← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

သူ၏ စိတ်ထဲမှ “ ကျားဟိန်းသံကျင့်စဉ် ”ကို ဂရုတစိုက် ဖတ်ရှုပြီးနောက် သီရှီထျန် အလွန်စိတ်ကျေနပ်သွားသည်။

“ ကျားဟိန်းသံကျင့်စဉ် ”မှာ စုစုပေါင်း အဆင့်ကိုးဆင့် ရှိသည်။

ပထမဆုံး အဆင့်သုံးဆင့်က သူ၏ လက်ရှိ အခြေအနေအတွက် သင့်တော်သည်။ ယင်းက မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကိုသာမက နေနှင့်လ၏ အနှစ်သာရကိုလည်း စုပ်ယူနိုင်စေလိမ့်မည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ဖြည်းဖြည်းချင်း သန်မာလာမည်။ တစ်ချိန်တည်းမှာ သူ၏ မိစ္ဆာစွမ်းအားက ချီသန့်စင်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများ ကျင့်ကြံသော ချီစွမ်းအားနှင့် တူညီသွားလိမ့်မည်။

တတိယအဆင့်မှ စတုတ္ထအဆင့်သို့ တတ်လှမ်းရာတွင် ကြီးမားသော အဟန့်အတားရှိသည်။ အကယ်၍ သူက ထိုအဟန့်အတားကို ချိုးဖြတ်ပြီး စတုတ္ထအဆင့်သို့ တတ်လှမ်းသွားမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ဒြပ်မဲ့အခြေအနေမှ အရည်အခြေအနေသို့ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ မိစ္ဆာစွမ်းအားက ပိုပြီးသန့်စင်သွားလိမ့်မည်။ မိစ္ဆာစွမ်းအားက အရည်အခြေအနေသို့ ပြောင်းလဲသွားသော သက်ရှိများကို မိစ္ဆာသားရဲများဟု ခေါ်ကြသည်။ ထိုသို့အခြေအနေတွင် သူတို့၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းရည်တချို့က နိုးထလာလိမ့်မည်။

ဆဌမအဆင့်နှင့် သတ္တမအဆင့်ကြားတွင်လည်း ကြီးမားသော နောက်ထပ် အဟန့်အတားတစ်ခုရှိသည်။ အကယ်၍ သူက ထိုအဟန့်အတားကို ချိုးဖြတ်သွားမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။

အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော သက်ရှိများသည်သာ မိစ္ဆာတစ်ကောင်ဖြစ်လာရန် အရည်အချင်းပြည့်မီကြသည်။ သို့ဖြစ်၍ မိစ္ဆာတစ်ကောင်အတွက် အမြူတေဓာတ်လုံးက မည်မျှအရေးကြီးကြောင်း စိတ်ကူးကြည့်နိုင်၏။ ယင်းသည် အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်၏ ပေါင်းစပ်မှု ဖြစ်သည်။ ယင်းက တစ်စုံတစ်ယောက်၏ အသက်ဓာတ် ဖြစ်သည်။

“ ဒီကျားဟိန်းသံကျင့်စဉ်နဲ့ဆိုရင် ငါမိစ္ဆာတစ်ကောင်ဖြစ်လာဖို့ အချိန်အကြာကြီး စောင့်စရာမလိုတော့ဘူး… မိစ္ဆာကျင့်စဉ်က တကယ်ပဲ ထူးခြားပါပေတယ် ”

သီရှီထျန်သည် သူ၏ စိတ်ထဲမှ မိစ္ဆာကျင့်စဉ်ကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။ ဤတစ်ကြိမ် သူရရှိခဲ့သော သွေးမျိုးဆက်အမွေအနှစ်ထဲမှာ ကျားဟိန်းသံကျင့်စဉ်တစ်ခုတည်း ပါရှိခြင်းမဟုတ်ပေ။ မိစ္ဆာလမ်းစဉ်နှင့်သက်ဆိုင်သော ဗဟုသုတတချို့လည်း ပါရှိသည်။

