← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

“ ဝှီး ”

လေပြေတိုးဝှေ့သွားသည့်အခါ အနက်ရောင်ကျား၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးများက လှုပ်ယမ်းသွားသည်။ သုံးလကြာပြီးနောက် အနက်ရောင်ကျား၏ နဖူးပေါ်မှ ခရမ်းရောင် “ ဘုရင် ”စာလုံးက ပိုပြီးထင်ရှားလာသည်။

၎င်း၏ မျက်လုံးထဲမှာ မထူးမခြားနား စိတ်ခံစားချက်ဖြင့် ပြည့်နှက်နေစဉ် ၎င်း၏ ခန္ဓာကိုယ်က သက်ရှိအားလုံးကို အထင်သေးရှုံ့ချသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“ လူသားတွေက သားရဲတွေထက် နိမ့်ကျတယ်… အဲ့တော့ ငါက သားရဲတစ်ကောင်ဖြစ်လာတာကို ဘာဖြစ်လို့ စိတ်ညစ်နေမှာလဲ… ဒီဘဝမှာ သားရဲတစ်ကောင်အနေနဲ့ သားရဲဘုရင်ဖြစ်လာဖို့က ငါ့ရဲ့ ရည်မှန်းချက်ဖြစ်တယ် ”

သီရှီထျန်က သူ့အရှေ့မှ မြင်ကွင်းကို အေးစက်စွာ ကြည့်လိုက်သည်။ ငှက်များက ကြောက်လန့်စွာ ထပျံသွားကြောင်း မြင်သောအခါ မောက်မာထောင်လွှားသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လျှိုးလာသည်။

“ ဝေါင်း ”

ထိုအခိုက်အတန့်တွင် တောင်ခြေ၌ ပိုပြီးလွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက ထွက်ပေါ်လာသည်။ ထိုဟိန်းသံ၏ အနောက်တွင် အနည်းငယ် တိုးညင်းသော ကျားဟိန်းသံနှစ်သံ လိုက်ပါလာသည်။ ကလေးဆန်သော စိတ်ခံစားမှုကို ထိုကျားဟိန်းသံများထဲမှာ ခံစားမိနိုင်၏။

ယင်းကို စက်ကရာကြားသောအခါ သူက ခေါင်းလှည့်လိုက်ပြီး ကျားဟိန်းသံ ထွက်ပေါ်လာသော အရပ်ဆီသို့ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အားကောင်းသန်မာသော သူ၏ အနောက်ခြေနှစ်ချောင်းကို မြေကြီးပေါ်မှာ ခြေကုပ်ယူလိုက်ပြီး ဆောင့်လိုက်သည်။ သူ၏ ကျားခန္ဓာကိုယ်က အရှေ့သို့ လွှားခနဲ ခုန်ထွက်သွားသည်။

မြေပေါ်သို့ ပြန်ကျသွားပြီးနောက် သူက မြန်ဆန်စွာ ပြေးလွှားသွားသည်။

မကြာမီ သီရှီထျန်က လှိုဏ်ဂူအရှေ့သို့ ပြန်ရောက်လာသည်။ လှိုဏ်ဂူအရှေ့တွင် မေမေကျားဖြူက သူ၏ ညီငယ်၊ ညီမငယ်ဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေကြောင်း သူမြင်တွေ့သွားသည်။ ကျားပေါက်နှစ်ကောင်တွင် အဖြူရောင်ကျားက သူ၏ ညီမငယ်ဖြစ်ပြီး ရောင်စုံအစင်းကြောင်းများပါသော ကျားပေါက်က သူ၏ ညီငယ် ဖြစ်သည်။ အဖြူရောင်ကျားမလေးက သူတို့ထဲတွင် အငယ်ဆုံးဖြစ်သည်။

