← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

ယခုအချိန်က နွေဦးကာလဖြစ်ပြီး ပန်ပေါင်းစုံ ပွင့်လန်းနေကြသည်။

ညအချိန်၏ အမှောင်ထုက တောအုပ်တစ်ခုလုံးကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားသည်။ မြင့်မားသော တောင်ကုန်းများ၊ တောင်တန်းများက အမှောင်ထုထဲမှာ ပုန်းကွယ်သွားကြသည်။ ညလေ တိုက်ခတ်လာသည့်အခါ တောအုပ်ထဲမှ သစ်ရွက်များက အချင်းချင်း ပွတ်တိုက်သွားကြပြီး ချောက်ချားဖွယ်ကောင်းသော အသံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ ကလေးငယ်တစ်ယောက် တီးတိုးရေရွတ်နေသည့်အလားပင်။

နေ့ဘက်တွင် မရပ်မနား တေးသံသီကျူးနေသော ငှက်များက ဤအခိုက်အတန့်မှာ သူတို့၏ အသိုက်များဆီသို့ ပြန်သွားကြသည်။ ညဘက်အင်းဆက်များသည်တော့ သူတို့၏ တာဝန်အတိုင်း မရပ်မနား အော်မြည်နေကြသည်။

ကောင်းကင်ယံ၌ ကြယ်များဖြင့် ပြည့်နှက်နေသည်။ ယင်းတို့က စစ်တုရင်ခုံပေါ်မှ ကျားစေ့များသဖွယ် အောက်မေ့ရသည်။ လခြမ်းကွေးက ကောင်းကင်၏ အမြင့်တစ်နေရာမှာ တည်ရှိနေစဉ် လရောင်ခြည်က ခါတိုင်းကဲ့သို့ ကမ္ဘာမြေပေါ်သို့ ဖြာဆင်းကျလာသည်။

အနက်ရောင်ကျားတစ်ကောင်သည် တောအုပ်ထဲမှာ တိတ်ဆိတ်စွာ ရွေ့လျားနေသည်။ ၎င်း၏ ခန္ဓာကိုယ်က မည်းနက်နေလေရာ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသည်။ တစ်စုံတစ်ယောက်သည် သေချာမကြည့်လျှင် ၎င်းကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။

စက်ကရာ ဦးတည်သွားနေသော နေရာသည် မနေ့ညက သူအိပ်ပျော်သွားခဲ့သော ကျောက်တုံးကြီးထံသို့ ဖြစ်သည်။

မနေ့ညမှ အပြောင်းအလဲများကြောင့် ဖြစ်နိုင်၏။ သူ၏ အစာစားချင်သော အာသီသက ကြီးမားစွာ တိုးပွားလာသည်။ သူက မနက်ခင်းတွင် အမဲလိုက်ခဲ့သော ဝံပုလွေသုံးကောင်ကို အကုန်စားသောက်ခဲ့သည်။ လှိုဏ်ဂူထဲမှာ သူလဲလျောင်းနေစဉ် သူစားသုံးလိုက်သော အသွေးအသားများက စွမ်းအားအဖြစ် ဆက်တိုက် ပြောင်းလဲသွားနေကြောင်း ခံစားမိသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသော ဆန်းကြယ်စွမ်းအင်စီးကြောင်းက ပိုပြီးသန်မာလာသည်။

ထိုသို့ပြောင်းလဲသွားခြင်းက အလွန်မြန်ဆန်သည်။ သို့ဖြစ်၍ သူ့ဗိုက်ထဲမှ အသွေးအသားအစာက ခဏလေးအတွင်း အစာခြေဖျက်ခံလိုက်ရ၏။ တစ်မနက်ပြီးနောက် ဝံပုလွေသုံးကောင်ဆီမှာ အရိုးများသာ ကျန်တော့သည်။

ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။

စက်ကရာသည် ကျောက်တုံးကြီး၏ တည်နေရာဆီသို့ လျှောက်သွားနေရင်း နက်နဲစွာ တွေးတောလိုက်သည်။

“ ဘာလို့ နေနဲ့လရဲ့ အနှစ်သာရကို ငါမစုပ်ယူနိုင်သေးတာလဲ… ငါအသက်ရှူသွင်းရှူထုတ်လိုက်တိုင်း လေကိုပဲ စုပ်ယူမိတယ်… အဲ့ဒါက စွမ်းအားမဟုတ်ဘူး… ဒါပေမဲ့ နေနဲ့လရဲ့ အနှစ်သာရကို ငါမစုပ်ယူနိုင်ဘူးဆိုရင် ငါ့ခန္ဓာကိုယ်ထဲက ဆန်းကြယ်စွမ်းအင်စီးကြောင်းက ဘယ်ကနေ ရောက်လာတာလဲ ”

