လျှို့ဝှက်ချက် (၁)
Vol. 4 Ch. 50
ယခင်ဘဝတွင် သူမသည် လီဟောက်နှင့် လက်ထပ်ကာ တတိယမင်းသား၏ ကြင်ရာတော်ဖြစ်လာခဲ့သည်။ နေ့စဉ်ထိတွေ့ ဆက်ဆံနေရသူများမှာ တခြားသောမင်းသား ကြင်ရာတော်များနှင့် ယောင်းမများ၊ နန်းတော်ထဲမှ ချောင်မိဖုရားခေါင်၊ မုန့်ကွေ့ဖေး၊ ချင်ဖေးနှင့် စူးကျောင်းရုံတို့သာ ဖြစ်လေသည်။ ခယ်မတစ်ယောက်အနေဖြင့် သူမနှင့် ဒုတိယမင်းသားတို့သည် ထိတွေ့ဆက်ဆံမှု မရှိသလောက်ပင်။ နန်းတော်ထဲတွင် စားသောက်ပွဲများ ကျင်းပသည့်အခါ ရံဖန်ရံခါ တွေ့ဆုံမိကြပြီး အချင်းချင်း ခေါင်းငြိမ့်ရုံသာ ရှိခဲ့သည်။ စကားပင် မပြောဖူးသလောက်ပင်။
ဒုတိယမင်းသားသည် နူးညံ့သိမ်မွေ့ပြီး နိမ့်ချတတ်ကာ ပြိုင်ဖက်ကင်းအောင် ချောမောလှပသူ ဖြစ်သည်။ လူတစ်ယောက်၏ သဘောကျနှစ်သက်မှုကို အလွယ်တကူ ရရှိနိုင်သူဖြစ်၏။ သူမသည်လည်း ဒုတိယမင်းသားကို အတော်လေး သဘောကျခဲ့ပြီး လီဟောက်၏ရှေ့တွင်ပင် ဒုတိယမင်းသားကို အကြိမ်အနည်းငယ် ချီးကျူးခဲ့ဖူးလေသည်။
သို့သော်ငြား လီဟောက်၏ တုံ့ပြန်မှုက သူမ၏ မျှော်လင့်ချက်နှင့် ကင်းကွာနေခဲ့သည်။
သူက သူမကို အထူးတဆန်း ကြည့်ကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။
သူမကလည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သဖြင့် ညင်သာစွာဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့ စကားမပြောတော့တာလဲ။ ရှင့်ရဲ့ဒုတိယ အစ်ကိုတော်ကို သဘောမကျလို့လား"
ပွင့်လင်းလွန်းပြီး အနည်းငယ် စီးပိုးတတ်သည့် ပထမမင်းသားနှင့်ယှဉ်လျှင် ဒုတိယမင်းသားက ပိုပြီးရင်းနှီးဖော်ရွေကာ ချစ်ခင်ဖွယ်ကောင်းလေသည်။
လီဟောက်၏ မျက်ဝန်းများသည် စူးရှသွားပြီး ပါးလွှာသောနှုတ်ခမ်းတို့မှာ ကွေးတက်သွားကာ သူ့အသံသည်လည်း တိုးညှင်းသွားလေသည်။ "ရှောင်ယွိ ကိုယ်လည်း ဖုဟွမ်ရဲ့ သားတော်တစ်ပါးပဲလေ"
သူမကဲ့သို့ ဉာဏ်ရည်ထက်မြတ်သူ တစ်ယောက်အနေဖြင့် လီဟောက်၏ စကားထဲက နက်နဲသောအဓိပ္ပာယ်ကို ချက်ချင်းနားလည်လိုက်ပြီး နှလုံးသားသည်လည်း ရုတ်တရက် လေးလံသွားတော့သည်။
