အလျှော့ပေးခြင်း
Vol. 4 Ch. 46
ဒုတိယမင်းသား၏စကားထဲက ဆိုလိုရင်းသည် ထိုမျှလောက် ထင်ရှားနေသည်ဖြစ်ရာ ဟွေ့အန်းကုန်းကျူးသည် အဘယ်သို့ နားမလည်ဘဲရှိပါမည်နည်း။
သူမသည် ရှက်ရွံ့ကာ ဒေါသထွက်သွားပြီး မျက်နှာလွှဲကာ ချောင်မိဖုရားခေါင်ကို တိုင်တန်းလေတော့သည်။ "မူဟုပ် အာ့တိကို ကြည့်ပါအုံး။ သမီးက သူ့အစ်မအရင်းပါ။ ဒီလိုပြောတာကလဲ သူ့အတွက် စဥ်းစားပေးလို့ပါ။ သူက ကျေးဇူးမတင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့။ သမီးကို အပိုလုပ်နေတယ်လို့တောင်မှ ပြောနေသေးတယ်"
ချောင်မိဖုရားခေါင်သည် ခေါင်းကိုက်သွားပြီး သက်ပြင်းချလိုက်လေတော့သည်။ "မင်း တကယ်ပဲ မူဟုပ်ကို သနားတယ်ဆိုရင် ပါးစပ်ပိတ်ပါတော့"
ဟွေ့အန်းကုန်းကျူး "..."
ဟွေ့အန်းကုန်းကျူးသည် အလွန်ဒေါသထွက်သွားပြီး သူမ၏မျက်လုံးများမှာ ပြုတ်ကျလုမတတ်ပင် ဖြစ်လာတော့သည်။
ဟွေ့အန်းကုန်းကျူးသည် သမီးဦးဖြစ်ကာ တိသမီးဖြစ်သည့်အတွက် လွှမ်းမိုးဗိုလ်ကျတတ်၏။ မင်းသားများကလဲ သူ့ကို သုံးပုံတစ်ပုံလောက် အလျော့ပေးထားရသည်။ ချောင်မိဖုရားခေါင်ကလဲ အကြီးဆုံးသမီးဖြစ်သူကို ချစ်ခင်မြတ်နိုးကာ မကြာခဏဆိုသလို သူမ၏လက်လေးကိုကိုင်ပြီး ချော့မော့ပေးရသည်။
မျှော်လင့်မထားဘဲ ဒီနေ့တွင်တော့ သူမသည် မောင်အရင်းကြောင့် အရင်ဆုံး ဆွံ့အခဲ့ရပြီးနောက် မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်းကိုလဲ ခံခဲ့ရသည်။
ချောင်မိဖုရားခေါင်သည် စိတ်ပျက်ကာ ရှုပ်ထွေးနေသဖြင့် ဒီအချိန်တွင် ဟွေ့အန်းကုန်းကျူးကို ချော့မော့ဖို့ရန် အချိန်မရှိတော့ချေ။
ချောင်မိဖုရားခေါင်က ဒုတိယမင်းသားကို လှမ်းကြည့်လိုက်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အားကျင့် ဒီမှာ တခြားဘယ်သူမှ မရှိပါဘူး။ မူဟုပ်တို့ သားအမိနှစ်ယောက်ပဲရှိတာပါ။ မူဟုပ် မင်းကို မေးပါရစေအုံး။ လုမင်ယွိကို လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား"
ဒုတိယမင်းသားနှင့် ချောင်မိဖုရားခေါင်တို့က အချင်းချင်းကြည့်လိုက်ကြကာ "မူဟုပ် ဒီရက်ပိုင်းအတွင်း မူဟုပ် ကျွန်တော့်ကို ဒီမေးခွန်းပဲ ထပ်ခါထပ်ခါ မေးနေတာ။ ကျွန်တော်လဲ မူဟုပ်ကို ထပ်ခါထပ်ခါ ဖြေပြီးသွားပြီ။ ဒီနေ့ ကျွန်တော် ဒီစကားကို နောက်ဆုံးတစ်ခေါက် ပြောမယ်"
