အကြွေး...၂
Vol. 4 Ch. 53
လီဟောက်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ဒုတိယမင်းသားကို ကြည့်လိုက်၏။ "အာ့ကော မင်း ဒီလိုလုပ်နေမယ်ဆိုရင် ဒါက မိန်းကလေးမိသားစုကို လိမ်ညာနေတာသက်သက်ပဲ။ မင်း ရှောင်ယွိကို တခါမှမမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ အချစ်စစ်ဆိုတာ ရှိနိုင်မှာလဲ"
ဒုတိယမင်းသားက နှုတ်ခမ်းထောင့်ကို အသာအယာ ကွေးတင်ထားလိုက်ကာ သူ၏မျက်လုံးထဲတွင်လည်း လှောင်ပြောင်သည့် အရိပ်အရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ "တကယ့် အချစ်စစ်ဆိုတာကို ထုတ်ပြောစရာ မလိုပါဘူး။ ခရီးရှည်မှ မြင်းကောင်းဆိုတာ သိနိုင်တာ။ အချိန်ကလဲ လူ့စိတ်ကို သိနိုင်လာပါတယ်။ အချစ်စစ်လား အချစ်တုလားဆိုတာကိုတော့ အချိန်တန်လာရင် အားလုံး သိလာလိမ့်မယ်"
လုမင်ယွိ "..."
ဒီစကားက သောက်ကျိုးနဲ ရင်နာစရာပါလား။
ညီအစ်ကိုနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး မီးပွားများကလဲ နေရာအနှံ့လွှင့်စင်သွားကြ၏။
ခမည်းတော်၏ကြိမ်လုံးဖြ င့်ရိုက်ခံရသည့် မှတ်ဉာဏ်မှာ အလွန်ပင် ထင်ရှားလွန်းလှသဖြင့် ညီအစ်ကိုနှစ်ဦးသည် အကြည့်များဖြင့် တစ်ချီတိုက်ခိုက်ပြီးနောက်တွင် နောက်ဆုံးတော့ ကိုယ့်ဟာကိုချုပ်တီးထားလိုက်ကြတော့သည်။
လီဟောက်က လုမင်ယွိကို တစ်ဖန်ကြည့်လိုက်ကာ သူ့မျက်လုံးများက ရိုးသားမှုအပြည့်ဖြစ်နေပြီး.အနည်းငယ် နှိမ့်ချတောင်းပန်နေသည့်ဟန်ပင် ပါဝင်နေလေသည်။ "ရှောင်ယွိ မင်း အဲလောက်စိတ်ဆိုးသွားရအောင် ငါ ဘာအမှားများ လုပ်မိလို့လဲ။ ငါ့ကို ပြောပါ။ ငါ အဲဒါကို သေချာပေါက် ပြင်ပါ့မယ်။ ကိုယ်တို့တွေ အရင်တုန်းကလို မဖြစ်နိုင်တော့ဘူးလား"
ဘယ်လိုပြင်မှာလဲ။
လုမင်ယွိ၏ မျက်လုံးများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အရောင်သည် ဖြတ်ပြေးသွားပြီး သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်တော့သည်။ "ကျွန်မ စူးကျောင်းရုံကို သဘောမကျဘူး။ မင်းသား၅ကို ပိုပြီးတော့တောင်မှ မုန်းတီးသေးတယ်။ ရှင်က ရှင့်ရဲ့အမေကို တစ်ယောက်တည်း ထားခဲ့နိုင်လို့လား"
လီဟောက် "..."
