ရင်ခုန်ခြင်း
Vol. 4 Ch. 48
လုမင်ဖန်းသည် သဘောကျသွားကာ လက်လှမ်းပြီး လုရွှမ်း၏ ခေါင်းကိုလှမ်းပုတ်လိုက်တော့သည်။ “လျှောက်မပြောနဲ့”
အမှန်တွင်တော့ သူမသည်လဲ စစ်မေ့ကို စိတ်မပူမိပေ။
“သာ့ကျဲ၊ စန်းကျဲ မြန်မြန်ကြည့်။ ကျင်းရှီအသစ်တွေ လာနေပြီ” လုမင်ယွဲ့သည် ငုံ့ကြည့်လိုက်သည့်အခါ သူမ၏ မျက်လုံးဝိုင်းလေးများက စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေ၏။
လုမင်ဖန်းကလဲ ချက်ချင်းဆိုသလို ပြတင်းပေါက် အပြင်ဖက်သို့ လှမ်းကြည့်လိုက်သည်။
သိမ်မွေ့ပြီး စကားနည်းကာ တော်တော်လေး ရှက်ရွံ့တတ်သည့် လုမင်ဟွားသည်လဲ ရှက်ရွံ့စွာဖြင့် လှမ်းကြည့်လိုက်လေသည်။
ပညာရေးဝန်ကြီးဌာနက အရာရှိသည် အမိန့်တော်ကို ကိုင်ဆောင်ပြီး မောင်းတီးကာ လမ်းရှင်းလို့ ပေးနေသည်။
ယခုမှ ကျင့်ရှီအောင်မြင်ထားကြသည့် ပညာတတ် ၃၀၀သည် တစ်ယောက်ချင်းစီက အနီရောင်ဝတ်ရုံနှင့် ဦးထုပ်တွင်လဲ နန်းတွင်း ပန်းများကို ပန်ထားပြီး မြင့်မားခန့်ညားသည့် မြင်းဖြူများကို စီးနင်းလာခဲ့ကြသည်။ တော်ဝင်လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်တွင်တော့ ပျော်ပွဲရွှင်ပွဲကို စောင့်ကြည့်နေကြသည့် လူများဖြင့် ပြည့်နှက်နေ၏။
“ကျွမ့်ယွမ်(ပထမအဆင့် ပညာသင်) ကို တစ်ချက်လောက် မြန်မြန်ကြည့်လိုက်ပါအုံး”
ဒီတစ်နှစ် ကျွမ့်ယွမ်သည် အသက်ကြီးနေပြီ ဖြစ်ကာ အနည်းဆုံးတော့ အသက် ၄၀ ဝန်းကျင် ရှိနေလောက်ပြီ ဖြစ်၏။ သူ၏ မျက်နှာပေါ်က အရေးအကြောင်းများက ယင်ကောင်များကို ဖမ်းထားနိုင်သည်။ ဘာများ ကြည့်စရာ ရှိပါသနည်း။
“ဒုတိယပညာသင်က ပိုငယ်ပြီးတော့ အသက် ၃၀ အရွယ်လောက် ရှိမယ်ထင်တယ်။ ဒါပေမဲ့ သူ့ရဲ့ အသားအရည်က နည်းနည်းလေး ပိုညိုပြီးတော့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကလဲ သာမန်ပဲနော်”
“တတိယပညာတော်သင်က အချောဆုံးပဲ”
“မဟုတ်လို့လား။ ဒီလောက်များတဲ့ ကျင့်ရှီအသစ်တွေထဲမှာ ငယ်ရွယ်သူတွေလဲ တချို့တော့ ပါတာပဲလေ။ သူတို့ ရုပ်ရည်ကလဲ ကြည့်လို့ ကောင်းပါတယ်။ ဒါပေမဲ့ တတိယအဆင့် ပညာသင်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဖယောင်းတိုင်မီးနဲ့ လပြည့်ဝန်းလိုပဲ အရောင်အဝါက နှိုင်းယှဉ်လို့မရဘူး...”