ကျားဟိန်းသံကျင့်စဉ်ကို ဖတ်ရှုလိုက်သည့်အခါ သီရှီထျန် အံ့ဩသွားသည်။ မိစ္ဆာလမ်းစဉ်တွင်လည်း တမူထူးခြားသော ကျင့်ကြံခြင်းနည်းလမ်းများ ရှိ၏။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာများသည် မိုးမြေကြားမှ ငှက်များနှင့် တိရိစ္ဆာန်များမှ ဆင့်ကဲပြောင်းလဲသွားသော သက်ရှိများဖြစ်သောကြောင့်ပင်။ သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက လူသားများနှင့် ကွဲပြားခြားနားသည်။

ဥပမာ လူသားများတွင် အဓိကမရီဒျန်(၁၂)ခု၊ အထူးမရှီဒျန်(၈)ခုနှင့် ပင်မမရီဒျန်(၃)ခု ရှိသည်။ သို့သော် တိရိစ္ဆာန်တစ်ကောင်ထံတွင် ထိုမရီဒျန်အားလုံး တည်ရှိနေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်စု၏ ကျင့်ကြံခြင်းနည်းလမ်းများက လူသားကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားခြားနားသည်။

ကျင့်ကြံခြင်းလမ်းစဉ်တွင် မိစ္ဆာများသည် လူသားများထက် ပိုပြီးစောစီးစွာ စတင်ခဲ့ကြသည်။

သို့ဖြစ်လေရာ မိစ္ဆာများကြားတွင် တမူထူးကဲသော ကျင့်စဉ်များ ရှိကြသည်။ အစွမ်းထက်မိစ္ဆာကျင့်စဉ်များသည် လူသားမျိုးနွယ်၏ အထူးကျင့်စဉ်များထက် အားမနည်းကြချေ။ အကယ်၍ သီရှီထျန်သာ သွေးမျိုးဆက်အမွေအနှစ်ကို မပိုင်ဆိုင်ခဲ့လျှင် ယင်းကို သိရှိလိမ့်မည် မဟုတ်ချေ။

… … …

ရှေးဆိုရိုးစကားတစ်ခု ရှိ၏။ လူသားခန္ဓာကိုယ်သည် ကြီးမားသော ရတနာသိုက်တစ်ခု ဖြစ်သည်။ ယင်းကို ဖွင့်လှစ်နိုင်မည့် သော့ကို ရှာဖွေနိုင်လျှင် စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည်။ မိုးမြေက ကြီးမားသော စကြာဝဠာတစ်ခုဆိုလျှင် လူသားခန္ဓာကိုယ်က သေးငယ်သော စကြာဝဠာတစ်ခု ဖြစ်သည်။

ထို့ကြောင့် ဤလောကတွင် လူသားခန္ဓာကိုယ်က ကျင့်ကြံရန် အသင့်တော်ဆုံးဖြစ်သည်ဟု လူအများပြောကြသည်။ လူသားခန္ဓာကိုယ်ထဲမှာ ဒြပ်စင်ငါးမျိုးသာမက လျှို့ဝှက်ဆန်းကြယ်သော မရီဒျန်များနှင့် သွေးကြောဆုံမှတ်များလည်း ရှိသည်။ ယင်းတို့က ကောင်းကင်ယံမှ နေ၊ လနှင့် ကြယ်များကို တုံ့ပြန်နိုင်ကြသည်။ လူသားများသည် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်ပြီး တိုက်ရိုက် စုပ်ယူနိုင်သော သဘာဝလက်ဆောင်ကို ပိုင်ဆိုင်ထားကြသည်။

လူသားခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်အဆန်းကြယ်ဆုံးအရာက သွေးကြောဆုံမှတ်သုံးခုဖြစ်သော အပေါ်ပိုင်းဒျန်တန်၊ အလယ်ပိုင်းဒျန်တန်နှင့် အောက်ပိုင်းဒျန်တန်တို့ ဖြစ်ကြသည်။ ဒျန်တန်၏ တည်ရှိမှုကြောင့် တစ်စုံတစ်ယောက်သည် အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်ကို သိုလှောင်နိုင်သည်။

