← Chapters

တွေ့ဆုံခြင်း

Vol. 4 Ch. 49

တွေ့ဆုံခြင်း

Vol. 4 Ch. 49

သိုင်းပညာလေ့ကျင့်သူ တစ်ယောက်အနေဖြင့် ခြေသံကိုအထူး သတိထားမိတတ်သည့် လုမင်ယွိ၏ အကြားအာရုံသည် သာမန်လူများထက်များစွာ သာလွန်းနေသဖြင့် ခြေသံကိုကြားလိုက်ရုံနှင့် လာသူမှာသိုင်းသမား တစ်ဦးဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်၏။ ရောက်လာသူမှာ ကျက်သရေရှိပြီး တည်ငြိမ်လှသည့် ချောင်မိဖုရားခေါင် မဟုတ်သည်ကိုတော့ သူမအတတ် သိလိုက်လေသည်။

လုမင်ယွိက ကိုယ်ကိုလှည့်ကာ လှမ်းကြည့်လိုက်၏။

ရောက်လာသူကို သဲသဲကွဲကွဲ မြင်လိုက်ရချိန်တွင် လုမင်ယွိ၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားတော့သည်။

ကျော့ရှင်းသွယ်လျသည့် အရိပ်တစ်ခုလေးသည် နန်းဆောင်တံခါးဝတွင် ရပ်နေ၏။ အလင်းရောင်ကို ကျောပေးထားသဖြင့် လူငယ်၏မျက်နှာမှာ အနည်းငယ် ဝေဝါးလို့နေလေသည်။ ထိုသူ၏ နက်မှောင်လှသည့် မျက်ဝန်းတစ်စုံသာလျှင် အံ့သြစရာကောင်းလောက်အောင် တောက်ပနေပြီး သူမကိုမျက်လုံးက မခွာတမ်း စိုက်ကြည့်နေခဲ့၏။

ဘယ်လိုလုပ် သူဖြစ်နေတာလဲ !

လုမင်ယွိ၏ နှလုံးသားသည် တုန်လှုပ်သွားပြီး သူမ၏မျက်ဝန်းအိမ်တို့မှာ အနည်းငယ်ကြုံ့သွားကာ အမှတ်တမဲ့ ညာဘက်လက်ကို အလိုလိုဆုပ်ထား မိလိုက်တော့သည်။

အဝါရောင် တောက်တောက် မင်းသားဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးသည် ဖြည်းဖြည်းချင်း ချဥ်းကပ်လာခဲ့၏။ ထိုလူငယ်လေး၏ မျက်နှာမှာ တဖြည်းဖြည်း ရှင်းလင်းလာကာ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ထူထဲရှည်လျားလှသည့် မျက်ခုံးမွေး တောက်ပလှသည့် မျက်ဝန်းများဖြင့် ဖြောင့်ဆင်းသောနှာတံနှင့် လှပသောနှုတ်ခမ်းတို့မှာ ပနံတင့်လှလေသည်။

ကျောက်စိမ်းကဲ့သို့ ချောမောလှပပြီး မှင်သက်အံ့သြဖွယ်ရာ ကောင်းလောက်သည့် ငန်းရိုင်းတစ်ကောင်ကဲ့သို့ ကျက်သရေရှိလှပေသည်။

ထိုသူမှာ တခြားမဟုတ်။ ဒုတိယမင်းသား လီကျင့်ပင်။

နှလုံးသားထဲတွင် အချိန်ကြာမြင့်လှသည်အထိ မြှုပ်နှံထားခဲ့သည့် မှတ်ဉာဏ်များသည် မီးတောက်တစ်ခုကဲ့သို့ ပေါက်ကွဲလာကာ သူမ၏စိတ်နှလုံးထဲသို့ အလုံးအရင်းဖြင့် တိုးဝင်လာတော့၏။

