အခန်း (၁၀)
Vol. 1 Ch. 10
“ ရွှီး ”
ထိုအခိုက်အတန့်မှာ သူ့အောက်မှ ကျောက်တုံးကြီးက အကြောင်းအရင်းတချို့ကြောင့် ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။ ကျောက်တုံးကြီးပေါ်မှ အလင်းရောင်က ကြည်လင်ထင်ရှားလာသည်။ သို့သော်လည်း ယင်းက မပျောက်ကွယ်သွားမီ တဒင်္ဂမျှသာ ကြာမြင့်ခဲ့သည်။
ထိုပျောက်ကွယ်သွားမှုက လရောင်ခြည်အောက်မှ ကျောက်တုံးကြီး၏ အလင်းပြန်မှုကိုလည်း လုံးဝ ပျောက်ကွယ်သွားစေသည်။ ကျောက်တုံးကြီးသည် ရိုးရှင်းသော သာမန်ကျောက်တုံးတစ်တုံးဖြစ်လာဟန် ရ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သီရှီထျန်သည် ကျောက်တုံးကြီးနှင့် သူ့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ရှိလာကြောင်း ရေးတေးတေး ခံစားမိသွားသည်။ အေးမြပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ကျောက်တုံးကြီးထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ဖော်မပြနိုင်အောင် သိမ်မွေ့ညင်သာသွားသည်။ ယခု သူ၏ ခန္ဓာကိုယ်ထဲမှ အစိတ်အပိုင်းအားလုံးက လွန်စွာ သက်တောင့်သက်သာရှိမှုကို ခံစားမိသွားကြသည်။ စွမ်းအင်စုစည်းဆေးလုံးထံမှ ဆေးအစွမ်း၏ ကြမ်းတမ်းမှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့သော မရီဒျန်များက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားကြသည်။ နာကျင်မှုက ဤအခိုက်အတန့်မှာ လျော့ပါးသက်သာသွားသည်။
ထို့ပြင် ပြန်လည်ကုသနေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် မရီဒျန်များက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်မာသွားသည်။
စက်ကရာ မသိသည်မှာ ကျင့်ကြံခြင်းလောကတွင် စွမ်းအင်စုစည်းဆေးလုံးက ထိပ်တန်းအဆင့် ဝိညာဉ်ဆေးလုံး ဖြစ်သည်။ ယင်းကို ချီသန့်စင်ခြင်းအဆင့်တွင် ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ရန် အသုံးပြုကြသည်။
စွမ်းအင်စုစည်းဆေးတစ်လုံးက ချီသန့်စင်ခြင်းနယ်ပယ် ပဉ္စမအဆင့်မှ ကျင့်ကြံသူတစ်ယောက်ကို ဆဌမအဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားစေရန် လုံလောက်ပေသည်။
စွမ်းအင်စုစည်းဆေးလုံးထဲမှာ ပမာဏအလွန်များပြားသော ဝိညာဉ်စွမ်းအား ပါရှိသည်။ မသေမျိုးကျင့်ကြံသူများသည်ပင် သင့်တင့်သော ကျင့်ကြံခြင်းအဆင့်သို့ မရောက်ရှိသေးလျှင် ယင်းကို မဆင်မခြင် မသောက်သုံးဝံ့ကြပေ။ အလွန်အားကောင်းသော ဆေးအစွမ်းက သူတို့၏ မရီဒျန်များနှင့် ကျင့်ကြံခြင်းအုတ်မြစ်အား ဖျက်ဆီးပစ်မည်ကို စိုးရိမ်ကြသည်။ အကယ်၍ ထိုသို့ဖြစ်လာလျှင် အကောင်းဆုံး ဝိညာဉ်အမြစ်သည်ပင် ဖျက်ဆီးခံရလိမ့်မည်။
