အခန်း (၃)
Vol. 1 Ch. 3
“ ဝေါင်း ”
သီရှီထျန်သည် ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်းလိုက်ပြီး ကမ္ဘာမြေတုန်ဟီးစေမည့် ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ကျားဟိန်းသံက ကလေးဆန်မှု လုံးဝပျောက်သွားပြီး လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ ယင်းထဲမှာ သားရဲဘုရင်၏ အရှိန်အဝါလည်း ကိန်းအောင်းနေ၏။
“ ဝှစ် ”
“ ဝူး ”
ကျားရဲအရှိန်အဝါ၏ ခြိမ်းခြောက်မှုအောက်တွင် ရေဆင်းသောက်နေကြသော တိရိစ္ဆာန်များက ကြောက်လန့်သွားကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မူလက သက်ဝင်လှုပ်ရှားနေသော ချိုင့်ဝှမ်းက ယခု တိတ်ဆိတ်ငြိမ်သက်သွားသည်။
တိရိစ္ဆာန်များ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားနေကြသည်ကို မြင်သော်လည်း သီရှီထျန်၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ မထွက်ပေါ်လာပေ။ သူကိုယ်တိုင်သတိမထားမိခင်မှာ မထူးမခြားနားမှုက သူ့မျက်လုံး၏ အဓိကစိတ်ခံစားမှု ဖြစ်လာသည်။ သူက ခန္ဓာကိုယ်ကို လွှားခနဲ ခုန်လိုက်ပြီး ရေကန်ဘေးသို့ ပြေးသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး တစ်ကျိုက်ပြီးတစ်ကျိုက် ရေသောက်လိုက်သည်။
ရေသောက်ပြီးနောက် သူက ရေကန်ထဲသို့ ရုတ်တရက် ခုန်ဆင်းသွားသည်။ ရေကန်ထဲမှ ကြည်လင်သော တောင်ကျရေက သူ၏ ခန္ဓာကိုယ်ပေါ်မှ ပင်ပန်းနွမ်းလျမှုကို လျော့ပါးသက်သာစေသည်။
ရေကန်ထဲမှာ ရေစိမ်နေစဉ် သီရှီထျန်က မေးခွန်းတချို့ကို တွေးတောလိုက်သည်။ ယင်းတို့က သူ၏ နှလုံးသားထဲမှာ အချိန်အတော်ကြာ ရှိနေခဲ့သော မေးခွန်းများ ဖြစ်ကြသည်။
ဤနေရာမှာ ပြန်လည်မွေးဖွားပြီးနောက် လက်ရှိ သူနေထိုင်သော လောကက အတိတ်ဘဝမှ လောကနှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း သူရှာတွေ့သွားသည်။ လေသည်ပင် ကွဲပြားခြားနားသည်။ ဤလောကမှ လေသည် အတိတ်ဘဝမှ လောကထက် အဆပေါင်းများစွာ သာလွန်သည်။ လေသည် အလွန်လတ်ဆတ်သည်။ ထိုထဲမှာ ညစ်ညမ်းမှု စိုးစဉ်းမျှမရှိပေ။ ထို့အတူ ကောင်းကင်နှင့် မြေကြီးသည်လည်း အတိတ်ဘဝမှ လောကနှင့် လုံးဝ ခြားနားနေသည်။
ကောင်းကင်သည် မိုးပြာရောင်ဖြစ်သည်။ ဤနေရာမှ တောင်တန်းများနှင့် မြစ်ချောင်းများတွင် မည်သည့်ထိခိုက်ပျက်စီးမှုမှ မရှိပေ။ ယင်းက သူ၏ အတိတ်ဘဝမှ လောကနှင့် နှိုင်းယှဉ်လျှင် လုံးဝ ကွဲပြားနေသည်။