လုမင်ယွိသည် မွေးရာပါစိတ်ထား ဖြောင့်မတ်ပြီး ပွင့်လင်းသူဖြစ်သည်။ သူမ၏ ယခင်ဘဝတွင် အမှားတစ်ခုကိုသာ ပြုလုပ်ခဲ့ဖူးလေသည်။ သူမနှင့်လီဟောက်တို့ နှစ်ယောက်သာ ထိုလျှို့ဝှက်ချက်ကို သိထားကြပြီး မယ်တော်ကြီးစူးနှင့် သားတော်ဖြစ်သူတို့ကိုပင် အမှန်တရားနှင့်ပတ်သက်ပြီး အသိမပေးနိုင်ခဲ့ကြပေ။

အခု ဒီအကြောင်းကို ပြန်စဉ်းစားကြည့်မှပဲ အရင်ဘဝက လီဟောက်နဲ့ သူမကြားမှာ တဖြည်းဖြည်း ကွဲကွာသွားခဲ့ရတာက ဒီကိစ္စနဲ့လုံးဝ မကင်းဘူးပဲ။ ဘာပဲဖြစ်ဖြစ် သူမရဲ့အံ့ဩစရာကောင်းလောက်တဲ့ အစွမ်းနဲ့အရည်အချင်းတွေကို တွေ့ရပြီးတဲ့နောက်မှာ ဘယ်ယောက်ျားကရော မထိတ်လန့် မကြောက်ရွံ့ဘဲ ရှိမှာလဲ။ နောက်ဆုံး ဒါက ယောက်ျားတွေ ကြီးစိုးတဲ့ခေတ်လေ။ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးကို မယှဥ်နိုင်ဘူးဆိုတာကို ဘယ်တော့မှ ဝန်ခံချင်မှာမဟုတ်ဘူး။

ဒါကြောင့်ပဲ လီဟောက်က သူ့ရဲ့ အားနည်းချည့်နဲ့တတ်ပြီး မျက်ရည်လွယ်လွန်းတဲ့ ဝမ်းကွဲကို နန်းတော်ထဲကို ခေါ်သွင်းခဲ့ပြီး ဧကရာဇ်တစ်ပါးနဲ့ ယောက်ျားတစ်ယောက်ရဲ့ မာနနဲ့ဂုဏ်သိက္ခာကို ဖြည့်ဆည်းခဲ့တာပေါ့။

အတွေးတို့သည် ခေတ္တမျှ လွှင့်ပါးသွားခဲ့လေသည်။

လွင့်မျောနေသော အတွေးစများကို လက်ရှိအခြေအနေသို့ ပြန်လည်ဆွဲခေါ်ထားလိုက်၏။

ချောင်မိဖုရားခေါင်က သူမကို နန်းတော်သို့ ဆင့်ခေါ်ခြင်းသည် နောက်ကွယ်တွင် ဒုတိယမင်းသား၏ ကြိုးပမ်းမှု ရှိနေခြင်းကြောင့် ဖြစ်သည်ကို သူမ သဘောပေါက်လိုက်တော့သည်။ လုမင်ယွိသည် အံ့ဩမှင်သက်နေရာမှ သတိပြန်ဝင်လာပြီး ရှုပ်ထွေးသည့် စိတ်ခံစားချက်များဖြင့် ဒုတိယမင်းသားကို ကြည့်လိုက်လေသည်။

...

ဒုတိယမင်းသားက သုံးမီတာအကွာအဝေးတွင် ရပ်တန့်လိုက်ပြီး လုမင်ယွိနှင့် ယဉ်ကျေးသိမ်မွေ့ကာ လေးစားသည့် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလိုက်၏။

လုမင်ယွိသည် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကာ ဂါရဝပြုလိုက်တော့သည်။ "အရှင်မင်းသားကို ဂါရဝပြုပါတယ်"

"စတုတ္ထသခင်မလေးလု" ဒုတိယမင်းသား၏ အသံသည် နူးညံ့ပြီးချိုလွင်နေကာ အထူးတလည် နားဝင်ချိုလွန်းလှသည်။ "မင်းနဲ့ ကျွန်တော်က အရင်က တစ်ခါမှ မတွေ့ခဲ့ဖူးကြဘူး။ ကျွန်တော့်ကို မြင်မြင်ချင်း ဘယ်သူဘယ်ဝါဆိုတာ ဘယ်လိုလုပ်ပြီး သိနေတာလဲ"

လုမင်ယွိ "..."