မိန်းမလှလေးတစ်ယောက်က လမ်းမပေါ်တွင် လမ်းလျှောက်သွားသောအခါ အားလုံးကလဲ တစ်ချက် နှစ်ချက်လောက်တော့ လည်ပြန်ကြည့်ကြပေလိမ့်မည်။
ယောက်ျားတစ်ဦး၏ ရုပ်ရည်က ကောင်းမွန် ချောမောနေသည်တွင်လဲ အလားတူ အာရုံစိုက်ခြင်း ခံရပေလိမ့်မည်။
ကျင့်ရှီအသစ် ၃ရာထဲတွင် ဒီနေ့ အထူးခြားဆုံးသူမှာ တတိယပညာသင်ကလွဲလျှင် တခြားမရှိတော့ချေ။
တောက်ပလှသည့် အနီရောင်ဝတ်ရုံ၊ ထိုမျက်လုံးနှင့် မျက်ခုံးများကြားက နွေဦးလေပြည်ကဲ့သို့ ပျော်ရွှင်မှု အရောင်အဝါ ထက်နေသယောင်။ ထိုချောမောလှပသည့် မျက်နှာသည် အားလုံး၏ အာရုံကို ဆွဲဆောင်ထားလေတော့သည်။
လုမင်ဟွား၏ မျက်နှာလှလှလေးသည်လဲ အနည်းငယ် ရှက်သွေးဖြာသွားကာ သူမ၏ ခန္ဓာကိုယ်က အမှတ်တမဲ့ ပြတင်းပေါက်ကို ရှေ့သို့ လှမ်းမီလိုက်တော့သည်။
ပါးနပ်လွန်းလှသည့် လုမင်ယွဲ့ကလဲ ပြုံးကာဖြင့် သူမ၏ နေရာကို ဖယ်ပေးလိုက်ကာ “စန်းကျဲ ဒီနေရာမှာ နီးနီးလေး ထိုင်လိုက်။ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရတယ်”
လုမင်ဟွားကလဲ မငြင်းပယ်နေတော့ဘဲ ပြတင်းပေါက်၏ အနီးဆုံးထိုင်ခွင်တွင် ထိုင်ချလိုက်လေသည်။
ကျင့်ရှီများသည် မြင်းကို စီးနှင်းလာပြီး လူအများ၏ ဆူညံနေသည့် အော်ဟစ်သံများကြားတွင် ဖြည်းဖြည်းချင်း ရှေ့သို့ ချီတက်လာခဲ့ကြသည်။ လူအများ၏ အာရုံစိုက်မှုကို ခံနေရသည့် တတိယပညာတော်သင်သည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆောင်ထားပြီး မျက်လုံးများကလဲ ပေါ့ပေါ့ပါးပါး လှည့်ကာ ကြည့်လိုက်၏။
ရံဖန်ရံခါတွင် ရဲတင်းလှသည့် မိန်းမပျိုတစ်ဦးသည် ဒုတိယထပ် သီးသန့်ခန်းတွင်ထိုင်ကာ ပြတင်းပေါက်ကို တွန်းဖွင့်ပြီး လက်ထဲက ပန်းများကို ပစ်ချလာတတ်သည်။ တချို့ကတော့ လမ်းပေါ်သို့ ကျသွားပြီး မြင်းခွာများဖြင့် နင်းချေခံရ၏။ တချို့ကတော့ တခြားသူများ၏ ကိုယ်ပေါ်သို့ ပြုတ်ကျသွားတတ်သည်။
တစ်ပွင့်တည်းသောပန်းကလေးကသာ တတိယပညာတော်သင်၏ ကိုယ်ပေါ်သို့ မတော်တဆပြုတ်ကျလာခဲ့သည်။
တတိယပညာတော်သင်၏ တုံ့ပြန်မှုကလဲ အတော်လေး မြန်ဆန်ပြီး ထိုပန်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်ကာ မော့ကြည့်လိုက်ပြီးနောက် မျက်လုံးများက တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်တွင် လက်ဖက်ရည်ဆိုင်တစ်ခု၏ ဒုတိယပြတင်းပေါက်ဆီသို့ ကျရောက်သွားလေသည်။
