အခန်း (၃၁၉-၃၂၀)
Vol. 20 Ch. 319-320
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၁၉ ။ ငါ့အမျိုးသားက သိပ်ချောတာပဲ
နဉ်ရှောင်ယောင်း၏အမေးကို ယင်းဖုန်းနှင့် ယင်းယွီ ဖြေနိုင်မည်မဟုတ်ပေ။ သူပုန်ခေါင်းဆောင် ရှန့်နုံ ဘယ်လိုတွေးသလဲဆိုတာ သူတို့ ဘယ်လိုသိနိုင်မှာလဲ။
သုံးရက်ကြာပြီးနောက် နန်းတော်သို့ ပြန်ရောက်လာသော လိုကျစ်ကွေ့သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "သူပုန်တွေ? ဒီကိစ္စကို ရှဲ့ဝမ်ယွမ်ရဲ့ လူတွေ လုပ်တာဖြစ်ဖို့ ပိုများတယ်"
"ဟုတ်လို့လား" နဉ်ရှောင်ယောင်း စိုးရိမ်တကြီး ပြောရှာသည်။ "ဒါပေမဲ့ ဒီကိစ္စက ရှန့်နုံနဲ့ မကင်းဘူးလို့ ကျွန်မ ထင်နေတုန်းပဲ"
နဉ်ရှောင်ယောင်း ထိုသို့ပြောလာသောအခါ လိုကျစ်ကွေ့ လေးနက်သွားပြီး မေးလိုက်သည်။ "မင်း ဘာသတင်းရထားလို့လဲ"
နဉ်ရှောင်ယောင်းက သူမ၏ခေါင်းကို လက်ညှိုးထိုးပြပြီး လေးနက်စွာ ပြောလိုက်သည်။ "ကျွန်မရဲ့ ဆဌမအာရုံက ပြောနေတာ"
ဒီစကားကိုတော့ စစ်သေနာပတိချုပ်လို ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဆဌမအာရုံဆိုတာ ဘာကြီးလဲ။
သူ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ စိတ်ဖတ်နိုင်သော စွမ်းရည်မရှိလျှင် လူတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်းရုံသက်သက်နဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ သူ ခေါင်းခါလိုက်ပြီး ထိုစိုးရိမ်ပူပန်မှုကို ခဏဘေးဖယ်ထားလိုက်သည်။ နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့အနားသို့ တိုးကပ်လာပြီး မျက်နှာကို သေချာကြည့်ကာ မေးလိုက်သည်။
"ဒဏ်ရာမရခဲ့ဘူးမလား"
အလုပ်ကိစ္စပြောနေရာမှ ကိုယ်ရေးကိုယ်တာကိစ္စသို့ ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်သဖြင့် လိုကျစ်ကွေ့ ကြောင်သွားပြီးမှ နဉ်ရှောင်ယောင်းကို ခေါင်းခါပြလိုက်သည်။
"တိုက်ပွဲမှ မဖြစ်ခဲ့တာ။ ဒဏ်ရာရစရာ အကြောင်းမရှိပါဘူး"
"ရှန်းမြို့..." နဉ်ရှောင်ယောင်းသည် လက်သည်းများကို ဆိတ်ရင်း တစ်လုံးချင်း မေးလိုက်သည်။ "ရှန်းမြို့မှာ ဒီတစ်ခေါက် လူဘယ်လောက် သေသွားလဲ"
ရေနွေးပူဖြင့် အပြုတ်ခံလိုက်ရသော အလောင်းများပုံရိပ်က မျက်စိရှေ့တွင် ဝဲပျံလာ၏။ လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကိုဆွဲယူပြီး ပွတ်သပ်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။ "လူအများကြီး သေဆုံးခဲ့တယ်"
လိုကျစ်ကွေ့ ခန့်မှန်းထားသည့်အတိုင်းပင် နဉ်ရှောင်ယောင်း၏လက်များ တုန်ခါသွားသည်။
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အချိန်မီ သိလိုက်ရလို့ လူအများကြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ရွှီဖေးယွီရဲ့ အထူးမြင်းတပ်သား သုံးထောင်လည်း ထိခိုက်မှုမရှိခဲ့ဘူး။ ဒါ ကံကောင်းတယ်လို့ ပြောရမယ်"
နဉ်ရှောင်ယောင်း ဘာမှပြန်မပြောပေ။ စစ်သေနာပတိချုပ်လို၏ စကားများက သူမကို နှစ်သိမ့်ပေးနိုင်ခြင်း မရှိပေ။
"ရှောင်ယောင်း" လိုကျစ်ကွေ့ ခေါ်လိုက်သည်။ "မင်း ကိုယ့်ကို အပြစ်တင်လား"
"ဟင်" နဉ်ရှောင်ယောင်း မျက်နှာလေး ရှုံ့မဲ့နေပြီး မျက်လုံးများက ဗလာဖြစ်နေသည်။
လိုကျစ်ကွေ့က ပြောလိုက်သည်။ "ကိုယ် ရှဲ့ဝမ်ယွမ်ကို မသတ်နိုင်ခဲ့ဘူး"
"ဘုရားရေ..." နဉ်ရှောင်ယောင်း၏ မျက်နှာသည် ရှုံ့မဲ့သွားပြန်သည်။ "ရှင်က ဒါကို စိတ်ပူနေတုန်းလား။ ရှင် မီးလောင်ပြီး သေလုနီးပါး ဖြစ်ခဲ့တာလေ။ အသက်ရှင်နေတာပဲ ကျေးဇူးတင်လှပြီ။ ရှဲ့ဝမ်ယွမ်ဆိုတဲ့ နာမည်ကို ခဏလောက် မေ့ထားလိုက်ပါ စစ်သေနာပတိချုပ်ရယ်"
"ရှောင်ယောင်း..."