ကျားပေါက်နှစ်ကောင်သည် သီရှီထျန် ပြန်လာသည်ကို မြင်သောအခါ သူ့ဆီသို့ ချက်ချင်း ခုန်ပေါက်ပြေးလာကြသည်။ သူတို့က သီရှီထျန်၏ ခန္ဓာကိုယ်ကို သူတို့၏ သေးငယ်သော ဦးခေါင်းဖြင့် ပွတ်သပ်လိုက်ကြပြီး ဝမ်းသာပျော်ရွှင်စွာ ဟိန်းလိုက်ကြသည်။ သူတို့က အရွယ်မရောက်သေးလေရာ ဖြည်းဖြည်းချင်းသာ ပြေးနိုင်ကြသည်။

ဤအတောအတွင်းမှာ သီရှီထျန်က ထူးခြားချက်တစ်ခုကို ရှာတွေ့သွားသည်။ သားရဲများ၏ အသိဉာဏ်သည် လူသားများကို မနှိုင်းယှဉ်နိုင်ပေ။ မေမေကျားဖြူက ဟိန်းဟောက်သည့်အခါ ရိုးရှင်းသော စကားတချို့ကိုသာ ပြောလိမ့်မည်။ သို့တိုင် သူ၏ ညီငယ်၊ ညီမငယ်က မေမေကျားဖြူ၏ စကားကို နားမလည်ကြပေ။ ရှင်းလင်းစွာပင် သူတို့က အရွယ်မရောက်သေးကြပေ။

သူ့ညီငယ်၊ ညီမငယ်၏ ချစ်ခင်ကြင်နာမှုကို မြင်သောအခါ သီရှီထျန်၏ မထူးမခြားနား မျက်လုံးထဲမှာ သိမ်မွေ့ညင်သာသော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

မိခင်မေတ္တာကို အပြည့်အဝ ထုတ်ဖော်ထားသော မေမေကျားဖြူကို သူကြည့်လိုက်ပြီးနောက် သီရှီထျန်က သူ့ဘာသာ တွေးတောလိုက်သည်။

‘ ကျားဖြစ်သွားတာလည်း မဆိုးပါဘူး… အနည်းဆုံးတော့ သူတို့က လူသားတွေလို သစ္စာတရားမခေါင်းပါးဘူး ’

… … …

“ ဘန်း… ဘန်း… ဘန်း… ”

လှိုဏ်ဂူ၏ ဘေးတွင် အရွယ်အစားသေးငယ်သော အနက်ရောင်ကျားတစ်ကောင်က ရှည်လျားကြီးမားသော သစ်ပင်တစ်ပင်၏ အောက်မှာ မတ်တတ်ရပ်နေသည်။ ၎င်း၏ ကျားခန္ဓာကိုယ်က ဧရာမသစ်ပင်၏ ကြီးမားတုတ်ခိုင်သော ပင်စည်ကို အကြမ်းပတမ်း ဝင်ဆောင့်နေသည်။ ၎င်း၏ ခန္ဓာကိုယ်က သစ်ပင်၏ ပင်စည်ကို ထိမှန်သွားတိုင်း ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ ထိုမြည်သံကို နားထောင်ခြင်းဖြင့် ကျားက ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း သိနိုင်၏။ ၎င်းက သစ်ပင်ကို ဝင်ဆောင့်ရန် ၎င်း၏ ခန္ဓာကိုယ်ကို အမှန်တကယ် အသုံးပြုနေသည်။

တိုးညင်းသော ညည်းညူသံက အနက်ရောင်ကျား၏ ပါးစပ်မှ ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သစ်ပင်ကို ဝင်ဆောင့်သော လုပ်ရပ်က အလွန်နာကျင်ကြောင်း သိနိုင်၏။

သို့သော်လည်း အနက်ရောင်ကျား၏ မျက်လုံးထဲမှာ ခေါင်းမာမှုနှင့် စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်ရှိသည်။ ၎င်းက မကြာသေးမီက ပေါ်လာသော သွားများကို အံကြိတ်၍ သစ်ပင်ကို ဆက်လက် ဝင်ဆောင့်နေသည်။

တစ်စုံတစ်ယောက်သည် ထိုကျား၏ ခန္ဓာကိုယ်ပေါ်တွင် စိတ်ရှည်မှုနှင့် ဇွဲကောင်းမှုကို မြင်တွေ့နိုင်သည်။ ထို့ပြင် ၎င်း၏ ရည်မှန်းချက်မပြည့်မြောက်ခင် အလွယ်တကူ အရှုံးမပေးသော စိတ်ဓာတ်ပြင်းထန်မှုကိုလည်း မြင်ရ၏။

