← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

သီရှီထျန်က သူ့အောက်မှ ကျောက်တုံးကြီးပေါ်မှာ တိုက်ရိုက် လဲလျောင်းလိုက်သည်။ သူက ဦးခေါင်းထက်မှ ဖိုးလမင်းကို မျက်နှာမူ၍ ကျယ်လောင်စွာ ပါးစပ်ဟလိုက်သည်။ သူက လေကို ပါးစပ်အပြည့် ရှူသွင်းရှူထုတ်လိုက်သည်။

ထိုအပြုအမူအရ သူက လစန္ဒာထံမှ လရောင်ခြည်အားလုံးကို သူ၏ ဝမ်းဗိုက်ထဲသို့ စုပ်ယူဝါးမျိုချင်နေကြောင်း ထင်ရှား၏။

“ ကျင့်ကြံရမယ်… မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ ငါကျင့်ကြံရမယ်… ငါမိစ္ဆာတစ်ကောင်ဖြစ်လာရင် မေမေကျားဖြူနဲ့ ငါ့ရဲ့ ညီငယ်ညီမငယ်ကို ကယ်တင်နိုင်လိမ့်မယ်… ငါကျင့်ကြံရမယ်… ငါလုပ်နိုင်ရမယ်… ငါမိစ္ဆာတစ်ကောင် ဖြစ်လာရမယ်… ”

မသေမျိုးကျင့်ကြံသူများကို သူမြင်လိုက်သည့်အခိုက် သီရှီထျန်သည် ဤလောကက အတိတ်မှ လောကနှင့် လုံးဝ မတူညီကြောင်း သေချာသွားသည်။ ဤလောကမှာ မသေမျိုးကျင့်ကြံသူများ တည်ရှိကြသည်။ မသေမျိုးကျင့်ကြံသူများ တည်ရှိမှတော့ ဤလောကမှာ ဒဏ္ဍာရီလာ မိစ္ဆာများသည်လည်း တည်ရှိရမည်။

အကယ်၍ လူသားများက မသေမျိုးကျင့်ကြံသူများဖြစ်လာရန် ကျင့်ကြံနိုင်သည်ဆိုလျှင် ဤလောကထဲမှ သက်ရှိအားလုံးက မိစ္ဆာဖြစ်လာရန် ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပါလော။

တိရိစ္ဆာန်များသည် မိစ္ဆာဖြစ်လာရန် မည်သို့ကျင့်ကြံသင့်ကြောင်း သီရှီထျန် တွေးမိသောအခါ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ လစန္ဒာကို မျက်နှာမူ၍ အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။ သူက အတိတ်ဘဝမှာ ရှေးဟောင်းစာအုပ်တချို့ကို ဖတ်ဖူးသည်။ ထိုစာအုပ်များထဲ၌ ဖော်ပြထားသည်မှာ မိစ္ဆာများသည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်ကြသည်။ ယင်းက အမှန်ဟုတ်မဟုတ် သူမသိပေ။ သို့သော်လည်း ယင်းကို သူကြိုးစားကြည့်ရမည်။

သူ့မှာ မျှော်လင့်ချက်သေးသေးလေး ရှိနေသရွေ့ မည်သည့်အခါမှ သူလက်လျော့လိမ့်မည် မဟုတ်ချေ။

သူက ဖိုးလမင်းကို မျက်နှာမူလိုက်ပြီး အသက်ရှူသွင်းရှူထုတ်လိုက်သည်။

“ ရှူ ”

“ ထုတ် ”

“ ဝင်လေ ”

“ ထွက်လေ ”

အချိန်တစ်ခဏကြာသွားသည့်တိုင် သူက မည်သည့်အပြောင်းအလဲမှ မခံစားမိပေ။ ထို့ပြင် သူ၏ ခန္ဓာကိုယ်က လစန္ဒာ၏ အနှစ်သာရကို စုပ်ယူနေကြောင်း သူမခံစားမိပေ။ သို့သော်လည်း သူက လက်မလျော့ပေ။

