အခန်း (၃၁၇-၃၁၈)
Vol. 20 Ch. 317-318
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၁၇ ။ ယုံကြည်ချက် ပျောက်ဆုံးသွားသော အရှင်မင်းကြီးနဉ်
ရှန်းမြို့မြောက်ဘက်မြို့ပြင်ရှိ အစိုးရလမ်းမကြီးပေါ်တွင် ရှန့်ထျန်းကောသည် မျက်နှာသေဖြင့် အဝေးမှ မီးလုံးကြီးများကို လှမ်းကြည့်နေသည်။
"ရှဲ့ဝမ်ယွမ်ကို ဖမ်းဖို့ လိုကျစ်ကွေ့က မြို့ကို မီးရှို့လိုက်တာလား" သူပုန်စစ်သူကြီးတစ်ဦး အံ့ဩတကြီး ပြောလိုက်သည်။
"လိုကျစ်ကွေ့ရဲ့ စစ်သည်တွေလည်း မြို့ထဲမှာ ရှိနေတာလေ။ သူက ဘယ်လိုလုပ် မြို့ကို မီးရှို့မှာလဲ။ ကိုယ့်လူကိုယ် ပြန်မီးရှို့သတ်တာမျိုး ဖြစ်သွားမှာပေါ့" နောက်ထပ်စစ်သူကြီးတစ်ဦးက ခေါင်းခါရင်း ပြောသည်။ "ဒီမီးကို လိုကျစ်ကွေ့ ရှို့တာ မဖြစ်နိုင်ဘူး"
"ဒါ ရှဲ့ဝမ်ယွမ် လက်ချက်ပဲ" ရှန့်ထျန်းကောသည် လေးနက်သော လေသံဖြင့် အတည်ပြုပြောကြားလိုက်သည်။
သူပုန်စစ်သူကြီးအများစုမှာ လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။
"မြို့ထဲမှာ ပြည်သူတွေ သောင်းနဲ့ချီ ရှိနေတာနော်" စစ်သူကြီးတစ်ဦးက အော်ပြောလိုက်သည်။
ရှန့်ထျန်းကော၏ ပါးပြင်များ တုန်ခါသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒါက စစ်ဗျူဟာမှူးပြောတဲ့ ငါတို့ သူပုန်တပ်အတွက် အကျိုးရှိမယ့်လူဆိုတာပဲ"
စစ်သူကြီးအချို့သည် ရှန်းမြို့မီးလောင်နေပုံနှင့် မီးရောင်ဟပ်၍ နီရဲနေသော ကောင်းကင်ကြီး၏ တစ်ဝက်ခန့်ကိုကြည့်ရင်း အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေကြသည်။
"ငါတို့ ဒီခွေးအိုကြီးကို မကယ်ခဲ့သင့်ဘူး" ရှန့်ထျန်းကော၏ မျက်နှာထားမှာ အေးစက်သွားပြီး မြင်းခေါင်းကို လှည့်ကာ အမိန့်ပေးလိုက်သည်။ "မကြည့်ကြနဲ့တော့။ ကြည့်နေလည်း အလကားပဲ။ ရှန်းမြို့ကလူတွေ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး။ သွားကြစို့"
"ငါတို့သာ မထွက်လာခဲ့ရင် ငါတို့..."
ရင့်ကျက်သော စစ်သူကြီးသည် စကားကို ဆုံးအောင်မပြောဘဲ ရပ်လိုက်သော်လည်း ကျန်သောစစ်သူကြီးများအားလုံး သူဘာပြောချင်သည်ကို နားလည်ကြသည်။ သူတို့သာ ရှဲ့ဝမ်ယွမ်ကို ကူညီပြီး မြို့ကို ကာကွယ်ပေးခဲ့လျှင် ယခုအချိန်၌ သူတို့လည်း မီးပင်လယ်ကြီးထဲတွင် ပိတ်မိနေကြမည် ဖြစ်သည်။ ရှဲ့ဝမ်ယွမ်သည် သူတို့ကို အသက်ရှင်ခွင့်ပေးရန် ဆန္ဒမရှိခဲ့ပေ။
သူပုန်တပ်ထဲမှ ဆဲရေးသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် ရှဲ့ဝမ်ယွမ်ကို ဆဲဆိုကြိမ်းမောင်းသံများ ညံသွားတော့သည်။
"သွားမယ်" ရှန့်ထျန်းကော အမိန့်ပေးလိုက်သည်။ သူတို့သည် မြို့တော်အရှေ့ဘက်စွန်တွင် ရှဲ့ဝမ်ယွမ်ကို ကယ်တင်ခဲ့ခြင်းဖြင့် ကြီးမားသော အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့ကြပြီ။ ယခုအချိန်တွင် ဘာပြောပြော အရာထင်မည်မဟုတ်တော့ပေ။
ရင့်ကျက်သော စစ်သူကြီးသည် ရှန့်ထျန်းကော၏အနောက်မှ လိုက်ပါလာသည်။ ဒီကိစ္စပြီးရင် သခင်လေးနဲ့ စစ်ဗျူဟာမှူးကြားက ဆက်ဆံရေး ပိုဆိုးသွားတော့မှာ သေချာသည်။ ဒါက သူပုန်တပ်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပေ။
ရှန့်ထျန်းကောသည် ပါးစပ်ထောင့်စွန်းကို ပွတ်သပ်လိုက်ပြီး မြင်းကို ကြာပွတ်ဖြင့်ရိုက်ကာ အရှိန်တင်လိုက်သည်။
တစ်သောင်းနီးပါးရှိသော သူပုန်တပ်ကြီးသည် ညအမှောင်ထုထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ရှန်းမြို့မီးလောင်မှုသည် ညပိုင်းမှစ၍ နောက်တစ်နေ့ နေ့လယ်အထိ လောင်ကျွမ်းခဲ့သည်။ အထူးမြင်းတပ်သားများနှင့် မြို့ပြင်ထွက်ပြေးလွတ်မြောက်လာသော ပြည်သူများသည် မြို့ထဲမှ မီးလုံးကြီးကိုကြည့်ပြီး ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။ မြို့ထဲမှ ငိုယိုအော်ဟစ်သံများသည် သန်းခေါင်ယံအချိန်လောက်တွင် မကြားရတော့ပေ။ လူများသည်လည်း မြေကြီးပေါ်တွင် ဒူးထောက်ငိုကြွေးနေရာမှ ထုံထိုင်းမှိုင်တွေစွာ ထိုင်နေကြတော့သည်။
နေ့လယ်ခင်းရောက်သောအခါ ကောင်းကင်ကြီး မည်းမှောင်သွားပြီး ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလေသည်။
မိုးရေထဲတွင် ရပ်နေကြသော ထုံထိုင်းမှိုင်တွေနေသည့် လူအုပ်ကြီးသည် ရုတ်တရက် နာကျင်ကြေကွဲစွာ အော်ဟစ်ငိုကြွေးလိုက်ကြသည်။ လူတွေ အကုန်မီးလောင်သေကုန်မှ မိုးက ရွာချလာတာလား။
"သောက်ကျိုးနည်း" ရွှီဖေးယွီသည် မျက်နှာပေါ်မှ မိုးရေများကို သုတ်ပစ်လိုက်ပြီး ဆဲရေးလိုက်သည်။ "ဒီမိုးသာ မနေ့ညက ရွာခဲ့ရင် ရှန်းမြို့ကလူတွေ ဒီလောက်အများကြီး သေမှာမဟုတ်ဘူး။ ကန်းနေတဲ့ မိုးနတ်မင်း"
လိုကျစ်ကွေ့သည် မိုးရေထဲတွင် ရပ်နေသော်လည်း သည်းထန်စွာရွာသွန်းနေသော မိုးကို ဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေသည်။
ရွှီဖေးယွီသည် လိုကျစ်ကွေ့ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"ငါတို့ ဒီမှာ ဆက်နေကြဦးမှာလား"
"ငါတို့ ပြန်လို့ရပြီ" လိုကျစ်ကွေ့ ပြောလိုက်သည်။
"ရှဲ့ဝမ်ယွမ် လွတ်သွားပြီပေါ့" ရွှီဖေးယွီ ထပ်မေးပြန်သည်။
"လိုက်လို့မမီတော့ဘူး" လိုကျစ်ကွေ့ အသံတိုးတိုးဖြင့် ပြောသည်။ "ရှဲ့ဝမ်ယွမ် ဘယ်ဘက်ကို ထွက်ပြေးသွားမှန်း မသိဘဲနဲ့ ငါတို့ ဘယ်လိုလိုက်ကြမလဲ"