လီဟောက်သည် ထိုစကားကြောင့် ဆွံ့အသွားသည်အထိဖြစ်သွားပြီး သူ၏ရင်ထဲက ဒေါသသည်လည်း ဟုန်းခနဲ တောက်လောင်လာတော့သည်။
သူသည် မည်သို့များ မိခင်ဖြစ်သူနှင့်ညီအရင်းဖြစ်သူကို မလိုချင်ဘူး ပြောနိုင်ပါမည်နည်း။
ရှောင်ယွိ ဒီလိုပြောလိုက်တာတော့ တကယ်လွန်သွားပြီ။
ဒေါသထွက်ထွက်ဖြင့် လီဟောက်က ချက်ချင်းပင် ပြန်လည်တုံ့ပြန်လိုက်တော့သည်။ "တကယ်လို့ ငါက မင်းကို မင်းရဲ့အဖေနဲ့ အဆက်အသွယ်ဖြတ်ခိုင်းရင်ရော မင်းက လုပ်နိုင်မှာလား"
"လုံးဝ မလုပ်နိုင်ဘူး" လုမင်ယွိကလဲ ပြတ်ပြတ်သားသား ပြောလိုက်၏။ "ရှင်ကလဲ ရှင့်ရဲ့မိခင်နဲ့ညီလေးတို့ကို ဘယ်တော့မှ စွန့်ပစ်နိုင်မှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ကျွန်မတို့ ကြားမှာ ဘာမှဖြစ်လာစရာအကြောင်း မရှိဘူး"
လီဟောက် "..."
ဒါက ဘယ်လိုအတွေးအခေါ်မျိုးလဲ!
လီဟောက်သည် အလွန်ဒေါသထွက်သွားပြီး ရုတ်တရက် ရှေ့ကိုတိုးကာ လုမင်ယွိ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်တော့သည်။
သူ့လက်ချောင်းဖျားများက အင်္ကျီစကို ထိလိုက်သည်နှင့်ချက်ချင်း လုမင်ယွိကလဲ လက်ကို မြန်မြန်ဆုတ်လိုက်ကာ ခြေထောက်ကိုဆန့်ပြီး သူ့ကို လှမ်းကန်လိုက်လေသည်။
လီဟောက်မှာ သတိလက်လွတ်ဖြစ်သွားပြီး ကန်ကျောက်ခံလိုက်ရတော့၏။ သူသည် နာနာကျင်ကျင် တစ်ချက်လောက် အော်ဟစ်လိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်သို့ ယိုင်သွားကာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားတော့သည်။
လုမင်ယွိ၏ ခွန်အားကလဲ အံ့အားသင့်စရာပင်။ သူမသာ အားကုန်သုံးလိုက်မည်ဆိုလျှင် လီဟောက်၏ ညာဘက်ခြေထောက်ကို ထိုကန်ခြေလေးတစ်ခုဖြင့် ကျိုးသွားစေနိုင်လေသည်။ သူမသည် အားတစ်ချို့ကို ထိန်းထားခဲ့သည့်တိုင် လီဟောက်ကတော့ အလွန်မှနာကျင်သွားပြီး ချွေးစေးများပင် ထွက်လာကာ လုံးဝပြန်မထလာနိုင်တော့ချေ။
လုမင်ယွိကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး သနားကြင်နာခြင်း နှမြောတသခြင်း လုံးဝမရှိတော့ဘဲ သူ၏မျက်လုံးထဲတွင် အေးစက်စက် သရော်နေသည့် အရိပ်အယောင်များသာ ကျန်ရစ်တော့သည်။ "လီဟောက် ကျွန်မ ရှင့်ကို ပြောခဲ့ပြီးပြီ။ နောက်ဆိုရင် ကျွန်မကို ထပ်လာမတွေ့နဲ့တော့။ အဲလိုမှမဟုတ်ရင် ကျွန်မ ရှင့်ကို တွေ့တဲ့အချိန်တိုင်း ရိုက်နှက်မိလိမ့်မယ်"
ဒုတိယမင်းသား "..."
