ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 4 Ch. 54
နန်းတွင်းစားသောက်ပွဲနေ့တွင် သူမသည် မိမိ၏ခွန်အားကို တမင်တကာ ထုတ်ပြခဲ့ပြီး စူးကျောင်းရုံကို ထိန်လန့်စေခဲ့သလို ချောင်မိဖုရားခေါင်ကိုလည်း အမျက်ထွက်စေခဲ့သည်။
သူမသည် ချောင်မိဖုရားခေါင်ကို မနှစ်သက်ချေ။ စဥ်းစားကြည့်လိုက်ရုံဖြင့်ပင် ချောင်မိဖုရားခေါင်က သူမကို ပိုပြီးမမြင်ချင်မှာကိုလဲ သိနိုင်လေသည်။
ထို့ကြောင့် ဒီတစ်ကြိမ် နန်းဆောင်သို့ဝင်လာချိန်တွင် သူမကို အခက်တွေ့ရအောင်ဖြစ်စေမည့် အရာများအတွက် ကြိုတင်ပြင်ဆင်လာခဲ့ပြီးဖြစ်၏။ သို့သော်ငြား ဒုတိယမင်းသားက သူမကို ကြီးမားလှသည့် (အံ့အားသင့်စရာ) လက်ဆောင် တစ်ခုကို ပေးလာလိမ့်မည်ဟုတော့ မျှော်လင့်မထားမိခဲ့ချေ။
ချောင်မိဖုရားခေါင်၏ ရုတ်တရက် သဘောထားပြောင်းလဲသွားခြင်းသည် ဒုတိယမင်းသားနှင့် သေချာပေါက် ပတ်သက်နေပေလိမ့်မည်။
လုမင်ယွိသည် စိတ်ထဲတွင်ရှုပ်ထွေးသွားပြီး အလိုက်သင့် မတ်တပ်ရပ်လိုက်၏။
သူမသည် ကလေးဘဝကတည်းက သိုင်းပညာကို သင်ကြားလာခဲ့ပြီး သူမ၏မျက်နှာပေါ်တွင်လည်း ထက်မြက်ရဲရင့်လှသည့် ပုံရိပ်လေးတစ်ခု ရှိနေလေသည်။ ထရပ်လိုက်သည်တွင် သူမသည် တည်ငြိမ်ပြီးရင်း တည်ငြိမ်နေကာ ထူးခြားသည့် အိန္ဒြေတစ်ခု ပြသနေလေ၏။ နူးညံသိမ်မွေ့သည့်ချောင်ဝမ်နှင့် လုံးဝကို ကွဲပြားခြားနားလို့နေသည်။ ချောင်မိဖုရားခေါင်သည် လုမင်ယွိကို သေသေချာချာလေး အကဲခတ်ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
သူမရဲ့သားဖြစ်သူက ဒီလိုမိန်းကလေးမျိုးကို သဘောကျလိမ့်မယ်လို့ လုံးဝထင်မထားခဲ့မိဘူး။
ထားလိုက်ပါလေ။ လုမိသားစုမှာလည်း လုမိသားစုရဲ့ အားသာချက်တွေရှိတာပဲ။ လုမင်ယွိက နည်းနည်းလေး ရိုင်းပြတယ်ဆိုပေမဲ့ နောက်တစ်ဆင့် လက်ထပ်ဝင်လာတဲ့အခါ ဖြည်းဖြည်းချင်း သင်ကြားလိုက်ရင်ဖြစ်တာပါပဲ။