ဖြစ်နိုင်သည်မှာ သူက အတိတ်ဘဝမှ လောကမှာ ပြန်မွေးဖွားလာခြင်း မဟုတ်သည်လော။ သို့မဟုတ် သူက ပိုပြီးရှေးကျသော အချိန်ကာလမှာ ပြန်မွေးဖွားလာခြင်းလော။
သီရှီထျန်က အဖြေကို လျှို့ဝှက်စွာ ရှာဖွေခဲ့သည်။ သို့သော်လည်း ကံမကောင်းသည်မှာ သူက ဤလောကတွင် အတည်ပြုနိုင်သော မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူ၏ ခန့်မှန်းမှုက အမှန်ဟုတ်မဟုတ် သူမသေချာပေ။
“ ဝေါင်း ”
ထိုအခိုက်အတန့်မှာ မိုးမြေတုန်ဟီးသွားစေမည့် ကျားဟိန်းသံက ရုတ်တရက် ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ ထိုကျားဟိန်းသံက အံ့ဖွယ်ကောင်းပြီး ယင်းထဲမှာ မနှိုင်းယှဉ်နိုင်သော လွှမ်းမိုးဗိုလ်ကျမှု ကိန်းဝပ်နေသည်။
သို့သော်လည်း ယင်းကို သီရှီထျန်ကြားသောအခါ သူက မျက်မှောင်ကြုတ်သွားသည်။ ထိုဟိန်းသံထဲမှာ မဖော်ပြနိုင်သော ဝမ်းနည်းမှုနှင့် ဒေါသက ကိန်းအောင်းနေကြောင်း သူခံစားမိသည်။
“ မကောင်းတော့ဘူး ”
သီရှီထျန်က နှလုံးတုန်ယင်သွားသည်။ သူက ကမ်းစပ်ပေါ်သို့ လွှားခနဲ ခုန်လိုက်လေရာ အလွန်အားကောင်းသော ခွန်အားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူက တောအုပ်ဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။ ထိုကျားဟိန်းသံက မေမေကျားဖြူ၏ ဟိန်းသံဖြစ်ကြောင်း သူမှတ်မိသည်။
တောင်တစ်လုံးပေါ်တွင် ကျားနှစ်ကောင်မရှိပေ။ ယင်းက ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ဆိုရိုးစကားဖြစ်သည်။ ကျားဖြူမိသားစုက ဤတောင်ပေါ်မှာ အခြေချနေထိုင်နေလေရာ အချင်းမိုင်တစ်ရာပတ်ဝန်းကျင်တွင် တခြားမည်သည့်ကျားမှ မရှိပေ။
ကျားဟိန်းသံကို နားထောင်ပြီးနောက် လှိုဏ်ဂူထဲမှာ ဆိုးဝါးသော တစ်စုံတစ်ခုဖြစ်ပျက်နေမည်ကို သီရှီထျန် စိုးရိမ်သည်။
နှစ်ဝက်ကြာ အတူတကွ နေထိုင်ပြီးနောက် မေမေကျားဖြူ၏ ချစ်ခြင်းမေတ္တာက သူ၏ နှလုံးသားအပေါ် မည်သည့်သက်ရောက်မှုမှ မရှိသည်ဟုဆိုလျှင် လိမ်ညာရာရောက်လိမ့်မည်။ သူ၏ နှလုံးသားထဲမှာ သူက မေမေကျားဖြူ၏ သားတစ်ယောက်ဖြစ်ပြီး သူ့မှာ ညီငယ် ညီမငယ်ရှိကြောင်း လက်ခံထားသည်။ သူက သူ့ကိုယ်သူ ဤကျားဖြူမိသားစုဝင်အဖြစ် သတ်မှတ်ထားသည်။
ယခု သူ၏ မိသားစုဆီမှာ တစ်စုံတစ်ခုဖြစ်ပျက်နေကြောင်း သီရှီထျန် ခံစားမိသောအခါ ဤဘဝ၌ ပထမဆုံးအကြိမ် သူစိုးရိမ်ကြောက်လန့်လာသည်။ သူက ခန္ဓာကိုယ်ထဲမှ ရှိသမျှအားအကုန်ကို အသုံးပြု၍ လှိုဏ်ဂူ၏ ဦးတည်ရာဆီသို့ အမြန်ပြေးသွားသည်။
