အကြွေး (၁)
Vol. 4 Ch. 52
သူမကို ဘာဖြစ်လို့ လက်ထပ်ရမှာလည်းတဲ့လား။
တတိယမင်းသားသည် လုမင်ယွိကို ငြိမ်သက်စွာပင် ဆက်ပြီးကြည့်နေလေသည်။
လုမင်ယွိက တောက်လောင်နေသည့် မီးတောက်တစ်ခုသာဆိုရင် ဒုတိယမင်းသားသည် ငြိမ်သက်နေသည့် ရေအိုင်ကြီးတစ်ခုနယ် ဖြစ်ပေသည်။
လုမင်ယွိ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အမည်မဖော်နိုင်သည့် ဒေါသမီလျှံများဖြင့် လောင်မြိုက်ခံနေရပြီး ပိုက်ကွန်ထဲသို့ မတော်တဆ ကျရောက်သွားသည့် သားရိုင်းတစ်ကောင်လို ဖြစ်နေကာ ဒေါသတကြီး ထပ်ပြီးမေးလိုက်လေသည်။
"လီကျင့် ရှင် ဘာဖြစ်လို့ စကားမပြောတော့တာလဲ !"
ဒုတိယမင်းသားက နောက်ဆုံးတော့ ဖြေးညှင်းစွာ ပါးစပ်ဖွင့်ဟလေတော့သည်။ "ကိုယ်က စိတ်ရင်း အမှန်နဲ့ လက်ထပ်ခွင့် တောင်းတာကို မင်းက ဘာဖြစ်လို့ ဒီလောက်မလုံမလဲ ဖြစ်နေရတာလဲ။ မဟုတ်မှလွဲရော မင်း ကိုယ့်အပေါ်မှာ စိတ်မကောင်းစရာ တစ်ခုခုများ ပြုလုပ်ခဲ့မိလို့လား။ ဒါကြောင့် မင်းက ကိုယ့်ကို ရင်မဆိုင်ချင် မျက်နှာချင်းမဆိုင်ချင် ဖြစ်နေတာလား"
လုမင်ယွိ "..."
သူမ၏အဖြစ်မှာ မီးပြင်းပြင်းဖြင့် တောက်လောင်နေသော မီးသွေးဖိုပေါ်သို့ ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ပင်။
ဟုတ်သားပဲ !
သူမက ဘာကို စိတ်ဆိုးပြီး ဒေါသထွက်နေတာလဲ။
အရင်ဘဝတုန်းက သူမက တိတ်တဆိတ် မြှားနဲ့ပစ်ခတ်ပြီး ဒုတိယမင်းသားကို အဆုံးစီရင်ခဲ့တာပဲ။ ဒုတိယမင်းသားက နေရာမှာပဲ ချက်ချင်း သေဆုံးသွားခဲ့တာ။ သေလို့ မျက်စိစုံမမှိတ် သွားရင်တောင်မှ သူ့ကို တကယ်တမ်း လက်စတုံးခဲ့တဲ့သူက သူမ ဆိုတာကို ဘယ်လိုနည်းနဲ့မှ သိနိုင်မှာမဟုတ်ဘူး။
သူမက ကိုယ့်အပြစ်နဲ့ကိုယ် စိတ်မလုံမလဲဖြစ်နေလို့ အတွေးလွန်သွားတာပဲ။
ပြောမရဘူး။ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စ အားလုံးကလည်း တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲနေမှာ။
လုမင်ယွိသည် ရုတ်တရက် ပြန်လည်တည်ငြိမ်သွားပြီး သူမ၏ အသံသည်လည်း ပကတိအတိုင်း အေးဆေးတည်ငြိမ် သွားတော့သည်။ "အရှင်မင်းသား ဘာဖြစ်လို့ ဒီလိုစကားမျိုး ပြောရတာလဲ။ ကျွန်မနဲ့ အရှင်မင်းသားတို့က အရင်က တစ်ခါမှလည်း မသိကျွမ်းခဲ့ဖူးပါဘူး။ စိတ်မလုံမလဲ ဖြစ်စရာအကြောင်း ဘယ်မှာရှိမှာလဲ။ မျက်နှာချင်း မဆိုင်ဝံ့ဘူးဆိုတာကတော့ ပိုပြီးတော့တောင် အဓိပ္ပာယ်မရှိတဲ့စကားပါပဲ"
"အရှင်မင်းသားက ကျွန်မကို လက်ထပ်ခွင့်တောင်းဖို့ ကြိုးစားတဲ့ အကြောင်းကို ကျွန်မ လုံးဝမသိခဲ့တာပါ။ ကျွန်မ အဖေကို အစောကြီးကတည်းက ပြောပြီးသားပါ။ လက်ထပ်ပြီးတော့ ပြောင်းသွားတာမျိုး မလုပ်ချင်ဘူး။ အိမ်ပါသားမက်ပဲ ခေါ်ချင်တယ်ဆိုတဲ့အကြောင်း။ အရှင်မင်းသားက တရားဝင်ဆက်ခံသူ မင်းသားတစ်ပါးဖြစ်တဲ့အတွက် ဆန္ဒရှိတယ်ဆိုရင် ဘယ်နာမည်ကြီး သခင်မလေးကိုမဆို လက်ထပ်နိုင်ပါတယ်။ ဘာဖြစ်လို့ ကျွန်မကြောင့် စိတ်အနှောင့်အယှက်ဖြစ် ခံနေတာလဲ ..."
"ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုပဲ လက်ထပ်ချင်တာလေ" ဒုတိယမင်းသား၏ မျက်လုံးများသည် အလွန်အာရုံစူးစိုက်နေပြီး သူ့အသံကတော့ နူးညံ့သိမ်မွေ့လို့နေသည်။
လုမင်ယွိက အေးစက်စက်ပြုံးလိုက်ကာ "တကယ်လို့ ကျွန်မက လက်မထပ်ဘူး ဆိုရင်ရော အရှင်မင်းသားက ဘယ်လိုလုပ်မှာလဲ။ အတင်းအဓမ္မ လက်ထပ်ယူမလို့လား"
ဒုတိယမင်းသားသည် အေးစက်ကာ ပြတ်သားလွန်းလှသည့် မိန်းကလေးကိုကြည့်ပြီး ရုတ်တရက်ဆိုသလို ပြုံးရယ်လိုက်တော့သည်။
သူသည် ပြိုင်ဖက်ကင်းလောက်အောင် ချောမောလှပစွာ မွေးဖွားလာခဲ့သူဖြစ်၏။ သူ ပြောလိုက်သည့် အချိန်တွင် သူ့မျက်ခုံးများက တောက်ပနေသည့် လမင်းလေးလို ပြေလျော့သွားကာ ကြည်လင်အေးမြ သွားတော့သည်။ "ကိုယ်က ဘယ်လိုလုပ်ပြီးတော့ မင်းကို အတင်းအဓမ္မ လက်ထပ်ခိုင်းရပ်မှာလဲ။ ကိုယ်က လက်ထပ်ချင်တယ်ဆိုရင် မင်းက စိတ်ဆန္ဒအလျောက် ခေါင်းငြိမ့်မှပဲ ဖြစ်ရမှာပေါ့"
ရုပ်ရည်ချောမောသူကို လူတိုင်းက ကြည့်ရှုလိုကြသည်တွင် လုမင်ယွိသည် မည်မျှပင် ဒေါသထွက်နေ စေကာမူ မျက်လုံးတစ်ချက်ကို ပိုပြီးပင် ကြည့်လိုက်မိသေးသည်။ "ဒါဆိုရင် ကျွန်မ အခုပဲ ရှင့်ကို ပြောလိုက်မယ်။ ကျွန်မ လက်မခံဘူး။ ခေါင်းလည်းငြိ မ့်မှာမဟုတ်ဘူး။ ရှင် လက်လျှော့လို့ရပြီ"
သူမ သူ့ကို ကြည့်နေသည့် အကြည့်မှာ ဒေါသထွက် နေသော်ငြားလည်း အလွန်ချစ်စဖွယ် ကောင်းနေတော့သည်။
ဒုတိယမင်းသား၏ နှလုံးသားသည် တစ်စုံတစ်ခု၏ ညင်သာစွာ ကုတ်ခြစ်ခံလိုက်ရသလို အနည်းငယ် ယားယံလာလေသည်။ သူက လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး သူမ၏ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်လိုသည့် စိတ်ဆန္ဒကို ထိန်းချုပ်ထားလိုက်ကာ စိတ်ရှည်ရှည် ညင်သာစွာဖြင့် မေးလိုက်၏။ "တကယ်လို့ မင်း ကိုယ့်ကို လက်မထပ်ဘူးဆိုရင် စန်းတိကိုပဲ လက်ထပ်ချင် သေးတာလား။ စန်းတိရဲ့ကြင်ရာတော် ထပ်လုပ်ပြီး စူးကျောင်းရုံကို ယောက်က္ခမ ပြန်တော်မလိုလား"
လုမင်ယွိ "..."
