လီချန်
Vol. 4 Ch. 57
လုမင်ယွိ၏ မျက်ဝန်းများထဲတွင် သရော်လှောင်ပြောင်မှုတို့ ပြည့်နှက်နေပြီး လူကို သေလောက်အောင် ဒေါသထွက်ရစေသော်ငြားလည်း ဂရုမစိုက်သည့် ဟန်ပန်အပြည့်ဖြစ်နေလေသည်။ “ရှင့်ရဲ့ ဦးချတောင်းပန်တဲ့ စိတ်ရင်းအမှန်ကို ထောက်ထားပြီး ဒီတစ်ခါတော့ ထားလိုက်ပါမယ်”
ဒီတစ်ခါတော့ ထားလိုက်ပါမယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။
စူးကျောင်းရုံ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ရှုံ့မဲ့သွားကာ သူမ၏ အမူအရာသည်လဲ အလွန် အကျီးတန်သွားလေတော့သည်။ “ဒါက ဘာအဓိပ္ပာယ်လဲ!”
လုမင်ယွိကလဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။ “ပြောလိုက်တဲ့ စကားအတိုင်းပဲ”
ဝုန်း!
ဒေါသမီးတောက်တစ်ခုသည် ချက်ချင်းပင် ဦးနှောက်ထဲသို့ တိုးဝင်လာတော့၏။
စူးကျောင်းရုံ၏ မျက်လုံးများမှာ နီရဲသွားပြီး သူမသည် အံကို ကြိတ်ထားလိုက်ကာ “လုမင်ယွိ မင်း တရားလွန်နေပြီ!”
လုမင်ယွိ၏ သုန်မှုန်ပြီး စိတ်ပျက်နေသည့် စိတ်အခြေအနေမှာ ဒီအခိုက်အတန့်တွင် အများကြီး တိုးတက်လာကာ အေးအေးလူလူဖြင့် ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်။ ကျွန်မက တခြားလူတွေကို မတရား အနိုင်ကျင့်ခဲ့တာ။ ရှင်ကရော ဘယ်လိုလုပ်မှာလဲ”
စူးကျောင်းရုံ “...”
လုမင်ယွိက ရှေ့သို့ ၂ လှမ်းတိုးလာကာ ညိုမဲနေသည့် မျက်နှာနှင့် စူးကျောင်းရုံသည် အလိုလို နောက်သို့ တစ်ဖန် ဆုတ်သွားပြီး ဒုတ်ကနဲ စားပွဲနှင့်တစ်ဖန် တိုက်မိသွားတော့သည်။ သူမ၏ ကျောပြင်မှာ ကျိုးလုမတတ်ပင် ခံစားလိုက်ရ၏။
“စူးကျောင်းရုံ” လုမင်ယွိ၏ အကြည့်သည် မြှားတစ်စင်းကဲ့သို့ ထက်ရှနေပြီး စူးကျောင်းရုံ၏ မျက်ဝန်းအိမ်ထဲသို့ တန်းတန်းမတ်မတ် ထိုးစိုက်ဝင်ရောက်သွားတော့သည်။ “ရှင့်စိတ်ထဲမှာ ဘယ်လို အကြံအစည်တွေ ရှိနေတယ်ဆိုတာ ကျွန်မ ကောင်းကောင်းကြီး သိတယ်”
“ကျွန်မ ဒီနေ့ ရှင့်ကို ရှင်းအောင် ပြောထားလိုက်မယ်။ ကျွန်မတို့ ကြားက အမုန်းတရားက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး!”
ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် ဘယ်ဖက်လက်သီးကို ဆုပ်ကာ စားပွဲကို ဝုန်းကနဲ ရိုက်ချလိုက်လေသည်။
ခပ်အုပ်အုပ်အသံတစ်ခု ထွက်လာပြီး စားပွဲပေါ်တွင် နောက်ထပ် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့၏။
ဘယ်ဖက်တွင် တစ်ပေါက်၊ ညာဖက်တွင် တစ်ပေါက်။ အလွန်ပင် တစ်ထပ်ထဲ ကျနေလေသည်။
လုမင်ယွိက သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ လှည့်ထွက်လာတော့၏။
စူးကျောင်းရုံ၏ မျက်နှာသည် ဖြူဆုတ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာလဲ ပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောကျသွားတော့သည်။
-
လုမင်ယွိသည် ဘေးနန်းဆောင်မှနေ၍ မြန်မြန် ထွက်ခွာလာခဲ့သည်။
ဘေးနန်းဆောင်အပြင်ဖက် မီတာ အနည်းငယ် အကွာတွင်စောင့်နေသည့် ဇီထန်သည် ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်သွားကာ သူမ၏ မျက်လုံးထဲတွင်လဲ ကြောက်ရွံ့မှုအပြည့် ဖြစ်သွားလေသည်။
စကားပြောသံများကို ထူထဲလှသည့် တံခါးရွက်က ကာဆီးထားသော်ငြားလည်း လက်သီးဖြင့် စားပွဲကို ထိုးချလိုက်သံကိုတော့ နားထဲတွင် ရှင်းရှင်းလင်းလင်း တိုးဝင်လာခဲ့သည်။ ဇီထန်သည် စိတ်ထဲတွင် ကြောက်ရွံ့သွားပြီး မတည်မငြိမ်ဖြစ်သွားကာ လုမင်ယွိကို ရှေ့တိုးပြီး တားဆီးရန် မလုပ်ရဲတော့ချေ။
လုမင်ယွိက ကြောက်ရွံ့တုန်လှုပ်နေသည့် ဇီထန်ကို အေးစက်စွာ တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် အပြင်သို့ ဆက်ပြီး လျှောက်လာခဲ့တော့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယိဟွားနန်းဆောင်၏ ပထမတံခါးဝသို့ ရောက်လာသည်နှင့် နောက်ထပ် မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။
အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် အဝါရောင် တောက်တောက် မင်းသားဝတ်စုံကို ဝတ်ဆင်ထား၏။ ရုပ်ရည်က သာမန်မျှသာဖြစ်ကာ ပုပုဝဝဖြင့် မျက်နှာပေါ်တွင်လဲ အဆီပိုများရှိနေသဖြင့် မျက်လုံးတစ်စုံသည် မျဉ်းတစ်ကြောင်းကဲသို့ ကျဉ်းမြောင်းနေတော့သည်။
အနည်းငယ် ထုံထိုင်းပုံပေါက်နေသော်ငြားလည်း အနည်းငယ် ရိုးသားဟန်လဲ ပေါ်နေသည်။
ရုပ်ရည်သွင်ပြင်ကို ကြည့်လိုက်ရုံနှင့် ဤသာမန်ရုပ်ရည်နှင့် ဝတုတ်လေးသည် အမှန်တွင်တော့ စိတ်ထဲတွင် မှောင်မဲကာ ကောက်ကျစ်စဉ်းလဲပြီး အစ်ကိုဖြစ်သူကို မနာလိုစိတ် ရှိနေသူဖြစ်ကြောင်း မည်သူက သိနိုင်ပါမည်နည်း။
လီဟောက်က တကယ့်ကို ခွေးကောင်၊ ကျေးဇူးကန်းတဲ့ကောင်။ ဒါပေမဲ့ သူက အမေဖြစ်သူနဲ့ ညီဖြစ်သူအပေါ် တကယ် ကောင်းခဲ့သေးတယ်။ လီချန်ကိုလဲ နေရာတိုင်းမှာ ကာကွယ်ပေးတယ်။ နန်းတက်လာပြီးတဲ့နောက်မှာပဲ လီဟောက်က လီချန်အတွက် အိမ်ထောင်ဖက်ကောင်းတစ်ခုကို ရွေးချယ်ပေးခဲ့ပြီး လီချန်ကို လှပပြီးတင့်တယ်တဲ့ မျိုးရိုးမြင့် မိန်းကလေးတစ်ယောက်နဲ့တောင် လက်ထပ်ပေးခဲ့သေးတယ်။ လီချန်ကိုလဲ ဝူဝမ်ဘွဲ့ချီးမြှင့်ပေးခဲ့ပြီး မြေဩဇာကောင်းတဲ့ နယ်မြေကိုလဲ အပ်နှင်းခဲ့သေးတယ်။
အပြင်းအထန် နာမကျန်းဖြစ်ပြီး မသေခင်မှာ လီဟောက်က ငယ်ရွယ်သေးတဲ့ အိမ်ရှေ့စံကို ထီးနန်းမလွှဲခဲ့ဘဲ သူ့ရဲ့ ညီဖြစ်သူ လီချန်ကို ထီးနန်းလွှဲခဲ့တယ်။ သူက ညီဖြစ်သူကို ယုံကြည်ခဲ့ပြီး လီချန်က ၁၀ နှစ်ကျော် ကြာသွားတဲ့အခါ သူ့သားဖြစ်သူကို ထီးနန်းသေချာပေါက် ပြန်ပေးလိမ့််မှာပဲလို့လဲ ယုံကြည်ထားခဲ့တယ်။
ဟင်း ဟင်း!
