အခန်း (၃၁၅-၃၁၆)
Vol. 20 Ch. 315-316
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၁၅ ။ ရှန်းမြို့၏ည၊ သတ်ဖြတ်ခြင်း
"ငါ ရှဲ့ဝမ်ယွမ်ကို မကာကွယ်ပေးချင်ဘူး"
ရှန့်ထျန်းကောသည် သူ့ရှေ့တွင် ရပ်နေကြသော စစ်သူကြီးများအား ပြောလိုက်၏။
စစ်သူကြီးများသည် ရှန့်ထျန်းကော ဤသို့ပြောလာသည်ကို အံ့ဩခြင်းမရှိကြသော်လည်း သူတို့အားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာကြလေသည်။ ရှဲ့ဝမ်ယွမ်ကို အသက်ရှင်အောင် မကူညီဘဲ ပြန်သွားပါက မဟာသခင်ကြီး ရှန့်နုံကို သူတို့ ဘယ်လိုအစီရင်ခံကြမလဲ။
"မွေးစားအဖေကို ငါကိုယ်တိုင် သွားပြောမယ်"
ရှန့်ထျန်းကောသည် စစ်သူကြီးများ ဘာကိုစိုးရိမ်နေကြမှန်း သိသည့်အတွက် ဦးအောင်ပြောလိုက်ခြင်း ဖြစ်သည်။
"သခင်လေး ဘာလုပ်ရမယ်ဆိုတာ စဉ်းစားပြီးပြီလား" စစ်သူကြီးတစ်ဦးက ရှန့်ထျန်းကောကို မေးလိုက်သည်။ "ငါတို့က ရှဲ့ဝမ်ယွမ်ကို ထားခဲ့ပြီး ဒီတိုင်းပဲ ထွက်သွားကြတော့မှာလား"
ရှန့်ထျန်းကောက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ်ကို ငါတို့သတ်တာမဟုတ်သရွေ့ မွေးစားအဖေက ငါတို့ကို ဘာအပြစ်တင်လို့ရမှာလဲ။ ငါတို့လက်ထဲက စစ်အင်အားက လိုကျစ်ကွေ့လောက် မများဘူး။ ငါတို့ ရှုံးသွားရင်တောင် ဘယ်သူက ငါတို့ကို သေမင်းကို ကြောက်တယ်လို့ ပြောနိုင်မှာလဲ"
မျက်နှာရင့်ကျက်ပုံပေါက်သော စစ်သူကြီးက တိုးတိုးလေး ပြန်ပြောလေသည်။
"သခင်လေးပြောတာ မမှားပါဘူး။ ဒါပေမဲ့ တပ်ထဲမှာ သခင်ကြီးရဲ့လူတွေရှိသလို စစ်ဗျူဟာမှူးရဲ့လူတွေလည်း ရှိနေတယ်။ ငါတို့ပြန်ရောက်ရင် သခင်ကြီးက သခင်လေးစကားကို ယုံပါ့မလားလို့ စိုးရိမ်မိတယ်"
"လိုကျစ်ကွေ့လက်ထဲမှာ အများဆုံးရှိမှ အထူးမြင်းတပ်သား သုံးထောင်ပဲ" အခြားစစ်သူကြီးတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ "မြို့ကိုဝိုင်းဖို့တောင် မလောက်ဘူး။ ငါတို့လက်ထဲက စစ်အင်အားက သူ့လောက်မများဘူးလို့ပြောရင် ဒီအကြောင်းပြချက်က ယုတ္တိရှိပါ့မလား"
ရှန့်ထျန်းကော နှုတ်ဆိတ်နေလိုက်၏။
ရှန့်ထျန်းကော စကားမပြောတော့သည်ကို မြင်သောအခါ စစ်သူကြီးများသည်လည်း တိတ်ဆိတ်သွားကြတော့သည်။ ဤကိစ္စသည် အလွန်အရေးကြီးပြီး ရှဲ့ဝမ်ယွမ်ကို စွန့်ပစ်ခဲ့သည့် တာဝန်ကို သူတို့ထဲမှ မည်သူမျှ မခံနိုင်ကြပေ။
အမွှေးတိုင်တစ်ဝက်စာခန့်ကြာသည်အထိ အခန်းထဲတွင် မည်သူမျှ စကားမပြောကြပေ။
"သခင်လေး"
တံခါးအပြင်ဘက်မှ တာ့နျန်၏ အသံထွက်ပေါ်လာသည်။
တာ့နျန်မှာ သခင်ကြီး၏ ကိုယ်ရံတော်ဖြစ်ကြောင်း တွေးမိလိုက်ကြပြီး စစ်သူကြီးများ၏ စိတ်နှလုံးသည် စည်တီးသကဲ့သို့ တဒိန်းဒိန်း ခုန်လှုပ်သွားကာ ရှန့်ထျန်းကောကို ပြိုင်တူကြည့်လိုက်ကြလေသည်။
"ဝင်ခဲ့" ရှန့်ထျန်းကော ခွင့်ပြုလိုက်၏။
တာ့နျန် တံခါးဖွင့်ဝင်လာပြီး လက်ထဲတွင် လင်းယုန်မြီးဖြင့်ပြုလုပ်ထားသော မြှားတစ်စင်းကို ကိုင်ဆောင်လျက် ရှန့်ထျန်းကောရှေ့၌ ရပ်လိုက်သည်။ ထို့နောက် ဦးညွှတ်အရိုအသေပေးပြီး ပြောလိုက်သည်။
"မြို့ပြင်ကနေ စာတစ်စောင် ပစ်တင်ပေးလိုက်တယ်။ သခင်လေးအတွက်တဲ့"
ရှန့်ထျန်းကောသည် တာ့နျန်လက်ထဲမှ မြှားကိုယူလိုက်ပြီး မြှားမြီးတွင် ချိတ်ထားသော စာကို ဖြုတ်ကာ ဖွင့်ဖတ်လိုက်၏။
စစ်သူကြီးများသည် စက္ကူဖြူပေါ်မှ စာလုံးအမည်းများကို မြင်ရသော်လည်း ဘာရေးထားသည်ကိုမူ သေချာမမြင်ရပေ။
ရှန့်ထျန်းကောသည် စာကို အမြန်ဖတ်ပြီးနောက် ဘေးရှိ စားပွဲပေါ်သို့ ပစ်တင်လိုက်လေသည်။
"သခင်လေး..." စစ်သူကြီးတစ်ဦးက မေးလိုက်သည်။
"လိုကျစ်ကွေ့ရဲ့ လက်ရေးစာပဲ" ရှန့်ထျန်းကောက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "သူက ငါ့ကို မေးထားတယ်။ ရှဲ့ဝမ်ယွမ်က နန်းတော်ကို ဖျက်ဆီးပြီး ပြည်သူတွေကို ဒုက္ခပေးနေတာ။ ငါက သူ့ကို ကယ်တင်မယ်ဆိုရင် စိတ်သန့်ပါ့မလားတဲ့"
စစ်သူကြီးများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
"ဒီစစ်သေနာပတိချုပ်က ငါ့ကို ထပ်မေးထားသေးတယ်။ ငါ ဘာလို့ သူပုန်တပ်ထဲ ဝင်ခဲ့တာလဲ၊ ငါ့မိသားစု ဘယ်သူ့လက်ချက်နဲ့ သေခဲ့ရတာလဲ၊ ရန်သူက အဆုံးသတ်မှာ ရှဲ့ဝမ်ယွမ် ဖြစ်မနေဘူးလားတဲ့"
"သခင်လေး... လိုကျစ်ကွေ့က သခင်လေးကို စစ်တပ်ဆုတ်ခွာစေချင်နေတာလား" မျက်နှာရင့်ကျက်သော စစ်သူကြီးက မေးလိုက်သည်။
ရှန့်ထျန်းကောက တာ့နျန်ကို မော့ကြည့်လိုက်၏။
တာ့နျန်သည် ပျာပျာသလဲ ခေါင်းငုံ့သွားလေသည်။
"ဒီည ငါတို့ ထွက်သွားကြမယ်" ရှန့်ထျန်းကောသည် စာကို ချေမွလိုက်ပြီး အမိန့်ပေးလိုက်သည်။ "ငါ့မွေးစားအဖေနဲ့ စစ်ဗျူဟာမှူးကိစ္စကို ငါရှင်းမယ်။ ဘာကိစ္စပဲဖြစ်ဖြစ် ခင်ဗျားတို့နဲ့ မဆိုင်စေရဘူး"
"သခင်လေး!" တာ့နျန် အော်ခေါ်လိုက်သည်။
"မင်း ငါ့မွေးစားအဖေကို အမှန်အတိုင်း သွားပြောလိုက်လို့ရတယ်" ရှန့်ထျန်းကော ထရပ်လိုက်၏။
တာ့နျန် ခြေတစ်လှမ်း နောက်ဆုတ်သွားသည်။ မျက်နှာများ နီရဲလာပြီး အားယူကာ ပြောရှာသည်။
"သခင်လေး... ဒီကိစ္စမှာ သခင်ကြီးအတွက် မဖြစ်မနေလုပ်ရမယ့် အကြောင်းပြချက် ရှိမှာပါ"
ရှန့်ထျန်းကောသည် တာ့နျန်ကို ဆက်ဂရုမစိုက်တော့ဘဲ စစ်သူကြီးများအား ပြောလိုက်သည်။
"ခင်ဗျားတို့ စစ်တပ်ကို သွားစုစည်းကြ။ ဒီည လိုကျစ်ကွေ့ မြို့ကိုတိုက်တာနဲ့ ငါတို့ ထွက်သွားကြမယ်"
စစ်သူကြီးများ အမိန့်နာခံပြီး ထွက်ခွာသွားကြ၏။
"မင်းလည်း သွားတော့" ထိုအခါမှ ရှန့်ထျန်းကောသည် တာ့နျန်ကို ပြောလိုက်သည်။ "ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ လျှောက်တွေးမနေနဲ့"
"ကျွန်တော်..."