"တစ် နှစ် သုံး... အမ်? ရှဲ့ဝမ်ယွမ်ဆိုတာ ဘယ်သူလဲ" နဉ်ရှောင်ယောင်း ခေါင်းကုတ်ပြီး ပြောလိုက်သည်။ "ကျွန်မ မသိပါဘူး"
လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပြုံးလိုက်မိသည်။ ဒီကောင်မလေးက သူ့ထက်ပိုပြီး သဘောထားကြီးတာပဲ။
"ကိစ္စမရှိပါဘူး" လိုကျစ်ကွေ့ ပြုံးလိုက်သည်ကိုမြင်မှ နဉ်ရှောင်ယောင်း ဆက်ပြောသည်။ "ကျွန်မ အရှင်မင်းကြီး စဖြစ်တုန်းက ရှဲ့ဝမ်ယွမ်က အမတ်ချုပ်ကြီးလေ။ ပုန်ကန်ချင်ရင် ပုန်ကန်လို့ရတဲ့လူမျိုး။ အခုကျတော့ရော... အခု သူက တရားခံပြေးဖြစ်နေပြီ။ သူ့မိသားစုလည်း သေကုန်ပြီ။ စစ်သေနာပတိချုပ်... ကျွန်မတို့ သူ့ကို မကြောက်ဘူး။ မကြာခင် ကျွန်မ သူ့ကို သတ်ပစ်မယ်"
လိုကျစ်ကွေ့ သက်ပြင်းချလိုက်ပြီး နဉ်ရှောင်ယောင်းကို ဖက်ထားလိုက်သည်။ ဒီကိစ္စက တကယ်တော့ သူ့ညံ့ဖျင်းမှုကြောင့် ဖြစ်ရတာပါ။ ခွေးဝဲစားက ပြန်မကိုက်နိုင်လောက်ဘူးလို့ ထင်ခဲ့မိတာ။ တကယ်တမ်းကျတော့ ရှဲ့ဝမ်ယွမ်ဆိုတဲ့ ခွေးဝဲစားက သူ့ကိုရော အထူးမြင်းတပ်သား သုံးထောင်ကိုပါ ပြန်ကိုက်သတ်လုနီးပါး ဖြစ်ခဲ့တယ်။
နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြန်ဖက်ထားလိုက်သည်။ သူမ စိတ်မကောင်းဖြစ်နေသော်လည်း အမတ်ချုပ်ကြီး ထွက်ပြေးသွားသည့်ကိစ္စအတွက် လိုကျစ်ကွေ့က သူမထက် ပိုစိတ်ဆင်းရဲနေမည်ကို သိနေသည်။ ထို့ကြောင့် နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို အပြစ်တင်စကား မပြောရက်တော့ပေ။
ငါက တကယ်ကို ကြင်နာတတ်တဲ့သူပဲ။ ထိုင်နေသော လိုကျစ်ကွေ့ကို မတ်တတ်ရပ်လျက် ဖက်ထားရင်း နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့၏နဖူးကို မေးစေ့ဖြင့် ပွတ်သပ်လိုက်သည်။ ငါ အရမ်းကြင်နာလွန်းလို့ ယုတ်မာတဲ့ ရှဲ့ဝမ်ယွမ်ကို မနိုင်တာများလား။ (လျှောက်မတွေးနဲ့...)
အခန်းပြင်ပမှ ယင်းဖုန်း၏အသံ ထွက်ပေါ်လာသည်။ "အရှင်မင်းကြီး"
ဖက်ထားသော နှစ်ယောက်သား လူချင်းခွာလိုက်ကြသည်။ နဉ်ရှောင်ယောင်း နှုတ်ခမ်းစူထားသည်ကိုမြင်တော့ လိုကျစ်ကွေ့က သူမအစား တံခါးဘက်သို့လှည့်ပြီး ပြောလိုက်သည်။ "ဝင်ခဲ့"
ယင်းဖုန်း တံခါးဖွင့်ဝင်လာသည်။
နဉ်ရှောင်ယောင်းသည် အခန်းလယ်တွင် ရပ်နေပြီး ယင်းဖုန်းကို ပြောလိုက်သည်။ "မယ်တော်ကြီးကိစ္စဆိုရင်တော့ ပြောမနေနဲ့တော့ သာ့ဖုန်း"
ယင်းဖုန်းက နဉ်ရှောင်ယောင်းကိုကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"ဘုရားရေ" နဉ်ရှောင်ယောင်း ခေါင်းကိုဖက်လိုက်မိသည်။ "မယ်တော်ကြီးကိစ္စပဲလား"
ယင်းဖုန်း ပြောလိုက်သည်။ "မယ်တော်ကြီးက အရှင်မင်းကြီးကို မဖြစ်မနေ တွေ့ချင်ပါတယ်တဲ့"
"သူ့ကို နန်းဆောင်ကနေ မောင်းထုတ်တာ ငါ့အကြံမဟုတ်ဘူးလေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါ့ကိုလာရှာလည်း အလကားပဲလို့ သာ့ဖုန်း မင်း မပြောခဲ့ဘူးလား"
ယင်းဖုန်း တိုးတိုးလေး ပြောရှာသည်။ "အဲ့ဒါကို မယ်တော်ကြီးက ဘယ်ယုံမလဲ။ အရှင်မင်းကြီးက တိုင်းပြည်ရဲ့အရှင်သခင်လေ"
"ဟုတ်သားပဲ" နဉ်ရှောင်ယောင်း မကျေမနပ် ပြောလိုက်သည်။ "ငါက တိုင်းပြည်အရှင်သခင်ဆိုတော့ သေသင့်တာပေါ့"
ယင်းဖုန်း ဘာမှမတတ်နိုင်တော့ပေ။ မယ်တော်ကြီးက ကိုယ့်လည်ပင်းကို ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်နေတော့ သူတို့ဘယ်သူကများ ဝင်တားရဲမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲ့ မွေးမိခင်လေ။
လိုကျစ်ကွေ့ ဝင်မေးလိုက်သည်။ "မယ်တော်ကြီးက နန်းဆောင်ကနေ မထွက်ချင်ဘူး ဖြစ်နေတာလား"
နဉ်ရှောင်ယောင်းနှင့် ယင်းဖုန်း ပြိုင်တူ ခေါင်းညိတ်ပြလိုက်ကြသည်။
"ဒါဆို နန်းဆောင်ထဲကလူတွေ အကုန်လုံးကို ရုပ်သိမ်းလိုက်။ ပြီးရင် နန်းဆောင်တံခါးတွေ အကုန်ပိတ်ထားလိုက်" လိုကျစ်ကွေ့ အေးစက်စွာ ပြောလိုက်သည်။ "မယ်တော်ကြီးနဲ့ မင်းသားချန်ကိုပဲ နန်းဆောင်ထဲမှာ ထားခဲ့လိုက်"
"ရှင် သူတို့ကို အစာငတ်ခံ သတ်မလို့လား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သေရတော့မယ်ဆိုတာ သိရင် မယ်တော်ကြီးကိုယ်တိုင် နန်းဆောင်ကနေ ထွက်ခွာခွင့် တောင်းလာလိမ့်မယ်" လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ယင်းဖုန်းကို တိုးတိုးလေး ပြောလိုက်သည်။ "ဝမ်းနည်းစရာပဲ။ ငါ ဘာလို့ ဒီနည်းလမ်းကို မစဉ်းစားမိပါလိမ့်။ ငါ တကယ်ပဲ သဘောထားကြီးလွန်းနေတာပဲ"
ယင်းဖုန်းက ဒီနည်းလမ်းကို စဉ်းစားမိပြီးသားပါ။ ဒါပေမဲ့ သားက မိခင်ကို အတင်းအကျပ် ဖိအားပေးခိုင်းသလို ဖြစ်နေမှာစိုးလို့ နဉ်ရှောင်ယောင်းကို မပြောရဲခဲ့တာ။ ယင်းဖုန်းက မယ်တော်ကြီးရှဲ့ကို ဘယ်လောက်ပဲ မုန်းမုန်း ဒီလိုအလုပ်မျိုးတော့ မလုပ်ရက်ပေ။
"အရှင်မင်းကြီး မျက်နှာချင်းမဆိုင်ချင်ရင် ကျွန်တော် သွားပြီး..."