အနာဂတ်သည် စိုးရိမ်စရာကောင်းပါလားဟု ရုတ်တရက် ခံစားလိုက်ရတော့၏။
လုမင်ယွိက ကိုယ်ကိုလှည့်ကာ ဒုတိယမင်းသားကို တစ်ဖန်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများကလဲ တောက်ပကာ ထက်ရှနေတော့သည်။ "လီကျင့် ကျေးဇူးပြုပြီးတော့ သေသေချာချာနားထောင်။ ရှင်နဲ့ကျွန်မကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပြောပိုင်ခွင့် မရှိဘူး။ ကျွန်မ ရှင့်ကို လက်ထပ်ချင်သလား လက်မထပ်ချင်ဘူးလားဆိုတာကိုတော့ သေသေချာချာလေး စဥ်းစားလိုက်အုံးမယ်"
"ကျွန်မ သေသေချာချာလေး စဥ်းစားလို့ပြီးသွားရင် ကိုယ့်ဟာကို ရှင့်ကိုလာတွေ့မယ်။ ကျွန်မ စဥ်းစားလို့မပြီးမချင်း ရှင်လဲ ကျွန်မရှေ့မှာ ပေါ်လာခွင့် မရှိဘူး"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် မည်သည့်အမူအရာမှမပြဘဲ ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားလေတော့သည်။
ဒုတိယမင်းသားကတော့ ဘာမှမပြောဘဲ ဘေးအခန်းက ထွက်ခွာသွားသည့် သူမ၏ပုံရိပ်လေးကိုသာ ငေးကြည့်လို့နေမိ၏။
...
လီဟောက်ကတော့ အင်္ကျီလက်ဖြင့် နဖူးပေါ်ကချွေး စေးများကိုသုတ်လိုက်ပြီး သူ့ဘေးကတိုင်လုံးကို အားပြုကာ ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။
ဒုတိယမင်းသားကလဲ ဟန်ဆောင်ပန်ဆောင်ဖြင့် ရှေ့သို့တိုးလာကာ တွဲထူပေးခြင်းမရှိဘဲ ထိုနေရာတွင်ရပ်ပြီး အေးစက်စက် စိုက်ကြည့်လို့နေသည်။
လီဟောက်သည် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးမှ လေးနက်သည့်လေသံတစ်ခုဖြင့် ပြောလိုက်တော့၏။ "အာ့ကော မင်းနဲ့ ရှောင်ယွိကြားမှာ ဘာဖြစ်သွားတာလဲ"
ဒုတိယမင်းသားကတော့ တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။ "ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ပါဘူး" ခဏအကြာမှ သူသည် ဆက်ပြောလာခဲ့သည်။ "သူ လက်ထပ်ဖို့ ခေါင်းညိမ့်လက်ခံတဲ့အချိန်ကြရင် ငါ သူ့ကို ချက်ချင်းလက်ထပ်မှာ။ အချိန်တန်လာရင် မင်းပဲ မင်းရဲ့အခေါ်အဝေါ်ကို ပြောင်းပြီးတော့ အာ့စောင် (ဒုတိယမရီး)လို့ ခေါ်ရလိမ့်မယ်"
"နန်းတော်ထဲမှာ လူအများကြီးရှိတော့ ကောလဟာလတွေ ထွက်လာနိုင်တယ်။ အငြင်းပွားစရာ ဖြစ်လာနိုင်ဆုံးပဲ။ မင်းက သံသယတွေကို ရှောင်ရှားသင့်ပြီး ရှောင်ယွိကို အမြဲတမ်း အော်ဟစ်နေတာမျိုး မလုပ်နဲ့။ ဒါက လူတွေ အထင်လွဲမှာကိုလဲ ရှောင်ရှားသင့်တယ်"
လီဟောက် "..."
