← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 20 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 20 Ch. 311-312

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၁၁ ။ ရေဝဲထဲက အရှင်မင်းကြီးနှင့် တပ်မှူးချုပ်

ဘယ်ဧကရာဇ်ကမှ ရက်စက်ပြီး နှလုံးသားမရှိတဲ့သူဆိုတဲ့ နာမည်မျိုး မရချင်ကြပါဘူး။ တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်က ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေအပေါ်မှာတောင် ရက်စက်နိုင်တယ်ဆိုရင် ပြည်သူတွေအပေါ် ဘယ်လောက်ကောင်းနိုင်မှာလဲ။ တော်ဝင်ဆွေမျိုးတွေက လမ်းမလယ်ခေါင်မှာ နဉ်ရှောင်ယောင်းကို တားဆီးပြီး မြို့တော်ကနေ ထွက်ခွာခွင့်တောင်းခဲ့ကြတာက နဉ်ရှောင်ယောင်းအနေနဲ့ သေဆုံးပြီးနောက် နာမည်ကောင်း ကျန်ရစ်ချင်တဲ့အတွက် သူတို့တောင်းဆိုတာကို လိုက်လျောလိမ့်မယ်လို့ ထင်ထားကြလို့ပါ။ ဒါပေမဲ့ လက်ရှိအုပ်စိုးနေတဲ့ ဧကရာဇ်က မွေးကတည်းက အရှက်မရှိတဲ့လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ တော်ဝင်ဆွေမျိုးတွေ လုံးဝ ထင်မထားခဲ့ကြဘူး...

"ဒုသခင်လေး" နဉ်ရှောင်ယောင်းက ဖေ့ယင်ကို ပြောလိုက်သည်။ "မင်းကို ဒုက္ခပေးရတော့မယ်။ တော်ဝင်ဆွေမျိုးတွေကို နန်းတော်ထဲ ပြန်ပို့ပေးပါ"

"နန်းတော်ရဲ့ ဘယ်နေရာကို ပို့ရမလဲ" ဖေ့ယင် မေးလိုက်သည်။

"ပြစ်ဒဏ်ပေးခန်းမ" နဉ်ရှောင်ယောင်း တိုတိုနဲ့လိုရင်းသာပြောလိုက်သည်။

"အရှင်မင်းကြီး!" 'ပြစ်ဒဏ်ပေးခန်းမ' ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာနဲ့ မင်းသားရှီ လုံးဝ စိတ်ဓာတ်ကျသွားသည်။ တော်ဝင်ဆွေမျိုးတွေမှာ နန်းတော်ထဲမှာ သူလျှိုတွေ ရှိကြသည်။ ဒုတိယမင်းသား ပြစ်ဒဏ်ပေးခန်းမထဲမှာ သေဆုံးသွားခဲ့တယ်ဆိုတာ သူတို့ ကောင်းကောင်းသိကြသည်။

အခု အရှင်မင်းကြီးက သူတို့ကို ပြစ်ဒဏ်ပေးခန်းမထဲမှာ ချုပ်နှောင်ထားချင်တယ်ဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေတင်မကဘဲ အသက်ကိုပါ လိုချင်နေတာလား။

"ငါ့ကို အတင်းအကျပ် အင်အားသုံးခိုင်းမနေနဲ့" နဉ်ရှောင်ယောင်း အားပျော့ခွေနေသော မင်းသားရှီကို ကြည့်ပြီး ပြောလိုက်သည်။ "ငါတို့ စစ်တိုက်လို့ မပြီးသေးဘူး။ နန်းတော်ထဲမှာ လုံခြုံတဲ့နေရာ သုံးခုပဲ ရှိတယ်။ မင်းတို့က မယ်တော်ကြီးနန်းဆောင်မှာ နေနိုင်မယ် ထင်နေတာလား။ ထိုက်ဟွာခန်းမကလည်း မင်းတို့နေလို့ရတဲ့နေရာ မဟုတ်ဘူး။ ဒါကြောင့် ပြစ်ဒဏ်ပေးခန်းမပဲ ကျန်တော့တယ်။ 'ပြစ်ဒဏ်ပေးခန်းမ' ဆိုတဲ့ နာမည်ကို မကြိုက်ရင် နာမည်ပြောင်းလိုက်လို့ ရတာပဲ"

အခုအချိန်မှာတော့ အရှင်မင်းကြီးက လူစကားနားမလည်မှန်း တော်ဝင်ဆွေမျိုးတွေ သဘောပေါက်သွားကြပြီ။

နာမည် ဘယ်လိုပြောင်းပြောင်း လူတွေကို ချုပ်နှောင်တဲ့နေရာက ချုပ်နှောင်တဲ့နေရာပဲ မဟုတ်ဘူးလား?!

"အမိန့်တော်အတိုင်းပါ" ဖေ့ယင် နဉ်ရှောင်ယောင်းကို ဦးညွှတ်ပြီး အမိန့်ကို လက်ခံလိုက်သည်။

"အင်း" နဉ်ရှောင်ယောင်း မျက်နှာရှည်ကြီးဖြင့် ခေါင်းညိတ်လိုက်သည်။ ဒီတစ်ခါတော့ သူမအနောက်က တော်ဝင်ဆွေမျိုးတွေ အော်ဟစ်နေတာကို ဂရုမစိုက်တော့ပေ။ နဉ်ရှောင်ယောင်း လှည့်ပြီး ဝေါယာဉ်ပေါ် တက်လိုက်သည်။

"အရှင်မင်းကြီးကို နန်းတော်အထိ လိုက်ပို့လိုက်" ဖေ့ယင်က သူ့ဘေးနားရှိ လက်ထောက်စစ်သူကြီးနှစ်ဦးကို ညွှန်ကြားလိုက်သည်။

လက်ထောက်စစ်သူကြီးနှစ်ဦး အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

စစ်သည်နှစ်ဦး ဝေါယာဉ်ကို မ,လိုက်ပြီး လူတိုင်း နဉ်ရှောင်ယောင်းကို ခြံရံလျက် နန်းတော်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားကြသည်။

ဖေ့ယင် စစ်သည်တစ်ဖွဲ့ကို လက်ယပ်ခေါ်လိုက်သည်။ သူ မင်းသားရှီနှင့် မင်းသားချီကို ပြောလိုက်သည်။ "မင်းသားနှစ်ပါး... ကြွပါ"

မင်းသားရှီ ဖေ့ယင်ကို လက်ညှိုးထိုးပြီး ဆူပူရန် ပြင်လိုက်သည်။ ဖေ့ယင်က မင်းသားရှီကို ပါးစပ်ဟခွင့် မပေးတော့ပေ။ သူ အမိန့်ပေးလိုက်သည်။

"သူ့ကို ခေါ်သွား"

စစ်သည်တွေက အရှင်မင်းကြီးရဲ့စကားကို ကြားပြီးသား။ အရှင်မင်းကြီးတောင် အရှက်မရှိဘူးလို့ ဝန်ခံထားတာ၊ သူတို့က ဘာကိစ္စ ဒီမင်းသားတွေကို ယဉ်ကျေးပြနေရမှာလဲ။ စစ်သည်များ ဝိုင်းအုံလာပြီး တယုတယနေတတ်သော တော်ဝင်ဆွေမျိုးများကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ခုခံသူများကို တရွတ်တိုက် ဆွဲခေါ်သွားကြသည်။

....

