← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

“ ဝေါင်း ”

သီရှီထျန်သည် ကျောက်တုံးကြီးပေါ်မှာ ရပ်နေရင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ နှလုံးသားထဲမှ သံသယများကို အချိန်တစ်ခုအထိ မေ့ထားရန် သူဆုံးဖြတ်လိုက်သည်။

မည်သို့ဖြစ်ပါစေ နေနှင့်လ၏ အနှစ်သာရကို အမှန်တကယ် သူစုပ်ယူနိုင်သည်လော ညရောက်လျှင် စမ်းသပ်ကြည့်နိုင်လိမ့်မည်။

ယခုအချိန်က ယင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဝမ်းဗိုက်ထဲမှာ တဂွီဂွီမြည်နေသောကြောင့်ပင်။ ယင်းက သူ့ကို စိတ်မသက်မသာ ခံစားရစေသည်။

“ ငါအမဲလိုက်တော့မယ် ”

ထိုအတွေးက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက အရွယ်ရောက်ပြီးသား ကျားတစ်ကောင်မဟုတ်သော်လည်း သူ၏ အမဲလိုက်စွမ်းရည်က သာမန်မဟုတ်ပေ။ သူက နှစ်ဝက်ကြာအောင် သူ၏ ခန္ဓာကိုယ်ကို ပုံသွင်းထုဆစ်ခဲ့သည်မဟုတ်ပါလော။

ယခု မေမေကျားဖြူက အဖမ်းခံလိုက်ရလေရာ မိခင်နို့ကို နောက်ထပ် သူစို့နိုင်တော့မည် မဟုတ်ချေ။ ယခုအချိန်မှစ၍ ဤတောအုပ်ထဲမှာ ဆက်ပြီး အသက်ရှင်နိုင်ရန်အလို့ငှာ သူ့ကိုယ်သူသာ မှီခိုအားထားရလိမ့်မည်။

သူက ကျောက်တုံးကြီးပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်သည်။ သူ၏ ခြေလေးချောင်းက မြေကြီးပေါ်မှာ မြန်ဆန်စွာ ပြေးသွားသည်။ ယခု သူပြေးသွားနေသော ဦးတည်ရာက လှိုဏ်ဂူဆီသို့ မဟုတ်ပေ။ ယင်းအစား ရေတံခွန်အောက်မှ ချိုင့်ဝှမ်းဆီသို့ ဖြစ်သည်။

ချိုင့်ဝှမ်းထဲမှာ ရေကန်ရှိသည်။ တောအုပ်ထဲမှ တိရိစ္ဆာန်အမျိုးမျိုးသည် ရေသောက်ရန် ချိုင့်ဝှမ်းဆီသို့ ဆင်းလာကြလေ့ရှိသည်။ သို့ဖြစ်၍ သီရှီထျန်အတွက် သားကောင်ရှာဖွေရန် မခက်ခဲပေ။ သားကောင်ကို အမိဖမ်းနိုင်သော အရည်အချင်း သူ့ဆီမှာ ရှိရန်သာ လိုအပ်သည်။

ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ သီရှီထျန် ရောက်သွားသည့်အခါ သူက အထဲသို့ ချက်ချင်း မခုန်ဝင်သွားပေ။ ယင်းအစား သူက ချိုင့်ဝှမ်း၏ ဝင်ပေါက်နားမှာ သူ၏ ခန္ဓာကိုယ်ကို ဂရုတစိုက် ဖုံးကွယ်လိုက်ပြီး ချိုင့်ဝှမ်းထဲသို့ စစ်ဆေးကြည့်လိုက်သည်။

ချိုင့်ဝှမ်းထဲတွင် အရပ်ရှည်သော ဝံပုလွေတစ်ကောင်က ရေကန်ဘေးမှာ ရပ်နေကြောင်း သူမြင်သွားသည်။ ဝံပုလွေသည် ခေါင်းငုံ့၍ ရေကန်ထဲမှ ရေကို တစ်ကျိုက်ပြီးတစ်ကျိုက် အငမ်းမရ သောက်နေသည်။

“ လောလောဆယ် ရေကန်နားမှာ ဝံပုလွေတစ်ကောင်ပဲ ရှိတယ်… ခြောက်လကြာ မရပ်မနား လေ့ကျင့်ထားမှုအရ ဒီဝံပုလွေတစ်ကောင်လောက်တော့ ငါအမဲလိုက်နိုင်လောက်ပါတယ် ”

