အခန်း (၁)
Vol. 1 Ch. 1
" ဝေါင်း "
ကမ္ဘာတုန်ဟီးစေမည့် ကျားဟိန်းသံက ရှေးဦးအပျက်အစီးတောင်တန်းဒေသထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိုကျားဟိန်းသံထဲမှာ ပင်ပန်းနွမ်းလျသော စိတ်ခံစားမှုတစ်စွန်းတစ်စ ပါဝင်နေဟန် ရ၏။ ထို့အတူ ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုလည်း ရောနှောပါဝင်နေ၏။
ရှေးဦးအပျက်အစီးတောင်တန်းဒေသသည် မိုင်တစ်သောင်းထက်မနည်း ကျယ်ပြောလှ၏။ တောင်တန်းဒေသထဲတွင် အမျိုးအစားစုံလင်သော သစ်ပင်ကြီးများကို နေရာတိုင်းမှာ မြင်တွေ့နိုင်ပေသည်။ သစ်ပင်ကြီးများက မိုးကောင်းကင်နှင့် ထိစပ်လုနီးပါး မြင့်မားကြသည်။ သစ်ပင်အကိုင်းအခတ်များနှင့် သစ်ရွက်များက အလွန်ထူထပ်လေရာ နေပြောက်မထိုးနိုင်ပေ။
အရွယ်အစားမျိုးစုံရှိသော ငှက်များက သစ်ပင်ကြီးများပေါ်မှာ ရပ်နားနေကြပြီး ကြည်လင်သာယာသော တေးသံကို သီကျူးနေကြသည်။ ဤတောင်တန်းဒေသ၏ မြင်ကွင်းက မည်သူမှ ခြေမချဖူးသော ကမ္ဘာဦးတောအုပ်နှင့် ဆင်တူသည်။
တောအုပ်ထဲတွင် တိရိစ္ဆာန်အမျိုးမျိုး နေထိုင်ကြသည်။ ၎င်းတို့အားလုံးက တောတွင်းဥပဒေကို လိုက်နာကြပြီး ဤနေရာမှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရှင်သန်နေထိုင်ကြသည်။
ရှေးခေတ်ကာလတွင် လူများက ဤနေရာကို ကျားရဲတောင်တန်းဒေသဟု ခေါ်ဆိုကြသည်။
ကျားဟိန်းသံ ထွက်ပေါ်လာသည့်အခါ ၎င်းတို့က ကျားဟိန်းသံထဲမှ လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါကို သဘာဝအလျောက် ခံစားမိကြသည်။ ထိုဟိန်းသံထဲမှာ ကြီးမားသော ခြိမ်းခြောက်မှုလည်း ပါရှိ၏။
သို့ဖြစ်၍ ကီလိုမီတာတစ်ရာအတွင်းမှ သားရဲအားလုံးသည် အဝေးသို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ ယင်းက သားရဲဘုရင်အပေါ် ၎င်းတို့၏ အလိုအလျောက်ကြောက်စိတ် ဖြစ်သည်။ ၎င်းတို့က ပြေးလွှားနေကြရင်း ကျားဟိန်းသံ ထွက်ပေါ်လာသော အရပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။
တောင်ခြေတစ်ခု၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော လှိုဏ်ဂူတစ်ခု ရှိ၏။ လှိုဏ်ဂူ၏ ဝင်ပေါက်တွင် ချုံနွယ်ပိတ်ပေါင်းများ ထူထဲစွာ ရှိနေကြပြီး လှိုဏ်ဂူကို ဖုံးကွယ်ထားသည်။
အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက် မကြည့်လျှင် ထိုချုံနွယ်ပိတ်ပေါင်းများ၏ အနောက်မှာ လှိုဏ်ဂူတစ်ခုရှိကြောင်း သတိထားမိလိမ့်မည် မဟုတ်ချေ။ ယင်းကို ကြည့်ခြင်းအားဖြင့် ဤနေရာက အလွန်လျှို့ဝှက်ကြောင်း ထင်ရှား၏။
လှိုဏ်ဂူထဲဝယ်… ။
