← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

" ဟိုးကို ကြည့်… အားကောင်းတဲ့ အလင်းတန်းတစ်ခု အဲ့ဒီမှာ ထွက်ပေါ်နေတယ် ”

“ ထူးဆန်းတဲ့ အလင်းတန်း ထွက်ပေါ်လာတဲ့နေရာမှာ ရတနာတွေရှိတတ်တယ်လို့ ငါကြားဖူးတယ်… အဲ့ဒါ ရတနာတစ်ခု မွေးဖွားလာတဲ့ လက္ခဏာဖြစ်မယ်… ဘာလို့ ငါတို့အတူတူ အဲ့ဒီတောင်ဆီ မသွားကြတာလဲ… ကံကောင်းရင် ငါတို့တွေ တစ်ခါတည်း ကြီးပွားချမ်းသာသွားနိုင်တယ် ”

ကျားရဲတောင်တန်းဒေသ၏ အနီးနားမှ ကျေးရွာတချို့တွင် ထိုသို့စကားဝိုင်းများ ထွက်ပေါ်လာသည်။ လူတိုင်းနီးပါးက ကျားရဲတောင်တန်းဒေသထဲမှာ ထွက်ပေါ်လာသော ထူးဆန်းသည့် အလင်းတန်းအကြောင်း ဆွေးနွေးပြောဆိုနေကြသည်။

သို့သော်လည်း လူအများအပြားက အမှန်တကယ် မလှုပ်ရှားကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က ကျားရဲတောင်တန်းဒေသနားမှာ နေထိုင်နေကြလေရာ တောင်တန်းထဲမှာ တိရိစ္ဆာန်မျိုးစုံနှင့် သားရဲမျိုးစုံ ရှင်သန်နေထိုင်ကြကြောင်း နားလည်ထားကြသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲအများစုသည် သုံးလေးကောင် အုပ်စုဖွဲ့၍ နေထိုင်ကြလေ့ရှိသည်။

သို့ဖြစ်၍ ပုံမှန်အခြေအနေမှာဆိုလျှင်ပင် အမဲလိုက်သမားများသည် တောင်တန်းဆီသို့ တစ်ယောက်တည်း မသွားဝံ့ကြချေ။ သူတို့သည် အနည်းဆုံး အဖော်လေးငါးယောက်ပါမှ အမဲလိုက်ထွက်ဝံ့ကြသည်။

ထို့ပြင် ယခုက ညအချိန်ဖြစ်လေရာ တောင်တန်းနှင့် တောအုပ်ထဲမှာ အလွန်အန္တရာယ်များသည်။ ညအချိန်သည် သားရဲတိရိစ္ဆာန်များ ရက်စက်အကြမ်းကြုတ်ဆုံးအချိန် ဖြစ်သည်။ အကယ်၍ သူတို့သာ ယခုအချိန် တောင်တန်းဆီသို့ သွားမည်ဆိုလျှင် ရတနာရှာမတွေ့ဘဲ သားရဲအစာ ဖြစ်သွားကြလိမ့်မည်။

ရွာသားများသည် တောင်တန်းဆီသို့ မသွားခဲ့ကြပေ။ သို့သော်လည်း သူတို့က ညအချိန်၌ ထွက်ပေါ်လာခဲ့သော ထိုအလင်းတန်းအကြောင်းကို နယ်မြို့ထဲ၌ သူတို့ဈေးသွားရောင်းသည့်အခါ ပြန်ပြောကြသည်။ သို့ဖြစ်၍ သတင်းသည် တစ်ဆင့်စကားတစ်ဆင့်ကြား၍ ပျံ့နှံ့သွားသည်။

လူတစ်ယောက်တည်း သိထားမှသာလျှင် ယင်းကို လျှို့ဝှက်ချက်ဟု ခေါ်နိုင်လိမ့်မည်။ အကယ်၍ ဒုတိယလူသိသွားလျှင် ယင်းက လူအားလုံးသိသွားခြင်းနှင့် ညီမျှလိမ့်မည်။ ထိုအခါ လျှို့ဝှက်ချက်က လျှို့ဝှက်ချက်မဟုတ်တော့ပေ။ သို့ဖြစ်၍ အခြားတစ်ယောက်ကို ပြောပြခြင်းက လူအားလုံးကို ပြောပြခြင်းနှင့် အတူတူပင်။

