← Chapters

ရှုပ်ထွေးပွေလီခြင်း...၃

Vol. 4 Ch. 60

ရှုပ်ထွေးပွေလီခြင်း...၃

Vol. 4 Ch. 60

တည်ငြိမ်ချင် ဟန်ဆောင်ထားသော်ငြားလည်း စိတ်လှုပ်ရှားတက်ကြွမှုတို့ဖြင့် ပြည့်နှက်နေသည့် ချောမောလှပသော လုလင်း၏ မျက်နှာကိုကြည့်ရင်း လုမင်ယွိ၏ခေါင်းမှာ ပိုလို့ပင် ကိုက်ခဲလာတော့သည်။

"ဒီလောက် အရေးကြီးတဲ့ကိစ္စကို အဖေက ဘာဖြစ်လို့ သမီးကို မပြောပြရတာလဲ" လုမင်ယွိ၏ နားထင်ကြောများမှာ တဒုတ်ဒုတ် ခုန်သွားပြီး အံကြိတ်ကာ ဖခင်ဖြစ်သူကို မေးမြန်းတော့သည်။

လုလင်းက အပြစ်ကင်းစင်သည့် ရုပ်လေးဖြင့် ပြောလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ်လေ အိမ်ပါသားမက်ကို ခေါ်ရမှာပဲ။ ဒီကိစ္စက လုံးဝအရေးမကြီးပါဘူး။ ပြီးတော့ အဲဒီ့အချိန်တုန်းက အဖေလဲသမီးကို မေးခဲ့သားပဲ"

ဘာမေးခွန်းလဲ။

လုမင်ယွိ၏ မှတ်ဉာဏ်ထဲတွင် ရက်အနည်းငယ်အကြာက မြင်ကွင်းတစ်ခုသည် လျင်မြန်စွာ ဖြတ်ပြေးသွားတော့သည်။

ရှောင်ယွိ ဒုတိယမင်းသားနဲ့ အရမ်းရင်းနှီးတာလား။

ဟုတ်တယ် ဒီမေးခွန်းပဲ။

အဲဒီ့အချိန်တုန်းက အများကြီးမ စဥ်းစားမိဘဲ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တာ။ ဒုတိယမင်းသားက အဲဒီ့အချိန်ကတည်းက သူမအပေါ်မှာ အကြံအစည်ရှိနေမယ်လို့ ဘယ်လိုလုပ်ပြီးတော့ ထင်ထားမှာလဲ။ တကယ်လို့သာ ဒုတိယမင်းသား ပြန်လည်မွေးဖွားလာတဲ့အကြောင်းကို စောစောစီးစီးသာ သိခဲ့မယ်ဆိုရင် ...

အင်း စောစောစီးစီးသိလဲ အသုံးဝင်မှာတော့ မဟုတ်ပါဘူး။

လုအိမ်တော်က ဒီမှာရှိနေတာပဲ။ ဒုတိယမင်းသားက အချိန်မရွေး လာတွေ့လို့ရတယ်။ သူမက ပုန်းချင်ရင်တောင် ပုန်းလို့လွတ်မှာ မဟုတ်ဘူး။

ဒီလို အကြွေးရှင်ရှေ့မှာ စိတ်မလုံမလဲဖြစ်ပြီး အားငယ်နေရတဲ့ ခံစားချက်တော့ ဒီလောက်နဲ့တင် လုံလောက်နေပါပြီ။

လုမင်ယွိသည် စိတ်ရှုပ်ထွေးစွာဖြင့် တံခါးကိုပိတ်လိုက်ပြီး အိပ်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့သည်။

လုလင်းကလဲ စိတ်ထဲတွင် အနည်းငယ် သဘောပေါက်သွားပြီး သိပ်ပြီး အလျင်မလိုတော့ချေ။ သူက ထိုင်ခုံတွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာ သမီးဖြစ်သူက စိတ်ရှုပ်ထွေးစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကိုသာ စောင့်ကြည့်နေလိုက်တော့၏။

လုမင်ယွိသည် အချိန်အကြာကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ပြီးမှ မကျေနပ်ချက်ဖြင့် ဖခင်ဖြစ်သူကို လှည့်ကြည့်လိုက်ကာ "အဖေ သမီးကို မနှစ်သိမ့်ပေးတော့ဘူးလား!"