လှိုဏ်ဂူသည် မနက်ရှိုင်းပေ။ အချင်းဆယ်မီတာခန့်သာ ရှည်လျား၏။ လှိုဏ်ဂူဝင်ပေါက်သည်လည်း မကျယ်ပြောပေ။ သို့သော် လှိုဏ်ဂူ၏ အတွင်းပိုင်းက အလွန်ကျယ်ပြောသည်။ ယင်းက ခန်းမဆောင်တစ်ခုပမာ ကျယ်ဝန်းသည်။
လှိုဏ်ဂူ၏ အဆုံးသတ်၌ အဖြူရောင်ကျားတစ်ကောင်က လဲလျောင်းနေသည်။ ထိုကျားက အရွယ်အစား အလွန်ကြီးမားသည်။ ၎င်းက အနည်းဆုံး နှစ်မီတာခန့် ရှည်လျားသည်။ ၎င်း၏ နဖူးပေါ်တွင် “ ဘုရင် ”ဟူသော စာလုံးတစ်လုံး ရှိသည်။ ထို့ပြင် ၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်လွှမ်းမိုးဗိုလ်ကျ၏။ ရှင်းလင်းစွာပင် ယင်းက သားရဲဘုရင်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။
အစောနက ကျားဟိန်းသံသည် ထိုကျားဖြူထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကျားဖြူသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီးနောက် ညင်သာစွာ ခေါင်းငုံ့လိုက်ပြီး အောက်သို့ ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ လူသားတစ်ယောက်၏ ကြင်နာနွေးထွေးသော အရိပ်အမြွက် ရှိသည်။
“ ဂါး… ဂါး… ဂါး ”
ကျားဖြူ၏ ဝမ်းဗိုက်ပေါ်တွင် မကြာသေးမီက မွေးဖွားလာခဲ့သော ကျားပေါက်သုံးကောင်ရှိသည်။ ၎င်းတို့က အစောနကမှ မိခင်၏ ဝမ်းဗိုက်ထဲမှ ထွက်လာကြလေရာ အပြင်လောကကို မကြည့်နိုင်ကြသေးပေ။ ၎င်းတို့က မျက်လုံးမှိတ်ထားကြသည်။
သို့တိုင် ထိုကျားပေါက်သုံးကောင်သည် မိခင်ထံမှ ဟိန်းသံကို ကြားပြီးနောက် လိုက်လံအော်လိုက်ကြသည်။ သို့သော် ၎င်းတို့က အရွယ်မရောက်သေးလေရာ “ ဂါး ”ဟုသာ အော်နိုင်ကြသည်။
၎င်းတို့က ခြေလေးချောင်းကို ဟိုနေရာသည်နေရာသို့ ရွှေ့ပြောင်းလိုက်ကြသည်။ ၎င်းတို့၏ သေးငယ်သော ဦးခေါင်းက မိခင်၏ နွေးထွေးသော ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး မိခင်၏ နို့ကို “ တပြွတ်ပြွတ် ” စုပ်လိုက်ကြသည်။
လက်စသတ်တော့ ထိုကျားဖြူသည် မကြာသေးမီကမှ ကလေးမီးဖွားထားသော ကျားမတစ်ကောင် ဖြစ်နေသည်။
ကျားပေါက်သုံးကောင်ထဲတွင် တစ်ကောင်က မိခင်ကျားဖြူကဲ့သို့ တစ်ကိုယ်လုံး အဖြူရောင်ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ တခြားအရောင် မရှိပေ။ တခြားတစ်ကောင်သည်တော့ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ရောင်စုံအစင်းကြောင်းများ ရှိသည်။ နောက်ဆုံးတစ်ကောင်သည် အနက်ရောင်ကျားဖြစ်ပြီး ၎င်း၏ နဖူးပေါ်မှာ သေးငယ်သော ခရမ်းရောင်အမှတ်အသားတစ်ခု ရှိသည်။ တစ်စုံတစ်ယောက်က ထိုအမှတ်အသားကို သေချာကြည့်မည်ဆိုလျှင် ယင်းက “ ဘုရင် ”ဟူသော စာလုံးဖြစ်ကြောင်း မြင်ရလိမ့်မည်။