ထို့ကြောင့် ကျင့်ကြံသူများဆီတွင် ဒျန်တန်ဇီဖူ ရှိသည်။ ထိုဒျန်တန်ဇီဖူကို ယွမ်စွမ်းအား သိုလှောင်ရန် အသုံးပြုသည်။ ထို့ပြင် ယင်းက ကျိဒန်နှင့် ယွမ်ယင် နေထိုင်နိုင်သော နေရာတစ်ခုကိုလည်း ထောက်ပံ့ပေးသည်။ ဒျန်တန်ဇီဖူကို ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဆိုနိုင်သည်။ တစ်စုံတစ်ယောက်သည် ဇီဖူကို ပိုင်ဆိုင်ထားမှသာလျှင် ကျင့်ကြံခြင်း၌ အခြေခံအုတ်မြစ်တည်ဆောက်ပြီးကြောင်း သတ်မှတ်နိုင်လိမ့်မည်။

လူသားများက ဒျန်တန်ဖြင့် မွေးဖွားလာလေရာ မည်မျှကံကောင်းကြောင်း တွေးကြည့်နိုင်သည်။ သူတို့က ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော သက်ရှိများ ဖြစ်ကြသည်။

ဇီဖူ… ဇီဖူ… ။

“ ဇီဖူ ”၏ အဓိပ္ပာယ်က နေထိုင်ရန်နေရာ ဖြစ်သည်။ ကျိဒန်က သန္ဓေသားလောင်းဖြစ်ပြီး ယွမ်ယင်က ကလေးဖြစ်သည်။ နေထိုင်ရန်နေရာ မရှိလျှင် သူတို့က မည်သို့အသက်ရှင်နိုင်မည်နည်း။ ထို့ကြောင့် ဇီဖူ၏ အရေးပါမှုက စိတ်ကူးမယဉ်နိုင်အောင် ကြီးမားလှ၏။

တိရိစ္ဆာန်များ၏ မရီဒျန်သည် လူသားများထက် အများကြီး ပိုရိုးရှင်းသည်။ ဥပမာ မြွေတစ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် မရီဒျန်တစ်ခုသာ ရှိသည်။ သို့သော် တိရိစ္ဆာန်များဆီမှာလည်း ဒျန်တန်တစ်ခုရှိသည်။ ဥပမာ မြွေ၏ အဓိကချက်ကောင်းက ခေါင်းနှင့် ခုနစ်လက်မအကွာမှ ၎င်း၏ ဒျန်တန်ဖြစ်သည်။ ၎င်း၏ ချက်ကောင်းကို ဖမ်းဆုပ်လိုက်လျှင် မြွေက မည်မျှရက်စက်ကြမ်းကြုတ်ပါစေ ချက်ချင်း ပျော့ခွေသွားပြီး ပြိုလဲသွားလိမ့်မည်။

မှန်ပေသည်။ တချို့တိရိစ္ဆာန်များဆီမှာ ဒျန်တန်မရှိပေ။ ဥပမာ သစ်ပင်နှင့် အပင်များဆီမှာ မရီဒျန်များ ရှိကြသည်။ သို့သော် သစ်ပင်များဆီမှာ မည်သို့ဒျန်တန်ရှိမည်နည်း။

တိရိစ္ဆာန်များဖြစ်စေ သို့မဟုတ် အပင်များဖြစ်စေ သူတို့အားလုံးက မိစ္ဆာများအဖြစ် ကျင့်ကြံနိုင်ကြသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။

ရှေးခေတ်တွင် မိစ္ဆာမျိုးနွယ်စုမှ မရေမတွက်နိုင်သော ပညာရှင်များသည် အတူတကွ စုဝေးပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ နောက်ဆုံးမှာ သူတို့က ဤလောကထဲမှ မျိုးနွယ်အားလုံးအတွက် သင့်တော်သော မိစ္ဆာကျင့်စဉ်များကို ဖန်တီးခဲ့ကြသည်။