စိတ်တွေအရမ်း လှုပ်ရှားနေလို့ ဒီအချက်ကိုတောင် မေ့သွားတာပဲ။ ဟုတ်တယ်။ သူမအနေနဲ့ တုန်လှုပ်ပြီးတော့ စိတ်မလုံမခြုံ ဖြစ်နေစရာမလိုဘူး။ ဒီအချိန်မှာ သူမနဲ့ ဒုတိယမင်းသားတို့က သူစိမ်းတွေ ဖြစ်နေတုန်းပဲ။ သူ့ကို ထိခိုက်နစ်နာရအောင်လည်း ဘာမှမလုပ်ရသေးဘူး။

လုမင်ယွိ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာက လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားပြီးနောက် ကိုယ်ကိုမတ်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြား လိုက်တော့သည်။ "ဒီနေရာက ကျောင်းဖန်နန်းဆောင်ပါ။ ဒီနန်းဆောင်ရဲ့ဘေးဆောင်ကို လွတ်လပ်စွာ ဝင်ထွက်နိုင်တာက အရှင်မင်းသားပဲရှိမယ်လို့ ကျွန်မ ထင်ပါတယ်"

ဒုတိယမင်းသားသည် သူ့ရှေ့မှ လုမင်ယွိကို စူးစိုက်စွာ ကြည့်လိုက်လေသည်။

၁၅နှစ်အရွယ် မိန်းမငယ်လေး၏ မျက်နှာလေးသည် ကြည်လင်ဝင်းပကာ တည်ငြိမ်အေးချမ်းနေသော အလှတရားတို့ဖြင့် ပြည့်စုံလျက်ရှိပြီး သူမ၏ အကြည့်တို့မှာလည်း အေးစက်လှ၏။ တော်ဝင်သားတော်အရင်း မင်းသားဖြစ်သည့် သူ့အပေါ်တွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း အရိပ်အယောင်ပင် မရှိခဲ့ချေ။

"မင်း ပြောတာမှန်ပါတယ်" ဒုတိယမင်းသားကလည်း တည်ငြိမ်စွာဖြင့်ပြောလိုက်၏။ "ကျွန်တော်တို့မှာ ညီအစ်ကို ငါးယောက်ရှိတယ်။ သာ့ကောက အသက်အကြီးဆုံး။ စန်းတိကိုတော့ မင်းက ကောင်းကောင်းသိတယ်လေ။ စန်းတိနဲ့ သက်တူရွယ်တူလောက် ရှိတာဆိုလို့ ကျွန်တော်ပဲ ရှိတော့တာပဲ"

ဘာကြောင့်မှန်း မသိသော်ငြားလည်း ဒီစကားထဲတွင် နက်နဲသည့် အဓိပ္ပာယ်တစ်မျိုးကို ခံစားနေရ၏။

လုမင်ယွိသည် ထိုစကားကို နက်နက်နဲနဲ မခံစားလိုသောကြောင့် အရေးကြီးသည့် အရာကိုသာ ရှောင်လွှဲ၍ ပြောလိုက်တော့သည်။ "ဒီနေ့ မိဖုရားခေါင်ကြီးက ကျွန်မကို အခစားဝင်ဖို့ ဆင့်ခေါ်ခဲ့တာပါ။ အရှင်မင်းသားနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး"

ဒုတိယမင်းသားကလည်း အေးအေးလူလူဖြင့် ပြန်ပြောလာခဲ့သည်။ "လုသခင်မလေးက ထက်မြက်တဲ့သူတစ်ယောက်ပဲ။ မသိချင်ယောင် ဆောင်နေဖို့ မလိုပါဘူး။ ဒီနေ့မတော်တဆ တွေ့ဆုံမှု မဟုတ်ဘူးဆိုတာ သေချာပေါက် သိပါတယ်။ ကျွန်တော်က မူဟုပ်ကို မင်းကို နန်းတော်ထဲ ဆင့်ခေါ်ပေးဖို့ အထူးတောင်းဆိုခဲ့တာပါ။ မနက်စောစောကတည်းက ကျွန်တော် ကျောင်းဖန်နန်းဆောင်မှာ အထူးတလည် လာပြီးတော့ စောင့်နေခဲ့တာလေ"

လုမင်ယွိ "..."

