အခန်း (၉)
Vol. 1 Ch. 9
“ ငါ့မှာသာ ကျင့်စဉ်တစ်ခုရှိမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ ”
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ သို့သော်လည်း ယင်းက ပျော်ရွှင်ဖွယ်ကောင်းသော အတွေးတစ်ခုထက် မပိုကြောင်း သူသိသည်။
သူက ယုတ္တိမဆန်သော ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်ပြီး သူ့အရှေ့မှ ရတနာနှစ်ခုကို စူးစိုက်ကြည့်လိုက်သည်။ အပိုပြောစရာမလိုပေ။ ရတနာသေတ္တာသည် အလွန်ရှားပါးသော အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ ထိုရတနာကို လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက သူ့ဆီမှာ ယာယီအပ်နှံသွားခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်တွင်မဆို လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ယင်းကို သူ့ဆီမှ ပြန်ယူသွားလိမ့်မည်။
သို့သော်လည်း “ စွမ်းအင်စုစည်းဆေးလုံး ”က သူ့အပိုင်ဖြစ်သည်။ ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးများက အလွန်တန်ဖိုးကြီးမားသည်။ ယင်းက သူ၏ မိစ္ဆာစွမ်းအားကို တိုးပွားစေရန် ကူညီပေးနိုင်သည်။
တစ်ခဏတွေးတောပြီးနောက် သူက လှိုဏ်ဂူထဲမှ ချောင်ကျသော တစ်နေရာဆီသို့ လျှောက်သွားသည်။ သူက ကျားလက်သည်းများကို ဝှေ့ယမ်းလိုက်ပြီး မြေကြီးပေါ်မှာ တွင်းနက်တစ်ခု တူးလိုက်သည်။ ဤနေရာမှ မြေကြီးက အလွန်မာကျောသည်။ သီရှီထျန်သည် တွင်းနက်တစ်ခုတူးရန် အတော်လေး အားစိုက်ထုတ်ခဲ့ရသည်။ တွင်းနက်သည် ရတနာသေတ္တာနှင့် ကျောက်စိမ်းပုလင်းကို သိမ်းဆည်းရန် အလုံအလောက် ကျယ်ဝန်းသည်။
တွင်းတူးပြီးနောက် သူက ရတနာနှစ်ခုကို တွင်းပေါက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဘေးပတ်ပတ်လည်မှ မြေကြီးကို ယူ၍ တွင်းကို ပြန်ဖို့လိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် သူက တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် အိပ်စက်ရန် သူအသုံးပြုသော ဝက်ဝံအရေပြားကို မြေကြီးပေါ်မှာ ခင်းလိုက်သည်။ ယင်းက သူမြေကြီးတူးထားသော သဲလွန်စများကို ဖျောက်ဖျက်ပေးရန် လုံလောက်သည်။
ထို့နောက် သူက လှိုဏ်ဂူထဲမှ ထွက်သွားသည်။
ယခု စက်ကရာသည် အလွန်ဆာလောင်နေသည်။ မည်မျှကြာအောင် သူအိပ်ပျော်သွားခဲ့ကြောင်း မသိပေ။ သူခေါင်းမော့လိုက်သည့်အခါ နေဝင်တော့မည်ဖြစ်ကြောင်း မြင်သွားသည်။ နေလုံးက အနောက်အရပ်သို့ ဝင်လုဆဲဆဲမှာ ရှိနေ၏။ နီညိုရောင်အလင်းက ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည်။ ယင်းက နေဝင်ဆည်းဆာ၏ အလှတရား ဖြစ်သည်။