စက်ကရာသည် သူ၏ မြင်ကွင်းထဲမှ အထီးကျန်ဝံပုလွေကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက ခြောက်လကြာ အပြင်းအထန် လေ့ကျင့်ထားလေရာ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားအားလုံးဆီမှာ စွမ်းအားက ကိန်းအောင်းနေသည်။ သူက အရွယ်ရောက်ကျားတစ်ကောင်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာ အားနည်းသည်။ ထို့ပြင် မနေ့ညတွင် မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူသေချာမသိသော်လည်း သူ၏ ခန္ဓာကိုယ်က အဆပေါင်းများစွာ ပိုပြီးသန်မာသွားသည်။ ယင်းက ဝံပုလွေနှင့် တိုက်ခိုက်ရန် သူ့အား ပိုပြီးယုံကြည်မှုရှိစေသည်။

“ ဂရား ”

သူ့ကိုယ်ပိုင်ခွန်အားနှင့် ရန်သူ၏ ခွန်အားကို ချင့်ချိန်ပြီးနောက် သီရှီထျန်က နောက်ဆုံးမှာ စလှုပ်ရှားလိုက်သည်။ သူက ခြေထောက်နှစ်ချောင်းကို မြေကြီးပေါ်သို့ ဆောင့်လိုက်ပြီး ကြီးမားသော အရှိန်အဟုန်ဖြင့် လေထဲသို့ လွှားခနဲ ခုန်တတ်သွားသည်။

သူတစ်ချက်ခုန်လိုက်လေရာ ဆယ်မီတာအကွာအဝေးသို့ ရောက်ရှိသွားသည်။ အကြိမ်ရေအနည်းငယ် ခုန်ပြီးနောက် သူက ဝံပုလွေ၏ အနောက်သို့ ရောက်ရှိသွားသည်။ သူက အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လျက် ကောင်းကင်ပေါ်သို့ လွှားခနဲ ခုန်လိုက်သည်။ သူက ချွန်ထက်သော ကျားလက်သည်းများကို ထုတ်ဖော်လျက် ဝံပုလွေပေါ်သို့ ခုန်အုပ်လိုက်သည်။

တိမ်တိုက်သည် နဂါးနောက်သို့ လိုက်ရ၏။ လေပြင်းသည် ကျားနောက်သို့ လိုက်ရ၏။

အရှေ့သို့ သူခုန်အုပ်လိုက်သည်နှင့် ကြမ်းတမ်းသော လေပြင်းက သီရှီထျန်၏ အရှေ့မှာ ထွက်ပေါ်လာပြီး ဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

“ အာဝူး ”

တောအုပ်ထဲမှာ အသက်ရှင်နိုင်သူများသည် အတွေ့အကြုံရှိပြီး သတိကြီးသူများ ဖြစ်ကြသည်။ လေပြင်းတိုက်ခတ်မှုကို ခံစားမိသည်နှင့်ချက်ချင်း အခြေအနေမကောင်းတော့ကြောင်း ဝံပုလွေ သိလိုက်သည်။ ၎င်းက အလွန်သတိကြီးလေရာ ဘေးသို့ ခုန်လိုက်ပြီး လှိမ့်လိုက်သည်။

“ ဝှစ် ”

ထိုသို့ခုန်လိုက်သည့်အချိန် သီရှီထျန်၏ ချွန်ထက်သော ကျားလက်သည်းက ဝံပုလွေ၏ နောက်ကျောပေါ်သို့ ကျဆင်းသွားသည်။ အလွန်သန်မာသော ခွန်အား၏ တိုက်ခိုက်မှုအောက်မှာ ကျားလက်သည်းက ဝံပုလွေ၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားကို ဆုတ်ဖြဲလိုက်သည်။ သွေးက ဖြန်းခနဲ ပန်းထွက်လာပြီး ဝံပုလွေက မြေကြီးပေါ်မှာ လဲကျသွားသည်။ ၎င်းက နောက်တစ်ခါ ပြန်မထနိုင်တော့ပေ။

“ အာဝူး ”

“ အာဝူး ”

“ အာဝူး ”