ထိုအချိန်တွင် မြို့ရိုးပေါ်ရှိ ကင်းမျှော်စင်၏ အမိုးစွန်းတစ်ခုသည် မိုးရေထဲတွင် ကျိုးကျပြီး မြို့ရိုးအောက်သို့ ပြုတ်ကျသွားရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ နားစည်ကို ရိုက်ခတ်သွားသည်။
ရွှီဖေးယွီ ထပ်မံ ဆဲရေးလိုက်ပြန်သည်။ မနေ့ညကသာ သူတို့ မြန်မြန်မဆုတ်ခွာခဲ့လျှင် ရှန်းမြို့သည် သူတို့၏ သင်္ချိုင်းဖြစ်သွားပေလိမ့်မည်။ ရှဲ့ဝမ်ယွမ်ကို သူတို့ အစွမ်းကုန် လိုက်ဖမ်းခဲ့ကြသော်လည်း ထိုခွေးအိုကြီးက သူတို့ကို ပြန်ကိုက်နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။ ပြန်ကိုက်လိုက်သည့်အချက်ကလည်း အတော်လေး ပြင်းထန်လှသည်။
"ဒါ ရှဲ့ဝမ်ယွမ် ချက်ချင်း စီစဉ်လိုက်တဲ့ကိစ္စ မဖြစ်နိုင်ဘူး" လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။ "ဒီနေရာက သူ့ရဲ့ နောက်ဆုံးထွက်ပေါက်ပဲ"
ရွှီဖေးယွီသည် မိုးရေထဲတွင် ရပ်နေရင်း မျက်နှာထား တင်းမာနေသည်။ ရှဲ့ဝမ်ယွမ်ကို မသတ်နိုင်ခဲ့သမျှ ကာလပတ်လုံး သူတို့၏ တိုက်ပွဲသည် နိုင်သည်ဟု မဆိုနိုင်ပေ။
.....
နာရီဝက်ခန့် ကြာသောအခါ မိုးရေကြောင့် မြို့မီးငြိမ်းသွားလေသည်။
လိုကျစ်ကွေ့သည် စစ်သည်များကို အမိန့်ပေးကာ ပြည်သူများကို တားဆီးထားစေသည်။ လူအုပ်ကြီးသည် မြို့ပြင်တွင် နောက်ထပ် နာရီဝက်ခန့် ထပ်မံစောင့်ဆိုင်းပြီးမှ စစ်သေနာပတိချုပ်က မြို့ထဲဝင်ခွင့်ပေးလိုက်သည်။
မြို့ထဲရှိ မြေပြင်များသည် မီးလောင်ထားသဖြင့် မည်းတူးနေပြီး အိမ်များအားလုံး ပျက်စီးကုန်ပြီဖြစ်သည်။ တွေ့မြင်ရသော အလောင်းများသည် မီးကျွမ်းထားသဖြင့် မည်းသည်းနေပြီး သေဆုံးချိန်က နောက်ဆုံးအနေအထားအတိုင်း ရှိနေကြသည်။ အလောင်းအားလုံးသည် မြို့တံခါးဘက်သို့ ဦးခေါင်းလှည့်ကာ လဲကျနေကြသည်။ နောက်ဆုံးအချိန်အထိ မြို့ထဲမှ ပြည်သူများသည် ထွက်ပြေးရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ လူကြီးအလောင်းများအောက်တွင် ကလေးငယ်များ ရှိနေကြသည်။ မိဘများက သားသမီးများကို ကိုယ်ခန္ဓာဖြင့် ကာကွယ်ပေးထားသဖြင့် နောက်ဆုံးတွင် လူကြီးနှင့် ကလေးအလောင်းများသည် မီးလောင်ကျွမ်းကာ တစ်သားတည်း ဖြစ်သွားကြရှာသည်။ အချို့နေရာများတွင် လူရိပ်များ ရှိနေသကဲ့သို့ ထင်ရသည်။ အလောင်းများ မီးလောင်ပြာကျသွားပြီးနောက် လူပုံသဏ္ဍာန် အရာများ မြေကြီးပေါ်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူများသည် မြို့ထဲမှ မြင်ကွင်းကို ကြည့်ပြီး အချို့မှာ အော်ဟစ်ငိုကြွေးကြသော်လည်း အများစုမှာ ငိုပင်မငိုနိုင်တော့ဘဲ ကျောက်ရုပ်များ၊ ရွှံ့ရုပ်များကဲ့သို့ မီးလောင်ပြင်ပေါ်တွင် ကြောင်ငေး ရပ်နေကြတော့သည်။
လိုကျစ်ကွေ့နှင့် ရွှီဖေးယွီ မြင်းစီးပြီး မြို့ထဲသို့ ဝင်လာကြသည်။ သိပ်မကြာခင်မှာပင် လက်ထောက်စစ်သူကြီးတစ်ဦးသည် သူတို့ကို မြို့ထဲရှိ သူဌေးတစ်ဦး၏ နေအိမ်ထဲသို့ ခေါ်ဆောင်သွားလေသည်။
ထိုအိမ်တော်၏ ခြံစည်းရိုးတံတိုင်းမှာ တစ်ဝက်ခန့်ကျိုးပဲ့နေပြီး အိမ်အဆောက်အအုံအများစု ပျက်စီးနေသည်။ မြေပြင်ပေါ်တွင် မီးလောင်ထားသော အလောင်းများကို နေရာအနှံ့ တွေ့နေရပြီး သေပုံသေနည်း အမျိုးမျိုးရှိနေကြသည်။ လိုကျစ်ကွေ့နှင့် ရွှီဖေးယွီသည် လက်ထောက်စစ်သူကြီးနောက်သို့ လိုက်ပါပြီး အိမ်တော်၏ နောက်ဖေးဥယျာဉ်ထဲသို့ ရောက်သွားကြသည်။ ဥယျာဉ်ထဲရှိ ရေကန်ကို မြင်လိုက်ရသောအခါ လူသေအလောင်းများကို အမြင်ရိုးနေပြီဖြစ်သော စစ်သူကြီးနှစ်ဦးပင် မျက်နှာပျက်သွားကြလေသည်။
ရေကန်ထဲတွင် ရေသိပ်မနက်သော်လည်း အလောင်းအများအပြား ရေပေါ်တွင် ပေါလောပေါ်နေကြသည်။ အလောင်းများတွင် အရေပြားမရှိတော့သလို ခန္ဓာကိုယ်အနှံ့ ရေကြည်ဖုများ ထနေပြီး အလောင်းအားလုံးသည် အသားပြုတ်ထားသကဲ့သို့ အရောင်များ ဖြစ်နေကြသည်။
"ရေနွေးပူလောင်ပြီး သေကုန်ကြတာလား" ရွှီဖေးယွီ အံ့ဩတကြီး ပြောလိုက်သည်။ ဒီလူတွေက မီးလွတ်ရာလွတ်ကြောင်း ရေကန်ထဲ ခုန်ဆင်းခဲ့ကြပေမယ့် မီးအရှိန်ကြောင့် ရေကန်ထဲကရေတွေ ဆူပွက်လာပြီး ရေထဲကလူတွေကို အရှင်လတ်လတ် ပြုတ်သလို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
စစ်သည်တစ်ဦးသည် သံချိတ်ဖြင့် အလောင်းတစ်လောင်းကို ရေကန်ထဲမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သံချိတ်သည် အလောင်းနှင့် ထိလိုက်သည်နှင့် ထိုအမျိုးသားအလောင်းမှ အသားများသည် အရိုးနှင့်အသား တခြားစီဖြစ်ကာ ပြုတ်ကျကုန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အရိုးစုတစ်ခုသာ ကျန်ရစ်တော့သည်။
ငယ်ရွယ်သော စစ်သည်တစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ထိုနေရာမှာပင် အန်ချလိုက်လေသည်။
"ဒီမြို့က လူနေလို့ရပါတော့မလား" ရွှီဖေးယွီက လိုကျစ်ကွေ့ကို မေးလိုက်သည်။
"မြို့ထဲက လူတွေကို ဒီနေရာ လာကြည့်ခိုင်းလိုက်" လိုကျစ်ကွေ့ ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ်ကို လက်ခံထားတဲ့ အကျိုးဆက်က ဒီလိုပဲဆိုတာ သိသွားအောင်လို့"