"နေပါစေ။ ရပ်လိုက်" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့စကားကို ဖြတ်ပြောလိုက်သည်။ "မယ်တော်ကြီးက ခင်ဗျားကိုမြင်ရင် တကယ် ရူးသွားလိမ့်မယ်။ ငါပဲ မယ်တော်ကြီးနဲ့ သွားတွေ့လိုက်မယ်။ သာ့ဖုန်း... ခင်ဗျား နန်းဆောင်ထဲကလူတွေကို ရုပ်သိမ်းလိုက်တော့"
ယင်းဖုန်း အမိန့်နာခံပြီး ထွက်သွားလေသည်။
နဉ်ရှောင်ယောင်းသည် အခန်းလယ်တွင် ရပ်နေရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ မယ်တော်ကြီးရှဲ့နဲ့ တွေ့ရတိုင်း စစ်ပွဲတစ်ပွဲလို ဖြစ်နေတာပဲ။
လိုကျစ်ကွေ့ မတ်တတ်ထရပ်လိုက်ပြီး နဉ်ရှောင်ယောင်းအနားသို့ လျှောက်သွားကာ တိုးတိုးလေး မေးလိုက်သည်။ "မယ်တော်ကြီးက မင်း မိန်းကလေးဆိုတာကို ထုတ်ပြောမှာ ကြောက်လို့လား"
"မကြောက်ပါဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အဲ့ဒါကို ထုတ်ပြောလိုက်ရင် ကျွန်မသေမှာ။ ကျွန်မသေရင် သူရော နဉ်ရှင်းရော အသက်ရှင်ရမှာ မဟုတ်ဘူး"
"ဒါဆို မင်း ဘာလို့ သွားတွေ့ချင်နေတာလဲ"
"သူက ကျွန်မကိုတွေ့ချင်တယ်ဆိုပြီး သောင်းကျန်းနေတာ ကျွန်မအပေါ် မျှော်လင့်ချက် ရှိနေသေးလို့လေ" နဉ်ရှောင်ယောင်း မျက်နှာငယ်လေးဖြင့် ပြောသည်။ "ကျွန်မ သွားမတွေ့ရင် သူ့မျှော်လင့်ချက်ကို ဘယ်လိုရိုက်ချိုးပစ်ရမလဲ။ စစ်သေနာပတိချုပ်... မယ်တော်ကြီးက ဘယ်လိုတွေးနေတာလဲ။ သူက ကျွန်မကို သတ်ချင်နေတာလေ။ အခုကျမှ ကျွန်မကို သားအမိသံယောဇဉ် လာပြနေတာလား"
"သူက မင်းရဲ့ မွေးမိခင်မို့လို့ ကိုယ် ဘာမှမပြောတော့ပါဘူး" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။
နဉ်ရှောင်ယောင်း နှုတ်ခမ်းစူလိုက်သည်။ လိုကျစ်ကွေ့စိတ်ထဲမှာ မယ်တော်ကြီးကို အမျိုးယုတ်တစ်ယောက်လို့ သတ်မှတ်ထားမှန်း သူမ သိသည်။
"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။
"မလိုက်နဲ့" နဉ်ရှောင်ယောင်း ပြောသည်။ "ရှင်က ယောက်ျားတစ်ယောက်လေ။ မိန်းမတစ်ယောက်နဲ့ သွားရန်ဖြစ်ရင် သိက္ခာကျတယ်။"
လိုကျစ်ကွေ့: "..." သူက မယ်တော်ကြီးရှဲ့နဲ့ ရန်ဖြစ်မလို့မှ မဟုတ်တာ။
"ကျွန်မ စုန့်ရွှီကို ဖမ်းထားတယ်" နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့လက်ကို ကိုင်လှုပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "စစ်သေနာပတိချုပ်... ရှင် သူ့ကို ဘဝအကြောင်းလေးဘာလေး သွားပြောပြသင့်တယ်"
လိုကျစ်ကွေ့ မေးလိုက်သည်။ "စုန့်ရွှီက အကျဉ်းထောင်ထဲမှာလား"
"မဟုတ်ဘူး။ ဒီနန်းဆောင်ထဲမှာပဲ။ ယင်းယွီကို လိုက်ပို့ခိုင်းလိုက်မယ်" နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြောလိုက်သည်။ "ကောင်းကောင်းပြောနော်။ သူ့ကို ဒေါသထွက်မနေနဲ့။ ဖြစ်ပြီးသွားတဲ့ကိစ္စတွေပဲဟာ။ ဒေါသထွက်လည်း အလကားပဲ မဟုတ်လား"
လိုကျစ်ကွေ့ ပြောလိုက်သည်။ "မင်း သူ့ကို ဂရုစိုက်နေတုန်းလား"
"သစ္စာဖောက်တစ်ယောက်ကို ကျွန်မက ဘာကိစ္စ ဂရုစိုက်ရမှာလဲ" နဉ်ရှောင်ယောင်း ပါးလေးဖောင်းပြီး ပြောလိုက်သည်။ "ကျွန်မက ရှင့်ကို စိတ်မဆိုးစေချင်လို့ပါ။ ဒေါသထွက်တာ ကျန်းမာရေးအတွက် မကောင်းဘူးလေ။ ရှဲ့ဝမ်ယွမ် ထွက်ပြေးသွားတာနဲ့တင် ရှင် လုံလောက်အောင် ဒေါသထွက်ပြီးပြီ မဟုတ်လား"
ဪ... ဒီကောင်မလေးက သူ့ကို စိတ်ပူနေတာကိုး။
လိုကျစ်ကွေ့၏ မျက်နှာထား ပျော့ပျောင်းသွားပြီး နဉ်ရှောင်ယောင်း၏ နဖူးကို သူ့နဖူးဖြင့် ထိလိုက်ကာ ပြောလိုက်သည်။ "ကောင်းပြီ၊ ကိုယ် စိတ်မဆိုးဘူး"
"အင်း... ဒါမှ ဟုတ်တာ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ "ကျွန်မ မယ်တော်ကြီးဆီ သွားမယ်။ ရှင် စုန့်ရွှီဆီ သွားလိုက်။ ကတိပေးပြီးပြီနော်။ စိတ်မဆိုးကြေး"
"မင်းလည်း မယ်တော်ကြီးကို စိတ်မဆိုးနဲ့" လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ နဖူးပေါ်မှ ဆံပင်စလေးများကို သပ်တင်ပေးလိုက်သည်။
"စိတ်မဆိုးပါဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မုဆိုးမတစ်ယောက်ကို ကျွန်မက ဘာကိစ္စ စိတ်ဆိုးရမှာလဲ။ ကျွန်မအမျိုးသားက ငယ်ရွယ်ရုံတင်မကဘူး။ သိပ်ချောတာပဲ။ စိတ်ဆိုးရင်တောင် မယ်တော်ကြီးက ကျွန်မကို မနာလိုပြီး စိတ်ဆိုးရမှာ"
လိုကျစ်ကွေ့ ပြောလိုက်သည်။ "မင်းအမျိုးသား?"
နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့ကို မော့ကြည့်လိုက်ပြီး ခြေဖျားထောက်ကာ လိုကျစ်ကွေ့၏ နှုတ်ခမ်းကို တစ်ချက် နမ်းလိုက်သည်။ ထို့နောက် ချက်ချင်းလှည့်ပြေးလေတော့သည်။ ရှဲ့ဝမ်ယွမ်ကို မသတ်နိုင်ခဲ့ဘူး။ ရှဲ့အန်းကျိ လွတ်သွားတယ်။ လူတွေအများကြီး သေသွားတယ်။ သူမ ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေဖို့ တစ်ခုခုတော့ လုပ်ရမယ် မဟုတ်လား။
နဉ်ရှောင်ယောင်း အခန်းထဲမှ ပြေးထွက်သွားသည်ကို ကြည့်ပြီး လိုကျစ်ကွေ့သည် အနမ်းခံလိုက်ရသော နှုတ်ခမ်းကို ကိုင်ကာ အလိုအလျောက် ပြုံးလိုက်မိသည်။ ငါ့အမျိုးသားက ငယ်ရွယ်ရုံတင်မကဘူး။ သိပ်ချောတာပဲတဲ့။ ဒီစကားလေးတစ်ခွန်းကြောင့် လိုကျစ်ကွေ့၏ရင်ထဲတွင် ဖိစီးနေသမျှ အရာအားလုံး ပျောက်ကွယ်သွားပြီး နေရောင်ခြည် ဖြာကျလာသကဲ့သို့ ခံစားလိုက်ရသည်။
.....
