
“ကောင်းကင်သက်တံ့နှစ်လွှာ’ ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းက အဲဒီနေရာက ဗလာနယ် ပုံပျက်သွားလို့ ဖြစ်လာတာပဲ”
သူက ဆက်ပြောသည်။
“ဗလာနယ်ပုံပျက်သွားတော့ အာကာသက အတိုင်းအတာတစ်ခုအထိ အက်ကွဲသွားပြီး တခြားကမ္ဘာကို ဦးတည်တဲ့ အက်ကွဲကြောင်းဥမင်တစ်ခု ပွင့်သွားနိုင်တယ်လေ ၊ လွန်ခဲ့တဲ့ (၁၀)နှစ်က အဖေ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကို သွားခဲ့သေးတယ် ၊ ဒါပေမဲ့ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ ကို တွေ့မြင်ရပေမည့် အက်ကွဲကြောင်းဥမင်ပွင့်တာကိုတော့ မတွေ့ခဲ့ရပါ ဘူး”
သူက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဒီတစ်ခေါက်လည်း တွေ့နိုင်မယ် မထင်ပါဘူးလေ ၊ ဒါပေမဲ့ သွားကြည့်သင့်တာပေါ့”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့”
သူ ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
ရန်တိ မျက်ဝန်းများထဲတွင် တွေ့မြင်ရခဲလှသော နူးညံ့သိမ်မွေ့မှုနှင့် လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နေသည်ကို တွေ့မြင်ရလေသည်။
ဖခင်ဖြစ်သူက မိခင်ဖြစ်သူ ‘ရွှယ်ချူးချင်’ ကို သတိရလွှမ်းဆွတ်နေခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။
ရန်ကျောက်ကဲကတော့ မိခင်ဖြစ်သူကို မှတ်မိသိရှိခြင်း မရှိတော့ပေ။ မိခင်ဖြစ်သူနှင့်ပတ်သက်ပြီး အခြားသူများ ပြောပြသည်ကိုသာ ကြားဖူးခဲ့ရသည်။
သူ့ဘဝတစ်လျှောက်လုံး သိရှိထားသည်မှာ -
မိခင်ဖြစ်သူက တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူမ ကျင့်ကြံသည့်သိုင်းပညာက အလွန်တရာထူးခြားသည်။ သူမ၏သိုင်းပညာက ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းမှ သိုင်းပညာများထက် မနိမ့်ကျသလို မဟာကပ်ဘေးမတိုင်ခင်က သိုင်းပညာတစ်ခုလည်း ဖြစ်သည် ဆိုသောအချက်များပင် ဖြစ်သည်။
သူမ သိုင်းလောကသို့ စတင်ဝင်ရောက်လာစဉ်က သူမ၏ထူးခြားသောသိုင်းပညာကြောင့် လူအတော်များများက အဘိုးအို’မော့’ ၏ တပည့်ဖြစ်မည်ဟု အထင်မှားခဲ့ကြ၏။
သို့်သော် ရန်တိနှင့် ရွှယ်ချူးချင်တို့ ဝါဒတောင်မှသိုင်းသမားများနှင့်အတူ အရှေ့ပင်လယ်သို့ ခရီးထွက်ခဲ့ကြစဉ် အဘိုးအို’မော့’ ကို နှုတ်ဆက်ဂါရဝပြုရန် ‘စိမ်းလန်းဆေးလုံးကျွန်း’ သို့ ရောက်ရှိခဲ့ကြသည်။ ထိုအခါမှ သူမသည် အဘိုးအို’မော့’ ၏ တပည့်မဟုတ်ကြောင်း အားလုံး သိရှိခဲ့ကြသည်။ ထို့ပြင် သူမ၏ စကားများအရ သူမလေ့ကျင့်ခဲ့သော သိုင်းပညာက မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာတစ်ခုဖြစ်သည်ဟူ၍ပင်။
သို့သော် ရန်ကျောက်ကဲ လူမှန်းမသိတတ်ခင် ကလေးငယ်အရွယ် ၊ လွန်ခဲ့သော အနှစ် (၂၀)ခန့်က ရွှယ်ချူးချင်သည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။
ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော၏ ကောင်းကင်ယံထက်တွင် (၁၀)နှစ်တစ်ကြိမ် ပေါ်ထွက်လာလေ့ရှိသော ‘ကောင်းကင်သက်တံ့နှစ်လွှာ’ အတွင်းသို့ သူမဝင်ရောက်ပျောက်ကွယ်သွားသည်ဟု လူအများက ဆိုကြသည်။
ရန်ကျောက်ကဲက စကားမဆိုသော်လည်း ရန်တိကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ရန်တိက ပြုံးရင်း...
“မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ် ၊ မင်းအမေက တကယ်တော့ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှာ သေဆုံးသွားတာမဟုတ်သလို လမ်းပျောက်မျက်စိလည်နေတာလည်း မဟုတ်ဘူး”
သူက သက်ပြင်းတစ်ချက်ချရင်း...
“အဲဒါ ငါ့ကိုယ်ငါနှစ်သိမ့်နေတာ မဟုတ်ပါဘူး”
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...
“အဲဒီလိုလား...”
ရန်တိက...
“အခြားသူတွေတော့ မသိနိုင်ဘူးပေါ့ ၊ ဒါပေမဲ့ ချူးချင်ထွက်မသွားခင်က ငါ့ကို စကားတစ်ခွန်းပြောခဲ့တယ် ၊ တစ်နေ့မှာ ငါတို့ ပြန်ဆုံနိုင်ခွင့်ရှိတယ်တဲ့”
သူက ဆက်ပြောသည်။
“သူက အသေးစိတ်တော့ပြောမသွားဘူး ၊ ငါကလည်း မမေးကြည့်ဘူးလေ ၊ ဒါပေမဲ့ အချို့အရာတွေကို ငါ ခန့်မှန်းကြည့်နိုင်ခဲ့ပါတယ်”
“လွန်ခဲ့တဲ့အနှစ် (၃၀) က မင်းအမေက ရုတ်တရက်ကြီး ဒီကမ္ဘာပေါ် ရောက်လာတာ ၊ သူနဲ့ သူ့ဆရာက လူသူမရှိတဲ့ဒေသတစ်ခုမှာ နှစ်ယောက်တည်း ကျင့်ကြံနေခဲ့တာတဲ့ ၊ သူ့ဆရာ ဆုံးပါးသွားတဲ့နောက် သူက ပြင်ပလောကကို စွန့်စားပြီးထွက်လာတာလို့ တခြားသူတွေကို သူ ပြောလေ့ရှိတယ် ၊ ဒါပေမဲ့ သူ့အတိတ်နောက်ကြောင်းက လုံးဝစုံစမ်းလို့မရတဲ့ ကွက်လပ်တစ်ခုလို ဖြစ်နေခဲ့တယ်”
ရန်တိက တိုးလျသိမ်မွေ့စွာဖြင့်...
“သူက ဒီကမ္ဘာမှ မရှိခဲ့ဘူးလို့တောင် ထင်မှတ်ရတယ်”
ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။
“ဒါဆိုရင်... အမေက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ (၁၀)နှစ်ပဲ နေထိုင်ခဲ့တဲ့သဘောပေါ့ ၊ အဲဒါကလည်း (၁၀)နှစ်တစ်ကြိမ် ထွက်ပေါ်လာတဲ့ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ နဲ့ သွားပြီးတိုင်ဆိုင်နေတယ် မဟုတ်လား ၊ အမေက ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက မဟုတ်ဘဲ တခြားကမ္ဘာကလို့ အဖေ သံသယဝင်နေတာလား”
ရန်တိက ခပ်သဲ့သဲ့ပြုံးရင်း...
“သံသယမဟုတ်ဘူး ၊ သေချာနေတာပါ”
သူက ဆက်ပြောသည်။
“ချူးချင်မှာ ငါမသိတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ် ၊ သူက တစ်ခါမှ မပြောခဲ့သလို အဖေကလည်း မမေးခဲ့ဘူး ၊ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး နှလုံးသားချင်းနားလည်ခဲ့ကြတယ် ၊ ဒါပေမဲ့ ‘ကောင်းကင်သက်တံ့နှစ်လွှာ’ မှာ သူ ပျောက်ကွယ်သွားတာက သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာကို ပြန်သွားတာလား ၊ ဒါမှမဟုတ် တခြားနေရာတစ်ခုကို ထွက်ခွာသွားတာလားဆိုတာတော့ မသိနိုင်ဘူး ၊ ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်ခဲ့တယ်လေ”
ရန်တိက ရန်ကျောက်ကဲလက်ထဲမှ ကျောက်စိမ်းဆံထိုးလေးကို လှမ်းကြည့်ရင်း...
“ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောမှာ သူ ပျောက်ကွယ်သွားတော့ အဖေ အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပါသေးတယ် ၊ ဘာသဲလွန်စမှ မတွေ့ခဲ့ရဘူး ၊ သူ သေသွားတာမဟုတ်ဘူးဆိုတာတော့ ယုံကြည်ထားတယ် ၊ သူ ပျောက်ကွယ်သွားရတဲ့ အဓိကအကြောင်းရင်းက ‘ကောင်းကင်သက်တံ့နှစ်လွှာ’ နဲ့ ဆက်စပ်နေတယ် ၊ အဲဒါကြောင့် (၁၀)နှစ်တစ်ကြိမ် အဖေ အဲဒီနေရာကို သွားပြီး ရှာဖွေကြည့်တာပဲ”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“စိတ်မကောင်းစရာက အဲဒီနေရာက အက်ကွဲကြောင်းဥမင်က မတည်ငြိမ်တာလည်း ဖြစ်နိုင်တယ်လေ”
ရန်တိက...