သီရှီထျန်က သူ၏ ပထမဆုံး အမဲလိုက်မှုကို တိတ်တဆိတ် အောင်ပွဲခံတော့မည့်အချိန် အတိတ်နိမိတ်ဆိုးကို ရုတ်တရက် သူခံစားမိသွားသည်။ ထို့နောက် ချောက်ချားဖွယ်ကောင်းသော ဝံပုလွေအော်သံများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် ဝံပုလွေသုံးကောင်က အနီးနားမှ ထွက်လာကြသည်။ အစောနက သေဆုံးသွားသော ဝံပုလွေအပါအဝင်ဆိုလျှင် စုစုပေါင်း ဝံပုလွေလေးကောင် ရှိကြသည်။ သူတို့က ဤနေရာမှာ သားကောင်ကို ထောင်ချောက်ဆင်ဖမ်းရန် စီစဉ်ထားကြခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဝံပုလွေတစ်ကောင်က ၎င်း၏ ချွန်ထက်သော သွားအစွယ်များကို ဖော်ထုတ်လိုက်ပြီး သီရှီထျန်အပေါ်သို့ ခုန်အုပ်လိုက်သည်။

“ အဲ့ဒါ ထောင်ချောက်ပဲ ”

ထိုအတွေးက စက်ကရာ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ သူက တဒင်္ဂ ထိတ်လန့်သွားပြီးနောက် စိတ်တည်ငြိမ်စွာထားလိုက်သည်။ လပေါင်းများစွာကြာအောင် ပင်ပန်းဆင်းရဲစွာ သူလေ့ကျင့်ခဲ့ခြင်းက ယခုကဲ့သို့ အန္တရာယ်ကို သူရင်ဆိုင်နိုင်ရန် ဖြစ်သည်။

ဝံပုလွေတစ်ကောင်က သူ့ဆီသို့ ခုန်အုပ်လာကြောင်း မြင်သောအခါ သူက ဘေးသို့ အမြန်ခုန်ရှောင်လိုက်သည်။ သူက ကျားအမြှီးကို မြှောက်လိုက်ပြီး ကြာပွတ်သဖွယ် လွှဲရိုက်လိုက်သည်။ သူ၏ ကျားအမြှီးက လေထဲမှ ဝံပုလွေကို ကြမ်းတမ်းစွာ ထိမှန်သွားသည်။

“ ဘန်း ”

ကျားတစ်ကောင်တွင် တိုက်ခိုက်စွမ်းရည်သုံးမျိုး ရှိသည်။ ယင်းတို့က ခုန်အုပ်ခြင်း၊ မမြှောက်ခြင်းနှင့် လက်သည်းကုတ်ခြင်းတို့ ဖြစ်ကြသည်။ သို့သော်လည်း သီရှီထျန်က သူ၏ ကျားအမြှီးကို အထူးတလည် လေ့ကျင့်ထားသည်။

ထို့ကြောင့် သူ၏ အမြှီးသည် ပျော့ပျောင်းရုံသာမက ယင်းကို ကြာပွတ်သဖွယ် အားအကုန် လွှဲရိုက်မည်ဆိုလျှင် သစ်ပင်၏ ပင်စည်ကို ချိုးပစ်နိုင်သည်။

ကျားအမြှီးဖြင့် အရိုက်ခံလိုက်ရသော ဝံပုလွေသည် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ ၎င်းက အကြိမ်ရေအနည်းငယ် ရုန်းကန်ပြီးနောက် နောက်ထပ် ပြန်မထနိုင်တော့ပေ။

“ အာဝူး ”

“ အာဝူး ”

ယနေ့ ထိုဝံပုလွေများက မည်သို့ကြောင့် စိတ်ရူးပေါက်နေကြောင်း သူမသိပေ။ ဝံပုလွေများ၏ မျက်လုံးက အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်သော အလင်းက ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ကျန်ရှိသော ဝံပုလွေနှစ်ကောင်က ထွက်မပြေးကြပေ။ ယင်းအစား ၎င်းတို့က သီရှီထျန်ကို အကြမ်းပတမ်း တိုက်ခိုက်ကြသည်။

၎င်းတို့ဆီမှာ ထူးခြားသော တိုက်ခိုက်စွမ်းရည်မရှိပေ။ ၎င်းတို့က ခန္ဓာကိုယ်၊ သွားနှင့် လက်သည်းများကိုသာ အသုံးပြု၍ တိုက်ခိုက်ကြသည်။