လုမင်ယွိ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တောင့်တင်းအေးခဲသွားပြီး သူမ၏ အမူအရာအားလုံးမှာ ကျောက်ရုပ်တစ်ခုအလား အေးခဲသွားတော့သည်။
ဒုတိယမင်းသားသည် သူမ၏ပုံစံလေးက ပိုပြီးချစ်စရာ ကောင်းလှသည်ဟု ခံစားလိုက်ရသဖြင့် မနေနိုင်တော့ဘဲ ရှေ့သို့ နှစ်လှမ်းတက်လာကာ အနားကို ပိုတိုးလာခဲ့သည်။ သူ ရှူထုတ်လိုက်သည့်လေက လုမင်ယွိ၏ မျက်နှာပေါ်သို့ပင် ကျရောက်လုမတတ် ဖြစ်သွားခဲ့၏။
သူသည် ပါးစပ်ကို ဖြေးညှင်းစွာ ဖွင့်လာပြီး တိုးညှင်းစွာ ပျော့ပျောင်းသည့် လေသံတစ်ခုဖြင့် လုမင်ယွိ၏ နားထဲသို့ပြောလိုက်၏။ "လုမင်ယွိ မင်း ကိုယ့်အပေါ် အသက်တစ်ချောင်း အကြွေးတင်နေတယ်။ တကယ်လို့ မင်း ကိုယ့်ကို လက်ထပ်မယ်ဆိုရင် ဒီအကြွေးကို ချေပေးလိုက်လို့ ရတယ်။ တကယ်လို့ မင်းက လက်မထပ်ဘူးလို့ ခေါင်းမာနေတယ်ဆိုရင် ဒီအကြွေးကို ကိုယ်က လုမျိုးနွယ်အပေါ်မှာပဲ တောင်းခံရလိမ့်မယ်"
"လုမိသားစုက အရင်ဘဝက အကုသိုလ်အကြွေးကို ပြန်လည်ပေးဆပ်ဖို့ အသက်ဘယ်နှချောင်း လိုမယ်လို့ မင်း ထင်လဲ"
လုမင်ယွိ၏ ခေါင်းပေါ်သို့ လျှပ်စီးမိုးကြိုးများ ပစ်ချလိုက်သလို ခံစားလိုက်ရပြီး သူမသည် မူးဝေသွားတော့သည်။ သူမနှင့် အလွန်နီးကပ်လျက်ရှိသည့် ချောမောလှပသည့် မျက်နှာမှာ ရုတ်တရက် ဝေဝါးသွားကာ ဝေးကွာသွားသလို ခံစားလိုက်ရ၏။ တဖြည်းဖြည်း သူသည် အရင်ဘဝက မြင်းတစ်စီးကို စီးနှင်းလိုက်ပါလာသည့် လူတစ်ယောက်အသွင် ပြောင်းလဲသွားလေတော့သည်။
သူမသည် တောနက်ထဲတွင် ပုန်းခိုရင်း အာရုံစူးစိုက်ကာ အဝေးသို့ မြှားတစ်စင်း ပစ်လွတ်လိုက်၏။
ဝှစ်!
ထိုပုံရိပ်သည် မြင်းပေါ်တွင် ယိမ်းယိုင်သွားပြီးနောက် ရုတ်ချည်းဆိုသလို မြင်းပေါ်မှ ပြုတ်ကျသွားတော့သည် ...
