ရှုပ်ထွေးပွေလီခြင်း
Vol. 4 Ch. 59
ကျင့်ရှီအသစ် ထန်ဟွားတဲ့လား ။
(ထန်ဟွား ... တတိယအဆင့် ကျင့်ရှီရဲ့ ဘွဲ့နာမည်၊ ကျွမ့်ယွမ်က ပထမအဆင့် ကျင့်ရှီ၊ ပန့်ရန်က ဒုတိယအဆင့် ကျင့်ရှီ၊)
မြင်ကွင်းတစ်ခုသည် လုလင်း၏စိတ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
နေရောင်သည် တောက်ပအောင်လင်းလက်နေပြီး အနီရောင်ဝတ်စုံကို ဆင်မြန်းထားကာ ဦးခေါင်းတွင် ပန်းပန်ဆင်ထားသည့် ချောမောလှပသည့် လူငယ်လေးတစ်ဦးသည် မြင်းရိုင်းတစ်ကောင်ကို စီးနင်းကာ လက်ဖက်ရည်ဆိုင်အနီးမှ ဖြတ်သန်းသွားခဲ့သည်။ လက်ဖက်ရည်ဆိုင်ပေါ်တွင် ထိုင်နေသည့် အမျိုးသမီးလေးကလဲ ရှက်သွေးဖျန်းကာ ပိုးပုဝါလေးတစ်ထည်ကိုပစ်ချလိုက်သည်။
ပိုးပုဝါလေးသည် လေထဲတွင် တလွင့်လွင့်လွင့်မြောသွားပြီး ထန်ဟွားပညာသင်လေး၏မျက်နှာပေါ်သို့ အတိအကျကျ ရောက်သွားလေသည်။ ထန်ဟွားပညာသင်လေးကလဲ လက်ကိုဆန့်တန်းကာ ပိုးပုဝါလေးကို ဖမ်းယူလိုက်ပြီး ခေါင်းမော့လိုက်သည်တွင် မိန်းမပျိုလေးနှင့် မျက်လုံးချင်းဆုံတွေ့သွားပြီး ငေးမောတွေဝေ သွားတော့၏။
ဤအကြည့်တစ်ချက်ကပင် နှစ်ဦးသား၏နှလုံးသားကို ထည့်သွင်းပေးခဲ့လေသည်။ တစ်ယောက်က သူမမှလွဲလျှင် မည်သူ့ကိုမှ မယူလိုတော့သလို ကျန်တစ်ယောက်ကလဲ သူကလွဲလျှင် မည်သူ့ကိုမှ မလိုချင်တော့ပေ။ အမှန်ပင် ရင်ထဲထိစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်နေသည်ပင်...
"ယွိဖူ" လုမင်ဟွားက ရှက်ရွံ့စွာဖြင့် တိုးတိုးလေးပြောလိုက်၏။ "ဒီနေ့ ကျင့်ရှီအသစ်သုံးရာတွေထဲမှာ ထန်ဟွားလန်က အချောဆုံးပဲ။ အားလုံးကလဲ သူ့ကိုကြည့်နေကြတာ။ ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး"
လုလင်းက သူ၏ထူထဲနေသည့်မျက်ခုံးများကိုပင့်ကာ ပြုံးပြလိုက်ပြီး သူ့ရင်ဘတ်ကို ပုတ်လိုက်လေသည်။ "စိတ်မပူနဲ့! ဒီကိစ္စကို ယိဖု တာဝန်ထားလိုက်။ စိတ်ရှည်ရှည်နဲ့ ရက်လေးနည်းနည်းပါးပါးပဲ စောင့်နေလိုက်။ မကြာခင်မှာ အိမ်တိုင်ရာရောက် လက်ထပ်ခွင့်တောင်းတဲ့သူ ရောက်လာလိမ့်မယ်"