ရှဲ့ဝမ်ယွမ်ကို မဖမ်းနိုင်ရင်တောင် ဒီလူကို လမ်းမပေါ်က ကြွက်တစ်ကောင်လို လူတိုင်းဝိုင်းရိုက်ချင်အောင် လုပ်ရမည် မဟုတ်ပါလား။
ရွှီဖေးယွီသည် လိုကျစ်ကွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ၊ ဒီကိစ္စကို ငါ တာဝန်ယူလိုက်မယ်"
"ငါ အရှင်မင်းကြီးဆီ ပြန်သွားပြီး လျှောက်တင်ရမယ်။ မြို့ထဲကကိစ္စတွေကို ခင်ဗျားကိုပဲ အပ်ခဲ့မယ်" လိုကျစ်ကွေ့သည် ပြောပြီးသည်နှင့် ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်တွင် တပ်မှူးတစ်ဦးသည် ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာပြီး လိုကျစ်ကွေ့ကို အော်ပြောလိုက်သည်။
"စစ်သေနာပတိချုပ်... မြို့ထဲက ပြည်သူတွေက ရှန်းမြို့အရာရှိတွေနဲ့ မြို့စောင့်တပ်တွေကို သတ်ပစ်မယ် လုပ်နေကြတယ်"
လိုကျစ်ကွေ့ ခြေလှမ်းရပ်တန့်သွား၏။
ရွှီဖေးယွီက မေးလိုက်သည်။ "သူတို့က ဘယ်သူ့ကို သတ်ချင်တာလဲ"
တပ်မှူးသည် လိုကျစ်ကွေ့နှင့် ရွှီဖေးယွီ၏ ရှေ့သို့ ရောက်လာပြီး သတင်းပို့လေသည်။
"ပြည်သူတွေက ပြောနေကြတယ်။ အစိုးရအရာရှိတွေက ရှဲ့ဝမ်ယွမ်နဲ့ပေါင်းပြီး ပုန်ကန်တာ။ သူတို့မိသားစုတွေ သေရတာ အရာရှိတွေကြောင့်မို့လို့ ကလဲ့စားချေကြမယ်တဲ့"
ရွှီဖေးယွီသည် လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။ အထူးမြင်းတပ်သားများသည် ကျိုးအိမ်တော်စစ်တပ်မှဖြစ်သော်လည်း ဒီနေရာတွင် သူ ဆုံးဖြတ်ချက်ချ၍မရမှန်း ရွှီဖေးယွီ သိသည်။
"သတ်ပါစေ" လိုကျစ်ကွေ့သည် ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။ "ဒီလူတွေက သေသင့်နေတာ ကြာပြီ"
တပ်မှူးသည် အမိန့်နာခံပြီး ထွက်ခွာသွားလေသည်။ ရွှီဖေးယွီသည် တိုးတိုးလေး မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ် လွတ်သွားတဲ့ကိစ္စကို အရှင်မင်းကြီးက ငါတို့ကို သေဒဏ်ပေးမလား"
လိုကျစ်ကွေ့ ကြောင်သွားသည်။ မိန်းကလေးနဉ် ဒီသတင်းကြားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ သူ တကယ် မတွေးတတ်ပေ။
.....
ထိုအချိန်တွင် နန်းတော်ထဲ၌ နဉ်ရှောင်ယောင်းသည် ပြတင်းပေါက်တွင်ထိုင်လျက် ငေးငိုင်နေသည်။
လောင်တသည် ခြေသည်းများကို လျှာဖြင့်လျက်လိုက်ပြီး နဉ်ရှောင်ယောင်းကို "မြောင်... ဂါး... မြောင်... ဂါး..." ဟု အော်ကာ ပြောလိုက်သည်။
"ငတုံးမလေး... နင် ဘာတွေ စိတ်ညစ်နေတာလဲ"
နဉ်ရှောင်ယောင်းဆီမှ ဘာသံမှ ထွက်မလာပေ။
"အွန်း..."
ရှောင်ပိုင်သည် နဉ်ရှောင်ယောင်း၏ ခြေထောက်ကို ခေါင်းဖြင့် ပွတ်သီးပွတ်သပ် လုပ်ပေးနေသည်။
ထိုအခါမှ နဉ်ရှောင်ယောင်းသည် ပြတင်းပေါက်ဘောင်ပေါ်တွင် နားနေသော မောင့်စွင်းလေးကို ကြည့်ပြီး မေးလိုက်သည်။
"အမတ်ချုပ်ကြီး တကယ် ထွက်ပြေးသွားတာလား"
မောင့်စွင်းလေးက ခေါင်းညိတ်ပြသည်။
"ရှန်းမြို့ မီးလောင်သွားပြီပေါ့" နဉ်ရှောင်ယောင်း ထပ်မေးပြန်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နေ၏။
မောင့်စွင်းလေးသည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး စကားပြန်မပြောရက်သဖြင့် ခေါင်းကိုသာ ထပ်ညိတ်ပြလိုက်သည်။
"စိတ်ဖြေပါ" လောင်တက ပြောလိုက်သည်။ "စစ်သေနာပတိချုပ် ဘာမှမဖြစ်ပါဘူး"
"အင်း... မိဖုရားခေါင်ကြီးရဲ့ အချစ်တော်လည်း ဘာမှမဖြစ်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"ဒါဆို နင်က ဘာလို့ သေချင်နေတဲ့ရုပ် ပေါက်နေတာလဲ" လောင်တက ပြောသည်။ "ရှဲ့အဘိုးကြီးက နောက်ဆို ထွက်ပြေးနေရတဲ့ တရားခံပြေးဖြစ်သွားပြီလေ။ နင်က ဘာကိုကြောက်နေတာလဲ"
"တစ်မြို့လုံးနော်..." နဉ်ရှောင်ယောင်းသည် လောင်တကို ပြန်ရန်တွေ့ချင်စိတ် မရှိတော့ဘဲ ခေါင်းကိုဖက်ကာ ပြောလိုက်သည်။ "အမတ်ချုပ်ကြီးက ဘာလို့ လူအများကြီးကို ဒုက္ခပေးရတာလဲ။ ငါ သူ့ကို မြို့တော်မှာတုန်းက သတ်ပစ်ခဲ့သင့်တာ"
မောင့်စွင်းလေးသည် အမွှေးအတောင်များကို ခါလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "လူအများကြီး သေသွားတယ်။ မီးလောင်တော့ လူတော်တော်များများ ထွက်ပြေးချိန်မရလိုက်ဘူး"
နဉ်ရှောင်ယောင်းသည် ခေါင်းကိုဖက်ကာ ငေးငိုင်နေပြန်သည်။
မောင့်စွင်းလေးက ထပ်ပြောရန် ပြင်လိုက်သော်လည်း အဘိုးစာကလေးက လက်ဖက်ရည်စားပွဲပေါ်မှနေ၍ ခေါင်းခါပြလိုက်သည်။ ရှန်းမြို့မီးလောင်တဲ့အကြောင်း ထပ်ပြောရင် ရှောင်ယောင်း ပိုဝမ်းနည်းသွားလိမ့်မည်။
"ရှဲ့အဘိုးကြီး ဘယ်ပြေးသွားလဲဆိုတာ စုံစမ်းသင့်တယ်မလား" လောင်တက စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။ "မောင့်စွင်း... အဲ့ဒီအဘိုးကြီး ဘယ်ပြေးသွားလဲဆိုတာ မင်းမြင်လိုက်လား"
မောင့်စွင်းလေး ခေါင်းခါလိုက်ပြီး ပြောသည်။
"ငါ စစ်သေနာပတိချုပ်နဲ့အတူ ရှန်းမြို့ကို ရောက်တုန်းက ရှဲ့အဘိုးကြီးက မြို့စောင့်အိမ်တော်ထဲမှာ ရှိနေသေးတယ်။ ငါ စစ်သေနာပတိချုပ်နဲ့အတူ မြို့ထဲဝင်သွားတဲ့အချိန်ကျတော့ အဲ့ဒီအဘိုးကြီး ပျောက်သွားပြီ"
"သူ ပျံသွားတာများလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"မောင့်စွင်း မြို့ပြင်ရောက်နေတုန်း ရှဲ့အဘိုးကြီးက တခြားတံခါးပေါက်ကနေ ထွက်သွားတာ ဖြစ်မှာပေါ့" လောင်တက နဉ်ရှောင်ယောင်း၏ ပေါင်ပေါ်သို့ ခုန်တက်လိုက်ပြီး ပြောလိုက်သည်။ "ရှောင်ယောင်း... မဝမ်းနည်းပါနဲ့။ နင် ရှဲ့အဘိုးကြီးကို သေချာပေါက် သတ်နိုင်မှာပါ"