“ ဘာလို့လဲ… ဘာလို့ မေမေကျားဖြူက အဲ့ဒီဟိန်းသံကို ထုတ်ဖော်ခဲ့တာလဲ… ဒီတောအုပ်ထဲမှာ မေမေကျားဖြူကို အနိုင်ယူနိုင်တဲ့ တစ်စုံတစ်ယောက် ရှိနေတာလား… တကယ်ပဲ ဘာတွေဖြစ်နေတာလဲ… ”
အမြန်ပြေးလွှားနေစဉ် သီရှီထျန်၏ အသိစိတ်က ဖြစ်နိုင်ခြေရှိသော မေးခွန်းအမျိုးမျိုးကို တွေးတောနေသည်။ မေမေကျားဖြူ၏ ခွန်အားကို သူသိသည်။ မေမေကျားဖြူက သားရဲဘုရင်တစ်ပါးဖြစ်လေရာ အလွန်သန်မာသည်။ ဤတောအုပ်ထဲတွင် မေမေကျားဖြူထက် ပိုပြီးသန်မာသော သားရဲမရှိပေ။
မြန်စမ်း… ဒီထက်ပိုမြန်စမ်း… ။
သီရှီထျန်က စိတ်ထဲမှာ အဆက်မပြတ် အော်နေသည်။ သူက လျှပ်စီးပမာ အလျင်ဖြင့် သစ်ပင်များနှင့် ချုံနွယ်များကို ဖြတ်ကျော်သွားသည်။
“ ရွှီး ”
သို့သော် လှိုဏ်ဂူဆီသို့ သူရောက်တော့မည့်အချိန် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။ သူက ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက အနီးနားမှ ချုံနွယ်ပိတ်ပေါင်းထဲမှာ ဝပ်တွားလိုက်ပြီး ကောင်းကင်ပေါ်သို့ ဝမ်းနည်းကြေကွဲစွာ စိုက်ကြည့်လိုက်သည်။
လေထဲတွင်… ။
လူသားနှစ်ယောက်က မတ်တတ်ရပ်နေကြသည်။
တစ်ယောက်က တန်ဖိုးကြီးပိုးထည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက လေထဲ၌ အနီရောင်ဓားပျံတစ်စင်းပေါ်မှာ မတ်တတ်ရပ်နေသည်။ တခြားတစ်ယောက်က နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက ပြိုင်စံရှားချောမောလှပသော်လည်း သူ၏ မျက်နှာအမူအရာက အေးစက်နေသည်။ သူ၏ ခြေဖဝါးအောက်တွင် ရေခဲသလင်းကျောက်ဖြင့် ဖန်တီးထားဟန်ရသော အပြာရောင်ဓားပျံတစ်လက် ရှိသည်။ တစ်ချိန်တည်းမှာ သူက လက်ထဲတွင် အနက်ရောင်ပိုက်ကွန်တစ်ခုကို ဆုပ်ကိုင်ထားသည်။
ပိုက်ကွန်ထဲတွင် ခန္ဓာကိုယ်ကြီးမားသော ကျားဖြူတစ်ကောင်နှင့် သေးငယ်သော ကျားပေါက်နှစ်ကောင်ရှိသည်။ ပိုက်ကွန်ထဲမှ ကျားဖြူမေမေသည် မကြာခင် ကျရောက်လာတော့မည့် ကပ်ဘေးကို ကြိုသိနေသည့်အလား သူ၏ ဧရာမခန္ဓာကိုယ်ကို အသုံးပြု၍ ကျားပေါက်နှစ်ကောင်အား ကာကွယ်ပေးနေသည်။
တစ်ချိန်တည်းမှာ သူက ပြင်းထန်စွာ ရုန်းကန်နေပြီး သူ၏ သွားစွယ်များဖြင့် ပိုက်ကွန်ကို ကိုက်ဖြတ်နေသည်။ သူ၏ လက်သည်းများကလည်း ပိုက်ကွန်ကို ဆုတ်ဖြဲနေသည်။ သို့သော် ထိုပိုက်ကွန်ကို မည်သည့်ပစ္စည်းဖြင့် ဖန်တီးထားကြောင်း မသိရပေ။ သူက သားရဲဘုရင်တစ်ပါးဖြစ်လင့်ကစား ယင်းကို မဖျက်ဆီးနိုင်ပေ။ သူ၏ ရုန်းကန်မှုက ပိုက်ကွန်ကို နည်းနည်းလေးမှ ထိခိုက်မှုမဖြစ်စေပေ။
“ ဝေါင်း ”
ကျားဖြူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ဟိန်းသံထဲမှာ ဝမ်းနည်းကြေကွဲသော စိတ်ခံစားမှုပါရှိသည်။ ယင်းက ဟိန်းသံအား ကြားမိသူတိုင်းကို စိတ်မကောင်းဖြစ်စေသည်။
… … …
" ဂိုဏ်းတူအမ ဒီတစ်ခေါက် ကျုပ်တို့ကံက အဲ့လောက်ကောင်းနေမယ်လို့ မမျှော်လင့်ထားဘူး… ကျုပ်တို့ အပြင်ထွက်လာတာနဲ့ အသိဉာဏ်ရှိတဲ့ ကျားဖြူတစ်ကောင်ကို တွေ့ကြုံရတယ်… သူ့ကို ဂိုဏ်းဆီ ပြန်သယ်သွားပြီး သေချာလေ့ကျင့်ပေးမယ်ဆိုရင် မကြာခင် ကျုပ်တို့ဂိုဏ်းမှာ နောက်ထပ် ဝိညာဉ်သားရဲသုံးကောင် တိုးပွားလာလိမ့်မယ်… ဂိုဏ်းချုပ်က ကျုပ်တို့ကို သေချာပေါက် ဆုလာဘ်ချီးမြှင့်လိမ့်မယ်… သူက ကျုပ်တို့ကို ဝိညာဉ်ဆေးလုံးတောင် ချီးမြှင့်နိုင်တယ် ”
တန်ဖိုးကြီးပိုးထည်ကို ဝတ်ဆင်ထားသော လူငယ်က ပိုက်ကွန်ထဲမှာ ရုန်းကန်နေသော ကျားဖြူကို ကြည့်နေရင်း စိတ်လှုပ်ရှားစွာ ပြောသည်။ အထူးသဖြင့် သူက ကျားဖြူ၏ မျက်လုံးထဲမှ လူသားတစ်ယောက်၏ အကြည့်ကို မြင်သွားသောအခါ သူ့ဘေးမှ အေးတိအေးစက် မိန်းမပျိုလေးကို လှည့်ကြည့်လိုက်သည်။
မိန်းမပျိုလေးက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက သူ့အရှေ့မှ ကျားဖြူကို စိုက်ကြည့်နေရင်း ပြောသည်။
“ ကျားဖြူတွေက အသိဉာဏ်ရှိတဲ့ ကျားမျိုးစိတ်တစ်ခုပဲ… သူ့ကို ဂိုဏ်းဆီ ခေါ်သွားပြီး ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်အတိုင်း လေ့ကျင့်ပေးမယ်ဆိုရင် မကြာခင် သူက အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ပြီး ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာလိမ့်မယ်… ဒီတစ်ကြိမ် ငါတို့က ကျားသုံးကောင်ကို တစ်ခါတည်း ဖမ်းဆီးနိုင်ခဲ့တယ်… ဂိုဏ်းက ဂိုဏ်းတူမောင်လေးကို ရက်ရက်ရောရော ဆုချီးမြှင့်လိမ့်မယ် ”
“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအမ ”
ယင်းကို လူငယ်ကြားသောအခါ သူက ဝမ်းသာပျော်ရွှင်သွားပြီး ဂိုဏ်းတူအမကို အမြန်ကျေးဇူးတင်လိုက်သည်။
“ သွားကြစို့… တခြားနေရာတွေမှာ ဒီလိုဝိညာဉ်သားရဲတွေ ရှာဖွေနိုင်ဦးမလား ငါတို့သွားကြည့်ကြမယ် ”
မိန်းမပျိုလေးက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပေ။ သို့သော် လေထဲမှ အနက်ရောင်ပိုက်ကွန်ကြီးက မြန်ဆန်စွာ ကျုံ့သွားပြီး သူ၏ ခါးပေါ်မှ အမွှေးအိတ်ထဲသို့ ရိုးရှင်းစွာ ဝင်သွားသည်။
အလင်းတန်းနှစ်ခုက လေပေါ်သို့ ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လူငယ်နှင့် မိန်းမပျိုလေးက တောအုပ်ထဲမှ ပျောက်ကွယ်သွားကြသည်။