သားဖြစ်သူကို မလွန်ဆန်နိုင်သည့် ချောင်မိဖုရားခေါင်မှာ သူမ၏စိတ်ထဲတွင် ကိုယ့်ဟာကို အကြိမ်ကြိမ်အခါခါ နှစ်သိမ့်လိုက်ပြီးနောက် ကြင်နာပြီး ရင်းနှီးဖော်ရွေသည့်အပြုံးတစ်ခုကို အားတင်းကာ ထုတ်လိုက်ရလေသည်။ "မတွေ့ရတာ ရက်လေးနည်းနည်းလေးပဲ ရှိပါသေးတယ်။ စတုတ္ထသခင်မလေးရဲ့ပုံစံက နန်းတွင်းစားသောက်ပွဲမှာတုန်းကထက် အများကြီးပိုပြီးလှလာတာပဲ"
အနာဂတ် ချွေးမလောင်းလေးတစ်ယောက် ဖြစ်မည်ဆိုပါက ဒီတစ်ကြိမ်တွင် ရှက်ရွံ့ပြီးနှိမ့်ချသည့် မိမိပုံစံကို ပြသလိမ့်မည်ဖြစ်ကာ တစ်ချိန်တည်းတွင်လည်း အနာဂတ်ယောက္ခမလောင်းနှင့် လေးစားပြီးရင်းနှီးမှုကို ပြသလာပေလိမ့်မည်။ နှမျောစရာကောင်းသည်က လုမင်ယွိသည် သမရိုးကျနည်းလမ်းအတိုင်း မည်သည့်အခါမှ မကျင့်သုံးခဲ့ချေ။
လုမင်ယွိက မျက်လုံးကိုပင့်ကာ ချောင်မိဖုရားခေါင်ကို ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။ "မယ်မယ်က ထက်မြက်တဲ့မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျွန်တော်မျိုးမရဲ့ စိတ်နေသဘောထားကို ပြောနိုင်ပါတယ်"
"ကျွန်တော်မျိုးမက ကလေးဘဝကတည်းက မိခင်အရင်း ဆုံးရှုံးခဲ့ရတယ်။ အဖေရဲ့အလိုလိုက်ခြင်းခံရပြီးတော့ ရိုင်းစိုင်းကြမ်းတမ်းတတ်တယ်။ မြင်းစီး၊ မြှားပစ်၊ ဓားရေးလှံရေး လေ့ကျင့်ရတာကို သဘောကျတယ်။ တေးဂီတတွေ၊ စစ်တုရင်ထိုးတာတွေ၊ လက်ရေးလှ လေ့ကျင့်တာတွေနဲ့ ပန်းချီဆွဲတာတွေကို စိတ်မဝင်စားပါဘူး။ ဒေါသထွက်လာတဲ့အချိန်ကျရင်လည်း ဘယ်သူကမှ ကျွန်မကို လာမဆွဲနိုင်ကြဘူး။ မယ်မယ့်ကို အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်မရဲ့မိသားစုထဲက မွေးစားအစ်ကိုနဲ့ အစ်မတွေကလဲ ကျွန်မအတွက် ပြိုင်ဘက်မဟုတ်ကြဘူး။ သိုင်းလေ့ကျင့်ကွင်းထဲကို ရောက်သွားရင် ကျွန်မရိုက်လို့ ကွင်းထဲမှာပတ်ပြီး ပြေးနေကြရတာတွေပဲ"
"ကျွန်မရဲ့ ဒီစိတ်နေစိတ်ထားကြောင့် အဖေကလဲ ကျွန်မကို လက်ထပ်ပြီးပို့လိုက်ရမှာ မလုပ်ရက်ဖြစ်နေတာ။ ဒါကြောင့်ပဲ သူက ကျွန်တော်မျိုးမအတွက် အိမ်ပါသားမက်တစ်ယောက် ခေါ်ယူပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်မျိုးမရဲ့အဖေကလဲ ဒီကိစ္စကို အရှင်မင်းကြီးထံကို လျှောက်ထားပြီးသားပါ"
ချောင်မိဖုရားခေါင် "..."