"ဒါကို ဘယ်လိုလုပ်ပြီးတော့ နှစ်သိမ့်ပေးရမှာလဲ" လုလင်းက ပြုံးကာဖြင့် မေးလာလေသည်။ "ဒီလောကမှာ တခြား ဘယ်အကြွေးကိုမဆို အလွယ်တကူ ပြန်ဆပ်လို့ရတယ်။ ဒါပေမဲ့ အချစ်ကြွေးကတော့ ပြန်ဆက်ဖို့ အခက်ခဲဆုံးပဲ။ သမီးကိုယ်တိုင် ပြောခဲ့တယ်လေ။ ဒုတိယမင်းသားအပေါ်မှာ မတရားလုပ်ခဲ့ဖူးတယ်တဲ့။ အခု ဒုတိယမင်းသားက သမီးကို လာရှာပြီ။ သမီးက ဘယ်ကို ရှောင်ပြေးချင်နေတာလဲ"

လုမင်ယွိ "..."

သူမတင်တာက အချစ်ကြွေးမှ မဟုတ်တာ။

တင်နေတဲ့အကြွေးက ဒုတိယမင်းသားရဲ့ အသက်တစ်ချောင်းလေ။

ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပြန်ဆပ်လို့ရတယ်ဆိုရင်လည်း ထားပါတော့။ မဟုတ်ရင် ဒုတိယမင်းသားနဲ့သူမကြားမှာ သေမှပဲ အဆုံးသတ်သွားမဲ့ သွေးကြွေးရန်ငြိုးတစ်ခု ဖြစ်သွားလိမ့်မယ်။ သူမက ကိုယ့်အသက်ကို ဂရုမစိုက်ပေမဲ့ ဘာမှမသိတဲ့ အဖေနဲ့မောင်နှမတွေကို ဘယ်လိုလုပ်ပြီးတော့ ဒီဒုက္ခထဲဆွဲထည့်လို့ရမှာလဲ။

လုမင်ယွိသည် ရှည်လျားစွာ သက်ပြင်းချလိုက်တော့သည်။

လုလင်းက စိတ်ဝင်တစားဖြင့် သမီးဖြစ်သူကို ကြည့်ရင်းက ဆက်ပြီး ခန့်မှန်းလိုက်တော့သည်။ "အရင်တုန်းက သမီး ဒုတိယမင်းသားအကြောင်းပြောတာ တခါမှ မကြားဖူးပါဘူး။ တတိယမင်းသားအကြောင်းကိုပဲ ပြောဖူးတာပါ။ ကြည့်ရတာ သမီးနဲ့ ဒုတိယမင်းသားတို့ သိကျွမ်းတာ အချိန်သိပ်မကြာသေးဘူး ထင်တယ်။ နေအုံး။ မဟုတ်သေးဘူး။ ဒုတိယမင်းသားက ဒီတစ်ခေါက် အရှင်မင်းကြီးနဲ့အတူ စစ်ချီထွက်သွားခဲ့တာလေ။ မြို့တော်ထဲမှာ လုံးဝမရှိဘူး။ သမီးက ဘယ်လိုလုပ်ပြီးတော့ ဒုတိယမင်းသားနဲ့ ပတ်သက်မိသွားရတာလဲ"

"ဒါမှမဟုတ် သမီးက အစောကြီးကတည်းက ဒုတိယမင်းသားနဲ့ သိနေတာ ဖြစ်နိုင်တယ်။ ဒီတော့ လှေနံနှစ်ဖက်နင်းနေတာလား"

လုမင်ယွိ "..."