သူက ညမရောက်ခင် တောယုန်ကြီးများကို ဖမ်းဆီးလိုက်ပြီး ဗိုက်ပြည့်သည်အထိ စားလိုက်သည်။ သူက လှိုဏ်ဂူဆီသို့ ပြန်သွားပြီးနောက် မြေကြီးတူးလိုက်ပြီး စွမ်းအင်စုစည်းဆေးလုံးများရှိသော ကျောက်စိမ်းပုလင်းကို ထုတ်လိုက်သည်။ ကျောက်စိမ်းပုလင်းကို သူသွန်လိုက်သည့်အခါ လက်မအရွယ်ခန့် အဝါရောင်ဆေးတစ်လုံး ထွက်လာသည်။
သူက ဆေးလုံးကို တိရိစ္ဆာန်အမွှေးဖြင့် ဂရုတစိုက် ရစ်ပတ်လိုက်သည်။ ထို့နောက် သူက တိရိစ္ဆာန်အမွှေးကို သူ၏ ပါးစပ်ထဲမှာ ကိုက်ထား၍ လှိုဏ်ဂူအပြင်သို့ ခုန်ထွက်သွားသည်။ သူက ရေတံခွန်နှင့် ကျောက်တုံးကြီးတည်ရှိသော တောင်ထွတ်ဆီသို့ အမြန်ပြေးသွားသည်။
အချိန်တစ်ခဏကြာပြီးနောက် သီရှီထျန်က တောင်ထွတ်ဆီသို့ ရောက်ရှိသွားသည်။ အမြဲမပြတ် စီးကျနေသော ရေတံခွန်ကို တစ်ချက်ကြည့်ပြီးနောက် သူက တိရိစ္ဆာန်အမွှေးဖြင့် ရစ်ပတ်ထားသော ဆေးလုံးကို သူ၏ ဘေးမှာ ချလိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး တစ်ကျိုက်ပြီးတစ်ကျိုက် ရေသောက်လိုက်သည်။ ကောင်းကင်ပေါ်သို့ သူမော့ကြည့်လိုက်သည့်အခါ နေဝင်သွားပြီ ဖြစ်၏။
သို့သော်လည်း လစန္ဒာက ချက်ချင်း မထွက်ပေါ်လာပေ။ သူက အလျင်မလိုပေ။ သူက မြစ်၏ ဘေးမှာ လဲလျောင်းလိုက်ပြီး လေးနက်စွာ တွေးတောလိုက်သည်။
ဤရက်အနည်းငယ်အတွင်းမှာ သူမျှော်လင့်မထားသော ကိစ္စအများကြီး ဖြစ်ပျက်သွားခဲ့သည်။ ယင်းတို့က အတိတ်မှာ တစ်ခါမှ သူမကြုံဖူးသော ကိစ္စများ ဖြစ်ကြသည်။ သူက အတွေ့အကြုံများပြားသူဖြစ်သည့်တိုင် ထိုကိစ္စများကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤတောင်တန်း၏ အပြင်ဘက်မှာ မည်သို့လောက တည်ရှိနေသနည်း။ အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သော ရတနာသေတ္တာ ဖြစ်သည်။ ရတနာသေတ္တာကို ဖွင့်လှစ်ရန် တစ်စုံတစ်ယောက်က ပဟေဠိအပိုင်းအစတစ်ထောင်ကို မှန်ကန်စွာ ဆက်ရလိမ့်မည်။ သို့သော် ယင်းက လွယ်ကူသောအလုပ် မဟုတ်ပေ။
သို့သော် ဆန့်ကျင်ဘက်ရှုထောင့်မှ ကြည့်လျှင် ရတနာသေတ္တာကို ထိုမျှခက်ခဲစွာ ကာကွယ်ထားလေရာ သေတ္တာထဲမှ ပစ္စည်းက အလွန်အမင်း တန်ဖိုးကြီးမားရမည်။ အကယ်၍ ယင်းကို သူရနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန် ပျော်ရွှင်မိလိမ့်မည်။
ထို့ပြင် ကျောက်စိမ်းပုလင်းထဲမှ စွမ်းအင်စုစည်းဆေးလုံးများက သူ့ကို မည်သို့ပြောင်းလဲပေးမည်ဖြစ်ကြောင်း သူမြင်ချင်၏။
ထိုစဉ် လရောင်ခြည်က ကြည်လင်အေးချမ်းစွာ ကျဆင်းလာသည်။ လရောင်ခြည်က မြစ်ရေပြင်တစ်လျှောက် ဖြန့်ကြက်သွားသည်။ မြစ်ရေက တသွင်သွင် စီးဆင်းနေစဉ် မြစ်ရေပြင်ပေါ်မှ လရောင်ခြည်က လှိုင်းအတွန့်တွန့်ထသွားသည်။ ယင်းက တမူထူးခြားစွာ လှပသော မြင်ကွင်းတစ်ခုပင်တည်း။ ထိုမြင်ကွင်းက တစ်စုံတစ်ယောက်၏ စိတ်အခြေအနေကို အေးချမ်းစေပြီး လွတ်လပ်ပေါ့ပါးစေနိုင်သည်။