“အဲဒီနေရာက အက်ကွဲကြောင်းသာ အရှေ့ပင်လယ်အပြင်ပိုင်းက မီးတောက်မိစ္ဆာကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့အက်ကွဲကြောင်းလို တည်ငြိမ်နေတယ်ဆိုရင် ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ကောင်းတဲ့အချက်တော့ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ကွာ... အဲဒီကမ္ဘာရဲ့ အခြေအနေက ဘယ်လိုမျိုးလဲဆိုတာ ငါတို့လည်း အတိအကျ မသိနိုင်ဘူးလေ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမေ့ရဲ့ သိုင်းပညာက ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းထက် မနိမ့်ဘူး ၊ ဆိုတော့... သူနေထိုင်တဲ့ကမ္ဘာကလည်း အနည်းဆုံးတော့ သိုင်းပညာဖွံ့ဖြိုးတိုးတက်မှုမှာ ကျွန်တော်တို့ထက် အဆင့်မနိမ့်လောက်ဘူး”
ရန်တိက သားဖြစ်သူကို လှမ်းကြည့်ရင်း...
“မင်း လွဲနေတာတစ်ခုကို ငါ အမှန်ပြင်ပေးမယ်”
သူက ဆက်ပြောသည်။
“တကယ်တော့ ချူးချင် လေ့ကျင့်ခဲ့တဲ့သိုင်းပညာက ဝါဒတောင်ထိပ်တန်းသိုင်းပညာ (၃)ရပ်နဲ့ နက်ရှိုင်းချီစွမ်းအားကျင့်စဉ်ထက် သာတယ်ကွ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်လုံးပြူးသွားပြီး သူ့ခေါင်းထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။
“ဟင်... ဟုတ်လား ၊ တကယ် မျှော်လင့်မထားမိဘူး”
ရန်တိက...
“ဒီအကြောင်းတွေကို မင်းစိတ်ထဲမှာပဲထားနော် ၊ ဒီအကြောင်းကိုသိတဲ့သူဆိုလို့ အဖေနဲ့ ဆရာ (၂)ယောက်ပဲ ရှိတယ် ၊ ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဒုတိယဂိုဏ်းတူအစ်ကိုတို့တောင် မသိကြဘူး”
သူက ဆက်ပြောသည်။
“မင်းအမေနဲ့ငါက တစ်ခါမှ သိုင်းပညာမယှဉ်ပြိုင်ခဲ့ဖူးဘူး ၊ ဒါပေမဲ့ သိုင်းပညာအကြောင်း ဆွေးနွေးကြတဲ့အခါ ချူးချင်ရဲ့ သိုင်းပညာက မဟာကပ်ဘေးကြီးမတိုင်ခင်က အထွတ်ထိပ်သိုင်းပညာတစ်ခုဆိုတာ သိခဲ့ရတယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာအကြွင်းအကျန်တွေကို ရှာဖွေပြီး ပြန်လည်ပြုပြင်ဖော်ထုတ်ထားတာမျိုး မဟုတ်ဘူး ၊ သူက မဟာကပ်ဘေးကြီးမတိုင်ခင်က အထွတ်ထိပ်သိုင်းပညာတစ်ရပ်ကို အလုံးစုံအပြည့်အဝ လေ့ကျင့်ထားခဲ့တာ”
မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းတာအို အလွန်တရာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အမျိုးမျိုးသော အထွတ်ထိပ်သိုင်းပညာများ အဆက်မပြတ် ပေါ်ထွက်ခဲ့သည်။
သို့်သော် မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ထိုသိုင်းပညာများ အများစု ပျောက်ကွယ်သွားကြသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် လက်ရှိကျင့်ကြံနေကြသော သိုင်းပညာရပ်များမှာ အတိတ်မှသိုင်းပညာရပ်များကို ဘိုးဘေးများက လက်လှမ်းမီသလောက်ရှာဖွေပြီး ပြန်လည်တီထွင်စမ်းသစ်ထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် လက်ရှိကမ္ဘာတွင် သိုင်းတာအိုက ဖွံ့ဖြိုးဆဲအဆင့်တွင်သာ ရှိနေသေးသည်ဟု ဆိုနိုင်၏။