ချောင်မိဖုရားခေါင်သည် မည်မျှပင်တည်ငြိမ်သူဖြစ်စေကာမူ ဒီတစ်ကြိမ်တွင်တော့ မျက်နှာကို မထိန်းနိုင်တော့လောက်အောင်ဖြစ်သွားတော့သည်။
လုမင်ယွိပြောလိုက်သည့် ဒီစကားများမှာ အဓိပ္ပါယ်က ရှင်းလင်းလို့နေ၏။ ကျွန်မ ဒုတိယမင်းသားရဲ့ ကြင်ယာတော်လုပ်ဖို့ စိတ်ကူးမရှိဘူး။ ဒုတိယမင်းသားကိုလည်း နောက်ပိုင်းကျရင် ကျွန်မနဲ့ လာမပတ်သက်ဖို့ တောင်းဆိုတာပါ။ ဂုဏ်သိက္ခာကြီးမားလှတဲ့ မိဖုရားခေါင်မယ်မယ်ကလဲ ကိုယ့်ဟာကိုနှိမ့်ချပြီး အိမ်ပါသားမက်နဲ့ လက်ထပ်ဖို့ စောင့်ဆိုင်းနေတဲ့မိန်းကလေးတစ်ယောက်အပေါ် ကြင်နာစရာ မလိုအပ်ပါဘူး။
အေးစက်ကာ အထိန်းအကွပ်မဲ့လှသည့် လုမင်ယွိကို မြင်လိုက်ရချိန်တွင် ချောင်မိဖုရားသည် ရင်ထဲ၌ အလွန်ပင် မွန်းကြပ်သွားလေတော့သည်။
ငါ့ရဲ့သားတော်ကို မလွန်ဆန်နိုင်လို့သာပေါ့။ မဟုတ်ရင် ဒီလိုချွေးမမျိုးကို လိုချင်တယ်လို့များ ထင်နေသလား။
ချောင်မိဖုရားခေါင်သည် နှစ်ပေါင်းများစွာ တော်ဝင်မျိုးနွယ်မိသားစု၏ ဇနီးတစ်ယောက်ဖြစ်လာခဲ့ပြီး ဇာမဏီပလ္လင်ပေါ်တွင်လည်း နှစ်ပေါင်းများစွာ ထိုင်လာခဲ့သူဖြစ်သည်။ သူမသည် သဘောထားကြီးပြီး စိတ်နေစိတ်ထား ကောင်းမွန်သူတစ်ယောက်လည်းဖြစ်၏။ လုမင်ယွိကြောင့် ဒေါသထွက်ရကာ မီးခိုးများထွက်လုမတတ် ဖြစ်နေသော်ငြားလည်း သူမသည် အိန္ဒြေရရ ကြင်နာသည့်အပြုံးတစ်ခုကို ထိန်းသိမ်းထားနိုင်ဆဲပင်။ "မိန်းမတစ်ယောက်အနေနဲ့ နည်းနည်းလေးတော့ ထိန်းချုပ်ထားသင့်တာပေါ့။ လက်ထပ်ပြီး အိမ်ပြောင်းတာတို့ အိမ်ပါသားမက် ရှာတယ်ဆိုတာတို့ကို ပါးစပ်ပေါ်မှာ မထားသင့်ပါဘူး"
လုမင်ယွိသည် သူမ၏နှုတ်ခမ်းထောင့်ကို ပင့်တင်ထားလိုက်ကာ ပြုံးလိုက်တော့သည်။ "မယ်မယ် ကျွန်တော်မျိုးမက အိန္ဒြေသိက္ခာရှိပြီး တည်ကြည်လှပလှတဲ့ သခင်မလေးတွေကို အများကြီး တွေ့ဖူးပါတယ်။ မယ်မယ်က ကျွန်တော်မျိုးမလို ကြမ်းတမ်းမာကျောတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မြင်နေကျမဟုတ်မှာ စိုးရိမ်မိပါတယ်"
တကယ့်ကို စစ်သူကြီးမျိုးနွယ်ရဲ့ကျားမလေးပဲ။
သည်စကားလုံးသည် လုမင်ယွိနှင့် အမှန်ပင် သင့်တော်လှပေသည်။ တစ်ခြားအရာမဆိုထားနှင့် ဤသို့ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သည့် စိတ်နေစိတ်ထားကပင် တော်တော်လေးကို ရဲရင့်လှသည်။
လုမင်ယွိ၏ ကြောက်မက်ဖွယ်ရာကောင်းသည့် ခွန်အားကို စဥ်းစားမိသည်တွင် ချောင်မိဖုရားခေါင်၏ဦးခေါင်းမှာ အနည်းငယ် ထိုးကိုက်လာတော့သည်။
"ပန်ကုံးလဲ တကယ့်ကို အသားမကျသေးပါဘူး"
ချောင်မိဖုရားခေါင်သည် ရယ်မောနိုင်ဆဲဖြစ်ကာ အမှန်ပင် လေးစားဖွယ်ကောင်းလှတော့သည်။ "ဒါပေမဲ့ ဒီကိစ္စကို သေသေချာချာလေး စဥ်းစားကြည့်မယ်ဆိုရင်လည်း ဒီလိုပွင့်လင်းရိုးသားတဲ့ စိတ်နေသဘောထားက အရမ်းကောင်းပါတယ်။ လိမ်ကောက်လှည့်ဖျားတာတွေမရှိဘဲ အရမ်းကို ချောမွေ့လွန်းတယ်"
လုမင်ယွိ "..."