"ဟုတ်တယ်။ သတို့သမီးက လုမင်ယွိ မဟုတ်ရင် ကျွန်တော် လက်ထပ်မှာ မဟုတ်ဘူး"
ဟွေ့အန်းကုန်းကျူးမှာ အလွန်ဒေါသထွက်သွားပြီး ဒေါသတကြီးဖြင့် ခေါင်းကိုတစ်ဖက်သို့ လှည့်သွားတော့သည်။ "နင်ကလေ ဝက်ဆီတွေစားပြီး စိတ်ရှုပ်သွားတာလား။ အဲဒီ့လုမင်ယွိက ဘာတွေ အဲလောက်ကောင်းနေလို့လဲ။ သူ့အတွက်နဲ့ နင့်ရဲ့အမေအရင်းကိုတောင်မှ တကယ်တမ်း ဆန့်ကျင်နေရတယ်လို့ ... "
"တိတ်စမ်း!" ပထမဦးဆုံး ဒေါသထွက်လာသူမှာ ချောင်မိဖုရားခေါင် ဖြစ်လေသည်။ ချောင်မိဖုရားခေါင်သည် ရုတ်တရက် ခေါင်းကိုလှည့်ကာ သူမ၏မျက်လုံးထဲတွင်လည်း ဒေါသများဖြင့် လင်းလက်နေတော့၏။ "ငါ ဒီကိစ္စကို အားကျင့်နဲ့တိုင်ပင်နေတာ။ နင် ဒီကိစ္စကို စိုးရိမ်စရာမလိုဘူး"
ဟွေ့အန်းကုန်းကျူးသည် အလွန်ဒေါသထွက်သွားပြီး ပြောလေတော့သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ! ကျွန်မကပဲ ပြဿနာတွေ အများကြီးရှာနေတာ! ကျွန်မက လက်ထပ်ပြီးသွားတဲ့သမီး တံခါးအပြင်ဘက်ကို ဆွဲထုတ်ပြီးသွားတဲ့ရေပဲ။ ကျွန်မရဲ့မောင်လေးအရင်းက ဘယ်ယောင်းမကိုပဲ လက်ထပ်လက်ထပ် ကျွန်မပြောရမဲ့အလှည့် မဟုတ်ပါဘူး။ အခုပဲ ပြန်တော့မယ်။ အမေတို့သားအမိနှစ်ယောက်လမ်းကို မပိတ်ချင်တော့ဘူး"
ဒေါသထွက်ထွက်ဖြင့် သူမသည် လျှောက်ကာ ထွက်သွားလေတော့သည်။
ချောင်မိဖုရားခေါင်မှာ သူမ၏နားထင်ကို ဖိနှိပ်ထားရပြီး ခေါင်းကလဲ တဒုန်းဒုန်းခုန်နေတော့သည်။ သူမက ဒုတိယမင်းသားကို တစ်ဖန် လှမ်းကြည့်လိုက်ချိန်တွင်တော့ သူသည် သူ၏ကိုယ်ပိုင်သဘောထားကို ကိုင်စွဲထားသည့်ရုပ်ဖြစ်နေဆဲဖြစ်ကာ သူမ၏ ခေါင်းမှာ ပိုလို့ပင် နာကျင်လာလေတော့သည်။
ကလေးတွေအားလုံးက အတိတ်ဘဝကအကြွေးတွေပဲ!
ရှိစေတော့!
ချောင်မိဖုရားခေါင်သည် နောက်ဆုံးတွင်တော့ သားအရင်းကို မလွန်ဆန်နိုင်တော့ဘဲ သက်ပြင်းအရှည်ကြီးချပစ်လိုက်ကာ သူမ၏သဘောထားကလဲ နောက်ဆုံးတော့ လျှော့ကျသွားလေတော့သည်။ "အားကျင့် မင်း ပြောတာ မှန်ပါတယ်။ လင်နဲ့မယားက ဆံပင်ဖြူတဲ့အထိ ပေါင်းသင်းသွားရမှာ။ တကယ်လို့ မင်းက မင်း သဘောကျတဲ့မိန်းကလေးကို ကြင်ယာတော်တစ်ယောက်အဖြစ် လက်ထပ်ချင်တယ်ဆိုရင်လည်း မင်း သဘောအတိုင်းလုပ်ပါ!"