လီဟောက်က လုံးဝထင်ထားမိမှာ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ် မြှုပ်နှံပြီး အရိုးတောင် မအေးသေးခင်မှာ လီချန်က မုဆိုးမဖြစ်သွားတဲ့ သူ့မရီးတော်အပေါ် စိတ်ယုတ်မာတွေ ဝင်လာလိမ့်မယ်လို့လေ။
လီချန်ကလဲ သူမကို အရမ်းနှစ်သက်နေလို့တော့ မဟုတ်ဘူး။ ဒီအတိုင်း သူ့အတွက် မုဆိုးမ မရီးဖြစ်သူကို အရှက်ခွဲချင်ပြီး နှစ်ပေါင်းများစွာ သူ့နှလုံးသားထဲမှာ စုပြုံလာခဲ့တဲ့ မှောင်မဲနေတဲ့ မနာလို ဝန်တိုမှုတွေကို ဖွင့်ချန်ချင်ရုံသက်သက်ပဲ။
လီချန်က လေးနက်တဲ့ အမူအရာနဲ့ သူမနဲ့ တိုင်ပင်စရာကိစ္စရှိတယ်လို့ ပြောပြီး ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည် တစ်ခွက်တောင်မှ ချပေးလိုက်သေးတယ်။ အဲဒီအချိန်တုန်းက သူမကလဲ လီချန်အပေါ်မှာ သိပြီး သတိထားစိတ် မရှိခဲ့ဘူး။ လက်ဖက်ရည်ကို အမှတ်မထင် လှမ်းယူပြီးတော့ နှစ်ငုံလောက် သောက်လိုက်မိတယ်။
သိပ်မကြာခင်မှာဘဲ လက်ဖက်ရည်ထဲက ဆေးက အာနိသင်ပြလာတယ်လေ။ သူမရဲ့ အမြင်အာရုံတွေ ဝေဝါးသွားပြီး ခန္ဓာကိုယ် လှုပ်ရှားမှုကလဲ နှေးကွေးသွားခဲ့တယ်။ တစ်ခုခုတော့ မှားနေပြီလို့ စိတ်ထဲမှာ ကြိတ်ပြီးလဲ တွေးလိုက်မိပါတယ်။
လီချန်က စက်ဆုပ်ရွံရှာစရာကောင်းတဲ့ မျက်နှာကို ဖော်ထုတ်ပြသပြီးမှ မရိုးမသာအပြုံးတစ်ခုနဲ့ ပြောလာခဲ့တာ။ “စန်းကောကို မြေမြှုပ်ပြီးသွားပြီ။ နောင်တစ်ချိန်မှာ ကျွန်တော်က စန်းကောကိုယ်စား စန်းစောင်(တတိယမရီး)ကို ကောင်းကောင်းဂရုစိုက်ပါမယ်” တဲ့။
“စန်းစောင်က ဆေးခပ်ထားတဲ့ လက်ဖက်ရည်ကို သောက်ထားတော့ အခုဆိုရင် တစ်ကိုယ်လုံး ပျော့ခွေပြီး အားနည်းနေမှာပဲ။ နှမြောစရာ ကောင်းလိုက်တာ။ ခဏနေကျရင် စန်းစောင်က သတိလစ်ပြီး မေ့မျောသွားတော့မှာ ဆိုတော့ နောက်ပိုင်း ပျော်ရွှင်ကြည်နူးစရာတွေကို ခံစားနိုင်မှာ မဟုတ်တော့ဘူး...”