သူမ ဒုတိယမင်းသားကို တကယ်လျှော့တွက်ခဲ့မိတာပဲ။
ဒုတိယမင်းသားက နောက်ကွယ်မှာ ဘယ်လောက်တောင် ကြိုးစားအားထုတ်ထားလဲ မသိဘူး။ ချောင်မိဖုရားခေါင်ကိုတောင် စည်းရုံးပြီး သူ့ကိုယ်စား စိတ်ရင်းကို ဖော်ပြခိုင်းသတဲ့လား။
ဒုတိယမင်းသား၏ မုန်းတီးဖွယ်ရာ ကြွေးရှင်မျက်နှာကို စဥ်းစားမိသည်တွင် လုမင်ယွိသည် စိတ်ပျက်သွားလေတော့သည်။
ချောင်မိဖုရားခေါင်ရှေ့မှာ ဘာပဲပြောပြော အသုံးမဝင်တော့ပါဘူး။ သူမက ဒုတိယမင်းသားကို ဖျောင်းဖျနိုင်တာ မဟုတ်ဘူးဆိုရင် ဒီကိစ္စကလဲ အဆုံးသတ်သွားမှာ မဟုတ်ဘူး။
ချောင်မိဖုရားခေါင်က တစ်ဖန်ဖွင့်ဟကာ ပြောလိုက်၏။ "ဒီတစ်ကြိမ် စစ်ချီရာမှာ ရှင်းယန်စစ်တပ်က ပထမတန်းစားဆွဲဆောင်မှုတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်။ ပန်ကုံးက နန်းတော်ထဲမှာနေပေမဲ့လည်း ရှင်းယန်ဝမ်ရဲ့ စစ်ရေးစွမ်းအင်မြင့်မားပုံ ကျော်ကြားတာတွေကိုလည်း ကြားသိထားပါတယ်။ လုအာ့လန် (လုအိမ်ရဲ့ဒုတိယသား)ကလဲ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတယ်လို့ နာမည်ကြီးတာပဲ။ ဒါနဲ့ ပန်ကုံး ကြားထားတာ ရှိသေးတယ်။ လုအာ့လန်နဲ့ ရှန်းမိသားစုက မိန်းကလေးကလဲ စေ့စပ်ထားတယ်ဆို အမှန်ပဲလား"
ချောင်မိဖုရားခေါင်သည် တရင်းတနှီး ညင်ညင်သာသာ စကားပြောဆိုနေပြီး လုမင်ယွိကလဲ ပြန်ဖြေနေရတော့သည်။ "ဟုတ်ကဲ့။ လုမိသားစုနဲ့ရှန်းမိသားစုတို့ ဇာတာတိုက်ပြီးပါပြီ။ ရက်အနည်းငယ်နေရင် စေ့စပ်လက်ဖွဲ့ ပို့ကြတော့မှာပါ"
"လုအာ့လန်က ဒီတစ်နှစ်ဆိုရင် ၁၈နှစ်ရှိပြီနော်။ မိသားစုတစ်ခု တည်ဆောက်ဖို့ တကယ်အချိန်ကောင်းပဲ။."ချောင်မိဖုရားခေါင်သည် ပြက်ဆင်ပြီးရောက်လာသည်မှာ သိသာလေသည်။ သူမသည် လုဖေး၏အသက်ကိုပင် တိတိကျကျစုံစမ်းထားခဲ့သည်။
ထို့နောက်တွင်တော့ ချောင်မိဖုရားခေါင်သည် လုမင်ဖန်း၊ လုမင်ဟွားနှင့် တခြားသူများအကြောင်းကိုလည်း မေးမြန်းခဲ့၏။
လုမင်ယွိသည် စိတ်မကြည်မလင်ဖြစ်လာကာ ဝတ်ကျေတန်းကျေသာ "အင်း"၊ "သြော်"၊ "ဟုတ်လို့လား"နှင့် "ဟင်း ဟင်း"ဟူ၍သာ ပြန်လည်ဖြေကြားတော့သည်။
ချောင်မိဖုရားခေါင် "..."
