ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 4 Ch. 56
လုမင်ယွိ၏ မျက်လုံးများသည် ဒေါသကြောင့် လင်းလက်လာပြီး သူမ၏ ညာဖက် လက်သီးသည်လဲ ပြင်းထန်စွာ ထိုးဆင်းလာတော့သည်။
ထိုလက်သီးချက်သည် စူးကျောင်းရုံဘေးက စားပွဲပေါ်သို့ ကျရောက်သွားပြီး ဒုန်းကနဲ မြည်သံတစ်ခုနှင့်အတူ မာကျောလှသည့် စားပွဲမျက်နှာပြင်သည် ထုတ်ချင်းပေါက်သွားလေတော့သည်။
ထိုလက်သီးကြောင့် တစ်စုံတစ်ယောက်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပါက လက်သီးတစ်ချက်ဖြင့် သေချာပေါက် ပိပြားသွားပေလိမ့်မည်။ မျက်နှာဖြူဆုတ်သွားသည့် စူးကျောင်းရုံသည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး နှဖူးပေါ်တွင်လဲ ချွေးအေးများ ဖုံးလွှမ်းသွားတော့၏။ “မင်း မင်း မဆင်မခြင်မလုပ်နဲ့။ ဒါက ယိဟွားနန်းဆောင် မင်း ငါ့ကို လက်ပါရဲမှာ မဟုတ်ဘူး။ မဟုတ်ရင် မင်းလဲ သေလမ်းကနေ မလွတ်နိုင်တဲ့အပြင် လုမိသားစုလဲ ဒုက္ခရောက်သွားလိမ့်မယ်...”
“ရှင် ကံကောင်းတယ်လို့ မှတ်လိုက်ပါ” လုမင်ယွိက စူးကျောင်းရုံကို အေးစက်စက် ဖြတ်ပြောလိုက်သည်။ “ကျွန်မမှာ ဆင်ခြင်ဉာဏ်ရှိနေသေးလို့ပဲ။ အမှန်းတရားကြောင့် အသိစိတ်မပျောက်သွားသေးတာ။ မဟုတ်ရင် ရှင့်လည်ပင်း ကျိုးသွားတာ ကြာနေပြီ”
စူးကျောင်းရုံ၏ အသက်ရှူသံသည် မွန်းကြပ်သွားလေတော့၏။
လုမင်ယွိသည် အမှန်တရားကို ပြောနေမှန်း သူမ သိလေသည်။
အနောက်နန်းဆောင်ထဲက ကြင်ရာတော်များသည် သိုင်းပညာတတ်သည့် အခြွေအရံများ ရှိကြလေသည်။ ယိဟွားနန်းဆောင်ထဲတွင် သိုင်းပညာကောင်းမွန်သည့် နန်းတွင်း အစေခံ ၄ ယောက်ရှိသည်။ သို့သော်ငြား ဒီ ၄ ယောက်စလုံးက လုမင်ယွိ၏ ပြိုင်ဖက် မဟုတ်ချေ။
ထို့အပြင် သူမနှင့် လုမင်ယွိ ကြားက ဖြစ်ပျက်ခဲ့သည့်ကိစ္စမှာ တတိယလူနားထဲသို့ ပေါက်ကြားသွားလို့ မဖြစ်ပေ။ ယနေ့တွင် သူမသည် ထိုနားပါးလှသည့် နန်းတွင်းအစေခံ ၄ ဦးကို အဝေးသို့ လွှတ်ထားခဲ့ပြီး ဖြစ်သည်။