သီရှီထျန်သည်လည်း ထို့နည်းတူပင်။ သူက သွားဖြင့် ကိုက်၍ လက်သည်းဖြင့် ကုတ်ကာ ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်သည်။ သူက ဤတိုက်ပွဲမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုနေသည်။

စက်ကရာသည် သားရဲဘုရင်တစ်ပါး ဖြစ်သည်။ သို့သော်လည်း သူ၏ ရန်သူများက ရက်စက်ကြမ်းကြုတ်သော တောတွင်းဥပဒေအောက်မှာ အသက်ရှင်သန်နေကြသော ဝံပုလွေအရိုင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ဤတိုက်ပွဲက လွန်စွာ ခက်ခဲကြမ်းတမ်းသည်။

“ ဂရား ”

တစ်ခဏကြာ တိုက်ခိုက်ပြီးနောက် သီရှီထျန်က အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်သည်။ သူ၏ လှုပ်ရှားမှုက လျှပ်စီးပမာ မြန်ဆန်သည်။ သူက ပါးစပ်ဟလိုက်ပြီး ဝံပုလွေအရိုင်းတစ်ကောင်၏ လည်ပင်းကို ကိုက်လိုက်သည်။

ယင်းကို နောက်ဆုံးဝံပုလွေ မြင်သောအခါ ရက်စက်ကြမ်းကြုတ်သော အကြည့်က ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယနေ့ ၎င်း၏ အမဲလိုက်မှုက ကျရှုံးသွားကြောင်း သိလိုက်သည်။ ဒဏ်ရာများက ၎င်း၏ တစ်ကိုယ်လုံးပေါ်မှာ ပြည့်နှက်နေသည်။ ထို့ကြောင့် ၎င်းက နောက်ထပ် တွေဝေမနေဘဲ ချိုင့်ဝှမ်းထဲမှ ထွက်ပြေးသွားသည်။

“ ဂါး… ဂါး ”

နောက်ဆုံးဝံပုလွေတစ်ကောင် ထွက်ပြေးသွားကြောင်း မြင်သောအခါ သီရှီထျန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက မသိစိတ်မှ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သို့သော် ယခု သူက ဝံပုလွေ၏ လည်ပင်းကို ကိုက်ထားလေရာ ဝံပုလွေ၏ သွေးက သူ၏ ပါးစပ်ထဲသို့ ဒလဟော စီးဝင်လာသည်။

“ ဂလု… ဂလု ”

သူက ဝံပုလွေသွေးကို ဗိုက်ထဲသို့ မျိုချလိုက်သည်။ ဝံပုလွေသွေးက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ပင်ပန်းနွမ်းလျနေသော သူ၏ ခန္ဓာကိုယ်ကို နွေးထွေးသွားစေသည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်နေသော စွမ်းအင်စီးကြောင်းက ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည်။ စွမ်းအင်စီးကြောင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံးဆီသို့ စီးဆင်းသွားသည်။ စွမ်းအင်စီးကြောင်းက တစ်ပတ်ပြည့်သွားတိုင်း သူ၏ ဝမ်းဗိုက်ထဲမှ ဝံပုလွေသွေးက သူ၏ အသွေးအသားများဖြင့် စတင်ပေါင်းစပ်သွားသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် ပူနွေးသော လေစီးကြောင်းတစ်ခု အသစ်ပေါ်ထွက်လာသည်။ အေးမြသော စွမ်းအား၏ ညွှန်ကြားမှုအောက်တွင် လေပူစီးကြောင်းက သူ၏ ခန္ဓာကိုယ်အနှံ့သို့ ရွေ့လျားသွားသည်။ လေပူစီးကြောင်း တစ်ပတ်ပြည့်အောင် လှည့်ပတ်သွားသည့်အခါ လေပူစီးကြောင်း၏ တစ်စိတ်တစ်ပိုင်းက အေးမြသော စွမ်းအားနှင့် ပေါင်းစပ်သွားသည်။

နောက်ဆုံးရလဒ်အနေဖြင့် ထူးဆန်းသော အအေးဓာတ်စွမ်းအားက ပိုပြီးသန်မာလာသည်။

သူ၏ စိတ်ဝိညာဉ်က သစ်လွင်လန်းဆန်းသွားသည်။

“ ဖြစ်နိုင်တာက အဲ့ဒါက ဒဏ္ဍာရီထဲမှာ ဖော်ပြထားတဲ့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းလား… အဲ့ဒါက မိစ္ဆာမျိုးနွယ်ရဲ့ ကျင့်စဉ်လား… သားရဲတွေရဲ့ အသွေးအသားကို ဝါးမျိုတာက စွမ်းအားကို ပိုပြီးသန်မာစေနိုင်တာလား ”