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းနှင့်အတူ လျှောက်လာခဲ့ရာ မယ်တော်ကြီးနန်းဆောင်တံခါးကို မြင်လိုက်ရသည်နှင့် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ သူမ ယင်းဖုန်းကို ပြောလိုက်သည်။ "မယ်တော်ကြီးနဲ့ စကားပြောရမယ်ဆိုတာ တွေးလိုက်တာနဲ့ သေချင်စိတ်ပေါက်သွားတယ်"
ယင်းဖုန်း ပြောလိုက်သည်။ "ဒါဆို အရှင်မင်းကြီး အထဲမဝင်တော့ဘဲ နန်းဆောင်ကို ပြန်မလား"
"ပြန်ပြီးတော့ စစ်သေနာပတိချုပ်က စုန့်ရွှီကို ဘယ်လိုသတ်မလဲဆိုတာ သွားကြည့်ရမှာလား" နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။ "အဲ့ဒါထက်စာရင် မယ်တော်ကြီးနဲ့ပဲ အပြန်အလှန် နှိပ်စက်ကြတာ ပိုကောင်းပါတယ်"
ယင်းဖုန်း ချက်ချင်း ပြောလိုက်သည်။ "အရှင်မင်းကြီးက စုန့်ရွှီကို အသက်ချမ်းသာပေးစေချင်ရင် စစ်သေနာပတိချုပ်ကို ပြောလိုက်လို့ ရပါတယ်"
နဉ်ရှောင်ယောင်းသည် ယင်းဖုန်းကို လက်ကာပြလိုက်ပြီး ပြောသည်။ "ဒီကိစ္စကို ငါ ဝင်မပါနိုင်ဘူး။ ညီအစ်ကိုတွေ သစ္စာဖောက်တဲ့ကိစ္စကို သူတို့ညီအစ်ကိုချင်းပဲ ရှင်းကြပါစေ" ယောက်ျားချင်း သစ္စာဖောက်တဲ့ကိစ္စ၊ ညီအစ်ကိုရန်ငြိုးကိစ္စတွေကို မိန်းကလေးတွေအနေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ နဉ်ရှောင်ယောင်း ပါးစပ်သပ်လိုက်ပြီး မယ်တော်ကြီးနန်းဆောင်ထဲသို့ ဝင်သွားလေသည်။
ယင်းဖုန်း နားမလည်နိုင် ဖြစ်သွားသည်။ ဒါက အနက်ရောင်နှင်းခဲမြင်းတပ်ရဲ့ ကိစ္စဖြစ်နေရင်တောင် အရှင်မင်းကြီးအနေနဲ့ ဝင်ပါခွင့် မရှိဘူးလား။
....
မယ်တော်ကြီးနန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ အစေခံများနှင့် မိန်းမစိုးများသည် နဉ်ရှောင်ယောင်း ဝင်လာသည်ကို မြင်သောအခါ ဒူးထောက်ကြပြီး အများစုမှာ ကြောက်လန့်တကြား တုန်ယင်နေကြသည်။
"ငါက မင်းတို့ကို ဘာမှမလုပ်ရသေးပါဘူး။ ဘာလို့ တုန်နေကြတာလဲ" နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
နဉ်ရှောင်ယောင်း အသံကြားသောအခါ နန်းဆောင်ထဲမှ လူများသည် ခေါင်းပြတ်တော့မည့်အတိုင်း ပိုပြီး တုန်ယင်လာကြသည်။
ယင်းဖုန်း ပြောလိုက်သည်။ "အရှင်မင်းကြီး... ဒီနေရာကို ကျွန်တော် စီစဉ်လိုက်ပါမယ်"
နန်းဆောင်ထဲကလူတွေက သူမကို ဘီလူးသရဲစီးသလို ကြည့်နေကြသဖြင့် နဉ်ရှောင်ယောင်းသည် တစ်ယောက်တည်း မယ်တော်ကြီးရှဲ့၏ အဆောင်သို့ လျှောက်သွားလိုက်သည်။ ရှင်းပြနေလို့လည်း ဘာထူးမှာလဲ။ ကိုယ့်ဘာသာပဲ သွားလိုက်တော့မယ်။
နဉ်ရှောင်ယောင်း နောက်ဆောင်သို့ ဝင်သွားသည်ကိုကြည့်ပြီး ယင်းဖုန်းသည် နဂါးအစောင့်တပ်သားများကို အမိန့်ပေးလိုက်သည်။ "ဒီလူတွေကို အကုန် အပြင်ခေါ်ထုတ်သွား။ အော်တဲ့ကောင်ရှိရင် ပါးစပ် ပိတ်ထားလိုက်"
နဂါးအစောင့်တပ်သားများ လူဖမ်းကြလေသည်။
မယ်တော်ကြီးကို အော်ခေါ်ပြီး အကူအညီတောင်းလည်း အပိုပဲဆိုတာ နန်းဆောင်ထဲကလူတွေ သိကြသည်။ ခုချိန်မှာ မယ်တော်ကြီးကိုယ်တိုင်တောင် အရှင်မင်းကြီးရဲ့မျက်နှာကြည့်ပြီး နေနေရတာလေ။ ထို့ကြောင့် နဂါးအစောင့်တပ်သားများ ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် အစေခံအချို့ အသံတိုးတိုးဖြင့် ငိုကြွေးကြသည်မှလွဲ၍ လူတစ်ရာကျော်ထဲတွင် မည်သူမျှ စကားတစ်ခွန်းမပြောရဲကြပေ။
....