တခြားကျားပေါက်နှစ်ကောင်သည် မိခင်ကျားဖြူ၏ ရင်ခွင်ထဲမှာ လဲလျောင်းနေကြပြီး မိခင်၏ နို့ကို “ တပြွတ်ပြွတ် ” စုပ်နေကြသည်။ သို့သော်လည်း ထူးဆန်းသည်မှာ အနက်ရောင်ကျားသည် တခြားကျားပေါက်နှစ်ကောင်နှင့် မတူပေ။ ၎င်းက စောစီးစွာ မျက်လုံးဖွင့်လိုက်သည်။ ရောင်စုံအလင်းက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
နာကျင်မှု… အေးစက်မှု… အံ့ဩမှု… ။
ထို့ပြင် စိတ်ရှုပ်ထွေးမှုလည်း ရှိ၏။
မကြာသေးမီကမှ မွေးဖွားလာခဲ့သော ထိုကျားပေါက်လေး၏ မျက်လုံးထဲမှာ ထိုမျှများပြားသော စိတ်ခံစားချက်များ ရှိနေမည်ဟု မည်သူမှ မထင်မှတ်ထားပေ။
ကြည့်ရသည်မှာ ၎င်းက မွေးခါစ ကျားပေါက်တစ်ကောင်နှင့် မတူညီဟန် ရ၏။
“ ဘာလို့လဲ… ဘာလို့ ငါမသေသွားတာလဲ… ဘာလို့ ငါက ကျားတစ်ကောင်ဖြစ်လာတာလဲ… ကောင်းကင်ဘုံက ငါ့ကို လှည့်စားနေတာလား ”
စက်ကရာသည် နှလုံးသားထဲ၌ အသံမဲ့စွာ အော်လိုက်သည်။ မည်သို့ကြောင့် သူက နှလုံးသားတည့်တည့်သို့ ကျည်ဆန်မှန်သွားပြီးနောက် မသေဆုံးသွားခဲ့သနည်း။ အကယ်၍ သူမသေဆုံးသွားလျှင်လည်း ကိစ္စမရှိပေ။ သူလက်မခံနိုင်ဆုံး ကိစ္စမှာ သူက မသေဆုံးသွားဘဲ ကျားပေါက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းပင်။
အကယ်၍ ဤအဖြစ်အပျက်ကို သူကိုယ်တိုင် တွေ့ကြုံနေခြင်းမဟုတ်လျှင် ယင်းကို သူယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။ သူက လူသားတစ်ယောက်ဖြစ်လင့်ကစား မည်သို့ကြောင့် တိရိစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားရသနည်း။ ယင်းက သားရဲဘုရင်ဆိုလျှင်ပင် သူလက်မခံနိုင်ပေ။
စက်ကရာက မျက်လုံးဖွင့်လိုက်ပြီး သူ့အရှေ့မှ ကျားဖြူနှင့် ကျားဖြူ၏ နို့ကို အေးချမ်းစွာ စုပ်နေကြသော ကျားပေါက်နှစ်ကောင်အား ကြည့်လိုက်သည်။ အကယ်၍ သူက အမှန်တကယ် ကျားတစ်ကောင်ဖြစ်လာသည်ဆိုလျှင် ထိုကျားပေါက်နှစ်ကောင်က သူ၏ ညီအကိုမောင်နှမများ ဖြစ်လိမ့်မည်။ ဝမ်းနည်းသော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
သူ၏ နာမည်က သီရှီထျန်ဖြစ်ပြီး သီမိသားစု၏ အမွေဆက်ခံသူဖြစ်သည်။ သီမိသားစုသည် ဟွာရှား၏ အဓိကမိသားစုကြီးလေးခုအနက် တစ်ခုဖြစ်သည်။ သူသည် မွေးဖွားလာကတည်းက လူတိုင်း၏ ချစ်ခင်မှုကို ရရှိခဲ့သည်။ သူ့ကို မိသားစုထဲ၌ ကောင်းကင်ဘုံသားတော်ဟုပင် ရည်ညွှန်းကြသည်။
ထို့ပြင် သူသည်လည်း မိသားစုကို စိတ်မပျက်စေခဲ့ပေ။ သူက ဓာတ်ပုံမှတ်ဉာဏ်ဖြင့် မွေးဖွားလာခဲ့ပြီး အရာရာတိုင်းကို သင်လွယ်တတ်လွယ်ခဲ့သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွင် ဖြစ်သည်။ သူက စီးပွားရေးတွင် ပြိုင်စံရှားပါရမီကို ပိုင်ဆိုင်ခဲ့သည်။