“ ဝေါင်း ”
အချိန်အတော်ကြာ မြိုသိပ်ထားခဲ့သော ဟိန်းသံက စက်ကရာ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူက ချုံနွယ်ပိတ်ပေါင်းထဲမှာ ဝပ်တွားနေသည်။ သူက ဘေးပတ်ဝန်းကျင်မှ နွယ်ပင်များကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။ သို့သော်လည်း သူ၏ မျက်လုံးက အစောနက ထွက်သွားခဲ့သော လူနှစ်ယောက်၏ ဦးတည်ရာဆီသို့ စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ အလွန်နက်ရှိုင်းသော ဒေါသ၊ မုန်တီးမှုနှင့် နာကျင်မှုက စုပြုံရောထွေးနေသည်။
“ ဝေါင်း ”
“ ဝေါင်း ”
“ ဝေါင်း ”
သီရှီထျန်က မတ်တတ်ရပ်လိုက်ပြီး မခံမရပ်နိုင်စွာ ဒေါသတကြီး ဟိန်းလိုက်သည်။ သူက တောအုပ်ထဲမှာ အရူးတစ်ယောက်ပမာ ပြေးလွှားနေသည်။ သေခြင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါ်လျှိုးနေသည်။ ကျားဟိန်းသံကို ကြားသောအခါ တောအုပ်ထဲမှ တိရိစ္ဆာန်အားလုံးက ကြောက်လန့်တုန်လှုပ်သွားကြသည်။ သူတို့က အဝေးသို့ ထွက်ပြေးသွားကြသည်။
ယင်းက တစ်နေ့လုံး ဖြစ်ပျက်နေသည်။
တောင်တန်းဒေသထဲတွင် ကျားဟိန်းသံက တစ်နေ့လုံး မရပ်မစဲ မြည်ဟိန်းနေသည်။ ထိုကျားဟိန်းသံထဲမှာ ဝမ်းနည်းမှု၊ အကူအညီမဲ့မှုနှင့် နက်ရှိုင်းသော ဒေါသတို့ ကိန်းအောင်းနေသည်။ နောက်ဆုံးမှာ ဟိန်းသံက အက်ရှလာပြီး တိုးညင်းသွားသည်။ သို့တိုင် ကျားဟိန်းသံက မရပ်တန့်သွားပေ။
အနက်ရောင်ကျားတစ်ကောင်သည် ချိုင့်ဝှမ်းထဲမှ ရေတံခွန်၏ ဘေးမှ ကျောက်တုံးကြီးတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ ၎င်းက ခေါင်းမော့လိုက်ပြီး ဦးခေါင်းထက်မှ ဖိုးလမင်းအား စိုက်ကြည့်လိုက်သည်။
အေးစက်စက်အရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ ရံဖန်ရံခါ နာကျင်မှုနှင့် မုန်းတီးမှုက ၎င်း၏ အေးတိအေးစက် မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
“ ဘာလို့လဲ… ကောင်းကင်ဘုံက ငါ့ကို လူသားတစ်ယောက် မဖြစ်စေချင်ဘူးဆိုမှတော့ ကျားတစ်ကောင်ဖြစ်လာတာကို ငါမညည်းညူသင့်ဘူးမလား… အနည်းဆုံးတော့ ရိုးရှင်းတဲ့ မိသားစုဘဝကို ငါခံစားနိုင်လိမ့်မယ်… ဒါပေမဲ့ ဒီမိသားစုကို ငါလက်ခံနိုင်တော့မယ့်အချိန်ကျမှ ဘာလို့ သူတို့ကို ငါ့ဆီကနေ ရက်ရက်စက်စက် ဆွဲခေါ်သွားတာလဲ… ငါမုန်းတယ်… ငါလက်မခံနိုင်ဘူး ”