မိန်းမပျိုလေး၏နှလုံးသားထဲတွင် နွေဦးရာသီနဲ့နွေထွေးကာ ချိုမြိန်သည့်ခံစားချက်တို့ ပြည့်နှက်သွားတော့သည်။
လုမင်ဟွား၏မျက်ဝန်းများသည် တောက်ပစွာလင်းလက်နေပြီး သူမ၏နှုတ်ခမ်းထောင့်လေးကလဲ ချိုမြိန်ပြီး ကြည်နူးဖွယ်ကောင်းအောင် အပြုံးလေးတစ်ခု ဖြစ်သွားတော့၏။ "ယိဖုက သမီး အပေါ်ကောင်းတာကို သမီးသိပါတယ်။ ဒါပေမဲ့ သမီးက အဲဒီ့ထန်ဟွားလန်က ဘယ်မျိုးရိုးကနေ လာလဲဆိုတာတောင် မသိဘူး။ သူက အိမ်ထောင်ကျပြီး သားသမီးတွေ ရှိနေပြီလားဆိုတာလဲ မသိဘူး"
"တကယ်လို့ သူက အိမ်ထောင်ကျပြီးသား သားသမီးတွေရှိနေပြီဆိုရင် ယိဖုက မင်းအတွက် နောက်ထပ်ခင်ပွန်းလောင်းတစ်ယောက်ကို ရှာပေးမှာပေါ့"
"တကယ်လို့ ထန်ဟွားလန်က အိမ်ထောင်မပြုရသေးဘူးဆိုရင်တော့ ..." လုလင်းသည် ပေါင်ကိုအားဖြင့် တစ်ချက်လောက် ပုတ်လိုက်ကာ သူရဲကောင်းဆန်ဆန် ခံ့ညားစွာပြောလာခဲ့သည်။"ဒါက ငါတို့လုအိမ်တော်ရဲ့ တတိယသမက်လောင်းပဲ။ ပြေးချင်တောင် ပြေးလို့မလွတ်ဘူး"
လုမင်ဟွားသည် နှုတ်ခမ်းကို ကိုက်ထားလိုက်ကာ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်တော့၏။ "လက်ထပ်မင်္ဂလာကိစ္စက နှစ်ဦးနှစ်ဖက် သဘောတူမှ ဖြစ်တာပါ။ ယိဖု ဒီလိုပြောတာတော့ သတို့သားကို လုယက်ခေါ်ဆောင်တော့မဲ့အတိုင်းပဲ"
လုလင်းကတော့ ဂရုမစိုက်ဘဲ အားရဝမ်းသာ ပြောလေသည်။ "ပန်းကို ခူးသင့်တဲ့အချိန်မှာ ခူးရတယ်။ ပန်းမရှိမှတော့ အကိုင်းအခက်ဗလာကြီးကို မစောင့်နေသင့်ပါဘူး။ သဘောကျပြီဆိုမှတော့ ချက်ချင်းလက်ဦးမှုရယူပြီး ထန်ဟွားပန်းပွင့်လေးကို ပန်းကန်ထဲ ထည့်ထားရမှာပေါ့"
လုမင်ဟွားသည် ရှက်လွန်းလှသဖြင့် ပါးပြင်နှစ်ဖက်မှာ နီရဲသွားကာ မျက်နှာတစ်ခုလုံးကလဲ မက်မွန်ပန်းပွင့်လေးလို ဖြစ်သွားတော့သည်။ "တကယ်တော့ ဒီနေ့မှာ သမီးသူ့ကို ပထမဦးဆုံး တွေ့ဖူးတာပါ။ သူ ဘယ်လိုလူစားမျိုးလဲဆိုတာကိုလည်း မသိသေးဘူး။ သူနဲ့လည်း စကားမပြောဖူးသေးပါဘူး။ ဘာဖြစ်လို့မှန်းတော့ မသိဘူး စိတ်ထဲမှာ သူတစ်ယောက်တည်းပဲ ရှိတော့တယ်။ ယိဖု ...သမီး ဒီလိုဖြစ်နေတာ အရမ်းကို အပေါ်ယံဆန်လွန်းနေသလားဟင်"