တာ့နျန်၏ စိတ်ထဲတွင် ပြောမပြတတ်အောင် ပူလောင်နေရသည်။ သူသည် သခင်ကြီးရှန့်နုံကို မလိမ်ညာနိုင်သလို ရှန့်ထျန်းကောကိုလည်း ဒုက္ခမရောက်စေချင်ပေ။ သူ ဘာလုပ်သင့်လဲ။
"ငါ အဘိုးရယ်၊ မိဘတွေရယ်၊ မောင်နှမတွေရယ်နဲ့ ထွက်ပြေးရင်း လမ်းမှာ ကွဲသွားခဲ့ကြတာ" ရှန့်ထျန်းကောသည် တာ့နျန်ကို ကြည့်ပြီး ပြောလိုက်သည်။ "သခင်ကြီးက ငါ့ကို ကယ်တင်ခဲ့လို့သာ ငါ ငတ်မသေခဲ့တာ။ ငါ့မိသားစုသတင်း အခုထိ မကြားရသေးဘူး။ တစ်ခါတလေကျရင် သူတို့ သေသွားကြပြီလို့ပဲ မျှော်လင့်မိတယ်။ ဒါမှ သူတို့ ဒုက္ခခံစားရတာ သက်သာမှာလေ။ တာ့နျန်... နန်းတော်အစိုးရက ငါ့ရန်သူပဲ။ ရှဲ့ဝမ်ယွမ်ဆိုတဲ့ ခွေးအိုကြီးက အာဏာကို ချုပ်ကိုင်ထားတာ နှစ်ပေါင်းများစွာ ကြာပြီ။ လိုကျစ်ကွေ့ ပြောတာမှန်တယ်။ ငါ့ရန်သူကို ငါမကယ်နိုင်ဘူး"
"လိုကျစ်ကွေ့က သခင်လေးကို အသုံးချချင်ရုံသက်သက်ပါ" တာ့နျန် စိတ်လောကြီးစွာ အော်ပြောလိုက်သည်။
"အနည်းဆုံးတော့ ရှဲ့ဝမ်ယွမ် သေစေချင်တဲ့ကိစ္စမှာ ငါနဲ့သူ့အကြံ တူနေတာပဲ"
ရှန့်ထျန်းကောသည် တာ့နျန်၏ပခုံးကို ပုတ်လိုက်ပြီး အခန်းပြင်သို့ ထွက်သွားလေ၏။
တာ့နျန်သည် ခေါင်းကိုဖက်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ ဘာဆက်လုပ်ရမလဲ။
.....
မြို့ပြင်တွင် လိုကျစ်ကွေ့၊ ရွှီဖေးယွီနှင့် အခြားစစ်သူကြီးများသည် မြေကြီးပေါ်တွင် ထိုင်နေကြ၏။
မလှမ်းမကမ်းရှိ ရှန်းမြို့ကို လှမ်းကြည့်လိုက်ရင်း ရွှီဖေးယွီ တိုးတိုးလေး မေးလိုက်သည်။
"စစ်သူကြီး... ရှန့်ထျန်းကော ထွက်သွားမယ်ဆိုတာ သေချာလို့လား"
"မြို့ရိုးပေါ်က ကာကွယ်ရေးတွေက ရှုပ်ထွေးနေတယ်" လိုကျစ်ကွေ့က ရှန်းမြို့၏ မြို့ရိုးကို မေးငေါ့ပြလိုက်သည်။ "ရှန့်ထျန်းကောသာ တကယ်တိုက်ချင်ရင် မြို့ရိုးကာကွယ်ရေးက ဒီလိုပုံစံ ဖြစ်မနေလောက်ဘူး"
ထိုအခါမှ ရွှီဖေးယွီသည် မြို့ရိုးကို သေချာကြည့်လိုက်သည်။ မြို့ရိုးအကာအရံများတွင် စစ်သည်များ ရပ်နေသည်ကို တွေ့ရသော်လည်း ဓားကိုင်စစ်သည်များကိုသာတွေ့ရပြီး လေးသမားများကို မတွေ့ရပေ။ မြို့စောင့်တာ လေးသမားတောင် မထားဘူးလား။
"လေးသမားတွေ နောက်မှာ ပုန်းနေတာများလား" စစ်သူကြီးရွှီက ပြောလိုက်သည်။ "ငါတို့ကို မြို့တိုက်အောင် တမင် မြှားခေါ်နေတာလား"
လိုကျစ်ကွေ့သည် ရှန်းမြို့၏ မြို့ရိုးကို ဆက်ကြည့်နေပြီး ပြောလိုက်၏။
"အခုထိ သူပုန်ခေါင်းဆောင်တွေ မြို့ရိုးပေါ်တက်လာတာ ငါမမြင်ရသေးဘူး။ ဒီည ငါတို့ မြို့ကို တိုက်မယ်။ အဲ့ဒီအချိန်ကျရင် မြို့ရိုးပေါ်က တုံ့ပြန်ပုံကိုကြည့်ပြီး ရှန့်ထျန်းကောရဲ့ ဆုံးဖြတ်ချက်ကို သိရလိမ့်မယ်"
ရွှီဖေးယွီသည် လိုကျစ်ကွေ့က ပါးစပ်က သူ့ကိုစကားပြောနေသော်လည်း မျက်လုံးများက မြို့ရိုးလှုပ်ရှားမှုကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် လေးစားကြောက်ရွံ့သွားကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ငါ သိပြီ"
"ဒီတိုက်ပွဲပြီးရင် ခင်ဗျား ရွှီကျွင်းချီကို ခေါ်သွားလို့ရပြီ" လိုကျစ်ကွေ့က ရုတ်တရက် ပြောလိုက်သည်။ "စစ်သူကြီးရွှီ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
ရွှီဖေးယွီသည် လက်ထဲမှ မြက်ပင်ကို လွှင့်ပစ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"စစ်သေနာပတိချုပ် စိတ်ချပါ။ ငါကလည်း ရှဲ့ဝမ်ယွမ်ကို မြေမြှုပ်စရာမြေမရှိတဲ့အထိ သေစေချင်တဲ့သူပါ"
"အဲ့လိုဆို အကောင်းဆုံးပေါ့"
လိုကျစ်ကွေ့က ပြုံးလိုက်သော်လည်း သူ၏အသံမှာ အေးစက်နေဆဲပင် ဖြစ်သည်။
....
အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးသွား၏။ ရှန်းမြို့သူမြို့သားများသည် စစ်ပွဲကြီး ဖြစ်လာတော့မည်ကို သိသော်လည်း မြို့တံခါးများ ပိတ်ထားသဖြင့် ထွက်ပြေးစရာလမ်းမရှိဘဲ အိမ်ထဲတွင်သာ ပုန်းအောင်းကာ မိမိနှင့် မိသားစုဝင်များ စစ်ဘေးမှ လွတ်မြောက်ပါစေကြောင်း ဘုရားတရား တောင်းဆုပြုနေကြရသည်။
နေဝင်သွားပြီး ညအချိန်ရောက်လာသောအခါ ရှန်းမြို့ပြင်ရှိ မြေကွက်လပ်တွင် မြူပါးများပင် ကျဆင်းလာခဲ့၏။
လိုကျစ်ကွေ့ မြင်းပေါ်တက်လိုက်သည်နှင့် အထူးမြင်းတပ်သား သုံးထောင်သည်လည်း ဓား၊ လှံများကို ကိုင်စွဲကာ စစ်မြင်းများပေါ်သို့ တက်လိုက်ကြသည်။
"သတ်!"
ရွှီဖေးယွီသည် လက်ထဲမှ စစ်ဓားဖြင့် ညမှောင်ရီပျိုးနေသော ရှန်းမြို့ကို ညွှန်ပြကာ အသံကုန်ဟစ်၍ အမိန့်ပေးလိုက်သည်။
သတ်ဖြတ်လိုသော အော်ဟစ်သံများ မိုးသိမ့်တုန်မျှ ထွက်ပေါ်လာပြီး အထူးမြင်းတပ်သား သုံးထောင်သည် ရှန်းမြို့ဆီသို့ တပြိုင်နက်တည်း မြင်းဒုန်းစိုင်း ဝင်ရောက်သွားကြလေသည်။
"ရန်သူတွေ မြို့ကိုတိုက်နေပြီ"
"လေးသမားတွေ..."
...
မြို့ရိုးပေါ်တွင် ရှုပ်ထွေးဆူညံသံများ ထွက်ပေါ်လာ၏။
ရှန်းမြို့စောင့်တပ်သားများ မြို့ရိုးအကာအရံများဆီသို့ ပြေးသွားသည်ကို မြင်သည်နှင့် သူပုန်တပ်သားအချို့သည် မြို့တံခါးဖွင့်သည့် ကြိုးရှိရာသို့ လှည့်ပြေးကြလေသည်။
"မင်းတို့..."
ကြိုးကို စောင့်ကြပ်နေသော စစ်သည်သည် သူပုန်တပ်သားအချို့ အနားရောက်လာသည်ကို မြင်ပြီး သတိဝင်သွားသော်လည်း စကားနှစ်လုံးသာ အော်လိုက်နိုင်ပြီး သူပုန်တပ်သား ပစ်လိုက်သော ဓားပျံထိမှန်ကာ မြေကြီးပေါ်တွင် အသတ်ခံလိုက်ရလေသည်။
ထိုအချိန်တွင် မြို့ရိုးပေါ်ရှိ သူပုန်တပ်သားများသည် ကြိုးရှိရာသို့ အတူတကွ ပြေးဝင်လာကြသည်။ မြို့စောင့်တပ်သားများ အခြေအနေမဟန်သည်ကို သတိထားမိပြီး လှည့်ကြည့်လိုက်ချိန်တွင် သူပုန်တပ်သားများက ကြိုးကို လှည့်၍ ပိတ်ထားသော မြို့တံခါးကို ချလိုက်ကြပြီဖြစ်သည်။
"ဒီသူပုန်တွေကို သတ်ပစ်" မြို့စောင့်စစ်သူကြီးတစ်ဦး ဒေါသတကြီး အော်ပြောလိုက်သည်။
သူပုန်တပ်သားအချို့သည် ကြိုးကို ဓားများဖြင့် ဝိုင်းခုတ်ကြရာ မြို့စောင့်တပ်သားများ အနားရောက်လာချိန်တွင် ကြိုး ပြတ်တောက်သွားလေပြီ။
မြို့တံခါးကြီးသည် ဘုန်းခနဲ ကျဆင်းသွားလေသည်။ ကြိုးကို ပြန်မပြင်နိုင်မချင်း ဤရှန်းမြို့တံခါးကြီးကို ပြန်ပိတ်နိုင်တော့မည် မဟုတ်ပေ။
"မြို့ထဲ ဝင်ကြ" မြို့ပြင်မှ ရွှီဖေးယွီ အသံကုန် အော်ဟစ်အမိန့်ပေးလိုက်သည်။
သစ်သားတံတားသည် မြင်းခွာသံများကြောင့် တုန်ခါသွား၏။ မြို့ရိုးပေါ်မှ မြှားအနည်းငယ်သာ ကျဆင်းလာပြီး ထိုမြှားများသည်လည်း ရှေ့သို့ချီတက်နေသော မြင်းတပ်သားများကို တားဆီးရန် အရာမရောက်ပေ။ အထူးမြင်းတပ်သား သုံးထောင်သည် လေပြင်းမုန်တိုင်းကဲ့သို့ ရှန်းမြို့ထဲသို့ ဝင်ရောက်သွားကြလေသည်။
....
မြင်းတပ်သား သုံးထောင် မြို့ထဲဝင်ရောက်လာချိန်တွင် ရှန်းမြို့ မြို့စားမင်းအိမ်တော်၌ အိမ်တော်ထိန်းတစ်ဦးသည် နောက်ဆောင်မှ ရှေ့ခြံဝင်းထဲသို့ အပြေးအလွှား ရောက်လာပြီး မြို့စားမင်းကို အော်ပြောလိုက်သည်။
"သခင်ကြီး... အမတ်ချုပ်ကြီးတို့အဖွဲ့ မရှိတော့ပါဘူး"
မြို့စားမင်းသည် မိသားစုနှင့်အတူ ရှေ့ခြံဝင်းထဲတွင် ရပ်နေချိန်ဖြစ်သည်။ အိမ်တော်ထိန်း၏ စကားကို ကြားသောအခါ မြို့စားမင်း၏ခေါင်းထဲတွင် မူးဝေသွားလေသည်။ ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားပြီလား။
"အဖေ" မြို့စားမင်း၏ သားအများအပြား ရှေ့တိုးလာပြီး ယိုင်လဲလုနီးပါးဖြစ်နေသော ဟုကော်ကုန်းကို တွဲထူလိုက်ကြသည်။
"ငါတို့... ငါတို့..." မြို့စားမင်းသည် စိတ်ကို အတင်းငြိမ်အောင်ထားပြီး အမိန့်ပေးလိုက်သည်။ "ငါတို့ သွားကြမယ်"
မြို့စားမင်းအိမ်တော်အပြင်ဘက်တွင် ပစ္စည်းပစ္စယများကို မြင်းလှည်းများပေါ် တင်ထားပြီးဖြစ်သည်။ ထိုအရာများသည် မြို့စားမင်းမိသားစု၏ ပိုင်ဆိုင်မှုအားလုံး ဖြစ်သည်။
"ဒီပစ္စည်းတွေကို မယူနဲ့တော့" သားနှစ်ယောက် တွဲထူထားသော ဟုကော်ကုန်းသည် အိမ်တော်တံခါးဝသို့ ထွက်လာပြီး လှည်းတန်းကြီးကိုကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "သွားမယ်"
ဤသို့ဖြင့် မိသားစုသည် အဖိုးတန်ပစ္စည်းများကို မယူဆောင်နိုင်တော့ဘဲ အိမ်တော်အစောင့်များ၏ ကာကွယ်မှုဖြင့် အနောက်ဘက်မြို့တံခါးဆီသို့ ပြေးကြလေသည်။
အနောက်ဘက်မြို့ရိုးကို မြင်လိုက်ရသည်နှင့် မြို့စားမင်းက ထပ်မံ အော်ဟစ်အမိန့်ပေးလိုက်သည်။
"မြို့တံခါးဖွင့်ခိုင်းလိုက်"
မြို့စားမင်း၏ သားအကြီးဆုံးသည် အစောင့်အချို့ကို ခေါ်ဆောင်ပြီး မြို့တံခါးဆီသို့ ပြေးသွားလေ၏။
ကောင်းကင်သည် လုံးဝ မှောင်မိုက်နေပြီ ဖြစ်သည်။ မြို့ရိုးပေါ်တွင် မီးရောင်များ ထိန်လင်းနေသော်လည်း မြို့ထဲတွင်မူ မီးရောင်ဟူ၍ မရှိသလောက် နည်းပါးလှသည်။ မြို့စားမင်းသည် အမှောင်ထုထဲတွင် ရပ်နေရင်း အသက်အရွယ်အိုမင်းနေပြီဖြစ်သော မိဘနှစ်ပါး၊ ကြောက်လန့်တကြားဖြစ်နေသော ဇနီးသည်နှင့် ငိုကြွေးနေသော မြေးငယ်လေးကို ကြည့်လိုက်မိသည်။ သူကိုယ်တိုင်၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှုများ အပြည့်ရှိနေမှန်း မြို့စားမင်း မသိရှာပေ။
မြင်းခွာသံများသည် အဝေးမှ အနီးသို့ ရောက်လာခဲ့လေပြီ။
"သွား... သွား..." မြို့စားမင်း ပျာပျာသလဲ အော်ပြောလိုက်သည်။ "မြို့တံခါးဆီ သွားကြ"
လူအုပ်ကြီးသည် မြို့တံခါးဆီသို့ ပြန်လည် ပြေးလွှားကြပြန်သည်။
မြို့စားမင်း၏ မိခင်အိုကြီးသည် မြေပြင်ပေါ်သို့ လဲကျသွား၏။ အဘွားအိုကို တွဲထားသော အစေခံမိန်းမကြီးနှစ်ယောက်သည် ခြေလှမ်းရပ်ပြီး ပြန်မထူနိုင်တော့ဘဲ ကိုယ့်လွတ်ရုန်းကာ ရှေ့သို့ ဆက်ပြေးကြသည်။ အနောက်မှ လူများသည်လည်း အဘွားအို လဲကျနေသည်ကို မြင်သော်လည်း မည်သူမျှ ရပ်မပေးကြပေ။
အဘွားအိုသည် မြေကြီးပေါ်တွင် ဝပ်လျက် အော်ဟစ်ရန် ပြင်လိုက်စဉ် နားထဲတွင် မြင်းခွာသံများ ကြားလိုက်ရသည်။ ဘာဖြစ်မှန်း သူမ မသိလိုက်ခင်မှာပင် သူမ၏ ကျောပြင်ပေါ်သို့ မာကျောသော အရာတစ်ခု ပြင်းထန်စွာ နင်းဖြတ်သွားလေသည်။ ထို့နောက် ဒုတိယအချက်၊ တတိယအချက်၊ စတုတ္ထအချက်...