မိန်းမပျိုလေးတစ်ဦးသည် ပြတင်းပေါက်နားတွင် ထိုင်နေပြီး လှပသည့် မျက်နှာ၊ သိမ်မွေ့သည့် မျက်ခုံးများကို ပိုင်ဆိုင်ထားလေသည်။
၂ယောက်သား၏ အကြည့်များသည် လေထဲတွင် ဆုံတွေ့သွားကြတော့၏။
ထိုမိန်းမလှလေး၏ ပါးပြင်များသည် နီမြန်းသွားကာ သူမသည် အနည်းငယ် ရှက်ရွံ့သွားသော်ငြားလည်း မျက်လုံးများကို မလွှဲရက်ခဲ့ပေ။
တတိယပညာတော်သင်၏ စိတ်ထဲတွင်လဲ ရင်တစ်ချက် ခုန်သွားပြီး သူ့လက်ထဲက ပန်းပွင့်ကို ကိုင်မြှောက်ပြလိုက်ကာ ထိုမိန်းကလေးကို လက်ဝှေ့ယမ်းပြလိုက်လေသည်။ ထိုမိန်းကလေးသည် ပိုလို့ပင် ရှက်ရွံ့သွားပြီး သူမ၏ ခေါင်းလေးကို မြန်မြန် ပြန်ကျုံ့ဝင်သွားတော့၏။
တတိယအဆင့် ပညာတော်သင်သည် ရုတ်တရက်ဆိုသလို အနည်းငယ် နောင်တရသွားတော့သည်။ ခုနက အပြုအမူသည် အမှန်ပင် အနည်းငယ် ပေါ့ပျက်ပျက်နိုင်လွန်းလှသည်။
အတူတကွ မြင်းစီးကာ လျှောက်လာခဲ့သည့် ဒုတိယပညာတော်သင်က တတိယပညာတော်သင်ကို ပြုံးကာဖြင့် ပြောလိုက်၏။ “ဒီနေ့ ပညာတော်သင်ကျိုးက တကယ် တန်ခိုးကြီးတာပဲ။ ဘယ်သူကမှ မယှဉ်နိုင်တော့ဘူး”
ကျွမ့်ယွမ်ကတော့ အဘိုးကြီးဖြစ်နေပြီ ဖြစ်သဖြင့် သူသည် မိမိ၏ ကျော်ကြားမှု လုယူခံလိုက်ရသည်ကို ဂရုမစိုက်ပေ။ သူကတော့ ရယ်မောကာ စနောက်လိုက်လေသည်။ “ဒီနေ့ မြို့တော်ထဲက ဘယ်လောက်များပြားလှတဲ့ မိန်းမပျိုလေးတွေက သူတို့ရဲ့ နှလုံးသားလေးကို ကျိုးပညာတော်သင်ဆီ ထားခဲ့မလဲ မသိဘူးနော်။ စကားမစပ် ကျိုးပညာတော်သင်က လက်မထပ်ရသေးဘူးလေ ဟုတ်တယ်မလား။ ပြောမရဘူး။ ဒီနေ့ ပြီးသွားရင် တစ်ယောက်ယောက်ကတော့ လက်ထပ်ပွဲအတွက် လာရောက် တောင်းရမ်းလိမ့်မယ်”
ကျိုးပညာတော်သင်သည် အနည်းငယ် ပြုံးလိုက်ပြီး စကားအနည်းငယ် ထပ်ပြောလိုက်၏။ “ကျွန်တော်က စာလေ့လာတဲ့ နေရာမှာကိုပဲ စိတ်နှစ်ထားခဲ့ရတာ။ အိမ်ထောင်ပြုမဲ့ကိစ္စကို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ ဒီတစ်နှစ် စာမေးပွဲ အောင်တာကလဲ ကံကောင်းသွားလို့ပါ”
အသက် ၁၈ နှစ် အရွယ်တွင် စေ့စပ်ခြင်း မရှိသေးသည့် လူငယ်မှာ အမှန်ပင် ရှားပါးလေသည်။
ကျိုးမိသားစုသည် မိသားစုငယ်လေးတစ်ခုဖြစ်ပြီး သူ့မိသားစုတစ်ခုလုံးက သူ၏ ပညာရေးကိစ္စတွင်သာ စိတ်နှစ်ထားခဲ့ကြသည်။ သူသည်လဲ ကလေးဘဝကတဲက ဘာအာရုံလွင့်ခြင်းမှ မရှိဘဲ စာကိုသာ ကြိုးစားပြီး လေ့လာခဲ့၏။