နဉ်ရှောင်ယောင်း မျက်နှာမဲ့နေသည်။ ယခုအချိန်တွင် အရှင်မင်းကြီးနဉ်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပြီဖြစ်သည်။ သူမ တကယ်ပဲ ရှဲ့ဝမ်ယွမ်ကို သတ်နိုင်ပါ့မလား။ ရှဲ့ဝမ်ယွမ်လက်ထဲက စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူ ထွက်ပြေးလွတ်မြောက်သွားတာပဲလေ။
"အရှင်မင်းကြီး" ယင်းဖုန်း၏အသံ တံခါးပေါက်ဝမှ ထွက်ပေါ်လာသည်။
"ဝင်ခဲ့ သာ့ဖုန်း" နဉ်ရှောင်ယောင်း ခွင့်ပြုလိုက်သည်။
ယင်းဖုန်း တံခါးဖွင့်ဝင်လာပြီး နဉ်ရှောင်ယောင်း၏ မျက်နှာ မကောင်းသည်ကို မြင်သောအခါ ကြောင်သွားပြီး အလျင်အမြန် မေးလိုက်သည်။
"အရှင်မင်းကြီး ဘာဖြစ်လို့လဲ"
"ငါ ဘာမှမဖြစ်ပါဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အမတ်ချုပ်ကြီးရှဲ့ ထွက်ပြေးသွားတယ်။ ရှန်းမြို့ကိုလည်း မီးရှို့သွားတယ်။ စစ်သေနာပတိချုပ်တို့တောင် မီးလောင်ပြီး သေလုနီးပါး ဖြစ်သွားသေးတယ်"
ယင်းဖုန်းသည် အံ့ဩတကြီးဖြင့် နဉ်ရှောင်ယောင်းကို ရပ်ကြည့်နေမိသည်။
နဉ်ရှောင်ယောင်း လက်ကာပြလိုက်ပြီး "ဒီအဆုံးသတ်ကို သာ့ဖုန်းလည်း လက်မခံနိုင်ဘူးမလား"
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းရှေ့သို့ လျှောက်လာပြီး မေးလိုက်သည်။ "စစ်သေနာပတိချုပ် လူလွှတ်ပြီး သတင်းပို့လိုက်တာလား"
"မဟုတ်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါ့ရဲ့ သူငယ်ချင်းလေးတစ်ကောင်က သတင်းလာပို့တာ"
မောင့်စွင်းလေးသည် အော်ပြောလိုက်သည်။ အဲ့ဒီသူငယ်ချင်းလေးက သားပါ~
"ဒါဆို..." ယင်းဖုန်း ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
"အခု ဘယ်လိုလုပ်ကြမလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ရှဲ့ဝမ်ယွမ်က ရှန်းမြို့တစ်မြို့လုံးကို မီးရှို့လိုက်တယ်ဆိုတာ ဟုတ်ရဲ့လား" ယင်းဖုန်း မယုံနိုင်စွာ မေးလိုက်သည်။
"ဟုတ်တယ်" နဉ်ရှောင်ယောင်း ငိုချင်လာပြန်သည်။
အရှင်မင်းကြီး၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲနေသည်ကို မြင်သောအခါ ယင်းဖုန်းသည် ရှန်းမြို့အကြောင်း ဆက်မပြောရဲတော့ဘဲ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"စစ်သေနာပတိချုပ် ပြန်ရောက်လာပြီး ဘာဖြစ်ခဲ့လဲဆိုတာ အသေအချာ မေးပြီးမှ အရှင်မင်းကြီး ဆုံးဖြတ်ချက်ချလည်း မနောက်ကျပါဘူး"
"အမတ်ချုပ်ကြီးက ထွက်ပြေးနေရင်း လိမ်လိမ်မာမာ နေပါ့မလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
ယင်းဖုန်း ခေါင်းခါလိုက်သည်။ ဒါက စဉ်းစားစရာတောင် မလိုဘူးလေ။
"ကောင်းပြီ" နဉ်ရှောင်ယောင်း မျက်လုံးကို ပွတ်သပ်လိုက်သည်။ "ငါ အရမ်း အတွေးလွန်နေမိတာပဲ"
"အကြီးအကဲလီက အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်" ယင်းဖုန်း ပြောလိုက်သည်။ "အရှင်မင်းကြီး... အကြီးအကဲနဲ့ အရင် တိုင်ပင်ကြည့်မလား"
နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်ပြီး ပြောသည်။
"မတွေ့ချင်ဘူး။ သူ့ကိုမြင်ရင် ငါ ခေါင်းကိုက်တယ်"
ယင်းဖုန်းက နဉ်ရှောင်ယောင်းကို နှစ်သိမ့်ပေးသည်။
"ဒီကိစ္စကို စစ်သေနာပတိချုပ် ဘယ်လိုပြောမလဲဆိုတာ နားထောင်ရမယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ အရှင်မင်းကြီးအနေနဲ့ အကြီးအကဲလီတို့လို မူးမတ်တွေ ဘယ်လိုပြောမလဲဆိုတာလည်း နားထောင်သင့်တယ်။ မတူညီတဲ့ အကြံဉာဏ်တွေကို နားထောင်တာက ပိုမကောင်းဘူးလား"
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းကို မျက်တောင်ခတ်ပြီး ကြည့်လိုက်သည်။ ဒီစကားက ဟုတ်သလိုလိုပဲ။
"အရှင်မင်းကြီး?" ယင်းဖုန်း ခေါ်လိုက်သည်။
နဉ်ရှောင်ယောင်း ဆုံးဖြတ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ။ အဆဲခံရလည်း ခံရပါစေတော့။ အဘိုးကြီးနဲ့ တွေ့လိုက်မယ်"
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၁၈ ။ အကြီးအကဲလီက ပြောတယ်၊ အရှင်မင်းကြီးက သဘောထားကြီးတယ်တဲ့
အကြီးအကဲလီ နန်းဆောင်ထဲသို့ ရောက်လာ၏။ ရှဲ့ဝမ်ယွမ် ထွက်ပြေးလွတ်မြောက်သွားပြီး ရှန်းမြို့ မီးလောင်တိုက်သွင်းခံလိုက်ရသည်ကို ကြားသိပြီးဖြစ်ရာ အဘိုးအိုသည် ငြိမ်သက်စွာ ထိုင်နေသော်လည်း မျက်နှာထားမှာ နဉ်ရှောင်ယောင်း ကြောက်လန့်သွားရလောက်အောင် ဖြစ်နေသည်။ ဒီအဘိုးကြီးက သူမကို ရိုက်တော့မှာလား။ ဒါမှမဟုတ် သူမရော စစ်သူကြီးကိုပါ ရောပြီး ရိုက်ချင်နေတာလား။
အကြီးအကဲလီသည် ထိုင်နေသည်မှာ ကြာပြီဖြစ်သော်လည်း စကားတစ်ခွန်းမျှ မပြောပေ။
နဉ်ရှောင်ယောင်းသည် ထိုင်ခုံဘေးတွင် ရပ်နေသော ယင်းဖုန်းကို သူမအနားသို့ ဆွဲခေါ်လိုက်သည်။ အဘိုးကြီး စကားမပြောမှတော့ ဟဲဟဲ... သူမလည်း စကားမပြောရဲပေ။
ယင်းဖုန်းသည် သူ့သခင်မ အဘယ်ကြောင့် အကြီးအကဲလီကို ကြောက်နေရမှန်း နားမလည်ပေ။ မလှုပ်မယှက် ထိုင်နေသော အကြီးအကဲလီကို တစ်ချက်ကြည့်ပြီး ယင်းဖုန်း စကားစပြောလိုက်သည်။ "အရှင်မင်းကြီး..."
