လျို့ဝှက်ချက် (၂)
Vol. 4 Ch. 51
စစ်မြေပြင်တွင် သွေဖီသွားသည့် မြှားတစ်စင်းကြောင့် ဒဏ်ရာရခြင်းသည် သာမန်အဖြစ်အပျက် တစ်ခုမျှသာပင်။
မြို့ကိုသိမ်းစစ်ပွဲသည် အင်မတန်ပြင်းထန်လှ၏။ မြို့ကိုသိမ်းပိုက်နိုင်တော့မည်ကို မြင်နေရသဖြင့် စစ်သည်ရဲမက်များ အားလုံးကလည်း အတိုင်းမသိ စိတ်လှုပ်ရှားနေကြသည်။ ဒုတိယမင်းသားက ရုတ်တရက် မြင်းပေါ်က ပြုတ်ကျကာ အသက်ပျောက်သွားခြင်းသည် အမှန်တကယ် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။
ထိုသွေဖီသွားသည်မြှားက မည်သည့်နေရာကရောက်လာသည်ကို မည်သူမှမသိနိုင်ပေ။
နဂိုကတည်းက နားမကျန်းဖြစ်နေသည့် ယုံးကျားဧကရာဇ်သည် ဒုတိယမင်းသား စစ်မြေပြင်တွင် ကျဆုံးသွားကြောင်း ကြားသိလိုက်ရချိန်တွင် သွေးတလုတ် အန်ထုတ်လိုက်ပြီးနောက် နေရာတွင်ပင် သတိလစ်မေ့မျောသွားတော့သည်။
လီဟောက်နှင့် စတုတ္ထမင်းသားတို့သည် ညှိုးငယ်နေသည့် မျက်နှာများဖြင့် အိပ်ရာထက်တွင် လှဲလျောင်းနေကြသည့် ခမည်းတော်အား ဝိုင်းဝန်းပြုစုနေကြသည်။
သုံးရက်ပြည့်သွားသောအခါမှ လီဟောက်သည် စစ်စခန်းသို့ပြန်လာနိုင်ခဲ့၏။
သုံးရက် သုံးညလုံးလုံး မအိပ်ဘဲ နေခဲ့ရသဖြင့် လီဟောက်၏ မျက်လုံးများမှာနိရဲနေကာ မေးစေ့တွင်လည်း မုတ်ဆိတ်ငုတ်တိုလေးများ ပေါက်လို့နေတော့သည်။ သူ့ထံမှ ထူးထူးဆန်းဆန်း အနံ့အသက်များလည်း ထွက်ပေါ်နေ၏။ ကြည့်ရသည်မှာ အလွန်သနားစဖွယ် ကောင်းနေလေတော့သည်။
သို့သော်ငြား သူ၏မျက်ဝန်းများကတော့ ဖော်ပြရန်ခက်ခဲလှသည့် စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေခဲ့သည်။
သူမသည် ရုပ်ဖျက်ထားကာ ယောက်ျားအသွင် ဝတ်စားဆင်ယင်ထား၏။ သို့တိုင် လီဟောက်ကတော့ သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားပြီး နားနားတိုးကပ်ကာ တိုးညှင်းစွာပြောလာခဲ့သည်။ "ရှောင်ယွိ မင်းပင်ပန်းသွားပြီ"
"အာ့ကော စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တယ်။ ဖုဟွမ်ကလည်း အရမ်းဝမ်းနည်းပူဆွေးနေပြီး ရောဂါအခြေအနေ ပိုဆိုးလာတယ်။ ဒီသုံးရက်လုံး ကိုယ် ဖုဟွမ်ကို မအိပ်မနေပြုစုနေရလို့ မင်းဆီကို ပြန်မလာနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ မင်း တစ်ချိန်လုံး ရှိပါတယ်”
