← Chapters

အခန်း (၇)

Vol. 1 Ch. 7

အခန်း (၇)

Vol. 1 Ch. 7

“ နေနဲ့လရဲ့ အနှစ်သာရကို ငါလက်မလွှတ်နိုင်သလို အစားအစာကရတဲ့ မိစ္ဆာစွမ်းအားကိုလည်း ငါလက်မလျော့နိုင်ဘူး ”

သီရှီထျန်သည် အမဲလိုက်ရန်အလို့ငှာ တောအုပ်ထဲသို့ အမြန်ပြေးသွားသည်။ မည်သို့ဖြစ်ပါစေ သူက ဗိုက်ဟောင်းလောင်းဖြင့် မနေနိုင်ပေ။

တစ်ညလုံး သူကျင့်ကြံပြီးနောက် သူ၏ ခန္ဓာကိုယ်က နောက်ထပ် ပိုပြီးသန်မာသွားသည်။ အမဲလိုက်ခြင်းသည် သူ့အတွက် ပြဿနာကြီး မဟုတ်တော့ပေ။ သူက မနေ့ကအတိုင်း တောအုပ်ထဲမှာ တစ်ယောက်တည်း အမဲလိုက်သည်။ ဤတစ်ကြိမ် သူ၏ သားကောင်က သေးငယ်သော ဝက်ဝံတစ်ကောင်ဖြစ်သည်။ သူက ချွန်ထက်သော ကျားလက်သည်းကို အသုံးပြု၍ ဝက်ဝံ၏ ဝမ်းဗိုက်ကို ဖွင့်လှစ်လိုက်သည်။ သူက ဝက်ဝံ၏ ကိုယ်တွင်းအင်္ဂါများကို ဆွဲထုတ်လိုက်ပြီး မြေကြီးထဲမှာ မြှုပ်နှံလိုက်သည်။

ဝက်ဝံအသား၏ သုံးပုံတစ်ပုံကို စားသုံးပြီးနောက် သီရှီထျန်သည် လှိုဏ်ဂူထဲမှာ တိတ်ဆိတ်စွာ လဲလျောင်းလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ရွေ့လျားနေသော မိစ္ဆာစွမ်းအားကို အာရုံခံလိုက်သည်။ သူစားသုံးလိုက်သော ဝက်ဝံ၏ အသွေးအသားက သူ၏ မိစ္ဆာစွမ်းအားကို ပိုပြီးသန်မာစေသည်။

ဝက်ဝံအသွေးအသားကို သန့်စင်ပြီးနောက် သူသည် နေ့စဉ်ပြုလုပ်နေကျဖြစ်သော ခန္ဓာကိုယ်လေ့ကျင့်ခြင်းကို စတင်လိုက်သည်။

ပိုပြီးသန်မာလာနိုင်သော နည်းလမ်းကို သိရှိပြီးနောက် သီရှီထျန်သည် တစ်မိနစ်ပင် အချိန်မဖြုန်းချင်ပေ။

“ ဘန်း… ဘန်း… ဘန်း… ”

တစ်ကြိမ်ပြီးတစ်ကြိမ် သူက ခန္ဓာကိုယ်ကို အသုံးပြု၍ ဧရာမသစ်ပင်ကြီးကို ဝင်ဆောင့်နေသည်။ အလွန်ကြီးမားသော နာကျင်မှုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်၏ အသွေးအသားကို အသုံးပြု၍ သစ်ပင်ကို ဝင်ဆောင့်နေလေရာ ထိုနာကျင်မှုက မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေ၏။

သို့သော် ယင်းက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုသာ ဖြစ်၏။ ယင်းက သူ၏ နှလုံးသားထဲမှ နက်ရှိုင်းသော အမုန်းတရားနှင့် သန်စွမ်းသော ဇွဲကောင်းမှုကို မည်သို့ယှဉ်နိုင်မည်နည်း။

သီရှီထျန်သည် မေမေကျားဖြူနှင့် သူ၏ ညီငယ်ညီမငယ်ကို ဖမ်းခေါ်သွားသော မသေမျိုးကျင့်ကြံသူနှစ်ယောက်ကိုသာ မုန်တီးခြင်းမဟုတ်ပေ။ ထိုအခြေအနေကို တားဆီးနိုင်စွမ်းမရှိသော သူ့ကိုယ်သူလည်း မုန်တီးသည်။ အမုန်းတရားက နှလုံးသားနာကျင်မှု ဖြစ်သည်။ သို့သော်လည်း ယင်းက သန်စွမ်းသော ဇွဲကောင်းမှုကို ဖြစ်ပေါ်စေသည်။