နဉ်ရှောင်ယောင်းသည် အသံကြားသည်နှင့် ယင်းဖုန်း၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ "ငါ ရေမသောက်ဘူး"
ယင်းဖုန်း: "..."
"စကားမပြောနဲ့။ မဟုတ်ရင် မင်းလည်း အဆဲခံရလိမ့်မယ်" နဉ်ရှောင်ယောင်း အသံနှိမ့်ပြီး ပြောလိုက်သည်။
အကြီးအကဲလီသည် ထိုအချိန်တွင် နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်၏။
"ရှဲ့ဝမ်ယွမ်ကို လွတ်ပေးလိုက်မိတာ ကျွန်တော့်အမှားပါ" နဉ်ရှောင်ယောင်းသည် ချက်ချင်းပင် ကိုယ့်အပြစ်ကိုယ် ဝန်ခံလိုက်သည်။ "ဒီလူကြီး ဒီလောက် ရက်စက်မယ်လို့ ကျွန်တော် လျှော့တွက်မိသွားတယ်"
"ထွက်ပြေးသွားတော့လည်း ပြေးပါစေတော့" အကြီးအကဲလီ ပြောလိုက်သည်။
အကြီးအကဲလီ ဆဲဆိုကြိမ်းမောင်းခြင်း မပြုသည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း အံ့ဩသွားလေသည်။
"အခု အရေးကြီးဆုံးက အရှင်မင်းကြီးအနေနဲ့ ရှဲ့ဝမ်ယွမ်ကို ဖမ်းဆီးဖို့ အမိန့်ပြန်တမ်း ထုတ်ရပါမယ်" အကြီးအကဲလီ ဆက်ပြောသည်။ "ရှဲ့ဝမ်ယွမ်ကို ဖမ်းမိတဲ့လူ၊ ဒါမှမဟုတ် ဖမ်းမိအောင် ကူညီပေးတဲ့လူ ဘယ်သူ့ကိုမဆို ဘယ်လိုနောက်ခံမျိုးပဲရှိရှိ အရှင်မင်းကြီး ဆုလာဘ်ကြီးကြီးမားမား ချီးမြှင့်သင့်ပါတယ်"
"ငွေက ပြဿနာမဟုတ်ဘူး" နဉ်ရှောင်ယောင်း ချက်ချင်းပင် ကြွယ်ဝကြောင်း ပြလိုက်သည်။ သူမ ရတနာသိုက်တစ်ခု ရထားသည်လေ။ အခု သူမမှာ ငွေမရှားပေ။
"ကျွန်တော်မျိုး ထင်မြင်မိတာကတော့ အရှင်မင်းကြီးအနေနဲ့ ရာထူးအာဏာပါ ပေးအပ်သင့်ပါတယ်" အကြီးအကဲလီသည် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "လောကလူသားတွေက အကျိုးစီးပွားနောက် လိုက်ကြတာပါ။ အရှင်မင်းကြီးက ရာထူးဂုဏ်ရှိန်နဲ့ ငွေကြေးဥစ္စာ ပေးမယ်ဆိုရင် လူတိုင်းက အရှင်မင်းကြီးအတွက် ရှဲ့ဝမ်ယွမ်ကို အစွမ်းကုန် လိုက်ဖမ်းပေးကြပါလိမ့်မယ်"
"ကောင်းပြီ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "ရာထူးပေးမယ်။ အဲ့ဒီသူရဲကောင်း လိုချင်တဲ့ရာထူးမှန်သမျှ ကျွန်တော် ပေးမယ်"
"အာဏာရှိတဲ့ရာထူး ဖြစ်စရာမလိုပါဘူး" အကြီးအကဲလီ ပြောလိုက်သည်။
"ရပါတယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဲ့ဒီအမိန့်ပြန်တမ်းကို အဘိုးကြီးပဲ ပင်ပန်းခံပြီး ရေးပေးလိုက်ပါ"
အကြီးအကဲလီ မတ်တတ်ထရပ်လိုက်သည်။ "အမိန့်တော်အတိုင်းပါ"
"ဒါ... ဒါဆို ကိစ္စပြီးပြီမလား" အကြီးအကဲလီ ဒေါသမထွက်သည့်အပြင် သဘောထားပါ ကောင်းမွန်နေသဖြင့် နဉ်ရှောင်ယောင်း စိတ်သက်သာရာရသွားသည်။ နဉ်ရှောင်ယောင်း၏ ပါးဖောင်းဖောင်းလေးပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာပြီး အကြီးအကဲလီကို ရယ်မောကာ ပြောလိုက်သည်။ "ဒါဆို ဒီတစ်ခေါက် ကျွန်တော်တို့ အကြီးအကျယ် နိုင်လိုက်တာပဲ မဟုတ်လား"
အကြီးအကဲလီသည် မုတ်ဆိတ်ဖြူကို ပွတ်သပ်လိုက်၏။
နဉ်ရှောင်ယောင်းက ပြောသည်။ "အဘိုးကြီး ထိုင်ပါ။ ထိုင်ပြီး စကားပြောကြတာပေါ့"
"ကြိုတင်ပြင်ဆင်မှုသာ မရှိရင် ရှဲ့သူပုန်က တစ်ညတည်းနဲ့ ရှန်းမြို့ကို မီးရှို့နိုင်မှာ မဟုတ်ဘူး" အကြီးအကဲလီ ပြန်ထိုင်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "သူက ရှန်းမြို့မှာ ထွက်ပြေးဖို့လမ်းကြောင်း စီစဉ်ထားတယ်ဆိုကတည်းက တလောကလုံးက သူ့ကို လိုက်သတ်ကြမယ့်အရေးကို လွတ်မြောက်ဖို့နည်းလမ်းလည်း ပြင်ဆင်ပြီးသားဖြစ်မှာပါ"
နဉ်ရှောင်ယောင်းသည် ရေခဲရေဖြင့် ပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ပျော်ရွှင်နေတာ တစ်မိနစ်တောင် မပြည့်သေးပေ။
"စစ်သေနာပတိချုပ်လိုက ရှဲ့သူပုန် ဘယ်ဘက်ကို ထွက်ပြေးသွားလဲဆိုတာ သတင်းပို့လာသေးလား" အကြီးအကဲလီ မေးလိုက်သည်။
"မပို့ဘူး" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
အကြီးအကဲလီ သက်ပြင်းချလိုက်ပြီး ပြောသည်။ "ရှဲ့ဝမ်ယွမ်ရဲ့ နောက်လိုက်တွေက နေရာအနှံ့မှာ ရှိနေတာပဲ"
"အဘိုးကြီး... တော်ပါတော့" နဉ်ရှောင်ယောင်း ထိုင်မနေနိုင်တော့ပေ။ "အမတ်ချုပ်ကြီးရှဲ့ကို ဒီလောက်ကြီး ချီးကျူးမနေပါနဲ့"
အကြီးအကဲလီ တိတ်ဆိတ်သွားသည်။ သူ ဘယ်တုန်းက ရှဲ့ဝမ်ယွမ်ကို ချီးကျူးလိုက်လို့လဲ။
"မြို့တော်ဝန်းကျင်မှာ တိုက်ရည်ခိုက်ရည်ရှိတဲ့ အမတ်ချုပ်ကြီးရဲ့ စစ်တပ်ကို နိုင်ဖို့တောင် မနည်းလုပ်လိုက်ရတာ" နဉ်ရှောင်ယောင်း ပြောရှာသည်။ "အဘိုးကြီး ပြောပုံအရဆိုရင် အမတ်ချုပ်ကြီးရှဲ့က နောက်ထပ် စစ်တပ်တစ်တပ်ကို ဆွဲထုတ်လာပြီး ကျွန်တော်တို့နဲ့ လာချဦးမယ့်ပုံပဲ"