ပြောရင်းဆိုရင်း အနားကို ချဉ်းကပ်လာပြီး သူမရဲ့ လက်ကောက်ဝတ်ကို လှမ်းကိုင်ဖို့ ကြိုးစားလာခဲ့တယ်။
သူမလဲ ထိတ်လန့်ပြီး ဒေါသတကြီးဖြစ်သွားတာပေါ့။ ဆေးအာနိသင် အပြည့်အဝ မပြသေးခင်မှာ ခန္ဓာကိုယ်ထဲမှာလဲ အားအင်က ၃ ပုံ ၁ ပုံလောက် ကျန်နေသေးတယ်။ သူမလဲ ရုတ်တရက် လီချန်ရဲ့ လက်ကို ပြန်ဆွဲထားလိုက်ပြီး လီချန်ရဲ့ ယောက်ျားအင်္ဂါကို အားနဲ့ ကန်ကျောက်ပစ်လိုက်တာပေါ့။
လီချန်လဲ ကမ္ဘာမြေကြီး တုန်လှုပ်မတတ် အော်ဟစ်ပစ်လိုက်တယ်။
အဲဒီကန်ချက်က လီချန်ကို ချက်ချင်းပဲ ဖျက်ဆီးပစ်လိုက်တာပဲ။
သူမရဲ့ သွေးတွေ ဆူပွက်လာပြီး အမြင်အာရုံကလဲ အမှောင်ဖုံးသွားခဲ့တယ်။ သတိလစ်မသွားအောင် အားတင်းထားရင်း မြေပြင်ပေါ်မှာ လဲကျပြီး ငယ်သံပါအောင် အော်နေတဲ့ လီချန်ကို အေးစက်စက်နဲ့ စိုက်ကြည့်ခဲ့တယ်။ “နင်က တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တဲ့ ကောင်ပဲ။ လီဟောက်က ဒီအတိုင်းကို မျက်စိကန်းနေခဲ့တာ!”
လီချန်က နာကျင်လွန်းလို့ သတိလစ်တော့မတတ်ဘဲ။ ကြမ်းပြင်ပေါ်မှာ လဲကျပြီး သူ့ခန္ဓာကိုယ်ကလဲ ဆက်တိုက်ဆိုသလို တွန့်လိမ်နေခဲ့တာ။
တံခါးအပြင်ဖက်မှာ စောင့်နေကြတဲ့ အတွင်းခန်း အစေခံတွေ တော်တော်များများက အလောတကြီး ပြေးဝင်လာကြတယ်။ ဧကရာဇ် အသစ်ရဲ့ သနားစရာ အခြေအနေကို မြင်ရတော့ အတွင်းခန်းထဲက လူတွေ အားလုံးကလဲ ပျာယာခတ်သွားကြပြီး တော်ဝင်သမားတော်ကို ချက်ချင်း သွားပင့်ခဲ့ကြတယ်လေ။
သူမကလဲ မူးနောက်နောက် အန်ချင်စိတ်ကို သီးခံထားရင်းအေးစက်စက် အမိန့်ပေးလိုက်တယ်။ “လာကြ။ ပန်ကုံးကို ချန်ချွမ်းနန်းဆောင်ကို ပြန်ပို့ပေးကြ”
သူမလဲ အားတင်းပြီး ချန်ချွမ်းနန်းဆောင်ကို ပြန်ရောက်လာတဲ့အခါ ချီယွင်ကို တွေ့လိုက်တာနဲ့ ချက်ချင်း စိတ်လျှော့သွားပြီး သတိလစ်မေ့မျောသွားတော့တာပဲ။
နန်းတော်ထဲက ဒီအရှုပ်တော်ပုံကို တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားလိုက်ကြတယ်လေ။ ဒီအကြောင်းကို သိကြတဲ့ အစေခံတချို့လဲ အကြောင်းအရာ အမျိုးမျိုးအောက်မှာ လူရှေ့ကနေ ပျောက်ကွယ်သွားခဲ့ကြတယ်။