သူက လစန္ဒာကို မျက်နှာမူထားပြီး အချိန်အတော်ကြာအောင် အသက်ရှူသွင်းရှူထုတ်လိုက်သည်။ ခေါင်းမာပြီး စိတ်ရှည်သော အကျင့်စရိုက်က သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်နေ၏။

သူ၏ ဇွဲကောင်းမှုက သူ့အား သန်စွမ်းသော ခွန်အားကို ပေးသည်။

သို့သော်လည်း မည်သို့ဖြစ်ပါစေ သူက အရွယ်မရောက်သေးသော ကျားတစ်ကောင်မျှသာ ဖြစ်၏။ ထို့ပြင် တစ်နေ့ခင်းလုံး သူက တောအုပ်ထဲမှာ ရူးသွပ်စွာ ပြေးလွှားနေခဲ့သည်။

သူကိုယ်တိုင်သတိမထားမိခင်မှာ ပင်ပန်းနွမ်းလျမှုက သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။ တောင်တန်းနှစ်ခုက သူ၏ မျက်ခွံပေါ်မှာ ရှိနေသည်ဟု သူခံစားမိသည်။ သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားသည်။

သူက ဆန္ဒမရှိသည့်တိုင် သူ၏ မျက်လုံးက မှိတ်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ငြိမ်သက်သွားပြီး သူ၏ အသိစိတ်က ဝေဝါးသွားသည်။ ထိုသို့ဖြင့် သူက ကျောက်တုံးကြီးပေါ်မှာ နှစ်ချိုက်စွာ အိပ်မောကျသွားသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လရောင်ခြည်က ကမ္ဘာမြေကို တိတ်တဆိတ် ဖြန့်ကြက်ထားဆဲပင်။

“ ဟူး ”

အချိန်တစ်ခဏကြာပြီးနောက် လစန္ဒာသည် မိုးကောင်းကင်၏ အလယ်ဗဟိုသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။ ယနေ့သည် လပြည့်ည ဖြစ်သည်။ သို့ဖြစ်၍ လရောင်ခြည်သည် ခါတိုင်းနေ့များထက် ပိုပြီးတောက်ပစွာ ကျဆင်းနေပြီး သက်ရှိအားလုံးကို အေးချမ်းစွာ လွှမ်းခြုံထားသည်။ လရောင်ခြည်သည် ကမ္ဘာမြေကို ငွေရောင်အလင်းလွှာတစ်ခုပမာ ဖုံးအုပ်ထားသည်။

ထိုအခိုက်အတန့်မှာ အရွယ်မရောက်သေးသော သားရဲဘုရင်တစ်ပါးဖြစ်သည့် သီရှီထျန်သည် ယနေ့ အလွန်ပင်ပန်းနွမ်းနယ်ခဲ့သောကြောင့် နောက်ထပ် တောင့်မခံနိုင်တော့ဘဲ ကျောက်တုံးကြီးပေါ်မှာ နှစ်ချိုက်စွာ အိပ်မောကျသွားသည်။ သူ၏ အသိစိတ်က ကန်ရေပြင်ပမာ တည်ငြိမ်အေးချမ်းနေသည်။ အိပ်ပျော်နေသည့်တိုင် သူ၏ အသက်ရှူသွင်းရှူထုတ်မှုက သဘာဝကျစွာ ဆက်လက် ဖြစ်ပေါ်နေဆဲပင်။ ဤသည်မှာ သူက အသက်ရှူသွင်းရှူထုတ်ခြင်း၏ နည်းစနစ်တစ်ခုကို ရှာတွေ့သွားသည့်အလားပင်။

ထွန်းလင်းတောက်ပသော လရောင်ခြည်က ကျောက်တုံးကြီးပေါ်သို့ ကျဆင်းနေသည်။ ထိုစဉ် ရိုးရှင်းပြီး သာမန်ဖြစ်ပုံပေါ်သော ကျောက်တုံးကြီးက လျှို့ဝှက်ဆန်းကြယ်သော ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ကျောက်တုံးကြီးက လစန္ဒာ၏ အနှစ်သာရကို စုပ်ယူဝါးမျိုနေသည့်အလားပင်။ ယင်းက အလွန်ထူးခြားဆန်းကြယ်၏။