အကြီးအကဲလီ မျက်မှောင်ကြုတ်လိုက်သည်။
အဘိုးကြီး မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ နဉ်ရှောင်ယောင်း ပိုပြီး ထိတ်လန့်သွားသည်။ "တကယ်ကြီး အဲ့လိုဖြစ်လာမှာလား" တကယ်သာဆိုရင် သူမ ဆက်မကစားချင်တော့ပေ။ ဒီကမ္ဘာကြီးက ပျော်စရာမကောင်းတော့ဘူး။
"ကျွန်တော်မျိုး ဆိုလိုတာက ရှဲ့သူပုန်ရဲ့ နောက်လိုက်တွေ အများကြီးရှိတယ်ဆိုတာပါ။ အလင်းထဲက ရှဲ့ဝမ်ယွမ်ဘက်တော်သားတွေကို ကျွန်တော်တို့ ဖမ်းလို့ရပါတယ်" အကြီးအကဲလီသည် စိတ်ရှည်လက်ရှည် ရှင်းပြသည်။ "ဒါပေမဲ့ အမှောင်ထဲကလူတွေကိုတော့ သူတို့ စလှုပ်ရှားမှပဲ ကျွန်တော်တို့ သတိထားမိမှာပါ"
နဉ်ရှောင်ယောင်း မျက်နှာ ပြန်ငယ်သွားပြန်သည်။ အဘိုးကြီးပြောတာကို သူမ နားလည်သည်။ ဆိုလိုသည်မှာ ရှဲ့ဝမ်ယွမ် ဘယ်ပြေးသွားလဲ၊ ဘယ်လိုလူတွေကို ဦးဆောင်ပြီး သူမကို ပြန်တိုက်မလဲဆိုတာ ကြိုခန့်မှန်းလို့ မရနိုင်ဘူးဆိုသည့် သဘောပင်။
"ရှဲ့သူပုန် မသေသရွေ့ အရှင်မင်းကြီး စိတ်လျှော့လို့ မရပါဘူး" နဉ်ရှောင်ယောင်း၏မျက်နှာ ရှုံ့မဲ့နေသည်ကိုမြင်မှ အကြီးအကဲလီ ကျေနပ်သွားသည်။ ဒါ ပေါ့ပေါ့နေပြီး ရယ်ရမယ့်အချိန် မဟုတ်ဘူးလေ။
နဉ်ရှောင်ယောင်း မျက်နှာကို ပွတ်သပ်လိုက်သည်။ ဘဝရှေ့ရေးက ခက်ခဲကြမ်းတမ်းလိုက်တာ။ ရှဲ့ဝမ်ယွမ် ဘယ်တော့သေမလဲဆိုတာ ဘယ်သူသိမှာလဲ။
"မယ်တော်ကြီးကိစ္စ ရှိပါသေးတယ်" အကြီးအကဲလီသည် စကားလမ်းကြောင်းကို မယ်တော်ကြီးရှဲ့ထံသို့ လှည့်လိုက်သည်။ "အရှင်မင်းကြီး... မယ်တော်ကြီးကို ဘယ်လို စီရင်ချင်ပါသလဲ"
စီရင်သည်ဟု ကြားသောအခါ နဉ်ရှောင်ယောင်း မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး မေးသည်။ "စီရင်မယ်? အဘိုးကြီးက ကျွန်တော့်ကို မယ်တော်ကြီးကို သတ်စေချင်တာလား"
အကြီးအကဲလီ ဒုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။
အကြီးအကဲလီ၏ တုံ့ပြန်မှုကို မြင်သောအခါ နဉ်ရှောင်ယောင်း အလျင်အမြန် ပြောလိုက်သည်။ "မယ်တော်ကြီးကို သတ်တာကတော့ မလုပ်သင့်ပါဘူး"
အကြီးအကဲလီက နဉ်ရှောင်ယောင်းကို ကြည့်ပြီး မေးသည်။ "ဒါဆို အရှင်မင်းကြီးက မယ်တော်ကြီးကို ဘယ်လို စီစဉ်ထားလဲ"
"အဲ... မယ်တော်ကြီးကို သူ့နန်းဆောင်ထဲမှာပဲ ဆက်နေခိုင်းလိုက်မယ်လေ" နဉ်ရှောင်ယောင်း သွားကိုက်ချင်သလိုလို ဖြစ်သွားသည်။ "ဘယ်သူက သူ့ကို ကျွန်တော့်အမေ ဖြစ်လာခိုင်းလို့လဲ"
အကြီးအကဲလီ တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီး... ရှဲ့သူပုန်နဲ့ ရှဲ့မိသားစုက သေသင့်တဲ့အပြစ် ကျူးလွန်ခဲ့ပေမယ့် သားသမီးက မိဘအပြစ်ကို မပြောကောင်းဘူး။ မယ်တော်ကြီးက ရှဲ့မိသားစုက ဆင်းသက်လာပြီး ရှဲ့သူပုန်ရဲ့ တရားဝင်သမီးရင်း ဖြစ်ပေမယ့် သူက အရှင်မင်းကြီးရဲ့ မွေးမိခင်ပါ။ အရှင်မင်းကြီး မသိတတ်လို့ မဖြစ်ပါဘူး"
နဉ်ရှောင်ယောင်း ခေါင်းညိတ်ရုံမှတစ်ပါး အခြားဘာမှ မလုပ်နိုင်ပေ။
"ဒါပေမဲ့ မယ်တော်ကြီးက ဒီတိုင်းပြည်ရဲ့ မယ်တော်ဖြစ်ပြီး နှောင်းဧကရာဇ် လက်ထက်တုန်းကလည်း အချစ်ခံခဲ့ရသူပါ" ဤနေရာအရောက်တွင် အကြီးအကဲလီ လေသံပြောင်းသွားသည်။ "ကိုယ့်ဆွေမျိုးသားချင်းတွေက သခင်ကို ပုန်ကန်တဲ့ကိစ္စမှာ မယ်တော်ကြီးအနေနဲ့ အသည်းကွဲမတတ် ခံစားနေရမှာပါ"
နဉ်ရှောင်ယောင်း နားရှုပ်သွားသည်။ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သတိထားမေးလိုက်သည်။ "အဘိုးကြီး ဘာပြောချင်တာလဲ"
"မယ်တော်ကြီးက သူ့ဆွေမျိုးတွေရဲ့ လုပ်ရပ်ကြောင့် ခမည်းတော်ဘုရားနဲ့ အရှင်မင်းကြီးကို မျက်နှာမပြရဲအောင် ရှက်ရွံ့နေရှာမှာပါ။ ဒါကြောင့် ဒီကိစ္စတွေပြီးရင် နန်းတွင်းကနေ သီးခြားခွဲထွက်ပြီး ဘုရားတရားနဲ့ပဲ မွေ့လျော်နေပါလိမ့်မယ်။ သူ့ဆွေမျိုးတွေရဲ့ အပြစ်တွေကို လျော့ပါးအောင် ဆုတောင်းပေးရင်း တစ်သက်လုံး ကုန်ဆုံးသွားမှာပါ။ ဒါမှလည်း သူ သေလွန်တဲ့အခါ နှောင်းဧကရာဇ်ကို မျက်နှာပြရဲမှာပါ"
နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အဘိုးကြီးက ရက်စက်လှချည်လား။ ဒါက မယ်တော်ကြီးကို နန်းဆောင်ထဲကနေ မောင်းထုတ်ပြီး ဘုရားကျောင်းဆောင်မှာ သွားနေခိုင်းမလို့လား။ တင့်တင့်တယ်တယ်နေလာပြီး ခုချိန်ထိ လှလှပပ ဝတ်ချင်စားချင်နေသေးတဲ့ မယ်တော်ကြီးကို သီလရှင်ဝတ်ခိုင်းမလို့လား။