လွန်ခဲ့သည့် ၂နှစ်က မိသားစုသည် သူ၏ မင်္ဂလာကိစ္စကို စီစဉ်ပေးခဲ့ချင်သော်ငြားလည်း သူကတော့ တားဆီးခဲ့လေသည်။ “ကျွန်တော် ကျင့်ရှီစာမေးပွဲ အောင်တဲ့အချိန်ကျမှ ဆိုရင်လဲ မင်္ဂလာပွဲကိစ္စတိုင်ပင်ရင် အရမ်းနောက်မကျသေးပါဘူး။ မဟုတ်ရင် အခု လက်ထပ်နိုင်တဲ့ မိန်းကလေးက စာတတ်ပေတတ်တစ်ယောက်ရဲ့ သမီး၊ ဒါမှမဟုတ် ကုန်သည်မိသားစုထဲက မိန်းကလေးပဲ ဖြစ်မှာ”
မိဘများကလဲ မြန်မြန်လက်ခံလိုက်ကြတော့သည်။
ဒီတစ်နှစ်တွင် သူသည် နန်းတွင်းစာမေးပွဲကို တစ်ချီထဲ အောင်မြင်ခဲ့လေသည်။ သူ့မိသားစုက သာမန် မိသားစုဖြစ်နေသည်ကတော့ နှမြောစရာပင်။ သူသည် အဆင့်မြင့်လွန်းလှသည့် မိန်းကလေးကို လက်မလှမ်းနိုင်ဘဲ သာမန်အရာရှိတစ်ယောက်၏ သမီးကိုသာ အခွင့်အရေးတချို့ ရှိနိုင်လိမ့်မည်။
မြင်းသည် ရပ်မသွားဘဲ မကြာမီတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ အောက်သို့ ရောက်ရှိလာခဲ့သည်။
ပညာတော်သင်ကျိုးသည် ခေါင်းကို မော့လိုက်ကာ ဒုတိယထပ် ပြတင်းပေါက်ကို ဆက်တိုက် ငေးကြည့်နေမိပြီး သူ၏ စိတ်ထဲတွင်လဲ ၃ ကြိမ်လောက် ရေတွက်လိုက်လေသည်။
အမှန်ပင် ထိုရှက်ရွံ့ပြီး သိမ်မွေ့လှသည့် မိန်းမလှလေးသည် သူမ၏ ခေါင်းကို အသာအယာ တစ်ဖန် ပြူထွက်လာပြီးနောက် သူနှင့် အကြည့်ချင်း ဆုံသွားတော့၏။
ဒီနေ့ ဒုတိယထပ်က သီးသန့်ခန်းတစ်ခုကို ငှားနိုင်တဲ့သူက သာမန်မိသားစုတစ်ခု လုံးဝမဟုတ်တာ သေချာတယ်။
ကျိုးပညာတော်သင်ကလဲ ထိုမိန်းကလေးကို ပြုံးပြလိုက်သည်။
သူက သူမကို ပြုံးပြနေသည်။
သူမကလဲ သူ့ကို ကြည့်နေသည်ကို သူက သိသည်။
သူကလဲ သူမကို ကြည့်နေမိသည်။
လုမင်ဟွား၏ ရင်ခုန်သံမှာ မြန်ဆန်လာပြီး သူမ၏ ပါးပြင်များကလဲ မီးတောက်လို ပူပြင်းလာတော့၏။ လုမင်ဟွားသည် မြင်းက အဝေးကြီးရောက်သွားသည့် အချိန်မှသာ သူမ၏ မျက်လုံးများကို ပြန်လည် ရုပ်သိမ်းထားလိုက်တော့သည်။
ခေါင်းပြန်လှည့်လာချိန်တွင်တော့ မျက်ဝန်း ၃ စုံက သူမကို အပြုံးဖြင့် ကြည့်နေလေတော့သည်။
လုမင်ဟွားကတော့ တည်ငြိမ်ချင်ဟန်ဆောင်ထားလိုက်ကာ “သာ့ကျဲ၊ ဝူမေ့၊ လျို့တိ ငါ့ကို ဘာဖြစ်လို့ ဒီလို ကြည့်နေကြတာလဲ” လုမင်ယွိကို နန်းတွင်းက ဆင့်ခေါ်ခံရပြီး လုဖေးကလဲ စစ်စခန်းသို့ သွားခဲ့ရသည်။ ဒီနေ့တွင် မောင်နှမ ၄ ယောက်သာ လက်ဖက်ရည်ဆိုင်သို့ လာနိုင်ခဲ့လေသည်။
လုရွှမ်းက မျက်လုံးကို ဆွေစောင်းထားကာ မျက်လုံးမှိတ်ပြလိုက်ပြီး ပြုံးလာခဲ့၏။ “စန်းကျဲ တတိယအဆင့်ကျင့်ရှီက အရမ်းချောတယ်နော်!”