သူက ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားလေရာ သူ့မှာ ဉာဏ်ပညာနှင့် တွေးတောနိုင်သော အသိဉာဏ်ရှိသည်။ သီရှီထျန်သည် ပြန်လည်မွေးဖွားလာကတည်းက လူသားတစ်ယောက်၏ ဉာဏ်ရည်ကို ပိုင်ဆိုင်ခဲ့သည်။

ထို့ကြောင့် ပြဿနာတစ်ခုနှင့် သူရင်ဆိုင်ရသည့်အခါ ယင်းကို ကြုံရာကျပန်း ကောက်ချက်မချပေ။ ယင်းအစား သူက အဖြေကို တိတ်ဆိတ်စွာ တွေးတောစဉ်းစားလိမ့်မည်။

စိတ်ရှုပ်ထွေးခြင်း… ။

သီရှီထျန်က စိတ်ရှုပ်ထွေးနေသည်။

ကျင့်ကြံခြင်းလမ်းစဉ်နှင့်ပတ်သက်၍ သူ့မှာ မည်သည့်အတွေ့အကြုံမှ မရှိပေ။ သူက ယောင်ဝါးဝါးသာ စတင်နိုင်သည်။ သူက ဦးနှောက်ကို မည်မျှအလုပ်ပေးပါစေ ဇစ်မြစ်ကို မရှာဖွေနိုင်သေးပေ။ သူက ခေါင်းယမ်းလိုက်ပြီး ထိုကိစ္စကို ယာယီဘေးချိတ်ထားလိုက်သည်။

ယနေ့ညအတွက် အသွေးအသားကို ဗိုက်ပြည့်သည်အထိ စားသုံးပြီးနောက် လကို မြင်သောအခါ သူက နောက်ထပ် မနေနိုင်ဘဲ လှိုဏ်ဂူအပြင်သို့ ထွက်လျှောက်လာခဲ့သည်။ သူက လှိုဏ်ဂူအဝတွင် ရပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူက လစန္ဒာကို မျက်နှာမူ၍ အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။ သူက နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန် နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။

သို့သော် လက်တွေ့က သူ၏ မျှော်လင့်ထားမှုနှင့် တစ်ထပ်တည်းမကျပေ။

သူက နာရီဝက်ကြာသည်အထိ မရပ်မနား လုပ်ဆောင်ခဲ့သည်။ ရလဒ်သည် မနေ့ညက သူအိပ်မပျော်သွားခင်ကနှင့် အတူတူပင်။ နေနှင့်လ၏ အနှစ်သာရကို စိုးစဉ်းမျှ သူမစုပ်ယူမိပေ။

ထိုရလဒ်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ထိုသို့စိတ်ရှုပ်ထွေးနေစဉ် နေရာမတူညီခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူတွေးမိသွားသည်။ မနေ့ညက သူက ရေတံခွန်ပေါ်မှာ ရှိနေခဲ့သည်။ ရေတံခွန်သည် ချိုင့်ဝှမ်းထဲသို့ ဒေါင်လိုက် ကျဆင်းနေသည်။ ယခု သူရှိနေသော နေရာသည် သေးငယ်သော တောင်ကုန်းတစ်ခုပေါ်မှာ ဖြစ်သည်။

ထိုသို့စဉ်းစားမိသောအခါ သီရှီထျန်၏ နှလုံးသားထဲ၌ မျှော်လင့်ချက်အလင်းရောင် ထပ်မံ ထွက်ပေါ်လာသည်။ ထို့ကြောင့် ညအချိန်တွင် သူက ရေတံခွန်ရှိသော နေရာဆီသို့ ထွက်လာခဲ့သည်။

တောအုပ်ထဲတွင် အန္တရာယ်အများဆုံးအချိန်က ညဘက်ဖြစ်သည်။ နေ့ဘက်တွင် ပုန်းအောင်းနေကြသော တိရိစ္ဆာန်များသည် အစာရှာရန်အတွက် သူတို့၏ လှိုဏ်ဂူထဲမှ ထွက်လာကြသည်။ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှာ သားရဲဘုရင်အရှိန်အဝါရှိသည်။ ထို့ပြင် သူက မနက်မှာ ပထမဆုံးအကြိမ် အမဲလိုက်ခဲ့လေရာ သတ်ဖြတ်ခြင်းအရှိန်အဝါ တစ်စွန်းတစ်စက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်ဝဲနေသည်။