ထို့ကြောင့် သတင်းက မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ကျားရဲတောင်တန်းဒေသထဲမှ ထူးဆန်းသော အပြောင်းအလဲက ချူတိုင်းပြည်ထဲမှာ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ သတင်းက ပိုပျံ့နှံ့သွားလေ ကောလဟာလများက ပိုများပြားလာလေ ဖြစ်၏။ တချို့က ပြောကြသည်မှာ အဖိုးတန်ရတနာတစ်ခုက ကျားရဲတောင်တန်းဒေသထဲမှာ မွေးဖွားလာသည်။ ထိုရတနာကို ရရှိလျှင် တိုင်းပြည်တစ်ပြည်နှင့် ညီမျှသော ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်နိုင်လိမ့်မည်။ အချိန်တိုလေးအတွင်းမှာ သတင်းက ပိုပျံ့နှံ့သွားပြီး ပိုလျှို့ဝှက်ဆန်းကြယ်လာသည်။

လူတိုင်းသိထားသကဲ့သို့ပင် ဤလောကမှာ စူးစမ်းလိုသောလူများ မရှားပါးပေ။ စူးစမ်းလိုစိတ်ကြောင့်ဖြစ်စေ အလိုရမ္မက်ကြောင့်ဖြစ်စေ လူအများအပြားသည် ကျားရဲတောင်တန်းဒေသဆီသို့ စိတ်လှုပ်ရှားစွာ ခရီးထွက်သွားကြသည်။

မှန်ပေသည်။ ယင်းက အနာဂတ်ကိစ္စ ဖြစ်သည်။

ထွန်းလင်းတောက်ပသော အလင်းစက်ဝိုင်းတစ်ခုက လစန္ဒာထံမှ ကျဆင်းလာပြီး သီရှီထျန်ကို လွှမ်းခြုံလိုက်သည်။ ပမာဏ အလွန်များပြားသော လရောင်ခြည်အနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာနေသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်က သတိမေ့မျောနေသည်။ သူက သတိမေ့မျောနေသော်လည်း ပြန်လည်မွေးဖွားလာသူ ဖြစ်နေဆဲပင်။ သို့ဖြစ်၍ သူ၏ စိတ်ဝိညာဉ်က တခြားတိရိစ္ဆာန်များထက် အများကြီး ပိုသန်မာသည်။ ထို့ကြောင့် သူက အချိန်တစ်ခဏသာ သတိမေ့သွားသည်။ လရောင်ခြည်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်အခါ သူပြန်နိုးလာသည်။

သူက ပြန်နိုးလာသော်လည်း သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှာ မည်သို့ဖြစ်ပျက်နေကြောင်း မသိသေးပေ။ အဘယ့်ကြောင့်ဆိုသော် သူနိုးလာသည့်အခိုက် အရေအတွက်များပြားသော သတင်းအချက်အလက်များက သူ၏ ခေါင်းထဲမှာ ထွက်ပေါ်လာသောကြောင့်ပင်။

ခေါင်းထဲမှာ အရေအတွက်များပြားသော သတင်းအချက်အလက်များ ရုတ်တရက် ထွက်ပေါ်လာသော ခံစားမှုကို သာမန်လူများ နားလည်နိုင်ကြမည် မဟုတ်ချေ။ နာကျင်မှု။ ယင်းက အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ အစောနက သူသည် စွမ်းအင်စုစည်းဆေးလုံးထံမှ ဆေးအစွမ်းကြောင့် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြဲသွားသည့်အလား နာကျင်ခံစားခဲ့ရသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်နှင့် ဝိညာဉ်က ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။

ထိုနာကျင်မှုက သူတောင့်ခံနိုင်သည်ထက် အများကြီး ကျော်လွန်နေသည်။

“ တောင့်ထားရမယ်… ငါတောင့်ထားရမယ်… ငါ့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်… ”

အကယ်၍ သူသာ နောက်ထပ် မတောင့်ခံနိုင်ဘဲ ထပ်မံ သတိလစ်သွားမည်ဆိုလျှင် ဤတစ်ကြိမ် သူ၏ အသိစိတ်ကို အမှန်တကယ် ဆုံးရှုံးသွားပြီး ရူးသွပ်သွားလိမ့်မည်ဖြစ်ကြောင်း သီရှီထျန် အာရုံရနေသည်။ ထို့ကြောင့် အံတင်းတင်းကြိတ်၍ ဇွဲကောင်းစွာ တောင့်ခံထားရုံသာ သူတတ်စွမ်းပေသည်။