ဒုတိယမင်းသား၏မျက်ခုံးများသည် ပြေလျော့သွားကာ ပြုံးလိုက်တော့၏။ "မူဟုပ်ကို ကျေးဇူးတင်ပါတယ်"
ချောင်မိဖုရားခေါင်သည်လည်း စိတ်ကိုမြှင့်တင်ထားပြီး ဆက်ပြောလိုက်တော့၏။ "ရှင်းယန်ဝမ်ရဲ့သမီး ဒီအဆင့်အတန်းက ကြင်ယာတော်တစ်ပါးဖြစ်လာဖို့ လုံလောက်ပါတယ်။ လုမင်ယွိကလဲ တကယ် အံ့သြစရာကောင်းလောက်အောင် ချောမောလှပတယ်။ ဒါက မင်းကို အရှက်ရစေမှာ မဟုတ်ပါဘူး"
"ဒါပေမဲ့ မူဟုပ်က မင်းကို သတိတော့ ပေးထားရအုံးမယ်။ လုမင်ယွိက ယဥ်ကျေးတဲ့သူလဲ မဟုတ်သလို စာဖတ်ရတာကိုလဲ သဘောကျတဲ့သူ မဟုတ်ဘူး။ သူက အရမ်းကို အစွမ်းကြီးတဲ့ လက်ဇောင်းကလဲ အရမ်းထက်တယ်။ တကယ်လို့ မင်း သူ့ကို လက်ထပ်ချင်တယ်ဆိုရင် နောက်ပိုင်းကျရင် ကောင်းမွန်တဲ့ဘဝတစ်ခု မပိုင်ဆိုင်မှာ စိုးရိမ်ရတယ်။ တခြားသူတွေကလဲ သူ့ကို ရှောင်ဖယ်နေကြတာ မဆန်းပါဘူး"
"လုမင်ယွိအပေါ်ထားတဲ့ လီဟောက်ရဲ့ခံစားချက်ကိုလည်း.အားလုံးက သိကြတယ်။ နောက်ဆိုရင် ဒီစာရင်းဟောင်းကိုလည်း ပြန်မလှန်သင့်တော့ဘူး။ ညီအစ်ကိုတွေ သွေးကွဲပြီး လူရယ်စရာဖြစ်မှာစိုးလို့ ဒါက မင်းရဲ့ဖုဟွမ်ကို ပိုပြီးတော့ မသာမယာဖြစ်ရစေလိမ့်မယ်"
"နောက်ပြီးတော့ လုမိသားစုက အိမ်ပါသားမက် ခေါ်ချင်နေတာ။ မင်းက မင်းသားတစ်ပါးဆိုရင်တောင် မင်းကို လက်ထပ်ပါလို့ အတင်းအကျပ် ပြောစရာ အကြောင်းအရင်းမရှိဘူး ... "
"ဒီကိစ္စကိုတော့ စိတ်မပူပါနဲ့ မူဟုပ်" ထူးဆန်းသည့် အလင်းရောင်တစ်ခုသည် ဒုတိယမင်းသား၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားလေတော့သည်။"သူ ခေါင်းညိမ့်လာပြီး မင်္ဂလာပွဲကို သဘောတူလာစေမဲ့ နည်းလမ်းတစ်ခု ရှိပါတယ်"
ချောင်မိဖုရားခေါင်က ထပ်မေးလာသော်ငြားလည်း ဒုတိယမင်းသားကတော့ တစ်ခုခုပြောဆိုရန် ငြင်းဆိုနေပြီး တိုးတိုးလေးသာ ပြောလာလေသည်။ "ကျွန်တော် အခု အကျယ်ချုပ်ကျခံနေရတာ နန်းတော်ထဲက ထွက်လို့မရဘူး။ မူဟုပ်ကပဲ လုမင်ယွိကို နန်းတော်ထဲ ဆင့်ခေါ်ပေးပါအုံး။ ကျွန်တော် သူ့ကို တစ်ခါလောက်တော့ တွေ့ချင်သေးတယ်။ ကျွန်တော်တို့တွေ တွေ့ပြီးသွားရင် သူ ကျွန်တော့်ကို သေချာပေါက် လက်ထပ်ဖို့ သဘောတူလိမ့်မယ်။ ဒီအခွင့်အရေးကိုတော့ပေးပါ"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်၏ နှုတ်ခမ်းထောင့်များမှာ တစ်ဖန်တွန့်ချိုးသွားပြီး ဒုတိယမင်းသား၏ မျှော်လင့်တကြီး စိတ်အားထက်သန်နေသည့် မျက်လုံးများအောက်တွင် အရှုံးပေးလိုက်ရလေတော့သည်။ "ဟုတ်ပါပြီ။ မင်းရဲ့မူဟုပ်က မင်းရဲ့ဒီဆန္ဒကို လိုက်လျောပေးပါ့မယ်"
လုမင်ယွိက သူမ၏ကိုယ်ပိုင်သဘောထားကို ဆုတ်ကိုင်ထားပြီး ပြတ်ပြတ်သားသား ငြင်းပယ်ပါစေလို့သာ ဆုတောင်းနေတော့သည်။
ဒေါက် ဒေါက် ဒေါက်!