ထို့ကြောင့် တောအုပ်ထဲမှာ သူလမ်းလျှောက်နေစဉ် သားရဲအရိုင်းများက သူ့အား မတိုက်ခိုက်ဝံ့ကြပေ။

သူက မနေ့ညက နေထိုင်ခဲ့သော ရေတံခွန်ဆီသို့ မရောက်ခင်အထိ မရပ်ခဲ့ပေ။ သူ၏ ကျားမျက်လုံးသည် အမှောင်ညထဲမှာပင် ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိသည်။ သူ၏ အရှေ့မှာ မြစ်တစ်စင်းရှိသည်။ မြစ်သည် ပိုပြီးမြင့်သော တောင်ထွတ်တစ်ခုမှ စီးဆင်းလာသည်။ ယင်းက သဘာဝအလျောက်ဖြစ်ပေါ်နေသော ရေတံခွန်ဖြစ်သည်။ ရေတံခွန်က တောင်ထွတ်ပေါ်မှ ဒေါင်လိုက် စီးဆင်းနေသည်။

မြစ်၏ ဘေးတွင် ထင်းရှူးပင်တချို့ တည်ရှိကြသည်။ ထိုနေရာမှာ အရွယ်အစား ကြီးမားသော ကျောက်တုံးတစ်တုံးလည်း တည်ရှိသည်။ ကျောက်တုံး၏ ပုံသဏ္ဍာန်က ဧရာမဥတစ်လုံးနှင့် ဆင်တူသည်။ ယင်းက ဘဲဥပုံသဏ္ဍာန်ရှိပြီး မျက်နှာပြင်က အလွန်ချောမွေ့သည်။ လရောင်ခြည်က ကျောက်တုံးပေါ်သို့ ကျဆင်းလာသည့်အခါ ယင်းက အလင်းပြန်မှုကို ဖြစ်ပေါ်စေသည်။ ယင်းက သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ဟန်တူသည်။

သီရှီထျန်သည် ကျောက်တုံးကြီးကို မြင်သော်လည်း ယင်းကို သိပ်အလေးမထားပေ။ သူက လဲလျောင်းရန် သင့်တော်သော နေရာတစ်နေရာကို ရှာဖွေချင်ရုံသာ ဖြစ်၏။ ကျောက်တုံးကြီးက ထိုအတွက် အထူးသင့်တော်သည်။ ထို့ကြောင့် သူက နောက်ထပ် ရှာဖွေမနေဘဲ ကျောက်တုံးကြီးပေါ်သို့ ခုန်တတ်လိုက်သည်။

“ ဝင်လေ ”

“ ထွက်လေ ”

သူက လျှာဖြင့် အပေါ်မေးရိုးကို ထောက်၍ ခေါင်းမော့လိုက်သည်။ သူက ဦးခေါင်းထက်မှ လစန္ဒာကို မျက်နှာမူ၍ အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။ အသက်ရှူထုတ်သည့်အခါတွင် သူက ဝမ်းဗိုက်ထဲမှ ညစ်ညမ်းမှုကို မှုတ်ထုတ်ချင်သည်။ အသက်ရှူသွင်းသည့်အခါတွင် သူက နေနှင့်လ၏ အနှစ်သာရကို စုပ်ယူချင်သည်။

လရောင်ခြည်က ကျောက်တုံးကြီးပေါ်မှာ ထွန်းလင်းလာပြီး ငွေရောင်အလင်းလွှာတစ်ခုကို ရောင်ပြန်နေသည်။ ဘေးပတ်ဝန်းကျင်မှ လရောင်ခြည်က ဤနေရာမှာ တိတ်တဆိတ် စုဝေးသွားသည်။ ယင်းက လစန္ဒာ၏ အနှစ်သာရ ဖြစ်သည်။ ကျောက်တုံးကြီးပေါ်၌ ယင်းတို့ စုဝေးသွားသည့်အခါ လစန္ဒာ၏ အနှစ်သာရတချို့က သီရီထျန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ယင်းတို့က မရေမတွက်နိုင်သော မွေးညင်းပေါက်များမှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။

“ အမ်… တုံ့ပြန်မှုရှိတယ် ”