လူအုပ်ကြီး နန်းတော်ဆီသို့ ဆက်လက်ရွေ့လျားသွားကြသည်။ သို့သော် နဉ်ရှောင်ယောင်း နန်းတော်သို့ မရောက်မီမှာပင် အရှင်မင်းကြီးက တော်ဝင်ဆွေမျိုးများ၏ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို ပြန်လည်သိမ်းယူမည်ဆိုသော သတင်းသည် မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားလေသည်။

"မြို့ထဲကလူတွေ မထွက်သွားကြဘူးလား" နဉ်ရှောင်ယောင်း ထိုက်ဟွာခန်းမ လှေကားထစ်များအောက်တွင် ရပ်ပြီး အကြီးဆုံးသခင်လေးနဉ်နှင့် ဟုကော်ကုန်းတို့ကို ကြောင်တောင်တောင် မျက်နှာဖြင့် ကြည့်နေသည်။ "သတင်းက ဘယ်လိုပျံ့သွားတာလဲ။ ငါက မွေးကတည်းက အရှက်မရှိတဲ့လူဆိုတာ လူတိုင်း သိကုန်ကြပြီလား"

လှေကားအောက်ရှိ လူများ - ... အဲဒါ အဓိကအချက် မဟုတ်ဘူးလေ။

"အဘိုးကြီး အိမ်ပြန်သွားပြီလား" နဉ်ရှောင်ယောင်း မျှော်လင့်ချက်အပြည့်ဖြင့် အသံကို နှိမ့်ပြီး မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က ပြောသည်။ "အရှင်မင်းကြီး... ရှဲ့ဝမ်ယွမ်ကရော ဘယ်လိုလဲ"

"အယ်... သူ ထွက်ပြေးသွားတယ်" နဉ်ရှောင်ယောင်း ပြန်ဖြေသည်။ "သူ့ကို သူပုန်တပ်တွေ ကယ်သွားတာ။ စစ်သေနာပတိချုပ်နဲ့ စစ်သူကြီးရွှီက တပ်တွေခေါ်ပြီး ရှန်းမြို့ဘက်ကို ထွက်သွားကြပြီ"

"သူ့ကို ဘယ်သူ ကယ်သွားတာလဲ" ဟုကော်ကုန်း မယုံနိုင်စွာ မေးလိုက်သည်။

"သူပုန်တပ်တွေလေ။ လှည့်လည်သွားလာနေတဲ့ ဓားပြတွေလို့လည်း ခေါ်ကြတယ်" နဉ်ရှောင်ယောင်း ရှင်းပြသည်။

ဟုကော်ကုန်း အချိန်အတော်ကြာ ကြောင်တောင်တောင် ရပ်နေမိသည်။ နောက်ဆုံးတွင် သူ လက်သီးဆုပ်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ "သောက်ကျိုးနည်း!"

အကြီးဆုံးသခင်လေးနဉ်က ပြောသည်။ "ပုန်ကန်သူတွေက အရှင်မင်းကြီး ရှဲ့ဝမ်ယွမ်ကို သတ်ပြီးရင် သူတို့ကို အာရုံစိုက်လာမှာ စိုးရိမ်နေကြပုံရတယ်"

"ရှန့်နုံက ရှဲ့ဝမ်ယွမ် အသက်ရှင်နေရင် အကျိုးအမြတ်ရနိုင်မယ်လို့ ထင်နေတာလား" ဟုကော်ကုန်း ဒေါသထွက်နေသည်။

"သူက တောင်ပေါ်မှာထိုင်ပြီး ကျားနှစ်ကောင် ကိုက်တာကို ကြည့်ချင်နေတာ။ သူက နောက်ဆုံးကျန်ရစ်မယ့်သူ ဖြစ်ချင်နေတာ" အကြီးဆုံးသခင်လေးနဉ် တိုးတိုးလေး ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက ပြောသည်။ "အစ်ကိုကြီးနဉ်... အစ်ကိုကြီးနဲ့ စစ်သေနာပတိချုပ် ပြောတာချင်း တူနေတယ်"

"စစ်သေနာပတိချုပ်က ရှန်းမြို့မှာ ရှဲ့ဝမ်ယွမ်ကို တားဆီးနိုင်ပါ့မလား" ဟုကော်ကုန်း မေးလိုက်သည်။

နဉ်ရှောင်ယောင်း လက်ဖြန့်ပြလိုက်သည်။ ဘယ်သူ သိမှာလဲ။

"ငါတို့ အကောင်းဆုံး ကြိုးစားပြီး ကျန်တာကို ကံတရားအတိုင်း လွှတ်ထားလိုက်ရုံပဲ ရှိတော့မယ်" အကြီးဆုံးသခင်လေးနဉ် ရေရွတ်လိုက်သည်။

ဟုကော်ကုန်းရော နဉ်ရှောင်ယောင်းပါ ဒီအဖြေကို မကြိုက်ကြပေ။ ကံတရားအတိုင်း လွှတ်ထားလိုက်တယ်ဆိုတာ သေမယ့်ရက်ကို ထိုင်စောင့်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် နဉ်ရှောင်ယောင်းနှင့် ဟုကော်ကုန်းတို့သည် အကြီးဆုံးသခင်လေးနဉ်ကို ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့ကြပေ။ တကယ်ပဲ ကံတရားကို ပုံအပ်လိုက်ရတော့မှာလား။

"သောက်ကျိုးနည်း" ဟုကော်ကုန်း ထပ်မံ ကျိန်ဆဲလိုက်သည်။

နဉ်ရှောင်ယောင်း ပါးစပ်ဟပြီး သူ့နောက်လိုက်ကာ စကားအနည်းငယ် ကျိန်ဆဲချင်နေသည်။ ထိုအချိန်တွင် ထိုက်ဟွာခန်းမထဲမှ အမိုးပြိုကျသံ ထွက်ပေါ်လာသည်။ 'ဘုန်း!' လူတိုင်း၏ ခြေရင်းအောက်မှ ကြမ်းပြင် သုံးကြိမ်တိုင်တိုင် တုန်ခါသွားသည်။

"ဘာဖြစ်တာလဲ" နဉ်ရှောင်ယောင်း လန့်ဖျပ်ပြီး အော်လိုက်သည်။

"နန်းဆောင်အိပ်ခန်း ပြိုကျသွားပြီ!"

ထိုက်ဟွာခန်းမ အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအော်ဟစ်သံများနှင့်အတူ နံရံများနှင့် အမိုးများ ထပ်မံပြိုကျသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"အား..." နဉ်ရှောင်ယောင်း ခေါင်းကို အုပ်ပြီး အဆက်မပြတ် အော်ဟစ်ရင်း ထိုက်ဟွာခန်းမ လှေကားထစ်များပေါ်သို့ ပြေးတက်သွားသည်။ သူမရဲ့ နန်းဆောင်အိပ်ခန်းလေး!

လှေကားအောက်ရှိ လူများ သတိပြန်ဝင်လာချိန်တွင် နဉ်ရှောင်ယောင်းသည် ထိုက်ဟွာခန်းမထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။

"သူပုန်တပ်တွေ ရှိနေတုန်းလား" ဟုကော်ကုန်း စိတ်ရှုပ်ထွေးသွားသည်။

ဘေးမှ နဂါးအစောင့်တပ်သားများ မျက်နှာပျက်နေကြသည်။ နန်းဆောင်အိပ်ခန်းက နောက်ဆုံးတော့ ပြိုကျသွားပြီပဲ။

"ဘာဖြစ်တာလဲ" အကြီးဆုံးသခင်လေးနဉ် နဂါးအစောင့်တပ်သားကို ကြည့်ပြီး မေးလိုက်သည်။

"နန်းဆောင်အိပ်ခန်း ရေမြုပ်သွားလို့ပါ" နဂါးအစောင့်တပ်သားက ပြန်ဖြေသည်။

"ဘာပြောလိုက်တာလဲ" ဟုကော်ကုန်း ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားပြန်သည်။ ထိုက်ဟွာခန်းမက နန်းဆောင်အိပ်ခန်းကို ရေမြုပ်စေနိုင်လောက်တဲ့အထိ ရေတွေ ဘယ်ကရတာလဲ။

"အရှင်မင်းကြီးက စစ်သေနာပတိချုပ်နဲ့ သိုင်းပညာ ပြိုင်ခဲ့တာပါ" နဂါးအစောင့်တပ်သားလေးက ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီးက ကြမ်းပြင်ကို ရိုက်ခွဲလိုက်တော့ မြေအောက်ရေတွေ ပန်းထွက်လာတာ"