တစ်သက်လုံး စည်းစိမ်ချမ်းသာ ခံစားလာရသော အဘွားအိုသည် မျက်စိတစ်မှိတ်အတွင်း မြင်းခွာအောက်တွင် အနင်းခံရပြီး သေဆုံးသွားကာ အလောင်းမှာ အသားများ ပုံပျက်ပန်းပျက် ဖြစ်သွားရရှာသည်။
ရွှီဖေးယွီသည် မြင်းစီးလျက် မြို့စားမင်း၏ ရှေ့ကို ပိတ်ရပ်လိုက်ပြီး အော်မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ် ဘယ်မှာလဲ"
မြို့စားမင်းသည် မြေကြီးပေါ် ဒူးထောက်ကျသွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောရှာသည်။
"ရှဲ့သူပုန် ထွက်ပြေးသွားပါပြီ"
လက်ထောက်စစ်သူကြီးတစ်ယောက်သည် လူများကို စစ်ဆေးကြည့်ရှုပြီးနောက် ရွှီဖေးယွီဘက်လှည့်ကာ ခေါင်းခါပြလိုက်သည်။
"ရှဲ့ဝမ်ယွမ် မပါပါဘူး"
"ရှဲ့ဝမ်ယွမ် ဘယ်ဘက်ကို ထွက်ပြေးသွားတာလဲ" ရွှီဖေးယွီက ဟုကော်ကုန်းကို ထပ်မေးသည်။
မြို့စားမင်းမှာ ရှဲ့ဝမ်ယွမ် ကြိုတင်ထွက်ပြေးသွားသည်ကို မသိခဲ့ပေ။ သို့သော် ယခု ရွှီဖေးယွီ မေးလာသည့်အခါ မသိဘူးဟု ပြောလိုက်လျှင် ရွှီဖေးယွီက သူ့တစ်မိသားစုလုံးကို ဒီနေရာမှာတင် သတ်ပစ်မည်မှာ သေချာသည်။
"အရှေ့... အရှေ့ဘက်မြို့တံခါးဘက်ကို ထွက်ပြေးသွားပါတယ်" မြို့စားမင်းက ရွှီဖေးယွီကို လမ်းညွှန်ပေးလိုက်သည်။
အရှေ့ဘက်မြို့တံခါး? ရွှီဖေးယွီ စဉ်းစားလိုက်သည်။ ရှဲ့ဝမ်ယွမ်က အရှေ့ဘက်ကိုသွားပြီး ဘယ်သူ့ဆီ သွားခိုလှုံမှာလဲ။
"ကျွန်တော်မျိုးလည်း ရှဲ့သူပုန်ရဲ့ ခြိမ်းခြောက်တာ ခံခဲ့ရတာပါ" မြို့စားမင်းက ငိုယိုအော်ဟစ်လိုက်သည်။
ရွှီဖေးယွီက အေးစက်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီကောင် ရှဲ့ဝမ်ယွမ်ရဲ့ စွန့်ပစ်တာ ခံလိုက်ရတာပဲ"
မြို့စားမင်း၏ ငိုသံ ရပ်တန့်သွား၏။
ရွှီဖေးယွီ လက်ဝှေ့ယမ်းပြလိုက်၏။
အထူးမြင်းတပ်ခွဲတစ်ဖွဲ့ ရှေ့တိုးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့စားမင်း၏ မိသားစုအားလုံးကို ခုတ်သတ်လိုက်ကြလေသည်။
မြို့စားမင်း၏ သားအကြီးဆုံးသည် မြို့တံခါးအောက်သို့ ရောက်လာပြီး တံခါးဖွင့်ပေးရန် အော်ပြောမည်ပြုစဉ် မြို့ရိုးပေါ်မှ မြှားများ ကျဆင်းလာပြီး သူ့ကိုရော အစောင့်များကိုပါ ပွဲချင်းပြီး သေဆုံးသွားစေသည်။ မြို့စောင့်စစ်သူကြီးသည် မြို့ရိုးပေါ်မှ ဆင်းလာပြီး မြို့စားမင်း၏သားအကြီးဆုံး၏ အလောင်းကို သယ်ဆောင်လျက် ရွှီဖေးယွီ၏ရှေ့တွင် ဒူးထောက်အညံ့ခံလေသည်။
ရွှီဖေးယွီက မေးလိုက်သည်။ "ရှဲ့ဝမ်ယွမ် အနောက်ဘက်တံခါးကနေ ထွက်သွားတာလား"
မြို့စောင့်စစ်သူကြီးက ခေါင်းခါပြလိုက်၏။
"သေစမ်း" ရွှီဖေးယွီသည် လက်ထောက်စစ်သူကြီးတစ်ယောက်ကို အနောက်ဘက်မြို့တံခါးကို ထိန်းချုပ်ရန် တာဝန်ပေးလိုက်ပြီး သူကိုယ်တိုင် လူစုကာ အရှေ့ဘက်မြို့တံခါးဆီသို့ ထွက်ခွာသွားလေသည်။
ထိုအချိန်တွင် လိုကျစ်ကွေ့သည် မြို့စားမင်းအိမ်တော်ရှေ့တွင် မြင်းရပ်လိုက်သည်။ တပ်မှူးတစ်ဦးသည် လိုကျစ်ကွေ့ရှေ့သို့ အပြေးအလွှား ရောက်လာပြီး အသံကျယ်လောင်စွာဖြင့် သတင်းပို့လေသည်။
"စစ်သေနာပတိချုပ်... ကျွန်တော်တို့ ရှဲ့ဝမ်ယွမ်ကို မတွေ့ပါဘူး"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၁၆ ။ ရှန်းမြို့မီးလောင်ခြင်း
မြို့စားမင်းအိမ်တော်မှ အချိန်မီ မထွက်ပြေးနိုင်လိုက်သည့် အစေခံတစ်ယောက်ကို စစ်သည်များက ခြေဖြင့်ကန်ကျောက်ကာ ခေါ်ဆောင်လာပြီး လိုကျစ်ကွေ့၏ မြင်းရှေ့တွင် ဒူးထောက်စေလိုက်၏။
လိုကျစ်ကွေ့သည် မြင်းပေါ်မှ မဆင်းဘဲ ထိုအစေခံကို မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ် မြို့စားမင်းအိမ်တော်ကနေ ဘယ်အချိန်က ထွက်သွားတာလဲ"
အစေခံသည် လိုကျစ်ကွေ့ကို ကြည့်ပြီး ခေါင်းကို အတွင်တွင်ခါပြရှာသည်။
စစ်သည်တစ်ဦးက ဓားအိမ်ဖြင့် အစေခံ၏ ခန္ဓာကိုယ်ကို ရိုက်လိုက်ပြီး အော်ဟစ်လိုက်၏။
"ဖြေစမ်း"
အစေခံသည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"ကျွန်တော်... ကျွန်တော် မမြင်လိုက်ပါဘူး။ ကျွန်တော်တို့ သခင်ကြီး... သူ... သူလည်း အမတ်ချုပ်ကြီး ထွက်သွားတဲ့ကိစ္စကို မသိပါဘူး"
ရှန်းမြို့စားမင်းကို ရှဲ့ဝမ်ယွမ်က စွန့်ပစ်ထားခဲ့တာလား။ လိုကျစ်ကွေ့သည် မြင်းပေါ်တွင်ထိုင်ရင်း အချိန်တိုအတွင်း အတွေးပေါင်းများစွာ ခေါင်းထဲ၌ လက်ခနဲ ဖြတ်သန်းသွားလေသည်။ ရှဲ့ဝမ်ယွမ်သည် မြို့ထဲတွင် ပုန်းအောင်းနေတာလား။ ဒါမှမဟုတ် ရှန်းမြို့မှ ကြိုတင်ထွက်ပြေးသွားပြီလား။ အကယ်၍ မြို့ပြင်ထွက်ပြေးသွားသည်ဆိုလျှင် ရှဲ့ဝမ်ယွမ်သည် ရှန်းမြို့စားမင်း၏ မျက်စိအောက်မှ ဘယ်လိုလုပ် လွတ်မြောက်သွားတာလဲ။