အခု သူမရဲ့အသက်က လုမင်ယွိရဲ့ စိတ်တစ်ချက် ပြောင်းလဲရုံနဲ့ ပျောက်ကွယ်မသွားဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။
သူမက အသက်ကိုစွန့်ပြီး လုမင်ယွိကို တွေ့ဆုံတယ်ဆိုတာကလဲ လုပ်စရာ အရေးကြီးကိစ္စရှိလို့ပေါ့။
စူးကျောင်းရုံသည် တံတွေးကို ခြောက်ကပ်ကပ် မျိုချလိုက်ပြီးမှ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ “လုမင်ယွိ ငါ ဒီနေ့ မင်းကို ရှာတာက မင်းနဲ့ စကားနိုင်လုဖို့ မဟုတ်ဘူး။ မင်းကို ပြောစရာ စကားရှိလို့”
“မင်း နောက်ကို အရင်ဆုံး ပြန်ဆုတ်လိုက်အုံး။ ဒီလို ပုံစံဆို ငါ လုံးဝ စကားပြောလို့ မရဘူး”
လုမင်ယွိသည် ငှက်ကလေးတစ်ကောင်လို ကြောက်လန့်နေသည့် စူးကျောင်းရုံကို အေးအေးစက်စက် လှမ်းကြည့်လိုက်ကာ ခြေလှမ်းအနည်းငယ် ဖြည်းဖြည်းချင်း ပြန်ဆုတ်ပေးလိုက်သည်။
စူးကျောင်းရုံက အသက်ကို မြန်မြန်ဆန်ဆန် ရှူလိုက်ပြီး သူမ၏ နဖူးပေါ်က ချွေးအေးများသည်လဲ နောက်ဆုံးတော့ နည်းနည်းလေး ရပ်တန့်သွားတော့သည်။ သူမသည် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ဖြည်းညှင်းစွာဖြင့် ပြောလိုက်၏။ “ငါ မင်းအပေါ် မတော် မတရားလုပ်ခဲ့တဲ့ ကိစ္စ တစ်ခု နှစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ မင်းလဲ ငါ့ကို ဓားတစ်ချက်နဲ့ သတ်ခဲ့တာပဲလေ”
“အပြန်အလှန် လက်စားချေနေတာ ဘယ်တော့မှ အဆုံးသတ်နိုင်မှာလဲ။ ဒီတော့ အရင်ဘဝက အကြွေးတွေကို ဒီမှာပဲ ကျေအေးလိုက်ကြရအောင်လား!”
အရင်ဘဝက အကြွေးတွေကို ကျေအေးလိုက်ကြမယ်တဲ့လား။
တကယ့်ကို လှပလွန်းတဲ့ အတွေးပဲ။
လုမင်ယွိ၏ မျက်ဝန်းများထဲတွင် သရော်လှောင်ပြောင်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသော်ငြားလည်း စကားတစ်ခွန်းမှတော့ မပြောလိုက်ချေ။
စူးကျောင်းရုံသည် လုမင်ယွိ၏ စိတ်ကို မှန်းဆမိပြီဟု ထင်မိကာ ရဲတင်းလာပြီး ခါးကို ဖြည်းညှင်းစွာ မတ်လိုက်ပြီးနောက် စကားပြောရာတွင်လဲ ပိုပြီး ချောမွေ့လာခဲ့သည်။ “မင်းရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် လီဟောက်ကို ထပ်ပြီး လက်ထပ်နိုင်မှာ မဟုတ်ဘူး!”