သူက အဆုံးမဲ့နာကျင်မှုကို တောင့်ခံနေစဉ် မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ် အဖမ်းခံခဲ့ရသော မြင်ကွင်းက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အလွန်အားကောင်းသော အမုန်းတရားက ပေါ်လျှိုးလာပြီး သူ၏ စိတ်ခွန်အားကို အဆက်မပြတ် တိုးမြှင့်ပေးနေသည်။

သူက အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားနေရစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက တစ်ခါမှမဖြစ်စဖူး သက်ဝင်လှုပ်ရှားလာသည်။ တစ်ချိန်တည်းမှာ နေနှင့်လ၏ အနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် တိုးဝင်လာနေပြီး သူ၏ မိစ္ဆာစွမ်းအားက တစ်ဟုန်ထိုး တိုးပွားလာနေသည်။ မိစ္ဆာစွမ်းအားက လျှပ်စီးပမာ အလျင်ဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ရွေ့လျားစီးဆင်းသွားသည်။

နေရာတစ်နေရာသို့ ရောက်ရှိသွားတိုင်း မိစ္ဆာစွမ်းအားအမျှင်တန်းတချို့က မူလလမ်းကြောင်းမှ ခွဲထွက်သွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေသည်။

“ ဝေါင်း ”

သူ၏ ဝိညာဉ်ထံမှ နာကျင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သီရှီထျန်၏ ကျားမျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ သူက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ခေါင်းမော့ကာ ကြီးကျယ်မြင့်မြတ်သော ကျားဟိန်းသံကို ထုတ်ဖော်လိုက်သည်။ ထိုဟိန်းသံက သူ၏ နှလုံးသားကို ဝမ်းသာပျော်ရွှင်စေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ဟိန်းဟောက်လိုက်သည့်အခါ သူ၏ ဦးခေါင်းထဲမှ မခံမရပ်နိုင်သော နာကျင်မှုက အနည်းငယ် သက်သာသွားကြောင်း သူခံစားမိသောကြောင့်ပင်။

မိစ္ဆာစွမ်းအားသည်လည်း ပိုပြီးသက်ဝင်လှုပ်ရှားလာပြီး ကျားဟိန်းသံကို အားဖြည့်ပေးရန် စွမ်းအင်လှိုင်းတချို့ကို ထုတ်လွှတ်ပေးလိုက်သည်။

ကျားဟိန်းသံသည် တစ်ခါတစ်ရံ မြင့်တတ်သွားပြီး တစ်ခါတစ်ရံ နိမ့်ကျသွားသည်။ သို့တိုင် ကျားဟိန်းသံက အချိန်ကြာမြင့်စွာ ဆက်လက် မြည်ဟိန်းနေသည်။ ကျားဟိန်းသံသည် တောအုပ်ထဲမှာသာမက ကောင်းကင်ယံအထိလည်း ပဲ့တင်ထပ်သွားသည်။

သီရှီထျန်က သက်တောင့်သက်သာ ခံစားမိသော်လည်း တောအုပ်ထဲမှ ရာထောင်ချီသော တိရိစ္ဆာန်များက တုန်လှုပ်ချောက်ချားသွားကြသည်။

သူ၏ ကျားဟိန်းသံက မည်မျှကြာမြင့်ခဲ့ကြောင်း သီရှီထျန် မသိပေ။ ကျားဟိန်းသံ ရပ်တန့်သွားသည့်အခါ သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာနေသော သတင်းအချက်အလက်များသည်လည်း နောက်ဆုံးမှာ ရပ်တန့်သွားသည်။

သီရှီထျန်သည် ကျားဟိန်းသံ ရပ်တန့်သွားပြီးနောက် စိတ်တည်ငြိမ်စွာထားလိုက်သည်။ သူ၏ ခေါင်းထဲသို့ ဒလဟော တိုးဝင်လာသော သတင်းအချက်အလက်များက မည်သည့်အရာဖြစ်ကြောင်း သူသိချင်သည်။

“ အမ် ”

ယင်းကို နားလည်သွားသောအခါ သီရှီထျန်က အချိန်အတော်ကြာအောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ယခု သူ၏ အမူအရာက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသည့်အလားပင်။ သူက တစ်ခဏကြာ အံ့ဩမှင်သက်နေပြီးလျှင် ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။ ယင်းက မည်သည့်အရောင်မှမပါသော အစစ်အမှန် ဝမ်းသာပျော်ရွှင်မှု ဖြစ်သည်။