“ လထွက်လာပြီ ”
သီရှီထျန်သည် သူ့ဘေးမှ ရေစီးဆင်းသံကြောင့် သတိပြန်ဝင်လာသည်။ ရေမျက်နှာပြင်ပေါ်မှ လရောင်ခြည်၏ အလင်းပြန်မှုကို မြင်သောအခါ သူက ခေါင်းမော့လိုက်သည်။ ယနေ့ညတွင် လခြမ်းကွေးက ကောင်းကင်ပေါ်မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
သူက အများကြီး တွေးမနေဘဲ ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ ပါးစပ်ဟလိုက်သည်။ သူက လခြမ်းကွေးကို မျက်နှာမူ၍ ခါတိုင်းကဲ့သို့ အသက်ရှူသွင်းရှူထုတ်ခြင်း ပြုလုပ်လိုက်သည်။ အကြိမ်တိုင်း သူက ဘေးပတ်ဝန်းကျင်မှ လေကို စုပ်သွင်းလိုက်သည်။
သို့သော်လည်း ထူးဆန်းသည်မှာ လရောင်ခြည်ကို သူမြင်နိုင်သော်လည်း ယင်းကို သူ၏ ခန္ဓာကိုယ်ထဲသို့ မစုပ်ယူနိုင်ပေ။ သူက အသက်ရှူသွင်းရှူထုတ် ပြုလုပ်နေသော်လည်း မည်သည့်အကျိုးကျေးဇူးမှ မရရှိပေ။ ဤသည်မှာ သူ၏ လုပ်ဆောင်မှုက အချည်းနှီးဖြစ်သည့်အလားပင်။
သူက အချိန်အတော်ကြာအောင် အသက်ရှူသွင်းရှူထုတ်နေသည်။ သို့တိုင် မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ ဘာဖြစ်သွားတာလဲ… မနေ့ညကတင် နေနဲ့လရဲ့ အနှစ်သာရကို ငါစုပ်ယူနိုင်သေးတယ်လေ… အဲ့ဒီညက နေနဲ့လရဲ့ အနှစ်သာရကို ငါစုပ်ယူပြီးတဲ့နောက် ငါ့ရဲ့ မိစ္ဆာစွမ်းအားက နှစ်ဆတိုးပွားသွားတယ်… ဒီနေ့ ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ ”
သူစိတ်ရှုပ်ထွေးနေစဉ် စိုးရိမ်ကြောင့်ကြမှုက သူ၏ နှလုံးသားထဲမှာ စတင်ထွက်ပေါ်လာသည်။ မည်သို့ကြောင့် ထိုသို့ဖြစ်ရကြောင်း သူနားမလည်နိုင်ပေ။
“ အမ် ”
သီရှီထျန်က စိတ်ရှုပ်ထွေးနေစဉ် သူ၏ မျက်လုံးက မနီးမဝေးမှ ကျောက်တုံးကြီးပေါ်သို့ ရုတ်တရက် ကျရောက်သွားသည်။ ဤအခိုက်အတန့်မှာ ကျောက်တုံးကြီးက လရောင်ခြည်အောက်တွင် မှိန်ဖျော့သော ငွေရောင်အလင်းလွှာတစ်ခုကို ထုတ်လွှတ်နေသည်။ ကြည့်ရသည်မှာ ထိုကျောက်တုံးကြီးက လရောင်ခြည်ကို တိုက်ရိုက် စုပ်ယူနေဟန် ရ၏။ သူက ထူးခြားချက်တစ်ခုကိုလည်း ရှာတွေ့သွားသည်။ ကျောက်တုံးကြီးပေါ်မှ လရောင်ခြည်က တခြားနေရာများထက် အများကြီး ပိုသိပ်သည်းနေသည်။
“ မဟုတ်မှ ကျောက်တုံးကြီးကြောင့်များလား ”
သီရှီထျန်က တွေးတောလိုက်သည်။ သူက ကျားတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာသော်လည်း အတိတ်ဘဝမှ သူ၏ ထက်မြက်သော ဉာဏ်ရည်ကို မဆုံးရှုံးသွားခဲ့ပေ။ သူက ဦးနှောက်ကို တစ်ခဏ အလုပ်ပေးလိုက်သည့်အခါ ထိုကျောက်တုံးကြီးက နေနှင့်လ၏ အနှစ်သာရကို သူစုပ်ယူနိုင်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်နိုင်ကြောင်း ရှာတွေ့သွားသည်။