လုမင်ယွိသည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ကာ ရုတ်တရက် ပြန်ဖွင့်လိုက်တော့၏။ "ရှင် အဲဒီတုန်းက မြှားတစ်ချက်နဲ့ သေသွားခဲ့တာလေ။ ဘယ်လိုလုပ်ပြီးတော့ တိတ်တဆိတ် လုပ်ခဲ့တယ်ဆိုတာကို သိနေရတာလဲ"
ဒုတိယမင်းသားသည်လည်း ပြန်လည်မွေးဖွားလာခဲ့သည် ဆိုဦးတော့ တိတ်တဆိတ် ပစ်ခတ်သည့် မြှားချက်ဖြင့် သေဆုံးသွားခဲ့သူ တစ်ယောက်က သူ့ကို ယခင်ဘဝက သတ်ခဲ့သူမှာ သူမ ဖြစ်နေခြင်းအကြောင်းကို မည်သို့ သိနိုင်ပါမည်နည်း။
ဒုတိယမင်းသားနှင့် လုမင်ယွိတို့သည် အကြည့်ခြင်း ဆုံလိုက်ကြလေသည်။ အချိန်တော်တော်လေး ကြာသွားပြီးနောက်မှ ဒုတိယမင်းသားက ညင်သာစွာ ပြောလာခဲ့သည်။ "မင်း ကိုယ့်ကို လက်ထပ်ပြီးတဲ့အခါကျရင် အရာအားလုံးကို ပြောပြမှာပေါ့။ အဲလိုမှမဟုတ်ရင် မင်းနဲ့လုမျိုးနွယ်က ကိုယ့်ရဲ့တမိုးအောက်မှာ မနေနိုင်တဲ့ ရန်သူတွေဖြစ်လာလိမ့်မယ်။ ဒီလောက်အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ကိုယ့်ရဲ့ရန်သူကို ဘာဖြစ်လို့ ပြောပြရမှာလဲ"
ဤအကြောင်းပြချက်မှာ အလွန်ပင် ခိုင်လုံလှလေသည်။
မည်မျှပင် ကျိုးကြောင်းမဲ့သူ ဖြစ်နေစေကာမူ ဒါကအမှန်ပင် ယုတ္တိရှိကြောင်းကိုတော့ ဝန်ခံရပေလိမ့်မည်။
လုမင်ယွိသည် အံကိုတင်းနေအောင် ကြိတ်ထားလိုက်ပြီး စကားလုံးအနည်းငယ်ကို ဖျစ်ညစ်ကာ ပြောလိုက်တော့၏။ "ကျွန်မ ဒီကိစ္စကို သေသေချာချာ စဉ်းစားချင်သေးတယ်"
ဒုတိယမင်းသားကလည်း အသာအယာ ပြုံးပြလိုက်ကာ "ဒီကိစ္စက မင်းရဲ့တဘဝလုံးစာနဲ့ ပတ်သက်နေတာပဲ။ နောက်ပြီး လုမိသားစုနဲ့လည်း သက်ဆိုင်နေတယ်။ ဒီတော့ ဒီကိစ္စကို တကယ်ပဲ သေသေချာချာလေး စဉ်းစားဖို့ အချိန်လိုပါတယ်။ ကိုယ်ကလည်း အလျင်မလိုပါဘူး။ ဖြည်းဖြည်းချင်း စောင့်နိုင်ပါတယ်"
"မင်းရဲ့ဆံထိုးတင်ပွဲ အခမ်းအနားကလည်း နောက်နှစ်လကြာမှ မဟုတ်လား။ အဲဒါဆိုရင် အဲဒီနေ့ကိုပဲ နောက်ဆုံးရက်လို့ သတ်မှတ်လိုက်မယ်"
လုမင်ယွိသည် နှာခေါင်းမှနေ၍ အင်း ဟုသာ အသံတစ်ချက် ပြုနိုင်တော့သည်။
သူမ၏ပုံစံမှာ အတင်းအကြပ် လက်ထပ်ခိုင်းခံနေရသဖြင့် ဒေါသထွက်နေသည့် ပုံစံမျိုးဖြစ်နေတော့သည်။
ဒုတိယမင်းသားသည် သူမ၏မကျေမနပ် ဖြစ်နေသည့်ရုပ်လေးကို သဘောကျသွားလေတော့သည်။
နောက်ဆုံးတော့ သူသည် မထိန်းချုပ်နိုင်ဘဲ လက်ကိုလှမ်းကာ သူမ၏မျက်နှာပေါ်သို့ ညင်ညင်သာသာလေး တင်လိုက်တော့သည်။
လုမင်ယွိက မြန်မြန်တုံ့ပြန်လိုက်ပြီး ချက်ချင်းဆိုသလို နောက်ကို တစ်လှမ်းဆုတ်လိုက်၏။ သူမ၏မျက်လုံးထဲတွင်လည်း သတိအပြည့် ဖြစ်နေတော့သည်။ "ကျွန်မ ရှင့်ကို ကတိမပေးရသေးဘူး။ တကယ်လို့ ရှင် ကျွန်မကို ထပ်ထိရဲမယ်ဆိုရင် ကျွန် မရှင့်လက်တွေကို ချိုးပစ်လိုက်မယ်"
ဒုတိယမင်းသားမှာလည်း မတတ်သာတော့ဘဲ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ သူ့နှာခေါင်းကို ထိကိုင်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်း လက်ထပ်ဖို့ ခေါင်းငြိမ့်သဘောတူပြီးမှပဲ ကိုယ်တို့တွေ ရင်းနှီးကြတာလည်း နောက်မကျပါဘူး"
ကိုယ်ခံပညာမှာပဲဖြစ်ဖြစ် ခွန်အားမှာပဲဖြစ်ဖြစ် ဘယ်အရာကမှ သူမကို မယှဉ်နိုင်ပါဘူး။
ဒီလို ဇနီးတစ်ယောက်မျိုးနဲ့ လက်ထပ်မယ်ဆိုရင် ယောက်ျားဖြစ်သူကပဲ ဒုက္ခရောက်သွားလိမ့်မယ် !