"လူတိုင်းရဲ့အမြင်မှာ သာ့ကောက ရဲရင့်ပြီး စစ်ရေးကျွမ်းကျင်တယ်။ ဖုဟွမ်ရဲ့ အချစ်ဆုံးသားတော်ပဲ။ အာ့ကောက မိဖုရားခေါင်ကနေ မွေးတဲ့ သားတော်အရင်းဖြစ်လို့ အဆင့်အတန်းက အမြင့်မြတ်ဆုံးပဲ။ ဖုဟွမ်က အိမ်ရှေ့စံကို ရွေးချယ်မယ်ဆိုရင် သာ့ကောပဲဖြစ်စေ အာ့ကောပဲဖြစ်စေ ရွေးချယ်လိမ့်မယ်။ အာ့ကောရဲ့ အနိုင်ရနိုင်ခြေက သာ့ကောထက်တောင်မှ ပိုများသေးတယ်။ နန်းတော်ထဲမှာ ချောင်မိဖုရားခေါင် ရှိတယ်။ ညီလာခံအတွင်းမှာ ချောင်ကောလောင်နဲ့ သူ့ရဲ့တပည့်တပန်းတွေ ရှိတယ်။ မိတ်ဆွေဟောင်းတွေလည်း အများကြီးပဲ။ အရပ်ဘက်အရာရှိ အများစုက အာ့ကောကို ထောက်ခံကြတယ်။ သားကြီးက မိသားစုရဲ့အမွေကို ဆက်ခံရမယ်ဆိုတဲ့ အယူအဆကလည်း လူတွေရဲ့စိတ်ထဲမှာ အမြစ်တွယ်နေနှင့်ပြီးသား။ ဖုဟွမ်က သာ့ကောကို ဘယ်လောက်ပဲချစ်ချစ် သူ့အတွက်နဲ့ လောကရဲ့ ထုံးတမ်းအစဉ်လာကိုတော့ စိန်ခေါ်ရဲမှာမဟုတ်ဘူး"
ထိုသို့ပြောလိုက်ပြီးနောက် လီဟောက်သည် ခဏလောက် ရပ်တန့်လိုက်ကာ သူ၏ မည်းနက်နေသည့် မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များက ဖြတ်ပြေးသွားတော့သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ တစ်ဖန် ခပ်တိုးတိုးလေး ပြောလာပြန်သည်။ "ဒါပေမဲ့ ကိုယ်လည်း မင်းသားတစ်ပါးပဲ။ အဲဒီနေရာကို ကိုယ်ကဘာဖြစ်လို့ မရောက်နိုင်ရမှာလဲ"
သူမသည် လက်ထပ်ထားသည်မှာ မကြာသေးသည့် ခင်ပွန်းသည်ကို တအံ့တဩ ကြည့်လိုက်မိတော့သည်။
လီဟောက်သည် ပထမဦးဆုံးအကြိမ်ဖြင့် သူ၏ ရင်တွင်းဆန္ဒများကို သူမထံတွင် ဖွင့်ဟလာခဲ့ပြီး သူ၏မျက်လုံးများ ထဲတွင်လည်း အာဏာအပေါ် တပ်မက်သော ရည်မှန်းချက်နှင့် လောဘတို့က တောက်ပလို့နေသည်။ "စာပေနဲ့စစ်ရေး ပရိယာယ်တွေမှာ ကိုယ်က ဘယ်သူ့ကိုမှ မရှုံးဘူးလို့ ကိုယ့်ဟာကိုယ် ယုံကြည်တယ်။ ကိုယ့်မှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက မျိုးရိုးနောက်ခံ နိမ့်ကျနေတာပဲ။ အခု လုမျိုးနွယ်က ကိုယ့်ရဲ့နောက်ခံဖြစ်လာပြီ။ ရှင်းယန်စစ်တပ်ကလည်း ကိုယ့်ကိုအပြည့်အဝ ထောက်ခံတယ်။ ကိုယ့်မှာလည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အင်အားရှိလာပြီ။ ရှောင်ယွိ ကိုယ်တို့တွေက ဇနီးမောင်နှံတွေပါ။ ဒီလောကမှာ အရင်းနှီးဆုံးသူတွေပဲ။ ဒါကြောင့် ကိုယ် မင်းကို မလိမ်ညာချင်ဘူး။ ကိုယ်က အိမ်ရှေစံ ဖြစ်ချင်တယ်။ နောင်တစ်ချိန်မှာ ဧကရာဇ်ဖြစ်လာချင်တယ်။ ရွှေနန်းတော်ထဲမှာ ထိုင်ပြီး အမြင့်မြတ်ဆုံး တော်ဝင်အာဏာကို ကိုင်ဆောင်ထားချင်တယ်။ အဲဒီအချိန်ကျရင် ဘယ်သူကမှ ကိုယ့်ကိုအထင်သေး စော်ကားလို့မရတော့ဘူး။ ကိုယ့်ရဲ့မွေးမိခင်နဲ့ ညီငယ်လေးလည်း အနိုင်ကျင့်မခံရတော့ဘဲ ဂုဏ်ကျက်သရေနဲ့ ချမ်းသာမှုကို အပြည့်အဝ ခံစားရလိမ့်မယ်။ ကိုယ့်ရဲ့ဇနီးကလည်း ဇာမဏီပုလ္လင်ပေါ်မှာထိုင်ပြီး ဒီလောကရဲ့ အမြင့်မြတ်ဆုံး မိဖုရားခေါင် ဖြစ်လာလိမ့်မယ်။ ကိုယ့်ရဲ့သားသမီးတွေကလည်း နောင်တချိန်မှာ သာ့ဝေတိုင်းပြည်ရဲ့ မင်းသားမင်းသမီးတွေ ဖြစ်လာလိမ့်မယ်"