သိပ်မကြာခင်တွင် စကားစသည် ပြတ်တောက်သွားလေတော့သည်။
မျက်လုံးအပြူးသားဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေရသည်မှာလည်း အဆင်မပြေလှချေ။
မူလက လုမင်ယွိကို နေ့လယ်စာအတွက် ခေါ်ထားဖို့ရန် ရည်ရွယ်ထားသည့် ချောင်မိဖုရားခေါင်မှာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ချေ။ အသာအယာ ချောင်းဟန့်လိုက်ပြီး လုမင်ယွိကို အကောင်းစား ပိုးထည်လိပ်အနည်းငယ် ချီးမြှင့်ခိုင်းလိုက်တော့သည်။ "ဒါတွေအားလုံးက ဒီတစ်နှစ်နွေဦးရာသီမှာ ဆက်သထားတဲ့ နန်းတွင်းပိုးထည်တွေပဲ။ ချောမွေ့နူးညံ့ပြီး အရောင်အသွေးကလဲ စိုပြေတောက်ပတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေ ဝတ်ဆင်ဖို့သင့်တော်တယ်"
"မင်းက အနီရောင်ဝတ်ရတာ ကြိုက်တယ်လို့ ပန်ကုံး ကြားထားတယ်။ ပန်ကုံးက မင်းကို ဒီပိုးထည်လိပ်တွေ ချီးမြှင့်လိုက်တယ်။ အိမ်ပြန်ရောက်ရင် နွေဦးဝတ်စုံလေးတွေ ချုပ်ဝတ်လိုက်ပေါ့။ လှလှပပလေး ဝတ်စားလို့ရတယ်"
နန်းတွင်းသို့ ဝင်ရောက်ခစားပြီးနောက် မိဖုရားခေါင်ထံမှ ဆုလာဒ်များကို လက်ခံခဲ့ပြီးနောက်တွင် နှုတ်ဆက်ကာ နန်းတော်ထဲမှ ထွက်ခွာနိုင်မည်။
လုမင်ယွိသည် ထိုလုပ်ထုံးလုပ်နည်းများကို ကောင်းစွာ နားလည်နေသဖြင့် ကျေးဇူးတင်စကားဆိုကာ အရိုအသေပြုပြီး နှုတ်ဆက်ကာထွက်လာတော့သည်။
ချောင်မိဖုရားခေါင်ကလဲ ခွင့်ပြုလိုက်တော့၏။
လုမင်ယွိ၏နားကလဲ ချောင်မိဖုရားခေါင်၏ သက်ပြင်းချသံ ကြားရလောက်အောင် ပါးလှပ်လှသည်။ သူမမှာ ဒေါသထွက်ရမည်လား ရယ်မောရမည်လားပင် မသိတော့ပေ။
ဒီအချိန်မှာပင် နန်းတွင်းအပျိုတော်လေး တစ်ယောက်က လှမ်းဝင်လာပြီး ချောင်မိဖုရားခေါင်ဆီသို့လျှော က်သွားကာ လေသံတိုးတိုးဖြင့် လျှောက်တင်လေသည်။ "မယမယ်မိဖုရားခေါင်ကို လျှောက်တင်ပါတယ်။ ကျောင်းရုံမယ်မယ်က စတုတ္ထသခင်မလေးလု နန်းတော်ထဲကို ဝင်လာတယ်ဆိုတဲ့အကြောင်း သိသွားပြီး စတုတ္ထသခင်မလေးလုနဲ့ တွေ့ချင်နေပါတယ်"
ချောင်မိဖုရားခေါင်မှာ မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူမ၏မျက်ဝန်းများထဲတွင်လည်း မကျေနပ်သွားသည့် အရိပ်အယောင်တစ်ခု ဖျပ်ခနဲ ပြေးဝင်လာတော့သည်။
သူမက လုမင်ယွိကို မကြိုက်သည်မှာ အကြောင်းအရာတစ်ခု ဖြစ်သည်။ သို့သော်ငြား စူးကျောင်းရုံက လာရောက် "လုယက်" ခြင်းကိုတော့ သူမသည် မတင်မကျ ဖြစ်မိ၏။
ချောင်မိဖုရားခေါင်က လုမင်ယွိကို လှမ်းကြည့်လိုက်ကာ ပြဿနာကို သူမထံသို့ ပို့လိုက်လေတော့သည်။ "စူးကျောင်းရုံက မင်းကို တွေ့ချင်နေတယ်။ စတုတ္ထသခင်မလေးလုရဲ့သဘောက ဘယ်လိုရှိလဲမသိဘူး"
လုမင်ယွိ၏မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းလက်သွားပြီး သူမကလဲ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။ "စူးကျောင်းရုံက ကျွန်တော်မျိုးမကို တွေ့ချင်တယ်ဆိုမှတော့ ကျွန်တော်မျိုးမကလဲ မသွားစရာအကြောင်း မရှိပါဘူး"
ချောင်မိဖုရားခေါင် "..."