“ ၉၇ကြိမ် ”

“ ၉၈ကြိမ် ”

“ ၉၉ကြိမ် ”

“ ၁၀၀ကြိမ် ”

သီရှီထျန်သည် သစ်ပင်ကို အကြိမ်တစ်ရာပြည့်သည်အထိ ဝင်ဆောင့်ပြီးသော်လည်း လေ့ကျင့်ခြင်းကို မရပ်တန့်ခဲ့ပေ။ သူက အနောက်လှည့်လိုက်ပြီး သူ၏ အနက်ရောင်ကျားအမြှီးကို မြှောက်ကာ သစ်ပင်ကို လွှဲရိုက်လိုက်သည်။

မွေးခါစ ကျားတစ်ကောင်၏ ခန္ဓာကိုယ်က မည်မျှသန်မာမည်နည်း။ ၎င်း၏ အမြှီးက သစ်ပင်ကို ထိမှန်သွားသည့်အခါ သစ်ပင်က မည်သည့်ဒဏ်ရာမှ မရရှိသွားပေ။ သို့သော်လည်း ၎င်း၏ အမြှီးက ဒဏ်ရာရသွားသည်။ ကြီးမားသော နာကျင်မှုက ၎င်း၏ ခန္ဓာကိုယ်တစ်လျှောက် ဆက်လက် ပျံ့နှံ့သွားသည်။ သို့သော်လည်း ၎င်းက နာကျင်မှုကြောင့် လက်မလျော့ခဲ့ပေ။ ၎င်းက အမြှီးကို လွှဲယမ်းပြီး သစ်ပင်ကို ဆက်လက် ရိုက်သည်။

တစ်ကြိမ်ပြီးတစ်ကြိမ် မရပ်မနား လုပ်ဆောင်သည်။ ၎င်းက အံတင်းတင်းကြိတ်၍ ဇွဲကောင်းစွာ တောင့်ခံသည်။

၎င်းက အကြိမ်တစ်ရာမပြည့်မချင်း သစ်ပင်ကို အမြှီးဖြင့် ရိုက်သည်။

“ ဟူး ”

သီရှီထျန်က နောက်ဆုံးမှာ သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက မြေကြီးပေါ် ပြိုလဲကျသွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချွေးစေးများ စိုရွှဲနေသည်။

မှန်ပေသည်။ ထိုအနက်ရောင်ကျားက သီရှီထျန်ဖြစ်သည်။ သူက အတိတ်ဘဝမှာ လူသားဖြစ်ခဲ့လေရာ တောတွင်းဥပဒေအကြောင်း ကောင်းမွန်စွာ နားလည်သည်။ သူက သားရဲဘုရင်များထဲမှ ကျားတစ်ကောင်ဖြစ်လျှင်ပင်၊ သူက သားရဲဘုရင်အဖြစ် မွေးဖွားလာသည်ဆိုလျှင်ပင် သူ့မှာ အလုံအလောက် သန်မာသော ခွန်အားမရှိလျှင် သူက ပိုပြီးသန်မာသော သားရဲများ၏ အမဲလိုက်သတ်ဖြတ်ခံရလိမ့်မည်။

ကျားတစ်ကောင်ဖြစ်လာခြင်းက မမှားပေ။ သီရှီထျန်သည် ကံကြမ္မာကို အပြစ်တင်ပြီး ညည်းညူနေမည့်လူစားမျိုး မဟုတ်ပေ။ ကျားဘဝကို သူလက်ခံလိုက်မှတော့ ပိုပြီးသန်မာလာရန် သူ့ကိုယ်သူ စတင်လေ့ကျင့်ပေးရမည်။