လီဟောက်၏ စိတ်လှုပ်ရှားမှုတို့က မြင့်တက်လာခဲ့ပြီး သူမ၏ပခုံးကို ရုတ်တရက် လှမ်းဆုပ်လိုက်ကာ သူ့မျက်ဝန်းများကလည်း ပူပြင်းပြီး စိတ်အားထက်သန် နေတော့သည်။ "ရှောင်ယွိ မင်း ကိုယ်နဲ့အတူ ဘေးခြင်းယှဉ်ပြီးလက်တွဲချင်လား"
ရှည်လျားသည့် တိတ်ဆိတ်ငြိမ်သက်မှုက တစ်ဖန်ကြီးစိုးသွားပြန်သည်။
သူမသည် လီဟောက်ကို အချိန်အတော်အကြာကြီး ကြည့်လိုက်ပြီးမှ ခပ်တိုးတိုးလေး ပြောလိုက်တော့၏။ "ဖုဟွမ်က အရွယ်ကောင်းတုန်းရှိသေးတယ်။ အိမ်ရှေ့စံ ခန့်အပ်ဖို့လည်း အစီအစဉ် မရှိသေးဘူး။ ရှင်က အိမ်ရှေ့စံနေရာကို လိုချင်တယ်ဆိုရင် ရေရှည်စီမံကိန်းဆွဲပြီး ဖြည်းဖြည်းချင်း ကြိုးစားမှရလိမ့်မယ်"
လီဟောက်က တစ်ကိုယ်လုံး တုန်ယင်သွားကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ပွေ့ဖက်ထားလိုက် လေတော့သည်။
_
ရင်တွင်းစကားများကို ဖွင့်ဟခဲ့ပြီးနောက်တွင် ဇနီးမောင်နှံ နှစ်ယောက်သည် ပိုလို့ပင် ရင်းနှီးလာကြတော့သည်။
အမှန်တွင်တော့ သူမတွင် မိဖုရားခေါင်ဖြစ်လိုသည့် ရည်ရွယ်ချက်မရှိခဲ့ချေ။
သူမသည် ငယ်စဉ်ကတည်းက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့သူဖြစ်သည်။ သူမ၏အဖေက သူမကိုချစ်သည်။ မောင်လေး အစ်မများကလည်း ချစ်ခင်ရင်းနှီးကြသည်။ အစ်ကိုက သူမကို ကာကွယ်ပေးပြီး မောင်လေး ညီမလေးများကလည်း သူမ၏စကားကို နားထောင်ကြသည်။ ကြီးပြင်းလာသောအခါ လီဟောက်နှင့်တွေ့ဆုံခဲ့ပြီး အချင်းချင်း မေတ္တာသက်ဝင်ကာ သူ့ကိုလက်ထက်ခဲ့သည်။
သူမ၏ဘဝသည် အဆင်ပြေချောမွေ့ခဲ့ပြီး တခြားသူ၏ အထင်သေးစော်ကားခြင်းကို တစ်ခါမှ မခံစားခဲ့ရဖူးသောကြောင့် လီဟောက်၏ စွဲလန်းမှုကိုလည်း တော်တော်နားမလည်နိုင်ခဲ့ချေ။
သို့သော်ငြား သူမသည် သူ့ကို နှလုံးသားနှင့်ရင်းကာ ချစ်ခင်ခဲ့လေသည်။ သူက အိမ်ရှေ့စံ ဖြစ်ချင်သည်ဆိုလျှင် သူမကလည်း အစွမ်းကုန် ကူညီရမည်မှာ သဘာဝကျလေသည်။