လုမင်ယွိသည် ဆက်ပြီးသည်းမခံနိုင်တော့ဘဲ မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်လေတော့သည်။ "သမီးက ဘယ်တုန်းက လှေနံနှစ်ဖက်နင်းလို့လဲ။ အဖေဟာလေ ဝတ္ထုစာအုပ်တွေ ဖတ်တာလွန်နေပါပြီ။ အဖေ့ဦးနှောက်ထဲက အရာတွေကလေ အဓိပ္ပါယ် မရှိတာကြီးဘဲ"

လုလင်းမှာ အနည်းငယ် နာကျင်သွားကာ သူ၏ ချောမောလှသည့် မျက်နှာသည် မသိမသာ ညိုမှိုင်းသွားတော့သည်။ "နင်က နင့်ရဲ့အတွေးတွေကို ဖုံးကွယ်ထားပြီး ငါ့ကိုလဲ ရှင်းရှင်းလင်းလင်း ပြောပြဖို့စိတ်ကူး မရှိဘူးလေ။ ငါ့ကိုဒီနေရာမှာ ဟိုဒီခန့်မှန်းခိုင်းထားတာ။ ငါက ဒီလိုပဲ လုပ်လို့ရတော့တယ် မဟုတ်ဘူးလား"

"ရှောင်ယွိ နင်က အရင်တုန်းကတော့ အဖေ့ရဲ့ထူးခြားတဲ့ အကြိုက်တွေကို အမြဲတမ်း ချီးကျူးခဲ့တာ။ အခုမှပဲ အဖေ့မှာ သိရတော့တယ်။ နင်က ကိုယ့်ရဲ့အဖေအရင်းကို ဒီလောက်တောင် သဘောမကျဖြစ်နေတာပဲ"

ပြောရင်းဆိုရင်း သူသည် ခေါင်းကို တစ်ဖက်သို့ အသာအယာလေး လှည့်သွားကာ နာကျင်သွားသည့်မျက်နှာကို ပြသလာလေသည်။

လုမင်ယွိမှာ ဒေါသလဲထွက်မိသလို ရယ်ချင်စိတ်လဲ ဖြစ်သွားတော့၏။

ခဏအကြာတွင် အပြုံးဖြင့် ရှေ့သို့တိုးကာ ဖခင်ဖြစ်သူ၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်ပြီး "ဟုတ်ပါပြီ။ သမီး မှားတာပါ။ သမီး အဖေ့ကို အဲလိုမပြောသင့်ပါဘူး။ ဒါပေမဲ့ သမီးကလဲ စိတ်ထဲမှာ သူ့ကို တစ်ခါမှ သဘောမကျခဲ့ဖူးဘူးလေ။ အဖေ့ရဲ့ခန့်မှန်းချက်တွေက အရမ်း ချဲ့ကားလွန်းနေတာမလို့ပါ"

အမှန်တွင်တော့ အဖြစ်မှန်သည် လုလင်း စိတ်ကူးယဥ်ထားသည်ထက်ပင် ပိုလို့ပင် ချဲ့ကားလှသေးသည်။

လုမင်ယွိသည် သက်ပြင်းချလို့ စိတ်ကိုထိန်းချုပ်ကာ ဖခင်ဖြစ်သူကို ဆက်ပြီးချော့မော့တော့၏။ "အဖေ စိတ်မဆိုးပါနဲ့တော့။ သမီးက အဖေ့ကို တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ တကယ့်ကို ပြောရခက်နေလို့ပါ"

လုလင်းသည် အင်္ကျီလက်ကို ဆွဲခံလိုက်ရသဖြင့် စိတ်ကလဲ တဝက်လောက် ပျော့ပျောင်းသွားပြီး ခေါင်းကို ပြန်လှည့်လာကာ ဒေါသတကြီးဖြင့် တုံ့ပြန်လေတော့သည်။ "ဒါဆိုရင်လည်း နင် အခု ရှင်းရှင်းလင်းလင်း ပြောစမ်းပါ!"