ဟုကော်ကုန်း သူ့ကို ကြည့်လိုက်သည်။ အရှင်မင်းကြီးက မြေအောက်ရေတွေ ပန်းထွက်လာအောင် ကြမ်းပြင်ကို ရိုက်ခွဲနိုင်တယ်ဆိုတာ သူ ယုံသည်။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက အမြောက်ကြီးတစ်လက်ကို မ,ပြီး လမ်းတစ်လမ်းလုံး ပျက်စီးအောင် လုပ်ခဲ့သေးတာပဲလေ။ "ဘယ်သူနိုင်လဲ" ဟုကော်ကုန်း မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ် ပါးစပ်အုပ်ပြီး ချောင်းဟန့်ချင်သော်လည်း နောက်ဆုံးတွင် အသံမထွက်ခဲ့ပေ။ အကြီးဆုံးသခင်လေးနဉ် ရှေ့သို့လှမ်းပြီး လှေကားပေါ် တက်သွားလိုက်သည်။ သူ့ညီမလေးနားက လူတွေ ဘယ်သူမှ ပုံမှန်မဟုတ်ကြဘူး။ ဒီလူတွေကို ကြည့်ရုံနဲ့တင် သူ့ညီမလေးရဲ့ နေ့ရက်တွေ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ သိနိုင်တယ်။ (စာရေးသူ - ဟေး... ဟေး... အကြီးဆုံးသခင်လေးနဉ်... အဲဒီလို မတွေးပါနဲ့~)

နဉ်ရှောင်ယောင်း ရေကန်ရှေ့တွင် ရပ်နေသည်။ နန်းဆောင်အိပ်ခန်း၊ ဥယျာဉ်နှင့် ခြံစည်းရိုးနံရံများ မရှိတော့ပေ။ အဲဒီ တရုတ်ထီးပင်အိုကြီးသာ ရေလယ်ခေါင်တွင် ကြံ့ကြံ့ခံ ရပ်တည်နေသည်။

"ဒီအပင်ကိုလည်း ကယ်လို့ရမှာ မဟုတ်လောက်ဘူးနော်" နဉ်ရှောင်ယောင်းဘေးမှ နဂါးအစောင့်တပ်သားတစ်ဦး ရေရွတ်လိုက်သည်။

နဉ်ရှောင်ယောင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာသည်။ ယင်းဖုန်း ထိုနဂါးအစောင့်တပ်သားကို စိုက်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်းကို နှစ်သိမ့်ပေးလိုက်သည်။ "အရှင်မင်းကြီး... အဆင်ပြေပါတယ်။ သစ်ပင်က ရေနစ်ပြီး မသေနိုင်ပါဘူး"

နဂါးအစောင့်တပ်သား - ... အစ်ကိုကြီး... အရှင်မင်းကြီးကို ငတုံးလို့ သဘောထားနေတာလား။

နဉ်ရှောင်ယောင်း နှာရည်ရှုံ့လိုက်သည်။ "တကယ်လား"

နဂါးအစောင့်တပ်သားများ တိတ်ဆိတ်သွားကြသည်။ အရှင်မင်းကြီးသည် ကောင်းကင်ကို ထိုးဖောက်နိုင်စွမ်းရှိသော ထက်မြက်သူတစ်ဦးဖြစ်ပြီး ငတုံးနှင့် လုံးဝမသက်ဆိုင်ကြောင်း သူတို့ ယုံကြည်ထားသင့်သည်။

"ဟုတ်ပါတယ်၊ တကယ်ပါ အရှင်မင်းကြီး" တပ်မှူးချုပ်ယင်းဖုန်းသည် အရှက်မရှိဘဲ ပေါက်ကရတွေ ပြောနေသည်။ ဘာပဲဖြစ်ဖြစ် ဒီအပင်သေသေရှင်ရှင် သူ့ကို ပြန်ရန်တွေ့နိုင်မှာ မဟုတ်ဘူးလေ။

ထိုအချိန်တွင် ဟုကော်ကုန်းနှင့် အကြီးဆုံးသခင်လေးနဉ်တို့သည် ထိုက်ဟွာခန်းမဝင်ပေါက်တွင် အကြီးအကဲလီ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ဟုကော်ကုန်း အကြီးအကဲလီကို နှုတ်ဆက်ပြီးနောက် ပြောလိုက်သည်။ "အကြီးအကဲ... ကျွန်တော် အရှင်မင်းကြီး အခြေအနေကို အရင်သွားကြည့်လိုက်ဦးမယ်။ ယွဲ့ပြည်နယ်မြို့စားအိမ်တော်ရဲ့ အမွေဆက်ခံသူနဲ့ အရင် စကားပြောနှင့်ပါ"

အကြီးဆုံးသခင်လေးနဉ် ဟုကော်ကုန်းကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ "ဒီနှိမ့်ချသူက နယ်စပ်မှာ တာဝန်ကျနေတာဆိုတော့ နန်းတွင်းကိစ္စတွေကို သိပ်မသိပါဘူး။ ဟုကော်ကုန်းပဲ နေခဲ့တာ ပိုကောင်းပါလိမ့်မယ်"

ဟုကော်ကုန်း အကြီးဆုံးသခင်လေးနဉ်၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း 'ပြုံးနေတဲ့ ကျား' ဆိုသော စကားလုံးကို တွေးမိလိုက်သည်။

အကြီးအကဲလီ သူတို့နှစ်ဦးကြားမှ ပွတ်တိုက်မှုကို ဂရုစိုက်ဖို့ အချိန်မရှိပေ။ သူ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဒီအဘိုးကြီး အရှင်မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်"

"အကြီးအကဲ" ဟုကော်ကုန်း ဗလောင်လဲ ပြောလိုက်သည်။ "နန်းဆောင်အိပ်ခန်း ပြိုကျသွားပြီ။ အရှင်မင်းကြီး အကြီးအကဲကို တွေ့ဖို့ မအားသေးပါဘူး"

အကြီးအကဲလီ လန့်သွားသည်။ "နန်းဆောင်အိပ်ခန်းက ဘာလို့ ပြိုကျသွားတာလဲ"

ဟုကော်ကုန်း နဂါးအစောင့်တပ်သား ပြောခဲ့သည့်အတိုင်း အကြီးအကဲလီကို ပြန်ပြောပြလိုက်သည်။ အကြီးအကဲလီ အာမေဋိတ်သံ ပြုလိုက်သည်။

"မင်းတို့က ဒီအဘိုးကြီးကို စနောက်ရတာ ပျော်နေကြတာလား။ ဒါ နောက်ရမယ့်အချိန်လို့ ထင်နေလား။ ဒါမှမဟုတ် ရှဲ့ဝမ်ယွမ် ရှုံးသွားပြီဆိုတော့ အရာအားလုံး အဆင်ပြေသွားပြီလို့ ထင်နေတာလား!"

ဟုကော်ကုန်း အလွန်မတရားခံရသလို ခံစားလိုက်ရသည်။ "တကယ် အမှန်ပါ အကြီးအကဲလီ"

"မျိုးနွယ်စုဝင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေကို ပြန်သိမ်းမယ့်ကိစ္စကို မင်းတို့ ကြားပြီးကြပြီလား" အကြီးအကဲလီသည် ဟုကော်ကုန်းနှင့် ရေလွှမ်းမိုးခြင်းအကြောင်း ဆက်မပြောတော့ဘဲ အကြီးဆုံးသခင်လေးနဉ်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ်၏မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ဒီအဘိုးကြီး ဘာကိုစိုးရိမ်နေလဲဆိုတာ သူ ချက်ချင်း သဘောပေါက်လိုက်သည်။

ယွဲ့ပြည်နယ်မြို့စားအိမ်တော်က အကျိုးအမြတ်မရှိဘဲ အရှင်မင်းကြီးဘက်ကို ဘာလို့ ပါလာမှာလဲ။ အရှင်မင်းကြီးက ပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေကို အလျင်အမြန် ပြန်သိမ်းချင်နေတာက မြေပိုင်ရှင်တွေလက်ထဲက အကျိုးအမြတ်တွေကို ယူပြီး ရှဲ့ဝမ်ယွမ်ကို တိုက်ခိုက်ရာမှာ ကူညီပေးတဲ့သူတွေကို ခွဲဝေပေးချင်လို့များလား။