အကယ်၍ တစ်စုံတစ်ယောက်က ဤအခိုက်အတန့်မှာ ထိုကျောက်တုံးကြီး၏ ဘေးမှာ ရှိနေလျှင် မှိန်ဖျော့သော အဖြူရောင်အလင်းလွှာတစ်ခုက ကျောက်တုံးကြီးကို လွှမ်းခြုံထားကြောင်း အံ့အားသင့်ဖွယ်ကောင်းစွာ မြင်တွေ့ရလိမ့်မည်။ ကျောက်တုံးကြီးပေါ်မှာ နှစ်ချိုက်စွာ အိပ်မောကျနေသော သီရှီထျန်က ထိုအလင်းလွှာမှတဆင့် အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိသွားဟန် ရ၏။ သူက အိပ်ပျော်နေရင်းပင် အသက်ရှူသွင်းရှူထုတ်ခြင်းကို သဘာဝကျစွာ လုပ်ဆောင်နေသည်။

သူအသက်ရှူသွင်းလိုက်တိုင်း ကျောက်တုံးကြီးပေါ်မှာ ထွန်းလင်းနေသော လရောင်ခြည်အမျှင်တန်းများက စက်ကရာ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များထဲသို့ တိုးဝင်သွားကြပြီး မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။

စက်ကရာမသိသည်မှာ ဤလောကတွင် မိစ္ဆာတစ်ကောင်ဖြစ်လာရန် အလွန်အမင်း ခက်ခဲလှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကံကြမ္မာကောင်းနှင့် အခွင့်အလမ်းကောင်းကို မရှာတွေ့လျှင် ဤဘဝမှာ မိစ္ဆာတစ်ကောင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ တောအုပ်ထဲမှ တိရိစ္ဆာန်တစ်သောင်းထဲမှာ မိစ္ဆာတစ်ကောင်ပေါ်ထွန်းလာရန် မဖြစ်နိုင်ပေ။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် မိစ္ဆာတစ်ကောင်ဖြစ်လာရန် လိုအပ်သော အခြေအနေများက အလွန်ခက်ခဲသည်။

ပထမဆုံး လိုအပ်ချက်မှာ သားရဲတစ်ကောင်သည် အသိဉာဏ်ရှိရမည်။ အသိဉာဏ်ရှိသော သက်ရှိများသာလျှင် ဝိညာဉ်အသိဉာဏ် ဖွင့်လှစ်နိုင်သော အခွင့်အရေးကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ ထိုအဆင့်ကို မိစ္ဆာမျိုးနွယ်စုတွင် “ ဉာဏ်အလင်းပွင့်ခြင်း ”ဟု ခေါ်သည်။

“ ဉာဏ်အလင်းပွင့်ခြင်း ”က ရိုးရှင်းဟန် ထင်ရသော်လည်း ယင်းက စိတ်ကူးထားသကဲ့သို့ မလွယ်ကူပေ။ တစ်စုံတစ်ယောက်က ကံကြမ္မာကောင်းနှင့် အခွင့်အလမ်းကောင်းကို မတွေ့ကြုံလျှင် “ ဉာဏ်အလင်းပွင့်ခြင်း ”ကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။

ဥပမာ အသိဉာဏ်ရှိသော တိရိစ္ဆာန်တစ်ကောင်က နှစ်တစ်ထောင်ဂျင်ဆင်း သို့မဟုတ် နှစ်တစ်ထောင်လင်ဇီးကို မတော်တဆ စားမိသွားသည့်အခါမျိုး ဖြစ်သည်။ ယင်းတို့က “ ဉာဏ်အလင်းပွင့်ခြင်း ”ကို ဖြစ်ပေါ်စေနိုင်သော ကံကြမ္မာကောင်းများ ဖြစ်ကြသည်။