စက်ကရာသည် အသက်ရှူသွင်းရှူထုတ် ပြုလုပ်နေစဉ် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်ရန် မျှော်လင့်နေသည်။ ထိုစဉ် အကြောင်းအရင်းကို သူမသိသော်လည်း ထူးဆန်းသောအရာကို ရုတ်တရက် ခံစားမိသွားသည်။ ဤအခိုက်အတန့်မှာ အေးမြသော စွမ်းအင်အမျှင်တန်းများက သူ၏ မွေးညင်းပေါက်များကို ဖြတ်သန်း၍ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်စီးကြောင်းသည်လည်း သက်ဝင်လှုပ်ရှားလာသည်။

စွမ်းအင်စီးကြောင်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ စိတ်လှုပ်ရှားစွာ လှည့်ပတ်စီးဆင်းသွားသည်။ စွမ်းအင်စီးကြောင်းက အေးမြသော အမျှင်တန်းတစ်ခုကို ဝါးမျိုလိုက်တိုင်း အနည်းငယ် ပိုပြီးသန်မာလာသည်။ ထိုအခြေအနေက သီရှီထျန်ကို အလွန်စိတ်လှုပ်ရှားစေသည်။

“ ငါတကယ်ပဲ နေနဲ့လရဲ့ အနှစ်သာရကို စုပ်ယူနိုင်တာလား ”

ထိုအတွေးက သူ၏ အသိစိတ်ထဲမှာ လှည့်ပတ်နေသည်။ သို့သော် သူက ယင်းကို အများကြီး မတွေးနေပေ။ သူက အသက်ရှူသွင်းရှူထုတ်ခြင်းကို ပြန်အာရုံစိုက်လိုက်သည်။ နေနှင့်လ၏ အနှစ်သာရ ရုတ်တရက် ပျောက်ဆုံးသွားမည်ကို သူစိုးရိမ်သည်။

သူက စွမ်းအင်စီးကြောင်း၏ ရွေ့လျားမှုကို တိတ်တဆိတ် အာရုံခံလိုက်သည်။ သူက ထူးဆန်းသော အခြေအနေမှာရှိနေကြောင်း သီရှီထျန် မသိပေ။

ထိုအခြေအနေတွင် သူ၏ အသိစိတ်က ဖော်မပြနိုင်အောင် အေးချမ်းနေသည်။ သူက မျက်လုံးမဖွင့်ထားသော်လည်း သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်နေဟန် ရ၏။

စကားဖြင့် ဖော်မပြနိုင်သော ထိုအခြေအနေက အချိန်ကာလတစ်ခုအထိ ကြာမြင့်သွားသည်။

ယခု သီရှီထျန်သည် သူ၏ မွေးညင်းပေါက်များထဲသို့ တိုးဝင်လာနေသော နေနှင့်လ၏ အနှစ်သာရက ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ခံစားမိသွားသည်။ သူက လျှို့ဝှက်ဆန်းကြယ်သော အခြေအနေမှ ပြန်နိုးလာသည်။ သူခေါင်းမော့လိုက်သည့်အခါ အနီရောင်နေလုံးက အရှေ့အရပ်မှ စတင်ထွက်ပေါ်လာနေကြောင်း မြင်သွားသည်။

မနက်ခင်းအချိန်သို့ ကူးပြောင်းသွားပြီ ဖြစ်၏။

“ ဂျွတ်… ဂျွတ် ”

သူက ခန္ဓာကိုယ်ကို အကြောအခြင်ဆန့်လိုက်သည်။ ထိုအခါ ကျယ်လောင်သော မြည်သံက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်လာသည်။ ဤသည်မှာ ပြောင်းဖူးစေ့ကို မီးအပူပေးလိုက်သည့်အလားပင်။ သူ၏ အရိုးများက “ ဂျွတ် ဂျွတ် ” မြည်သွားသည်။

ထိုသို့အရိုးအဆစ်ချိုးသံ ထွက်ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိသွားသည်။ သူ၏ ခန္ဓာကိုယ်ဖြစ်စေ သို့မဟုတ် သူ၏ အသိစိတ်ဖြစ်စေ ဖော်မပြနိုင်သော အခြေအနေသို့ ဝင်ရောက်သွားသည်။

“ ဝေါင်း ”