“ ရွှီး ”

သီရှီထျန်က သစ်ပင်ကို ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်၍ လေ့ကျင့်နေစဉ် အဖြူရောင်အလင်းတန်းတစ်ခုက မိုးကောင်းကင်ပေါ်မှာ ပျံသန်းနေကြောင်း သူသတိမထားမိပေ။ ထိုအဖြူရောင်အလင်းတန်းက သူရှိနေသော တောအုပ်ဆီသို့ ဆင်းသက်လာနေသည်။

… … …

အဖြူရောင်အလင်းတန်းသည် မိုးကောင်းကင်ကို ဖြတ်သန်းသွားနေသည်။ အစတွင် ယင်းက အဝေးဆီသို့ ပျံသန်းသွားနေခြင်း ဖြစ်သည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ယင်းက အောက်ဘက်မှ တောအုပ်ထဲမှ ဆူညံသံကို ကြားသွားဟန် ရ၏။

ထို့ကြောင့် အဖြူရောင်အလင်းတန်းသည် လေထဲမှာ ရပ်တန့်သွားပြီး လမ်းကြောင်းပြောင်းကာ တောအုပ်ထဲသို့ တန်းမတ်စွာ ဆင်းသက်သွားသည်။

“ ရွှတ် ”

စက်ကရာက သူ၏ ခန္ဓာကိုယ်ဖြင့် ဧရာမသစ်ပင်ကို အကြမ်းပတမ်း ဝင်ဆောင့်နေစဉ် ပုံရိပ်တစ်ခုက သူ၏ ဘေး၌ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထို့ပြင် ရုတ်တရက် ထွက်ပေါ်လာသော ထိုပုံရိပ်သည် ပြိုင်စံရှားလှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် တစ်ချက်ကြည့်မိရုံဖြင့် ထိုအမျိုးသမီးထံမှ အကြည့်လွှဲနိုင်လိမ့်မည် မဟုတ်ချေ။ သူ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးပြီး နှင်းဆီရောင်ဖျော့ဖျော့ သန်းသည်။ သူ၏ အသားအရေက ပြစ်ချက်မဲ့သည်ဟု ဆိုနိုင်သည်။

မည်မျှကပ်စေးနှဲသော ပုဂ္ဂိုလ်ဖြစ်ပါစေ သူတို့က ထိုအမျိုးသမီးကို မြင်လိုက်လျှင် သူ၏ အလှကို သေချာပေါက် ချီးမွမ်းကြလိမ့်မည်။

အထူးသဖြင့် ဤကဲ့သို့ ပြိုင်စံရှားလှပသော အမျိုးသမီးက အလွန်ဆွဲဆောင်မှုရှိသည်။ ညှို့ဓာတ်တစ်မျိုးက သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်နေသည့်အလားပင်။ သူက ဆွဲဆောင်မှုရှိသော နတ်သမီးတစ်ပါးဖြစ်ဟန် တူ၏။

သူက ခန္ဓာကိုယ်အလှကို ပိုပြီးပေါ်လွင်စေမည့် အဖြူရောင်နန်းတွင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ ခေါင်းအစခြေအဆုံး သူ၏ တစ်ကိုယ်လုံးမှာ တန်ဖိုးကြီးရတနာများ ဆင်မြန်းထား၏။ သူ၏ ခန္ဓာကိုယ်သည်လည်း အချိုးအစားပြေပြစ်၏။ သူက ဤလောက၏ အလှအပအားလုံးကို စုစည်းထားသော ပန်းပုရုပ်တစ်ခုအလားပင်။

သူ၏ ရင်ဘက်ပေါ်မှာ အမည်မသိပစ္စည်းဖြင့် ဖန်တီးထားသော ဖဲကြိုးတစ်ခု ရှိသည်။ လေပြေတိုးဝှေ့သွားသည့်အခါတိုင်း ဖဲကြိုးက ယိမ်းနွဲ့လှုပ်ရှားသွားသည်။ ယင်းက သူ၏ နတ်မိမယ်အသွင်နှင့် လိုက်ဖက်သင့်တယ်၏။