“ ဝေါင်း ”

သူက အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏ နှလုံးသားထဲမှ ဝမ်းသာပျော်ရွှင်မှုကို မဖိနှိပ်နိုင်လေရာ နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။

“ ငါအမြဲတမ်း လိုချင်နေတဲ့အရာကို အခုလို မမျှော်လင့်ဘဲ ရလာလိမ့်မယ်လို့ မထင်ထားဘူး… ကြည့်ရတာ ကောင်းကင်ဘုံက ငါ့ကို ကျားအဖြစ် ပြန်လည်မွေးဖွားစေပြီးနောက် နှစ်သိမ့်မှုတစ်ခု ပေးခဲ့တဲ့ပုံပဲ… အဲ့ဒါကြောင့် ငါ့ရဲ့ ကံက အရမ်းကောင်းနေတာ ဖြစ်မယ် ”

သီရှီထျန်က သူ၏ နှလုံးသားထဲ၌ ဂုဏ်ယူဝံ့ကြွားမှုကို ခံစားမိသွားသည်။ ထို့နောက် သူက ဝမ်းသာပျော်ရွှင်မှုကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး စိတ်တည်ငြိမ်စွာထားလိုက်သည်။

အမွေအနှစ်… ။

သွေးမျိုးဆက်အမွေအနှစ်… ။

အကယ်၍ ယင်းကို သူကိုယ်တိုင် တွေ့ကြုံခဲ့ခြင်းမဟုတ်လျှင် မိစ္ဆာမျိုးနွယ်စုထဲမှာ ထိုသို့လျှို့ဝှက်ဆန်းကြယ်သော အံ့ဖွယ်အတတ်ပညာတစ်ခု ရှိနေမည်ဟု လုံးဝ သူတွေးမိလိမ့်မည် မဟုတ်ချေ။

သွေးမျိုးဆက်အမွေအနှစ်… ။

ယေဘုယျအားဖြင့်ဆိုရသော် ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်သောအရာ ဖြစ်သည်။ ထိုသို့အမွေအနှစ်က မိစ္ဆာမျိုးနွယ်စု၏ တမူထူးခြားသော လျှို့ဝှက်အတတ်ပညာတစ်မျိုး ဖြစ်သည်။

အမွေအနှစ်ထံမှ သူရှာတွေ့ခဲ့သော သတင်းအချက်အလက်များအရ အတိတ်၌ မိစ္ဆာမျိုးနွယ်စုက အလွန်သန်မာခဲ့သည်။ ရှေးခေတ်တွင် လူသားများက အရေအတွက်အနည်းငယ်သာရှိပြီး ဆင်းရဲနိမ့်ကျကြသည်။ ဤလောကတွင် ငှက်အများအပြားနှင့် သားရဲအများအပြား တည်ရှိကြသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် မွေးကတည်းက အလွန်သန်မာကြပြီး သဘာဝတရား၏ ကောင်းချီးပေးမှုကို ပိုင်ဆိုင်ထားကြသည်။

သူတို့က မည်သို့ကျင့်ကြံသင့်ကြောင်း သိနားလည်ကြပြီး မိုးမြေကြားမှ ဝိညာဉ်စွမ်းအားနှင့် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်ကြသည်။ သူတို့က မိစ္ဆာလမ်းစဉ်ကို မည်သို့လျှောက်လှမ်းသင့်ကြောင်း သိကြသည်။ ထိုခေတ်ကာလတွင် မိစ္ဆာများက ကောင်းကင်ပေါ်မှ တိမ်တိုက်များကဲ့သို့ အလွန်ပေါများလှ၏။

လူသားများ… ။

အတိတ်မှာ သူတို့က မိစ္ဆာများအတွက် အစားအစာတစ်ခုထက် မပိုပေ။ သူတို့က မိစ္ဆာများ၏ အရှေ့တွင် ပုရွက်ဆိတ်များ ဖြစ်ကြသည်။