သူမမှာတော့ လက်များ မတုန်လှုပ်ဖို့ရန်အတွက် အချိန်သုံးရက်ယူခဲ့ရသည်။ ဒီအချိန်တွင် စိတ်ခံစားချက်က မည်းမှောင်ကာ ညှို့မှိုင်းလို့နေ၏။ သူ၏ပျော်ရွှင်ဖွယ်ရာ စိတ်လှုပ်ရှားမှုကလည်း သူမအပေါ် သက်ရောက်မှု မရှိနိုင်ခဲ့ ချေ။
ဟုတ်တယ် ! အကြီးဆုံး မင်းသားလည်း သေသွားပြီ။ ဒုတိယ မင်းသားလည်း သေပြီ။ နောက်ဆိုရင် တတိယမင်းသား သူ့အလှည့် ရောက်လာတော့မှာ။
သူမသည် နှုတ်ခမ်းကို ကွေးညွှတ်ထားလိုက်ပြီးမှ တိုးတိုးလေး ပြောလိုက်၏။ "ကိစ္စအကြီးကြီး ပြီးသွားပြီဆိုတော့ ကျွန်မ ပြန်သင့်ပါပြီ"
လီဟောက်က ခေါင်းငြိမ့်ပြလာသည်။
လီဟောက်သည် အလွန်ပင်ပန်းနွမ်းနယ် နေသဖြင့် မြန်မြန်ဆန်ဆန်းပင် အိပ်ပျော်သွားတော့၏။ သူမကတော့ အိပ်ရာဘေးတွင်ထိုင်ကာ ထိုရင်းနှီးလှပြီး ချောမောလှပသည့်မျက်နှာကိုကြည့်ရင်း ရုတ်တရက်ညထူးဆန်းသလို ခံစားလိုက်ရပြီး ရှုပ်ထွေးသွားလေတော့သည်။
ပထမဦးဆုံးအကြိမ်ဖြင့် လီဟောက်ကို အမှန်တကယ် နားမလည်ပါလားဟု ခံစားလိုက်ရတော့သည်။
သူမ မထွက်ခွာခင်မှာပင် လီဟောက်သည် တိုက်ပွဲ၌ ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ သူမလည်း စိုးရိမ်မိသဖြင့် ရက်အနည်းငယ်ထပ်ပြီး စစ်စခန်းထဲတွင် နေထိုင်လိုက်သည်။
ရန်နှင့်ချူ တိုင်းပြည်တို့သည် ပျက်သုံးလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် ရဲမက်များနှင့် စစ်သူကြီးများကလည်း ခုခံတိုက်ခိုက်နေကြဆဲပင်။ သာ့ဝေတိုင်းပြည်မှ စစ်သူကြီးအများအပြား ကျဆုံးခဲ့ရပြီး သူမ၏ဖခင်ရင်းဖြစ်သူ လုလင်းသည်လည်း စစ်မြေပြင်၌ပင် အသက်ပေးသွားခဲ့ရသည်။
ထိုသတင်းဆိုး ရောက်လာချိန်တွင် သူမ၏နှလုံးသားသည် ဓားဖြင့်မွန်းသကဲ့သို့ နာနာကျင်ကျင် ခံစားလိုက်ရပြီး တစ်ညလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးခဲ့ရသည်။
သို့သော်ငြား သူမသည် အဖေဖြစ်သူ၏ ရုပ်အလောင်းကို ကောက်ယူရန်ပင် မျက်နှာ မပြနိုင်ခဲ့ချေ။ သူမသည် ကိုယ့်ဟာကိုယ် ရုပ်ဖျက်ပြီး စစ်စခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ရသည်။ ဤလျှို့ဝှက်ချက်ကိုလည်း လုံးဝဖော်ထုတ်လို့ရမည် မဟုတ်ပေ။ သူမသည် စစ်စခန်းထဲတွင်သာ ဆက်လက်ပုန်းအောင်းနေခဲ့ရ၏။
နှစ်ရက် ကြာပြီးသွားသောအခါ သူမသည် မြင်းတစ်စီးဖြင့် မြို့တော်သို့ တိတ်တဆိတ် ပြန်ရောက်လာခဲ့ပြီး ညသန်းခေါင်မှပင် တတိယမင်းသားအိမ်တော်သို့ တိုးတိုးတိတ်တိတ် ဝင်လာခဲ့ရသည်။