စိတ်ထဲက မကောင်းတဲ့နိမိတ်က ပိုပိုပြီး ထင်ရှားလာသလိုပဲ။

ထိုအန္တရာယ်ရှိသော ခံစားချက်သည် မည်သည့်နေရာမှ လာသည်ကိုတော့ လုမင်ယွိတစ်ယောက် အတိအကျ မပြောနိုင်ခဲ့ချေ။ သူမ၏ပင်ကိုယ်သိစိတ်က သူမရှေ့က ဒုတိယမင်းသားသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းဖြစ်ကြောင်းကို သတိပေးနေလေသည်။ သူမသည် ဤနေရာက အမြန်ဆုံး ထွက်ခွာသွားသင့်ပြီး သူနှင့်လည်း အချိန်ကြာကြာ မပတ်သတ်သင့်ချေ။

"အရှင်မင်းသား ရယ်စရာ ပြောနေတာပဲ" လုမင်ယွိက စကားကိုမြန်မြန် ပြန်ကောက်လိုက်ကာ "လက်မထပ်ရသေးတဲ့ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တည်း အခန်းထဲမှာနေတာက သိပ်ပြီး မသင့်တော်လှပါဘူး။ အရှင်မင်းသားက ငယ်စဉ်ကတည်းက စာပေကျမ်းဂန်တွေမှာ နှံ့စပ်ပြီး စည်းကမ်းနဲ့ကျင့်ဝတ်တွေကို အလေးစားဆုံးလို့ ကြားဖူးပါတယ်။ အခု ကျွန်မတို့နှစ်ယောက် တွေ့ဆုံနေတာက ကျင့်ဝတ်နဲ့ မညီညွှတ်ပါဘူး။ ကျွန်မကို အရင်ဆုံး နှုတ်ဆက်ခွင့်ပြုပါဦး"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ဂါရဝပြု နှုတ်ဆက်ကာ ထွက်သွားဖို့ရန် ခြေလှမ်း လှမ်းလိုက်တော့သည်။

ခြေလှမ်းအနည်းငယ် လှမ်းအပြီး ဒုတိယမင်းသားကို မကျော်သေးခင်မှာပင် ဒုတိယမင်းသား၏အသံက တိုးညှင်းစွာ ထွက်ပေါ်လာခဲ့တော့သည်။ "စတုတ္ထသခင်မလေးလု မင်းက ဘာကို ကြောက်နေတာလဲ"

စိတ်ကိုဆွပေးနေသည့် ဗျူဟာမှန်း သိသော်ငြားလည်း လုမင်ယွိသည် ခြေလှမ်းတို့ကိုရပ်တန့်ကာ လှည့်ကြည့်လိုက်မိလေသည်။ "အရှင်မင်းသားရဲ့ စကားက စိတ်ဝင်စားစရာပဲ။ ကျွန်မက နှုတ်ဆက်ပြီး ပြန်တော့မလို့လေ။ ဘာကို ကြောက်စရာ ရှိရမှာလဲ"

နှစ်ဦးသားသည် သုံးပေအကွာတွင် ရပ်နေကြပြီး အကြည့်ချင်းဆုံလိုက်ကြ၏။

လုမင်ယွိသည် ခါးကိုမတ်လိုက်ပြီး တည်ငြိမ်နေသည့် မျက်နှာထားဖြင့် ဒုတိယမင်းသားနှင့် ရင်ဆိုင်လိုက်၏။ သူမ၏အကျင့်စရိုက်ကို သိကျွမ်းသူများသာလျှင် သူမ၏တည်ငြိမ်နေသော အသွင်ပြင်အောက်တွင် သိမ်မွေ့သော စိတ်မလုံခြုံမှုကို မြင်နိုင်ပေလိမ့်မည်။

ဒုတိယမင်းသားသည် လုမင်ယွိကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ရုတ်တရက် ပြုံးလာ၏။