ရလဒ်အနေဖြင့် လုမျိုးနွယ်သည် လီဟောက်၏ နောက်ခံအင်အား ဖြစ်လာခဲ့ပြီး ရှင်းယန်စစ်တပ်သည်လည်း လီဟောက်၏ အရေးအကြီးဆုံး အထောက်အပံ့ ဖြစ်လာခဲ့သည်။ ရှင်းယန်စစ်တပ်က စစ်ပွဲများတွင် အောင်မြင်မှု ဆက်တိုက်ရရှိ လာသည်နှင့်အမျှ လီဟောက်သည်လည်း နန်းတွင်းထဲတွင် တဖြည်းဖြည်း ထင်ရှားလာတော့သည်။
နောက်ပိုင်းတွင် သာ့ဝေတိုင်းပြည်သည် တစ်နိုင်ငံလုံး၏ အင်အားကိုသုံးပြီး ယန် နှင့်ချူ နှစ်နိုင်ငံကို တိုက်ခိုက်ခဲ့၏။ မြို့တော်ကို စောင့်ရှောက်ရန် စစ်သူကြီးလျန်နှင့်အတူ အစောင့်တပ်သား သုံးသောင်းကိုသာ ချန်ထားခဲ့ပြီး ကျန်စစ်သည်တော်များ အားလုံးကို စစ်မြေပြင်သို့ စေလွှတ်ခဲ့သည်။
အရွယ်ရောက်ပြီးသား မင်းသားများသည်လည်း စစ်တပ်နှင့်အတူ စစ်ထွက်ခဲ့ကြရသည်။
ဤစစ်ပွဲသည် တစ်နှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရ၏။ သာ့ဝေတိုင်းပြည်တွင် စစ်သည်ရဲမက်များနှင့် စစ်သူကြီးများရှိပြီး ဤစစ်ပွဲအတွက် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင် လာခဲ့ခြင်းဖြစ်၏။ ယန် နှင့် ချူ နှစ်နိုင်ငံသည် မဟာမိတ်ဖွဲ့ ခဲ့သော်ငြားလည်း ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့ကြပြီး အသက်စွန့်၍ ခုခံတိုက်ခိုက်ခဲ့ရသည်။ အကြီးဆုံးမင်းသားသည် ကံဆိုးလွန်းလှပြီး စစ်တပ်ကိုဦးဆောင်၍ ရန်သူကို လိုက်လံတိုက်ခိုက်နေစဉ် ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရကာ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
စစ်မြေပြင်တွင် ချစ်လှစွာသော သားတော် ကျဆုံးသွားခြင်းက ယုံးကျားဧကရာဇ်အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ယုံးကျားဧကရာဇ်သည် မကြာမီတွင် နာမကျန်းဖြစ်လာခဲ့ပြီး စစ်သည်များ၏ စိတ်ဓာတ်သည်လည်း ကျဆင်းသွားကာ စစ်ပွဲများဆက်တိုက် ရှုံးနိမ့်လာတော့သည်။ ထိုအချိန်တွင် လီဟောက်ကတော့ ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲနှစ်ကြိမ်ရရှိကာ စစ်တပ်အတွင်း၌လည်း နာမည်ကောင်းရလာခဲ့သည်။
သူမသည်လည်း လီဟောက်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့၏။
စာကိုဖွင့်ဖတ်လိုက်ပြီးနောက် စာအဆုံးပိုင်းမှ လျှို့ဝှက်အရိပ်အမြွက် စကား အနည်းငယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ် မိတော့သည်။ ထိုနောက်တွင်တော့ စာကိုမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်တွင် လောဘရမ္မက် မီးလျှံတို့သည် စာရွက်ကိုလျင်မြန်စွာ ဝါးမြိုသွားပြီး ပြာအဖြစ်လောင်ကျွမ်း သွားလေတော့သည်။