တစ်စုံတစ်ယောက်ဆီမှာ ဒျန်တန်ရှိခြင်း မရှိခြင်းက မိစ္ဆာကျင့်စဉ်များအတွက် အရေးမကြီးပေ။ ယင်းတို့က ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစံအိမ်တစ်ခုကို တိုက်ရိုက် ဖွင့်လှစ်ပေးလိမ့်မည်။

သူ၏ ခေါင်းထဲမှ သတင်းအချက်အလက်များကို စုပ်ယူပြီးနောက် သီရှီထျန်သည် မိစ္ဆာမျိုးနွယ်စု၏ ရှေးခေတ်ပညာရှင်များကို မချီးကျူးဘဲ မနေနိုင်ပေ။ ရှေးခေတ်မှ မိစ္ဆာကျင့်ကြံသူများသည် အမှန်တကယ် အရည်အချင်းရှိသော ပညာရှင်များ ဖြစ်ကြသည်။ မိစ္ဆာလမ်းစဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုများက မသေမျိုးကျင့်ကြံခြင်းထက် မနိမ့်ကျပေ။ သူတို့၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစံအိမ်တစ်ခု ဖွင့်လှစ်နိုင်သည်ဟူသော အချက်ကပင် ရှေးခေတ်မိစ္ဆာကျင့်ကြံသူများ၏ အရည်အချင်းနှင့် ဉာဏ်ပညာကြီးမားမှုကို ဖော်ပြနေ၏။ ထိုပုဂ္ဂိုလ်များကို သူမလေးစားဘဲ မနေနိုင်ပေ။

မိစ္ဆာစံအိမ်ကို ဖွင့်လှစ်နိုင်လျှင် သူ့မှာ မိစ္ဆာလမ်းစဉ်အတွက် အခြေခံအုတ်မြစ်ရှိသွားလိမ့်မည်။

သူ၏ အသိစိတ်ထဲမှ သတင်းအချက်အလက်များကို အချိန်အတော်ကြာသည်အထိ ချေဖျက်ပြီးနောက် စက်ကရာသည် ခေါင်းငုံ့လိုက်ပြီး သူ့အောက်မှ ကျောက်တုံးကြီးကို ကြည့်လိုက်သည်။ စိတ်ရှုပ်ထွေးသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အကယ်၍ ယင်းကို သူကိုယ်တိုင် တွေ့ကြုံခဲ့ခြင်းမဟုတ်လျှင် ထိုကျောက်တုံးကြီးက သာမန်ကျောက်တုံးတစ်တုံးဖြစ်သည်ဟု သူသတ်မှတ်မိလိမ့်မည်။ ထိုကျောက်တုံးကြီးမှာ အံ့ဖွယ်အစွမ်းများရှိနေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

အကယ်၍ သူအမှတ်မမှားလျှင် ထိုကျောက်တုံးကြီးက သူ့ကို ကြိမ်ဖန်များစွာ ကူညီပေးခဲ့ဖူးသည်။ ပထမဆုံးအနေဖြင့် ထိုကျောက်တုံးကြီးက သူ့အား နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်စေရန် ကူညီပေးခဲ့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအားရှိသွားခြင်း ဖြစ်သည်။ ဒုတိယအကြိမ်တွင် စွမ်းအင်စုစည်းဆေးလုံးကို သူသောက်သုံးသည့်အခါ ကျောက်တုံးကြီးက သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် မရီဒျန်များကို ကာကွယ်ပေးရန် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို ထုတ်လွှတ်ပေးခဲ့သည်။ သူက မည်မျှတုံးအပါစေ ထိုကျောက်တုံးကြီးက လျှို့ဝှက်ရတနာတစ်ခုဖြစ်ကြောင်း သူမှန်းဆနိုင်သည်။