"အရှင်မင်းကြီးက ပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေကို ပြန်သိမ်းချင်တယ်ဆိုရင် မြေပိုင်ဆိုင်မှုမရှိဘဲနဲ့ တော်ဝင်ဆွေမျိုးတွေ အများကြီးကို ဘယ်လိုလုပ် ကျွေးမွေးထားနိုင်မှာလဲ" အကြီးအကဲလီ တိုးတိုးလေး ပြောလိုက်သည်။ "ပိုင်ဆိုင်မှုနဲ့ အခွင့်အရေးဆိုတာ စိတ်ကူးပေါက်ရုံနဲ့ ပြန်သိမ်းလို့ရတာမှ မဟုတ်တာ။ ပြီးရင် လယ်မြေတွေကို ဘယ်လို ခွဲဝေပေးမှာလဲ။ သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ဘယ်လို ပြန်စီစဉ်ပေးမလဲ။ မင်းသားအိမ်တော်တွေမှာ ဘယ်သူတွေကို နေခွင့်ပေးမလဲ။ ဒီကိစ္စတွေအကုန်လုံး ဆွေးနွေးဖို့ လိုတယ်။ အရှင်မင်းကြီးက ဒီလိုဖြစ်နေတော့..." အကြီးအကဲလီ ဟုကော်ကုန်းဘက်သို့ ပြန်ကြည့်လိုက်သည်။

ဟုကော်ကုန်း သေချင်ယောင်ဆောင်နေသည်။ ဘာပဲဖြစ်ဖြစ် သူ့ညီက အရှင်မင်းကြီးကို မြှောက်ပေးလိုက်တာပါလို့ ထုတ်ပြောလို့ မဖြစ်ဘူးလေ။

"ဒီအဘိုးကြီးအတွက် သွားအကြောင်းကြားပေးပါ" အကြီးအကဲလီက ဘေးမှ နဂါးအစောင့်တပ်သားကို ညွှန်ကြားလိုက်သည်။ "လက်အောက်ငယ်သား လီဝူချီ အရှင်မင်းကြီးကို တွေ့ခွင့်တောင်းပါတယ်လို့"

နဂါးအစောင့်တပ်သား ခြေကုန်သုတ်ပြီး ထိုက်ဟွာခန်းမဆီသို့ ချက်ချင်း ပြေးသွားလိုက်သည်။

....

ထိုအချိန်တွင် နဉ်ရှောင်ယောင်း ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ရေထဲတွင် အကြာကြီး စိမ်ထားရင် သစ်ပင်ကြီး သေချာပေါက် သေသွားလိမ့်မယ်လို့ သူမ ခံစားမိသည်။ (စာရေးသူ - ဒီလိုကိစ္စမျိုးကို နင် စဉ်းစားနေဖို့ လိုသေးလို့လား။ o(╯□╰)o)

ယင်းဖုန်းလည်း နဉ်ရှောင်ယောင်းနောက်သို့ လိုက်ပြီး ရေထဲခုန်ဆင်းရုံသာ တတ်နိုင်တော့သည်။

"အရှင်မင်းကြီး... အဲဒါ သစ်ပင်တစ်ပင်ပဲလေ"

"ငါ့အိမ် မရှိတော့ဘူး၊ ငါ့ဥယျာဉ် မရှိတော့ဘူး၊ ငါ့ခြံစည်းရိုးနံရံလည်း မရှိတော့ဘူး" နဉ်ရှောင်ယောင်း၏ ခန္ဓာကိုယ်တစ်ဝက် ရေထဲရောက်နေသည်။ သူမ ရေထဲတွင် လမ်းလျှောက်ပြီး တရုတ်ထီးပင်အိုကြီးရှိရာသို့ သွားလိုက်သည်။ "ဒီသစ်ပင်ကိုပါ အဆုံးရှုံးခံရဦးမှာလား"

အိမ်မရှိတော့ဘူး၊ ဥယျာဉ်မရှိတော့ဘူး၊ ခြံစည်းရိုးနံရံလည်း မရှိတော့ဘူး။ သစ်ပင်တစ်ပင် ထပ်မရှိတော့ရင်လည်း ဘာထူးမှာမို့လို့လဲ။

ယင်းဖုန်း နဉ်ရှောင်ယောင်းနောက်လိုက်ရင်း မယုံနိုင်လောက်အောင် စိတ်ရှုပ်ထွေးနေသည်။ သူ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"လူကို ရွှေ့ရင် အသက်ရှင်တယ်။ သစ်ပင်ကို ရွှေ့ရင် သေတယ်။ အရှင်မင်းကြီး... ဒီသစ်ပင်ကို ရွှေ့ဖို့ နည်းလမ်းမရှိပါဘူး"

နဉ်ရှောင်ယောင်းက ပြောသည်။ "အဆင်ပြေပါတယ်။ နှုတ်ပြီး ပြန်စိုက်ရင် ရပါတယ်။ အမြစ်တွေ မပျက်စီးသရွေ့ သစ်ပင်ကြီးက သေချာပေါက် ရှင်သန်မှာပါ"

"ဒါဆို သစ်ပင်နှုတ်ဖို့ လူသွားရှာလိုက်မယ်" ယင်းဖုန်း ထပ်မံအကြံပြုလိုက်သည်။

နဉ်ရှောင်ယောင်း တရုတ်ထီးပင်အောက်တွင် ရပ်နေသည်။ သူမ ဒီမှာ ရောက်နေပြီလေ။ တခြားလူ ဘာလို့ လိုဦးမှာလဲ။

ယင်းဖုန်း တရုတ်ထီးပင်၏ပင်စည်ကို ထိကြည့်လိုက်သည်။ ဒီပင်စည်ကို ဖက်ဖို့ဆိုရင် လူကောင်ထွားထွား နှစ်ယောက် လိုတယ်။ ဘယ်လို နှုတ်မလဲ။

နဉ်ရှောင်ယောင်း အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "သာ့ဖုန်း... နောက်ဆုတ်နေ"

"အရှင်မင်းကြီး တစ်ယောက်တည်း နှုတ်မလို့လား" ယင်းဖုန်း အာမေဋိတ်သံ ပြုလိုက်သည်။ အရှင်မင်းကြီးက ဖက်တောင် မဖက်နိုင်ဘဲနဲ့ ဘယ်လိုလုပ် နှုတ်မလဲ။

နဉ်ရှောင်ယောင်း သစ်ပင်ကို လက်နှစ်ဖက်ဖြင့် ဖက်လိုက်သည်။ သူမ ဖြည်းဖြည်းချင်း အားပြန်ပြည့်လာပြီဖြစ်ပြီး ခွန်အား ၅၀ ရာခိုင်နှုန်းလောက် ပြန်ရနေပြီ။ သစ်ပင်ကြီးတစ်ပင်ကို နှုတ်ဖို့ ခွန်အားကတော့ သေချာပေါက် ရှိသည်။

ယင်းဖုန်း အခြားနည်းလမ်း မစဉ်းစားတတ်တော့သဖြင့် လှည့်ပြီး အခြားနဂါးအစောင့်တပ်သားများကို ရေထဲဆင်းကူညီရန် ခေါ်လိုက်သည်။

သို့သော် ကမ်းပေါ်တွင် ရပ်နေသော နဂါးအစောင့်တပ်သားများသည် သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်နေကြသည်။ သူတို့သည် ယင်းဖုန်း၏ အနောက်ဘက်ရှိအရာတစ်ခုကို ပါးစပ်အဟောင်းသား ငေးကြည့်နေကြသည်။ တကယ်တမ်းတွင် သူတို့၏ ပါးစပ်များမှာ ကြက်ဥနှစ်လုံး ထည့်လို့ရလောက်အောင် ကျယ်လောင်စွာ ဟနေသည်။ ယင်းဖုန်း အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ထို့နောက် တပ်မှူးချုပ်ယင်းဖုန်း မြင်လိုက်ရသည်မှာ အရှင်မင်းကြီးက သစ်ပင်ကို မြေကြီးထဲမှ မ,ထုတ်နေခြင်းဖြစ်သည်။

"သန်မာနေရမယ်နော် ဟုတ်ပြီလား" နဉ်ရှောင်ယောင်း သစ်ပင်ကို ဆွဲထုတ်ရင်း စကားပြောနေသည်။ "ငါတို့ နေစရာနေရာ ပြောင်းကြမယ်။ နေရောင်ခြည်ကောင်းကောင်းရပြီး မြေဆီလွှာကောင်းတဲ့ နေရာ၊ အရာအားလုံး ကောင်းမွန်တဲ့နေရာကို ငါ ရှာပေးမယ်"