သူ၏ ဆံပင်ရှည်က ကျောပေါ်၌ ရေတံခွန်သဖွယ် ကျဆင်းနေစဉ် သူ၏ ဦးခေါင်းပေါ်မှာ ဆံပင်ကို စုချည်ထားသော ကျောက်စိမ်းဆံထိုးတစ်ချောင်း ရှိသည်။

“ ခစ် ခစ် ”

ပြိုင်စံရှားမိန်းမလှလေး၏ ရောက်ရှိလာမှုက အလွန်တိတ်ဆိတ်သည်။ သီရှီထျန်က သူ၏ ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုကို သည်းခံရန် သူ၏ စိတ်ခွန်အားအကုန်ကို အသုံးပြုထားသည်။ သူက သူ့အရှေ့မှ ဧရာမသစ်ပင်ကြီးကို မရပ်မနား ဝင်ဆောင့်နေသည်။ ထိုအပြုအမူကို ဘေး၌ တိတ်တဆိတ် ရပ်ကြည့်နေသော မိန်းမလှလေးမြင်သောအခါ သူက ပါးစပ်အုပ်၍ ရယ်လိုက်သည်။

“ ဂျိန်း ”

ယင်းက မိန်းမလှတစ်ဦး၏ ရယ်သံဖြစ်သော်လည်း ထိုအသံက သီရှီထျန်၏ နားထဲသို့ ဝင်ရောက်လာသည့်အခါ မိုးခြိမ်းသံတမျှ ထိတ်လန့်ဖွယ်ကောင်း၏။

သူက လေ့ကျင့်ခြင်းကို ချက်ချင်း ရပ်လိုက်ပြီး ခွန်အားကို သူ၏ ခြေထောက်များဆီသို့ ပို့လွှတ်လိုက်သည်။ သူက ဘေးသို့ အမြန်လှည့်လိုက်ပြီး သတိကြီးစွာထားလိုက်သည်။

‘ အဲ့ဒါ လူအသံလား… ငါ့အနောက်မှာ တစ်ယောက်ယောက် ရှိနေတာလား… မေမေကျားဖြူကို အဝေးခေါ်သွားတဲ့ လူတွေ ပြန်ရောက်လာတာလား ’

သီရှီထျန်က ဘေးသို့ လှည့်လိုက်သည့်အခါ နှလုံးတုန်ယင်သွားသည်။ သို့သော် စကားပြောလိုက်သော ပုဂ္ဂိုလ်ကို သူမြင်လိုက်သည့်အခိုက် သူ၏ အသိစိတ်က မိန်းမောသွားသည်။

လှလိုက်တာ… ။

အရမ်းလှတာပဲ… ။

သူက အတိတ်ဘဝမှာ မိန်းမလှများစွာကို မြင်ခဲ့ဖူးသော်လည်း ထိုမျှ ပြိုင်စံရှားလှပသော မိန်းမလှတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးပေ။ ထိုအမျိုးသမီး၏ အလှတရားက သူ့ကို နှလုံးခုန်မြန်စေသည်။ ထို့ပြင် တစ်ဖက်လူက ရုပ်အသွင်သာ လှပခြင်းမဟုတ်ပေ။ အလွန်အားကောင်းသော ညှို့ဓာတ်တစ်မျိုးက သူ့ထံမှ ထွက်ပေါ်နေသည်။ ယင်းက ဆန့်ကျင်ဘက်လိင်ကို သူ့အတွက် ဒူးထောက်ခစားစေရန် ပြုလုပ်နိုင်၏။

‘ သူက ဘယ်သူလဲ… ဒီလောက်ချောလှတဲ့ မိန်းကလေးက ဒီနေရာမှာ ဘယ်လိုလုပ်ရှိနေတာလဲ… ပြီးတော့ သူရောက်လာတာကို ငါလုံးဝ သတိမထားမိဘူး… ဒီတော့ သူက သာမန်မိန်းကလေးမဖြစ်နိုင်ဘူး… ငါအသိဉာဏ်ရှိတာကို သူ့ကို အသိပေးလို့ မဖြစ်ဘူး ’