သူမ မြို့တော်မှ ထွက်သွားသည်ကို သိသည့် တစ်ဦးတည်းသောသူမှာ ချီယွင်သာ ဖြစ်လေသည်။
ချီယွင်သည် သူမကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရသောအခါ အထိတ်တလန့် ဖြစ်သွားပြီး အမှတ်တမဲ့ ပြောထွက်လာခဲ့၏။ "သခင်မလေး ဘာဖြစ်လို့ ဒီလောက်တောင် ပင်ပန်းနွမ်းနယ်နေရတာလဲ။ ဒီရက်ပိုင်း ဘယ်တွေသွားခဲ့တာလဲ"
နီရဲနေသည့် မျက်ဝန်းများဖြင့် သူမသည် ချီယွင်၏ရင်ခွင်ထဲတွင် ခေါင်းကိုအပ်နှံထားလိုက်ကာ ခါးသီးစွာ ငိုကြွေးမိတော့သည်။
ချီယွင်သည် ကလေးဘဝကတည်းက သူမနှင့်အတူ နေထိုင်လာခဲ့သူဖြစ်ပြီး သခင်နှင့်အစေခံကြားက ဆက်ဆံရေးကလည်း အတူတူကြီးပြင်းလာသဖြင့် ညီအစ်မ အရင်းအချာသဖွယ် ဖြစ်နေတော့သည်။ ချီယွင်သည် သူမကို ဤမျှ နာကျင်ခံစားနေရသည်ကို တစ်ခါမှ မမြင်ခဲ့ဘူးချေ။ သူမမှာ မေးခွန်းများကိုပင် ထပ်မနေရက်တော့ဘဲ သူမ၏ကျောပြင်လေးကို ညင်ညင်သာသာ ပွတ်ပေးလိုက်တော့၏။
ဟန်ဆောင်စရာပင် မလိုခဲ့ချေ။ သူမသည် အမှန်ပင် နားမကျန်း ဖြစ်ခဲ့လေသည်။
ချီယွင်သည် နေ့ရောညပါ သူမ၏အနားတွင် စောင့်ရှောက်ပေးရင်း တစ်နေ့တခြား ပိုပြီးပင်ပန်းနွမ်းနေကာ ပိန်လှီလာသည့်သူမကို ကူကယ်ရာမဲ့စွာ ကြည့်နေရတော့၏။
ဒုတိယမင်းသားနှင့် ရှင်းယန်ဝမ် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည့် သတင်းသည် မြို့တော်သို့ ရောက်လာသည့်အချိန်မှသာ ချီယွင်သည် အခြေအနေကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ သို့သော်ငြား မေးခွန်းထုတ်၍ မရနိုင်သည့် သံသယများစွာက ကျန်ရစ်နေ၏။
သခင်မလေးက စစ်မြေပြင်ကိုသွားခဲ့တာလား။
ဘာဖြစ်လို့ အားလုံးကို ဖုံးကွယ်ထားခဲ့ရတာလဲ။
တကတဲ သခင်မလေး ဘာတွေလုပ်နေတာလဲ။
_
ချီယွင်သည် နားလည်မှုရှိစွာဖြင့် မေးလည်းမမေးသလို ထိုအကြောင်းကိုလည်း တစ်လုံးတပါဒမျှ ထုတ်ပြောခြင်းမရှိခဲ့ချေ။
ဒုတိယမင်းသား၏ ကြေကွဲဖွယ်သေဆုံးကြောင်း ဝမ်းနည်းစရာသတင်း နန်းမြို့တော်သို့ရောက်ရှိလာခဲ့သည်။ ချောင်မိဖုရားခေါင်မှာ အလွန်ဝမ်းနည်းပူဆွေးရကာ သွေးအန်ပြီးသတိလစ် မေ့မျောသွားတော့သည်။ မုန့်ကွေ့ဖေးသည်လည်း စစ်မြေပြင်တွင် သေဆုံးသွားသည့် ပထမမင်းသားအတွက် အသည်းအသန် နားမကျန်းဖြစ်ခဲ့ရသည်။ မယ်တော်ကြီးကျောက်သည်လည်း ဆက်တိုက်ဖြစ်ပေါ်လာသည့် ထိုးနှက်ချက်များကို မခံနိုင်တော့ဘဲ လဝက်အတွင်း အပြင်းအထန်နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့တော့သည်။
