← Chapters

ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း-၁

Vol. 4 Ch. 58

ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း-၁

Vol. 4 Ch. 58

စန်းကောရဲ့ နှလုံးသားထဲက ချစ်ရတဲ့ စတုတ္ထသခင်မလေးလုက ဒီလောက်တောင် မောက်မာပြီး ရိုင်းစိုင်းရတယ်လို့!

ဒါပေမဲ့ ဘယ်လောက်ပဲ ဒေါသထွက်ပြီး စိတ်တိုနေပါစေ။ လက်ပါလို့တော့ မဖြစ်ဘူး။ စန်းကောကို စိတ်ဆိုးအောင် လုပ်မိလို့ မဖြစ်ဘူး!

လီချန်သည် ရင်ထဲတွင် မကျေမနပ်ဖြစ်နေပြီး ကိုယ်တိုင်က ထုတ်မပြနိုင်တော့ချေ။ သူသည် ထိုနေရာတွင် ခဏလောက် ရပ်နေလိုက်ပြီးမှ ယိဟွားနန်းဆောင်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလေတော့သည်။

ယိဟွားနန်းဆောင်၏ လေထုအငွေ့အသက်သည် ယနေ့တွင် တော်တော်လေး ထူးဆန်းလို့ နေလေသည်။

လီချန်က ပတ်ဝန်းကျင်ကို ဝှေ့ဝဲကာ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “မူချင်း ဘယ်မှာလဲ”

နန်းတွင်းအစေခံမလေး တစ်ယောက်က တလေးတစားဖြင့် ပြန်ဖြေလာ၏။ “စူးမယ်မယ်က ဘေးနန်းဆောင်မှာ စတုတ္ထသခင်မလေးလုနဲ့ တွေ့ဆုံနေပါတယ်။ အခုအချိန်‌လောက်ဆိုရင် ဘေးနန်းဆောင်မှာပဲ ရှိနေလောက်ပါတယ်”

လီချန်သည် ဘေးနန်းဆောင်သို့ လျှောက်သွားခဲ့သော်လည်း ထူးဆန်းနေသည့် ရုပ်တစ်ခုနှင့် ဇီထန်ကလွဲလျှင် တခြား နန်းတွင်း အစေခံမလေးများက ခစားနေသည်ကို မတွေ့ရချေ။ လီချန်သည် အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး စူးရှသည့် လေသံတစ်ခုဖြင့် မေးလိုက်တော့သည်။ “ဇီထန် ဘာဖြစ်လို့ မင်းတစ်ယောက်ထဲ ရှိနေတာလဲ။ တခြးသူတွေရော”

ဇီထန်သည် ခေါင်းကို ငုံ့ထားကာ အသံကလဲ အနည်းငယ် တုန်ယင်လို့ နေ၏။ “မယ်မယ်က လူအားလုံးကို ဆုတ်ခွာသွားခိုင်းပြီး အနားမကပ်ဖို့ အမိန့်ပေးထားလို့ပါ။ ပဉ္စမမင်းသား စတုတ္ထသခင်မလေးလု ပြန်သွားပြီးတဲ့ နောက်မှာ မယ်မယ်က တစ်ခါမှ မျက်နှာ မပြသေးပါဘူး။ ကျွန်မ တံခါးခေါက်ကြည့်လိုက်ပေမဲ့လဲ မယ်မယ်က ကျွန်မကို ဝင်ခွင့် မပြုဘူး။ စိတ်ထဲမှာလဲ နည်းနည်းလေး စိုးရိမ်မိပါတယ်”

လီချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး တံခါး သွားခေါက်လိုက်လေသည်။ “မူချင်း၊ မူချင်း!”

အချိန်တော်တော်ကြာသွားပြီးနောက်တွင် စူးကျောင်းရုံ၏ အနည်းငယ်အားနည်းကာ မတည်မငြိမ်အသံသည် တံခါးမှ ထွက်ပေါ်လာခဲ့၏။ “ငါ ခဏလောက် တစ်ယောက်ထဲ နေချင်တယ်။ အရင်ဆုံး ပြန်သွားလိုက်အုံး!”