တကယ့်ကို ပြတ်သားရှင်းလင်းနေတာပဲ။
ချောင်မိဖုရားခေါင်၏ နှုတ်ခမ်းထောင့်လေးသည် မသိမသာ တွန့်ချိုးသွားတော့၏။ "ကောင်းပြီလေ။ ဒါဆိုရင်လည်း နန်းတွင်းအပျိုတော်နဲ့အတူ ယိဟွားနန်းဆောင်ကို တခါလောက်သွားလိုက်ပါ"
...
ကျောင်းဖန်နန်းဆောင်မှ ယိဟွားနန်းဆောင်သို့ အကွာအဝေးသည် အမွှေးတိုင်တစ်တိုင်စာ ကြာမြင့်လေသည်။
လုမင်ယွိက ခြေတံရှည်တစ်စုံကို ပိုင်ဆိုင်ထားပြီး မြန်မြန်ဆန်ဆန် လျှောက်လာ၏။ နန်းတွင်းအပျိုတော်လေးကလဲ ရှေ့မှအရှိန်မြှင့်ကာ လမ်းပြနေရပြီး နောက်ပိုင်းတော့ သူမမှာ ငိုလုမတတ်ပင်။
စတုတ္ထသခင်မလေးလုအတွက် လမ်းပြပေးရတာ တကယ်ကို မလွယ်တဲ့ကိစ္စပါလား။
ယိဟွားနန်းဆောင်သို့ ဝင်လာသည်တွင် နန်းတွင်းအပျိုတော် ဇီထန်က ပြုံးကာ သူမကိုနှုတ်ဆက်လာပြီး လုမင်ယွိကို အရိုအသေပေးလိုက်သည်။ "စူးမယ်မယ်က မိန်းကလေးကို စောင့်နေတာ တော်တော်လေးကြာသွားပါပြီ။.စတုတ္ထသခင်မလေးလု ကျေးဇူးပြုပြီးတော့ မယ်မယ်နဲ့ လိုက်တွေ့ပေးပါအုံး"
လုမင်ယွိသည် ဇီထန်ကို အလွန်ရင်းနှီးလေသည်။
ဇီထန်သည် စူးကျောက်ရုံ၏ အနီးကပ်လူယုံတော်ဖြစ်ပြီး များပြားလှသည့် ဆိုးညစ်မှုများနှင့် ရင့်ကျက်လှသည့် ကိစ္စများစွာကလဲ လီချန်၏ လက်ချက်များသာ ဖြစ်သည်။
ဥပမာ ချောင်မိဖုရားခေါင်၏ဆေးရည်ထဲတွင် လှည့်ကွက်လေးများသုံးခြင်း သို့မဟုတ် မုန့်ကွေ့ဖေးနှင့် ချင်ဖေးတို့ကို တိုးတိုးတိတ်တိတ် နှိပ်စက်ပြခြင်း။ နောက်ထပ် ဥပမာတစ်ခုမှာ ထိုနေ့က သူမရှေ့သို့ ယူလာပေးခဲ့သည့်မုန့်ထဲတွင် တိတ်တဆိတ် အဆိပ်ခတ်ထားခြင်း ...
လုမင်ယွိသည် ဇီထန်ကို မျက်နှာသေဖြင့် လှမ်းကြည့်လိုက်လေသည်။
ဇီထန်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှင်းမပြတတ်အောင် တုန်ယင်သွားပြီး ဘာအကြောင်းကြောင့်မှန်းမသိဘဲ အံ့သြစရာကောင်းလောက်အောင် အေးစိမ့်စိမ့် ခံစားချက်တစ်ခုက ကျောပြင်တစ်လျှောက် အေးဆင်းသွားခဲ့သည်။
အကယ်၍ ဇီထန်သာ သိုင်းပညာသင်ကြားဖူးလျှင် ဤသည်မှာ လူသတ်လိုသည့်ပြင်းပြစိတ်ဖြစ်သည်ကို သိလိမ့််မည်။
"ရှေ့က လမ်းပြပါ" လုမင်ယွိက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "အခုပဲ စူးကျောင်းရုံကို သွားတွေ့လိုက်ပါမယ်"
...