အမှန်ပါပဲ။ ဒီလောကကြီးမှာ ကိုယ့်ကို အသိဆုံးသူက ကိုယ့်ရဲ့ အမုန်းရဆုံးရန်သူပဲလေ။
လုမင်ယွိသည် နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ကာ နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။ “လုံးဝ မဖြစ်နိုင်ဘူး”
ဒါပေမဲ့ သူမက ဒုတိယမင်းသားကို လက်ထပ်ဖို့ရန်တော့ ဖြစ်နိုင်ခြေ အရမ်းများနေတယ်။
ဒုတိယမင်းသားအကြောင်းကို စဉ်းစားလိုက်မိသည်တွင် လုမင်ယွိ၏ ရင်ထဲက မွန်းကြပ်မှုတို့သည် ပြန်လည်ပြည့်နှက်လာပြီး အချိန်မရွေး ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရ၏။ သူမသည် အသက်ကို ပြင်းပြင်းရှူသွန်းလိုက်ကာ ရင်ထဲက မွန်းကြပ်မှုကို ချုပ်တည်းထားလိုက်ရသည်။
စူးကျောင်းရုံက သူမ၏ အမူအရာကို နားလည်မှုလွဲသွားသည်မှာ သိသာပေသည်။ သူမသည် စိတ်အေးသွားကာ ဆက်ပြောလာခဲ့၏။ “ဒီလိုဆိုရင် ဒီဘဝမှာ မင်းနဲ့ ငါလဲ သမီးယောက္ခမတွေ ဘယ်လိုမှ ဖြစ်မလာတော့ဘူး”
“တကယ်တော့ အတိတ်ဘဝက ဖြစ်ခဲ့သမျှ အရာအားလုံးကိုလဲ စိုးရိမ်ဖို့ မလိုပါဘူး။ ငါတို့ အားလုံးက ဘဝအသစ်ကို ရောက်နေကြပြီ။ ဒီတော့ လမ်းဟောင်းကို ပြန်လျှောက်စရာ မလိုတော့ဘူး။ တံတားကို တံတားအတိုင်း ပြန်ထားပြီး လမ်းကို လမ်းအတိုင်း ထားလိုက်တာက ပိုကောင်းတယ်။ ငါတို့ တစ်ယောက်ချင်းစီလဲ အေးအေးချမ်းချမ်း နေနိုင်လိမ့်မယ်”
လုမင်ယွိသည် ထူးဆန်းသည့် မျက်လုံးများဖြင့် စူးကျောင်းရုံကို ကြည့်လိုက်၏။
သူမသည် စူးကျောင်းရုံ၏ ဦးနှောက်ကို အမှန်ပင် ထိုးဖောက်ကာ အထဲတွင် ရှိသည့် အရာများကို အမှန်ပင် မြင်လိုလာတော့သည်။
စူးကျောင်းရုံကတော့ မျှော်လင့်တကြီး အရိပ်အယောင်များဖြင့် ပြည့်နှက်လို့နေ၏။
ခဏလောက် စောင့်ဆိုင်းပြီးနောက်တွင် လုမင်ယွိက တုံ့ပြန်မှာကိုပင် မစောင့်ဘဲ သူမက ဒီအတိုင်း ဆက်ပြောလာခဲ့သည်။ “အားဟောက်က ငယ်ရွယ်သေးတော့ အခု လောလောဆယ်မှာ မင်းကို လက်မလွှတ်နိုင်သေးဘူး။ ဒါပေမဲ့ သူက ငါ့အပေါ် အမြဲတမ်း လိမ္မာသိတတ်ပြီး ငါ့စကားကိုလဲ အမြဲတမ်း နားထောင်လာခဲ့တာ။ သူ့အတွက် နောက်ထပ် အိမ်ထောင်ဖက် ကောင်း တစ်ယောက်ရှာပေးဖို့ သူ့ကို ဖြည်းဖြည်းချင်း ဖျောင်းဖျလိုက်ပါ့မယ်”
“အချိန်တန်လာတဲ့အခါ သူလဲ မင်းကို မေ့သွားမှာပါ”