“ ဉာဏ်အလင်းပွင့်ခြင်း ”ကို တွေ့ကြုံပြီး ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်သွားသည့်အခါ သူတို့၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်မှု ရှိလာလိမ့်မည်။ သူတို့က မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို သဘာဝအလျောက် အာရုံခံနိုင်ကြလိမ့်မည်။ ထို့ပြင် သူတို့၏ ဦးခေါင်းထက်မှ နေနှင့်လ၏ အနှစ်သာရကိုလည်း စုပ်ယူနိုင်ကြလိမ့်မည်။

သူတို့က သတိလက်လွတ်နေလျှင်ပင် သူတို့၏ ခန္ဓာကိုယ်က ပြင်ပစွမ်းအင်များကို အလိုအလျောက် စုပ်ယူနေပြီး ခန္ဓာကိုယ်ထဲမှာ စုစည်းထားလိမ့်မည်။ အချိန်အတော်ကြာ သို့မဟုတ် နှစ်ပေါင်းများစွာကြာ စုပ်ယူပြီးနောက် သူတို့၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအားက သန္ဓေတည်လာပြီး အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။

အမြူတေဓာတ်လုံး ပိုင်ဆိုင်သွားသည့်အခါ သူတို့၏ ဝိညာဉ်အသိဉာဏ်က ထပ်မံ တိုးမြှင့်သွားလိမ့်မည်။ ထိုအခါ သူတို့က နေနှင့်လ၏ အနှစ်သာရကို သူတို့ဘာသာ နည်းစနစ်တကျ ကိုယ်တိုင်စုပ်ယူနိုင်သွားလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်က အဆပေါင်းများစွာ ပိုပြီးသန်မာသွားလိမ့်မည်။ တစ်ချိန်တည်းမှာ သူတို့က အံ့ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်သွားကြလိမ့်မည်။

ထိုသို့သက်ရှိများကို မိစ္ဆာများဟု ခေါ်ကြသည်။ ထို့ပြင် သူတို့က အသွင်ပြောင်းလဲနိုင်သော စွမ်းအားကို ပိုင်ဆိုင်သွားကြလိမ့်မည်။

သို့သော် ထိုသို့အသွင်ပြောင်းလဲရာတွင် လျှို့ဝှက်ချက်တစ်ခု ရှိသည်။ အကယ်၍ သူတို့က ထိုလျှို့ဝှက်ချက်ကို နားမလည်ထားလျှင် အသွင်ပြောင်းလဲပြီး စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။

မိစ္ဆာများသည် တိရိစ္ဆာန်များမှ အသွင်ပြောင်းလဲသွားသော သက်ရှိများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် တိရိစ္ဆာန်များသည် မိုးမြေစွမ်းအားကို မည်သို့စုပ်ယူသင့်ကြောင်း မသိကြလေရာ သူတို့က မည်သို့အသွင်ပြောင်းလဲနိုင်မည်နည်း။ သူတို့ဆီမှာ ဝိညာဉ်အသိဉာဏ်ပင် မရှိပေ။

သို့ဖြစ်လေရာ မိစ္ဆာတစ်ကောင်ဖြစ်လာရန် မည်မျှခက်ခဲကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

ယင်းက အလွန်ခက်ခဲလှသည်။

ယင်းက ကောင်းကင်ဘုံသို့ တတ်လှမ်းရသော လုပ်ငန်းစဉ်နှင့် မခြားပေ။

သီရှီထျန်သည် ကျားတစ်ကောင်အဖြစ် မွေးဖွားလာခဲ့သည်။ သူ့မှာ မွေးကတည်းက ဝိညာဉ်အသိဉာဏ်ရှိသည်။ ထို့ပြင် သူက လူသားတစ်ယောက်ကဲ့သို့ စဉ်းစားတွေးတောနိုင်သည်။ ထို့ကြောင့် သူက “ ဉာဏ်အလင်းပွင့်ခြင်း ”အဆင့်ကို လွယ်ကူစွာ ဖြတ်ကျော်သွားခဲ့သည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစားလျှင် သူက မွေးရာပါမိစ္ဆာတစ်ကောင် ဖြစ်သည်။ သူက မိစ္ဆာတစ်ကောင်ဖြစ်လာရန် အလားအလာအရှိဆုံး သက်ရှိဖြစ်သည်။