မိစ္ဆာစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထဲမှာ ပထမဆုံးအကြိမ် ရှာတွေ့ခဲ့စဉ်တွင် သူက ကျောက်တုံးကြီးပေါ်မှာ အိပ်ပျော်နေခဲ့သည်မဟုတ်ပါလော။ ထို့နောက် သူက တခြားနေရာများ၌ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဒုတိယအကြိမ် ကျောက်တုံးကြီးပေါ်သို့ သူတတ်သွားသည့်အခါမှ နေနှင့်လ၏ အနှစ်သာရကို ပြန်လည်စုပ်ယူနိုင်ခဲ့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက နှစ်ဆတိုးပွားသွားသည်။
အကယ်၍ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်ခြင်းက တစ်စုံတစ်ယောက်၏ တည်နေရာနှင့် သက်ဆိုင်သည်ဆိုလျှင် လှိုဏ်ဂူက တောင်ခြေမှာ ရှိသည်။ ယခု သူက တောင်ထွတ်ပေါ်မှာ ရှိနေသော်လည်း နေနှင့်လ၏ အနှစ်သာရကို မစုပ်ယူနိုင်သေးပေ။ သို့ဖြစ်၍ ဖြစ်နိုင်သည်မှာ နေနှင့်လ၏ အနှစ်သာရကို သူစုပ်ယူနိုင်ခြင်းက တည်နေရာနှင့် မသက်ဆိုင်ပေ။ အဓိကသော့ချက်က ထိုကျောက်တုံးကြီး ဖြစ်ရမည်။
ထိုသို့စဉ်းစားမိသောအခါ သီရှီထျန်က မျက်လုံးအရောင်လက်သွားသည်။
သူက စွမ်းအင်စုစည်းဆေးလုံးအား ရစ်ပတ်ထားသော တိရိစ္ဆာန်အမွှေးကို ပါးစပ်ထဲထည့်၍ မတ်တတ်ရပ်လိုက်သည်။ သူက ကျောက်တုံးကြီးပေါ်သို့ ခုန်တတ်လိုက်သည်။ သူက စိတ်တည်ငြိမ်စွာထားလိုက်သည်။
သူ့အောက်မှ ကျောက်တုံးကြီးထဲမှာ ဓမ္မစွမ်းအားတစ်ခုရှိသည်ဟု သူခံစားမိသည်။ ယင်းက သူ၏ စိတ်ကို မြန်ဆန်စွာ တည်ငြိမ်အေးချမ်းစေသည်။ သူက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို မေ့လျော့သွားသည်။
စက်ကရာသည် ည၏ တိတ်ဆိတ်အေးချမ်းမှုကို ဖြည်းဖြည်းချင်း ရှာတွေ့သွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ လရောင်ခြည်အမျှင်တန်းများထဲ၌ သေးငယ်သော ငွေရောင်အလင်းစက်များ ရှိနေသည်။ ထိုအလင်းစက်များက ဓမ္မစွမ်းအားတချို့ကို သယ်ဆောင်ထားဟန် ရ၏။
“ အဲ့ဒါ လရောင်ခြည်ရဲ့ အနှစ်သာရလား ”
ထိုငွေရောင်အလင်းစက်များက မည်သည့်အရာဖြစ်ကြောင်း သီရှီထျန် ချက်ချင်း နားလည်သွားသည်။ သူက ပါးစပ်ဟလိုက်ပြီး အသက်ရှူသွင်းရှူထုတ် ပြုလုပ်လိုက်သည်။ သူအသက်ရှူသွင်းလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ပွင့်သွားကြသည်။ သူအသက်ရှူထုတ်လိုက်သည့်အခါ မွေးညင်းပေါက်များက ပြန်ပိတ်သွားကြသည်။ ထိုသို့ဖွင့်လိုက်ပိတ်လိုက် ဖြစ်ပေါ်နေစဉ် သူ၏ ဘေးပတ်ဝန်းကျင်မှ လရောင်ခြည်အနှစ်သာရက သူ၏ မွေးညင်းပေါက်များထဲသို့ ဝင်သွားသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက မြန်ဆန်စွာ လှည့်ပတ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ဖြတ်သန်းစီးဆင်းသွားသည်။ ထို့နောက် ဆံခြည်မျှင်တစ်မျှင် အရွယ်အစားသာရှိသော သူ၏ မိစ္ဆာစွမ်းအားက ဖြည်းဖြည်းချင်း တိုးပွားလာသည်။