တရုတ်ထီးပင်အိုကြီး၏ ကြီးမားရှုပ်ထွေးသော အမြစ်များ မြေကြီးထဲမှ တဖြည်းဖြည်း ထွက်လာသည်နှင့်အမျှ တရုတ်ထီးပင်အိုကြီး အမြစ်တွယ်ခဲ့သော နေရာသို့ ရေများ ဝဲကတော့ထိုး စီးဆင်းလာသည်။ ထို့အပြင် ပို၍ပို၍ လျင်မြန်စွာ လည်ပတ်လာသည်။

"အရှင်မင်းကြီး!" တစ်ခုခုမှားနေပြီဟု ယင်းဖုန်း ခံစားလိုက်ရသည်။ သူ လက်လှမ်းပြီး နဉ်ရှောင်ယောင်းကို ချက်ချင်း ဆွဲဖယ်လိုက်သည်။

နဉ်ရှောင်ယောင်းလည်း အခြေအနေ မဟန်ကြောင်း ခံစားလိုက်ရသည်။ မြေကြီးက ရေတွေနဲ့ ပြည့်နေသင့်တာလေ၊ ဘာလို့ ရေတွေက ဒီဘက်ကို စီးဆင်းနေရတာလဲ။ မြေကြီးက အခေါင်းပွ ဖြစ်နေတာလား။

"အရှင်မင်းကြီး!" ကမ်းပေါ်မှ နဂါးအစောင့်တပ်သားများလည်း စတင်ထိတ်လန့်လာကြသည်။ သူတို့ ရေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းပြီး နဉ်ရှောင်ယောင်းရှိရာသို့ ပြေးလာကြသည်။

ရေကန်သည် ယခုအခါ ကြီးမားသော ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ရေဝဲ၏ အလယ်ဗဟိုတွင် နဉ်ရှောင်ယောင်းနှင့် ယင်းဖုန်းတို့ ရပ်နေကြသည်။ ရေဝဲက သူတို့နှစ်ဦးစလုံးကို မျိုချပေတော့မည်။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၁၂ ။ သစ်ပင်ကြီးကိုကယ်ရင်း ရရှိလာသော ရတနာသိုက်

နဉ်ရှောင်ယောင်း ရေစီးနှင့်အတူ အောက်သို့ မျောပါသွားစဉ် သူမ သစ်ပင်ကြီးကို ပြတ်ပြတ်သားသား လွှင့်ပစ်လိုက်သည်။

ဒီတရုတ်ထီးပင်သာ သေသွားခဲ့ရင် ငါ ရေနစ်ရတာ အလကားဖြစ်သွားမှာပေါ့။

ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို တင်းကျပ်စွာ ဖက်ထားပြီး ရေဝဲထဲမှ တွန်းထုတ်ရန် ကြိုးစားနေသည်။ သို့သော် သူ့ခွန်အားသည် ရေစီးသန်လှသော ရေစီးကြောင်းကို မယှဉ်နိုင်ပေ။

နဉ်ရှောင်ယောင်း သစ်ပင်ကို လွှင့်ပစ်လိုက်ပြီးနောက် သူမ၏ သာ့ဖုန်းကိုပါ လွှင့်ပစ်ရန် ကြံရွယ်ခဲ့သည်။ ကံမကောင်းစွာဖြင့် အချိန်မရလိုက်ဘဲ မြေကြီးအောက်ခြေမှ ဆွဲငင်အားတစ်ခုက သူတို့နှစ်ဦးစလုံးကို မှောင်မိုက်သော တွင်းနက်ကြီးထဲသို့ စုပ်ယူသွားလေသည်။

နဂါးအစောင့်တပ်သားများသည် သူတို့၏ အရှင်မင်းကြီးနှင့် တပ်မှူးချုပ်တို့ ရေဝဲထဲသို့ ပျောက်ကွယ်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေကြသည်။ ခဏတာ ကြောင်အသွားပြီးနောက် အားလုံးသည် လှည့်ပတ်နေသော ရေဝဲထဲသို့ ဒိုင်ဗင်ထိုးဆင်းလိုက်ကြသည်။

တရုတ်ထီးပင်ကြီးသည် နံရံအချို့ကို ကျော်ဖြတ်ပျံသန်းသွားပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သစ်ရွက်အုံ့အုံ့ဆိုင်းဆိုင်း အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ပြီး အရေးအကြီးဆုံးမှာ အမြစ်များ မပျက်စီးဘဲ ရွှံ့များ ကပ်ပါလာသည်။

ဆူညံသံကြောင့် အကြီးဆုံးသခင်လေးနဉ်နှင့် ဟုကော်ကုန်းတို့သည် အကြီးအကဲလီ၏ လက်တစ်ဖက်စီကို ဆွဲကိုင်ကာ ရှေ့သို့ ပြေးလာကြသည်။ မြေကြီးပေါ်တွင် လဲနေသော သစ်ပင်ကြီးကို မြင်လိုက်ရသောအခါ အားလုံး ရပ်တန့်သွားကြသည်။

"ဒီသစ်ပင်က ဘယ်ကရောက်လာတာလဲ" အကြီးအကဲလီ အလျင်စလို မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ် အကြီးအကဲလီ၏ လက်မောင်းကို လွှတ်လိုက်ပြီး ရှေ့သို့ ပြေးသွားလိုက်သည်။

"မြန်မြန်လုပ်!" အကြီးအကဲလီသည် ထွက်ပြေးရန် ကြံရွယ်နေသော ဟုကော်ကုန်းကို ဖမ်းဆွဲလိုက်သည်။ "ဟိုဘက်ကို သွားကြည့်ရအောင်"

ဟုကော်ကုန်း အကြီးအကဲလီ၏လက်ကို ခါချလိုက်ချင်သော်လည်း မလုပ်ရဲပေ။

အကြီးဆုံးသခင်လေးနဉ်သည် လျင်မြန်စွာ ကျဆင်းနေသော ရေကန်ရှေ့တွင် ကြောင်တောင်တောင် ရပ်နေသည်။ ဟုကော်ကုန်းနှင့် အကြီးအကဲလီတို့ ရောက်လာချိန်တွင် ရေမျက်နှာပြင် နိမ့်ကျသွားပြီး အောက်ခြေကို မြင်နေရပြီဖြစ်သည်။ ပြိုကျနေသော နန်းဆောင်အိပ်ခန်း၊ ရေလွှမ်းနေသော ဥယျာဉ်နှင့် လူနှစ်ယောက်ယှဉ်ရပ်လို့ရလောက်အောင် ကျယ်ဝန်းနက်ရှိုင်းသော တွင်းကြီးတစ်တွင်းကို အားလုံး မြင်တွေ့လိုက်ရသည်။

အကြီးဆုံးသခင်လေးနဉ်သည် အတွေ့အကြုံများသောသူ ဖြစ်သော်လည်း ဤအရာကြောင့် အံ့အားသင့်သွားသည်။ "ဒါ... ဒါက နန်းဆောင်အိပ်ခန်းလား" အကြီးအကဲလီ ကြောက်လန့်တကြား မေးလိုက်သည်။

အကြီးဆုံးသခင်လေးနဉ် ကိုယ်ကိုကိုင်းပြီး တွင်းနက်ထဲသို့ ငုံ့ကြည့်လိုက်သည်။ မြေကြီး စိုစွတ်နေပြီး ရေများ တွင်းထဲသို့ ဆက်လက်စီးဝင်နေသော်လည်း တွင်းဝတွင် ရပ်နေသူများအတွက် ရေကျသံ တစ်ချက်မျှ မကြားရပေ။ တွင်းက အလွန်နက်ရှိုင်းနေပုံရသည်။

"အရှင်မင်းကြီး?" ဟုကော်ကုန်း တွင်းထဲသို့ အော်ခေါ်လိုက်သည်။ သူ့အသံ ပဲ့တင်ထပ်သွားသော်လည်း နဉ်ရှောင်ယောင်းထံမှ ပြန်ထူးသံ မကြားရပေ။

"ကြိုး ယူလာခဲ့" အကြီးဆုံးသခင်လေးနဉ်က သူ့ဘေးမှ နဂါးအစောင့်တပ်သားလေးကို အမိန့်ပေးလိုက်သည်။

"ဒီနေရာက တရုတ်ထီးပင် ပေါက်နေတဲ့နေရာပဲ" ဟုကော်ကုန်းဘေးမှ အခြားနဂါးအစောင့်တပ်သားလေးတစ်ဦးက ရှင်းပြသည်။