လုမင်ယွဲ့သည် လက်ကိုင်ပုဝါဖြင့် သူမ၏ မျက်နှာကို အုပ်ထားလိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။ “အင်း။ စန်းကျဲက ခုနတုန်းကဲ အဲဒီပညာတော်သင်ကိုပဲ စိုက်ကြည့်နေတာလေ။ မျက်တောင် တောင် မခတ်ဘူး”
လုမင်ဟွား၏ မျက်နှာလှလှလေးသည် အနီရောင်ပိတ်စလေးတစ်ခုအသွင် ပြောင်းလဲသွားကာ သူမက ပြောလာတော့၏။ “ပေါက်ကရတွေ။ ငါက ဒီအတိုင်းပဲ တွေ့ကရာ ကြည့်လိုက်တာပါ။ ငါ မျက်တောင်မခတ်ဘူးလို့ ဘယ်သူ ပြောတာလဲ”
လုမင်ဖန်းကတော့ အပြုံးကို မျိုသိပ်ထားလိုက်ကာ “ဝူမေ့၊ လျှိုတိ လျှောက်မပြောနဲ့။ ဟုတ်ပါပြီ။ ငါတို့တွေလဲ စီတန်းလှည့်လည်တာကို ကြည့်ပြီးသွားပြီ။ အိမ်ပြန်ကြရအောင်!”
ပြန်ရောက်လျှင်တော့ သူမသည် စန်းမေ့က တတိယအဆင့်ကျင့်ရှီကို မျက်စိကျနေသည့်အကြောင်း သူမ၏ ရိဖူကိုတော့ ပြောပြရပေအုံးမည်။ ပထမဆုံး ထိုပညာတော်သင်က အိမ်ထောင်ပြုပြီးသည်လား။ မပြုရသေးသည်လား အရင်ဆုံး တိုးတိုးတိတ်တိတ် စုံစမ်းရမည်။ ထို့နောက်မှ နောက်တစ်ဆင့်ကို တက်ဖို့ စီစဉ်ရပေမည်။
_
ဒီအချိန်တွင်တော့ လုမင်ယွိသည် တုံးဟွားတံခါးအတွင်းသို့ ဖြည်းဖြည်းချင်းလျှောက်ကာ ဝင်လာခဲ့၏။
မနေ့က ကျောင်းဖန်နန်းဆောင်မှ နန်းတွင်းသူ ချိုင်လန်သည် လုအိမ်တော်သို့ ရောက်လာခဲ့ပြီး ချောင်မိဖုရားခေါင်၏ နှုတ်မိန့်ကို ဆင့်ဆိုခဲ့ကာ သူမကို နန်းတော်သို့ လာရောက် တွေ့ဆုံရန် ဆင့်ခေါ်ခဲ့လေသည်။
ရုတ်တရက် ဤသို့သော နှုတ်မိန့်တစ်ခု ရောက်ရှိလာချိန်တွင် လုမင်ယွိသည် တော်တော်လေး အံ့ဩသွားတော့၏။ လုလင်းက အိမ်ပါသားမက်ခေါ်ယူချင်သည်ဟု ဆိုခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် နန်းတော်အတွင်းက မင်းသားများအတွက် ကြင်ရာတောင်ရွေးချယ်ခြင်းကလဲ သူမနှင့် ဘာမှ မသက်ဆိုင်တော့ပေ။
ချောင်မိဖုရားခေါင်က အဘယ်ကြောင့်များ သူမကို ရုတ်တရက် တွေ့ချင်ရပါသနည်း။
မဟုတ်မှလွဲရော လီဟောက်က ချောင်မိဖုရားခေါင်ကို သူမ၏ စိတ်ကို ပြောင်းလဲပေးဖို့ရန်အတွက် တိုးတိုးတိတ်တိတ် သွားတောင်းပန်ခဲ့သည်များလား။
သို့သော်ငြား ချောင်မိဖုရားခေါင်၏ စိတ်နေစိတ်ထားအရ သူမသည် မိဖုရားငယ်မှ မွေးသည့် သားကို ထိုမျှလောက်အထိ လိုက်လျောပေးရန် မည်သို့ ဆန္ဒရှိပါမည်နည်း။