သီရှီထျန်က စွမ်းအင်စုစည်းဆေးလုံးကို ယခုမှ ရရှိခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်စုစည်းဆေးလုံးကို ထိန်းချုပ်နိုင်သော အင်အား သူ့ဆီမှာ မရှိပေ။ တစ်ခုကံကောင်းသည်မှာ သူက သားရဲဘုရင်တစ်ပါးဖြစ်၏။ ထို့ပြင် သူ၏ ကျားခန္ဓာကိုယ်က လူသားတစ်ယောက်ထက် အများကြီး ပိုသန်မာသည်။ သို့မဟုတ်လျှင် သူက စွမ်းအင်စုစည်းဆေးလုံး၏ ဆေးအစွမ်းကို ထိုမျှအချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူက သစ်ပင်ကို ခန္ဓာကိုယ်ဖြင့် နေ့စဉ် ဝင်ဆောင့်ကာ လေ့ကျင့်ခဲ့သည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို အလွန်အမင်း ကြံ့ခိုင်သန်မာစေသည်။
ထိုအကြောင်းကြောင့်သာ သူ၏ မရီဒျန်များက ဆေးအစွမ်းကို ပထမဆုံးအကြိမ် လက်ခံခဲ့စဉ်မှာ မပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။
မှန်ပေ၏။ နာကျင်မှုကို သူတောင့်ခံနိုင်သည်ဆိုလျှင်ပင် ပျက်စီးသွားသော သူ၏ မရီဒျန်များ ပြန်ကောင်းမွန်လာရန် အချိန်အတော်ကြာ စောင့်ဆိုင်းရလိမ့်မည်။ သို့သော် ကျောက်တုံးကြီးထံမှ ထုတ်လွှတ်လိုက်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားက ထိုအခြေအနေကို ဖြေရှင်းပေးသည်။
“ ကောင်းတယ်… ဒီနေ့ ငါ့ရဲ့ မိစ္ဆာစွမ်းအားကို အသုံးပြုပြီး စွမ်းအင်စုစည်းဆေးလုံးထဲက ဆေးအစွမ်းကို စုပ်ယူမယ်… အဲ့ဒါက ငါ့ရဲ့ မိစ္ဆာစွမ်းအားကို သိသိသာသာ တိုးပွားစေလိမ့်မယ် ”
ကျောက်တုံးကြီးက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်ပေးလိမ့်မည်ဟု သီရှီထျန် မမျှော်လင့်ထားပေ။ သို့သော်လည်း ယခုအချိန်က ယင်းကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ အဓိကအချက်မှာ ကျောက်တုံးကြီးထံမှ ထုတ်လွှတ်လိုက်သော စွမ်းအားက သူ၏ ဒဏ်ရာများနှင့် ထိခိုက်ပျက်စီးသွားသော မရီဒျန်များကို မြန်ဆန်စွာ ပြန်ကောင်းမွန်စေသည်။ ယင်းက သူ့အတွက် လုံလောက်ပေသည်။
သူက အသိစိတ်ကို ပြန်စုစည်းလိုက်ပြီး သူ၏ မိစ္ဆာစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲမှာ ပြည့်လျှံနေသည့် ဝိညာဉ်စွမ်းအားဆီသို့ မြန်ဆန်စွာ ပို့လွှတ်လိုက်သည်။ ပမာဏအလွန်များပြားသော ဝိညာဉ်စွမ်းအား၏ သက်ရောက်မှုအောက်မှာ မူလက ကျဉ်းမြောင်းနေသော သူ၏ မရီဒျန်များက အဆပေါင်းများစွာ ပိုပြီးကျယ်ပြောသွားသည်။
မိစ္ဆာစွမ်းအား၏ စီးဆင်းမှုအလျင်က အလွန်မြန်ဆန်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ဝိညာဉ်စွမ်းအားဆီသို့ ရောက်ရှိသွားသည်။ ထိုသို့ရောက်ရှိသွားသည်နှင့်ချက်ချင်း မိစ္ဆာစွမ်းအားသည် ဆာလောင်မွတ်သိပ်နေသော တစ္ဆေတစ်ကောင်နှယ် ဝိညာဉ်စွမ်းအားကို အငမ်းမရ ဝါးမျိုလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ မိစ္ဆာစွမ်းအားက သိသိသာသာ တိုးပွားလာသည်။
မည်သို့ဖြစ်ပါစေ စွမ်းအင်စုစည်းဆေးလုံးထံမှ ထုတ်လုပ်ပေးသော ဝိညာဉ်စွမ်းအားမှာ ကိုယ်ပိုင်အသိစိတ်မရှိပေ။ ဝိညာဉ်စွမ်းအားက ပမာဏ အလွန်များပြားသော်လည်း ယင်းက အရှိန်အဟုန်ပြင်းစွာ ရွေ့လျားရန်သာ သိသည်။ ထို့ကြောင့် ယင်းက မိစ္ဆာစွမ်းအား၏ ဝါးမျိုသန့်စင်ခြင်းကို မတွန်းလှန်နိုင်ပေ။ မိစ္ဆာစွမ်းအားသည် ဝိညာဉ်စွမ်းအားကို အဆက်မပြတ် ဝါးမျိုနေရင်း ပိုပြီးသန်မာလာသည်။ အချိန်တစ်ခဏကြာပြီးနောက် အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။
ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ၌ ကြိမ်ဖန်များစွာ လှည့်ပတ်နေစဉ် မိစ္ဆာစွမ်းအားသည်လည်း ဝိညာဉ်စွမ်းအားနောက်သို့ လိုက်၍ ထပ်ခါတလဲလဲ လှည့်ပတ်နေသည်။ ကျောက်တုံးကြီးထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ကူညီပေးမှုအောက်မှာ မိစ္ဆာစွမ်းအား၏ လှည့်ပတ်မှုက တဖြည်းဖြည်း အသာစီးရရှိလာသည်။ ယင်းက ဝိညာဉ်စွမ်းအားနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်သွားပြီး အငမ်းမရ ဝါးမျိုသန့်စင်သည်။
နောက်ဆုံးမှာ… ။
အမည်မသိ အချိန်ကာလတစ်ခု ကုန်ဆုံးသွားသည်။
“ ရွှီး ”
စွမ်းအင်စုစည်းဆေးလုံးထဲမှ ဆေးအစွမ်းသည် သီရှီထျန်၏ အပြည့်အဝ စုပ်ယူသန့်စင်ခံလိုက်ရသည်။ စွမ်းအင်စုစည်းဆေးလုံးကို သန့်စင်ပြီးနောက် သူ၏ မိစ္ဆာစွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ တိုးပွားသွားသည်။
သီရှီထျန်က စိတ်သက်သာရာရစွာ သက်ပြင်းချတော့မည့်အချိန် သူ၏ မရီဒျန်များကို ကာကွယ်ပေးနေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ရုတ်တရက် အပြောင်းအလဲတစ်ခု ထဖြစ်သွားသည်။ ယင်းက ဘောလုံးတစ်လုံးအသွင် မြန်ဆန်စွာ စုစည်းသွားသည်။ ထို့နောက် ယင်းက ဇက်ကြိုးပြုတ်သွားသော မြင်းရိုင်းတစ်ကောင်နှယ် သီရှီထျန်၏ အသိစိတ်ထဲသို့ ဒုန်းစိုင်းပြေးသွားသည်။
“ ဘန်း ”
ထိုအပြောင်းအလဲက လွန်စွာ ရုတ်တရက်ဆန်သည်။ ထို့ပြင် ယင်းက သီရှီထျန် စိတ်ဖြေလျော့ထားသည့်အချိန်မှ ဖြစ်ပျက်ခဲ့သည်။ ကျောက်တုံးကြီး၏ စွမ်းအားက အလွန်မြန်ဆန်သည်။ ယင်းက သူ့အား ခုခံကာကွယ်ရန် မည်သည့်အခွင့်အရေးမှ မပေးပေ။
ရှေးလူကြီးများ ပြောကြသည်မှာ ဦးနှောက်သည် အသိစိတ်ပင်လယ်ဖြစ်ပြီး အပေါ်ပိုင်းဒျန်တန် ဖြစ်သည်။ နှလုံးသည် မီးဒြပ်စင်ကို ကိုယ်စားပြုပြီး အလယ်ပိုင်းဒျန်တန် ဖြစ်သည်။ ဝမ်းဗိုက်အောက် သုံးလက်မအကွာမှ နေရာသည် အောက်ပိုင်းဒျန်တန် ဖြစ်သည်။
အောက်ပိုင်းဒျန်တန်သည် စွမ်းအင်အနှစ်သာရစုဝေးရာ ဗဟိုချက်ဖြစ်သည်။ အလယ်ပိုင်းဒျန်တန်သည် ချီစုဝေးသော နေရာဖြစ်သည်။ အပေါ်ပိုင်းဒျန်တန်သည် စိတ်ဝိညာဉ်တည်ရှိသော နေရာဖြစ်သည်။ ထို့ကြောင့် ရှေးလူကြီးများသည် သက်ရှိများ၏ ခန္ဓာကိုယ်ထဲမှာ အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်ဟူ၍ ရတနာသုံးမျိုးရှိကြောင်း ပြောကြသည်။
ဤအခိုက်အတန့်မှာ ကျောက်တုံးကြီးထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် သူ၏ စိတ်ဝိညာဉ်တည်ရှိသော အပေါ်ပိုင်းဒျန်တန်ဆီသို့ တစ်ဟုန်ထိုး ပြေးလာနေသည်။ အကယ်၍ ထိုစွမ်းအားကြောင့် သီရှီထျန်၏ စိတ်ဝိညာဉ်က ထိခိုက်ပျက်စီးသွားလျှင် သူက ချက်ချင်း အရူးတစ်ယောက်ဖြစ်သွားလိမ့်မည်။