ထိုအနည်းငယ်သော လများသည် သူမ၏ဘဝတွင် အမှောင်မိုက်ဆုံးအချိန် ဖြစ်ခဲ့၏။
ကံအားလျော်စွာ သာ့ဝေတိုင်းပြည်သည် ရန်နှင့်ချူ တိုင်းပြည်တို့ကို အောင်နိုင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ ယုံးကျားဧကရာဇ်သည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက် စစ်တပ်ကြီးကိုဦးဆောင်ကာ မြို့တော်သို့ပြန်ဖို့ရန် အမိန့်ပေးခဲ့၏။
တတိယမင်းသား လီဟောက်ကတော့ ကြီးမားသည့် စွမ်းဆောင်မှုများကို ပြုလုပ်ခဲ့ပြီး ယုံးကျားဧကရာဇ်၏ အားအကိုးရဆုံး သားတော်ဖြစ်လာခဲ့၏။
လီဟောက်ထံသို့ တိတ်တဆိတ် စတင်သစ္စာခံလာကြသည့် စစ်သူကြီးအများအပြားလည်း ရှိလာလေသည်။
အချိန်အကြာကြီး ခွဲခွာနေခဲ့ရသည့် ဇနီးမောင်နှံနှစ်ဦးသည် ပြန်လည်တွေ့ဆုံရချိန်တွင် ဘဝတစ်ခု ခြားသွားသကဲ့သို့ ခံစားရလေသည်။
လီဟောက်သည် ဓားအိမ်ထဲမှ ဆွဲချုပ်ထားသည့် ထက်ရှပြီး တားဆီးနိုင်စွမ်းမရှိသည့် ဓားတစ်လက် ဖြစ်လာတော့၏။
အပြင်းအထန် နားမကျန်းဖြစ်ခဲ့ပြီးနောက် သူမသည်လည်း ပိန်လှီဖျော့တော့ကာ စိတ်ဓာတ်ကျသွားပြီး တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
"ရှောက်ယွိ ယောက်က္ခထီး မမျှော်လင့်ဘဲ ဆုံးပါသွားခဲ့တယ်။ ကိုယ်လည်း အရမ်းပဲ စိတ်မကောင်းဖြစ်မိပါတယ်" လီဟောက်သည် ဝမ်းနည်းစွာဖြင့် သူမကို ပွေ့ဖက်ထားပြီး ညင်ညင်သာသာ နှစ်သိမ့်စကား ပြောလာခဲ့သည်။ "သေဆုံးသွားတဲ့ သူက သွားနှင့်ပါပြီ။ ရှင်ကျန်ရစ်တဲ့သူကတော့ ကောင်းကောင်းမွန်မွန် ဆက်လက်ရှင်သန်ရမှာပဲ"
"မင်းနဲ့ကိုယ်တို့တွေ ယောက်က္ခထီးအတွက် တစ်နှစ်တာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုကြတာပေါ့"
လက်မထပ်ရသေးသည့် သမီးပျိုတစ်ယောက်သည် ဖခင်အတွက် သုံးနှစ်တိတိ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို စောင့်ထိန်းရမည် ဖြစ်သော်ငြားလည်း သူမကဲ့သို့ အိမ်ထောင်ပြုပြီးသွားသည့် သမီးတစ်ယောက်အတွက်တော့ တစ်နှစ်သာပြုလုပ်ရန် လိုအပ်သည်။ လီဟောက်သည် မင်းသားတစ်ပါးဖြစ်ပါလျက် ယောက်က္ခထီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် စောင့်ထိန်းလိုကြောင်း သတင်းထွက်ပေါ်လာချိန်တွင် ချီးကျူးထောမနာသံများကိုလည်း ချက်ချင်းရရှိလာခဲ့သည်။