“ငါလဲ မင်းကို ကတိပေးတယ်။ အနာဂတ်မှာ ဘာပဲ ဖြစ်လာလာ စာရင်းဟောင်းကို ဘယ်တော့မှ ရှင်းမှာ မဟုတ်ဘူး။ အားဟောက်က နန်းတက်လာပြီး အနာဂတ်မှာ ပုလ္လင်ပေါ်မှာ ထိုင်တဲ့အချိန် ငါကလဲ မယ်တော်ကြီး ဖြစ်လာတဲ့ အချိန် မင်းနဲ့ လုမိသားစုကို ဘာတစ်ခုမှ လုပ်မှာ မဟုတ်ဘူး”
“မင်း ဘယ်လို သဘောရလဲ”
လုမင်ယွိသည် ထိုစကားကို ရယ်စရာကောင်းသည်ဟု မြင်ကာ အမှန်ပင် ရယ်မောလိုက်လေတော့သည်။ “ရှင့်မှာ တကယ့်ကို စိတ်ကူးကောင်း ရှိနေတာပဲ။ ဒီစကားလုံးတွေကို သုံးပြီးတော့ ကျွန်မကို အရင်ဆုံး နှစ်သိမ့်ထားလိုက်မယ်။ ပြီးရင် နောက်ပိုင်း ရှင့်လက်ထဲမှာ အာဏာရလာတဲ့အခါ ကျွန်မနဲ့ လုမိသားစုကို ဖယ်ရှားပစ်လို့ရနိုင်တယ်”
“စူးကျောင်းရုံ ရှင်က သိပ်ကို နုံနဲလွန်းတာပဲ။ တခြားသူက ရှင့်လိုပဲ တုံးအနေတယ်လို့ ထင်မနေနဲ့”
အရူးတစ်ယောက်ကပဲ ဒီလောက် သိသာတဲ့ နှစ်သိမ့်တဲ့ အကြံအစည်မျိုးကို မမြင်ဘဲ နေမှာ။
စူးကျောင်းရုံသည် ရှက်ရွံ့သွားကာ လုမင်ယွိ၏ လှောင်ပြောင်သရော်နေသည့် ရယ်သံအောက်တွင် မျက်နှာ ပျက်သွားပြီး အလျင်အမြန် ချေပလိုက်လေသည်။ “မင်း အထင်လွဲနေပြီ။ ငါ အဲလို လုံးဝ မရည်ရွယ်ဘူး။ ငါက တကယ်ပဲ မင်းနဲ့ စကားကို ရှင်းရှင်းလင်းလင်းပြောပြီး ဒီရန်ငြိုးကို ဖြေရှင်းချင်လို့ပါ”
“မင်းလဲ အားဟောက်ရဲ့ စိတ်နေသဘောထားကို သိပါတယ်။ တကယ်လို့ မင်း ငါတို့ သားအမိကို သတ်လိုက်မယ်ဆိုရင် မင်းလဲ အားဟောက်နဲ့ တစ်သက်စာ ရန်ငြိုးတစ်ခု ဖြစ်သွားလိမ့်မယ်။ အားဟောက်က သူ့အမေနဲ့ ညီအတွက် သေချာပေါက် လက်စားချေပေးလိမ့်မယ်။ မင်းက လုမိသားစု မျိုးသုဉ်းမဲ့ဘေးကို ဖိတ်ခေါ်ချင်တာလား”
လုမင်ယွိ၏ မျက်ဝန်းနက်နက်များသည် အေးစက်မှုဖြင့် ဖျပ်ကနဲ လင်းလက်သွားတော့သည်။
စူးကျောင်းရုံပြောတာ မှန်တယ်။
လီဟောက်က သူ့မိခင်နှင့် ညီကို သတ်တဲ့သူကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။
လုမင်ယွိက နှုတ်ဆိတ်သွားသည်ကို မြင်လိုက်ချိန်တွင် စူးကျောင်းရုံသည် သူမကို ဖျောင်းဖျနိုင်သွားပြီဟု ထင်လိုက်မိပြီး သူမ၏ အသံသည်လဲ ချက်ချင်းဆိုသလို ပျော့ပျောင်းသွားတော့သည်။ “ရန်သူလုပ်တာထက် ရန်ငြိုးကို ဖြေဖျောက်လိုက်တာက ပိုကောင်းတယ်။ တကယ်လို့ မင်းက အတိတ်ဘဝက အကြောင်းအရာ ဟောင်းတွေကို ထုတ်မပြောဘူး။ ငါကလဲ အဲဒီ အကြောင်းတွေကို မပြောဘူးဆိုရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ အတိတ်က ရန်ငြိုးတွေကိုလဲ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”