သူမသည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေရင်း ပေါင်ယွိဓားကို ကောက်ကိုင်ကာ အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၏။ ထိုနောက်တွင်တော့ ဓားကို ပြန်သိမ်းထားလိုက်ပြီး သူမ၏သုံးနေကျ ကျွဲချိုလေးကို ထုတ်ယူကာ ဖြေညှင်းစွာ တပ်ဆင်လိုက်တော့သည်။
လက်ထပ်ပြီးနောက်မှသာ လီဟောက်သည် သူမတွင်သာမန်လူထက် များစွာသာလွန်သည့် မွေးရာပါ ခွန်အားတစ်ခုရှိကြောင်း သိခဲ့ရသည်။
စစ်တပ်အထဲမှ အတော်ဆုံး လေးသမားများသည် ကျောက်တုံးနှစ်တုံးစာ လေးကိုဆွဲနိုင်ပြီး ခြေလှမ်းနှစ်ရာ အကွာအဝေးအထိ ပစ်ခတ်နိုင်ကြသည်။
သူမကတော့ အထူးပြုလုပ်ထားသည့် ကျွဲချိုလေးကို အသုံးပြုခဲ့ပြီး ထိုကျွဲချိုလေးသည် ပုံပန်းသဏ္ဍာန်အားဖြင့် သာမန်ဖြစ်သော်ငြားလည်း အမှန်တွင်တော့ ခြေလှမ်းသုံးရာကျော်အထိ ပစ်ခတ်နိုင်သည့် ကြောက်မက်ဖွယ်ရာ လူသတ်လက်နက်တစ်ခုပင်။
သူမသည် လူအများရှေ့တွင် သူမ၏စစ်မှန်သော သိုင်းပညာကို တစ်ခါမှ မပြသခဲ့ဖူးချေ။ လီဟောက်နှင့် လက်ထပ်ပြီး နောက်တွင်လည်း တတိယမင်းသား ကြင်ရာတော်ဖြစ်နေသည့် သူမသည် နေ့စဉ်နန်းတော်သို့ဝင်၍ အရိုအသေပေးရပြီး နူးညံ့သိမ်မွေ့သည့် ယောက္ခမကို ကာကွယ်ပေးရကာ ချောင်မိဖုရားခေါင်နှင့် တခြားသူများနှင့် ဆက်ဆံရခက်ခဲသည့် ယောင်းမများနှင့်လည်း အဆင်ပြေအောင် နေထိုင်ခဲ့ရသည်။
သူမ၏အဖိုးတန်ဓားနှင့် လေးတို့သည် သေတ္တာထဲတွင် တိတ်ဆိတ်စွာ ပစ်ထားခံခဲ့ရပြီး ဖုန်မှုန့်ပါးပါးလေး တလွှာပင် တင်လို့နေခဲ့ပြီ။
သူမသည် တောက်ပြောင်နေသည့် လေးကိုကိုင်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်မိ၏။
နှစ်ရက်အကြာတွင် တတိယမင်းသား ကြင်ရာတော်သည် ထူးဆန်းသော ရောဂါတစ်မျိုး ကူးစက်ခံခဲ့ရသည်။ သူမ၏မျက်နှာနှင့် လည်ပင်းတို့တွင် ထူးဆန်းသည့် အနီကွက်များ ပေါ်လာပြီး လေဒဏ်၊ အလင်းရောင်ဒဏ်ကို မခံနိုင်သဖြင့် တတိယမင်းသား အိမ်တော်တွင်သာ ကုသမှုကို ခံယူနေခဲ့၏။
အခန်းထဲတွင် ပုဝါရှည်ဦးထုပ်ကို ဆောင်းထားပြီး အနားယူနေသူမှာ သူမ၏အစားထိုးခံတစ်ဦး ဖြစ်တာကိုတော့ ဘယ်သူမှ မသိရှိခဲ့ချေ။