သိုင်းတာအိုနှင့်ပတ်သက်ပြီး ထူးခြားသောအဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုနိုင်သော်ငြားမဟာကပ်ဘေးကြီးမတိုင်ခင်က အထွတ်ထိပ်သိုင်းပညာများနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်မှ အားနည်းချို့တဲ့နိမ့်ကျနေဆဲပင် ဖြစ်သည်။
ဤသို့ဖြစ်ရသည်မှာ မဟာကပ်ဘေးကြီးအလွန်ကာလ သိုင်းကျင့်ကြံသူများ အရည်အချင်းမရှိသောကြောင့် မဟုတ်ပေ။ အချိန်နှင့် သိုင်းပညာရပ်များ နည်းပါးမှုကြောင့်သာ ဖြစ်သည်။
လက်ဖဝါးထက်မှ ကျာက်စိမ်းဆံထိုးလေးကိုကြည့်ရင်း ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
"အထွတ်ထိပ်သိုင်းပညာရပ်တစ်ခုလုံး အလုံးစုံအပြည့်အဝ သင်ယူထားတာတဲ့လား ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ မဖြစ်နိုင်တဲ့ကိစ္စမျိုးပါပဲ”
သူက ဆံထိုးလေးကိုကြည့်ရင်း ခဏမျှစဉ်းစားနေသည်။
“အဖေ.... ‘ကောင်းကင်သက်တံ့နှစ်လွှာ’ က (၁၀)နှစ်တစ်ကြိမ် ပေါ်လာတာ မဟုတ်လား ၊ ဒါပေမဲ့ အဲဒီနေရာက အက်ကွဲကြောင်းဥမင်က အချိန်တိုင်း ပွင့်မလာတာလည်း ဖြစ်နိုင်တယ်လေ ၊ အက်ကွဲကြောင်းပွင့်နိုင်တဲ့ အကြိမ်အရေအတွက် အကန့်အသတ် ရှိနေတာမျိုးပေါ့ ၊ ပြီးတော့ အမေ့လိုမျိုး ဒီကမ္ဘာကို ရုတ်တရက်ရောက်လာတဲ့ တခြားလူတွေရော ရှိခဲ့ဖူးသလား ၊ ဒါမှမဟုတ် ကျွန်တော်တို့အစွန်းရောက်ရှစ်ပါးကနေ တခြားကမ္ဘာကို ထွက်သွားတဲ့သူတွေရော ရှိသလား”
ရန်တိက...
“မင်းအမေလိုမျိုး တခြားလူတွေရှိသေးလားဆိုတာတော့ ငါလည်း အလွယ်တကူ အတည်မပြုနိုင်ဘူး”
သူကဆက်ပြောသည်။
“ဒီဘက်ကမ္ဘာကလူတွေ တခြားကမ္ဘာကို ရောက်သွားဖို့ဆိုတာကတော့... ဟိုးအရင်ကတည်းက ပုံရိပ်ယောင်စိမ့်စမ်းတောထဲမှာ ပျောက်ဆုံးသွားတဲ့လူတွေ အများကြီးရှိတာပဲ ၊ အဲဒီလူတွေ တစ်ယောက်မှ ပြန်ပေါ်မလာကြတော့ဘူးလေ ၊ တခြားကမ္ဘာကိုရောက်သွားတာလည်း ဖြစ်နိုင်တာပဲပေါ့”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ရန်တိက....
“ကောင်းကင်သက်တံ့နှစ်လွှာ’ ထွက်ပေါ်လာဖို့က အချိန်လိုပါသေးတယ် ၊ ဒီအတောအတွင်း မင်း ပြင်ဆင်စရာရှိတာပြင်ဆင်ထားပေါ့ ၊ ရက်နီးတော့မှ ခရီးထွက်လေ”
ရန်ကျောက်ကဲ ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
ရန်တိသည် တောင်ထွတ်အစွန်းတစ်ခုတွင် မတ်တတ်ရပ်လျှက်ရှိလေသည်။ တိုက်ခတ်လာသည့်လေပြေက သူ၏ အဝတ်အစားများနှင့် ဆံနွယ်များကို လွင့်ပျံနေစေသည်။
သူက လက်နှစ်ဖက်နောက်ပစ်လျှက် ရေကန်နယ်မြေတည်ရှိရာ အရှေ့တောင်ဘက်သို့ ငေးမျှော်ကြည့်နေ၏။
သူ့မျက်ဝန်းများထဲတွင်တော့ မသိမသာရိုက်ခတ်လှုပ်ရှားနေသော စိတ်ခံစားချက်လှိုင်းများကို တွေ့မြင်ရလေသည်။