"အဲဒီလောက် နက်နက်ထိ အမြစ်တွယ်နေတာလား" ဟုကော်ကုန်း မေးလိုက်သည်။

နဂါးအစောင့်တပ်သားလေးလည်း မဖြစ်နိုင်ဟု ထင်သောကြောင့် ပြန်မဖြေဘဲ နေလိုက်သည်။

"ဒီနေရာကို ပိတ်ထားလိုက်။ ဘယ်သူမှ ဝင်ခွင့်မပေးနဲ့" အကြီးဆုံးသခင်လေးနဉ် နောက်ထပ်အမိန့်တစ်ခု ပေးလိုက်သည်။ အကျဉ်းသားချေမှုန်းရေးတပ်သားအချို့ အမိန့်ကို လက်ခံပြီး ပြေးထွက်သွားကြသည်။

"ဒီဝင်းထဲက ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး" အကြီးဆုံးသခင်လေးနဉ် ဆက်လက်အမိန့်ပေးနေသည်။ ဟုကော်ကုန်းသည် တွင်းထဲသို့ဆင်းရန် အလုပ်ရှုပ်နေသဖြင့် အကြီးဆုံးသခင်လေးနဉ်ကို လှည့်ပင်မကြည့်ပေ။ သို့သော် အကြီးအကဲလီကမူ သူ့ကို အကဲခတ်ကြည့်နေသည်။

"စစ်ပွဲက အခုမှ ပြီးတာ။ အရှင်မင်းကြီး တစ်ခုခုဖြစ်တယ်ဆိုတဲ့ သတင်းထွက်သွားရင် မြို့တော်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားလိမ့်မယ်" အကြီးဆုံးသခင်လေးနဉ်က အကြီးအကဲလီကို ရှင်းပြလိုက်သည်။

အကြီးအကဲလီ အကြီးဆုံးသခင်လေးနဉ်ကို ခေါင်းညိတ်ပြလိုက်သည်။ "အရှင်မင်းကြီးက မင်းကို ယုံကြည်တယ်ဆိုတော့ ဒီအဘိုးကြီးလည်း မင်းကို ယုံပါတယ်"

အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့သည် ယခုအခါ နန်းတော်တစ်ခုလုံးတွင် လွတ်လပ်စွာ သွားလာခွင့်ရနေပြီဖြစ်သည်။ အကြီးအကဲလီသည် တွင်းထဲသို့ ခုန်ဆင်းချင်နေသော်လည်း အကြီးဆုံးသခင်လေးနဉ်နှင့် သူ့လူများ အာဏာရရှိနေမှုအပေါ် တွေးတောနေမိသည်။

နောက်ကျရင် နဉ်ရှောင်ယောင်းနဲ့ တွေ့တဲ့အခါ ဒီကိစ္စကို ပြောပြရမယ်။ (စာရေးသူ - ဒီလောက်တိုတောင်းတဲ့အချိန်လေးအတွင်းမှာ အရှင်မင်းကြီးကို ညွှန်ကြားစရာတွေ ရှိနေပြီလား။)

ဂူထဲတွင် နဉ်ရှောင်ယောင်း ကြမ်းပြင်ပေါ်ထိုင်ပြီး ပါးစပ်ထဲမှ ရေများကို ထွေးထုတ်လိုက်သည်။ ဗိုက်ကို ပွတ်လိုက်သည်။

အမယ်လေး... ရေတွေနဲ့ ဗိုက်ဝနေပြီ။

ယင်းဖုန်း ကြမ်းပြင်ပေါ်တွင် နှစ်ပတ် လှိမ့်သွားသည်။ စောစောက သူတို့ မြေကြီးပေါ် ပြုတ်ကျတုန်းက နဉ်ရှောင်ယောင်းက သူ့ဗိုက်ပေါ် ဖင်ထိုင်ချလိုက်ခြင်းဖြစ်သည်။ ထိုခဏတာအတွင်း တပ်မှူးချုပ် သွေးအန်တော့မလို ခံစားလိုက်ရသည်။ သူ ကြမ်းပြင်ပေါ်တွင် အကြာကြီး လဲလျောင်းနေပြီး အသက်ရှူ၍ မဝ ဖြစ်နေသည်။

သူတို့နှင့်အတူ တွင်းထဲသို့ ပြုတ်ကျလာသော နဂါးအစောင့်တပ်သားများသည် ရေမွန်းပြီး မောပန်းနေကြသည် သို့မဟုတ် ပြုတ်ကျသောဒဏ်ကြောင့် ဒဏ်ရာရနေကြသည်။ သူတို့အားလုံး ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီး မထနိုင်ကြပေ။

နဉ်ရှောင်ယောင်း မတ်တတ်ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ရေများသည် ဂူနံရံတလျှောက် စီးဆင်းနေပြီး အောက်သို့ ဆက်လက်ကျဆင်းနေသည်။ သူမခြေရင်းတွင် ရေမရှိပေ။ နဉ်ရှောင်ယောင်း မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် မျက်လုံးမှေးကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ကျောက်ရေမြောင်းတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ အပေါ်မှ ကျလာသော ရေများအားလုံး ထိုရေမြောင်းထဲသို့ စီးဝင်သွားကြသည်။

"အရှင်မင်းကြီး? အရှင်မင်းကြီး?" နဉ်ရှောင်ယောင်း လမ်းလျှောက်ထွက်သွားသည်ကို မြင်သောအခါ ယင်းဖုန်း ချက်ချင်း အော်ခေါ်လိုက်သည်။

"ရှူး" နဉ်ရှောင်ယောင်း ယင်းဖုန်းကို တားလိုက်သည်။ "မအော်နဲ့၊ ဘီလူးတစ်ကောင်ကောင် ရှိနေရင် ဘယ်လိုလုပ်မလဲ"

တပ်မှူးချုပ် - ...

နဉ်ရှောင်ယောင်း ဂူနံရံမှ မညီညာသော အစွန်းများကို ကိုင်တွယ်ပြီး လူလုပ် ကျောက်ဥမင်လိုဏ်ခေါင်းတလျှောက် လျှောက်သွားလိုက်သည်။ မကြာမီ နဉ်ရှောင်ယောင်း လင်းထိန်နေသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ မြေအောက်မြစ်ရေစီးကြောင်းနှင့် မြစ်ရေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပြန့်ပြူးသည့် ဒီရေပြင်တစ်ခုကို သူမ တွေ့ရှိလိုက်သည်။

ယင်းဖုန်း နဉ်ရှောင်ယောင်းနောက်သို့ တရောသောပါး လိုက်လာသည်။ ဂူထဲမှ အမှောင်ထုနှင့် မျက်လုံးများ အသားကျနေချိန်တွင် ရုတ်တရက် လင်းထိန်သွားသဖြင့် မျက်စိကျိန်းသွားပြီး မျက်လုံးမှိတ်လိုက်ရသည်။ ယင်းဖုန်း မျက်လုံးများကို အကြာကြီး ပွတ်သပ်ပြီးမှ ပြန်ဖွင့်ကြည့်လိုက်သည်။ အရှင်မင်းကြီးသည် စောစောကအတိုင်း မလှုပ်မယှက်ရပ်နေသည်။

"အရှင်မင်းကြီး?" ယင်းဖုန်း နဉ်ရှောင်ယောင်းကို လှမ်းခေါ်လိုက်သည်။

နဉ်ရှောင်ယောင်း အံ့သြမှင်သက်နေသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။ သူမ ခေါင်းပေါ်သို့ လက်ညှိုးထိုးပြပြီး ယင်းဖုန်းကို မေးလိုက်သည်။

"သာ့ဖုန်း... ကြည့်လိုက်! ဒါက ဒဏ္ဍာရီလာ ညလင်းပုလဲလား"

ယင်းဖုန်း မော့ကြည့်လိုက်သည်။ ကျောက်နံရံ၏ အပေါ်ဘက်သည် ချောမွတ်ပြီး ဖြောင့်စင်းနေသည်။ တစ်စုံတစ်ယောက်က ပြုလုပ်ထားသော မျက်နှာပြင်ဖြစ်ကြောင်း သိသာထင်ရှားသည်။ ကျောက်နံရံတွင် ငန်းဥအရွယ်အစားခန့်ရှိသော ဥပုံသဏ္ဍာန် ပုလဲများစွာကို မြှုပ်နှံထားသည်။ ပုလဲများသည် ကြည်လင်တောက်ပစွာ လင်းလက်နေသည်။ ဒါတွေက သေချာပေါက် ညလင်းပုလဲတွေပဲ။