မယ်တော်ကြီးစူးကလဲ သူမကို အရိုးထဲထိ မုန်းတီးပေမဲ့ ဒီလျှို့ဝှက်ချက်ကိုတော့ ထုတ်ဖော်ဖို့အတွက် ရှက်စရာ ကောင်းနေသေးတယ်လေ။
လီချန်ကတော့ စိတ်ထဲမှာ နာကြည်းမှုအပြည့်နဲ့ သူမကို မုန်းတီးသွားခဲ့တာပေါ့။ အဲဒီကတဲက ရှင်းယန်စစ်တပ်ကို အင်အားချိနဲ့သွားအောင် အစွမ်းကုန် ကြိုးစားပြီး လုမျိုးနွယ်ကို ဖိနှိပ်ခဲ့တာ။ ဒါပေမဲ့ ဘယ်လောက်ပဲ ဒေါသထွက်ပြီး မုန်းတီးနေပါစေ။ ဆုံးရှုံးသွားတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်ဒြပ်ကတော့ ပြန်ရောက်လာမှာ မဟုတ်တော့ဘူးလေ။
လီချန်လဲ နန်းတော်ထဲက မိဖုရားတွေနား မကပ်နိုင်တော့ဘူး။ သားတစ်ယောက်လဲ မမွေးနိုင်တော့ဘူး။ ဒီတော့ အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူးလေ။
နောက်ပိုင်းကျတော့ လီချန်နဲ့ မယ်တော်ကြီးစူးတို့က အဆိပ်ခတ်တဲ့ နည်းလမ်းကတစ်ဆင့် သူမကို ဖယ်ရှားဖို့ ကြံစည်ခဲ့ကြတယ်။ အိမ်ရှေ့စံကတော့ ဘေးမသီ ရန်မခဘဲ ရှိနေခဲ့တယ်။
ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ လီဟောက်ကို အရင်ဆုံး တွေ့လိုက်ရပြီး အဲဒီနောက်မှာ စူးကျောင်းရုံကို တွေ့ခဲ့ရတယ်။ မျှော်လင့်မထားဘဲ သိပ်မကြာခင်မှာဘဲ လီချန်ကို ထပ်တွေ့လိုက်ရတာပဲ။
-
လုမင်ယွိသည် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။
လီချန်သည် မရင်းနှီးသည့် မျက်နှာတစ်ခုနှင့် အေးစက်ကာ လှပသည့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားတော့သည်။ “မင်း ဘယ်သူလဲ”
သူသည် သူမကို နန်းတော်ထဲတွင် တစ်ခါမှ မမြင်ခဲ့ဖူးချေ။
လုမင်ယွိက ဘာမှ မပြောဘဲ လီချန်ကို အေးစက်စက်ဖြင့် ကြည့်နေလိုက်၏။
လီချန်က ခဏလောက် စောင့်ဆိုင်းခဲ့သော်ငြားလည်း အဖြေပြန်မရလာသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ် ဒေါသထွက်သွားလေတော့သည်။ သူ့မျက်နှာပေါ်က အသားစိုင်မှာ တုန်ယင်သွားပြီး ကျဉ်းမြောင်းလှသည့် မျက်ဝန်းတစ်စုံကလဲ ဒေါသများဖြင့် လင်းလက်သွားတော့၏။ “အရိုအသေမဲ့လိုက်လေခြင်း! ငါ မင်းသား မင်းကို မေးခွန်း မေးနေတာ။ ဘာဖြစ်လို့ ပြန်မဖြေတာလဲ”