သူက အသက်ဆယ့်လေးနှစ်တွင် မိသားစုမှ ထွက်သွားခဲ့ပြီး ယွမ်တစ်သောင်းဖြင့် မြို့တော်ထဲမှာ ကိုယ်ပိုင်စတော့ဈေးကွက်ကို စတင်ခဲ့သည်။ သီမိသားစုဆီသို့ ပြန်လာသည့်အခါ သူ့လက်ထဲတွင် ယွမ်ဆယ်သန်းပိုင်ဆိုင်ခဲ့သည်။ အသက်ဆယ့်ငါးနှစ်တွင် သူက သူ့ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
သူ၏ စူးရှထက်မြက်သော အမြင်စွမ်းရည်ကြောင့် သူက အင်တာနက်ဈေးကွက်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်နိုင်ခဲ့သည်။ သုံးနှစ်အတွင်းမှာ သူ၏ ကုမ္ပဏီက ယွမ်တစ်ဘီလီယံပိုင်ဆိုင်သွားသည်။
အသက်ဆယ့်ရှစ်နှစ်တွင် သူ၏ ကုမ္ပဏီက အမျိုးမျိုးသော လုပ်ငန်းများတွင် တိုးချဲ့ဆောင်ရွက်လာသည်။ ဥပမာ ရုပ်ရှင်နယ်ပယ်၊ အစားအသောက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားသော နယ်ပယ်များ ဖြစ်ကြသည်။ သူက ငွေဝင်နိုင်သော လုပ်ငန်းတိုင်းမှာ ရင်းနှီးမြှုပ်နှံခဲ့သည်။
သူ၏ ကုမ္ပဏီက အရှိန်အဟုန်မြင့်စွာ တိုးတတ်လာပြီး သူ၏ ပိုင်ဆိုင်မှုက ခန့်မှန်းမရအောင် တိုးပွားလာသည်။ သူက သီမိသားစု၏ အထူးအာရုံစိုက်မှုကိုလည်း ရရှိခဲ့သည်။ သူက သီမိသားစု၏ နောင်တတ်မည့် မိသားစုခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ သီမိသားစုခေါင်းဆောင်ဖြစ်လာရန် သူ့အတွက် အချိန်တစ်ခုသာ လို၏။
ကံမကောင်းသည်မှာ သီရှီထျန်ကို မွေးဖွားခဲ့စဉ်က သူ၏ အမေက ကျန်းမာရေးမကောင်းခဲ့ပေ။ ထို့ကြောင့် သီရှီထျန် တစ်နှစ်သားအရွယ်မှာ သူ၏ အမေက ကွယ်လွန်သွားခဲ့သည်။ သုံးနှစ်ကြာပြီးနောက် သူ၏ အဖေက နန်းကုန်းမိသားစုမှ နန်းကုန်းရှန်နှင့် လက်ထပ်လိုက်သည်။ နန်းကုန်းမိသားစုသည် သီမိသားစုကဲ့သို့ မိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သည်။ လက်ထပ်ပြီး တစ်နှစ်ကြာပြီးနောက် နန်းကုန်းရှန်က သီရှီထျန်အတွက် ညီလေးတစ်ယောက် မွေးဖွားပေးလိုက်သည်။
သီမိသားစုက ရှေးဟောင်းမိသားစုကြီးတစ်ခုဖြစ်သည်နှင့်အညီ သားကြီးဖြစ်သူကိုသာ အမွေဆက်ခံခွင့်ပေးရမည်ဟု စည်းမျဉ်းသတ်မှတ်ထားသည်။ ညီငယ်သည် အမွေဆက်ခံခွင့်မရှိပေ။
သူက သီမိသားစု၏ သားကြီးဖြစ်လေရာ မည်သည့်မတော်တဆမှုမှမရှိလျှင် နောင်တတ်မည့် မိသားစုခေါင်းဆောင်က သူသာလျှင် ဖြစ်လိမ့်မည်။
နန်းကုန်းရှန်က သားတစ်ယောက် မမွေးဖွားပေးခဲ့လျှင် အရာအားလုံး အဆင်ပြေလိမ့်မည်။ သို့သော်လည်း ယခု သူက သားတစ်ယောက် မွေးဖွားပေးခဲ့လေရာ မိသားစုခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ချင်လာသည်။