သီရှီထျန်သည် တခြားအရာများကို မသိထားသော်လည်း ဦးနှောက်က မည်မျှအရေးကြီးကြောင်း သိသည်။ ကျောက်တုံးကြီးထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သူ၏ အသိစိတ်ကို တိုက်ရိုက် တိုက်ခိုက်နေကြောင်း သူခံစားမိသောအခါ တုန်လှုပ်ချောက်ချားသွားသည်။ သို့သော်လည်း ယင်းကို သူမရပ်တန့်နိုင်ပေ။ ကြီးမားသော ပေါက်ကွဲမှုတစ်ခုက သူ၏ ဦးခေါင်းထဲမှာ ဖြစ်ပေါ်လာကြောင်း သူခံစားမိသည်။ သူ၏ အသိစိတ်က ဗလာဖြစ်သွားပြီး မည်းမှောင်သွားသည်။ သူက တိုးညင်းစွာ ညည်းညူလိုက်ပြီး ကျောက်တုံးကြီးပေါ်မှာ သတိလစ်သွားသည်။
သို့သော် သူသတိလစ်နေသည့်တိုင် ထူးဆန်းသော ထိုအဖြစ်အပျက်က ဆက်လက် ဖြစ်ပေါ်နေဆဲပင်။
ထွန်းလင်းတောက်ပသော အလင်းလွှာတစ်ခုက ကျောက်တုံးကြီးပေါ်မှာ ထပ်မံ ထွက်ပေါ်လာသည်။ အလင်းလွှာသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကျောက်တုံးကြီးပေါ်မှာ လဲလျောင်းနေသော အနက်ရောင်ကျား၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ အံ့ဖွယ်ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ အရွယ်အစားသေးငယ်သော သွေးစက်များက အနက်ရောင်ကျား၏ ခန္ဓာကိုယ်ထဲမှ စတင်စိမ့်ထွက်လာသည်။ သေးငယ်သော ထိုသွေးစက်များက ကျား၏ မရေမတွက်နိုင်သော မွေးညင်းပေါက်များထဲမှ စိမ့်ထွက်လာကြသည်။ သို့သော်လည်း ထူးဆန်းသည်မှာ ထိုသွေးစက်များက အနီရောင်မဟုတ်ပေ။ အနက်ရောင် ဖြစ်၏။ တစ်ချိန်တည်းမှာ ကျား၏ ခန္ဓာကိုယ်က တဖြည်းဖြည်း စတင်ကြီးထွားလာသည်။
အရွယ်မရောက်သေးသော ၎င်း၏ ခန္ဓာကိုယ်က ဤအခိုက်အတန့်မှာ အရွယ်ရောက်ကျားတစ်ကောင်၏ အရွယ်အစားသို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့ပြင် ၎င်းက အရွယ်ရောက်ကျားတစ်ကောင်၏ အရွယ်အစားကို ပိုင်ဆိုင်သွားသည့်တိုင် ၎င်း၏ ခန္ဓာကိုယ်ကြီးထွားမှုက မရပ်တန့်သေးပေ။
“ ရှူး ဟူး… ရှူး ဟူး… ”
အနက်ရောင်ကျားသည် အိပ်ပျော်နေရင်း အသက်ရှူသွင်းရှူထုတ် ပြုလုပ်နေသည်။ အနက်ရောင်ကျား၏ ခန္ဓာကိုယ်က အရွယ်ရောက်ကျားတစ်ကောင်ထက် ပိုပြီးကြီးမားသွားနေစဉ် သားရဲဘုရင်၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ အထူးသဖြင့် ၎င်း၏ နဖူးပေါ်မှ “ ဘုရင် ”ဟူသော ခရမ်းရောင်စာလုံးက ပိုပြီးအံ့ဖွယ်ကောင်းလာသည်။ တစ်စုံတစ်ယောက်သည် ထိုခရမ်းရောင်စာလုံးကို ကြည့်လိုက်ရုံဖြင့် တုန်လှုပ်ချောက်ချားသွားလိမ့်မည်။
ယခု ထိုအနက်ရောင်ကျားဆီမှာ စစ်မှန်သော သားရဲဘုရင်တစ်ပါး၏ အရှိန်အဝါ ကိန်းအောင်းနေကြောင်း မငြင်းဆန်နိုင်တော့ပေ။ အလွန်အားကောင်းသော ကျားအရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး အနီးနားဝန်းကျင်မှ တောအုပ်ဆီသို့ ပျံ့နှံ့သွားသည်။