ကံကြမ္မာဆိုးဟူသည် ကောင်းချီး၏ ရုပ်ဖျက်မှုတစ်မျိုး ဖြစ်သည်။

ကျားတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် သူ့မှာ ဝိညာဉ်အသိဉာဏ်ရှိလာပြီး လူသားတစ်ယောက်၏ အသိစိတ်ကို ပိုင်ဆိုင်သွားသည်။ အတိတ်မှာ သူက နေနှင့်လ၏ အနှစ်သာရ သို့မဟုတ် မိုးမြေကြားထဲမှ ဝိညာဉ်စွမ်းအားကို မည်သို့စုပ်ယူသင့်ကြောင်း တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ သူက ယင်းကို တစ်ခါမှ မစဉ်းစားခဲ့ဖူးလေရာ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။ သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်သည် မိုးမြေ၏ ဝိညာဉ်စွမ်းအားနှင့် တစ်ခါမှ မထိတွေ့ခဲ့ဖူးပေ။

ထို့ကြောင့် သူက တခြားတိရိစ္ဆာန်များနှင့် ထူးထူးခြားခြား ကွဲပြားနေသည်ဟု မခံစားမိခဲ့ပေ။ သူက အနည်းငယ် ဉာဏ်ပိုကောင်းရုံသာ ဖြစ်သည်။

သို့သော် မသေမျိုးကျင့်ကြံသူများကို မြင်တွေ့ပြီးနောက် ဤလောကအပေါ် သူ၏ အမြင်က လုံးဝ ပြောင်းလဲသွားသည်။ ဤလောကက ကျင့်ကြံခြင်းလောကဖြစ်ကြောင်း သူနားလည်သဘောပေါက်သွားသည်။

ထို့ကြောင့် သူက နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန် စတင်ကြိုးစားခဲ့သည်။

သို့သော်လည်း သူ့မှာ အခြေခံအုတ်မြစ်မရှိပေ။ သူက ပါးစပ်ဟ၍ အသက်ရှူသွင်းရှူထုတ်ရုံသာ ပြုလုပ်နိုင်၏။ သူ့ဆီမှာ သဘာဝအလျောက် စွမ်းအားစုပ်ယူနိုင်သော အခြေအနေသို့ ဝင်ရောက်နိုင်သည့် နည်းလမ်းမရှိပေ။ သို့ဖြစ်လေရာ လရောင်ခြည်၏ စွမ်းအားကို မည်သို့သူအာရုံခံနိုင်မည်နည်း။

ထို့ကြောင့် နာရီပေါင်းများစွာကြာ အသက်ရှူသွင်းရှူထုတ်ပြုလုပ်ခဲ့သည့်တိုင် သူက မည်သည့်အပြောင်းအလဲကိုမှ မခံစားမိခဲ့ပေ။

… … …

အကယ်၍ ကျောက်တုံးကြီးပေါ်မှာ သူလဲလျောင်းနေသောကြောင့် မဟုတ်လျှင် သီရှီထျန်က မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို နောက်ဆုံးမှာ အာရုံခံနိုင်သွားသည်ဆိုလျှင်ပင် ယင်းက ယခုကဲ့သို့ အချိန်ခဏလေးအတွင်း အောင်မြင်နိုင်သောအရာ မဟုတ်ပေ။ ယင်းက အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လ ကြာမြင့်လိမ့်မည်။

ယခု သူက တစ်လ သို့မဟုတ် နှစ်လ ကြာမြင့်မည့် အရာကို ကျောက်တုံးကြီး၏ အကျိုးကျေးဇူးကြောင့် တစ်ညတည်းဖြင့် လုပ်ဆောင်နိုင်သွားသည်။

သီရှီထျန်က အိပ်မောကျနေရင်း အသက်ရှူသွင်းရှူထုတ်ခြင်းကို ပြုလုပ်နေသည်။

လစန္ဒာ၏ အနှစ်သာရက သူ၏ မွေးညင်းပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် တိုးဝင်လာနေသည်။ အေးမြသော စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားနေသည်။ ယင်းက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ဖြတ်သန်းစီးဆင်းသွားသည်။