"စစ်သေနာပတိချုပ်"
ရွှီဖေးယွီ၏ လက်အောက်မှ လက်ထောက်စစ်သူကြီးတစ်ဦးသည် လိုကျစ်ကွေ့၏ ဘေးသို့ မြင်းစီးလာပြီး လက်သီးဆုပ်အရိုအသေပေးကာ သတင်းပို့လေသည်။
"ရှန်းမြို့စောင့်စစ်သူကြီး အသတ်ခံလိုက်ရပါပြီ။ ရှဲ့ဝမ်ယွမ် အိမ်တော်ထဲမှာ မရှိပါဘူး"
"မြို့ကို ရှာဖွေကြ" လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။ "ရှဲ့ဝမ်ယွမ်ကို တွေ့တာနဲ့ အရှင်မထားနဲ့၊ သတ်ပစ်"
လက်ထောက်စစ်သူကြီး အမိန့်နာခံပြီး မြင်းခေါင်းပြန်လှည့်ကာ လမ်းမကြီးတစ်လျှောက် ပြေးထွက်သွား၏။
ရွှီဖေးယွီ၏ လက်ထောက်စစ်သူကြီး ထွက်သွားသည်နှင့် အနက်ရောင်နှင်းခဲ မြင်းတပ်မှ စစ်သူကြီးတစ်ဦးသည် လိုကျစ်ကွေ့၏ ရှေ့သို့ မြင်းဒုန်းစိုင်း ရောက်လာပြီး တိုးတိုးလေး ပြောလေသည်။
"ရှန့်ထျန်းကောက လူတွေခေါ်ပြီး မြို့မြောက်ဘက်ကနေ ထွက်သွားပါပြီ။ မြို့ထဲမှာ သူပုန်တချို့ ကျန်နေသေးတယ်။ စစ်သေနာပတိချုပ် ဘယ်လိုလုပ်ချင်လဲ"
ထိုအချိန်တွင် စစ်မြင်းရှောင်ဟုန်က နှာမှုတ်လိုက်၏။
လိုကျစ်ကွေ့သည် သူ့စစ်မြင်း၏ခေါင်းကို ပုတ်ပေးလိုက်ပြီး ထိုစစ်သူကြီးအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သူတို့ကို ထွက်သွားခွင့်ပေးလိုက်"
"ရှန့်ထျန်းကောက ရှဲ့ဝမ်ယွမ်ကိုခေါ်ပြီး မြို့ထဲက ထွက်သွားတာများဖြစ်မလား" စစ်သူကြီးက သံသယဖြင့် မေးလိုက်သည်။ "ရှဲ့ဝမ်ယွမ်က သူပုန်တွေကြားထဲ ရောလိုက်သွားရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ ဒါက ဖြစ်နိုင်ချေရှိတယ်"
လိုကျစ်ကွေ့ ခေါင်းခါလိုက်၏။
"ရှန်းမြို့မြောက်ဘက်မှာ ရှဲ့ဝမ်ယွမ်ရဲ့ ဘက်တော်သားတွေ မရှိဘူး။ သူပုန်တပ်ထဲမှာ သူ့ရန်သူတွေ အများကြီးပဲ။ သူသာ ရှန့်ထျန်းကောနဲ့ လိုက်သွားရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ"
စစ်သူကြီးမှာ စိတ်ရှုပ်ထွေးသွားရသည်။ "ဒါဆို ရှဲ့ဝမ်ယွမ်က တောင်ပံပေါက်ပြီး ပျံထွက်သွားတာလား"
"မင်း သူပုန်တွေကို မြို့ပြင်ထွက်ခွင့် ပြုလိုက်ပါ" လိုကျစ်ကွေ့က လက်အောက်ငယ်သားကို လက်ဝှေ့ယမ်းပြလိုက်သည်။
"စစ်သေနာပတိချုပ်... တကယ်ပဲ ဒီသူပုန်တွေကို လွှတ်ပေးလိုက်တော့မလို့လား" စစ်သူကြီးက စိုးရိမ်တကြီး ပြောရှာသည်။ "သူတို့က သေသင့်တဲ့ အပြစ်သားတွေလေ။ စစ်သေနာပတိချုပ်က သူပုန်တွေကို တိတ်တဆိတ် လွှတ်ပေးလိုက်တယ်ဆိုတာ အရှင်မင်းကြီး သိသွားရင် အရှင်မင်းကြီးကို ဘယ်လိုပြန်ရှင်းပြမလဲ"
"ဒီကိစ္စ အဆုံးသတ်က ဘယ်လိုပဲဖြစ်ဖြစ် ငါ ရှန့်ထျန်းကောကို ကျေးဇူးကြွေး တင်သွားပြီ" လိုကျစ်ကွေ့သည် လေသံအေးအေးဖြင့် ပြောလိုက်သည်။ "ရှန့်ထျန်းကောသာ မြို့ထဲမှာရှိနေရင် ငါ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ကျန်တဲ့သူတွေကတော့ အရေးမပါတဲ့သူတွေမို့ လွှတ်ပေးလိုက်ပါ"
စစ်သူကြီးသည် မိမိတို့၏ စစ်သေနာပတိချုပ် ဤသို့ပြောလာမှတော့ ခေါင်းညိတ်နာခံရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူသည် လူစုပြီး လမ်းအဆုံးသို့ ပြေးသွားကြလေသည်။
လိုကျစ်ကွေ့သည် မြေကြီးပေါ်တွင် ဒူးထောက်နေသော မြို့စားမင်းအိမ်တော်မှ အစေခံကို တစ်ချက်ကြည့်လိုက်ပြီး မြင်းရှေ့ရှိ တပ်မှူးကို အမိန့်ပေးလိုက်သည်။
"မင်း လူခေါ်ပြီး မြို့စားမင်းအိမ်တော်ကို နောက်တစ်ခေါက် ထပ်ရှာ"
"ဟုတ်ကဲ့" တပ်မှူးသည် အသံကျယ်လောင်စွာဖြင့် အမိန့်နာခံလိုက်သည်။
လိုကျစ်ကွေ့ မြင်းဒုန်းစိုင်းထွက်ခွာသွားပြီး စစ်သည်နှစ်ဆယ်ကျော်ခန့်ရှိသော တပ်ဖွဲ့သည်လည်း သူ့နောက်မှလိုက်ပါလျက် မြို့စားမင်းအိမ်တော်ရှေ့မှ ထွက်ခွာသွားကြလေသည်။
မြင်းခွာသံများ ဝေးကွာသွားသည်ကို ကြားသောအခါ အစေခံသည် မော့ကြည့်ရန် ပြင်လိုက်သော်လည်း ဘေးနားရှိ စစ်သည်တစ်ဦးက ဓားဖြင့် လည်ပင်းကို ခုတ်ပိုင်းလိုက်လေသည်။ အစေခံသည် မြေကြီးပေါ်သို့ လဲကျသွားပြီး ပြတ်ရှသွားသော လည်ပင်းမှ သွေးများ ပန်းထွက်လာ၏။ လူလတ်ပိုင်းအရွယ် အစေခံသည် ခန္ဓာကိုယ် တဆတ်ဆတ် တုန်ခါပြီးနောက် အသက်ပျောက်သွားတော့သည်။
တပ်မှူးသည် လူများကိုဦးဆောင်၍ တံခါးပွင့်နေသော မြို့စားမင်းအိမ်တော်ထဲသို့ ဝင်ရောက်သွားကြသည်။ ရှန်းမြို့၏ အကြီးဆုံးအိမ်တော်ကြီးသည် မကြာမီမှာပင် အလောင်းများပုံထပ်ကာ သွေးများဖြင့် ချောင်းစီးသွားတော့သည်။
.....