လုမင်ယွိသည် နှုတ်ခမ်းကို မဲ့ထားလိုက်ကာ ရှေ့သို့ လျှောက်လာခဲ့၏။ သူမသည် လီချန်ကို ခြေလှမ်းအနည်းငယ်ဖြင့် ကျော်သွားလေသည်။
အခုက လီချန်ကို ရှင်းရမဲ့ အချိန် မတန်သေးဘူး။ ဒီမှာဆက်နေရင် လူသတ်ချင်စိတ်ကို မထိန်းနိုင်တော့မှာ စိုးရိမ်ရတယ်။
လီချန်၏ နှာခေါင်းမှာ ဒေါသကြောင့် တွန့်ရှုံ့သွားတော့မလိုပင် ဖြစ်သွားတော့သည်။
မင်းသားများထဲတွင် သူသည် အငယ်ဆုံးဖြစ်ပြီး သဘောကျခြင်း မခံရဆုံးသူလဲ ဖြစ်သည်။ သူသည် နန်းတော်ထဲတွင် အရိပ်သဖွယ် ရှိနေလေ၏။ ယုံးကျားဧကရာဇ်နှင့် ချောင်မိဖုရားခေါင်တို့ကလဲ သူ့ကို မျက်လုံးထဲတွင်ပင် မရှိကြချေ။ မိခင်အရင်းဖြစ်သူ စူးကျောင်းရုံကပင် သူ၏ တည်ရှိမှုကို မကြာခဏ လျစ်လျူရှုထားတတ်သည်။
ထို့ကြောင့် သူသည် သူ့ကို အရေးမစိုက်သည့် တခြားသူများကို အမုန်းဆုံး ဖြစ်လေသည်။
လုမင်ယွိက ဘာမှ မဖြစ်သလို ဖြတ်လျှောက်သွားကာ သူ့ကို အရေးမလုပ်သလို သဘောထားလိုက်သည်တွင် ထိုအချက်က သူ၏ ဒဏ်ရာကို တိုက်ရိုက် ထိမှန်သွားလေတော့သည်။
“ရပ်စမ်း!”
လီချန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။ “ဒီကို လာကြ။ မင်းသားတစ်ပါးအပေါ် မလေးစားတဲ့ ဒီမိန်းမကို ဖမ်းဆီးလိုက်ကြ”
မင်းသားတစ်ပါးအနေဖြင့် လီချန်ကို အစောင့်တချို့က အမြဲတမ်း လိုက်ပါ စောင့်ကြည့်ပေးလေသည်။
အစောင့်များသည် အမိန့်ကို ကြားလိုက်သော်ငြားလည်း မလှုပ်မရှားဘဲ အချင်းချင်း ကြည့်ကာ တုံ့ဆိုင်းသွားကြ၏။ ပိုပြီး အတင့်ရဲသည့် သူတို့ထဲက တစ်ယောက်က လေသံတိုးတိုးဖြင့် ဖျောင်းဖျလာလေသည်။ “အရှင်မင်းသား ကျေးဇူးပြုပြီးတော့ စိတ်လျှော့တော်မူပါ”
“ဒီနေ့ မိဖုရားခေါင်က စတုတ္ထသခင်မလေးလုကို နန်းတော်ထဲ ခေါ်ယူတွေ့ဆုံတယ်လို့ ကျွန်တော် ကြားထားပါတယ်။ ဒီမိန်းကလေးက စတုတ္ထသခင်မလေးလုပဲ ဖြစ်ရမယ်”
“အရှင်မင်းသားလဲ တတိယမင်းသားရဲ့ သဘောထားကို သိရှိထားပြီးသား ဖြစ်မှာပါ။ နောက်ပိုင်းကျရင် တတိယမင်းသားက စတုတ္ထသခင်မလေးလုကို လက်ထပ်ပြီးရင် သူက အရှင်မင်းသားရဲ့ စန်းစောင် ဖြစ်လာလိမ့်မယ်။ အခု အချိန်မှာ စတုတ္ထသခင်မလေးလုကို တိုက်ခိုက်တာက မသင့်တော်ပါဘူး”
လီချန် “...”
...