သူမ လျှောက်ခဲ့ဖူးသမျှလမ်းထဲတွင် အရှည်ဆုံးလမ်းမှာ သူမဖခင်နှင့်အတူ လျှောက်ရသည့်လမ်းပင်။

လုမင်ယွိသည် မျက်နှာပေါ်တွင် ညိုမည်းသွားသည့် အစင်းကြောင်းကြီးတစ်ခု ဖြစ်သွားကာ သူမ၏နှုတ်ခမ်းထောင့်ကလဲ တင်းနေအောင် စေ့ထားလိုက်ပြီး ခဏအကြာတွင်တော့ လေသံတိုးတိုးဖြင့် ပြောလာတော့သည်။ "ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက တတိယမင်းသားနဲ့သမီးတို့တွေ အတူတူအမဲလိုက်ထွက်ခဲ့တယ်လေ။ လမ်းမှာ ဒုတိယမင်းသားနဲ့ တွေ့ဆုံခဲ့တယ်။ သမီးတို့လဲ သူနဲ့အတူတူ သွားခဲ့တာပေါ့။ အမဲလိုက်နေတုန်းမှာ သမီးက မတော်တဆ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့မိတယ်။ ကံကောင်းချင်တော့ ဒဏ်ရာကလဲ သိပ်မပြင်းပါဘူး။ သူကလဲ ဒီကိစ္စကို ဇာမချဲ့ခဲ့ဘူးလေ။ ဘယ်သူ့မှလဲ ဒီအကြောင်းကို မသိခဲ့ကြဘူး"

"သမီးလဲ သူနဲ့အဲဒီ့တစ်ခါပဲ တွေ့ဖူးတာပါ။ သူက သမီးကို သဘောကျသွားပြီး လက်ထပ်ချင်နေလိမ့်မယ်လို့ တကယ် ထင်မထားမိခဲ့တာ။ ဒီတခေါက် ချောင်မိဖရားခေါင်က သမီးကို နန်းတော်ထဲဝင်ဖို့ ဆင့်ခေါ်ခဲ့တယ်။ အဲဒါကလည်း သူက ချောင်မိဖရားခေါင်ကို နောက်ကွယ်ကနေ တောင်းဆိုထားခဲ့တာတဲ့"

"သမီးကလဲ သူ့ရဲ့အပေါ်မှာ ကျေးဇူးကြွေး ကြီးကြီးငယ်ငယ်တွေ ရှိနေပေမဲ့လည်း သူ့ကို လက်ထပ်ဖို့တော့ တခါမှ မစဥ်းစားဖူးဘူးလေ"

အဖြစ်မှန်ကို ဘယ်နည်းနဲ့မှ ထုတ်ပြောလို့မရဘူး။

ဒီလိုပဲ ကြံမိကြံရာ အကြောင်းပြချက်ကိုပဲ ဖန်တီးရတော့မှာပဲ။

လုလင်းကလဲ စိတ်ဝင်တစားဖြင့် နားထောင်ရင်း ဖြတ်ပြောလာခဲ့သည်။ "ဒီတော့ ငါ အရင်တုန်းက ခန့်မှန်းခဲ့တာ မှန်နေတာပဲပေါ့။ နင် တကယ်ပဲ အချစ်ကြွေးတင်ပြီးတော့ လှေနံနှစ်ဖက်နင်းနေတာပဲလေ"

လုမင်ယွိ "..."

လုမင်ယွိ၏မျက်လုံးထဲတွင် မီးပွားများ ပွင့်လာမတတ်ပင် ဖြစ်လာတော့သည်။

လုလင်းကပြုံးကာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဖေက ရယ်စရာပြောတာပါ"

လုမင်ယွိက သုန်မှုန်စွာဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ ဆက်ပြောလိုက်သည်။ "ဒုတိယမင်းသားက ချောင်မိဖရားခေါင်ကို စည်းရုံးပြီး သမီးကို နန်းတော်ထဲကို ခေါ်ယူခိုင်းပြီး သီးသန့်တွေ့ဆုံခဲ့တာ။ သမီးအပေါ်မှာ သူ့ရဲ့စိတ်ရင်းကို ထုတ်ဖော်ပြောပြပြီး သမီးကိုလဲ ဇနီးအဖြစ် လက်ထပ်ချင်တယ်လို့ ပြောခဲ့တာ"