သူမစစ်စစ်ကတော့ ယောကျာ်းအသွင် ရုပ်ဖျက်ကာ မြို့တော်မှ မြင်းစီးပြီးထွက်လာပြီး ယဲ့နိုင်ငံသို့သွားရောက်ကာ လီဟောက်၏ စစ်တပ်ထဲတွင် တိတ်တဆိတ် ပုန်းအောင်းနေခဲ့သည်။ ဒုတိယမင်းသားသည် စစ်တပ်ကို ဦးဆောင်၍ မြို့ကိုတိုက်ခိုက်နေချိန်တွင် သူမက မီတာသုံးရာ အကွာအဝေးမှ သစ်တောထဲတွင် တိတ်တဆိတ် ပုန်းအောင်းရင်း အကောင်းဆုံး အခွင့်အရေးကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
မကြာမီတွင် ထိုအခွင့်အရေးက ရောက်ရှိလို့လာခဲ့၏။
မြို့ကိုသိမ်းပိုက်နေချိန် အပြင်းထန်ဆုံး အချိန်သို့ရောက်လာသည်တွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် ဒုတိယမင်းသားသည် စစ်ရထားပေါ်ဆင်းကာ မြင်းပေါ်သို့တက်ပြီး ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။
သူမကလည်း ကျွဲချိုလေးကိုဆွဲကာ အာရုံကို စူးစိုက်ထားပြီး မြှားကိုပစ်လွှတ် လိုက်တော့သည်။
စစ်မြေပြင်တွင် အော်ဟစ်တိုက်ခိုက်သံများက ကောင်းကင်ကို လွှမ်းမိုးနေသဖြင့် ဤရုတ်တရက် ပေါ်ထွက်လာသည့် လျှို့ဝှက်မြားကို မည်သူမှသတိမထား မိလိုက်ပေ။ လူအများမြင်လိုက်ရသည်မှာ ဒုတိယမင်းသားသည် မြင်းပေါ်မှ ရုတ်တရက်လဲကျသွားပြီး လည်ပင်းကို မြှားထိမှန်ကာ နေရာတွင်ပင် အသက်ပျောက်သွားခြင်းပင်။
သူမသည် သစ်ပင်ပေါ်က လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး လေးနှစ်မြှားကို ကြိုတင်ပြင်ဆင်ထားသည့် တွင်းနက်ထဲသို့ပစ်ချကာ မြန်မြန်မြှုပ်နှံထားလိုက်၏။ ထိုနောက်တွင်တော့ အဝေးကိုထွက်ပြေး တိမ်းရှောင် သွားတော့သည်။
လီဟောက်၏စစ်တဲ ထဲသို့ ရောက်လာသည့် အချိန်မှသာ သူမ၏လက်များက တရစပ်တုန်ယင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရတော့၏။
သူမသည် မြေကြီးပေါ်သို့ ပုံလဲကျသွားပြီး လက်ဖမိုးဖြင့် မျက်လုံးများကို အုပ်ထားလိုက်ကာ မကြာမီ မျက်ရည်များသည် မျက်ဝန်းထောင့်မှ စီးကျလာလေတော့သည်။
သူမသည် မွေးရာပါ ခွန်အားကြီးမားသူ ဖြစ်ပြီး သူမ၏သိုင်းပညာ အရည်အချင်းကလည်း အံ့မခန်းကောင်းမွန်လှသည်။
သို့သော်ငြား သူမသည် ထိုခွန်အားဖြင့် လူသတ်ဖို့မဆိုထားနှင့် တစ်စုံတစ်ယောက်ကိုပင် တစ်ခါမှအနိုင်မကျင့်ခဲ့ဘူး ခဲ့ချေ။
မျှော်လင့်မထားဘဲ သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် လုပ်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီး လျှို့ဝှက်မြှားတစ်စင်းဖြင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့မိလေသည်။
...