လီချန်မှာ အံ့အားသင့်လေတော့သည်။ “မူချင်း ဘာဖြစ်ခဲ့တာလဲ” ပြောရင်းဆိုရင်းပင် တံခါးကို အားနှင့် တွန်းဖွင့်လိုက်တော့သည်။

တံခါးသည် ကျွီကနဲ ပွင့်သွားသည်နှင့် ချက်ချင်း စူးကျောင်းရုံ၏ စူရှလှသည့်အသံမှာ မြည်ဟည်းလာတော့သည်။ “ငါ ပြောလိုက်တဲ့ စကားကို မကြားဘူးလား။ ထွက်သွား! ထွက်သွားကြ!”

လီချန်သည် တောင့်တင်းသွားကာ ခြေလှမ်းကို အနည်းငယ် ပြန်ဆုတ်လိုက်ပြီး တံခါးကို တစ်ဖန် ပြန်ပိတ်လိုက်တော့သည်။

ငယ်ငယ်ကတဲက အမြဲတမ်း ဒီလိုပဲ။

မူချင်းရဲ့ မျက်လုံးထဲမှာ အစ်ကိုတော် လီဟောက်တစ်ယောက်ထဲပဲ အမြဲတမ်း ရှိနေတာ။ မူချင်းက မတရား ခံရပြီး စိတ်အနှောင့်အယှက်ဖြစ်ရရင် အစ်ကိုတော်ရှေ့မှာ မျက်ရည်ကျပြီး ငိုယိုမယ်။ အစ်ကိုတော်ကို ကာကွယ်ပေးဖို့ ဝမ်းပန်းတနည်း တောင်းဆိုလိမ့်မယ်။

သူကလဲ မူချင်းကို နှစ်သိမ့်ပေးချင်တာ‌ပေါ့။ ဒါပေမဲ့ မူချင်းရဲ့ မျက်လုံးထဲမှာ သူ့ကို လုံးဝ မမြင်ဘူးပဲ။ သူ့စကားကို နား‌ထောင်ဖို့ သီးမခံနိုင်တဲ့အပြင် သူ့ကို ကာကွယ်ပေးခိုင်းဖို့ဆိုတာကတော့ ဝေးရော။

ဘာဖြစ်လို့လဲ ဆိုတော့ မူချင်းက သူ့ကို အသုံးမကျတဲ့ကောင်၊ ဘာအရည်အချင်းမှ မရှိတဲ့ကောင်လို့ ထင်နေလို့ပဲ။ ကြီးပြင်းလာရင်တောင်မှ အစ်ကိုတော်ရဲ့ အရိပ်အာဝါသအောက်မှာပဲ ရှင်သန်ရမှာလို့ ထင်နေတာ။

မွန်းတည့်ချိန် ရောက်လုနီးနေပြီ ဖြစ်၏။

နေမင်းကြီးက ကောင်းကင်ပေါ်တွင် မြင့်မားစွာ ထွန်းလင်းနေပြီး အလင်းရောင်ကလဲ မျက်လုံးထဲသို့ စူးရှစွာ ကျရောက်လာလေသည်။

လီချန်၏ မျက်နှာပေါ်တွင်တော့ ဘာအမူအရာမှ မရှိပေ။

ဇီထန်သည် မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်လိုက်ပြီး ရင်ထဲတွင် တစ်ချက် လှုပ်ရှားသွား၏။

သူမသည် စူးကျောင်းရုံ၏ လူရုံတော်တစ်ယောက် ဖြစ်ပြီး နေ့တိုင်း ယိဟွားနန်းဆောင်သို့ လာတတ်သည့် မင်းသား ၅ နှင့်လဲ အလွန် ရင်းနှီးလေသည်။ ဒီအခိုက်အတန့်တွင် အလွန် ရိုးသားပြီး တုံအလုနီးပါး ထင်ရသည့် ပဉ္စမမင်းသားသည် လူကို ထိတ်လန့်တုန်လှုပ်ရစေလောက်အောင် ‌အေးစက် မှောင်မိုက်နေသည်ကို တွေ့ရှိလိုက်ရ၏။