"သမီးက အိမ်ပါသားမက် လိုချင်တာလေ။ ဒီတော့ ဒုတိယမင်းသားကို ငြင်းပယ်ရမှာပေါ့။ ဒါပေမဲ့ ဒုတိယမင်းသားက ပြောတယ် သမီးက အိမ်ပါသားမက် ခေါ်တာကို ဘယ်တော့မှ မျက်စိမှိတ်ပြီး ရပ်ကြည့်နေမှာ မဟုတ်ဘူးတဲ့။ သမီးက တစ်ယောက်ကိုရွေးရင် သူက အဲဒီ့တစ်ယောက်ကို နှောက်ယှက်မယ်တဲ့။ ဒီလိုပဲ သမီးကို အချိန်ဆွဲထားပြီး နောက်ဆုံးတော့ သမီးကလဲ သူ့ကို လက်မထပ်ရင် မဖြစ်တဲ့အခြေအနေ ရောက်သွားမှာတဲ့လေ"

အကြောင်းအရာများမှာ အလွန်ပင် ယုတ္တိရှိနေသဖြင့် သူမကိုယ်တိုင်ပင် ယုံကြည်လုနီးပါး ဖြစ်သွားတော့သည်။

လုလင်းဆိုလျှင်တော့ ပြောရန်ပင် မလိုတော့ချေ။

စိတ်ကူးယဥ်တတ်သည့် ရှင်းယန်ဝမ်မှာ အလွန်လှပပြီး ခိုင်မြဲတည်ကြည်လှသည့် မြင်ကွင်းများကို စဥ်းစားမိလေတော့သည်။ သူ၏မျက်လုံးများက အံ့သြသွားသည့် အရိပ်တစ်ခုဖြင့် ရုတ်တရက် လင်းလက်လာကာ လွှတ်ခနဲ ပြောထွက်လာတော့သည်။ "ကောင်းတယ် ဒါကမှ အချစ်ကြီးပြီး သစ္စာရှိတဲ့ လူကောင်းလေးတစ်ယောက်ပဲ။ သူက ဟိုတုန်းက ငါနဲ့ယှဥ်ရင် နည်းနည်းလေးပဲ ဆိုးတာ။ ရှောင်ယွိ ဒီလောက်ကောင်းတဲ့သားမက်ကို အဖေကတော့ လက်လွှတ်မခံနိုင်ဘူး!"

...

နောက်ဆုံးတော့ အဖေ့ရဲ့အတားအဆီးကို အရင်ဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီ။

ဒီလိုယုတ္တိရှိတဲ့ အကြောင်းပြချက်နဲ့ဆိုရင် သူမက သဘောထားပြောင်းပြီး အိမ်ပါသားမက် မခေါ်တော့ဘဲ ဒုတိယမင်းသားကို လက်ထပ်ရင်တောင်မှ ထူးဆန်းတော့မှာမဟုတ်ဘူး။

အနည်းဆုံးတော့ မိသားစုဝင်တွေကို သံသယဖြစ်စေမှာ မဟုတ်တော့ဘူးလေ။

လုမင်ယွိသည် စိတ်အေးသွားကာ သက်ပြင်းလေး ခိုးချလိုက်ပြီး ပျော့ပျောင်းစွာဖြင့် ပြောလိုက်လေသည်။ "သမီးက အစကတော့ အိမ်ပါသားမက်ကိုခေါ်ပြီး နောက်ဆိုရင် အဖေနဲ့အတူ အချိန်အကြာကြီး ရှိမယ်လို့စဥ်းစားထားတာ။ ဒါပေမဲ့ ဒုတိယမင်းသားက သမီးကို အရမ်းစွဲလန်းနေတယ်ဆိုတော့ ..."