လုလင်းက ပြုံးရယ်ကာဖြင့် ပြောလိုက်သည်။ "ဒါက ဘာအပေါ်ယံဆန်တာမှ မဟုတ်ဘူး။ လက်ထပ်ပြီးရင် အတူတူနေထိုင်ကြမှာ။ ဘယ်သူက မျက်လုံးထဲ မထည့်နိုင်လောက်အောင် ရုပ်ဆိုးတဲ့မျက်နှာကို ကြည့်ချင်မှာလဲ။ မျက်စိပသာဒဖြစ်စေတဲ့ ချောမောတဲ့မျက်နှာကို ကြည့်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ရန်ဖြစ် စိတ်ကောက်တယ်ဆိုရင်တောင် တစ်ချက်လေး ကြည့်လိုက်တာနဲ့ ဒေါသတွေတဝက်လောက် လျော့သွားနိုင်တယ်လေ"
ပြောရင်းဆိုရင်းဖြင့် အတိတ်က အဖြစ်အပျက်များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထုတ်ဖော်ပြောပြလေတော့သည်။ "ယိဖု ငယ်ငယ်တုန်းကဆိုရင် အဆင့်နိမ့်စစ်သူကြီးတစ်ယောက်ပဲ ရှိသေးတာ။ အဲဒီ့အချိန်တုန်းက ရှင်းယန်စစ်တပ်ဆိုတာလဲ မရှိသေးဘူး။ ငါက စစ်သူကြီးရှောင်ရဲ့လက်အောက်မှာ အမှုထမ်းခဲ့တာ။ စစ်သူကြီးရှောင်မှာ ချစ်ရတဲ့ဒီသမီးလေးတစ်ယောက်ပဲ ရှိခဲ့တာ"
"ရှောင်သခင်မလေးက အရွယ်ရောက်လာတဲ့အချိန်မှာတော့ အိမ်ထောင်ပြုဖို့ သမက်လောင်း ရွေးချယ်ရတော့မယ်လေ။ အဲဒီ့အချိန်တုန်းက လက်ထပ်ဖို့ လာရောက်တောင်းရမ်းတဲ့သူတွေက ရှောင်အိမ်တော်ရဲ့ တံခါးဘောင်ကြီးကိုတောင်မှ ကျိုးလုမတတ်ပဲ"
"ငါကတော့ လက်ထပ်ခွင့်တောင်းဖို့ အရည်အချင်းတောင်မရှိတဲ့ မထင်မရှား အဆင့်နိမ့်စစ်သူကြီးတစ်ယောက်ပဲလေ။ ရှောင်မိသားစုရဲ့ သမက်လောင်းဖြစ်လာဖို့ ဒီလောက်လှပတဲ့ကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးတော့ ပြုလုပ်ရဲမှာလဲ။ မမျှော်လင့်ဘဲ ရှောင်အိမ်တော်ကို သွားတဲ့အချိန်မှာပဲ ရှောင်သခင်မလေးနဲ့ မတော်တဆ တွေ့ဆုံခဲ့တယ်လေ"
"ရှောင်သခင်မလေးကလဲ ငါ့ကို တစ်ချက်ကြည့်ရုံနဲ့ သဘောကျသွားခဲ့တာပေါ့"
"ရှောင်စစ်သူကြီးကလဲ သမီးဖြစ်သူကို မလွန်ဆန်နိုင်တော့ သူ့ရဲ့ချစ်လှစွာသောသမီးလေးကို ငါနဲ့ လက်ဆက်ပေးခဲ့တယ်။ ငါက ဘာကို အားကိုးခဲ့တာလို့ ထင်လဲ။ ဒီချောမောတဲ့မျက်နှာကြောင့်ပဲ မဟုတ်ဘူးလား!"