မယ်တော်ကြီးရှဲ့နေသော အဆောင်ထဲတွင် မယ်တော်ကြီးသည် နဉ်ရှောင်ယောင်း ဝင်လာသည်ကို မြင်သည်နှင့် ဓားမြှောင်ဖြင့် ကိုယ့်လည်ပင်းကို ထောက်ထားလိုက်သည်။
နဉ်ရှောင်ယောင်း မျက်ခွံများ လှုပ်သွားပြီး ပြောလိုက်သည်။ "အခုကျတော့ ကျွန်မနဲ့ အတူမသေချင်တော့ဘဲ ကိုယ့်ဘာသာ သေချင်နေတာလား"
"နဉ်ယွီ" မယ်တော်ကြီးရှဲ့ အော်ခေါ်လိုက်သည်။
"ပြောစရာရှိရင် ပြော" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "မအော်နဲ့ သိလား။ အော်နေလို့ ပြဿနာပြေလည်သွားမှာ မဟုတ်ဘူး"
"မင်း ပါးစပ်ပိတ်ထားစမ်း" မယ်တော်ကြီးရှဲ့ အော်ပြောလိုက်သည်။
နဉ်ရှောင်ယောင်း: "..." သေမယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ တွေ့ချင်တယ်ဆိုပြီး သောင်းကျန်းတယ်။ သူမ ရောက်လာပြန်တော့လည်း စကားမပြောနဲ့တဲ့။ ဒီမယ်တော်ကြီးနဲ့ ဆက်ဆံရတာ တော်တော်ခက်ပါလား။
***
ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)
အခန်း ၃၂၀ ။ ကျွန်မက ကံဆိုးတာ၊ ရှင်က ဖြစ်သင့်တာဖြစ်သွားတာ
နဉ်ရှောင်ယောင်းသည် မယ်တော်ကြီးရှဲ့ကို လက်ပြပြီး "ကောင်းပြီလေ။ ရှင်က အသက်ကြီးတဲ့သူဆိုတော့ အရင်ပြောပါ" ဟု ခွင့်ပြုလိုက်သည်။
"မင်း တကယ်ပဲ ငါ့ကို နန်းဆောင်ကနေ မောင်းထုတ်မှာလား" မယ်တော်ကြီးရှဲ့က မေးသည်။
"အခု ကျွန်မ စကားပြောလို့ ရပြီလား" နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"ပြော!" မယ်တော်ကြီးရှဲ့ အော်ပြောလိုက်သည်။
"ဪ... အင်းပါ" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ငါက မင်းရဲ့ မွေးမိခင်လေ" မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို အော်ဟစ်ပြောဆိုပြန်သည်။
နဉ်ရှောင်ယောင်း လက်ကာပြလိုက်ပြီး "ကျွန်မ ဘယ်နှစ်ခါ ပြောရမလဲ။ သံယောဇဉ်စကားတွေ လာပြောမနေနဲ့။ ဒီစကားတွေကို ရှင်ပဲ သတ်ပစ်လိုက်တာလေ။ ရှင်က ကျွန်မရဲ့မွေးမိခင်ဆိုတာ မှန်ပေမယ့် ရှင်က ကျွန်မကို သတ်ချင်နေတာလေ"
"ငါ မသတ်ဘူး"
"အခုချိန်မှာ ရှင် မသတ်သေးတာက နဉ်ရှင်း ငယ်နေသေးလို့လေ။ ကျွန်မသေရင် ရှင်ပါ သေမှာမို့လို့။ နဉ်ရှင်း ကြီးလာရင်ရော... ကျွန်မကို အရူးမှတ်နေလား။ ဒီအကြောင်းက ကျော်လိုက်လို့ မရဘူးလား။ ခဏခဏ ပြန်ပြောနေရတာ ရှင် မပျင်းဘူးလား"
မယ်တော်ကြီးရှဲ့ ခေါင်းခါလိုက်ပြီး "မင်း ငါ့ကို ဒီလိုမလုပ်ရဘူး" ဟု ပြောသည်။
"ဒါ ကျွန်မတစ်ယောက်တည်း သဘောထား မဟုတ်ဘူး။ နန်းတွင်းအမတ်တွေရဲ့ သဘောထားလည်းပါတယ်"
"နန်းတွင်းအမတ်တွေ?" မယ်တော်ကြီးရှဲ့သည် ရက်အတော်ကြာ အလှမပြင်ရသေးသောကြောင့် ရှုပ်ပွနေသော မျက်ခုံးများကို ပင့်လိုက်ပြီး မေးသည်။ "ဘယ်သူလဲ။ ဘယ်သူက ငါ့ကို အပြတ်ရှင်းချင်နေတာလဲ"
"နန်းဆောင်ထဲ မနေခိုင်းတာနဲ့ပဲ အပြတ်ရှင်းတယ်လို့ ခေါ်လို့ရမလား"
"လိုကျစ်ကွေ့လား" မယ်တော်ကြီးရှဲ့ ဒေါသတကြီး မေးလိုက်သည်။
"စစ်သေနာပတိချုပ်က ရှင့်ကိစ္စ ခေါင်းထဲထည့်နေဖို့ အချိန်မရှိဘူး" နဉ်ရှောင်ယောင်း ရင်ကော့ပြီး ပြောလိုက်သည်။ "ဒါ အဘိုးကြီးလီ ပြောတာ။ အဘိုးကြီးက ပြောတယ်... ရှင်သာ သိက္ခာရှိရင် ကိုယ့်သဘောနဲ့ကိုယ် နန်းဆောင်ကနေ ထွက်သွားသင့်တယ်တဲ့" (အကြီးအကဲလီ ဒီလိုပြောခဲ့လို့လား)
နဉ်ရှောင်ယောင်းပြောသော အဘိုးကြီးမှာ မည်သူဖြစ်ကြောင်း မယ်တော်ကြီးရှဲ့ သိလိုက်သည်။ "လီဝူချီ... ဒီအဘိုးကြီးကတော့!"
"လူကို မဆဲနဲ့" နဉ်ရှောင်ယောင်း ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။ "ရှင့်ကိုယ်ရှင် လူကောင်းလို့ ထင်နေတာလား"
မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို အေးစက်စွာ ပြုံးပြီး ကြည့်လိုက်သည်။
"ရှင် ထွက်ချင်ထွက်၊ မထွက်ချင်နေ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကျွန်မကတော့ နန်းဆောင်ထဲကလူတွေကို အကုန်မောင်းထုတ်လိုက်ပြီ။ ရှင် သားအမိနှစ်ယောက်တည်း နေချင်သလိုနေကြတော့။ ထမင်းစားဖို့၊ ရေသောက်ဖို့ကိစ္စကို ရှင့်ဘာသာရှင် ဖြေရှင်းပေတော့"
"မင်း ငါ့ကို သေစေချင်နေတာလား" မယ်တော်ကြီးရှဲ့ အသံတုန်တုန်ဖြင့် မေးလိုက်သည်။
နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ လာပြန်ပြီ။ ငါ့စိတ်ထဲမှာ သူ့ကို အသက်ရာကျော်ရှည်စေချင်တယ်လို့ ဘာလို့ ထင်နေရတာလဲ။
"ရှဲ့ဝမ်ယွမ် ပုန်ကန်တုန်းက ငါ မင်းဘက်က ရပ်တည်ပေးခဲ့တာလေ" မယ်တော်ကြီးရှဲ့က အသံတုန်တုန်ဖြင့် ပြောသည်။ "အခု ငါ့ကို အသုံးမလိုတော့ဘူးဆိုပြီး နန်းဆောင်ကနေ မောင်းထုတ်တော့မလို့လား"
"နေရာပြောင်းနေခိုင်းတာပါ..."