“ နန်းကုန်းရှန်… သီချင်ထျန်… ငါကတော့ မင်းတို့ကို ငါ့ရဲ့ အမေရင်းတစ်ယောက်လို ညီရင်းတစ်ယောက်လို အမြဲတမ်း သဘောထားခဲ့တယ်… ဒါက ငါ့ရဲ့ မေတ္တာအပေါ် မင်းတို့ရဲ့ တုံပြန်ပုံလား ”
စက်ကရာ၏ မျက်လုံးထဲမှာ အေးတိအေးစက်အလင်း ထွက်ပေါ်လာသည်။ သူက စီးပွားရေးတွင် အလွန်အလုပ်ကြိုးစားခဲ့လေရာ လူ့ပတ်ဝန်းကျင်၏ အကျင့်စရိုက်မျိုးစုံနှင့် လှည့်ကွက်မျိုးစုံကို တွေ့ကြုံမြင်ဖူးသည်။ လောက၏ ရက်စက်ကြမ်းကြုတ်မှုက သူ့အတွက် ထူးခြားသောအရာ မဟုတ်ပေ။
သို့သော် စီးပွားရေးက စီးပွားရေးသာ ဖြစ်၏။ သူက တခြားလူများကဲ့သို့ အမြတ်အစွန်းကိုသာ ဂရုစိုက်သော အာဏာရှင်စီးပွားရေးသမား မဖြစ်ချင်ပေ။ သူက အမြတ်အစွန်းတစ်ခုတည်းအတွက် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များကို မစတေးနိုင်ပေ။
ထို့ကြောင့် သူက သူ၏ နှလုံးသားထဲ၌ နွေးထွေးမှုတစ်မျှင်ကို အမြဲတမ်း သိမ်းဆည်းထားသည်။ ယင်းက သူ၏ မိသားစုဖြစ်သည်။ အကယ်၍ အပြင်လောကမှာ သူမောပန်းသွားသည့်အခါ အိမ်သို့ ပြန်လာပြီး နွေးထွေးမှုကို ခံစားနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။
သို့သော်လည်း သူမှားယွင်းသွားခဲ့သည်။ အကျိုးအမြတ်၏ အရှေ့တွင် မိသားစုဆက်ဆံရေးက ပြတ်တောက်လွယ်သော ချည်မျှင်တစ်မျှင်သာ ဖြစ်၏။
“ ဝေါင်း ”
သီရှီထျန်က နာကျင်ဖွယ်မှတ်ဉာဏ်များထဲမှာ နစ်မွန်းနေစဉ် မေမေကျားဖြူက ဟိန်းဟောက်လိုက်သည်။ သူ၏ အနက်ရောင်ကျားပေါက်လေးက နို့လာမစို့ဘဲ ဘေးမှာ အထီးကျန်စွာ လဲလျောင်းနေကြောင်း သူမြင်သွားသည်။ သူက တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူက ပါးစပ်ဟလိုက်ပြီး အနက်ရောင်ကျားပေါက်လေးကို ညင်သာစွာ ကိုက်ချီကာ သူ၏ ဝမ်းဗိုက်ပေါ်သို့ တင်လိုက်သည်။
“ ကလေး… မင်းက အခုမှ မွေးလာတာ… ကြမ်းကြမ်းတမ်းတမ်း မကစားရဘူး… မြန်မြန်ထလာပြီး နို့စို့ပါ… မြန်မြန်ကြီးထွားလာပြီး သန်မာလာပါ ”
မေမေကျားဖြူက ဟိန်းလိုက်သည်။ လူသားများ၏ နားထဲတွင် ယင်းက ကျားဟိန်းသံ ဖြစ်သည်။ သို့သော်လည်း သီရှီထျန်၏ နားထဲတွင် ယင်းက သူနားလည်သော ဘာသာစကားဖြစ်သည်။
“ အမ်… ငါက ဘယ်လိုလုပ် တိရိစ္ဆာန်စကားကို နားလည်နေတာလဲ ”
သီရှီထျန်သည် သူ့နားထဲမှ စကားကြောင့် အံ့ဩမှင်သက်သွားသည်။ သို့သော်လည်း အဖြေကို ချက်ချင်း သူရှာတွေ့သွားသည်။ ထိုအဖြေက သူ့အား ခါးသီးမှုကို ခံစားမိစေသည်။
“ လူသားတွေမှာ ဘာသာစကားရှိသလို သားရဲတွေမှာလည်း ဘာသာစကားရှိတယ်… အတိတ်မှာ ငါက လူသားတစ်ယောက်ဖြစ်လို့ သားရဲတွေရဲ့ ဘာသာစကားကို နားမလည်ခဲ့ဘူး… အခု ငါက ကျားတစ်ကောင်ဖြစ်နေမှတော့ သားရဲဘာသာစကားကို နားလည်နေတာ ဘာမှမထူးဆန်းဘူး ”