အတိတ်အကြောင်းအရာများကို ပြောဆိုနေသည့်အခါတွင် လုလင်းသည် တစိုးတစင်းလေးမျှ ဖုံးကွယ်ထားခြင်းမရှိသည့်အပြင် အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေသည်။
အမှန်တကယ် အရည်အချင်းရှိပြီး ချောမောသည့်လူငယ်လေးတစ်ယောက်သည် မိန်းမကောင်းလေးတစ်ယောက်ကို လက်ထပ်နိုင်သည်ဟူသည့် အချက်က အမြဲတမ်း သက်သေပြလို့နေ၏။
လုမင်ဟွားကလဲ ခပ်တိုးတိုး ရယ်မောလိုက်ကာ နူးညံ့စွာဖြင့် ထောက်ခံလိုက်တော့သည်။ "ဟုတ်ပါတယ် ဟုတ်ပါတယ်။ ယိဖုက အချောဆုံးပါပဲ"
လုလင်းသည် အတိတ်ကို ပြန်လည်အောက်မေ့ရင်း မျက်ဝန်းထဲက အကြည့်တို့ကလဲ ပိုလို့ပင်နူးညံ့လာတော့၏။ "အဲဒီ့တုန်းက ငါနဲ့ ရှောင်ယွိရဲ့အမေက ငယ်ရွယ်လှတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အရမ်းကိုချစ်ခင်ကြတာ။ သူ လက်ထပ်ပြီး ၂နှစ်အကြာမှာပဲ ကိုယ်ဝန်ရလာခဲ့တယ်လေ"
"ဒါပေမဲ့ ကံဆိုးချင်တော့ မီးဖွားတဲ့အချိန်မှာ ခက်ခဲခဲ့ပြီး ရှောင်ယွိကို မွေးပြီးတဲ့နောက်မှာပဲ တခါလေးကြည့်ပြီး ထွက်ခွာသွားခဲ့တယ်"
ထိုစဥ်က နှလုံးသားကို ထိုးစိုက်ထားသည့်နာကျင်မှုသည် ၁၀နှစ်ကျော်ကြာအချိန်ကာလကို ဖြတ်သန်းပြီးနောက်တွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေသည်။
လုလင်းသည် ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် ပြန်ပြုံးရယ်ကာ ပြောလာခဲ့သည်။ "အတိတ်အကြောင်းအရာတွေကို မပြောတော့တာဘဲ ကောင်းပါတယ်။ နင် အရင်ပြန်နှင့်တော့။ ဒီကိစ္စကို ယိဖု တာဝန်ပဲထားလိုက်"
လုမင်ဟွားသည် နီးမြန်းနေသည့်မျက်နှာဖြင့် "အင်း"ဟု တစ်ချက်ပြန်ဖြေလိုက်ပြီးနောက် အရိုအသေပေးကာ နှုတ်ဆက်ထွက်ခွာသွားတော့သည်။
...
လမင်းကြီးသည် ကောင်းကင်ယံတွင် ထိန်ထိန်သာနေပြီး ညလေပြေကလဲ တိုက်ခတ်လို့နေလေ၏။
လုလင်းသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး လုမင်ယွိ၏အဆောင်သို့ သွားရောက်ခဲ့လေသည်။ သူသည် အစပိုင်းတွင်တော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရသဖြင့် အနည်းငယ် အံ့သြသွားတော့၏။ "ရှောင်ယွိရော"
ချီယွင်က လေသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။ "သခင်မလေးက ဒီနေ့ နန်းတော်ကနေပြန်လာပြီးနောက်ပိုင်း အိမ်ထဲမှာပဲနေတာ။ ဘယ်သူ့ကိုမှလဲ မတွေ့ဘူးတဲ့။ ကျွန်မ နေ့လယ်စာ သွားပို့ပေးပေမဲ့လည်း သခင်မလေးက တူကိုတောင်မှ မကိုင်ခဲ့ဘူးလေ။ ညနေစာ သွားပိုပေးပြန်တော့လည်း စားသလား မစားသလား မသိပါဘူး"
လုလင်းမှာ ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားတော့သည်။ "သူ နန်းတော်ထဲမှာ ဘာမတရားခံခဲ့ရလို့လဲ"
ချီယွင်ကလဲ ခပ်တိုးတိုး သက်ပြင်းချလိုက်ကာ "သခင်မလေးက စိတ်မကြည်လင်တော့ ဘာမေးခွန်းမှလဲ မမေးရဲပါဘူး"