မိစ္ဆာမျိုးနွယ်စုထဲတွင် အစွမ်းထက်မျိုးနွယ်အများအပြားက အလွန်သန်မာသော စစ်သည်တော်များကို မွေးထုတ်ပေးခဲ့ကြသည်။ ထိုစစ်သည်တော်များသည် သူတို့၏ နောင်မျိုးဆက်များ အမြဲတမ်း တိုးတတ်နိုင်ရန်အလို့ငှာ သွေးမျိုးဆက်အမွေအနှစ်ဟူသော လျှို့ဝှက်အတတ်ပညာကို သုတေသနပြုလုပ်ခဲ့ကြသည်။ သူတို့က သွေးမျိုးဆက်အမွေအနှစ်ကို သူတို့၏ အမျိုးအနွယ်ကိုသာလျှင် လက်ဆင့်ကမ်းပေးကြသည်။ ယင်းက သူတို့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိသော်လည်း သူတို့၏ နောင်မျိုးဆက်များအတွက်တော့ သွေးမျိုးဆက်အမွေအနှစ်က အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက မယုံကြည်နိုင်ဖွယ်ကောင်းသော အကျိုးကျေးဇူးများကို ပေးနိုင်၏။

ဥပမာ မြွေကလန်၏ နောင်မျိုးဆက်တစ်ဦးက ရုတ်တရက် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးလာပြီး နေနှင့်လ၏ အနှစ်သာရ သို့မဟုတ် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို မည်သို့စုပ်ယူသင့်ကြောင်း သိနားလည်သွားမည်ဆိုလျှင် မိစ္ဆာစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ ဖြည်းဖြည်းချင်း စုဝေးသွားလိမ့်မည်။ အကယ်၍ သူက ကံကောင်းထောက်မ၍ အခွင့်အလမ်းတစ်ခုနှင့် တွေ့ကြုံမည်ဆိုလျှင် ရှေးခေတ်မှာ တည်ရှိခဲ့သော သူ့ဘိုးဘေးများ၏ သွေးမျိုးဆက်အမွေအနှစ်ကို နိုးထနိုင်သွားလိမ့်မည်။

သွေးမျိုးဆက်အမွေအနှစ်မှတဆင့် သူတို့က လျှို့ဝှက်ဆန်းကြယ်သော အံ့ဖွယ်အတတ်ပညာများ သို့မဟုတ် အစွမ်းထက်ကျင့်စဉ်များကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ မှန်ပေသည်။ အကယ်၍ သူတို့က ကံမကောင်းလျှင် သေးနုတ်သော အမွေအနှစ်ကိုသာ ရရှိကြလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်… ။

သွေးမျိုးဆက်အမွေအနှစ်ဟူသည် ဘိုးဘေးများ၏ အသိပညာများနှင့် ဉာဏ်အလင်းများက သွေးမျိုးဆက်ထဲမှာ ရောနှောတည်ရှိနေခြင်းကို ဆိုလိုသည်။ မည်သည့်အမွေအနှစ်ကို ပိုင်ဆိုင်နိုင်မလဲမှာ တစ်စုံတစ်ယောက်၏ ကံပေါ်မှာ မူတည်သည်။ ဆိုလိုသည်မှာ အကယ်၍ တစ်စုံတစ်ယောက်က ကံကောင်းမည်ဆိုလျှင် အစွမ်းထက် ရှေးဟောင်းကျင့်စဉ်တစ်ခုကို ရရှိလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ကံမကောင်းလျှင် သေးနုတ်သော ဉာဏ်အလင်းတချို့ကိုသာ ရရှိလိမ့်မည်။ ထို့ကြောင့် အမွေအနှစ်များက ကြုံရာကျပန်းဖြစ်သည်။

သွေးမျိုးဆက်အမွေအနှစ်ကို လွန်ခဲ့သော အနှစ်တစ်ထောင်တွင် အမြဲတမ်းလိုလို မြင်တွေ့ရ၏။ သို့သော်လည်း မျက်မှောက်ခေတ်တွင် သွေးမျိုးဆက်အမွေအနှစ်ကို နိုးထနိုင်သော သက်ရှိများက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တဖြည်းဖြည်း နည်းပါးသွားသည်။

သွေးမျိုးဆက်အမွေအနှစ်ကို နိုးထနိုင်ခြင်းသည် တစ်စုံတစ်ယောက်၏ ကံပေါ်မှာ မူတည်သည်။ တချို့မိစ္ဆာမျိုးနွယ်ဝင်များသည် သူတို့တစ်ဘဝလုံး ကြိုးစားလျှင်ပင် သွေးမျိုးဆက်အမွေအနှစ်ကို တစ်ကြိမ်ပင် မနိုးထနိုင်ကြချေ။