သီရှီထျန်သည် ထိုမျှဝိညာဉ်လှုပ်ခတ်စေနိုင်သော မိန်းမလှတစ်ဦးကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ၏ စိတ်ခွန်အားက အလွန်ခိုင်မာသည်။ အထူးသဖြင့် ပြန်လည်မွေးဖွားလာပြီးနောက် မမျှော်လင့်ထားသော ကိစ္စရပ်များကို တွေ့ကြုံပြီးသည့်အခါ သူ၏ စိတ်ခွန်အားက ပိုပြီးသန်မာလာသည်။ ထို့ကြောင့် သူက တဒင်္ဂ မိန်းမောသွားပြီးနောက် အသိစိတ်ပြန်ဝင်သွားသည်။

ယခု သူက အသိစိတ်ပြန်ဝင်သွားပြီဖြစ်သော်လည်း သူ၏ အမူအရာက လုံးဝ မပြောင်းလဲသွားပေ။ သူက မိန်းမောနေဟန် ဆက်ပြီး ဟန်ဆောင်ထားသည်။ ထိုအမျိုးသမီး၏ ထွက်ပေါ်လာပုံက အလွန်ဆန်းကြယ်သည်။ ထိုအမျိုးသမီး၏ ရည်ရွယ်ချက်ကို သူမသိခင် အသိစိတ်ပြန်ရနေကြောင်း မဖော်ပြချင်ပေ။

“ ခစ် ခစ် ”

သီရှီထျန်က သူ့အလှမှာ မိန်းမောနေကြောင်း လျှို့ဝှက်ဆန်းကြယ်သော ထိုအမျိုးသမီး မြင်သောအခါ သူက ပါးစပ်အုပ်၍ ထပ်မံ ရယ်လိုက်သည်။

သူက သီရှီထျန်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။

“ အင်း… ကျားကလန်မှာ အဖြူရောင်ကျားနဲ့ အနက်ရောင်ကျားက အရှားပါးဆုံးပဲ… သူတို့က မွေးကတည်းက အသိဉာဏ်ရှိကြတယ်… တစ်ခါတစ်လေ သူတို့က မိုးမြေကြားက ဝိညာဉ်စွမ်းအားနဲ့ နေနဲ့လရဲ့ အနှစ်သာရကို ဘယ်လိုစုပ်ယူရမလဲ နားလည်နိုင်ကြတယ်… သူတို့က သက်တမ်းရှည်လျားပြီး အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ကြတယ်… သူတို့က မိစ္ဆာသားရဲတွေ ဖြစ်လာနိုင်ကြတယ်… သူတို့က မြေခွေးကလန်လို ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားတယ်လို့ ရှေးခေတ်မှာ ပြောကြတယ်… အဲ့ဒါက တကယ်အမှန်လား ”

“ ဒီအနက်ရောင်ကျားပေါက်လေးက အသိဉာဏ်ရှိပြီး ခန္ဓာကိုယ်ကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ သိနေတယ်… အမ် ”

အမျိုးသမီးက စကားပြောနေရင်း အာမေဋိတ်သံ ထုတ်ဖော်လိုက်သည်။

“ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအားရှိနေတယ် ”

အစက သူသည် ယင်းကို သတိမထားမိပေ။ ယခု သူက ဂရုတစိုက် ကြည့်လိုက်လေရာ သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို မြင်တွေ့သွားသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို အံ့ဩသွားစေသည်။

သူမျက်လုံးမှေးကျဉ်းလိုက်သည့်အခါ သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားသည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သီရှီထျန်၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ထူးဆန်းသော အမွှေးရနံ့က သီရှီထျန်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ ထိုအမွှေးရနံ့က တမူထူးခြား၏။ ယင်းကို သူရှူလိုက်သည့်အခါ အမွှေးရနံ့က သူ၏ စိတ်ထဲမှာ အလွန်နက်ရှိုင်းစွာ စွဲမြဲသွားသည်။

သီရှီထျန်က ရုတ်တရက် အတွေးတစ်ခု ရသွားသည်။ ဖြစ်နိုင်သည်မှာ ဤဘဝတွင် သူက ထိုအမွှေးရနံ့ကို မည်သည့်အခါမှ မေ့မသွားလိမ့်မည်။