စူးကျောင်းရုံအနေဖြင့်တော့ သူမကို တွေ့ရလျှင်ပင် တစ္ဆေတစ်ကောင်ကို တွေ့ရသလို ဖြစ်နေလေသည်။ သူမကလဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အားလုံးဖြင့် ပိတ်ဆို့ထားခဲ့ပြီးသား ဖြစ်၏။ စူးကျောင်းရုံက နောက်မှနေ၍ လိုက်ပါ စောင့်ကြည့်နေသည်တွင် လီဟောက်သည် ကျောင်းဖန်နန်းဆောင်သို့ သွားဖို့ရန် အခွင့်အရေး လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။-
သူမ မသိသေးသည့် အကြောင်းအရာများ ရှိနေသေးသည်များလား။
လုမင်ယွိကတော့ အိပ်မပျော် စားမဝင် မဖြစ်နေခဲ့ပေ။ ခါတိုင်းလိုပင် ကောင်းကောင်းစားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့လေသည်။ မနက်ခင်း နိုးလာချိန်တွင် နာရီဝက်လောက် ဓားသိုင်းလေ့ကျင့်ခဲ့၏။ ထို့နောက်တွင်တော့ ရေချိုးပြီး အဝတ်အစားလဲကာ ချောင်မိဖုရားခေါင်ကို တွေ့ဆုံဖို့ရန်အတွက် နန်းတွင်းသို့ ဝင်လာခဲ့တော့သည်။
“စတုတ္ထသခင်မလေးလု ကျေးဇူးပြုပြီးတော့ ခဏလောက် စောင့်ပေးပါ” ချိုင်လန်က လုမင်ယွိကို ဘေးအခန်းသို့ ခေါ်လာခဲ့ပြီး အလွန် ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလာသည်။ “ကျွန်တော်မျိုးမ သွားပြီးတော့ သတင်းပို့လိုက်ပါမယ်”
ဤဘေးအဆောင်သည် ကျောင်းဖန်ခန်းမ၏ အနောက်ဖက်တွင် တည်ရှိပြီး ပုံမှန် နေ့ရက်များတွင် သိပ်အသုံးပြုခြင်း မရှိဘဲ တော်တော်လေးကို တိတ်ဆိတ်ငြိမ်သက်လို့နေသည်။
လုမင်ယွိက မသိမသာ ခေါင်းငြိမ့်ပြလိုက်ကာ “ဒုက္ခပေးရပါပြီ”
ချိုင်လန် ထွက်သွားပြီးနောက်တွင် ဘေးအခန်းသည် ပြန်လည်တိတ်ဆိတ်သွားတော့၏။ မူလက နန်းတော်ကို စောင့်ကြပ်ပေးနေသည့် နန်းတွင်းအစေခံမလေးကလဲ ဘယ်အချိန်က ပြန်ထွက်သွားမှန်းပင် မသိလိုက်ချေ။
လုမင်ယွိသည် လူသူကင်းမဲ့နေသည့် ဘေးအခန်းကို တည်တည်ငြိမ်ငြိမ် လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ မသိမင်းသား တွန့်ချိုးသွားတော့သည်။
နန်းတော်ထဲ ဝင်လာရင် ထက်ရှတဲ့ လက်နက်တွေကို ယူလာခွင့်မရှိဘူးတဲ့။ လုမင်ယွိရဲ့ နတ်အစွမ်းနဲ့ဆိုရင် ဘာလက်နက်မှ မှ မလိုတာဘဲ။
နောက်ပြီး ပြဿနာတစ်ခုအတွက် အဖြေတစ်ခုဆိုတာ ရှိစမြဲပဲ။
သူမကို ရန်လာစရဲတဲ့ ဘယ်သူမဆို လက်သီးတစ်ချက်စာနဲ့ လဲကျစေရမယ်။
ခဏလောက် စောင့်ဆိုင်းပြီးနောက်တွင် ဘေးနန်းဆောင်၏ တံခါးဝ၌ ခြေသံတစ်ခု ထွက်လာလေတော့သည်။
...