ဤတစ်ကြိမ်တွင် သွေးမျိုးဆက်အမွေအနှစ်ကို စက်ကရာ နိုးထနိုင်ခြင်းမှာ အလွန်ကံကောင်းသောကြောင့် ဖြစ်သည်။ သူက စွမ်းအင်စုစည်းဆေးလုံးကို သောက်သုံးပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို အရင်ဦးစွာ တိုးမြှင့်ခဲ့သည်။ ထို့နောက် ကျောက်တုံးကြီးထံမှ ထုတ်လွှတ်လိုက်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ ပုန်းလျှိုးနေသော သွေးမျိုးဆက်အမွေအနှစ်ကို နိုးထလာစေရန် လှုံ့ဆော်ပေးသည်။ သို့မဟုတ်လျှင် သူက ဤဘဝမှာ သွေးမျိုးဆက်အမွေအနှစ်ကို မည်သည့်အခါမှ နိုးထနိုင်လိမ့်မည် မဟုတ်ချေ။

သီရှီထျန်သည် သွေးမျိုးဆက်အမွေအနှစ်ထဲမှ အဖိုးတန်ဗဟုသုတများကို အချိန်အတော်ကြာသည်အထိ တိတ်တဆိတ် စုပ်ယူလိုက်သည်။ ထို့နောက် သူက ညင်သာစွာ မျက်လုံးပြန်ဖွင့်လိုက်ပြီး ကောင်းကင်ယံမှ ကြယ်များကို မော့ကြည့်လိုက်သည်။

“ ကျားဟိန်းသံကျင့်စဉ်… နောက်ဆုံးတော့ သင့်တော်တဲ့ ကျင့်စဉ်တစ်ခုကို ငါရှာတွေ့ပြီ… အဲ့ဒါကို အမြူတေဖွဲ့စည်းခြင်းနယ်ပယ်အထိပဲ ကျင့်ကြံနိုင်တယ်ဆိုပေမဲ့ လက်ရှိ ငါ့အတွက်တော့ လုံလောက်ပါတယ် ”

လွန်ခဲ့သော ရက်အနည်းငယ်တွင် သူက ထိုပြဿနာအတွက် ခေါင်းစားခဲ့သည်။ သူ့အတွက် သင့်တော်သော ကျင့်စဉ်တစ်ခုကို မည်သို့ရှာဖွေသင့်ကြောင်း စဉ်းစားခဲ့သည်။ သို့သော်လည်း ယင်းက အတွေးတစ်ခုသာ ဖြစ်၏။ သူ၏ လက်ရှိ သရုပ်အဆင့်အတန်းအရ ကျင့်စဉ်တစ်ခုကို မည်သည့်နေရာမှ သူရရှိနိုင်မည်နည်း။ ယင်းက မဖြစ်နိုင်သောကိစ္စ ဖြစ်သည်။

သို့သော်လည်း သူက ကံကြမ္မာနတ်သမီး၏ မျက်နှာသာပေးမှုကို ရရှိထားဟန် ရ၏။ သို့မဟုတ် ကောင်းကင်ဘုံက သူ၏ အတွေးကို သိနေသည့်အလားပင်။ သူအိပ်ပျော်တော့မည့်အချိန် ခေါင်းအုံးက သူ၏ တံခါးဝဆီသို့ အလိုအလျောက် ရောက်လာသည်။

“ ကျားဟိန်းသံကျင့်စဉ် ”က အလွန်အစွမ်းထက်သော ကျင့်စဉ်တစ်ခုမဟုတ်သော်လည်း ယင်းက ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော သက်ရှိများကို မိစ္ဆာဖြစ်လာရန် စွမ်းဆောင်ပေးနိုင်သည်။

အနိမ့်ဆုံးအဆင့်မှ စတင်၍ အမြူတေဓာတ်လုံးဖွဲ့စည်းပြီး မိစ္ဆာတစ်ကောင်ဖြစ်လာစေမည့် လိုအပ်ချက်အားလုံးက ထိုကျင့်စဉ်ထဲမှာ ပါဝင်သည်။

အလုံးစုံခြုံပြောရသော် “ ကျားဟိန်းသံကျင့်စဉ် ” က အစွမ်းထက်ကျင့်စဉ်တစ်ခု မဟုတ်သော်ငြား ယင်းက လက်ရှိ သူ့အတွက် အသင့်တော်ဆုံးကျင့်စဉ် ဖြစ်သည်။

All Chapters