“ ကျားနက်လေး… ကျားနက်လေး… အစက ငါက အဝေးကြီးကို ထွက်ပြေးသွားဖို့ ကြံစည်ထားတာ… ဒါပေမဲ့ မင်းကြောင့် ဆွဲဆောင်ခံလိုက်ရတယ်… ကြည့်ရတာ ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒဖြစ်မယ်… ငါ့ကို ဒီတစ်ကြိမ် ကူညီပေးပါ ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အပြုံးထဲမှာ မငြင်းဆန်နိုင်သော ညှို့ဓာတ် ကိန်းအောင်းနေသည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး ခါးဆီသို့ လှမ်းလိုက်သည်။ သူ၏ ခါးပေါ်တွင် ရောင်စုံအမွှေးအိတ်တစ်လုံး ချိတ်ဆွဲထားသည်။ အမွှေးအိတ်က အရောင်လင်းလက်သွားသည့်အခါ ရိုးရှင်းသော အပြာရောင် ရတနာသေတ္တာတစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

ရတနာသေတ္တာကို ထုတ်ပြီးနောက် အမျိုးသမီးက ပြောသည်။

“ ကျားနက်လေး… ဒီတစ်ကြိမ် ငါ့နောက်ကို အရမ်းသန်မာတဲ့ ရန်သူတစ်ယောက် လိုက်ဖမ်းနေတယ်… ဒီရတနာသေတ္တာက ငါ့အတွက် အရမ်းအရေးကြီးတယ်… မင်း အဲ့ဒါကို သေချာကာကွယ်ပေးရမယ်… ရန်သူကို အဝေးကို ငါမျှားခေါ်သွားမယ်… ရက်အနည်းငယ်ကြာပြီးရင် မမက မင်းဆီ ပြန်လာပြီး ရတနာသေတ္တာကို လာပြန်ယူမယ်… မင်းနားလည်လား ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ အသံထဲမှာ တမူထူးခြားသော အစွမ်းတစ်မျိုး ကိန်းအောင်းနေဟန် ရ၏။ ထို့ကြောင့် သူ၏ စကားတိုင်းက သီရှီထျန်၏ စိတ်ထဲမှာ သံမှိုသဖွယ် စွဲမြဲနေသည်။ သီရှီထျန်က မည်မျှသတိထားနေပါစေ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ကို နောက်ထပ် မထိန်းချုပ်နိုင်တော့ပေ။

သူက ပါးစပ်ဟလိုက်ပြီး ရတနာသေတ္တာကို ကိုက်လိုက်သည်။ သူက ခြေလေးချောင်းကို အမြန်လှုပ်ရှားလိုက်ပြီး လှိုဏ်ဂူဆီသို့ ပြေးသွားသည်။ ဤဖြစ်စဉ်တစ်ခုလုံးတွင် သီရှီထျန်၏ အသိစိတ်က အလွန်ရှင်းလင်းနေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်ပေ။ သူ၏ ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားနေကြောင်း ကူကယ်ရာမဲ့စွာ သူကြည့်နေရ၏။

“ ဟုတ်ပြီ… အခု မင်းကောင်းကောင်း အိပ်စက်အနားယူရမယ်… မင်းနိုးလာတဲ့အခါ အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်… ဘာမှစိတ်မပူပါနဲ့ ငါက မင်းကို အလကား အလုပ်မခိုင်းပါဘူး… မင်းကို ‘ စွမ်းအင်စုစည်းဆေးလုံးတွေ ’ပါတဲ့ ပုလင်းတစ်လုံး ငါဆုချီးမြှင့်မယ် ”

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူ၏ ပန်းနုရောင်နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး နူးညံ့စွာ ပြောသည်။ ထို့နောက် စက်ကရာသည် မျက်လုံးမဖွင့်နိုင်သည်အထိ ငိုက်မျဉ်းလာသည်။ သူ၏ အသိစိတ်သည်လည်း သူထိန်းချုပ်မရသည်အထိ ဝေဝါးလာသည်။ မကြာမီ သူက လှိုဏ်ဂူထဲမှာ လဲလျောင်းနေရင်း နှစ်ချိုက်စွာ အိပ်မောကျသွားသည်။ အပြင်ဘက်မှာ မည်သို့ဖြစ်ပျက်နေကြောင်း သူမသိတော့ပေ။

ထိုသို့လုပ်ဆောင်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ အနီရောင်အလင်းတန်းတစ်ခုက သူ့အနောက်သို့ အမှန်တကယ် လိုက်ဖမ်းနေသည်။ သူ၏ အမူအရာက ပြောင်းလဲသွားသည်။

All Chapters