ယုံးကျားဧကရာဇ်၏ အခြေအနေကလည်း သိပ်မကောင်းလှဘဲ မကြာခဏဆိုသလို နာမကျန်းဖြစ်နေတတ်သည်။ နန်းတွင်းအမတ်များက အိမ်ရှေ့မင်းသား တင်မြှောက်ဖို့ရန် တောင်းဆိုလာချိန်တွင် ယုံးကျားဧကရာဇ်ကလည်း ခွင့်ပြုပေးခဲ့လေသည်။ ပဥ္စမမင်းသားသည် ငယ်ရွယ်လွန်းပြီး စတုတ္ထမင်းသားသည် ယောက္ခမမိသားစု၏ အကူအညီရရှိထားသော်ငြားလည်း အရှိန်အဝါတောက်ပနေသည့် လီဟောက်ကိုတော့ မယှဉ်နိုင်ခဲ့ချေ။
မကြာမီမှာပင် လီဟောက်သည် အိမ်ရှေစံမင်းသားအဖြစ် တင်မြောက်ခံခဲ့ရ၏။
ဝမ်းနည်းခြင်းကာလ ကုန်ဆုံးပြီးနောက်တွင် သူမသည်လည်း ကိုယ်ဝန်ရှိလာခဲ့သည်။ နှစ်လအတွင်းတွင် ယုံးကျားဧကရာဇ်သည် နတ်ရွာစံသွားခဲ့၏။ လီဟောက်သည် သူ့ဆန္ဒများ ပြည့်မြောက်လာခဲ့ပြီး နဂါးပုလ္လင်ပေါ်တွင်ထိုင်ကာ ကိုယ်ဝန်လွယ်ထားရသည့် သူမသည်လည်း မိဖုရားခေါင်ကြီး ဖြစ်လာတော့သည်။
နောက်ပိုင်းကလေး မွေးဖွားပြီးနောက် စူးကွေ့ဖေး နန်းတော်သို့ ဝင်ရောက်လာကာ ဇနီးမောင်နှံနှစ်ဦးကြားတွင် အမုန်းတရားများ ပေါက်ဖွားလာခဲ့တော့သည်။
လီဟောက်သည် စူးကွေ့ဖေးကို နန်းတော်သို့ ခေါ်သွင်းရခြင်းမှာ မယ်တော်ကြီးစူးကြောင့်သာ မဟုတ်မှန်း မရေမရာ သိလာခဲ့၏။ ထိုစဉ်က သူမ၏မြှားတစင်းကြောင့် ဒုတိယမင်းသား သေဆုံးရခြင်းသည် လီဟောက်၏စိတ်ထဲတွင်တော့ အရိပ်အမည်းတစ်ခု ထည့်သွင်းပေးလိုက်ခြင်းပင်။
မာနကြီးပြီး ထောင်လွှားလာသည့် လီဟောက်သည် မိမိ၏ဇနီးအပေါ် မနာလိုကြောက်ရွံ့စိတ်များ ရှိလာသည့်ကိစ္စကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရှင်းယန်စစ်တပ်ကို တိတ်တဆိတ် ဖိနှိပ်နေသည့် သူ့လုပ်ရပ်များက အရာအားလုံးကို သက်သေပြလို့နေ၏။
လီဟောက်သည်လည်း သက်တမ်းတိုသည့် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီး ပလ္လင်ပေါ်တွင် အချိန်အကြာကြီး မထိုင်နိုင်ဘဲ ရောဂါဟောင်း ပြန်လည်ထကာ ကွယ်လွန်သွားခဲ့တော့သည်။
နောက်ပိုင်းတွင် သူမသည် နန်းတော်ထဲတွင် ပိတ်မိနေခဲ့ပြီး ရက်စက်လှသည့် သူမ၏ယောက္ခမနှင့် ဆိုးညစ်ယုတ်မာသည့် သူမ၏မတ်ကလေးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ နောက်ဆုံးတွင်တော့ အနှိပ်စက်ခံရပြီး သေဆုံးခဲ့ရ၏။ ကံအားလျော်စွာ သူမ မသေခင် မယ်တော်ကြီးစူးကိုပါ သူမနှင့်အတူ ငရဲပြည်သို့ ဆွဲခေါ်သွားနိုင်သဖြင့် တော်တော်လေး စိတ်ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ရသည်။
ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူမသည် လက်စားချေဖို့ရန်သာ စိတ်စွဲနေခဲ့၏။
နန်းတွင်းစားသောက်ပွဲတစ်ခုတွင် စူးကျောင်းရုံ ဆိုသည့် ပြဿနာကို ဖြေရှင်းခဲ့သည်။ ထိုနောက်ပိုင်းတွင် လုလင်းသည် နန်းတော်သို့ ဝင်ရောက်ကာ ဧကရာဇ်ကို တွေ့ဆုံပြီး မင်းသားတစ်ပါး၏ ကြင်ရာတော်အဖြစ် လက်ထပ်ရမည့် ဖြစ်နိုင်ခြေကို အမြစ်ပြတ်အောင် တားဆီးနိုင်ခဲ့သည်။
ရလဒ်အနေဖြင့် သူမနှင့် လီဟောက်တို့သည် ဇနီးမောင်နန်းအဖြစ် ပေါင်းဖက်ရန် အခွင့်အရေးမရှိတော့ချေ။ သူမ၏ ကံကြမ္မာသည်လည်း ယခင်ဘဝနှင့် လုံးဝကို ကွဲပြားသွားတော့သည်။
သူမသည် ယခင်ဘဝက အငြိုးအတေး များကိုပင် စွန့်လွှတ်ဖို့ရန် စဉ်းစားခဲ့ဖူးသည်။ စူးကျောင်းရုံနှင့် ပဉ္စမမင်းသားတို့ကို မသတ်ဘဲ ထားလျှင်လည်း ဖြစ်နိုင်သည်ဟု စဉ်းစားခဲ့ဖူးသည်။
သို့သော်ငြား ကံကြမ္မာက သူမကိုဤသို့လှည့်စားလိမ့်မည်ဟု မည်သို့များ စဉ်းစားမိနိုင်ပါမည်နည်း။
ဒုတိယမင်းသားသည် သူမရှေ့တွင် အေးဆေးတည်ငြိမ်စွာဖြင့် ရပ်နေကာ သူသည် သူမကို လက်ထပ်ချင်ပါသည်ဟုပင် ပြောလာသေးသည်။
သူမသည် ဤနွံအိုင်ကြီးထဲက အပြီးတိုင် လွတ်မြောက်နိုင်ဖို့ရန် လုံးဝမဖြစ်နိုင်တော့ပေ။
_
သူမ၏မှတ်ဉာဏ်ထဲက အေးစက်စက် မျက်နှာလှလှလေးသည် ယခုတော့ ရေခဲတမျှ အေးစက်လို့နေပြီး မျက်လုံးထဲတွင်လည်း မီးတောက်မီးလျှံများ တောက်လောင်နေတော့၏။ နှင်းထဲတွင်တောက်ပနေသည့် မီးလျှံကဲ့သို့ နီရဲနေသည့် ကြာပွင့်လေးတစ်ခုလိုပင်။
ဒီအခိုက်အတန့်တွင် သူမသည် မည်မျှ လှပနေသည်ကိုတော့ သူမကိုယ်တိုင် သိလိမ့်မည် မဟုတ်ပေ။
ဒုတိယမင်းသားသည် လုမင်ယွိကို ငြိမ်သက်စွာစိုက်ကြည့်ရင်း သူ့စကားကို နားလည်နိုင်သွားပြီး သူမက သတိပြန်ဝင်လာသည့် အချိန်အထိ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းလို့နေသည်။
လုမင်ယွိသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက် သော်ငြားလည်း သူမ၏ရင်ထဲက မီးတောက်များကိုတော့ ဖိနှိပ်နိုင်ခြင်း မရှိသေးချေ။ သူမက ပါးစပ်ဖွင့်လာချိန်တွင် ဒေါသက ပေါက်ကွဲထွက်လာတော့သည်။ "လီကျင့် ရှင် ကျွန်မကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ။ ရှင် ဘာဖြစ်လို့ ကျွန်မကို လက်ထပ်ချင်ရတာလဲ"
...