လိုကျစ်ကွေ့သည် ရှန်းမြို့၏ လမ်းမကြီးတစ်ခုပေါ်တွင် ရပ်နေ၏။ လမ်းဘေးရှိ အိမ်ခြေများတွင် မီးရောင်မရှိသလို လူသံသူသံလည်း မကြားရပေ။ လမ်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းနေသည်။
"မြို့တစ်မြို့လုံးကို ရှာမလား" လိုကျစ်ကွေ့နောက်သို့ လိုက်ပါလာသော လက်ထောက်စစ်သူကြီးက အကြံပြုလိုက်သည်။
လိုကျစ်ကွေ့သည် လမ်းဘေးဝဲယာရှိ မှောင်မည်းနေသော အိမ်များကို ကြည့်လိုက်သည်။ ရှဲ့ဝမ်ယွမ်သည် မြို့ထဲတွင် ပုန်းအောင်းနေနိုင်ချေ ရှိသည်။ သို့သော် သူ မြို့ကိုရှာဖွေမည်ဆိုသည်ကို ရှဲ့ဝမ်ယွမ် မစဉ်းစားမိဘဲ နေမလား။ မြို့တံခါးများကို ပိတ်ဆို့ထားလိုက်ပါက စိတ်ရှည်ရှည်ထားပြီး ရှာဖွေလျှင် စစ်တပ်အနေဖြင့် ရှဲ့ဝမ်ယွမ်ကို ရှာတွေ့နိုင်သည်မှာ သေချာသည်။ ထိုမြေခွေးအိုကြီးက ဘာကိုအကြောင်းပြုပြီး မြို့ထဲမှာနေရတာ လုံခြုံတယ်လို့ ယူဆရတာလဲ။
အရှေ့ဘက်မြို့ပိုင်းသို့ သွားခဲ့သော ရွှီဖေးယွီသည် လိုကျစ်ကွေ့၏ရှေ့သို့ မြင်းစီးရောက်လာပြီး မြင်းကိုရပ်တန့်လိုက်ကာ လိုကျစ်ကွေ့ကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
"ရှန်းမြို့စားမင်း သေပြီ။ ငါ အရှေ့ဘက်ရော အနောက်ဘက်ရော ရောက်ခဲ့ပြီးပြီ။ ရှဲ့ဝမ်ယွမ်ကို မတွေ့ဘူး။ သူ အရှေ့ဘက်တံခါးနဲ့ အနောက်ဘက်တံခါးကနေလည်း ထွက်မပြေးဘူး"
"ငါတို့က တောင်ဘက်တံခါးက ဝင်လာတာ။ ရှန့်ထျန်းကောက မြောက်ဘက်တံခါးက ထွက်သွားတာ" လိုကျစ်ကွေ့ ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ်က တောင်ဘက်နဲ့ မြောက်ဘက်ကနေလည်း ထွက်မပြေးနိုင်ဘူး"
"ဒါဆို..." ရွှီဖေးယွီ၏ ကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာ၏။ "ရှဲ့ဝမ်ယွမ် မြို့ထဲမှာ ရှိနေသေးတာလား"
လိုကျစ်ကွေ့သည် သူရောက်နေသော လမ်းမကြီးကို တစ်ချက်ကြည့်လိုက်သည်။ ဤကိစ္စသည် ထူးဆန်းနေသည်။
"ဘာထူးခြားလို့လဲ" လိုကျစ်ကွေ့ ဘာမှမပြောသည်ကိုမြင်တော့ ရွှီဖေးယွီ အလျင်အမြန် မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ် မြို့ထဲမှာ မရှိနိုင်ဘူး" လိုကျစ်ကွေ့ ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါဆို သူဘယ်လိုလုပ် မြို့ပြင်ရောက်သွားတာလဲ" ရွှီဖေးယွီ နားမလည်နိုင် ဖြစ်နေသည်။
လိုကျစ်ကွေ့သည် သူရောက်နေသော လမ်းမကြီးကို နောက်တစ်ကြိမ် ဝေ့ဝဲကြည့်လိုက်ပြန်၏။
စစ်သေနာပတိချုပ်လို၏ အပြုအမူကြောင့် ရွှီဖေးယွီ မနေနိုင်ဘဲ မေးလိုက်သည်။ "မင်းက ရှဲ့ဝမ်ယွမ် ဒီလမ်းမပေါ်မှာ ရှိနေတယ်လို့ သံသယဝင်နေတာလား"
"ရေသံ ဘယ်လိုလုပ် ကြားနေရတာလဲ" လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာ..." ရွှီဖေးယွီသည် တစ်ခဏမျှ လိုကျစ်ကွေ့ သူ့ကို နောက်ပြောင်နေသလားဟု သံသယဝင်သွားသည်။ ဒီလမ်းမက မြစ်နဲ့နီးတာလည်း မဟုတ်ဘဲ ဘယ်လိုလုပ် ရေသံကြားရမှာလဲ။ သို့သော် သေချာနားစွင့်ကြည့်လိုက်သောအခါ ရွှီဖေးယွီသည် တိုးညင်းသော ရေစီးသံသဲ့သဲ့ကို ကြားလိုက်ရလေသည်။
လိုကျစ်ကွေ့ မြင်းပေါ်မှဆင်းလိုက်ပြီး ဘေးဘီဝဲယာကိုကြည့်ကာ လမ်းဘေးသို့ လျှောက်သွားလိုက်သည်။
ရွှီဖေးယွီလည်း အလျင်အမြန် မြင်းပေါ်မှဆင်းပြီး လိုကျစ်ကွေ့နောက်သို့ လိုက်သွားလေသည်။
လမ်းဘေးတွင် ရေမြောင်းတိမ်တိမ်တစ်ခု ရှိနေသည်။ စစ်သည်များက မီးတုတ်ယူလာကြရာ ကခုန်နေသော မီးရောင်များသည် ရေမြောင်းထဲရှိ ရေပြင်ပေါ်တွင် ထင်ဟပ်နေ၏။
"ဒါ ရေမြောင်း မဟုတ်လား" ရွှီဖေးယွီ တိုးတိုးလေး မေးလိုက်သည်။
မြို့ထဲတွင် ရေမြောင်းရှိခြင်းမှာ ပုံမှန်ကိစ္စပင်။ ရှန်းမြို့ထဲတွင် မြစ်ချောင်းများမရှိသဖြင့် လမ်းတိုင်းတွင် ရေမြောင်းများ တူးဖော်ထားပြီး မြို့ပြင်ရှိ မြို့ရိုးကာမြစ်နှင့် ဆက်သွယ်ထားသည်။ မြို့ထဲမှ ရေဆိုးများနှင့် မိုးရေများသည် ရေမြောင်းများမှတစ်ဆင့် မြို့ပြင်ရှိ မြို့ရိုးကာမြစ်ထဲသို့ စီးဝင်သွားလေ့ရှိသည်။
ရွှီဖေးယွီသည် ဤရေမြောင်းတွင် ဘာပြဿနာရှိမှန်း မသိသော်လည်း လိုကျစ်ကွေ့ ရပ်ကြည့်နေသည်ကို မြင်သဖြင့် သူပါ လိုကျစ်ကွေ့ဘေးတွင် ဝင်ရပ်နေလိုက်သည်။
"ရေစီးကြောင်းက မှားနေတယ်"
လိုကျစ်ကွေ့သည် ရေမြောင်းထဲမှ ရေစီးကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ရွှီဖေးယွီကို ပြောလိုက်သည်။
"ဘာ..." ရွှီဖေးယွီ ခြေရင်းရှိ ရေမြောင်းကို ငုံ့ကြည့်လိုက်သည်။
"ဒီရေတွေက ဘာလို့ မြို့ထဲကို စီးဝင်နေတာလဲ" လိုကျစ်ကွေ့ ပြောလိုက်၏။