"ဒါ ညလင်းပုလဲတွေ မဟုတ်လား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ဟုတ်ပါတယ်" ယင်းဖုန်း သဘောတူလိုက်သည်။ "ဒီမှာ ဘာလို့ ညလင်းပုလဲတွေ ရှိနေရတာလဲ"

နဉ်ရှောင်ယောင်း သူမရှေ့ကို ညွှန်ပြလိုက်သည်။ "သာ့ဖုန်း... ကြည့်လိုက်"

ယင်းဖုန်း သူမ ညွှန်ပြရာသို့ ကြည့်လိုက်သည်။ ကျောက်စရစ်ခဲများ ပြည့်နေသော ရွှံ့နွံပြင်ပေါ်တွင် ကြီးမားသော ကျောက်စင်မြင့်တစ်ခု ရှိသည်။ မြင်းလေးကောင် ယှဉ်ပြေးနိုင်လောက်အောင် ကျယ်ဝန်းသည်။ အနီရောင်သန်းသော အညိုရောင် သေတ္တာများကို ကျောက်စင်မြင့်ပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသည်။ အပေါ်ဆုံးသေတ္တာသည် ကျောက်မျက်နှာကြက်နှင့် ထိလုနီးပါး ဖြစ်နေသည်။ သေတ္တာပေါင်း ဘယ်လောက်ရှိမှန်း ယင်းဖုန်း ခန့်မှန်း၍မရနိုင်ပေ။

"စိတ်ကို ပြင်ဆင်ထားကြရအောင်။ သာ့ဖုန်း... သေတ္တာတွေထဲမှာ ဘာတွေရှိမယ်လို့ ထင်လဲ"

ထိုအချိန်တွင် နဂါးအစောင့်တပ်သားများ ရောက်ရှိလာကြသည်။ သူတို့အားလုံး မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကုန်ကြသည်။ ယင်းဖုန်း လေအေးတစ်ချက် ရှူသွင်းလိုက်သည်။

"ကျွန်တော်မျိုး သွားကြည့်လိုက်ပါ့မယ်"

"အတူတူ သွားကြမယ်။ အံ့သြစရာဆိုတာ မျှဝေခံစားရတယ်လေ"

"ထောင်ချောက်တွေ ရှိနေမှာ စိုးရိမ်လို့ပါ" ယင်းဖုန်း စိုးရိမ်တကြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး" နဉ်ရှောင်ယောင်း အင်္ကျီလက်စကို ပင့်တင်လိုက်သည်။ "ငါရှိနေမှတော့ ဒဏ်ရာရမှာကို ကြောက်စရာမလိုပါဘူး"

ဒါက နဂါးအစောင့်တပ်သားအားလုံး ယုံကြည်ထားသော စကားတစ်ခွန်းဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ကျောက်စင်မြင့်ရှေ့သို့ အတူတူ လျှောက်သွားလိုက်ကြသည်။

အဝေးကကြည့်လျှင် ကျောက်စင်မြင့် မည်မျှမြင့်သည်ကို နဉ်ရှောင်ယောင်း သတိမထားမိခဲ့ပေ။ ရှေ့ရောက်မှသာ ကျောက်စင်မြင့်သည် မြေကြီးနှင့် အတော်ဝေးကွာနေကြောင်း သဘောပေါက်လိုက်သည်။ တကယ်တမ်းတွင် သူမအရပ်လောက် မြင့်သည်။

နဉ်ရှောင်ယောင်း ခြေရောလက်ရောသုံးပြီး ကျောက်စင်မြင့်ပေါ်သို့ တက်ရန် ကြိုးစားရင်း ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို မြင်သောအခါ ယင်းဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူ နဉ်ရှောင်ယောင်းကို မ,တင်ပေးလိုက်ပြီး စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။

"ဝိုး!" နဉ်ရှောင်ယောင်း စင်မြင့်ပေါ်တွင်ရပ်ပြီး နှစ်နှစ်ကာကာ သက်ပြင်းချလိုက်သည်။ ဒီသေတ္တာတွေ တစ်လုံးချင်းစီက သူမထက် အရပ်ရှည်သည်။

ယင်းဖုန်း သေတ္တာတစ်လုံးကို ဂရုတစိုက် ခေါက်ကြည့်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "ကြေးနဲ့ လုပ်ထားတာပါ"

ကြေးသေတ္တာတွေ?

နဉ်ရှောင်ယောင်း လက်ပွတ်လိုက်ပြီး အော်ပြောလိုက်သည်။ "သေတ္တာတွေကို ဖွင့်လိုက်!"

.....

အမွှေးတိုင်တစ်ဝက်စာ ကုန်ဆုံးချိန်တွင် အကြီးဆုံးသခင်လေးနဉ်နှင့် ဟုကော်ကုန်းတို့သည် ဂူအောက်ခြေသို့ ရောက်ရှိလာကြသည်။ ရှောင်ယောင်း ဒဏ်ရာရနေလျှင် သတင်းမပျံ့စေရန်အတွက် အခြားသူများကို အကြီးအကဲလီနှင့်အတူ အပေါ်တွင် စောင့်ခိုင်းထားခဲ့သည်။

အကြီးဆုံးသခင်လေးနဉ် ဂူထဲတွင် ရပ်နေသည်။ ကြမ်းပြင်ပေါ်တွင် ကျောက်စရစ်ခဲများ ပြည့်နေသော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။ "အရှင်မင်းကြီး?" သူ အော်ခေါ်လိုက်သည်။

သူ့အသံ ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။

ဟုကော်ကုန်း ခါးမှကြိုးကို ဖြုတ်လိုက်ပြီး ဂူနံရံလေးဖက်ကို ကြည့်လိုက်သည်။ "ဘာလို့ ဒီလောက် ကြီးနေရတာလဲ။ ဒါ ဘယ်နေရာလဲ"

အကြီးဆုံးသခင်လေးနဉ် စကားမပြောဘဲ ရပ်နေသည်။ ကြမ်းပြင်ပေါ်တွင် နဂါးအစောင့်တပ်သားတစ်ဦးပိုင်ဆိုင်သော ဓားတစ်ချောင်း ရှိနေသည်။

သူ့ညီမလေးနဲ့ အစောင့်တွေ ဒီကိုရောက်ခဲ့ကြတယ်။ ပြီးတော့ သူတို့ ရွေ့လျားသွားနိုင်တယ်။ ဒါဆို သူတို့အသက်အန္တရာယ် မရှိဘူးဆိုတဲ့ သဘောပဲ။

"အရှင်မင်းကြီး?" အကြီးဆုံးသခင်လေးနဉ် မလှုပ်မယှက် ရပ်နေသဖြင့် ဟုကော်ကုန်း ထပ်ခေါ်လိုက်သည်။

"အစ်ကိုကြီးနဉ်! ဟုကော်ကုန်း!" နဉ်ရှောင်ယောင်း သူတို့နှစ်ဦးရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ပြုံးဖြီးနေသည်။

ဟုကော်ကုန်း တွေးလိုက်သည်။ သူ ဒီမှာ ရှဲ့ဝမ်ယွမ်ရဲ့အလောင်းကို တွေ့လိုက်တာလား။

နဉ်ရှောင်ယောင်း စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင်တော့ပေ။ သူတို့လက်များကို ဆွဲပြီး ပြေးထွက်သွားသည်။

"အရှင်မင်းကြီး... ကျွန်တော်တို့ကို ဘယ်ခေါ်သွားမလို့လဲ" ဟုကော်ကုန်း မေးလိုက်သည်။ သူ ရှဲ့ဝမ်ယွမ်ရဲ့ အလောင်းကို တကယ် တွေ့လိုက်တာလား။

"ကြည့်လိုက်!" နဉ်ရှောင်ယောင်း ရပ်တန့်လိုက်သည်။

မရေမတွက်နိုင်သော ရွှေများ။

မရေမတွက်နိုင်သော ငွေများ။

မရေမတွက်နိုင်သော သံချပ်ကာများနှင့် ဓားများ...

