အခန်း (၁၄)
Vol. 1 Ch. 14
မသေမျိုးကျင့်ကြံခြင်းသည် ရိုးရှင်းသော လမ်းစဉ်မဟုတ်ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်သည်။ ထိုအတွက် လိုအပ်ချက်များက အလွန်များပြား၏။ ထိုထဲမှ တစ်ခုက မွေးရာပါပါရမီ ဖြစ်သည်။ မွေးရာပါပါရမီသည် ဝိညာဉ်အမြစ်နှင့် အဓိကသက်ဆိုင်သည်။
ဝိညာဉ်အမြစ်များတွင် အရည်အသွေးကောင်းမွန်သော ဝိညာဉ်အမြစ်နှင့် အရည်အသွေးညံ့သော ဝိညာဉ်အမြစ်ဟူ၍ ရှိသည်။ ကောင်းမွန်သော ဝိညာဉ်အမြစ်သည် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို အရည်အသွေးညံ့သော ဝိညာဉ်အမြစ်ထက် ပိုပြီးမြန်ဆန်စွာ စုပ်ယူနိုင်သည်။
ဥပမာ အရည်အသွေးညံ့သော ဝိညာဉ်အမြစ်ပိုင်ရှင်က တစ်လကျင့်ကြံရန် လိုအပ်သည်ဆိုလျှင် အရည်အသွေးမြင့်သော ဝိညာဉ်အမြစ်ပိုင်ရှင်က နေ့တစ်ဝက် ကျင့်ကြံရုံဖြင့် ယင်းကို ပြီးမြောက်နိုင်သည်။ ကွာခြားမှုက အလွန်ကြီးမားပေသည်။
အမှန်မှာ ချီသန့်စင်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်များမှ ကျင့်ကြံသူများ၏ စွမ်းအားသည် သေမျိုးလောကမှ သိုင်းပညာရှင်များနှင့် အတူတူသာ ဖြစ်၏။ ဥပမာ ယခု ကျန်းပိုင်ချွင်းသည် ချီသန့်စင်ခြင်းနယ်ပယ်၏ စတုတ္ထအဆင့်မှာ ဖြစ်သည်။ သူ၏ အစစ်အမှန်စွမ်းအားက သိုင်းလောက၏ ထိပ်တန်းသိုင်းပညာရှင်များနှင့်သာ နှိုင်းယှဉ်နိုင်ပေသည်။ သူ့ဆီမှာ မသေမျိုးကျင့်ကြံသူများ၏ အံ့ဖွယ်စွမ်းရည်များ မရှိပေ။ အကယ်၍ ဝံပုလွေအုပ်စုနှင့် တွေ့ဆုံမည်ဆိုလျှင် သူသေချာဂရုမစိုက်လျှင် သူက ဝံပုလွေများ၏ အစာဖြစ်သွားလိမ့်မည်။
“ မင်းသမီး… ကျားရဲတောင်တန်းဒေသက အရမ်းအန္တရာယ်များပါတယ်… အထဲမသွားတာ ပိုကောင်းလိမ့်မယ်ထင်ပါတယ်… ဒီအနီးနားမှာ လျှောက်ပတ်ကြည့်ပြီး နန်းတော်ဆီ ပြန်တာ ပိုမကောင်းဘူးလား ”
ဓားကိုင်ထားသော အစေခံက အမူအရာပြောင်းလဲသွားပြီး အကြံဉာဏ်ပေးသည်။
“ မရဘူး ”
မင်းသမီးချူယွမ်က တုံ့ဆိုင်းမနေဘဲ ငြင်းဆန်သည်။
“ နန်းတော်ကနေ ထွက်သွားဖို့က ငါတို့အတွက် လွယ်ကူတာမဟုတ်ဘူး… နန်းတော်ဆီ လက်ဗလာနဲ့ ငါပြန်မသွားချင်ဘူး… တောင်တန်းထဲမှာ ကျားတွေရှိတယ်လို့ မပြောဘူးလား… ဒီတစ်ကြိမ် ကျားတစ်ကောင်ကို ငါဖမ်းပြီး ခမည်းတော်အတွက် လက်ဆောင်အဖြစ် ပြန်သယ်ဆောင်သွားမယ် ”
ယခု သူက ကျားများကို စိတ်ဝင်စားနေသည်။ မည်သို့ကြောင့် သူက နန်းတော်ဆီ အစောကြီး ပြန်သွားရမည်နည်း။
“ တကယ်တော့… မင်းတို့ သိပ်စိတ်ပူစရာမလိုပါဘူး… ကျားရဲတောင်တန်းဒေသက အန္တရာယ်များတာ မှန်ပါတယ်… ဒါပေမဲ့ ဒီတစ်ကြိမ် ငါက မီးခိုးရောင်ဝံပုလွေစစ်တပ်ကနေ စစ်သည်တော်သုံးရာကို ခေါ်ဆောင်လာခဲ့တယ်… သူတို့တစ်ယောက်စီက ငါ့အဖေ သေချာလေ့ကျင့်ပေးထားတဲ့ စစ်သည်တော်တွေ… သူတို့က စစ်ပွဲအများကြီးကနေ အသက်ရှင်ကျန်ခဲ့တဲ့ သံမဏိသွေးစစ်သည်တော်တွေ ဖြစ်ကြတယ်… ခဏနေကျရင် ငါတို့တွေ တောအုပ်ထဲဝင်ဖို့ ပြင်ဆင်ကြမယ်… တကယ်လို့ အန္တရာယ်ရှိမယ်ဆိုရင်တောင် ငါတို့အတွက် ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး ”