"အရှင်မင်းကြီး" အကြီးအကဲလီသည် နဉ်ရှောင်ယောင်းကို ဦးညွှတ်လိုက်သည်။ "အရှင်မင်းကြီးအနေနဲ့ မယ်တော်ကြီးအပေါ် သားသမီးဝတ္တရား ကျေပွန်ရမှာမှန်ပေမယ့် အရှင်မင်းကြီးက တိုင်းပြည်အရှင်သခင် ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုက အရှင်မင်းကြီးအတွက် အရေးအကြီးဆုံးပါ။ မယ်တော်ကြီးက အပြစ်ရှိတဲ့မျိုးနွယ်ရဲ့ သမီးပါ။ ရှဲ့သူပုန်ကိစ္စမှာ မယ်တော်ကြီး ဘယ်လောက်သိထားလဲ၊ ဘယ်လောက်ပါဝင်ပတ်သက်လဲဆိုတာ အရှင်မင်းကြီး မမေးဘဲ နေလို့ရပါတယ်။ အရှင်မင်းကြီးက မယ်တော်ကြီးကို တင့်တင့်တယ်တယ် ထားပေးရမယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ မယ်တော်ကြီးကို လူရှေ့သူရှေ့ ထွက်ခွင့်မပေးသင့်တော့ပါဘူး။ တိုင်းပြည်ရဲ့ မယ်တော်တစ်ပါးအနေနဲ့ ရသင့်တဲ့ ဂုဏ်ရှိန်ကို အရှင်မင်းကြီး မပေးသင့်တော့ပါဘူး"
နဉ်ရှောင်ယောင်း ပါးစပ် ပိုဟသွားသည်။
"အပြစ်ရှိတဲ့မျိုးနွယ်ကတော့ အပြစ်ရှိတဲ့မျိုးနွယ်ပါပဲ" အကြီးအကဲလီ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မယ်တော်ကြီးအနေနဲ့ ရှဲ့သူပုန် ထပ်ပြီး ပြဿနာမရှာဖို့ ဆုတောင်းနေတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် သူ သေတဲ့အခါ နှောင်းဧကရာဇ်ရဲ့ ဘေးမှာ မြှုပ်နှံခွင့်ရပါ့မလားဆိုတာ မသေချာတော့ပါဘူး"
"အမတ်ချုပ်ကြီးရှဲ့ကတော့ သေလမ်းရှာဖို့ လက်လျော့မှာ မဟုတ်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"ဒါဆို မယ်တော်ကြီးရဲ့ ဈာပနကိစ္စကို အရှင်မင်းကြီး ပြန်စဉ်းစားလို့ ရပါပြီ" အကြီးအကဲလီ ချက်ချင်း ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းတွန့်သွားသည်။ အဘိုးကြီးက ဒီလောက်ထိ ပြောနေမှတော့ သူ ဘာပြန်စဉ်းစားစရာ လိုသေးလို့လဲ။
ထိုအချိန်တွင် အကြီးအကဲလီသည် နဉ်ရှောင်ယောင်းရှေ့၌ ရုတ်တရက် ဒူးထောက်ချလိုက်ပြန်သည်။ "အရှင်မင်းကြီးက အိမ်ရှေ့စံဟောင်းရဲ့ အရိုးတွေကို ရှာဖွေခဲ့ပြီး နှောင်းဧကရာဇ်ရဲ့ ဂူသင်္ချိုင်းနားမှာ အိမ်ရှေ့စံမိသားစုအတွက် ဂူသွင်းပေးဖို့ အမိန့်ပေးခဲ့တယ်လို့ ကြားသိရပါတယ်။ အရှင်မင်းကြီးက တကယ်ကို သဘောထားကြီးမြတ်ပြီး ကြင်နာတတ်ပါတယ်။ အိမ်ရှေ့စံဟောင်းလည်း ကောင်းကောင်း အနားယူနိုင်ပါပြီ"
နဉ်ရှောင်ယောင်းသည် အကြီးအကဲလီကို ထရန် လက်ပြလိုက်သည်။ အဘိုးကြီးစကားကို နားထောင်ကြည့်ရသလောက် ဒီအဘိုးကြီးလည်း အိမ်ရှေ့စံ ယန်ဟွေးဘက်ကလူ ဖြစ်ပုံရသည်။ ဒါကြောင့်လည်း အစတုန်းက သူမကို ကြည့်မရဖြစ်နေခဲ့တာကိုး။
"ဒီကိစ္စက ကျွန်တော်လုပ်သင့်တဲ့ကိစ္စပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒါလည်း မယ်တော်ကြီး လုပ်ခဲ့တဲ့ အပြစ်တွေပဲ။ ကျွန်တော်လုပ်ပေးနိုင်တာက အိမ်ရှေ့စံကို မြေမြှုပ်သင်္ဂြိုဟ်ပေးရုံပါပဲ" တကယ်တမ်းကျတော့ အိမ်ရှေ့စံမိသားစုရဲ့ အရိုးတွေကို ရှာရတာ သူမအတွက် သိပ်ခက်ခဲလှသည်တော့ မဟုတ်ပေ။
အကြီးအကဲလီသည် နဉ်ရှောင်ယောင်းကို ထပ်မံဦးညွှတ်လိုက်သည်။ "အရှင်မင်းကြီးက သဘောထားကြီးမြတ်ပါတယ်"
ထိုအချိန်တွင် ယင်းဖုန်း ဝင်ပြောလိုက်သည်။ "မယ်တော်ကြီးက နန်းဆောင်ကနေ ပြောင်းရမယ်ဆိုရင် မင်းသားချန်ကရော မယ်တော်ကြီးနဲ့ပဲ ဆက်နေရမှာလား"
အကြီးအကဲလီက ချက်ချင်းပင် ပြန်ဖြေသည်။ "မင်းသားချန်က မင်းသားတစ်ပါးလေ။ ဘယ်လိုလုပ် အတွင်းဆောင်ထဲမှာပဲ တစ်ချိန်လုံး နေလို့ရမှာလဲ"
မယ်တော်ကြီးရှဲ့ကို နန်းဆောင်ကနေ မောင်းထုတ်ပြီး နဉ်ရှင်းကိုပါ လုယူလိုက်မယ်ဆိုရင် မယ်တော်ကြီးရှဲ့ ရူးသွားလောက်တယ်လို့ နဉ်ရှောင်ယောင်း တွေးလိုက်မိသည်။ "မင်းသားချန်က ငယ်ပါသေးတယ်။ အဲ... သူ့ကို မယ်တော်ကြီးနားမှာပဲ ခဏလောက် ဆက်နေခိုင်းလိုက်ပါဦး"
အကြီးအကဲလီ နဉ်ရှောင်ယောင်းကို မော့ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း လေးနက်စွာ ပြောလိုက်သည်။ "မဟုတ်ရင် သူ သေသွားလိမ့်မယ်"
အကြီးအကဲလီ ခေါင်းပြန်ငုံ့သွားသည်။ "အရှင်မင်းကြီးက သဘောထားကြီးမြတ်ပါတယ်"
နဉ်ရှောင်ယောင်း: "..." သူမက သဘောထားကြီးတာ မဟုတ်ပါဘူး။ မလုပ်မဖြစ်လို့ လုပ်ရတာပါ။
"ကျွန်တော်မျိုး အမိန့်ပြန်တမ်းရေးဖို့ သွားလိုက်ပါဦးမယ်" အကြီးအကဲလီ ပြောလိုက်သည်။ "မယ်တော်ကြီးကိစ္စကိုလည်း အမြန်ဆုံး စီရင်ပေးဖို့ မျှော်လင့်ပါတယ်"
....