စွမ်းအင်စီးကြောင်းက တစ်ပတ်ပြည့်အောင် လှည့်ပတ်သွားသည့်အခါ နွေးထွေးသော ခံစားမှုက သူ၏ ကြွက်သားအားလုံးနှင့် ပေါင်းစပ်သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်က ကြီးမားစွာ ပြောင်းလဲသွားသည်။ သူက ယနေ့တွင် တစ်နေ့ခင်းလုံး မရပ်မနား ပြေးလွှားနေခဲ့သည်။ ကြီးမားသော ပင်ပန်းမှုဒဏ်ကြောင့် သူက မျက်စိမဖွင့်နိုင်ဘဲ နှစ်ချိုက်စွာ အိပ်မောကျသွားသည်။

ထိုသို့အိပ်မောကျနေစဉ် အလွန်သက်တောင့်သက်သာရှိသော ခံစားမှုက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားနေကြောင်း သူခံစားမိသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်တစ်သိန်းရှစ်ထောင်စလုံးကို ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိစေသည်။

ယင်းက မေမေကျားဖြူ၏ ရင်ခွင်ထဲမှာ သူလဲလျောင်းခဲ့စဉ်က ခံစားမိခဲ့သော နွေးထွေးမှုနှင့် တူညီပေသည်။

လစန္ဒာက ကွယ်ပျောက်သွားပြီး အရှေ့အရပ်မှ နေထွက်လာသည့်အခါ ညအချိန်က နေ့အချိန်သို့ ကူးပြောင်းသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ လရောင်ခြည်က လွင့်ပြယ်သွားပြီး အနီရောင်နေလုံးက အရှေ့အရပ်မှ ဖြည်းဖြည်းချင်း ပေါ်လျှိုးလာသည်။ နေလုံး၏ ပထမဆုံး ရွှေရောင်အလင်းက ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျလာသည်။

နွေးထွေးသော နေရောင်ခြည်က သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ သူက နှစ်ချိုက်စွာ အိပ်မောကျနေခြင်းမှ ပြန်နိုးလာသည်။

“ အမ်… ငါဘာဖြစ်နေတာလဲ… ငါ့ခန္ဓာကိုယ်က စွမ်းအားတွေနဲ့ ပြည့်လျှံနေတယ်လို့ ငါခံစားမိတယ် ”

သီရှီထျန်သည် ပြန်နိုးလာသည်နှင့်ချက်ချင်း သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများကို ချက်ချင်း ခံစားမိသွားသည်။ မနေ့က သူခံစားမိခဲ့သော ပင်ပန်းနွမ်းလျမှုက ယခု လုံးဝ ပျောက်ကင်းသွားသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီမှာ စွမ်းအားဖြင့် ပြည့်လျှံနေကြောင်း သူခံစားမိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးက ပွက်ပွက်ဆူနေလေရာ သူက ပျော်ရွှင်စွာ မညည်းညူဘဲ မနေနိုင်ပေ။

သီရှီထျန်က လေးနက်စွာ တွေးတောလိုက်သည်။ သူက ကျောက်တုံးကြီးပေါ်မှာ မတ်တတ်ရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ မျက်လုံးမှိတ်ထားစဉ် သူက ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို တိတ်တဆိတ် အာရုံခံလိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်မာလာသည်။ ထို့ပြင် စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။ ထိုစွမ်းအင်စီးကြောင်းက အဆုံးမဲ့စွာ စီးဆင်းနေဟန် ရ၏။ စွမ်းအင်စီးကြောင်းက တစ်ပတ်ပြည့်သွားတိုင်း ဖော်မပြနိုင်သော သက်တောင့်သက်သာရှိမှုက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးထံမှ ပေါ်လျှိုးလာသည်။

ကြည့်ရသည်မှာ ယင်းက သွေးချီလှည့်ပတ်မှု ဖြစ်ဟန်တူသည်။

All Chapters