စိတ်လှုပ်ရှားမှုကြောင့် သီရှီထျန်သည် မဟိန်းဘဲ မနေနိုင်ပေ။ သူဟိန်းဟောက်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်စွမ်းအင်စီးကြောင်းက သက်ဝင်လှုပ်ရှားလာပြီး သူ၏ လည်ချောင်းထံသို့ အမြန်ရွေ့လျားလာသည်။ သို့သော် စွမ်းအင်စီးကြောင်းက သူ၏ ဟိန်းသံနှင့် ပေါင်းစပ်တော့မည့်အချိန် ထူးဆန်းသော တစ်စုံတစ်ရာ၏ တားဆီးခံလိုက်ရသည်။ ထိုအတားအဆီးက အလွန်ခိုင်မာလေရာ စွမ်းအင်စီးကြောင်းက ယင်းကို မချိုးဖြတ်နိုင်ပေ။

သို့တိုင် ဤဟိန်းသံက ခါတိုင်းထက် အများကြီး ပိုကျယ်လောင်သည်။ တစ်ခါမှ မဖြစ်ပေါ်ဖူးသော ကျားအရှိန်အဝါက ထိုထဲမှာ ကိန်းအောင်းနေသည်။ ဤအခိုက်အတန့်မှာ သားရဲဘုရင်တစ်ပါး၏ တည်ရှိမှုက တောအုပ်ထဲမှာ ထွက်ပေါ်လာသည်။

ကျားဟိန်းသံ ထွက်ပေါ်လာသည့်အခါ မနက်ခင်းအချိန်၌ တောအုပ်က ပေါက်ကွဲသွားဟန် ရ၏။ အရေအတွက်များပြားသော တိရိစ္ဆာန်များက ကြောက်လန့်တကြား အဝေးသို့ ထွက်ပြေးသွားကြသည်။

“ ကြည့်ရတာ နေနဲ့လရဲ့ အနှစ်သာရကို တကယ် ငါစုပ်ယူနိုင်တဲ့ပုံပဲ… မနေ့ညက ငါစုပ်ယူပြီးတဲ့နောက် ငါ့ခန္ဓာကိုယ်ထဲက ဆန်းကြယ်စွမ်းအင်စီးကြောင်းက နှစ်ဆပိုပြီးသန်မာလာတယ်… ငါသာ လက်မလျော့ဘဲ ဇွဲရှိရှိ ကြိုးစားမယ်ဆိုရင် မိစ္ဆာတစ်ကောင်ဖြစ်လာပြီး အမြူတေဓာတ်လုံး ဖွဲ့စည်းနိုင်လိမ့်မယ် ”

ယခု သီရှီထျန်၏ နှလုံးသားထဲမှာ အဆုံးမဲ့ယုံကြည်မှုဖြင့် ပြည့်နှက်သွားသည်။ သူပိုပြီးသန်မာလာသည့်အခါ မေမေကျားဖြူနှင့် သူ၏ ညီငယ်ညီမငယ်ကို သွားရှာဖွေနိုင်လိမ့်မည်။

ဤလောကမှာ မသေမျိုးကျင့်ကြံသူများ တည်ရှိကြောင်း ပထမဆုံး သူသိလိုက်ရစဉ်က၊ သူ၏ မေမေကျားဖြူနှင့် ညီငယ်ညီမငယ်ကို မသေမျိုးကျင့်ကြံသူများက ဖမ်းဆီးသွားကြောင်း သူမြင်လိုက်ရစဉ်က အကူအညီမဲ့မှုနှင့် စိတ်ပျက်မှုကို သီရှီထျန် ခံစားမိခဲ့သည်။

ယခု သူသည်လည်း ကျင့်ကြံနိုင်သွားပြီဖြစ်လေရာ မျှော်လင့်ချက်အလင်းရောင်က သူ၏ နှလုံးသားထဲမှာ တဖန် ပေါ်လျှိုးလာသည်။ ယင်းက သူ့အတွက် အသက်ကယ်ကောက်ရိုးတစ်မျှင် ဖြစ်သည်။

“ ဒါပေမဲ့ လှိုဏ်ဂူအရှေ့မှာတုန်းက နေနဲ့လရဲ့ အနှစ်သာရကို ငါဘာလို့ မစုပ်ယူနိုင်တာလဲ… ဒီတောင်ပေါ်ရောက်မှ ဘာလို့ ခံစားမိတာလဲ… ဘာကွာခြားနေလို့လဲ ”