-

လုမင်ယွိကတော့ မြင်းစီးကာ အိမ်တော်သို့ ပြန်လာခဲ့လေသည်။

လေပြင်းက သူမ၏ ပုခုံးပေါ်က ဆံနွယ်များကို လွင့်ပျံ့စေနေ၏။ သူမ၏ ရင်ထဲက မီးတောက်ကတော့ ငြိမ်းသတ်မသွားသေးချေ။ ပိုပြီး‌တောက်လောင်ကာ ပြင်းထန်လာသည့် အရိပ်အယောင်ပင် ပေါ်နေသေးသည်။

ဒုတိယမင်းသားလီဟောက်၊ စူးကျောင်းရုံ၊ ချောင်မိဖုရားခေါင်၊ လီချန်။

မျက်နှာများသည် သူမ၏ စိတ်ထဲတွင် တစ်ခုပြီး တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ နောက်ဆုံးတွင်တော့ တည်ငြိမ်ပြီး ချောမောခန့်ညားသည့် မျက်နှာလေးတစ်ခုတွင် ရပ်တန့်သွားလေသည်။

လုမင်ယွိသည် စိတ်ရှုပ်သွားပြီး ခေါင်းကိုက်သွားတော့၏။

သူမသည် ရှုပ်ထွေးနေသည့် ကြိုးများကို ဓားတစ်ချက်ထဲဖြင့် ဖြတ်တောက်လိုပြီး ထိုမီးတွင်းထဲမှ ဝေးရာကို ထွက်ခွာသွားလိုသည်။ မျှော်လင့်မထားဘဲ ဒုတိယမင်းသားက ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ ဤအရှုပ်အထွေးသည် ပိုက်ကွန်တစ်ခု ဖြစ်တည်သွားပြီး သူမကို ထိုအထဲတွင် ပိတ်လှောင်ထားလေတော့သည်။

ဒီမီးတွင်းထဲကို သူမ ခုန်မချဘူးဆိုရင်တောင် အဆင်ပြေမှာ မဟုတ်လောက်ဘူး...

မြင်းခွာသံတစ်ချက်နှင့်အတူ ရှင်းယန်ဝမ်အိမ်တော်၏ တံခါးဝတွင် ရပ်တန့်သွားတော့သည်။

လုမင်ယွိက မြင်းပေါ်က ခုန်ဆင်းလိုက်၏။

တံခါးကို စောင့်ကြပ်နေသည့် အိမ်တော်ထိန်း လုကျားက ချက်ချင်းဆိုသလို ရှေ့သို့ ထွက်ကြိုကာ မေးလိုက်သည်။ “သခင်မလေး ဘာဖြစ်လို့ အစောကြီး ပြန်လာတာလဲ ။ မိဖုရား‌ခေါင်က နေ့လယ်စာအတွက် ခေါ်မထားဘူးလား”

လုမင်ယွိသည် စိတ်အခြေအနေ မကောင်းသဖြင့် စကားပြောချင်စိတ်လဲ မရှိချေ။ သူမက ခပ်တိုးတိုး အင်းဟုသာ ပြန်ဖြေလိုက်ပြီး မြင်းဇာတ်ကြိုးကို လုကျား၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ကာ လုအိမ်တော်ထဲသို့ မြန်မြန် ဝင်သွားတော့သည်။

လုကျား “...”

“ကြည့်ရတာ စတုတ္ထသခင်မလေး ဒီနေ့ နန်းတော်ထဲကို ဝင်သွားကာ မပျော်ရွှင်စရာ ကိစ္စတွေ ကြုံတွေ့ရတဲ့ ပုံပဲ” ခဏအကြာတွင် လုမင်ဟွားတို့ မောင်နှမ ၃ ယောက်ကလဲ အတူတူ ပြန်ရောက်လာကြသည်။

လုကျားက သူတို့ကို တစ်ဖန် ပြုံးကာ နှုတ်ဆက်လိုက်၏။ “တတိယသခင်မလေး၊ ပဉ္စမသခင်မလေးနဲ့ ဆဋ္ဌမ သခင်လေးတို့ အစောကြီး ပြန်လာကြတာပဲ။ ဒီနေ့ ကျင့်ရှီဘွဲ့ရ ပညာရှင်အသစ်တွေ လှည့်လည်ပွဲက အရမ်းစည်ကားတယ် မဟုတ်လား”