… … …
သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ဖြည်းဖြည်းချင်း တိုးပွားလာနေကြောင်း သီရှီထျန် ခံစားမိသည်။ နေနှင့်လ၏ အနှစ်သာရကို သူစုပ်ယူနိုင်ရသော အကြောင်းအရင်းက သူ၏ အသက်ရှူသွင်းရှူထုတ်ခြင်းနည်းစနစ်နှင့် မည်သို့မှမသက်ဆိုင်ကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။ ယင်းက သူ့အောက်မှ ကျောက်တုံးကြီးကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာ ထိုကျောက်တုံးကြီးက သာမန်ကျောက်တုံးမဟုတ်နိုင်ကြောင်း သူခံစားမိသွားသည်။ ယင်းက ရတနာတစ်ခု ဖြစ်နိုင်၏။
တစ်ခဏတွေးတောပြီးနောက် သူက သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သော အံ့ဖွယ်အခြေအနေမှ ပြန်ထွက်လာသည်။ သူက ကျားလက်သည်းကို ထုတ်လိုက်ပြီး သူ့ဘေးမှ တိရိစ္ဆာန်အမွှေးကို ဖွင့်လိုက်သည်။ အဝါရောင်ဆေးလုံးက သူ၏ မျက်လုံးအရှေ့မှာ ထွက်ပေါ်လာသည်။ ထူးခြားအံ့ဖွယ်ကောင်းသော ဆေးရနံ့က အပြင်သို့ ပျံ့လွင့်သွားသည်။
“ ဒီစွမ်းအင်စုစည်းဆေးလုံးက ဘယ်လောက်ထူးခြားလဲ အရင် ငါစမ်းသပ်ကြည့်မယ်… လျှို့ဝှက်ဆန်းကြယ်တဲ့ အဲ့ဒီအမျိုးသမီးက ငါ့ကို ဒီဆေးလုံး ပေးသွားခဲ့တယ်ဆိုတော့ အဲ့ဒါက အခု ငါအသုံးပြုနိုင်တဲ့အရာ ဖြစ်ရမယ် ”
သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အကြည့် ထွက်ပေါ်လာသည်။ ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် သူ၏ ဗဟုသုတက အလွန်နည်းပါးသည်။ ကျင့်ကြံခြင်းအဆင့်များကို မည်သို့ခွဲထားကြောင်းပင် သူမသိပေ။
အကယ်၍ မည်သည့်ကံကြမ္မာကောင်းမှ မရှိလျှင်…
သူက နေနှင့်လ၏ အနှစ်သာရကို နေ့စဉ်နေ့တိုင်း စုပ်ယူပြီး အစားအစာမှတဆင့် မိစ္ဆာစွမ်းအားကို ဖြည်းဖြည်းချင်း တိုးမြှင့်ရလိမ့်မည်။ တစ်နေ့ကျလျှင် သူ၏ မိစ္ဆာစွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အမြူတေဓာတ်လုံးကို သူဖွဲ့စည်းနိုင်လိမ့်မည်။
သို့သော် ထိုသို့လုပ်ဆောင်နိုင်ရန်အလို့ငှာ အလွန်များပြားသော အချိန်ကို သူလိုအပ်သည်။ ယင်းက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်၏။
သို့ဖြစ်၍ ယခုအချိန်မှာ သူအလိုချင်ဆုံးအရာက အချိန်တိုလေးအတွင်း စွမ်းအားတိုးမြှင့်နိုင်မည့် နည်းလမ်းဖြစ်သည်။ အချိန်သည် သူမစောင့်ဆိုင်းချင်ဆုံး အရာဖြစ်သည်။ မည်သို့ဖြစ်ပါစေ အကယ်၍ သူ့မှာ စောင့်ဆိုင်းရန် အချိန်ရှိသည်ဆိုလျှင်ပင် မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်ဆီမှာ အချိန်မရှိပေ။