လီဟောက်သည် မျက်လုံးထဲတွင် ဒေါသမီးများဖြင့် ဒုတိယမင်းသားကို စိုက်ကြည့်လို့နေသည်။
ဒုတိယမင်းသားကတော့ တည်တည်ငြိမ်ငြိမ် ပြန်ပြီးစိုက်ကြည့်လိုက်၏။
အချိန်အတော်ကြာသွားမှ လီဟောက်သည် လေးနက်သည့် လေသံတစ်ခုဖြင့် ပြောလာခဲ့သည်။ "အခုက အဆုံးသတ် မဟုတ်သေးပါဘူး။ အာ့ကော စကားအများကြီး မပြောတာ ပိုကောင်းမယ်"
ဒုတိယမင်းသားက လီဟောက်၏ညာဘက်ခြေထောက်ကို လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ထောက်ပြနေသည့်ဟန်ဖြင့် ပြောလိုက်သည်။ "သူ့ရဲ့သဘောထားက တော်တော်လေးကို ရှင်းလင်းနေပါပြီ။ တစ်ခါတွေ့ရင် တစ်ခါရိုက်မယ်ဆိုတော့ လူတစ်ယောက်ကို ဘယ်လောက်တောင် မုန်းတီးနေလို့လဲ"
လီဟောက်သည် သူ၏အားနည်းချက်ကို ထိုးနှက်ခံလိုက်ရသဖြင့် မျက်လုံးအိမ်များက ကျုံ့ဝင်သွားကာ လုံးဝအလျှော့မပေးနိုင်အောင် ဖြစ်သွားတော့သည်။ "မင်း သူ့ကို ကောင်းကောင်းနားမလည်သေးပါဘူး။ သူက ဒေါသကြီးတယ် ဖြောင့်မတ်တဲ့ ပင်ကိုယ်စရိုက်ရှိတယ်။ သူ့ကို ဂရုစိုက်ပေးလေလေ အဲဒါကိုပိုပြီးတော့ သိသာအောင်ပြလေလေပဲ။ တကယ်လို့ သူက တစ်စုံတစ်ယောက်ပေါ်မှာ အေးစက်ပြီး ယဥ်ကျေးနေတယ်ဆိုရင်တော့ သူက ဒီလူကို အလေးအနက် မထားဘူးဆိုတာ ပြနေတာပဲ။ အချစ်ကြီးတော့ အမျက်ကြီးတယ်။ ဒီစကားကလဲ အမှန်ပဲ။ အာ့ကောကလဲ နောက်ပိုင်းကျရင် နားလည်လာပါလိမ့်မယ်"
ဒုတိယမင်းသားက နှုတ်ခမ်းထောင့်ကို အသာအယာ ကွေးတင်ထားလိုက်ကာ အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်လေသည်။ "မင်းလဲ နောက်ဆိုရင် တစ်ချို့ကိစ္စတွေကို နားလည်လာမှာပါ"
စူးကျောင်းရုံ နဲ့လီချန်တို့သားအမိရှိနေတာ လုမင်ယွိက မင်းကို ဘယ်လိုလုပ်ပြီးတော့ ထပ်ပြီးလက်ထပ်နိုင်မှာလဲ။
ဒါ့အပြင် လီဟောက်ကလဲ အရင်ဘဝမှာ သူ့ကို သစ္စာဖောက်ခဲ့ဖူးတယ်။
သူက ဒီလောက်မာနကြီးတဲ့မိန်းမတစ်ယောက်ပဲ။
လူတစ်ယောက်ကို ချစ်မိပြီဆိုရင် စိတ်ရောကိုယ်ပါ နစ်မြှုပ်ပြီး သူ့အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိတယ်။ သူ့ရဲ့စိတ်ရင်းအမှန် သစ္စာဖောက်ခံလိုက်ရတဲ့အချိန်မှာ ဘယ်လောက်ပဲ နာကျင်နေပါစေ ဓားတစ်ချောင်းနဲ့ ဒီအချစ်ကြိုးကို ဖြတ်တောက်ပစ်ပြီး ဘယ်တော့မှ ပြန်လှည့်ကြည့်မှာ မဟုတ်ဘူး။
လီဟောက် ငါက မင်းနဲ့ တိုက်ခိုက်စရာတောင် မလိုဘူး။
ဘာဖြစ်လို့လဲဆိုတော့ မင်းက ရှုံးနှင့်ပြီးသားပဲလေ။
လီဟောက်သည် ဘာမှမပြောတော့ဘဲ ကိုယ်ကိုလှည့်ကာ ဖြည်းဖြည်းချင်း လျှောက်ကာထွက်သွားတော့သည်။
ညာဘက်ခြေထောက်တွင် ကန်ကျောက်ခံလိုက်ရသည့်နေရာမှာ အလွန်နာကျင်နေဆဲဖြစ်ကာ အားပင်စိုက်၍ မရနိူင်ချေ။ သူသည် ဒုတိယမင်းသားရှေ့တွင် မပြသလိုသောကြောင့် အလွန်နှေးကွေးစွာ လမ်းလျှောက်လာခဲ့တော့သည်။
ဒုတိယမင်းသားကတော့ ဘေးခန်းထဲတွင် အချိန်အကြာကြီး ရပ်နေမိသည်။ သူဘာ စဥ်းစားနေသည်ကို မသိသော်ငြားလည်း နူးညံ့သည့် လှိုင်းကယက်လေးတစ်ခုသည် သူ၏မျက်ဝန်းနက်နက်ထဲတွင် ပေါ်ထွက်လာခဲ့၏။
...