အတိတ်ဘဝမှာ သူက တိရိစ္ဆာန်များအကြောင်း အနည်းအကျဉ်း သိထားသည်။

ယေဘုယျအားဖြင့် ကျားတစ်ကောင်၏ မွေးကင်းစအချိန်ကာလသည် သုံးလမှ ခြောက်လအထိ ကြာမြင့်သည်။ သုံးလကြာ မိခင်နို့ကို စို့ပြီးနောက် သီရှီထျန်သည် သူ၏ ညီငယ် ညီမငယ်ကဲ့သို့ လှိုဏ်ဂူထဲမှာ ဆက်ပြီး မနေတော့ပေ။ ယင်းအစား သူက သူ၏ ကျားခန္ဓာကိုယ်ကို အဆက်မပြတ် ပုံသွင်းထုဆစ်ခဲ့သည်။ သူက မည်သည့်ကျင့်စဉ်မှ မသိပေ။ ထို့ကြောင့် သူလုပ်နိုင်သည်မှာ ကျားတစ်ကောင်၏ အခြေခံကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပိုပြီးသန်မာလာအောင် ကြမ်းတမ်းစွာ လေ့ကျင့်ပေးရန် ဖြစ်သည်။

သစ်ပင်ကို ဝင်ဆောင့်ခြင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားများကို ပုံသွင်းထုဆစ်ပေးနိုင်သည်။ ယင်းက သူ၏ ကျားခန္ဓာကိုယ်ကို ပိုပြီးသန်မာစေပြီး အကြမ်းခံနိုင်စေသည်။ သစ်ပင်ကို ကျားအမြှီးဖြင့် ရိုက်ခြင်းက ကျားမျိုးစိတ်များ၏ လူသတ်တိုက်ကွက် ဖြစ်သည်။

“ သန်မာရမယ်… ငါပိုပြီးသန်မာရမယ် ”

သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ ပိုပြီးသန်မာလာရမည်ဟူသော သန္နိဌာန်က သူ၏ နှလုံးသားထဲမှာ အမြစ်တွယ်နေသည်။ မည်သို့ကြောင့် အတိတ်ဘဝမှာ သူသေဆုံးသွားခဲ့သနည်း။

ပထမအချက်မှာ သူက သူ၏ မိသားစုအပေါ် မျှော်လင့်ချက်ထားခဲ့သောကြောင့် သူ၏ သတိကို ဆုံးရှုံးသွားခဲ့သည်။ ဒုတိယအချက်မှာ သူက အတုအယောင် မိသားစုမေတ္တာကြောင့် မျက်ကန်းဖြစ်ခဲ့သည်။ သူ့ကိုယ်ပိုင်အသိဉာဏ်နှင့် မိသားစု၏ ထောက်ပံ့မှုဖြင့်ဆိုလျှင် သူက စီးပွားရေးလောက၏ အထွတ်အထိပ်သို့ တတ်လှမ်းနိုင်လိမ့်မည်။ သို့သော်…

ပါရမီရှင်တစ်ယောက်ဖြစ်တော့ရော ဘာအရေးလဲ… ။

အဲ့ဒါက ကျည်ဆန်ကို ကာကွယ်ပေးနိုင်လို့လား… ။

ဤဘဝတွင် သီရှီထျန်သည် သူပြန်မွေးဖွားလာပြီဟူသော အချက်ကို လက်ခံနိုင်သွားပြီးနောက် စိတ်ဓာတ်ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။

ဤဘဝတွင်… ။

သူက တခြားလူများအပေါ် လုံးဝ မှီခိုတော့မည် မဟုတ်ချေ။ သူကိုယ်တိုင် သန်မာလာမှသာလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်။ သူက အလုံအလောက် သန်မာမှသာလျှင် အန္တရာယ်များသော ဤတောအုပ်ထဲမှာ အသက်ရှင်နိုင်လိမ့်မည်။ ထို့ကြောင့် ပိုပြီးသန်မာလာရမည်ဟူသော သန္နိဌာန်က သူ၏ နှလုံးသားထဲမှာ ပြင်းထန်စွာ စွဲမြဲနေသည်။