အကြီးဆုံးသခင်လေးနဉ်နှင့် ဟုကော်ကုန်းတို့ လုံးဝ အံ့အားသင့်သွားကြသည်။

"ဟားဟားဟား!" နဉ်ရှောင်ယောင်း ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်ပြီး ကြေညာလိုက်သည်။ "ချမ်းသာပြီ! ငါ ချမ်းသာပြီ! အခု ငါ ချမ်းသာသွားပြီ!"

အကြီးဆုံးသခင်လေးနဉ် သတိပြန်ဝင်လာပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "ဒါတွေက ဘာတွေလဲ"

နဉ်ရှောင်ယောင်း လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ "ဒါတွေက ဝှက်ထားတဲ့ ရတနာသိုက်တွေလို့တော့ ကျွန်တော်ထင်တယ်"

အားလုံးက ဒါ လျှော့ပြောတာပဲလို့ ခံစားလိုက်ရသည်။ ဒါတွေက ရတနာသိုက်မဟုတ်ရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ။

အကြီးဆုံးသခင်လေးနဉ် ရွှေတုံးတစ်တုံးကို ကောက်ယူလိုက်ပြီးနောက် ငွေတုံးတစ်တုံးကို ထိကြည့်လိုက်သည်။ သူ နဉ်ရှောင်ယောင်းဘက်သို့ လှည့်လိုက်သည်။

"ဒါ တော်ဝင်မိသားစုရဲ့ ရတနာသိုက် ဖြစ်ရမယ်"

"ဟင်? ဒါပေမဲ့ ဘယ်သူမှ ကျွန်တော့်ကို ဒီအကြောင်း မပြောပြဘူးလေ!"

ငါ့အိပ်ခန်းအောက်မှာ ရတနာသိုက်ရှိမှန်းသာသိရင် နေ့တိုင်း ပိုက်ဆံအတွက် စိတ်ပူနေစရာ မလိုတော့ဘူး!

"နှောင်းဧကရာဇ်လည်း သိချင်မှသိမှာပါ" အကြီးဆုံးသခင်လေးနဉ် ပြန်ပြောလိုက်သည်။

ဧကရာဇ်ယွမ်ကျုံတင်မကဘဲ ဧကရာဇ်မင်ကျုံနဲ့ သူ့အရင် ဧကရာဇ်တွေလည်း ဒီရတနာသိုက်အကြောင်း သိချင်မှသိကြမှာ။ သိခဲ့ရင် သူတို့ရဲ့ ဖြုန်းတီးတတ်တဲ့ အကျင့်စရိုက်နဲ့ဆိုရင် ဒီရတနာတွေ အခုထိ ကျန်နေမှာ မဟုတ်ဘူး။

"အရှင်မင်းကြီး... ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ" ဟုကော်ကုန်း နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"ဪ... ငါ့ တရုတ်ထီးပင်ကြီးကို ကယ်ချင်ရုံပါပဲ" နဉ်ရှောင်ယောင်း ရတနာသိုက်ကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာ ပျော်ရွှင်စွာ ပြောပြလိုက်သည်။

နဉ်ရှောင်ယောင်း၏ ဇာတ်လမ်းကို ကြားပြီးနောက် ဟုကော်ကုန်း ခံစားလိုက်ရသည်။ ဒီကိစ္စအတွက် တစ်ခုတည်းသော ရှင်းပြချက်ကတော့ တကယ့် ကံကောင်းခြင်းပဲ။

"အခု ငါ စိတ်ပူစရာ မလိုတော့ဘူး!" နဉ်ရှောင်ယောင်း ရတနာများကို ကြည့်လိုက်သည်။ "အမတ်ချုပ်ကြီး ထွက်ပြေးသွားရင်တောင် ငါ မကြောက်တော့ဘူး။ ငါ့မှာ ပိုက်ဆံရှိပြီ။ စစ်သည်တွေနဲ့ မြင်းတွေအတွက် ပေးနိုင်ပြီ! ငါ သူ့ကို သေတဲ့အထိ တိုက်ခိုက်မယ်!"

အကြီးဆုံးသခင်လေးနဉ် ရယ်မောလိုက်သည်။ "အရှင်မင်းကြီးက ဒီရတနာတွေကို သုံးပြီး စစ်သည်တွေကို ကျွေးမွေးချင်တာလား"

"ဟုတ်တယ်လေ" နဉ်ရှောင်ယောင်း ပြန်ဖြေသည်။ "စစ်တိုက်ရင် ပိုက်ဆံလိုတယ်။ ပိုက်ဆံအများကြီး ဘယ်ကရှာရမလဲလို့ စိတ်ပူနေတာ။ အစ်ကိုကြီးနဉ်... အနောက်တောင်ပိုင်း ကျိုးပြည်နယ်ကို ပြန်ယူသွားဖို့ အစ်ကိုကြီးကိုလည်း ပိုက်ဆံတချို့ ပေးမယ်"

အကြီးဆုံးသခင်လေးနဉ် အံ့သြသွားသည်။ "ကျွန်တော်မျိုးလည်း ပိုက်ဆံရမှာလား"

"ဟုတ်တယ်၊ လူတိုင်း ရကြမှာ!" နဉ်ရှောင်ယောင်း ရက်ရောစွာ ပြုံးပြလိုက်သည်။ "စစ်သေနာပတိချုပ်က ပြောဖူးတယ်။ စစ်တပ်ထဲကလူတွေ နေထိုင်ရတာ မကောင်းဘူးတဲ့။ အခု ကျွန်တော့်မှာ ပိုက်ဆံရှိပြီဆိုတော့ ခွဲဝေပေးမယ်"

ဟုကော်ကုန်း နဉ်ရှောင်ယောင်းကြောင့် အလွန်စိတ်လှုပ်ရှားသွားသည်။

ဒီဧကရာဇ်လေးက သူ့နန်းဆောင်အိပ်ခန်းကို ပြန်ဆောက်ဖို့ မတောင်းဆိုဘူး။ သူ့အတွက် ဘာမှမတောင်းဆိုဘူး။ စစ်တပ်ကို ပိုကောင်းအောင် ထားချင်တယ်လို့ပဲ ပြောတယ်။

ဟုကော်ကုန်း၏မျက်လုံးများ နီရဲလာသည်။ ဒီလောက် ပညာရှိတဲ့ မင်းတစ်ပါးနဲ့ တွေ့ရတာ... လက်အောက်ငယ်သားတွေအနေနဲ့ ဘာတောင်းတစရာလိုသေးလဲ။

"သွား... ညီအစ်ကိုတွေကို အောက်ဆင်းလာဖို့ ခေါ်လိုက်" နဉ်ရှောင်ယောင်း လက်ဝှေ့ယမ်းလိုက်သည်။ "စပြီး သယ်ကြစို့!"

"ဟုတ်ကဲ့!" အားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

ဒီဝှက်ထားတဲ့ ရတနာသိုက်အကြောင်း ကြားလိုက်ရတဲ့အခါ အကြီးအကဲလီ ချက်ချင်း ဒူးထောက်ချလိုက်သည်။

"ကောင်းကင်ဘုံက အရှင်မင်းကြီးကို ကောင်းချီးပေးတာပဲ!"

နဉ်ရှောင်ယောင်း အဘိုးကြီးကို ပြန်မပြောရဲပေ။ သူမ သစ်ပင်ကို ကယ်ရင်းနဲ့ ရှာတွေ့တာလေ။ ကောင်းကင်ဘုံနဲ့ ဘာဆိုင်လို့လဲ။

"ဒါဆိုရင် တော်ဝင်ဆွေမျိုးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေကို ပြန်သိမ်းပြီးရင် အရှင်မင်းကြီးအနေနဲ့ ဒီငွေတွေသုံးပြီး သူတို့ကို စောင့်ရှောက်နိုင်ပြီပေါ့" အကြီးအကဲလီက ပြောလိုက်သည်။

ဘာ???

နဉ်ရှောင်ယောင်း ကြောင်သွားသည်။ သူမ မျိုးနွယ်စုဝင်တွေကို ထောက်ပံ့ရဦးမှာလား။

***

All Chapters