ရှောင်ယွမ်ကုန်းကုန်းက တရိုတသေဖြင့် သတင်းပို့လာခဲ့သည်။ "မိဖုရားခေါင်မယ်မယ်၊ အရှင်မင်းသားတို့ကို လျှောက်တင်ပါတယ်။ အရှင်မင်းကြီး ကြွချီလာပါတယ်"
ချောင်မိဖုရားခေါင်၏ မျက်လုံးများသည် လင်းလက်သွားကာ စိတ်လှုပ်ရှားပြီး ဝမ်းသာသွားတော့၏။ သူမက လက်ကိုလှမ်းကာ ဒုတိယမင်းသား၏လက်မောင်းကို ဖမ်းဆုတ်ထားလိုက်၏။ "အားကျင့် မင်းရဲ့ဖုဟွမ် နောက်ဆုံးတော့ မင်းကို လာတွေ့ပြီ"
"ဖုဟွမ်က အခုမှ ဒေါသပြေသွားတာ။ ခဏနေကျရင် မင်းရဲ့သဘောထားကိုလဲ ပျော့ပျောင်းအောင်လုပ်ထား။ ဖုဟွမ်ကို ကောင်းကောင်းလေး ဂရုစိုက်ပေးလိုက်"
ဒုတိယမင်းသားသည် ပျော်ရွှင်မှုဖြင့် လင်းဖြာနေသည့် ချောင်မိဖုရားခေါင်ကို ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးထဲတွင်လည်း ရှုပ်ထွေးသွားသည့် ခံစားချက်များ ဖြစ်သွားတော့သည်။
ထိုခံစားချက်မှာ သက်ပြင်းချမိသလို လှောင်ပြောင်သရော်မိသလို မိမိကိုယ်ကို ရှုံ့ချမိသလိုပင်။
အချိန်ကြာသွားပြီးနောက်တွင် ဒုတိယမင်းသားက ပါးစပ်ကိုဖွင့်ဟကာ ပြောလိုက်တော့၏။ "မူဟုပ် စိတ်ချပါ။ ကျွန်တော် အရေးကြီးကိစ္စကို သိပါတယ်။ ဖုဟွမ်ကို ထပ်ပြီးတော့ ဆန့်ကျင်တဲ့စကားမျိုး မပြောတော့ပါဘူး"
ဒါဆိုရင်တော့ ဟုတ်ပါပြီ။
ချောင်မိဖုရားခေါင်သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ပြုံးလိုက်ပြီးနောက် ပေါ့ပါးစွာဖြင့် ပြောလိုက်၏။ "နင်ဟာလေ မြို့တော်ကို ပြန်ရောက်လာပြီးကတည်းက စိတ်သဘောထားကလဲ ပိုပြီးတော့တောင် ထူးဆန်းလာသေးတယ်။ အရင်တုန်းကဆိုရင် နှိမ့်နှိမ့်ချချနဲ့ ရိုသေကိုင်းရှိုင်းမှုရှိတယ်။ စိတ်နေစိတ်ထားကလဲ နူးညံ့သိမ်မွေ့တယ်။ အခု ဘာဖြစ်လို့မှန်းကို မသိဘူး။ နင့်ရဲ့စိတ်က ခေါင်းမာပြီးတော့ လိမ်ကောက်နေတတ်ပြီ"
ဟုတ်ပါတယ်။ သူက အရင်တုန်းကလို နှိမ့်ချပြီးသိမ်မွေ့တဲ့ လီကျင့် မဟုတ်တော့ဘူးလေ။
ဒီလောက် များပြားတဲ့ကိစ္စတွေကို တွေ့ကြုံခဲ့ပြီးရတဲ့နောက်မှာ ဘယ်လိုလုပ်ပြီးတော့ အရင်ကနဲ့ တစ်ပုံစံတည်း ဖြစ်နိုင်တော့မှာလဲ။
ဒုတိယမင်းသားသည် သူ့နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်သော်ငြားလည်း သူ့မျက်လုံးထဲတွင်တော့ အပြုံးများရှိမနေချေ။
...