"ငါက မယ်တော်ကြီး!" မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း၏ စကားကို အသံကုန်အော်ဟစ် ဖြတ်ပြောလိုက်သည်။ "ယုံနင်မင်းဆက်မှာ နန်းဆောင်ထဲ အသေမခံရတဲ့ မယ်တော်ကြီးဆိုတာ မရှိဘူး"
"တော်စမ်းပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ယုံနင်မင်းဆက်မှာ သမီးမိန်းကလေးမွေးပြီး သားယောက်ျားလေးမွေးပါတယ်ဆိုပြီး ဧကရာဇ်ကို လိမ်ပြောတဲ့ ကြင်ယာတော်ရော ရှိဖူးလို့လား။ ရှင် နည်းနည်းလောက် အရှက်ရှိစမ်းပါ"
မယ်တော်ကြီးရှဲ့ နင်သွားရသည်။
"ကျွန်မ တစ်ခါပဲ ပြောမယ်။ သေချာနားထောင်" နဉ်ရှောင်ယောင်းသည် မယ်တော်ကြီးရှဲ့ကို တစ်လုံးချင်း ပြောလိုက်သည်။ "ကျွန်မ လူသတ်ရတာ မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်မ သတ်တတ်တယ်။ ဒါကြောင့် ရှင့်ကိုသတ်ချင်လာအောင် လာမလုပ်နဲ့"
မယ်တော်ကြီးရှဲ့သည် မိမိလည်ပင်းကို ဓားမြှောင်ဖြင့် ထောက်ထားဆဲဖြစ်သော်လည်း နဉ်ရှောင်ယောင်း၏ စကားကို ကြားပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။
"ကျွန်မတို့ကြားမှာ သံယောဇဉ်မရှိဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ရှင် သေချင်ရင် ကျွန်မ မတားဘူး။ ကျွန်မ ရှင့်ကို ကယ်မှာလည်း မဟုတ်ဘူး"
မယ်တော်ကြီးရှဲ့ မျက်ရည်ကျလာပြန်သည်။
"အခုမှ နောင်တရနေပြီလား" နဉ်ရှောင်ယောင်း မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ "အရင်တုန်းကရော ဘာတွေလုပ်နေခဲ့လဲ"
မယ်တော်ကြီးရှဲ့ လက်များ ပြေလျော့သွားပြီး ဓားမြှောင်သည် ကြမ်းပြင်ပေါ်သို့ "ဒေါင်" ခနဲ ကျသွားလေသည်။
နဉ်ရှောင်ယောင်း လက်ပိုက်ကြည့်နေလိုက်သည်။ ဒီအမျိုးသမီး မသေရဲမှန်း သူမ သိနေသည်။
မယ်တော်ကြီးရှဲ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။ "မင်း ငါ့ကို ဒီလိုပဲ ဖိအားပေးမှာလား"
"ဟုတ်တယ်။ ကျွန်မ ဖိအားပေးနေတာ။ ဘာဖြစ်လဲ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "သနားစရာကောင်းအောင် လာမလုပ်ပြနဲ့။ အခု နန်းဆောင်ထဲမှာ လူမရှိတော့ဘူး။ ပရိသတ်မရှိဘဲ ဘာတွေ သရုပ်ဆောင်ပြနေတာလဲ"
ဒါကြောင့်လဲ အခန်းတံခါးများ ပွင့်နေတာတောင် နဉ်ရှောင်ယောင်းသည် မင်းသမီးကို မင်းသားအဖြစ် ဟန်ဆောင်ခိုင်းသည့်ကိစ္စကို ထုတ်ပြောရဲခြင်းဖြစ်သည်။ ယခုအချိန်တွင် နန်းဆောင်ထဲ၌ အခြားသူ မရှိသည်မှာ သေချာသလောက်ပင်။ မယ်တော်ကြီးရှဲ့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ဟန်များ ပေါ်နေသည်။
နဉ်ရှောင်ယောင်းသည် ကုတင်ပေါ်တွင် အိပ်ပျော်နေသော နဉ်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီကောင်လေးကတော့ ကံကောင်းရှာပါတယ်။ လူကြီးတွေ သတ်မယ်ဖြတ်မယ် လုပ်နေကြတာတောင် အေးအေးဆေးဆေး အိပ်နိုင်စားနိုင်နေတုန်းပဲ။
မယ်တော်ကြီးရှဲ့ ခေါင်းငုံ့ပြီး စိတ်ထဲတွင် ရုန်းကန်နေရသော်လည်း ရုတ်တရက် ဒူးထောက်ချလိုက်ပြီး နဉ်ရှောင်ယောင်းကို ဦးချလိုက်သည်။
နဉ်ရှောင်ယောင်း လန့်ဖျပ်သွားပြီး အော်လိုက်မိသည်။ "ရှင် ဘာလုပ်တာလဲ"
မယ်တော်ကြီးရှဲ့သည် ဒူးထောက်လျက် နဉ်ရှောင်ယောင်းကို မော့ကြည့်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး... အိုက်ကျားကို လွှတ်ပေးပါတော့"
နဉ်ရှောင်ယောင်း နားမလည်နိုင်တော့ပေ။ "ကျွန်မ ရှင့်ကို အစာမငတ်ခိုင်းဘူး။ အအေးမမိခိုင်းဘူး။ မရိုက်ဘူး။ မဆဲဘူး။ နေရာလေး ပြောင်းနေခိုင်းရုံပဲလေ။ ဘာလို့ ကျွန်မက ရှင့်ကို သတ်တော့မလို ပုံစံဖမ်းနေတာလဲ"
"နန်းဆောင်ကနေ ထွက်သွားရင် ငါက မယ်တော်ကြီး ဖြစ်ပါ့ဦးမလား" မယ်တော်ကြီးရှဲ့သည် မျက်ရည်များဖြင့် ပြောရှာသည်။ "အရှင်မင်းကြီး ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။ အရင်ဆုံး နန်းဆောင်ကနေ မောင်းထုတ်မယ်။ ပြီးရင် ရှဲ့ဝမ်ယွမ် ပြဿနာထပ်ရှာတဲ့အချိန်ကျရင် ငါကို မယ်တော်ကြီးရာထူး စွန့်လွှတ်ခိုင်းမယ်။ ရှဲ့ဝမ်ယွမ်က သေချာပေါက် ပြဿနာထပ်ရှာမှာပဲ။ အဲ့ကျရင် မင်း ငါ့ကို ရာထူးဖြုတ်ချတော့မှာ။ အရှင်မင်းကြီး... မယ်တော် မင်းအပေါ် အမှားလုပ်ခဲ့မိတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ ထီးနန်းအတွက် ငါ အများကြီး ကြိုးစားပေးခဲ့ရတာပါ။ မင်း... မင်း ငါ့ကို ဒီလိုမလုပ်သင့်ပါဘူး"
နဉ်ရှောင်ယောင်း မေးစေ့ပွတ်ရင်း စဉ်းစားလိုက်သည်။ အဘိုးကြီးက အိမ်ရှေ့စံဟောင်းကို မယ်တော်ကြီးရှဲ့နဲ့ မတွေ့စေချင်တာအပြင် မယ်တော်ကြီးရှဲ့ကို ရာထူးဖြုတ်ချဖို့ပါ ကြံစည်နေတာများလား။