ဖြစ်နိုင်သည်မှာ ဝိညာဉ်ရတနာတစ်ခုက ထိုကျောက်တုံးကြီးအောက်မှာ ပုန်းကွယ်နေဟန် ရ၏။

သို့မဟုတ်လျှင် ကျောက်တုံးကြီးက ထိုမျှအံ့ဖွယ်ကောင်းသော အကျိုးအာနိသင်ကို ထုတ်လွှတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အကြည့် ထွက်ပေါ်လာသည်။ သူ့အရှေ့မှ ပစ္စည်းက ရှားပါးရတနာတစ်ခုဖြစ်နိုင်ကြောင်း သူသိသော်လည်း ယင်းကို ယူဆောင်နိုင်သော အရည်အချင်း သူ့ဆီမှာ မရှိပေ။ သူ၏ လက်ရှိ ခွန်အားအရ ထိုကျောက်တုံးကြီးကို သူမချိုးဖြတ်နိုင်ပေ။ ထို့ပြင် ကျောက်တုံးကြီးက ဤနေရာမှာ နှစ်ပေါင်းမည်မျှကြာမြင့်စွာ တည်ရှိနေခဲ့ကြောင်း မည်သူသိနိုင်မည်နည်း။

“ ထားလိုက်ပါတော့… ဒီကျောက်တုံးက ခြေထောက်ပေါက်ပြီး အဝေးကို ထွက်မပြေးနိုင်ပါဘူး… အခု ငါက သွေးမျိုးဆက်အမွေအနှစ်ကို နိုးထနိုင်သွားပြီး မိစ္ဆာမျိုးနွယ်စုရဲ့ ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်သွားပြီ… အခု ငါလုပ်ရမှာက မိစ္ဆာကျင့်စဉ်ကို စတင်ကျင့်ကြံဖို့ပဲ… ‘ ကျားဟိန်းသံကျင့်စဉ် ’ကို တတိယအဆင့်ထိ ကျင့်ကြံပြီး မိစ္ဆာစံအိမ်တစ်ခု ဖွင့်လှစ်နိုင်မယ်ဆိုရင် ငါက စစ်မှန်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မယ်… အဲ့ဒီအခါကျရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်စွမ်းရှိသွားလိမ့်မယ် ”

သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ကောင်းကင်ပေါ်သို့ သူမော့ကြည့်လိုက်သည့်အခါ လစန္ဒာက တဖြည်းဖြည်း လွင့်ပြယ်သွားနေကြောင်း မြင်သွားသည်။ အရှေ့အရပ်တွင် နေရောင်ခြည်က ဖြည်းဖြည်းချင်း ပေါ်လျှိုးလာပြီး အမှောင်ညကို ဖြိုခွင်းလိုက်သည်။

“ ဝေါင်း ”

သူက နောက်ထပ် ဆက်မနေတော့ဘဲ ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက တောင်အောက်သို့ ပြေးသွားသည်။

သူက မနေ့ညတွင် ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့သည်။ “ ကျားဟိန်းသံကျင့်စဉ် ”ဖြင့်ဆိုလျှင် သူ့မှာ ကျင့်ကြံရန် ဦးတည်ချက်ရှိသွားလိမ့်မည်။ ဝိညာဉ်အသိဉာဏ်ရှိပြီး နေနှင့်လ၏ အနှစ်သာရကိုသာ အချိန်ကြာမြင့်စွာ စုပ်ယူနိုင်သော တခြားတိရိစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် သူက အတော်လေး ကံကောင်းသည်။

“ ကျားဟိန်းသံကျင့်စဉ် ”ကို တတိယအဆင့်ထိ ကျင့်ကြံနိုင်လျှင် သူက ကျင့်စဉ်ထဲမှ တိုက်ခိုက်ရေးအတတ်ပညာဖြစ်သော “ ကျားဟိန်းသံ ”ကို အသုံးပြုနိုင်လိမ့်မည်။