အကြီးအကဲလီ ထွက်သွားပြီးနောက် နဉ်ရှောင်ယောင်းနှင့် ယင်းဖုန်းတို့သည် တစ်ယောက်ကထိုင်၊ တစ်ယောက်ကရပ်နှင့် အတော်ကြာသည်အထိ စကားမပြောဘဲ နေလိုက်ကြသည်။ နောက်ဆုံးတွင် နဉ်ရှောင်ယောင်း ပြောလိုက်သည်။
"အိမ်ရှေ့စံ သေသွားတာတောင် မယ်တော်ကြီးကို မမြင်စေချင်လို့ အဘိုးကြီးက အဲ့လိုပြောတာလား"
မယ်တော်ကြီးရှဲ့သာ ယွမ်ကျုံးဂူသင်္ချိုင်းမှာ မြှုပ်နှံခံရရင် ယွမ်ကျုံးဂူသင်္ချိုင်းနဲ့ နီးတဲ့နေရာမှာရှိတဲ့ အိမ်ရှေ့စံနဲ့ အိမ်နီးချင်း ဖြစ်သွားမှာလေ။
ယင်းဖုန်း ခေါင်းညိတ်လိုက်သည်။ "ဖြစ်နိုင်ပါတယ်"
"ဒီအမျိုးသမီးက တော်တော်အမုန်းခံရတာပဲ" နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"အရှင်မင်းကြီး" တံခါးပြင်ပမှ ယင်းယွီ၏အသံ ထွက်ပေါ်လာသည်။
"ဝင်ခဲ့"
ယင်းယွီ အခန်းထဲဝင်လာပြီး လက်ထဲမှ အရေးပေါ်သတင်းလွှာ နှစ်စောင်ကို နဉ်ရှောင်ယောင်းထံ ဆက်သလိုက်သည်။ "အရှင်မင်းကြီး... စစ်သူကြီးထောင်ယွီနဲ့ ဖူဝမ်တို့ဆီက အရေးပေါ်သတင်း ရောက်လာပါတယ်"
နဉ်ရှောင်ယောင်း အလျင်အမြန် ဖွင့်ဖတ်ကြည့်လိုက်သည်။ သူပုန်တွေ ဘယ်နေရာကို တိုက်ပြန်ပြီလဲ။
ယင်းဖုန်းနှင့် ယင်းယွီတို့သည် နဉ်ရှောင်ယောင်း၏ အမိန့်ကို စောင့်နေကြသည်။
"ရှဲ့အန်းကျိ ထွက်ပြေးသွားပြီ" နဉ်ရှောင်ယောင်းသည် သတင်းလွှာနှစ်စောင်ကို ဘေးရှိ လက်ဖက်ရည်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ယင်းဖုန်း အလျင်အမြန် ကောက်ယူဖတ်ရှုလိုက်သည်။
ဖူဝမ်ရော ထောင်ယွီပါ သတင်းလွှာထဲတွင် ရေးသားထားသည်မှာ ရှဲ့အန်းကျိသည် လွန်ခဲ့သော လဝက်ခန့်က ရုတ်တရက် ရောဂါဝေဒနာခံစားရသဖြင့် တဲထဲတွင် အနားယူနေခဲ့ကြောင်း၊ သို့သော် နောက်တစ်ရက် ညပိုင်းတွင် ရှဲ့အန်းကျိ ပျောက်သွားကြောင်း ဖော်ပြထားသည်။
"ပြောမနေနဲ့တော့။ အမတ်ချုပ်ကြီးရှဲ့က သူ့ဒုတိယသားကို ကယ်ထုတ်သွားတာပဲ" နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်သည်။
ယင်းဖုန်းနှင့် ယင်းယွီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ စကားပြောရန် ပြင်လိုက်စဉ်မှာပင် နဉ်ရှောင်ယောင်းက ဆက်ပြောလိုက်သည်။
"အခုဆို ဒုတိယသားရှဲ့က သူ့အဖေနဲ့ တွေ့တောင်တွေ့နေလောက်ပြီ"
"ဒါတော့ မဖြစ်နိုင်ပါဘူး" ယင်းဖုန်း ပြောလိုက်သည်။ "ရှဲ့ဝမ်ယွမ်က ရှန်းမြို့ကနေ ထွက်ပြေးတာ မကြာသေးဘူး။ လဝက်အချိန်နဲ့ ရှဲ့အန်းကျိ ရှန်းမြို့နားကို ရောက်မလာနိုင်ဘူး"
"ထားလိုက်ပါတော့" နဉ်ရှောင်ယောင်းသည် စားပွဲပေါ်မှ သတင်းလွှာကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ "မကောင်းမှုလုပ်ရင် ဝဋ်လည်မှာပဲ။ အမတ်ချုပ်ကြီးရှဲ့က သူ့မှာ သားမြေးတွေ အများကြီး ကျန်သေးတယ်လို့ ထင်နေတုန်းလား။ စောင့်ကြည့်နေလိုက်။ မကြာခင် သူ့ရှဲ့မိသားစုဝင်တွေအားလုံးကို သူကိုယ်တိုင် ဒုက္ခရောက်အောင် လုပ်မိလိမ့်မယ်"
ယင်းယွီ ချက်ချင်း ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ ရှဲ့မိသားစုက အသေဆိုးနဲ့ သေရမှာ"
"ရှဲ့အန်းကျိကို ကယ်သွားတဲ့သူတွေက သူပုန်တွေ ဖြစ်လောက်တယ်" နဉ်ရှောင်ယောင်း မေးစေ့ကိုကိုင်ကာ နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ "သူတို့က အမတ်ချုပ်ကြီးရှဲ့ကို ကယ်နိုင်မှတော့ သူ့သားကိုလည်း ကယ်နိုင်မှာပေါ့။ ငါ အခု သိချင်တာတစ်ခုရှိတယ်။ စစ်သေနာပတိချုပ်က ပြောဖူးတယ်၊ အမတ်ချုပ်ကြီးရှဲ့ မသေသရွေ့ ငါက သူပုန်တွေကို အစွမ်းကုန် မတိုက်နိုင်ဘူးတဲ့။ ရှန့်ထျန်းကောက အဲ့ဒီအချက်ကိုလိုချင်လို့ ရှဲ့ဝမ်ယွမ်ကို ကယ်တာတဲ့။ ဒါပေမဲ့..." နဉ်ရှောင်ယောင်းသည် ယင်းဖုန်းနှင့် ယင်းယွီကို ကြည့်လိုက်သည်။ "အဲ့ဒီအချက်လေးတစ်ခုတည်းအတွက်နဲ့ ရှန့်ထျန်းကောက အမတ်ချုပ်ကြီးရှဲ့အတွက် ဒီလောက်ထိ အပင်ပန်းခံ လုပ်ပေးနေတာလား"
***