စိတ်ရှုပ်ထွေးနေသည့် လုမင်ယွိမှာ ဘေးနန်းဆောင်မှနေ၍ မြန်မြန်လျှောက်ကာ ထွက်လာခဲ့တော့သည်။ သူမ၏ဦးနှောက်သည် ရှုပ်ထွေးနေသည့် အမှိုက်တစ်ပုံလို တဝီဝီမြည်နေတော့၏။ ကြီးမားလှသည့် ကျောက်ခဲစိုင်ကြီးတစ်ခုဖြင့် ဖိနှိပ်ခံထားရသလို ပြောပြလို့မတတ်သည့် မွန်းကြပ်မှုကြီးကို ခံစားနေရတော့သည်။
ယခုအချိန်တွင် သူမသည် မည်သူ့ကိုမှ မတွေ့ချင်ဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နေချင်ကာ သူမ၏အတွေးများကို သေချာလေး ရှင်းလင်းလိုသည်။
သို့သော်ငြား နန်းတော်ထဲတွင်ရှိနေသည့်အချိန်တွင်တော့ မိမိ၏ဆန္ဒအတိုင်းမဖြစ်နိုင်ပေ။
ချိုင်လန်သည် အပြင်ဘက်တွင် အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့၏။ သူမသည် လုမင်ယွိ ထွက်လာသည်ကို မြင်လိုက်ရသောအခါ အပြုံးဖြင့် ချက်ချင်းဆိုသလို သူမကို လာနှုတ်ဆက်လိုက်သည်။ "စတုတ္ထသခင်မလေးလု မိဖုရားခေါင်မယ်မယ်က အမိန့်တော် ပါးလိုက်ပါတယ်။ စတုတ္ထသခင်မလေးလုကို ပင်မနန်းဆောင်မှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
လုမင်ယွိ၏ ခြေလှမ်းများသည် ရပ်တန့်သွားတော့သည်။
ချိုင်လန်သည် စိတ်ထဲတွင်လည်း တိတ်တိတ်လေး ရေရွတ်လိုက်လေသည်။ ဒုတိယမင်းသားက ဝင်သွားပြီးတဲ့နောက် စတုတ္ထသခင်မလေးလုနဲ့ ဘာတွေပြောခဲ့ကြတာလဲ မသိဘူး။ စတုတ္ထသခင်မလေးလုရဲ့ ဒေါသထွက်နေတဲ့မျက်နှာကိုကြည့်ပါအုံး။ တော်တော်လေး စိတ်ဆိုးနေတဲ့ပုံပဲ။
ချိုင်လန်သည် ခဏလောက် စောင့်ဆိုင်းနေခဲ့သော်ငြားလည်း လုမင်ယွိက ခြေလှမ်းလှမ်းလာသည်ကို မမြင်ရသောအခါ သူမ၏စကားလုံးကို ထပ်ပြီးပြောလိုက်တော့သည်။"မယ်မယ်မိဖုရားခေါင်က စောင့်ဆိုင်းနေတာ အတော်ကြာပါပြီ။ စတုတ္ထသခင်မလေး ကျေးဇူးပြုပြီးတော့ လိုက်ခဲ့ပေးပါ"
လုမင်ယွိသည် သူမ၏ ဖရိုဖရဲဖြစ်နေသည့်စိတ်များကို ဖိနှိပ်ထားလိုက်ပြီး အသာအယာ ခေါင်းညိမ့်ပြလိုက်ကာ " ကောင်းပြီလေ။ ရှေ့ကနေ လမ်းပြပေးပါ"