ထိုအပြုံးသည် နွေဦးလေပြေလေးက မျက်နှာကိုပွတ်သပ် သွားသကဲ့သို့ ပန်းပေါင်းစုံတို့က ရုတ်ချည်းဆိုသလို ပွင့်လန်းသွားသကဲ့သို့ပင်။

"လုမင်ယွိ" ဒုတိယမင်းသားက သူမ၏ နာမည်အရင်းကို တိုက်ရိုက်ခေါ်လိုက်ပြီး သူ၏နက်မှောင်နေသည့် မျက်ဝန်းများထဲတွင် ထူးထူးဆန်းဆန်း အရောင်တစ်ချက် လင်းလက်သွားလေသည်။ "ကျွန်တော်.ဘာဖြစ်လို့ မင်းကို တွေ့ချင်တယ်ဆိုတာ မသိချင်ဘူးလား"

လုမင်ယွိသည် တဲ့တိုးပြောဆိုခြင်းကို အကျင့်ပါနေသူဖြစ်ကာ သူမ၏ဘဝတွင် ဝေ့လည်ကြောင်ပတ် ပြောဆိုခြင်းကို အမုန်းဆုံးဖြစ်လေသည်။ တစ်စုံတစ်ယောက်က တမင်တကာ စကားကို လျှို့ဝှက်ထားခြင်းကို ပိုလို့ပင် မုန်းတီးလေသေးသည်။

ထူးဆန်းသည်မှာ ယနေ့တွင်တော့ သူမသည် ထိုအရာအားလုံးကို သည်းခံနိုင်ခဲ့၏။

အေးလေ။ ငါက စိတ်သဘောထား ကြီးတဲ့သူပဲ။ ဒုတိယမင်းသားနဲ့ အငြင်းမပွားချင်တော့ပါဘူး။

"အရှင်မင်းသား ကျွန်မကို ဘာကြောင့် တွေ့ချင်တာလဲဆိုတာကို မသိပါဘူး" လုမင်ယွိသည် အလိုက်သင့် စကားလမ်းကြောင်းပြောင်းကာ မေးလိုက်လေသည်။ "အရှင်မင်းသားနဲ့ ကျွန်မတို့ အရင်က တစ်ခါမှ မသိဖူးဘူး။ မတွေ့ခဲ့ဖူးကြဘူး။ ဘာမှလည်း မပတ်သက်ဖူးဘူး။ အရှင်မင်းသားက ကျွန်မကို တွေ့ချင်ရတဲ့ အကြောင်းအရင်းကို တကယ် စဉ်းစားလို့မရပါဘူး"

ဒုတိယမင်းသားကလည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလာသည်။ "မင်း တကယ်မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား ဆိုတာက အရေးမကြီးပါဘူး။ မင်းက မေးလာပြီဆိုတော့ ကျွန်တော်ကလည်း ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ့မယ်။ လွန်ခဲ့တဲ့တစ်လလောက်က ကျွန်တော် ဖုဟွမ်ဆီမှာ လက်ထပ်ခွင့်ပေးဖို့ အမိန့်တော်ကို တောင်းခံခဲ့တယ်။ မထင်မှတ်ထားတာက စန်းတိကလည်း မင်းကို သဘောကျ နေခဲ့တယ်တဲ့။ ပိုပြီးမထင်မှတ်ထားတာက ရှင်းယန်ဝမ် နန်းတော်ထဲ ဝင်လာပြီးတဲ့နောက် အိမ်ပါသားမက်တော်ကို ခေါ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုဟွမ်ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ပယ်ချခဲ့တယ်။ ကျွန်တော်နဲ့ စန်းတိတို့က အရှင်မင်းကြီးရဲ့ရှေ့မှာ စကားများပြီး ရန်ဖြစ်ခဲ့ကြတယ်။ ဖုဟွမ်ကို အမျက်ထွက်စေခဲ့လို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်စလုံး အပြင်းအထန် ရိုက်နှက်ဆုံးမ ခံခဲ့ရတယ်။ ကျွန်တော်လည်း အိပ်ရာထဲမှာလှဲပြီး ဒဏ်ရာတွေကိုကုသခဲ့ရတာ ဒီနေ့မှပဲ ပုံမှန်အတိုင်း ပြန်ပြီးလမ်းလျှောက် နိုင်တော့တယ်။ ဒါကြောင့် မင်းကိုတွေ့ပြီး ကိုယ်တိုင်ကိုယ်ကျ ကျွန်တော့်ရဲ့စိတ်ရင်းကို ဖွင့်ပြချင်တာ စိတ်မရှည်နိုင်တော့လို့ပါ။ လုမင်ယွိ ကျွန်တော် မင်းကို ဇနီးအဖြစ် လက်ထပ်ချင်တယ်"