သူက ခေါင်းမော့လိုက်ပြီး သူ့အား စိုက်ကြည့်နေသော မေမေကျားဖြူကို ကြည့်လိုက်သည်။ ကျားဖြူ၏ မျက်လုံးထဲမှာ မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်နေကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ ယင်းက သီရှီထျန်၏ အေးတိအေးစက် စိတ်အခြေအနေကို ပြိုလဲသွားစေသည်။ သူက စစ်မှန်သော နွေးထွေးကြင်နာမှုကို ရှာတွေ့သွားဟန် ရ၏။
နောက်ဆုံးမှာ သီရှီထျန်က ခေါင်းလှည့်လိုက်ပြီး မေမေကျားဖြူ၏ နို့ကို စို့လိုက်သည်။ မေမေကျားဖြူက အလွန်သန်မာသည်။ မေမေကျားဖြူ၏ နွေးထွေးသော မိခင်နို့က သူ၏ ပါးစပ်မှတဆင့် ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည့်အခါ ပူနွေးသော စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို အလွန်သက်တောင့်သက်သာရှိစေသည်။
တစ်ခဏကြာပြီးနောက် သူက မျက်လုံးစင်းလာပြီး မေမေကျားဖြူ၏ ဝမ်းဗိုက်ပေါ်မှာ အိပ်မောကျသွားသည်။
ကျားမျိုးစိတ်များထဲတွင် ကျားဖြူသည် အလွန်ရှားပါးသည်။ တူညီစွာပင် အနက်ရောင်ကျားမျိုးစိတ်သည်လည်း အလွန်ရှားပါးသည်။ တောအုပ်ထဲတွင် ၎င်းတို့ကို ရှာတွေ့ရန် အလွန်ခဲယဉ်းပေသည်။
သို့သော်လည်း ထိုကျားများသည် မျိုးကွဲများဖြစ်ကြသည်။ ၎င်းတို့၏ ပါရမီက တခြားကျားများထက် အများကြီး ပိုအားကောင်းသည်။ အကယ်၍ ရောင်စုံကျားတစ်ကောင်နှင့် အဖြူရောင်ကျားတစ်ကောင် သို့မဟုတ် အနက်ရောင်ကျားတစ်ကောင်က ထိပ်တိုက် တိုက်ခိုက်မည်ဆိုလျှင် အဖြူရောင်ကျား သို့မဟုတ် အနက်ရောင်ကျားက အလွယ်တကူ အနိုင်ရသွားလိမ့်မည်။
တိရိစ္ဆာန်များအကြောင်း အနည်းအကျဉ်း နားလည်ထားသော သီရှီထျန်သည် လှိုဏ်ဂူထဲမှာ သုံးလကြာ နေထိုင်ပြီးနောက် သူ၏ ကျားဘဝကို နောက်ဆုံးမှာ လက်ခံသွားသည်။
“ ဝေါင်း ”
လှိုဏ်ဂူနှင့် မနီးမဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် တစ်ကိုယ်လုံး နက်မှောင်နေသော ကျားတစ်ကောင်က မိုးကောင်းကင်ပေါ် မျက်နှာမူ၍ ဟိန်းဟောက်လိုက်သည်။ ထိုအနက်ရောင်ကျားက အရွယ်အစားမကြီးမားပေ။
သုံးလကြာ မိခင်နို့ကို သောက်သုံးပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က အရွယ်ရောက်ဝံပုလွေတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သွားသည်။ ၎င်း၏ ဟိန်းသံထဲမှာ ကလေးဆန်သော အရိပ်အယောင်တစ်စွန်းတစ်စ ရှိနေသေးသော်လည်း ယင်းထဲမှာ သားရဲဘုရင်၏ အရှိန်အဝါက ကိန်းအောင်းနေသည်။
ထို့ကြောင့် ကျားဟိန်းသံကို ကြားသောအခါ အနီးနားဝန်းကျင်မှ ငှက်များက အတောင်ပံဖြန့်၍ အဝေးသို့ ထွက်ပြေးသွားကြသည်။
( ဘာသာပြန်သူ၏ မှတ်ချက်: စက်ကရာက ကျားနာမည်ဖြစ်ပြီး သီရှီထျန်က လူနာမည်ဖြစ်ပါတယ် )