“မင်းက နောက်ထပ် ခင်ပွန်းတစ်ယောက်ကို လက်ထပ်ချင်တာပဲ ဖြစ်ဖြစ်၊ အိမ်ပါသားမက်ကို ခေါ်ချင်တာပဲ ဖြစ်ဖြစ် မင်းရဲ့ ကျန်တဲ တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်လိမ့်မယ်။ ငါတို့ သားအမိ ၂ ယောက်နဲ့ ဘာဖြစ်လို့ ပတ်သက်နေအုံးမှာလဲ”
စူးကျောင်းရုံသည် ဤစကားများကို မည်မျှ ကြာအောင် စဉ်းစားထားသည် မသိချေ။ ယခုအချိန်တွင်တော့ အလွန် ချောမွေ့စွာ ပြောထွက်လာခဲ့လေသည်။
လုမင်ယွိသည်လဲ အနည်းငယ် လှုပ်ရှားသွားသည့် အရိပ်အယောင် ပေါ်ထွက်လာခဲ့၏။
စူးကျောင်းရုံက စိတ်ထဲတွင် အလွန် ဝမ်းသာသွားကာ လုမင်ယွိကို နားချဖို့ရန်အတွက် သူမ၏ အားစိုက်ထုတ်မှုကို ၂ ဆ တိုးလိုက်လေတော့သည်။ “ငါ အခုပဲ ပြင်းထန်တဲ့ သစ္စာကျိန်ဆိုလိုက်မယ်။ အရှင်မင်းကြီးနဲ့ ကောင်းကင်ဘုံက အပေါ်မှာ ရှိနေတယ်။ ငါ ဒီနေ့ ဒီနေရာမှာ သစ္စာဆိုတယ်။ နောင်တစ်ချိန်မှာ လုမင်ယွိကို ဘယ်တော့မှ အခက်တွေ့အောင် မလုပ်သလို လုမိသားစုကိုလဲ ထိပါးမှာ မဟုတ်ဘူး။ ဒီသစ္စာကို ဖောက်ဖျက်ခဲ့ရင် မိုးကြိုးပစ်ခံရပါစေ...”
“ဓားတစ်ချက်နဲ့ နှလုံးကို ထိုးစိုက်ခံရပြီး သေပါစေ!”
လုမင်ယွိက အေးစက်စက် စကားဖြတ်ပြောလိုက်တော့သည်။
စူးကျောင်းရုံ “...”
စူးကျောင်းရုံ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သူမသည် အံကြိတ်ကာ စကားလုံးကို ပြောင်းလိုက်တော့၏။ “တကယ်လို့ တကယ်လို့ သစ္စာဖောက်ဖျက်ခဲ့ရင် ငါ ဓားတစ်ချက်နဲ့ နှလုံးကို ထိုးစိုက်ခံရပြီး သေပါစေ။ လုမင်ယွိ အခု ကျေနပ်သွားပြီလား!”
ထိုခေတ်က လူများသည် သူတို့၏ သစ္စာစကားကို အလွန် အလေးထားကြသည်။ ဤကဲ့သို့ ရက်စက်လှသည့် သစ္စာစကား ကျိန်ဆိုခြင်းမှာ ကျေအေးလိုသည့် စိတ်ရင်းအမှန်ကို ပြသဖို့ရန် လုံလောက်ပေသည်။
လုမင်ယွိက စူးကျောင်းရုံကို လှမ်းကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ဒူးထောက်ပြီး ၃ ကြိမ် ဦးချလိုက်”
စူးကျောင်းရုံမှာ တအံ့တဩဖြစ်သွားပြီးနောက် ဒေါသတကြီး မျက်ခုံးများကို ပင့်လိုက်ကာ စူးရှစွာဖြင့် အော်ဟစ်လိုက်လေသည်။ “မင်း ဘာပြောလိုက်တယ်။ မင်းက ယောက္ခမကို ဦးချတောင်းပန်ခိုင်းတယ် ဟုတ်လား။ မင်း- မထီမဲ့မြင် ပြုလေခြင်း၊ အရိုအသေ တန်လိုက်လေခြင်း၊ ဖောက်ပြားလိုက်လေခြင်း!”