လုလင်းသည် မျက်မှောင်ကြုတ်ကာ တံခါးခေါက်လိုက်လေသည်။ "ရှောင်ယွိ တံခါးဖွင့်ပါအုံး"
ခဏအကြာတွင်တော့ တံခါးက ပွင့်လာခဲ့သည်။
ရင်းနှီးနေသည့် မျက်နှာလေးတစ်ခုသည် ရှေ့တွင်ပေါ်ထွက်လာခဲ့၏။ လုလင်းက သမီးဖြစ်သူကို လှမ်းကြည့်လိုက်ပြီး သူ့ကို တစ်ချက်လောက် မြန်မြန်အကဲခတ်လိုက်၏။ သမီးဖြစ်သူက မျက်နှာညှိုးငယ်နေပြီး စိတ်ပျံ့နေသည့် အမူအရာ ဖြစ်နေသည်ကလွဲလျှင် အဆင်ပြေနေသည်ကို တွေ့ရသောအခါ စိတ်ထဲတွင် ကြိတ်ပြီးသက်ပြင်းချမိတော့သည်။
လူ ဘာမှမဖြစ်ရင် ပြီးတာပါပဲ။ တခြားကိစ္စတွေကိုတော့ ဖြည်းဖြည်းချင်း ဖြေရှင်းလို့ရပါတယ်။
"အဖေ" လုမင်ယွိသည် တနေ့လုံးနီးပါး အခန်းထဲတွင် ပိတ်လှောင်နေခဲ့လေသည်။ စိတ်ဓာတ်ကျနေခြင်းကလွဲလျှင် ဘာအဖြေတစ်ခုမှလည်း ရှာမတွေ့နိုင်ခဲ့ချေ။ ဒီအခိုက်အတန့်တွင် ပါးစပ်ကို ဖွင့်ဟလိုက်သည့်အခါ အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။ "အဖေ ပြန်လာပြီလား"
လုမင်ယွိသည် အဖေနှင့်တူသည်ဟု အားလုံးက ထင်မှတ်ကြသည်။
အမှန်တွင်တော့ လုမင်ယွိ၏ စိတ်နေသဘောထားသည် မိခင်ဖြစ်သူနှင့် ပိုပြီးတူလေသည်။
ပွင့်လင်းကာ ဖြောင့်မတ်ပြီး မီးလို စိတ်ဓာတ်ပြင်းပြသည်။ ကွေးညွှတ်ရမည်ထက် ကျိုးပဲ့ခံလိုက်ပေမည်။
သူ့တွင် ကျောက်မျက်ရတနာလေးတစ်ခုလို အလိုလိုက်ထားပြီး ပြုစုပျိုးထောင်လာခဲ့ရသည့် ဤကဲ့သို့သမီးလေးတစ်ယောက် ပိုင်ဆိုင်ထား၏။ ဘယ်တုန်းကမှ မတရားခံရခြင်း တစိုးတစမျှ မရှိခဲ့ဖူးချေ။
ယခုအချိန်တွင် လုမင်ယွိသည် ရှားရှားပါးပါး အားနည်းပြီး ညှိုးငယ်နေသည့်ဟန်ပန်ကို ပြသလာချိန်တွင် လုလင်း၏ရင်ထဲ၌ နာကျင်လွန်းသဖြင့် စုတ်ပြတ်သွားသလိုပင် ခံစားလိုက်ရတော့၏။ "ရှောင်ယွိ ဘာဖြစ်ခဲ့တာလဲ။ ဒီနေ့ နန်းတော်ထဲကို သွားတာ အဆင်မပြေခဲ့လို့လား။ တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်လိုက်လို့လား။ ချောင်မိဖရားခေါင်လား ဒါမှမဟုတ် ဘယ်သူလဲ"
အတွေးများက ပြည့်နှက်နေသော်ငြားလည်း စကားတစ်လုံးမှ ထုတ်မပြောနိုင်ခဲ့ချေ။
လုမင်ယွိသည် ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ တိုးတိုးလေး ပြောလိုက်လေသည်။ "ဘယ်သူမှ သမီးကို အနိုင်မကျင့်ပါဘူး။ ပြောရမယ်ဆိုရင် သမီးကသာ အရင်တုန်းက တစ်ခြားတစ်ယောက်အပေါ်မှာ မတော်မတရား လုပ်ခဲ့တဲ့ကိစ္စတစ်ခု ရှိခဲ့ဖူးတာ။ အခုကျတော့ အဲဒီ့တခြားတစ်ယောက်က ရုတ်တရက် သမီးရှေ့မှာ ပေါ်လာတယ်လေ။ အကြွေးလာတောင်းတဲ့သူတစ်ယောက်လိုပဲ"
သူကပဲ အကြွေးလာတောင်းတဲ့သူတစ်ယောက် ဖြစ်မနေတော့ဘူးလား။
ပြီးတော့ ဒီအကြွေးဆပ်တဲ့နည်းလမ်းကလဲ နည်းနည်းလေး ထူးဆန်းနေတယ်...