ဒီအခိုက်အတန့်တွင် နောက်ထပ် ခြေလှမ်းသံများကလည်း အဝေးမှနေ၍ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
...
နှစ်ပေါင်းများစွာ သိုင်းပညာလေ့ကျင့်ထားသူ၏ ခြေလှမ်းများသည် သာမန်သူများ၏ ခြေလှမ်းများထက် အများကြီး ပေါ့ပါးလေသည်။ ပုံမှန်ဆိုလျှင်တော့ သတိပြုမိရန်မလွယ်ကူချေ။ သို့သော်ငြား ဤခြေသံများသည် လျင်မြန်ပြီး အနည်းငယ် လေးလံလို့နေ၏။ ရောက်လာသူ၏ စိတ်အစဉ်သည် ရှုပ်ထွေးနေကာ မိမိ၏ခြေသံကို ဖုံးကွယ်ထားရန် စိတ်မဝင်စားကြောင်း သိသာသည်။
လုမင်ယွိသည် ဤခြေသံကိုအလွန် ရင်းနှီးလို့နေ၏။
ဒုတိယမင်းသားသည်လည်း အလားတူ ရင်းနှီးလို့နေသည်။ နှစ်ဦးသားက အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် တပြိုင်တည်း လှမ်းကြည့်လိုက်ကြ၏။
ရောက်လာသူမှာ တံခါးမခေါက်ဘဲ ဒီအတိုင်းတံခါးကို တွန်းဖွင့်ကာ လျှောက်ဝင်လာတော့သည်။
အမှန်ပင် လီဟောက် ဖြစ်နေလေသည်။
လီဟောက်သည် ဘေးအခန်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသောအခါ သူ၏ချောမောခန့်ညားသည့် မျက်နှာမှာ ရုတ်တရက်ဆိုသလို မည်းမှောင်သွားပြီး သူ၏မျက်ဝန်းနက်နက် ထဲတွင်လည်း ဒေါသများ တောက်လောင်လာတော့၏။ သူသည် မြန်မြန်ဆန်ဆန် လျှောက်လာခဲ့ပြီး ဒုတိယမင်းသား၏ဘေးတွင် ရပ်လိုက်တော့သည်။ သူ့အသံကတော့ တောင့်တင်းအေးစက် လို့နေ၏။ "အာ့ကောနဲ့ ရှောင်ယွိတို့က ဒီမှာ ဘာတွေပြောနေကြတာလဲ မသိဘူးနော်"
သူသည် သူ့ဇနီးနှင့် သူစိမ်းယောက်ျား တစ်ယောက်က နှစ်ယောက်ကြားတစ်ဦး တိတ်တဆိတ် ချိန်းတွေ့နေသည်ကို မိသွားသည့်အလား မနာလိုဒေါသစိတ်များ တောက်လောင်နေသည့် ခင်ပွန်းတစ်ယောက်လို ဖြစ်နေတော့သည်။
ဒုတိယမင်းသားက ဘာမှမပြောရသေးခင်မှာပင် လုမင်ယွိက အရင်ဆုံးထုတ်ပြောလိုက်၏။ "ကျွန်မ အရှင်မင်းသားနဲ့ ပြောတဲ့စကားက ရှင်နဲ့ ဘာမှမဆိုင်ပါဘူး !"