ချိုင်လန်ကလဲ ပြုံးကာလက်ခံလိုက်ပြီး ရှေ့မှဦးဆောင်သွားလိုက်တော့၏။
လုမင်ယွိသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး နောက်မှနေ၍ အလျင်မလိုဘဲ လိုက်ပါလာခဲ့သည်။
သူမသည် ချောင်မိဖုရားခေါင်နှင့် အရင်ဘဝက အကြိမ်ပေါင်းမနည်း ဆက်ဆံခဲ့ဖူးလေသည်။ သို့သော်ငြား သူမ၏အရင်ဘဝတွင် သူမသည် "ယောက္ခမ" ဘက်တွင် ရပ်တည်ခဲ့ပြီး ချောင်မိဖုရားခေါင်နှင့် တိုက်ပွဲပေါင်းများစွာဖြစ်ခဲ့ရသည်။ ဒုတိယမင်းသား ဆုံးပါးသွားပြီးနောက်တွင် ချောင်မိဖုရားခေါင်သည်လည်း အပြင်းအထန် နာမကျန်းဖြစ်သွားခဲ့၏။ လီဟောက် နန်းတက်ပြီး သိပ်မကြာခင်မှာပင် ချောင်မိဖုရားခေါင်ကလဲ ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။
ဟုတ်ပါသည်။ မယ်တော်ကြီးစူး၏ အမျိုးမျိုးသော ရှက်ရွံ့စရာနည်းလမ်းများကလဲ ထိုအခြေအနေများထဲတွင် မပါမဖြစ်ပင်။
သူမသည် ပင်ကိုယ်စရိုက်အားဖြင့်ပွင့်လင်းပြီး မည်းနက်ကောက်ကျစ်မှုများ မရှိချေ။ မယ်တော်ကြီးစူးနှင့်လည်း အကြိမ်ပေါင်းများစွာ အငြင်းပွားခဲ့ရသည်။ မယ်တော်ကြီးစူးက သူမ၏ချွေးမဖြစ်သူမှာ ထိန်းချုပ်ရခက်ခဲလွန်းသည်ဟု ခံစားမိသဖြင့် အကြံကောင်းတစ်ခုကို မြန်မြန်ထုတ်ကာ သူမ၏တူမဖြစ်သူကို နန်းတွင်းသို့ခေါ်သွင်းခဲ့သည်...
အကြောင်းအရာဟောင်းများဖြစ်နေသဖြင့် မစဥ်းစားသည်ကပင် ပိုပြီးကောင်းပေမည်။
လုမင်ယွိသည် သူမ၏ ရှုပ်ထွေးနေသည့်အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ပင်မနန်းဆောင်ထဲသို့ လှမ်းဝင်လာကာ သူမ၏အဝတ်အစားများကိုလည်း သပ်သပ်ရပ်ရပ်လေး ပြင်ဆင်လိုက်ပြီးနောက် အရိုအသေပြုလိုက်တော့၏။ "မိဖုရားခေါင် မယ်မယ်ကို ဂါရဝပြုပါတယ်"
ကြက်သွေးနီရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အိန္ဒြေသိက္ခာအပြည့် တည်ကြည်လှပလှသည့် ချောင်မိဖုရားခါင်သည် ကိုယ်တိုင်ကိုယ်ကျ လျှောက်လာပြီး လုမင်ယွိကို တွဲထူပေးလိုက်၏။ "မြန်မြန်ထပါ။ အရိုအသေပေးစရာ မလိုပါဘူး"
...