လုမင်ဟွားက ခပ်တိုးတိုးလေး အင်းဟု ပြန်ဖြေလိုက်သည်။ ဘာကို တွေးတောနေသည်တော့ မသိချေ။ လှပလှသည့် မျက်နှာလေးသည် အနီရောင်သန်းသွားပြီး အလွန် ချစ်စဖွယ် ကောင်းသွားလေသည်။

လုမင်ယွဲ့နှင့် လုရွှမ်းတို့က ပြုံးကာ အချင်းချင်းကြည့်လိုက်ကြပြီးမှ တစ်ပြိုင်ထဲ ရယ်မောလိုက်ကြ၏။ “ဟုတ်တယ်။ အရမ်းကို စည်ကားပြီး အရမ်းလဲ ချောမောတာပဲ” ထို့နောက်တွင်တော့ လုရွှမ်းက အလောတကြီး ထပ်ပြောလိုက်သေးသည်။ “အထူးသဖြင့် တတိယအဆင့်ရတဲ့ ပညာရှင်ပေါ့။ သူက အရမ်းချောတာပဲ”

လုမင်ဟွားက လုရွှမ်းကို ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်ပြီး သူမ မျက်နှာက ပိုလို့ပင် နီရဲသွားလေသည်။

လုကျားက သိပါပြီ ဟူသည့် အပြုံးလေးတစ်ခု ပြုံးပြကာ ပြောလိုက်သည်။ “စတုတ္ထသခင်မလေးလဲ နန်းတော်ကနေ ပြန်ရောက်လာပါပြီ။ ကျွန်တော် နေ့လယ်စာအတွက် မီးဖိုဆောင်မှာ သွားပြင်ခိုင်းလိုက်ပါမယ်”

နေ့တစ်ပိုင်းလုံးတွင် လုမင်ဟွားသည် စိတ်မတည်မငြိမ်ဖြစ်နေပြီး လုမင်ယွိကို တွေ့ဆုံရဖို့ရန် အနည်းငယ် ရှက်ရွံ့နေမိ၏။ ထို့ကြောင့် သူမကလဲ ညင်သာစွာ ပြောလိုက်သည်။ “ကျွန်မ နည်းနည်းလေး ပင်ပန်းနေလို့ အစားအသောက်တွေကို လူလွှတ်ပြီးပဲ ပို့ခိုင်းလိုက်ပါ။ ကျွန်မ တစ်ယောက်ထဲ စားလိုက်ပါမယ်”

လုမင်ယွဲ့နှင့် လုရွှမ်းတို့ကတော့ တခစ်ခစ်ရယ်မောကြတော့သည်။

လုမင်ဟွားသည် သူမ၏ နားများက နီရဲလာသည်ကို ခံစားလိုက်ရပြီး သူ့ကို မမြင်သလို ဟန်ဆောင်ကာ ခြံဝန်းထဲသို့ မြန်မြန်ပြန်သွားလေတော့သည်။

“ဝူကျဲ” လုရွှမ်းက သူ့ခေါင်းကို ဘေးသို့ စောင်းလာကာ လေသံတိုးတိုးဖြင့် ရယ်မောလိုက်ပြီး “စစ်ကျဲကို အတူတူ သွားတွေ့ပြီးတော့ ဒီနေ့ နန်းတော်ထဲ ဝင်ရတဲ့ အကြောင်းအရင်းကို မေးကြရအောင်။ ဒါနဲ့ စန်းကျဲက ကျင့်ရှီအသစ်လေးကို သဘောကျသွားတယ်ဆိုတဲ့ အကြောင်းကိုလဲ စစ်ကျဲကို သေချာပေါက် ပြောပြရမယ်”