ဖိနှိပ်ခံထားရသည့် ဒေါသများအားလုံးမှာ လီဟောက်ပေါ်သို့ တိုက်ရိုက်ကျရောက် သွားတော့သည်။
လီဟောက်သည် ရောက်လာသည်နှင့်ချက်ချင်း လုမင်ယွိသည် ဒုတိယမင်းသားက ထိုမျှလောက်မုန်းစရာ မကောင်းတော့လေဘူးဟု ခံစားလိုက်ရ၏။
ဒုတိယမင်းသား ပြောခဲ့သည့်တစ်ချက်ကလည်း မှန်ကန်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမသည် လမ်းဟောင်းကို ဘယ်တော့မှ ပြန်လျှောက်လိမ့်မည် မဟုတ်သလို အမှားတစ်ခုထဲကိုလည်း ထပ်မံကျူးလွန်လိမ့်မည် မဟုတ်ပေ။
လီဟောက်က သူ၏ပါးလွှာသည့် နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ကာ သူ့အသံကလည်း ထိန်းချုပ်ထားရတော့၏။ "ရှောင်ယွိ မင်း ဘာဖြစ်လို့ငါ့ ကို စိတ်ကောက်နေတယ်ဆိုတာကို မသိဘူး။ မင်းနဲ့ငါတို့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက တွေ့ခဲ့ကြတာ။ မင်းလည်း ငါ မင်းအပေါ် ထားတဲ့ခံစားချက်ကို အမြဲတမ်း နားလည်လာခဲ့ပြီးသားပဲ။ မင်းရဲ့ရင်ထဲမှာလည်း ငါတစ်ယောက်တည်းပဲ ရှိခဲ့တာပါ"
"ငါက ငါတို့ကို မင်္ဂလာပွဲအပ်နှင်းပေးဖို့အတွက် ဖုဟွမ်ကို တောင်းဆိုထားခဲ့တယ်။ ဖုဟွမ်ကလည်း ရှင်းယန်ဝမ်ကို ကိုယ်တိုင် မေးမြန်းခဲ့တယ်။ ရှင်းယန်ဝမ်က မင်းအတွက် အိမ်ပါသားမက် တစ်ယောက် လိုချင်တယ်လို့ ပြောလာခဲ့တယ်"
"မင်း ငါ့ကို ဒေါသထွက် နေတယ်ဆိုရင်တောင် တစ်သက်တာ အရေးကိစ္စကို နောက်ပြောင်လို့ မရဘူးလေ"
ခဏလောက် ရပ်တန့်လိုက်ပြီးမှ သူသည် သူ့လေသံကို ပျော့ပျောင်းထားလိုက်တော့သည်။ "ငါ နန်းတော်ထဲမှာနေပြီး ဒဏ်ရာကို ကုသနေရလို့ မင်းကိုတွေ့ဖို့ နန်းပြင်ကိုထွက်လာလို့ မရနိုင်ခဲ့ဘူး။ ဒီနေ့ မင်းနန်းတော်ထဲ ဝင်လာတယ်လို့ ရုတ်တရက် ကြားလိုက်ရတော့ ငါ အရမ်းကို ဝမ်းသာသွားပြီး မင်းကိုတွေ့ဖို့ အထူးတလည်ရောက်လာခဲ့တာ"
"ရှောင်ယွိ အာ့ကောက မင်းနဲ့ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ သူ မင်းကိုလက်ထပ်ခွင့် တောင်းတယ်ဆိုတာကလည်း ဒီအတိုင်း ရှင်းယန်စစ်တပ်ကို စိတ်ဝင်စားပြီး ကိုယ့်အတွက်ကိုယ် သိမ်းသွင်းချင်လို့ပါ။ သူ့စကားလုံးတွေက ဘယ်လောက်ပဲ ချိုသာနေပါစေ အဲဒီစကားကို အလွယ်တကူ ယုံလို့မရဘူး ..."
"ရယ်စရာ ကောင်းလိုက်တာ" ဒုတိယမင်းသားသည် ပါးစပ်ကိုဖွင့်ကာ လီဟောက်၏ စကားကို ဖြတ်ပြောလိုက်တော့သည်။ "ငါက စိတ်ရင်းအမှန်နဲ့ ချစ်ခင်တာ မဟုတ်ဘူးလို့ မင်းက ဘယ်လိုလုပ်ပြီး တတ်အပ်ပြောနိုင်တာလဲ"
...