ခဏအကြာတွင်တော့ ယုံးကျားဧကရာဇ်သည် ဝင်လာခဲ့တော့၏။
ချောင်မိဖုရားခေါင်က သူမ၏စိတ်ကိုစုစည်းထားကာ တည်ကြည်ခံ့ညားသည့် အပြုံးလေးတစ်ခုကို ထုတ်ပြလိုက်ပြီး ဧကရာဇ်ကို ဦးညွှတ်အရိုသေပေးလိုက်၏။ "ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ဒုတိယမင်းသားကလဲ လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။ "အာချန် ဖုဟွမ်ကို ဂါရဝပြုပါတယ်"
ထိုနေ့က သားဖြစ်သူကို ရိုက်နှက်ခဲ့သည့်ပုံစံက သူ၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်လို့နေသည်။ ဒီအခိုက်အတန့်တွင် သားအဖနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး ဒုတိယမင်းသားက ဘာနာကြည်းမုန်းတီးမှုမှမပြသဘဲ သူ့အမူအရာကလဲ ပုံမှန်အတိုင်းဖြစ်နေခဲ့သည်။
ယုံးကျားဧကရာဇ်သည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရကာ ရှက်ရွံ့သွားတော့၏။ သူက ချောင်းဟန့်ကာ မေးလိုက်လေသည်။ "မင်းရဲ့ဒဏ်ရာကို ရက်၂၀ကျော်လောက် ကုသလာပြီးခဲ့ပြီ။ အခု ခန္ဓာကိုယ် ဘယ်လိုနေလဲ"
"အဲဒီ့နေ့တုန်းက အာချန် အပေါ်ယံ အရေပြားဒဏ်ရာပဲရခဲ့တာပါ" ဒုတိယမင်းသားကလဲ တရိုတသေ ပြန်ဖြေလိုက်၏။ "နန်းတွင်းသမားတော်ကျိုးက အရမ်းကို အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ပါ။ လဝက်ကျော်တဲ့အထိ အာချန်ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ အာချန်ရဲ့ဒဏ်ရာတွေကလဲ ပြန်ပြီးတော့ သက်သာလာပါပြီ"
ယုံးကျားဧကရာဇ်က အင်းဟု ပြန်ထူးလိုက်ပြီး ရုပ်တည်ကြီးဖြင့် မေးလာလေသည်။ "အဲဒီ့နေ့က ဖြစ်ခဲ့တဲ့ကိစ္စ။ အခု မင်း မှားမှန်းသိပြီလား"
"ဟုတ်ကဲ့ အာချန် မှားမှန်းသိပါပြီ" ဒုတိယမင်းသားကလဲ ကျွမ်းကျင်စွာ ပြန်ဖြေလေသည်။ "အာချန် စန်းတိကို ရန်စ စကား မပြောသင့်ပါဘူး။ စန်းတိနဲ့လည်း လက်မပါသင့်ပါဘူး။ အာချန် အစ်ကိုတစ်ယောက်အနေနဲ့ ရှက်မိပါတယ်"
ယုံးကျားဧကရာဇ် "..."