လုမင်ယွိကလဲ အေးစက်စွာ သတိပေးလိုက်တော့သည်။ “ကျွန်မက လီဟောက်ကို ပြန်လက်ထပ်မှာမှ မဟုတ်တာ။ ရှင်က ဘယ်က ယောက္ခမလဲ။ ရှင်က အရင်ဘဝက အကြွေးတွေကို ကျေအေးချင်တယ်လို့သာ ဆက်တိုက် ပြောနေတာ။ ပြင်းထန်တဲ့ ကျိန်စာတစ်ခုကိုတောင်မှ ဆိုလိုက်သေးတယ်။ ဒါပေမဲ့ ရှင်က ဦးချတောင်းပန်ဖို့တောင် ဆန္ဒမရှိဘူး။ ဒါက ရှင့်ရဲ့ ရိုးသားမှုကို သံသယဖြစ်ရစေတာပဲ”
စူးကျောင်းရုံ “...”
ငယ်ရွယ်စဉ်တုန်းက ကချေသည်ဘဝမှာ စားသောက်ပွဲတွေမှာ ကပြဖျော်ဖြေရင်း ညစ်ညမ်းတဲ့ မျက်လုံးတွေရဲ့ ရှေ့မှာ ပြုံးရယ်ပြီး မြှောက်ပင့်နေခဲ့ရတယ်။ ဦးချတောင်းပန်တာကိုတော့ မပြောနဲ့။ ဒီထက် နိမ့်ကျတာတွေကိုတောင် လုပ်ခဲ့ဖူးတာပဲ။
မျက်စိရှေ့က လုမင်ယွိကို နှစ်သိမ့်နိုင်သ၍တော့ ဦးချတာလောက်က ဘာမှ မဟုတ်ပါဘူး။
တစ်နေ့ကျရင် လီဟောက်က အိမ်ရှေ့စံဖြစ်လာပြီး နဂါးပုလ္လင်ပေါ်မှာ ထိုင်နိုင်တဲ့အခါ သူမကလဲ မယ်တော်ကြီးစူး ထပ်ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူမ နေစေချင်တဲ့သူက အသက်ရှင်လိမ့်မယ်။ သူမ သေစေချင်တဲ့ သူကတော့ သေရလိမ့်မယ်။
ဒီနေ့စာရင်းကို အနာဂတ်ကျမှပဲ ဖြည်းဖြည်းချင်း ရှင်းကြတာပေါ့လေ။ လုမင်ယွိကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် ခုတ်ဖြတ်ပစ်ချင်ပြီး လုမိသားစုတစ်ခုလုံးကိုလဲ ဖျက်ဆီးပစ်လိုက်ချင်တယ်။
စူးကျောင်းရုံသည် စိတ်ထဲတွင် မိမိကိုယ်ကိုမိမိ အကြိမ်ကြိမ်အဖန်ဖန် နှစ်သိမ့်ရင်း အရှက်ကွဲခြင်းကို သီးခံကာ ဖြည်းညှင်းစွာ ဒူးထောက် လိုက်တော့သည်။
ပထမဦးဆုံးအကြိမ် ဦးချလိုက်ရသည့် ခံစားချက်မှာ အခက်ခဲဆုံးပင်။
တတိယအကြိမ်သို့ ရောက်လာပြီးနောက်တွင် စူးကျောင်းရုံသည် တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။
လုမင်ယွိက မျက်နှာပေါ်တွင် အရှက်ရနေသည့် အမူအရာဖြင့် ဦး ၃ ကြိမ် ချနေသည့် စူးကျောင်းရုံကို အေးစကက်စက် မျက်လုံးများဖြင့် စောင့်ကြည့်လိုက်ပြီးနောက် စူးကျောင်းရုံသည်လဲ နီရဲသည့် မျက်လုံးများဖြင့် မတ်တပ် ထရပ်လိုက်ကာ “မင်းနဲ့ငါ အခုတော့ ကျေအေးပြီးနော်” ဟူသည့် လေသံဖြင့် ပြောလာလေသည်။ “အခု မင်း ကျေနပ်ပြီ မဟုတ်လား”
...