ရွှီဖေးယွီ၏ မျက်နှာ ပျက်သွားသည်။ ဒူးထောက်ထိုင်ချလိုက်ပြီး ရေမြောင်းထဲမှ ရေကို လက်ဖြင့်တို့ကာ လက်ချောင်းများဖြင့် ပွတ်ကြည့်လိုက်သည်။ ထို့နောက် ရွှီဖေးယွီသည် ဒုန်းခနဲ မတ်တတ်ထရပ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သောက်ကျိုးနည်း... ဒါ ဆီတွေပဲ"
လိုကျစ်ကွေ့၏မျက်လုံးများ ပြူးကျယ်သွား၏။
ရွှီဖေးယွီသည် လမ်း၏တစ်ဖက်ခြမ်းသို့ ပြေးသွားပြီး ထိုဘက်ရှိ ရေမြောင်းမှ ရေကို တို့ထိစမ်းသပ်ကြည့်သည်။ ထို့နောက် မတ်တတ်ရပ်ကာ လိုကျစ်ကွေ့ကို ခေါင်းညိတ်ပြလိုက်သည်။ ဒီဘက်ရေမြောင်းထဲမှာလည်း ဆီတွေပဲ။
လိုကျစ်ကွေ့သည် တစ်ခဏမျှပင် တွေဝေမနေတော့ဘဲ ဘေးနားရှိလူများကို အမိန့်ပေးလိုက်သည်။
"ရှန်းမြို့ကနေ ဆုတ်ခွာကြ။ လူအားလုံးကို ရှန်းမြို့ကနေ ဆုတ်ခွာခိုင်း။ မြန်မြန်လုပ်"
လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်နှင့် စစ်သည်များသည် ပျာပျာသလဲ မြင်းပေါ်တက်ကြလေသည်။
ရွှီဖေးယွီ ပြေးလာပြီး မေးလိုက်သည်။ "ဘယ်တံခါးကနေ ထွက်မလဲ"
"အနီးဆုံးတံခါးကနေ ထွက်" လိုကျစ်ကွေ့လည်း မြင်းပေါ်တက်လိုက်ပြီး ရွှီဖေးယွီကို ပြောလိုက်သည်။ "ခင်ဗျား သူတို့ကိုခေါ်ပြီး ထွက်တော့"
"မင်းကရော" ရွှီဖေးယွီသည် လိုကျစ်ကွေ့၏ မြင်းရှေ့တွင် ပိတ်ရပ်လိုက်သည်။
"ငါလည်း မကြာခင် ထွက်လာခဲ့မယ်။ စစ်သူကြီးရွှီ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ" လိုကျစ်ကွေ့သည် ရွှီဖေးယွီကို ထိုသို့ပြောပြီး ထွက်ခွာရန် ပြင်လိုက်သော်လည်း တစ်ချက်စဉ်းစားပြီး မြင်းနီကလေး ရှောင်ဟုန်ကို ပြန်ရပ်တန့်လိုက်ကာ ရွှီဖေးယွီကို ပြောလိုက်သည်။
"ငါတို့ မြို့တစ်မြို့လုံးကလူတွေကို မကယ်နိုင်ဘူး။ ပြည်သူတွေကို မြို့ပြင်ထွက်ဖို့ တတ်နိုင်သလောက် အော်ပြောပေးပါ"
ရွှီဖေးယွီ ခေါင်းညိတ်လိုက်သည်။ သူတို့ချည်းသက်သက် လွတ်မြောက်အောင်ပြေးပြီး မြို့ထဲက ပြည်သူတွေကို သေလမ်းပို့ထားခဲ့ရမည့်ကိစ္စမျိုး သူ မလုပ်နိုင်ပေ။
"သွားစို့"
လိုကျစ်ကွေ့သည် မြင်းကိုဒုန်းစိုင်းနှင်၍ ရေမြောင်းအတိုင်း အရှေ့တောင်ဘက်သို့ ဦးတည်သွားလေသည်။
"စစ်သေနာပတိချုပ်က ရှဲ့ဝမ်ယွမ်ကို သွားဖမ်းတာလား" လက်ထောက်စစ်သူကြီးတစ်ဦးသည် လိုကျစ်ကွေ့ အဝေးသို့ပြေးထွက်သွားသည်ကို ကြည့်ပြီး သူ့စစ်သေနာပတိချုပ်ကို မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။
"သူ မီးရှို့တဲ့လူကို သွားဖမ်းတာ" ရွှီဖေးယွီ ပြောလိုက်သည်။ "မီးရှို့တဲ့လူမရှိရင် မီးလောင်မှာမဟုတ်ဘူး။ စကားများမနေနဲ့။ တံခါးတွေခေါက်ပြီး မြို့ထဲကလူတွေကို ထွက်ဖို့ အော်ပြောကြ"
မြို့ထဲမှ ပြည်သူများသည် ကလေးများနှင့် လူမမာများမှလွဲ၍ ဒီည မည်သူမျှ မျက်စိမမှိတ်နိုင်ကြပေ။ အိမ်ထဲတွင် ပုန်းအောင်းနေကြစဉ် အစိုးရတပ်များ တံခါးခေါက်ပြီး သူပုန် ရှဲ့ဝမ်ယွမ်က မြို့ကို မီးရှို့တော့မည်ဖြစ်၍ အမြန်ဆုံးထွက်ပြေးကြရန် အော်ဟစ်သတိပေးသံကို ကြားလိုက်ရသည်။ ပြည်သူများသည် သေချာစဉ်းစားချိန်ပင်မရဘဲ ပစ္စည်းပစ္စယများကိုပင် မယူနိုင်တော့ဘဲ သက်ကြီးရွယ်အိုများနှင့် ကလေးများကို တွဲထူပွေ့ချီလျက် အိမ်ထဲမှ ပြေးထွက်ကာ အနီးဆုံးမြို့တံခါးဆီသို့ ပြေးလွှားကြလေသည်။
ရှန်းမြို့တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ရှုပ်ထွေးသွားပြီး လူများသည် လမ်းမပေါ်သို့ တပြိုင်နက်တည်း ရောက်လာကြသဖြင့် လမ်းများမှာ ပြည့်ကျပ်သွားတော့သည်။ မြင်းလှည်းများ သွားမရသလို လမ်းလျှောက်၍လည်း မြန်မြန်မသွားနိုင်ပေ။ လူအုပ်ပိသည့် ဖြစ်ရပ်များပင် ဖြစ်ပွားခဲ့သည်။ မြို့သူမြို့သားအများအပြားသည် မီးမလောင်ခင်မှာပင် လူအုပ်နင်းမိ၍ သေဆုံးခဲ့ကြရသည်။
ရွှီဖေးယွီသည် မြို့ထဲမှ ဖရိုဖရဲအခြေအနေကို ဘာမှမတတ်နိုင်တော့ပေ။ သူ လုပ်ပေးနိုင်သည်မှာ မျက်စိရှေ့မှ ပြည်သူအချို့ကို ကာကွယ်ပြီး မြို့ပြင်သို့ ခေါ်ထုတ်သွားရန်သာ ရှိတော့သည်။
လိုကျစ်ကွေ့သည် ရေမြောင်းအတိုင်း တောက်လျှောက်ပြေးလာခဲ့ရာ နောက်ဆုံးတွင် အရှေ့ဘက်မြို့တံခါးသို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် မြို့ထဲမှ ပြည်သူများသည် မြို့တံခါးဝသို့ ရောက်မလာကြသေးသော်လည်း မြို့တံခါးကို ထိန်းချုပ်ထားသော စစ်သူကြီးသည် မြို့တံခါးကို ကြိုတင်ဖွင့်ထားပြီးဖြစ်သည်။ လိုကျစ်ကွေ့ လူစုနှင့်အတူ ရောက်လာသည်ကို မြင်သောအခါ ထိုစစ်သူကြီးသည် လိုကျစ်ကွေ့၏ မြင်းရှေ့သို့ အပြေးအလွှား လာကြိုလေသည်။