"အရှင်မင်းကြီး..." မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်း၏ ခြေထောက်ကို လှမ်းဖက်ရန် ကြိုးစားလိုက်သည်။
နဉ်ရှောင်ယောင်း ဘေးသို့ ရှောင်လိုက်သည်။
"ငါ နန်းဆောင်ကနေ မထွက်နိုင်ဘူး" မယ်တော်ကြီးရှဲ့ ငိုကြွေးလေသည်။ သူမ နန်းဆောင်ထဲကနေ အထွက်မခံနိုင်ပေ။ နန်းဆောင်ထဲမှာရှိနေသရွေ့ သူမက မယ်တော်ကြီး ဖြစ်နေဦးမည်။ ဒီနေ့ သူမက မိမိဆွေမျိုးတွေရဲ့ အပြစ်ကြောင့် နန်းဆောင်မှာ မနေရဲတော့ဘူးဆိုပြီး ထွက်သွားလိုက်ရင် နောက်တစ်ခါ ရှဲ့ဝမ်ယွမ် လှုပ်ရှားတဲ့အခါကျရင် သူမ တိုင်းပြည်ကို ဘယ်လိုမျက်နှာပြရမလဲ။ မယ်တော်ကြီးရာထူး စွန့်လွှတ်ပြီး အပြစ်ကို ဆေးကြောရုံကလွဲလို့ တခြားနည်းလမ်း ရှိတော့မှာ မဟုတ်ဘူး။ အဲ့ဒီအချိန်ရောက်ရင် သူမ ဘာမှမပြောရင်တောင် နဉ်ယွီက အတင်းလုပ်ခိုင်းမှာပဲ။ နဉ်ယွီက သူမကို အဆိပ်ခတ်သတ်လိုက်ရင်တောင် တိုင်းသူပြည်သားတွေက သူမ ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ပဲ ထင်ကြမှာ။
ရှုံးလို့မဖြစ်ဘူးဆိုတဲ့ စိတ်ကနေ မသေချင်ဘူးဆိုတဲ့ စိတ်အထိ... မယ်တော်ကြီးရှဲ့သည် သူမ၏ဘဝကို အလွန်သနားစရာကောင်းသည်ဟု ထင်မြင်မိသည်။ ဘဝတစ်လျှောက်လုံး ထည်ဝါခဲ့သော်လည်း နောက်ဆုံးကျမှ လက်ဗလာဖြစ်ပြီး အသက်ရှင်ဖို့တောင် ရန်သူ့မျက်နှာ ကြည့်နေရသည့်အဖြစ်။
"သဘောပဲ" နဉ်ရှောင်ယောင်း စိတ်မရှည်တော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။
"အရှင်မင်းကြီး!" မယ်တော်ကြီးရှဲ့သည် နဉ်ရှောင်ယောင်းကို ဦးခိုက်ပြီး ငိုကြွေးလိုက်သည်။ "တောင်းပန်ပါတယ်"
နဉ်ရှောင်ယောင်း ခြေလှမ်းရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။
မယ်တော်ကြီးရှဲ့ ငိုနေပုံမှာ သနားစရာကောင်းသော်လည်း လှပနေဆဲပင် ဖြစ်သည်။
"သေစမ်း" နဉ်ရှောင်ယောင်း ရယ်လိုက်မိသည်။ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး မယ်တော်ကြီးရှဲ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ "ရှင်လည်း သူများကို တောင်းပန်တတ်သားပဲ"
မယ်တော်ကြီးရှဲ့သည် မျက်ရည်များဖြင့် နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောသည်။ "အရှင်မင်းကြီး... ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့..."
"မွေးမိခင်ဆိုတဲ့ စကားလုံးကို ထပ်မပြောနဲ့တော့" နဉ်ရှောင်ယောင်း ဖြတ်ပြောလိုက်သည်။ "ကျွန်မ စုံစမ်းပြီးပြီ။ အရင်တုန်းက အိမ်ရှေ့စံမိဖုရားကလည်း ရှင့်ရှေ့မှာ ဒူးထောက်ပြီး သူ့ရဲ့ အငယ်ဆုံးကလေးလေးကို လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်မလား"
မယ်တော်ကြီးရှဲ့၏ ငိုသံ ရပ်တန့်သွားသည်။
နဉ်ရှောင်ယောင်း သူမ၏နဖူးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "ရှင်က အိမ်ရှေ့စံမိဖုရားကို ပြောခဲ့တယ်မလား။ ဒီနေရာကနေ သွေးထွက်လာရင် ရှင် သနားချင်သနားမယ်ဆိုပြီး။ အိမ်ရှေ့စံမိဖုရားက နဖူးကွဲတဲ့အထိ ခေါင်းနဲ့ဆောင့်ပြီး တောင်းပန်ခဲ့ပေမယ့် ရှင်က ကလေးတွေကို သတ်ပစ်ခဲ့တယ်မလား။ အဲ့ဒီတုန်းက အိမ်ရှေ့စံမိဖုရားက ရှင့်ကို ဘယ်လို ကျိန်စာတိုက်ခဲ့လဲ"
မယ်တော်ကြီးရှဲ့ တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
နဉ်ရှောင်ယောင်းသည် အေးစက်သော မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်သည်။ "ရှင့်စိတ်က ဒီလောက်ရက်စက်ပြီးမှ ကျွန်မကိုကျတော့ သဘောထားကြီးခိုင်းနေတာလား"
"အိမ်ရှေ့စံ မသေရင် မင်း ဧကရာဇ် ဖြစ်လာမှာ မဟုတ်ဘူး"
"ဘယ်သူကများ ဧကရာဇ် ဖြစ်ချင်လို့လဲ" နဉ်ရှောင်ယောင်း ဒေါသတကြီး အော်ပြောလိုက်သည်။ "ရှင်က ကျွန်မကို ဧကရာဇ် ဖြစ်စေချင်တာလား။ ရှင် ဖြစ်ချင်တာက နန်းတွင်းအာဏာကို ချုပ်ကိုင်ထားပြီး ဘုရင်မ လုပ်ချင်တာလေ"
မယ်တော်ကြီးရှဲ့ နှုတ်ခမ်းများ တုန်ယင်နေသော်လည်း စကားမပြောနိုင်ဘဲ အော်ဟစ်ငိုကြွေးလိုက်သည်။
"ရှင် ဒီတစ်သက် လူဘယ်နှယောက် သတ်ခဲ့ပြီးပြီလဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။ "လူတွေကို ဒုက္ခပေးပြီး မာနထောင်လွှားနေတုန်းက ဒီနေ့လိုဖြစ်လာမယ်လို့ တွေးဖူးလား။ ဒူးထောက်တောင်းပန်ရုံနဲ့ ကျွန်မက လွှတ်ပေးရမှာလား။ ရှင်ကရော ဘယ်သူ့ကို လွှတ်ပေးခဲ့ဖူးလို့လဲ"
မယ်တော်ကြီးရှဲ့ ခန္ဓာကိုယ် ပျော့ခွေပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ရက်သား ဖြစ်သွားသည်။
နဉ်ရှောင်ယောင်း နှာခေါင်းတစ်ချက်ရှုံ့ပြီး မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ငါက မင်းကို မွေးခဲ့တာလေ" မယ်တော်ကြီးရှဲ့ တိုးတိုးလေး ပြောရှာသည်။