“ ဂလု ”
သီရှီထျန်သည် နောက်ထပ် တုံ့ဆိုင်းမနေဘဲ စွမ်းအင်စုစည်းဆေးလုံးကို လျှာဖြင့် လိပ်၍ မျိုချလိုက်သည်။ ဆေးလုံးက သူ၏ လည်ချောင်းထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း အရည်ပျော်သွားပြီး သူ၏ ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် အလွန်ကြီးမားသော အပူလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သားရဲအရိုင်းတစ်ကောင်က သူ၏ ခန္ဓာကိုယ်ထဲမှာ ခုန်ပေါက်ပြေးလွှားနေသည့်အလားပင်။
အပူလှိုင်းက သူ၏ မရီဒျန်များဆီသို့ စီးဆင်းသွားသည်။ ယင်းက မဖွင့်လှစ်ရသေးသော မရီဒျန်များကို ဝင်ဆောင့်သွားလေရာ ပြင်းထန်သော နာကျင်မှုက ချက်ချင်း ထွက်ပေါ်လာသည်။
ယခုအချိန်တွင် စက်ကရာ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များသည် ကျဉ်းမြောင်းသော လမ်းကြောင်းများအဖြစ် တည်ရှိနေကြသည်။ ကြီးမားသော အပူလှိုင်းသည် အရှိန်အဟုန်ပြင်းစွာ ခုတ်မောင်းနေသော ရထားလုံးသဖွယ် သူ၏ ကျဉ်းမြောင်းသော မရီဒျန်များထဲသို့ ဖြတ်သန်းသွားသည်။ ထိုသို့ကြမ်းတမ်းမှုကို သူ၏ မရီဒျန်များက မည်သို့တောင့်ခံနိုင်မည်နည်း။ အလွန်ပြင်းထန်သော နာကျင်မှုက သူ့ကို ထပ်ခါတလဲလဲ တိုက်ခိုက်လာသည်။
“ အား ”
သီရှီထျန်က တိုးညင်းစွာ ညည်းလိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး အသိစိတ်ကပ်ထားရန် အာရုံစိုက်လိုက်သည်။ သူက မဆုတ်မနစ်သော ဇွဲကောင်းမှုဖြင့် နာကျင်မှုကို ထပ်ခါထပ်ခါ တောင့်ခံလိုက်သည်။
တစ်ချိန်တည်းမှာ သူက နေနှင့်လ၏ အနှစ်သာရအား စုပ်ယူနိုင်သော အံ့ဖွယ်အခြေအနေဆီသို့ ပြန်ဝင်ရောက်နိုင်ရန် ကြိုးစားလိုက်သည်။ သူက ရေးတေးတေး ခံစားမိသည်။ အကယ်၍ သူသာ ထိုအံ့ဖွယ်အခြေအနေဆီသို့ ဝင်ရောက်နိုင်လျှင် ယခု သူခံစားနေရသော နာကျင်မှုဝေဒနာက လျော့ပါးသက်သာသွားလိမ့်မည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ ထိုမျှပြင်းထန်သော နာကျင်မှု၏ လှုံ့ဆော်မှုကြောင့် သူ၏ အသိစိတ်က အံ့ဖွယ်အခြေအနေဆီသို့ မဝင်ရောက်နိုင်ပေ။ သူက နာကျင်မှုကိုသာ ထပ်ခါတလဲလဲ တွေ့ကြုံခံစားနေရသည်။
“ မဟုတ်ဘူး… ငါကျရှုံးလို့ မဖြစ်ဘူး… မိစ္ဆာဖြစ်အောင် ငါကျင့်ကြံရမယ်… မေမေကျားဖြူကို ငါကယ်တင်ရမယ်… ဒီမှာ ငါကျရှုံးလို့ မဖြစ်ဘူး… ငါအစွမ်းကုန် တောင့်ခံထားရမယ် ”
စက်ကရာသည် သူ၏ စိတ်ထဲမှာ ရူးသွပ်စွာ အော်ပြောလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အကြည့် ထွက်ပေါ်လာသည်။ သူက ကျောက်တုံးကြီးပေါ်မှာ လဲလျောင်းနေရင်း မည်သည့်အကြောင်းနှင့်မှ မယိမ်းယိုင်နိုင်သော စိတ်ဝိညာဉ်ဖြင့် နာကျင်မှုကို တောင့်ခံလိုက်သည်။