လုမင်ယွိသည် မနေနိုင်တော့ဘဲ သက်ပြင်းချမိလေသည်။
လုလင်းက မျက်မှောင်ကြုတ်နေသည့် သမီးဖြစ်သူကိုကြည့်ကာ ခဏလောက်စဥ်းစားလိုက်ပြီးမှ သွေးတိုးစမ်းကာ မေးလိုက်တော့၏။ "တတိယမင်းသားလား"
လုမင်ယွိက ခေါင်းခါပြလိုက်သည်။
လုလင်းမှာ ရုတ်တရက် သဘောပေါက်သွားတော့သည်။ "ဒုတိယမင်းသားပေါ့!"
လုမင်ယွိ၏ စိတ်အခြေအနေမှာ ရှုပ်ထွေး ပြီးနက်နဲသိမ်မွေ့လို့နေ၏။ "အဖေ ... ဘယ်လိုဖြစ်ပြီးတော့ တခါတည်းနဲ့ မှန်အောင်ခန့်မှန်းနိုင်တာလဲ!"
"ခန့်မှန်းစရာလိုလို့လား!" လုလင်းက မြန်မြန်ဆန်ဆန်ပင် ပြန်ဖြေလာခဲ့သည်။ "အဲဒီ့နေ့က ငါ နန်းတော်ထဲဝင်ပြီး ဧကရာဇ်ကို တွေ့ဆုံတော့ ဧကရာဇ်က ငါ့ကို ပြောတယ်လေ။ ဒုတိယမင်းသားနဲ့ တတိယမင်းသား နှစ်ယောက်စလုံးက နင့်ကို လက်ထပ်ခွင့်တောင်းတယ်တဲ့။ ငါက အိမ်ပါသားမက်ပဲ ခေါ်မယ်လို့ အကြောင်းပြချက်နဲ့ လက်ထပ်ပွဲကိုတားဆီးခဲ့တာ။ မဟုတ်ရင် ငါက ဒီမင်းသားနှစ်ယောက်ထဲက တစ်ယောက်ကို သားမက် တော်ရတော့မှာပေါ့"
"အိမ်တော်ပြန်ရောက်ပြီးတဲ့နောက်မှာ နင်ကလဲ အများကြီး မပြောချင်ဘူးထင်လို့ ငါကလဲ ဒုတိယမင်းသားအကြောင်းကို ထုတ်မပြောခဲ့ရတာလေ"
"အခု ဒီလောက်တောင် စိတ်ညစ်နေပြီး ပါးစပ်ကနေ အကြွေးတောင်းတယ် ဘာညာနဲ့ပြောနေတော့ စဥ်းစားကြည့်လိုက်ရုံနဲ့ သိတာပေါ့။ တတိယမင်းသားမဟုတ်ရင် ဒုတိယမင်းသားပဲ ဖြစ်တော့မှာပေါ့။ ဒါနဲ့ နင်က ဒုတိယမင်းသားအပေါ်မှာ ဘာများ မတရားလုပ်ခဲ့ဖူးလို့လဲ။ သူ့ကို ချစ်ခဲ့ပြီးမှ စွန့်ပစ်ခဲ့တာများလား"
လုမင်ယွိ "..."
...