သီရှီထျန်က စိတ်ပျော်ရွှင်နေစဉ် သံသယက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန်အလို့ငှာ တူညီသော နည်းစနစ်ကို အသုံးပြုခဲ့၏။ မှန်ပေသည်။ ထိုနည်းစနစ်က မှန်သလော မှားသလော သူမသိပေ။ သို့သော် လှိုဏ်ဂူအရှေ့တွင် သူက မည်သည့်အကျိုးရလဒ်ကိုမှ မရရှိခဲ့ပေ။ ယင်းက သူ့ကို စူးစမ်းလိုစိတ်ဖြစ်ပေါ်စေသည်။

“ ဖြစ်နိုင်တာက အဲ့ဒီကျင့်စဉ်က မြင့်မားတဲ့ နေရာတွေမှာပဲ ကျင့်ကြံနိုင်တာလား ”

တစ်ခဏကြာ တွေးတောကြည့်သော်လည်း အဖြေကို သူရှာမတွေ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက မိစ္ဆာတို့၏ ကျင့်ကြံခြင်းအကြောင်း ဘာမှမသိထားသောကြောင့်ပင်။ သို့ဖြစ်၍ သူက ယုတ္တိမရှိသော အဖြေတချို့ကို စဉ်းစားပြီးနောက် လက်လျော့လိုက်လေသည်။

သူက ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး စိတ်ရှုပ်စရာအတွေးများကို ခေါင်းထဲမှ ဖယ်ရှားလိုက်သည်။ သူက တောင်ထွတ်ပေါ်မှ ပြန်ဆင်းသွားပြီး တောအုပ်ထဲသို့ ဝင်သွားသည်။

သူအမဲလိုက်တော့မည်။

ယခု သူက ရှေ့ဆက်လျှောက်ရမည့် အနာဂတ်လမ်းစဉ်အကြောင်း နားလည်သွားပြီ ဖြစ်၏။ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူခြင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်စွမ်းအင်စီးကြောင်းကို ပိုပြီးသန်မာစေသည်။ သီရှီထျန်က သူ၏ ခန္ဓာကိုယ်ထဲမှ ထိုစွမ်းအင်စီးကြောင်းကို မိစ္ဆာစွမ်းအားဟု နာမည်ပေးလိုက်သည်။

တစ်ရက်တာ အတွေ့အကြုံများကို ပြန်သုံးသပ်ပြီးနောက် သူသည် မိစ္ဆာစွမ်းအားကို တိုးမြှင့်နိုင်မည့် တခြားနည်းလမ်းတစ်ခုအား ရှာတွေ့သွားသည်။ ယခု သူ၏ ခေါင်းထဲမှာ အစီအစဉ်တချို့ရှိလာသည်။

ပထမအနေနှင့် သူက မိစ္ဆာစွမ်းအားကို တိုးမြှင့်ရန် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သည်။ ထိုနည်းလမ်းဖြင့် စုပ်ယူသော မိစ္ဆာစွမ်းအားသည် အသန့်စင်ဆုံး ဖြစ်သည်။ ယင်းက သူ့အတွက်လည်း အလွန်အကျိုးရှိသည်။

ဒုတိယနည်းလမ်းက အစာစားခြင်း ဖြစ်သည်။ အစားအစာထဲမှ စွမ်းအားကို သန့်စင်ပြီး ယင်း၏ အနှစ်သာရကို မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ ထိုနည်းလမ်းက ပထမနည်းလမ်းထက် ပိုပြီးမြန်ဆန်ပြီး ပိုပြီးတိုက်ရိုက်ကျသည်။ သူများများစားလေ သူ၏ မိစ္ဆာစွမ်းအားက ပိုပြီးသန်မာလာလေပင်။ အကယ်၍ သူသာ နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ်သားရဲတစ်ကောင်ကို စားသောက်နိုင်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက တစ်ဟုန်ထိုး တိုးပွားသွားလိမ့်မည်။

သို့သော် အစားအစာမှ ရရှိသော မိစ္ဆာစွမ်းအားသည် ပထမနည်းလမ်းဖြင့် ရရှိသော မိစ္ဆာစွမ်းအားကဲ့သို့ အပြည့်အဝ မသန့်စင်ပေ။ ယင်းထဲမှာ ညစ်ထေးမှုများ ပါရှိသည်။ ထို့ကြောင့် အစားအစာမှတဆင့် မိစ္ဆာစွမ်းအားကို သူစုပ်ယူပြီးလျှင် ယင်းထဲမှ ညစ်ထေးမှုကို ဂရုတစိုက် သန့်စင်ရလိမ့်မည်။

All Chapters