လုမင်ယွဲ့ကလဲ ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

မောင်နှမ ၂ ယောက်သည် အသက်အရွယ် မတိမ်းမယိမ်းဖြစ်ပြီး တစ်ယောက်က ထက်မြက်ကာ အဆော့သန်ပြီး ကျန်တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် အဆော့သန်ပြီး ချစ်စရာကောင်းကြသည်။ သူတို့သည် အကောင်းဆုံး ဆက်ဆံရေးများ ရှိကြ၏။

၂ ယောက်သားသည် လုမင်ယွိ၏ ခြံဝန်းဖက်သို့ ရယ်ရယ်မောမော စကားပြောကာ သွားလိုက်ကြ၏။ သို့သော်ငြား အတွေ့မခံဘဲ ငြင်းပယ်ခံလိုက်ရမည်ဟု လုံးဝထင်မထားခဲ့ကြပေ။

ချီယွင်က အားနာနေသည့် ရုပ်လေးတစ်ခုဖြင့် အရိုအသေပေးကာ တိုးတိုးလေး ပြောလာသည်။ “သခင်မလေးက နန်းတော်ထဲမှာ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ခဲ့ရလဲ မသိဘူး။ ပြန်ရောက်လာပြီးတော့ အခန်းထဲမှာတစ်ယောက်ထဲ တံခါးပိတ်နေပြီး ဘယ်သူ့ကိုမှလဲ အခန်းထဲဝင်ခွင့် မပေးဘူး။ ကျွန်မလဲ သတ္တိကို စုစည်းပြီး တစ်ချက်လောက် သွားခေါ်ကြည့်ပါသေးတယ်။ တံခါးခေါက်လိုက်တာနဲ့ ချက်ချင်း သခင်မလေးက ဒီနေ့ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ ပြောလာတယ်”

လုမင်ယွဲ့သည် အနည်းငယ် အံ့အားသင့်သွားပြီး လုရွှမ်းကို ကြည့်လိုက်တော့၏။

“အခု ဘာလုပ်ကြမလဲ”

“ယိဖု ပြန်လာတဲ့အထိပဲ စောင့်ကြတာပေါ့!” လုရွှမ်းသည် လူငယ်သော်ငြားလည်း အကြံအဉာဏ်များပြားလေသည်။ “စစ်ကျဲက အခု စိတ်မကြည်လင်လို့ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ် နေချင်တာပဲ ဖြစ်မှာ။ ဒို့တွေ စစ်ကျဲကို မနှောင့်ယှက်ကြတာ ပိုကောင်းမယ်”

ဒါပဲတတ်နိုင်တော့တာပဲ။

လုမင်ယွဲ့သည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ‌ခေါင်းငြိမ့်ပြလိုက်တော့၏။

-

စစ်ပွဲပြီးဆုံးသည်မှာ သိပ်မကြာသေးသဖြင့် စစ်စခန်းက စစ်သည်ရဲမက်များကလဲ ဒဏ်ရာများကို ကုသပြီး အနားယူနေကြသည်။ လုလင်းသည် မနက်ခင်းတိုင်း ညီလာခံသို့ တက်ရောက်ရပြီး အားလပ်ချိန် ရလာလျှင် စစ်စခန်းသို့ သွားရောက်တတ်သည်။ တစ်ခါတစ်ရံ အလုပ်များနေချိန်တွင် ၂ ရက်၊ ၃ ရက်လောက် အိမ်ပြန်မလာသည်ကလဲ ပုံမှန်ပင်။

ဒီနေ့ညနေခင်းတွင်တော့ လုလင်းသည် စောစောစီးစီးပြန်ရောက်လာခဲ့၏။

လုဖေးသည်လဲ အတူတူ အိမ်‌တော်သို့ ပြန်လာခဲ့လေသည်။

လုမိသားစုနှင့် ရှန့်မိသားစုတို့သည် နှုတ်ဖြင့် သဘောတူထားသော ထိမ်းမြားမင်္ဂလာကို ပြုလုပ်ထားပြီး ဇာတာများကိုလဲ တိုက်ဆိုင်စစ်ဆေးပြီးပြီ ဖြစ်သည်။ မင်္ဂလာပွဲကိစ္စသည် သေချာသလောက် ဖြစ်နေပြီဖြစ်၏။ ဤရက်ပိုင်းတွင် လုဖေး၏ မျက်နှာသည် နွေဦးလေညှင်းလေးကဲ့သို့ ကြည်လင်နေပြီး မျက်ခုံး၊ မျက်လုံးများကလဲ ဝမ်းမြောက်ရွှင်လန်းမှုများ အပြည့် ဖြစ်နေတော့သည်။