ကျားဟိန်းသံသည် တခြားသားရဲများအတွက် အလွန်လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံ ဖြစ်သည်။ ကျားဟိန်းသံကို ကြားသည့်အခါ သူတို့က အလိုအလျောက် တုန်လှုပ်ချောက်ချားသွားလိမ့်မည်။ ယင်းက မမြင်နိုင်သော ခြိမ်းခြောက်မှု ဖြစ်သည်။

အကယ်၍ “ ကျားဟိန်းသံ ”တိုက်ခိုက်ရေးအတတ်ပညာကို သူကျင့်ကြံနိုင်မည်ဆိုလျှင် သူ၏ ကျားဟိန်းသံက သတ်ဖြတ်ခြင်းစွမ်းအား ကိန်းအောင်းနေသော အသံလှိုင်းတိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားလိမ့်မည်။ “ ကျားဟိန်းသံ ”တိုက်ခိုက်ရေးအတတ်ပညာ၏ ဖော်ပြချက်များအရ သီရှီထျန်သည် ယင်းကို အသုံးပြုနိုင်ရန် မျှော်လင့်နေသည်။

သူက လှိုဏ်ဂူဆီသို့ ပြန်လျှောက်သွားနေရင်း သူ၏ စိတ်ထဲမှာ “ ကျားဟိန်းသံကျင့်စဉ် ”အကြောင်း ဆက်တိုက် တွေးတောနေသည်။

“ ပထမအဆင့်သုံးဆင့်က မိစ္ဆာစွမ်းအားကို စုဆောင်းရတဲ့ လုပ်ငန်းစဉ်ပဲ… နေနဲ့လရဲ့ အနှစ်သာရကို ငါဆက်ပြီး စုပ်ယူမယ်ဆိုရင် ဒါမှမဟုတ် အစားအစာကနေရတဲ့ အာဟာရဓာတ်ကို မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲမယ်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအားက တိုးပွားလာလိမ့်မယ်… ပြီးတော့ ငါ့မှာ စွမ်းအင်စုစည်းဆေးလုံးတွေ ရှိသေးတယ်… မနေ့က ဆေးတစ်လုံးပဲ ငါသောက်ရသေးတယ် ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအားက ဒုတိယအဆင့်ဆီ ရောက်သွားတယ်… ငါ လှိုဏ်ဂူဆီ ပြန်သွားပြီး ‘ ကျားဟိန်းသံကျင့်စဉ် ’ကို အကြိမ်ရေအနည်းငယ် ကျင့်ကြံမယ်ဆိုရင် ဒုတိယအဆင့်ဆီ အလွယ်တကူ တတ်လှမ်းသွားလိမ့်မယ် ”

စွမ်းအင်စုစည်းဆေးလုံး၏ ဆေးအစွမ်းက မည်မျှအားကောင်းကြောင်း သူကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်။ ကျောက်စိမ်းပုလင်းထဲမှာ ဆေးလုံးဒါဇင်ခန့် ရှိသည်။ ဆေးလုံးအနည်းငယ်ဖြင့်ဆိုလျှင် “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့်ဆီသို့ အလွယ်တကူ သူတတ်လှမ်းနိုင်လိမ့်မည်ဟု သီရှီထျန် ယုံကြည်ချက်ရှိသည်။ ထို့နောက် သူက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီးလျှင် သူက သာမန်သားရဲတစ်ကောင်မှ မိစ္ဆာတစ်ကောင်သို့ ကူးပြောင်းသွားလိမ့်မည်။

သူက လှိုဏ်ဂူဆီသို့ ပြန်သွားနေသည့် လမ်းတွင် တောအုပ်ထဲမှ အရွယ်ရောက်ဝက်ဝံတစ်ကောင်ကို သတ်ပစ်လိုက်သည်။ သူက ဝက်ဝံ၏ ပူနွေးသော သွေးကို သောက်သုံးပြီးလျှင် ဝက်ဝံ၏ ခန္ဓာကိုယ်ကို လှိုဏ်ဂူဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။

All Chapters