"ကျွန်မက ကံဆိုးတာ။ ရှင်က ဖြစ်သင့်တာ ဖြစ်သွားတာ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို အလိုမလိုက်နိုင်ဘူး။ ကျွန်မ ရှင့်ကို မုန်းတယ်"
မယ်တော်ကြီးရှဲ့ ပြောလိုက်သည်။ "ဒါကြောင့် မင်း ငါ့ကို သတ်ချင်နေတာပေါ့"
"ရှင် ကျွန်မနဲ့ အတူသေမယ့်အချိန်ကို စောင့်နေတာ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အိမ်ရှေ့စံမိဖုရား ပြောခဲ့တယ်မလား။ သူ ငရဲမှာ ရှင့်ကို စောင့်နေမယ်လို့။ ဘုရားကျောင်းဆောင်မှာ သွားနေပြီး အကျိုးရှိမရှိ မသိပေမယ့် ဘုရားစာများများ ရွတ်ပါ။ ရှင်က မကောင်းမှုတွေ အရမ်းလုပ်ထားတော့ သေသွားရင်တောင် အေးအေးဆေးဆေးနေရမှာ မဟုတ်ဘူး"
မယ်တော်ကြီးရှဲ့ ခေါင်းခါလိုက်ပြီး ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ "မင်း ငါ့ကို ဒီလိုမလုပ်ရဘူး"
နဉ်ရှောင်ယောင်း လှည့်ထွက်လာခဲ့သည်။ ဒီနေ့လည်း စကားကောင်းကောင်း ပြောမရပြန်ဘူး။
"ငါသာ မယှဉ်ပြိုင်ခဲ့ရင် ငါတို့သားအမိ အခုလို အခြေအနေမျိုး ရောက်လာမယ် ထင်လို့လား" နဉ်ရှောင်ယောင်း ထွက်သွားတော့မည်ကိုမြင်မှ မယ်တော်ကြီးရှဲ့ ဒူးထောက်နေရာမှ ထရပ်ပြီး နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။ "မိဖုရားခေါင်ကြီးက ငါတို့သားအမိကို ဒုက္ခမပေးဘူးလို့ မင်း ဘယ်လိုသိလဲ"
သေစမ်း... ငါ့ဒေါသကို လာဆွနေပြန်ပြီ။
နဉ်ရှောင်ယောင်း အသက်ပြင်းပြင်းရှူလိုက်ပြီး လှည့်ကာ မယ်တော်ကြီးရှဲ့ကို ဒေါသတကြီး ပြန်ပြောလိုက်သည်။
"သူက မိဖုရားခေါင်ကြီးလေ။ ဧကရာဇ်ရဲ့ မယားငယ်တစ်ယောက်ကို သူက ဘာကိစ္စ ဂရုစိုက်နေရမှာလဲ။ သူက မိဖုရားခေါင်ကြီး။ သူ့သားက အိမ်ရှေ့စံ။ ရှင်က ဘာမို့လို့လဲ"
မယ်တော်ကြီးရှဲ့ ခေါင်းခါရင်း ပြောသည်။ "မင်း နားမလည်ပါဘူး"
"ကျွန်မ နားမလည်ဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ရှင့်လိုလူမျိုးရဲ့ စိတ်ကို ကျွန်မ ဘယ်လိုလုပ် နားလည်မှာလဲ။ အဆိပ်ပြင်းတဲ့မြွေလိုပဲ"
နဉ်ရှောင်ယောင်း အမြန်လှည့်ထွက်လာခဲ့သည်။ ဆက်ပြောနေရင် ဒေါသပိုထွက်လာပြီး ဒီအမျိုးသမီးကို ဝင်ကန်မိလိမ့်မည်။
.....
ယင်းဖုန်းသည် နဂါးအစောင့်တပ်သားများနှင့်အတူ နန်းဆောင်ရှေ့ ခြံဝင်းထဲတွင် စောင့်နေသည်။ နဉ်ရှောင်ယောင်း ဒေါသတကြီး ထွက်လာသည်ကို မြင်သောအခါ အမြန်ကြိုဆိုလိုက်သည်။
"အရှင်မင်းကြီး... ပြီးပြီလား"
"လူတွေ အကုန်ခေါ်ထုတ်လာခဲ့ပြီလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"ဟုတ်ကဲ့"
"ကောင်းပြီ။ တံခါးတွေ ပိတ်လိုက်တော့။ သွားကြစို့"
ယင်းဖုန်းသည် နဉ်ရှောင်ယောင်းအနောက်ကို ကြည့်လိုက်သော်လည်း မယ်တော်ကြီးရှဲ့ကို မတွေ့ရပေ။
နန်းဆောင်၏ ရှေ့တံခါးနှင့် နောက်တံခါးအပြင် ဘယ်ဘက်ခြမ်းတွင် ဘေးတံခါးတစ်ပေါက် ရှိသေးသည်။ နဂါးအစောင့်တပ်သားများက သစ်သားပျဉ်ပြားများဖြင့် တံခါးသုံးပေါက်လုံးကို ရိုက်ပိတ်လိုက်ကြသည်။
ယင်းဖုန်းသည် ပိတ်ထားသော နောက်တံခါးကို တွန်းကြည့်လိုက်ပြီး နဂါးအစောင့်တပ်သားများကို မှာကြားလိုက်သည်။
"မင်းတို့ ဒီမှာ စောင့်နေ။ မယ်တော်ကြီး ဘာပဲအော်အော် ဂရုမစိုက်နဲ့။ နန်းဆောင်ကနေထွက်ပြီး ဘုရားကျောင်းဆောင်ကို သွားမယ်လို့ပြောမှပဲ တံခါးဖွင့်ပေး"
နဂါးအစောင့်တပ်သားများ ပြိုင်တူ အမိန့်နာခံကြသည်။
"ရေနဲ့ အစားအသောက်တွေ နန်းဆောင်ထဲ လုံးဝမပို့ရဘူး" ယင်းဖုန်း ထပ်မံမှာကြားလိုက်သည်။
နဂါးအစောင့်တပ်သားများ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ နန်းဆောင်ထဲက ရေနဲ့ အစားအသောက်တွေကို အကုန်ထုတ်လာပြီးပြီ။ မယ်တော်ကြီးလို အဆင့်အတန်းမြင့်မြင့်ပဲနေတတ်တဲ့ အမျိုးသမီးမျိုးက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။
ယင်းဖုန်း မှာကြားပြီးစီး၍ ထွက်ခွာရန် ပြင်လိုက်စဉ် တံခါးနောက်ကွယ်မှ မယ်တော်ကြီးရှဲ့၏အော်သံကို ကြားလိုက်ရသည်။
"အရှင်မင်းကြီး... ငါ အရှင်မင်းကြီးကို တွေ့ချင်တယ်"
ယင်းဖုန်း အေးစက်စွာ ပြုံးလိုက်ပြီး နန်းတော်ဘက်သို့ ထွက်ခွာသွားလေသည်။
မယ်တော်ကြီးရှဲ့သည် နဉ်ရှင်းကို ပွေ့ဖက်လျက် ဆံပင်များ ဖရိုဖရဲဖြင့် တံခါးနောက်တွင် ရပ်နေသည်။ အသံဝင်သွားသည်အထိ အော်ဟစ်ခဲ့သော်လည်း မည်သူမျှ ပြန်မထူးကြပေ။ တံခါးကို တွန်းဖွင့်ကြည့်သော်လည်း ထူထဲသော တံခါးကြီးသည် ရွေ့ပင်မရွေ့ပေ။ ကိုယ်ဖြင့် အားကုန်သုံး၍ တိုက်ဖွင့်ကြည့်သော်လည်း တံခါးသည် အနည်းငယ်သာ လှုပ်သွားပြီး ပွင့်မလာပေ။
နဂါးအစောင့်တပ်သားများသည် တံခါးအပြင်ဘက်တွင် ဘာသံမှမကြားရသကဲ့သို့ တည်ငြိမ်စွာ ရပ်နေကြလေသည်။
***