ယင်းက သားရဲဘုရင်များသာလျှင် ပိုင်ဆိုင်နိုင်သော သဏ္ဍာန်မဲ့အရှိန်အဝါ ဖြစ်သည်။ ထိုအရှိန်အဝါက တောအုပ်ထဲမှာ ပျံ့နှံ့သွားသည့်အခါ အစာရှာရန် အပြင်ထွက်လာကြသော တိရိစ္ဆာန်များက တုန်လှုပ်ချောက်ချားသွားကြပြီး မြေကြီးပေါ်မှာ ဝပ်တွားလိုက်ကြသည်။ သူတို့က မရွေ့လျားနိုင်ကြတော့ပေ။ ယင်းက သူတို့၏ စိတ်ဝိညာဉ်ထဲမှာ စွဲမြဲနေသော သားရဲဘုရင်အပေါ် အလိုအလျောက်ကြောက်စိတ် ဖြစ်သည်။ သားရဲဘုရင်၏ အရှေ့မှာ သူတို့က အညံ့ခံရန်သာ စဉ်းစားနိုင်ကြသည်။
တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျေးငှက်များနှင့် ညပိုးကောင်များသည်ပင် အသံမထွက်ဝံ့ကြချေ။ ယင်းက တောအုပ်ကို အနည်းငယ် ချောက်ချားဖွယ်ကောင်းစေသည်။
အပြောင်းအလဲသည် အရွယ်အစားကြီးမားလာရုံမျှသာ မဟုတ်ပေ။ ထူထဲသော အနက်ရောင်အလင်းလွှာတစ်ခုက အနက်ရောင်ကျား၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ လရောင်ခြည်သည် ပင်လယ်ကို ရှာတွေ့သွားသော မြစ်တစ်စင်းနှယ် ဂနာမငြိမ်ဖြစ်လာသည်။ လရောင်ခြည်က ဒီရေသဖွယ် တလိပ်လိပ် ပေါ်လျှိုးလာလေသည်။
“ ရွှီး ”
လရောင်ခြည်က အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ နှင်းကဲ့သို့ ဖြူဖွေးသော အဖြူရောင်အလင်းစက်ဝိုင်းတစ်ခုက လစန္ဒာထံမှ ကျဆင်းလာသည်။ ထိုအလင်းစက်ဝိုင်းသည် လရောင်ခြည်၏ ဒြပ်ထည်ဖွဲ့စည်းမှုတစ်ခု ဖြစ်သည်။ အလင်းစက်ဝိုင်းသည် သီရှီထျန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ အလင်းစက်ဝိုင်းထဲမှ ပမာဏ အလွန်များပြားသော လရောင်ခြည်အနှစ်သာရက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ သူ့အောက်မှ ကျောက်တုံးကြီးသည်ပင် အလင်းစက်ဝိုင်း၏ ဖုံးလွှမ်းခံလိုက်ရသည်။ ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။
လရောင်ခြည်မှ ထုတ်လွှတ်ပေးနေသော အလင်းစက်ဝိုင်းက လွန်စွာ သိသာထင်ရှားသည်။ ယင်းက ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသော အလင်းထောင့်တိုင်တစ်ခုပမာ တည်ရှိနေ၏။ ယင်းက အလွန်မျက်စိဖမ်းစားနိုင်စွမ်း ရှိသည်။ မရေမတွက်နိုင်သော သက်ရှိများက အလင်းစက်ဝိုင်းထံသို့ ကြောက်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
တောအုပ်ထဲမှ တိရိစ္ဆာန်ထောင်သောင်းချီသည် မြေကြီးပေါ်မှာ ဆက်လက် ဝပ်တွားနေကြသည်။ သူတို့က ခေါင်းမမော့ဝံ့ကြချေ။
ကျားရဲတောင်တန်းဒေသသည် မိုင်တစ်သောင်းရှည်လျားစွာ တည်ရှိသည်။ တောင်တန်းဒေသ၏ အနီးနားတွင် ချူတိုင်းပြည် တည်ရှိသည်။ ချူတိုင်းပြည်၏ နယ်နိမိတ်က အလွန်ကျယ်ပြောသည်။ ဖြစ်နိုင်သည်မှာ အပြင်ဘက်လောကသည် လူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ကျားရဲတောင်တန်းသည် မသေးငယ်ပေ။ သို့သော်လည်း အပြင်ဘက်လောကနှင့် နှိုင်းယှဉ်လျှင် ယင်းက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်၏။
ကျားရဲတောင်တန်းဒေသ၏ အစွန်အဖျားတွင် အမဲလိုက်သူများ စုဝေးနေထိုင်ကြသည်။ ထိုနေရာမှာ တောင်ခြေရွာလေးတစ်ရွာပင် ရှိသည်။
ကျားရဲတောင်တန်းဒေသထဲမှ ရုတ်တရက် အပြောင်းအလဲက လူအများအပြား၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားသည်။