တစ်ခဏကြာ အနားယူပြီးနောက် သီရှီထျန်က ခက်ခက်ခဲခဲ မတ်တတ်ပြန်ရပ်လိုက်သည်။ သူက လှိုဏ်ဂူထဲသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။

လှိုဏ်ဂူထဲရောက်သွားပြီးနောက် စက်ကရာသည် မေမေကျားဖြူ၏ သိမ်မွေ့ညင်သာသော အကြည့်ကို မြင်သွားသည်။ ထိုအကြည့်က သူ၏ အေးတိအေးစက် နှလုံးသားကို တုန်ယင်စေသည်။ သူက အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး မေမေကျားဖြူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။ သူက အားပြန်ဖြည့်ရန်အလို့ငှာ မေမေကျားဖြူ၏ နို့ကို စို့လိုက်သည်။

မိခင်နို့က သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည့်အခါ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဆီသို့ ဖြန့်ကြက်သွားသည်။ ယင်းက သူ့အား အလွန်သက်တောင့်သက်သာရှိစေပြီး ပျော်ရွှင်စွာ ညည်းညူမိစေသည်။

အကြောင်းအရင်းတချို့ကြောင့် သီရှီထျန်သည် မေမေကျားဖြူ၏ မျက်လုံးထဲမှာ လူသားတစ်ယောက်၏ စိတ်ခံစားချက်များ ရှိနေသည်ဟု အမြဲတမ်း သူခံစားမိသည်။ သို့မဟုတ် ယင်းကို တမူထူးခြားသော စိတ်ဝိညာဉ်ဟု ပြောရမည်။

မေမေကျားဖြူ၏ ရင်ခွင်ထဲမှာ လဲလျောင်းနေစဉ် သက်တောင့်သက်သာရှိမှုနှင့် ဘေးကင်းလုံခြုံမှုကို အမြဲတမ်း သူခံစားမိသည်။ သူ၏ မသိစိတ်က သူ၏ သတိထားမှုကို လွှတ်ချစေပြီး သူ့အား နှစ်ချိုက်စွာ အိပ်မောကျစေသည်။ ဤအခိုက်အတန့်မှာ သူက မည်သည့်ဝန်ထုပ်ဝန်ပိုးမှ မခံစားမိပေ။ လွတ်လပ်မှုနှင့် သက်တောင့်သက်သာရှိမှုကိုသာ ခံစားရ၏။

… … …

ထိုသို့အေးချမ်းသော နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။

မည်သို့မည်ပုံမသိလိုက်ခင်မှာ နောက်ထပ်သုံးလ ကုန်ဆုံးသွားသည်။

ဤခြောက်လအတွင်းမှာ သီရှီထျန်သည် သူ၏ ခန္ဓာကိုယ်ကို သစ်ပင်ဖြင့် နေ့စဉ်ဝင်ဆောင့်၍ လေ့ကျင့်သည်။ ယခု သူ၏ သွားများက ချွန်ထက်လာလေရာ သစ်ပင်ကိုပင် ကိုက်ဖြတ်နိုင်လာ၏။ သူ၏ လက်သည်းများသည်လည်း ရှည်လျားလာသည်။ သူက လက်သည်းရှည်များကို အသုံးပြု၍ သစ်ပင်ကို ကုတ်ခြစ်ကာ လေ့ကျင့်သည်။

သူက အချိန်တိုင်း မိနစ်တိုင်းမှာ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ပုံသွင်းထုဆစ်သည်။

ယခု သူ၏ ခန္ဓာကိုယ်က လူသားတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်နီးပါး ကြီးထွားလာပြီး တစ်မီတာခန့် ရှည်လျားလာသည်။ သူက အရွယ်ရောက်ကျားတစ်ကောင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရန် သိပ်မလိုတော့ပေ။ ထိုသို့မြန်ဆန်စွာ ကြီးထွားလာခြင်းသည် သူ၏ နေ့စဉ်မပြတ် ကြိုးစားလေ့ကျင့်မှုကြောင့် ဖြစ်သည်။