သူ့ရဲ့သားက အမှားကို ဒီလောက် မြန်မြန်ဆန်ဆန် ဝန်ခံလိုက်တော့လည်း ဘာဖြစ်လို့ ပိုပြီး စိတ်ပျက်မိသလို ခံစားရတာလဲ။
ယုံးကျားဧကရာဇ်သည် သူ၏စိတ်ထဲက ထူးဆန်းသည့်ခံစားချက်ကို ဘေးဖယ်ထားလိုက်ကာ ဒုတိယမင်းသားကို ဆုံးမစကားပြောလေတော့သည်။ အဓိကအချက်မှာ "ညီအစ်ကိုတွေဆိုတာ ခြေလက်တွေလိုပဲ"နှင့် "အမျိုးသမီးတစ်ယောက်အတွက်နဲ့ ရန်မဖြစ်သင့်ဘူး” ဟူ၍။
ဒုတိယမင်းသားကလဲ စကားလမ်းကြောင်းအတိုင်း တစ်ခုပြီးတစ်ခု ဟုတ်ကဲ့ဟု ပြန်ဖြေလေသည်။
ယုံးကျားဧကရာဇ်မှာ နောက်ဆုံးတော့ စိတ်ကျေနပ်သွားတော့သည်။ "ဒီနေ့ကစပြီး မင်း ချန်းချန်နန်းတော်ကနေ ထွက်လို့ရပြီ။ ဒါပေမဲ့ ဒဏ်ရာက အရှင်းပျောက်သေးတာ မဟုတ်ဘူး။ ဒီတော့ အခုလောလောဆယ်တော့ ညီလာခံတက်ဖို့မလောနဲ့အုံး"
ဒုတိယမင်းသားကလဲ တလေးတစား ပြန်ဖြေလိုက်၏။
အဖေဖြစ်သူက ကြင်နာသနားတတ်ပြီး သားဖြစ်သူကလဲ လိမ်မာသိတတ်ကာ လိုက်လျောညီထွေရှိလှသည်။
ချောင်မိဖုရားခေါင်သည် စိတ်ကြည်လင်သွားပြီး ပြုံးကာဖြင့် ပြောလာတော့၏။ "အရှင်မင်းကြီး ကျင့်ရန်နန်းဆောင်ကို သွားမှာလား။ ချန်ကျဲရဲ့စိတ်ထဲမှာလည်း တတိယမင်းသားကို သတိရနေတာ။ အရှင်မင်းကြီးနဲ့ အတူတူသွားမယ်!"
နှစ်ပေါင်းများစွာ ဇနီးမောင်နှံဖြစ်လာခဲ့သည်တွင် ချောင်မိဖုရားခေါင်သည် အမြဲတမ်း သီလရှိသည့်ဇနီးတစ်ဦးဖြစ်လာခဲ့၏။ ဇနီးများနှင့် ကိုယ်လုပ်တော်များကြားတွင် ပြိုင်ဆိုင်မှုသည်လည်း မလွှဲရှောင်သာပေ။ သို့သော်ငြား ချောင်မိဖုရားခေါင်ကတော့ အငယ်အနှောင်းမယားများမှမွေးသည့် သားသမီးများကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေသည်။
တခြားအရာကို မကြည့်လေနှင့်။ မင်းသားများ၊ မင်းသမီးများအားလုံးသည် အေးချမ်းစွာ ကြီးပြင်းလာခဲ့သည်ကို ကြည့်ရုံနှင့်ပင် ချောင်မိဖုရားခေါင်သည် သီလနှင့်ပြည့်စုံသည်ဟု ချီးကျူးထိုက်ပေသည်။
ချောင်မိဖုရားခေါင်က တတိယမင်းသားကို သွားရောက်ကြည့်ရှုလိုသည်ဟု စိတ်ဆန္ဒရှိနေသည်တွင် ယုံးကျားဧကရာဇ်သည်လည်း စိတ်ထဲ၌ ချီးကျူးမိလေတော့သည်။
ယုံးကျားဧကရာဇ်က ပြုံးကာ ချောင်မိဖုရားခေါင်ကို လှမ်းကြည့်လိုက်ပြီး "ကောင်းပြီလေ။ ဟွမ်ဟုပ်က ကျန်းနဲ့အတူတူ လိုက်ခဲ့ပေါ့"
ချောင်မိဖုရားခေါင်ကလဲ တည်ကြည်နေသည့်အပြုံးလေးဖြင့် ပြန်ပြုံးပြလိုက်၏။
ဒုတိယမင်းသားမှာ မိခင်အရင်း၏ မြှောက်ပင့်ပြောဆိုနေသည့်ပုံစံကို မမြင်လိုတော့သဖြင့် ချက်ချင်းဆိုသလို အကြည့်လွှဲထားလိုက်လေတော့သည်။
...