လုလင်းက ပြုံးကာ သူ၏ မွေးစားသားကို လှမ်းပြီး စနောက်လိုက်၏။ “သာ့ဝေတိုင်းပြည်မှာ အမြဲတမ်း စစ်ပွဲတွေ ဖြစ်နေတတ်တာ။ မင်းနဲ့ ရှန်းသခင်မလေးတိုရဲ့ မင်္ဂလာရက်ကိုလဲ စောစောစီးစီးသတ်မှတ်လိုက်ပါ။ ရှန့်သခင်မလေးကို စောစောစီးစီး အိမ်တော်ကို ခေါ်လာခဲ့တော့။ မဟုတ်ရင် မင်းက ဘယ်လိုစိတ်နဲ့ ငါနဲ့အတူတူ စစ်တပ်ကို ဦးဆောင်ပြီးတော့ တိုက်ပွဲဝင်နိုင်တော့မှာလဲ”

လုဖေး၏ အသားညိုညို မျက်နှာပေါ်တွင် အနီရင့်ရောင် အရိပ်လေးတစ်ခု ဖြတ်ပြေးသွားကာ သူ့နှုတ်ခမ်းထောင့်ကလဲ ကွေးတက်သွားလေတော့သည်။ “အားလုံး ယိဖုရဲ့ သဘောအတိုင်းပါပဲ”

လုလင်းက တစ်ဖန်ပြုံးလိုက်ကာ လုမင်ဟွားကို လှမ်းကြည့်လိုက်လေသည်။ “မင်ဟွား ဒီနေ့ ကျင့်ရှီအသစ်ကို သွားကြည့်ဖို့ လက်ဖက်ရည်ဆိုင်ကို သွားခဲ့တယ် မဟုတ်လား။ သဘောကျတဲ့ လူငယ်လေးကို တွေ့ခဲ့ရဲ့လား”

လုမင်ဟွားသည် အလွန် ရှက်ရွံ့သွားပြီး ခေါင်းပင် မဖော်နိုင်တော့ချေ။

လုရွှမ်းက စကားပြောချင်လိုက်သော်ငြားလည်း လုလင်းကတော့ သူ့ကို မျက်လုံးဖြင့် လှမ်းပြီး တားဆီးလိုက်ကာ မျက်ရိပ်ပြလိုက်ပြီးနောက် လုဖေး၊ လုမင်ယွဲ့နှင့် လုရွှမ်းတို့သည်လဲ ပြန်ထွက်သွားကြတော့သည်။

လုလင်းက နွေးထွေးသည့်လေသံတစ်ခုဖြင့် လုမင်ဟွားကို ပြောလိုက်၏။ “သူတို့ ၃ ယောက် သွားလိုက်ကြပြီ။ အခု ဒို့သားအဖ ၂ ယောက်ပဲ ကျန်တော့တယ်။ သမီးရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေလဲ ယိဖုကို ပြောပြပါအုံး”

လုလင်းသည် စကားပြောဆိုရာတွင် သိုင်းပညာရှင်တစ်ယောက်၏ စိတ်အတိုင်း တဲ့တိုးဆန်ကာ ကွေ့ဝိုက် ပြောဆိုခြင်းကို မနှစ်သက်ချေ။

လုမင်ဟွား၏ ပါးပြင်နှင့် နားရွက်နောက်ဖက်သည် မီးခဲသို့ ပူပြင်းလာတော့၏။ သူမက သတ္တိများကို စုစည်းကာ ခေါင်းကို မော့လိုက်ပြီး လုလင်းကို လှမ်းကြည့်လာလေသည်။ “ယိဖု - ကျွန်မ - ကျွန်မ ကျင့်ရှီ ပညာရှင်အသစ် ထန်ဟွားကို သဘောကျမိပါတယ်”

...

All Chapters