“ အင်း… ငါ့ရဲ့ လက်ရှိခွန်အားအရ မနက်ဖြန်ကစပြီး တောင်ခြေမှာ အမဲလိုက်ဖို့ စတင်လေ့ကျင့်နိုင်ပြီ… မေမေကျားဖြူရဲ့ ဘေးမှာ အမြဲတမ်း ငါနေလို့ မဖြစ်ဘူး ”

တစ်နေ့တာ လေ့ကျင့်မှုပြီးနောက် သီရှီထျန်သည် သူ၏ အရှေ့လက်သည်းများကို မြှောက်လိုက်ပြီး ကြည့်လိုက်သည်။ ယခု သူ၏ လက်သည်းများက အတော်လေး ရှည်လျားနေပြီ ဖြစ်၏။ သူက လေးနက်စွာ တွေးတောလိုက်သည်။ ခြောက်လကြာ မရပ်မနား လေ့ကျင့်ပြီးနောက် ယခု သူ့မှာ တောအုပ်ထဲ၌ အသက်ရှင်နိုင်သော အခြေခံစွမ်းရည်ရှိသွားပြီဟု ခံစားမိသွားသည်။ အထူးသဖြင့် ယခု သူ့မှာ တောအုပ်ထဲတွင် တစ်ယောက်တည်း အမဲလိုက်နိုင်သော ခွန်အားရှိသွားသည်။

ထို့ကြောင့် သူက မနက်ဖြန်တွင် ဤဘဝ၌ ပထမဆုံးအကြိမ် အမဲလိုက်ရန် တောင်အောက်ဆင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

သီရှီထျန်သည် ဆုံးဖြတ်ချက်ချပြီးနောက် မြန်ဆန်စွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ တုတ်ခိုင်သန်မာသော ခြေလေးချောင်းက မရပ်မနား စတင်ပြေးကြသည်။ သူ၏ အလျင်က အလွန်မြန်ဆန်သည်။ သို့သော်လည်း သူက လှိုဏ်ဂူဆီသို့ ချက်ချင်း မပြန်သွားပေ။ ယင်းအစား သူက မကြာသေးမီက ရှာတွေ့ထားသော ရေကန်ဆီသို့ ပြေးသွားသည်။

ရေကန်သည် လှိုဏ်ဂူနှင့် မနီးမဝေးမှာ တည်ရှိသည်။ တောအုပ်ထဲမှ တိရိစ္ဆာန်အားလုံးနီးပါးသည် ရေသောက်သုံးရန် ထိုရေကန်ဆီသို့ သွားကြသည်။ သီရှီထျန်သည် အချိန်တစ်ခဏကြာ ပြေးလွှားပြီးနောက် တောအုပ်ကို ဖြတ်ကျော်သွားသည်။ ထိုအခိုက်အတန့်မှာ သူ၏ မျက်လုံးက အရောင်ဝင်းလက်သွားသည်။

တောအုပ်ကို ဖြတ်ကျော်ပြီးနောက် သူက ကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။ သူ၏ အရှေ့၌ အလွန်ကျယ်ပြောသော ချိုင့်ဝှမ်းတစ်ခု ရှိသည်။ ချိုင့်ဝှမ်း၏ မြေကြီးက ပြန့်ပြူးပြီး ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးအပိုင်းတွင် အပေါ်မှ ကျဆင်းနေသော ရေတံခွန်တစ်ခု ရှိသည်။

ကြည်လင်သော တောင်ကျရေက လတ်ဆတ်သော အမွှေးနံ့ကို ထုတ်လွှတ်နေသည်။ ရေခိုးရေငွေ့က အပေါ်သို့ တလိပ်လိပ် မြှောက်တတ်သွားနေလေရာ စိတ်ကြည်လင်သော ခံစားမှုကို ဖြစ်ပေါ်စေသည်။ ရေတံခွန်အောက်တွင် တောင်ကျရေ၏ စုဝေးမှုကြောင့် သဘာဝရေကန်တစ်ခု ဖြစ်ပေါ်နေသည်။

ရေကန်ဘေးတွင် တိရိစ္ဆာန်အမျိုးမျိုးက ခေါင်းငုံ့၍ ရေသောက်နေကြသည်။

All Chapters