သီရှီထျန်၏ မျက်လုံးထဲမှာ နက်ရှိုင်းသော အမုန်းတရား ပေါ်လျှိုးလာသည်။ သူက ကောင်းကင်ဘုံ၏ တရားမမျှတမှုအပေါ် မုန်းသည်။ လူသားတစ်ယောက်ဖြစ်ခဲ့စဉ်မှာ သူက မိသားစုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန် အလုပ်ကြိုးစားခဲ့သည်။ သို့သော်လည်း အဆုံးမှာ သူက အတုအယောင်မေတ္တာကြောင့် သေဆုံးသွားခဲ့သည်။
ထိုအခိုက်အတန့်မှာ သူက လူသားဆန်မှုကို စတင်သံသယဝင်လာသည်။ ယခု ကျားတစ်ကောင်ဖြစ်လာပြီးနောက် သူက မေမေကျားဖြူ၏ ချစ်ခြင်းမေတ္တာကို အမြဲတမ်း ခံစားမိခဲ့သည်။ သားသမီးသုံးယောက်အပေါ် ထားသော မေမေကျားဖြူ၏ မိခင်မေတ္တာက သူ၏ အေးစက်စက် နှလုံးသားကို ယိမ်းယိုင်စေသည်။ နောက်ဆုံးမှာ သူက ဤမိသားစုကို လက်ခံရန် စိတ်ဆုံးဖြတ်လိုက်သည်။ သို့တိုင် လူတချို့က သူ၏ မျက်စိအရှေ့မှာတင် သူလိုလားသော မိသားစုကို ဖျက်ဆီးသွားခဲ့သည်။
ဤအခိုက်အတန့်မှာ… ။
နက်ရှိုင်းသော အမုန်းတရားက သူ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသည်။
မသေမျိုးကျင့်ကြံသူတွေ… ။
သီရှီထျန်၏ နှလုံးသားက ပိုပြီးအေးစက်လာသည်။ မေမေကျားဖြူနှင့် သူ၏ ညီငယ်ညီမငယ်ကို ခေါ်ဆောင်သွားသော ထိုလူသားများက ဒဏ္ဍာရီလာ မသေမျိုးကျင့်ကြံသူများ ဖြစ်ရမည်။
လေထဲမှ ဓားပျံပေါ်မှာ မတ်တတ်ရပ်နေကြသော ထိုလူသားနှစ်ယောက်ကို သူမြင်လိုက်သည့်အခိုက် သူတို့က ဒဏ္ဍာရီများထဲမှာသာ သူကြားဖူးသော မသေမျိုးကျင့်ကြံသူများဖြစ်ကြောင်း နားလည်သွားသည်။
သီရှီထျန်က သူ့ကိုယ်ပိုင်ခွန်အားကို ကောင်းမွန်စွာ သိသည်။ ထို့ကြောင့် သူက မဆင်မခြင် မလှုပ်ရှားဘဲ ချုံနွယ်ပိတ်ပေါင်းထဲမှာ ပုန်းအောင်းရန် ရွေးချယ်ခဲ့သည်။
မသေမျိုးကျင့်ကြံသူများက မည်မျှအစွမ်းထက်ကြောင်း သူစိတ်ကူးကြည့်နိုင်သည်။ အကယ်၍ သူက ယခုထက် ဆယ်ဆပိုပြီးအားကောင်းလျှင်ပင် သူတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူသာ အလျင်စလို ထွက်သွားမည်ဆိုလျှင် သူသည်လည်း မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်နည်းတူ အဖမ်းခံရလိမ့်မည်။
“ မသေမျိုးကျင့်ကြံသူတွေ… မသေမျိုးကျင့်ကြံသူတွေ… မင်းတို့စောင့်နေစမ်းပါ… တစ်နေ့ မင်းတို့ဆီ ငါလာခဲ့မယ် ”
သီရှီထျန်က စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
“ ဝေါင်း ”
ကျယ်လောင်သော ဟိန်းသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် သူ၏ ဟိန်းသံထဲမှာ အဆုံးမဲ့သော အေးစက်မှု၊ မုန်းတီးမှုနှင့် နာကျင်မှုသာ ရှိ၏။
“ မိစ္ဆာ… မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ ငါကျင့်ကြံရမယ် ”