လုမင်ယွိ "..."

မိုးကြိုးများ အဆက်မပြတ် ပစ်ချလိုက်သည်ပင် ဤမျှလောက်ထိတ်လန့်ဖွယ်ရာ ကောင်းမည်မဟုတ်ချေ။

လုမင်ယွိ၏စိတ်သည် အခိုက်အတန့် ဗလာကျင်းဖြစ်သွားတော့၏ ။

ကံအားလျော်စွာဖြင့် သူမသည် သူမ၏ မျက်နှာအမူအရာကို သေသေချာချာလေး ထိန်းချုပ်နိုင်ထားခဲ့ကာ မေးရိုးပင် ပြုတ်ကျလို့မတတ် အံ့သြသွားကာ တုံးအသည့်ပုံစံကိုတော့ မပြသခဲ့မိချေ။ သူမ၏မျက်နှာသည် ရေခဲတမျှ အေးစက်တည်ငြိမ်နေဆဲပင်။ "အရှင်မင်းသား ရယ်စရာ မပြောပါနဲ့။ ကျွန်မနဲ့ အရှင်မင်းသားက တစ်ခါမှတောင် မတွေ့ခဲ့ဖူးကြပါဘူး။ အရှင်မင်းသားက ဘယ်လိုလုပ်ပြီး ကျွန်မကို လက်ထပ်ဖို့ စိတ်ကူးရှိရတာလဲ"

ဒုတိယမင်းသားသည် အလွန်တည်ငြိမ်ကာ အေးစက်လုနီးပါးဖြစ်နေသည့် မိန်းကလေးကို စိုက်ကြည့်လိုက်ပြီး နူးညံ့သည့်လေသံဖြင့် ပြောလာခဲ့သည်။ "ရှင်းယန်ဝမ်က ရဲစွမ်းသတ္တိရှိပြီး တိုက်ပွဲမှာလည်း ကျွမ်းကျင်တဲ့ ရှားပါး စစ်သူကြီးတစ်ယောက်ပဲလေ။ စိတ်ထားကလည်း ဖြောင့်မတ်ပြီး ပွင့်လင်းတယ်။ လူသားတစ်ယောက်အနေနဲ့လည်း ဂုဏ်သိက္ခာရှိတယ်။ ကျွန်တော်က ရှင်းယန်ဝမ်ရဲ့ လူသားဆန်မှုကို လေးစားအားကျမိတယ်။ ဒါကြောင့် စတုတ္ထသခင်မလေးလုကို ဇနီးအဖြစ် တော်ကောက်ချင်တာပါ။ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ပါ။ ဘယ်လိုလုပ်ပြီးတော့ ရယ်စရာဖြစ်ရမှာလဲ"

ရှည်လျားလှသည့် တိတ်ဆိတ်မှုတစ်ခုသည် တစ်ခေါက် ဝင်ရောက်လာပြန်သည်။ လုမက်ယွိက အံကိုကြိတ်ထားကာ ဒုတိယမင်းသားကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့၏။

လူတစ်ယောက်ရဲ့အကြည့်က လူကို သတ်နိုင်မယ်ဆိုရင် ဒုတိယမင်းသားကို နောက်တစ်ခါ ထပ်သေခိုင်းရမှာကို နည်းနည်းလေးမှ စိတ်ထဲမှာ ထားမှာမဟုတ်ဘူး။ မုန်းစရာကောင်းလိုက်တာ။

...

All Chapters