ထိုအတွေးက စက်ကရာ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေပေ။ သွေးသောက်ခြင်းက သူ့အတွက် အကျိုးရှိကြောင်း မြင်သောအခါ သူက နောက်တစ်ခါ ပါးစပ်ဟလိုက်ပြီး ဝံပုလွေသွေးကို အငမ်းမရ သောက်လိုက်သည်။ ဝံပုလွေသွေးက သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားသည့်အခါ ပိုမိုများပြားသော လေပူစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာကြသည်။

အကြောင်းအရင်းကို သူမသိသော်လည်း ယခု သွေးသောက်လိုက်သည့်အခါ ရွံရှာမှုနှင့် မနှစ်မြို့မှုကို လုံးဝ မခံစားမိပေ။ ယင်းအစား ချိုမြိန်မှုကို သူခံစားမိသည်။ သွေးသောက်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဆဲလ်များနှင့် အသွေးအသားများက ဝမ်းသာပျော်ရွှင်သွားဟန် ရ၏။

“ ငါ့ကို သွေးဆာတယ်လို့ အများပြောမှာ သောက်ဂရုစိုက်နေစရာ မလိုဘူး… အရေးကြီးဆုံးက အသက်ရှင်ဖို့ပဲ… ငါအသက်ရှင်ရမယ်… မိစ္ဆာတစ်ကောင်ဖြစ်လာအောင် ကျင့်ကြံဖို့ ငါအသက်ရှင်မှရမယ် ”

ဝံပုလွေသွေးကို သောက်သုံးပြီးနောက် သီရှီထျန်က ဝံပုလွေအသားကို ကိုက်ဖဲ့စားလိုက်သည်။ ထို့နောက် သူက ပုံမှန် သူအနားယူနေကျနေရာဖြစ်သော လှိုဏ်ဂူဆီသို့ ပြန်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်များ ရှိသည်။ အနီရောင်သွေးက သူ၏ အနက်ရောင်အမွှေးများပေါ်မှာ စွန်းထင်နေသည်။

တောအုပ်ထဲမှာ မီးမရှိပေ။ စက်ကရာသည် သစ်ကိုင်းများဖြင့် မီးမွှေးရန်လည်း ဆန္ဒမရှိပေ။ လှိုဏ်ဂူဆီသို့ သူပြန်ရောက်သွားသည့်အခါ ခြောက်ကပ်မှုနှင့် အေးစက်မှုကို ခံစားမိသွားသည်။ ယင်းက လူသားကျင့်ကြံသူနှစ်ယောက်အပေါ် သူ၏ အမုန်းတရားကို ပိုပြီးနက်ရှိုင်းစေသည်။

သူက ဝံပုလွေအသားကို ကိုက်ဖဲ့လိုက်ပြီး ဗိုက်ပြည့်သည်အထိ ဝါးမျိုစားသောက်လိုက်သည်။ သူက လှိုဏ်ဂူထဲမှာ လဲလျောင်းလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအင်စီးကြောင်းကို အာရုံခံစားကြည့်လိုက်သည်။

ထူးဆန်းသည်မှာ ထိုစွမ်းအင်စီးကြောင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေသော်လည်း ယင်းကို သူမထိန်းချုပ်နိုင်ပေ။ စွမ်းအင်စီးကြောင်းက သူ၏ ခန္ဓာကိုယ်ထဲ၌ အရှေ့မှ အနောက်သို့ သူ့ဘာသာ ရွေ့လျားနေလေသည်။

အစာစားသည့်အချိန်မှသာ ထိုစွမ်းအင်စီးကြောင်းက သက်ဝင်လှုပ်ရှားဟန် ရ၏။ ယင်းက မှော်ဆန်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အလား သူစားသောက်လိုက်သော အသွေးအသားများကို လေပူစီးကြောင်းများအဖြစ် ခြေဖျက်ပေးသည်။ ထိုလေပူစီးကြောင်းများက သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်စီးကြောင်းကို ပိုပြီးသန်မာစေသည်။

All Chapters