"ငါနဲ့လိုက်ခဲ့" လိုကျစ်ကွေ့ မြင်းကိုမရပ်ဘဲ စစ်သူကြီးကို အလျင်အမြန် မှာကြားလိုက်သည်။
စစ်သူကြီးသည် လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြပြီး အော်ဟစ်လိုက်သည်။ "မြို့ပြင်ထွက်ကြ"
စစ်သည်အင်အား နှစ်ရာကျော်သည် လိုကျစ်ကွေ့၏ နောက်မှလိုက်ကာ မြို့ပြင်သို့ ဒုန်းစိုင်းပြေးထွက်သွားကြလေသည်။
လိုကျစ်ကွေ့ မြို့ပြင်တွင် မြင်းကို ရပ်တန့်လိုက်သည်။ အရှေ့ဘက်မြို့တံခါးရှိ မြို့ရိုးကာမြစ်ထဲတွင် ရေတိမ်တိမ်လေးသာ ရှိပြီး မြစ်ကြမ်းပြင်များ ပေါ်နေသည်။ မဟုတ်ဘူး... ဒါ ရေမဖြစ်နိုင်ဘူး... ဒါက... ဟု လိုကျစ်ကွေ့ တွေးလိုက်မိသည်။
'ဗြိ' ခနဲ မြည်သံတစ်ခု မြို့ရိုးကာမြစ်ထဲမှ ထွက်ပေါ်လာ၏။
စစ်သည်များသည် မြို့ရိုးကာမြစ်ထဲမှ မီးနဂါးကြီး ထွက်ပေါ်လာသည်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြသည်။ သူတို့မျက်စိရှေ့မှ မြစ်ရေသည် မျက်စိတစ်မှိတ်အတွင်း မီးပင်လယ်ကြီး ဖြစ်သွားပြီး မီးများသည် ရေမြောင်းအတိုင်း မြို့ထဲသို့ ကူးစက်လောင်ကျွမ်းသွားလေသည်။
လိုကျစ်ကွေ့သည် သူ့မျက်စိရှေ့မှ မီးပင်လယ်ကြီးကို ကြည့်လိုက်သည်။ အရှေ့ဘက်မြို့တံခါးမှ ပြည်သူတစ်ယောက်မျှ ထွက်ပြေးလွတ်မြောက်လာခြင်း မရှိပေ။
"ဒါ..." စစ်သူကြီးမှာ ကြောင်သွားပြီး ပါးစပ်အဟောင်းသားဖြင့် စကားမပြောနိုင် ဖြစ်နေသည်။
"စစ်သေနာပတိချုပ်... ဒီမှာ အလောင်းတစ်လောင်း ရှိတယ်" မြို့ရိုးကာမြစ်၏ အကွေ့တစ်နေရာမှ စစ်သည်တစ်ဦး အော်ပြောလိုက်သည်။
လိုကျစ်ကွေ့ ထိုနေရာသို့ ရောက်သွားသောအခါ ညအိပ်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦး မြေကြီးပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာပေါက် ခုနစ်ပေါက်လုံးမှ သွေးများထွက်နေပြီး အသက်မရှိတော့ပေ။ ထိုအမျိုးသား၏ လက်သည် မြို့ရိုးကာမြစ်ဘက်သို့ ဆန့်တန်းထားပြီး မီးလောင်ထားသဖြင့် မည်းတူးနေသည်။ သံသယဖြစ်စရာမလိုပေ။ ဤသူသည် မီးရှို့သည့်သူဖြစ်ပြီး မီးရှို့ပြီးသည်နှင့် အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်သည်။
"ဒီမြစ်ထဲမှာ အကုန်လုံးက ဆီတွေလား" စစ်သူကြီး အံ့ဩတကြီး ပြောလိုက်သည်။
လိုကျစ်ကွေ့ ဘာမှပြန်မပြောပေ။
"သောက်ကျိုးနည်း" စစ်သူကြီးသည် လက်သီးဖြင့်ထိုးကာ ပြောလိုက်သည်။ "ငါက တွေးနေတာ... ဒီက မြို့ရိုးကာမြစ်ထဲမှာ ဘာလို့ ရေမရှိနေတာလဲလို့"
စောစောက သူ တောင်ဘက်တံခါးကနေ မြို့ထဲဝင်လာတုန်းက မြို့ရိုးကာမြစ်ထဲမှာ ရေရှိနေခဲ့သည်။ လိုကျစ်ကွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ ရှဲ့ဝမ်ယွမ်ရဲ့လူတွေက မြို့ရိုးကာမြစ်ရေကို ဖောက်ထုတ်ပစ်လိုက်တာလား။ ဒီခွေးအိုကြီးက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်တာလဲ။
"စစ်သေနာပတိချုပ်" စစ်သည်တစ်ဦးသည် လိုကျစ်ကွေ့၏ နောက်ကျောဘက်ကို လက်ညှိုးထိုးပြီး အော်ခေါ်လိုက်သည်။
လိုကျစ်ကွေ့ လှည့်ကြည့်လိုက်ရာ သူ့အနောက်ဘက် မြေကွက်လပ်တွင် မီးများ လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။
"သွား" စစ်သည်တစ်ဦးသည် မူလက မြို့တံခါးစောင့်နေသော စစ်သူကြီးကို တွန်းထိုးပြီး လိုကျစ်ကွေ့မြင်းရှေ့သို့ ခေါ်လာသည်။
"ဒီမှာ ရေလမ်းကြောင်း ရှိသလား" လိုကျစ်ကွေ့က ထိုစစ်သူကြီးကို မေးလိုက်သည်။
ထိုစစ်သူကြီးသည် အသက်ငါးဆယ်ခန့်ရှိပုံရပြီး သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည်။ ဦးထုပ်မှာ ဘယ်ရောက်နေမှန်းမသိဘဲ ဆံပင်များ ဖရိုဖရဲဖြစ်ကာ ကိုယ်ပေါ်တွင် သွေးများ ပေကျံနေသည်။ လိုကျစ်ကွေ့ မေးသည်ကို ကြားသောအခါ ထိုစစ်သူကြီးက ဘယ်ဘက်သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"အဲ့ဒီမှာ ရေတံခါးရှိတယ်။ ကျွန်တော်တို့ ရှန်းမြို့ရဲ့ မြို့ရိုးကာမြစ်ရေကို မလှမ်းမကမ်းက ရှန်းမြစ်ကနေ သွယ်ယူထားတာပါ"
"မင်းတို့ ရေတံခါး ဖွင့်လိုက်တာလား" လိုကျစ်ကွေ့ မေးလိုက်သည်။
စစ်သူကြီးက ခေါင်းကို အတင်းခါပြလေသည်။ ဒီကိစ္စကို သူ တကယ်မသိပေ။
"စစ်သူကြီး... ကျွန်တော်မျိုးက ရှန်းမြို့သားပါ။ ကျွန်တော်မျိုး ဒီလိုကိစ္စ ဘယ်လုပ်ပါ့မလဲ" စစ်သူကြီးက လိုကျစ်ကွေ့ကို အော်ပြောလိုက်သည်။
အဆောက်အအုံများ ပြိုကျသံကို မြို့ထဲမှ ကြားလိုက်ရပြီး လိုကျစ်ကွေ့တို့ ရပ်နေသော မြေပြင်သည်လည်း တုန်ခါသွားသည်။ ရှန်းမြို့သည် မီးပင်လယ်ကြီးထဲသို့ ကျရောက်သွားလေပြီ။
***