"အရမ်းစွဲလန်းနေတယ်ဆိုတာက နားထောင်ရတာ သိပ်တော့ မကောင်းပါဘူး။ ဒါက တကယ့်ကို မယိမ်းယိုင်တဲ့ အချစ်စစ်တစ်ခု ဖြစ်တယ်ဆိုတာကို ပြနေတာ ရှင်းနေတာပဲလေ" လုလင်းကလဲ ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

လုမင်ယွိကတော့ မကြားချင်ဟန်ဆောင်ကာ ဆက်ပြောလိုက်၏။ သမီးလဲ အရမ်းစိတ်ရှုပ်နေပါတယ်။ အခုအချိန်မှာ ဘာလုပ်ရမယ်မှန်းတောင် မသိတော့ဘူး။ ပြန်လာပြီးတဲ့နောက်မှာ တနေ့လုံးနီးပါး အိမ်ထဲမှာပဲ နေနေခဲ့တာ။ အခုထိလဲ မဆုံးဖြတ်ရသေးပါဘူး"

လုလင်းကလဲ ပြုံးပြီးသမီးဖြစ်သူကို နှစ်သိမ့်လေတော့သည်။ "ဒါက တစ်ဘဝစာ အရေးကိစ္စပဲလေ။ ဒီတော့ ဒီကိစ္စကို သေသေချာချာလေး ပိုပြီးစဥ်းစားသင့်ပါတယ်"

"စိတ်မညစ်ပါနဲ့လေ။ သမီးက လက်ထပ်ချင်တယ်ဆိုရင်လည်း လက်ထပ်။ လက်မထပ်ချင်ဘူး အိမ်ပါသားမက် ခေါ်ချင်တယ်ဆိုရင်လည်း သမီးသဘောပဲ။ ဒုတိယမင်းသားက ဘယ်လောက်ပဲ ကောင်းနေပါစေ။ သမီးကိုတော့ အတင်းအကျပ် လက်ထပ်ယူလို့ မရပါဘူး"

အကြွေးကိုတော့ မဆပ်ပဲနေလို့မရဘူးလေ။ တကယ်လို့ ကြွေးရှင်ကသာ အကြွေးလာတောင်းရင် ပြန်မဆပ်လို့ ဘယ်ဖြစ်ပါ့မလဲ။

လုမင်ယွိသည် ရင်ထဲတွင် လေးပင်စွာ သက်ပြင်းချလိုက်သော်ငြားလည်း သူမ၏အမူအရာကတော့ တည်ငြိမ်နေဆဲပင်။ "သမီး ဒုတိယမင်းသားကို ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခဏလောက်တော့ စဥ်းစားလိုက်အုံးမယ်။ ပြီးရင် ဆံထိုးတင်ပွဲအခမ်းအနားပြီးမှ အဖြေပြန်ပေးမယ်လို့ ပြောထားတယ်"

လုလင်းကလဲ ခေါင်းညိမ့်ကာ ထရပ်လိုက်ပြီး လုမင်ယွိ၏ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်၏။ "ရှောင်ယွိ စိတ်မပူနဲ့။ အဖေက သမီးအတွက် အားလုံးကို တာဝန်ယူပေးမယ်။ သမီးအိမ်မှာ နေရတာပျင်းရင် မနက်ဖြန်ကျရင် ရှန်းအိမ်တော်ကို သွားလည်လေ။ အပျင်းပြေ သမီးရဲ့ဒုတိယယောင်းမလေးနဲ့ သွားစကားပြောပေါ့"

ရင်းနှီးနေကြ စကားသံများသည် ကြည်နူးဖွယ်ဝမ်းနည်းမှုတို့ ရောယှက်နေပြီး တပြိုင်တည်း သူမ၏ရင်ထဲသို့ တိုးဝင်လာတော့သည်။

လုမင်ယွိ၏ နှာခေါင်းမှာ အနည်းငယ် မွှန်ထူသွားသလို ခံစားလိုက်ရပြီး အင်းဟုသာ ဆို့နစ်စွာဖြင့် ပြောလိုက်ရလေသည်။

...

All Chapters