ချင်းဟိုင်က မီးခိုးရောင်ဝံပုလွေစစ်တပ်အကြောင်း ပြောသည့်အခါ ဂုဏ်ယူဝင့်ကြွားမှုနှင့် မောက်မာထောင်လွှားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာလေသည်။ ဤသည်မှာ ထိုစစ်တပ်က သူ့အား အဆုံးမဲ့ယုံကြည်မှု ပေးစွမ်းနိုင်သည့်အလားပင်။
ယင်းကို မင်းသမီးချူယွမ် ကြားသောအခါ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
“ ဒါဆိုရင် အကိုချင်းကိုပဲ ကျွန်မအားကိုးရတော့မယ်… ပြီးတော့ အကိုချင်းမှာလည်း ဝိညာဉ်အမြစ်ရှိတယ်လို့ ကျွန်မကြားတယ်… လျန်ယွင်ဂိုဏ်းရဲ့ ဘိုးဘေးလာတဲ့အခါ ကျွန်မ အကိုချင်းကိုပါ ဂိုဏ်းထဲ ခေါ်သွားနိုင်ဖို့ ကူပြောပေးမယ် ”
တော်ဝင်မိသားစုဝင်တစ်ဦးအနေနှင့် မင်းသမီးချူယွမ်က ငယ်ရွယ်သေးသော်လည်း တုံးအသူ မဟုတ်ပေ။ အကျိုးအမြတ်တစ်စုံတစ်ရာမရှိလျှင် မည်သူမှ အားကြိုးမာန်တတ် ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက အကျိုးအမြတ်ကို အရင်ဦးစွာ ထုတ်ပြောလိုက်သည်။
ယင်းကို ကြားသောအခါ ချင်းဟိုင်က မျက်လုံးအရောင်လက်သွားသည်။ သို့သော်လည်း သူက ကိုယ့်ကိုယ်ကိုယ် အမြန်ချုပ်တည်းလိုက်ပြီး ရိုသေလေးစားစွာ ပြန်ပြောသည်။
“ မင်းသမီးရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်… လျန်ယွင်ဂိုဏ်းကို ကျွန်တော် ဝင်ရောက်ခွင့်ရမယ်ဆိုရင်တောင် မင်းသမီးရဲ့ အစောင့်အရှောက်ပဲ ဆက်ဖြစ်နေဦးမှာပါ ”
ချင်းဟိုင်က စိတ်ထဲမှာ သူ့ဘာသာ တွေးလိုက်သည်။
“ ငါကျင့်ကြံနိုင်တာ မကျင့်ကြံနိုင်တာက အရေးမကြီးဘူး… မင်းရဲ့ ဘေးနားမှာ နေ့တိုင်းရှိနေနိုင်ပြီး မင်းကို မြင်နိုင်ဖို့က အရေးကြီးဆုံးပဲ ”
သူတို့အုပ်စုသည် တစ်ခဏကြာ ဆွေးနွေးတိုင်ပင်ပြီးနောက် တောင်တန်းထဲသို့ ဝင်ရောက်သည့်အခါ လိုအပ်မည့် ပစ္စည်းပစ္စယများကို စတင်ပြင်ဆင်ကြသည်။ သူတို့အတွက် ပြင်ဆင်စရာ အများကြီး ရှိသည်။ တောင်တန်းထဲသို့ ဝင်ရောက်ပြီးလျှင် ထိုနေရာမှာ မည်မျှကြာမြင့်စွာ နေရလိမ့်မည်ဖြစ်ကြောင်း သူတို့မသိကြပေ။ ထို့ကြောင့် ရွက်ဖျင်တဲများကို လိုအပ်သည်။ ထို့ပြင် အစားအစာ၊ ရေနှင့် တခြားပစ္စည်းများကိုလည်း ပြင်ဆင်ရဦးမည်။
… … …
ထိုအခိုက်အတန့်မှာ သီရှီထျန်သည် အန္တရာယ်များက သူ့ဆီသို့ ဝိုင်းရံလာနေကြောင်း မသိထားပေ။
လှိုဏ်ဂူထဲတွင်… ။
အရွယ်အစားကြီးမားသော အနက်ရောင်ကျားတစ်ကောင်က မြေကြီးပေါ်မှာ လဲလျောင်းနေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် အမွှေးအမျှင်များက ချောမွေ့ပြီး ရှည်လျားကြသည်။ ထူးခြားချက်အနေဖြင့် ၎င်း၏ နဖူးပေါ်မှ “ ဘုရင် ”ဟူသော ခရမ်းရောင်စာလုံးက ကြီးမားသော ခြိမ်းခြောက်မှုအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤအခိုက်အတန့်မှာ အနက်ရောင်အလင်းလွှာတစ်ခုက အနက်ရောင်ကျား၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်နေသည်။ ထိုအနက်ရောင်ကျားသည် အံ့ဖွယ်ကောင်းသော ဆွဲငင်အားကို ထုတ်လွှတ်နေဟန် ရ၏။ ဘေးပတ်ဝန်းကျင်မှ မိုးမြေ၏ ဝိညာဉ်စွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ တိုးဝင်သွားနေသည်။
သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အခိုးအငွေ့သည် မကြာသေးမီက သူစုဆောင်းထားခဲ့သော မိစ္ဆာအရှိန်အဝါ ဖြစ်သည်။ လောလောဆယ်၌ မိစ္ဆာအရှိန်အဝါက အလွန်မှိန်ဖျော့နေပြီး မထင်ရှားပေ။ အဘယ့်ကြောင့်ဆိုသော် သူက မကြာသေးခင်ကမှ စတင်ကျင့်ကြံခဲ့သောကြောင့် ဖြစ်၏။
မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူ၏ ခန္ဓာကိုယ်က မိစ္ဆာအရှိန်အဝါကို သဘာဝအလျောက် ပိုင်ဆိုင်သွားသည်။ ယခု မည်သည့်နေရာဆီသို့ သူသွားပါစေ မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ စွဲမြဲနေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းအဆင့် ပိုပြီးမြင့်မားလာသည်နှင့်အမျှ မိစ္ဆာအရှိန်အဝါက ပိုပြီးအားကောင်းလာလိမ့်မည်။
ယခုအချိန်တွင် သီရှီထျန်၏ အသိစိတ်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေ၏။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ အနက်ရောင်မိစ္ဆာအရှိန်အဝါလှိုင်းများက သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များထဲမှာ မြန်ဆန်စွာ စီးဆင်းသွားသည်။
ဤအခိုက်အတန့်မှာ… ။
ဦးခေါင်းမှ အမြှီးထိ ဆန့်တန်းနေသော သူ၏ မရီဒျန်အားလုံးက ဖွင့်လှစ်သွားပြီ ဖြစ်၏။ သူ၏ အရှေ့ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များဖြင့်လည်း ဆက်သွယ်သွားကြ၏။
မိစ္ဆာအရှိန်အဝါက သူ၏ မရီဒျန်များထဲမှာ ချောမွေ့စွာ လှည့်ပတ်စီးဆင်းနေသည်။ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ဝင်ရောက်လာပြီး သူ၏ မရီဒျန်များထဲမှ မိစ္ဆာအရှိန်အဝါနှင့် ပေါင်းစပ်သွားသည်။ ယင်းက သူ၏ မိစ္ဆာအရှိန်အဝါကို အစဉ်မပြတ် ပိုပြီးသန်မာစေသည်။
အပြောင်းအလဲတချို့ ဖြစ်ပျက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များက အတော်အသင့် ထူထဲလာကြသည်။ မိစ္ဆာအရှိန်အဝါက သူ၏ မရီဒျန်များထဲမှာ လှည့်ပတ်နေသည်။ ယခု မိစ္ဆာအရှိန်အဝါက သူ့မရီဒျန်များ၏ အရွယ်အစားတစ်ဝက်ခန့် သိပ်သည်းနေကြောင်း မြင်နိုင်ပေသည်။ မိစ္ဆာအရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်နှင့် အရှေ့ခြေထောက်နှစ်ချောင်းထဲမှာသာ လှည့်ပတ်စီးဆင်းနေသည်။ ယင်းက အနောက်ခြေထောက်နှစ်ချောင်းဆီသို့ မစီးဆင်းသွားပေ။
အဘယ့်ကြောင့်ဆိုသော် သူက အနောက်ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များကို တခြားမရီဒျန်များနှင့် မဆက်သွယ်ရသေးသောကြောင့်ပင်။
“ ဂါး ”
အချိန်တစ်ခဏ ကြာပြီးနောက် သီရှီထျန်က မျက်လုံးပြန်ဖွင့်လိုက်ပြီး တိုးညင်းစွာ ဟိန်းလိုက်သည်။
သူ၏ မျက်လုံးထဲမှာ လူသားတစ်ယောက်၏ စိတ်ခံစားမှုဖြင့် ပြည့်နှက်နေသည်။ သို့သော် ထိုမျက်လုံးထဲမှာ မဖုံးကွယ်ထားသော အေးစက်မှုလည်း ရှိ၏။
“ ဝှစ် ”
သီရှီထျန်က မြန်ဆန်စွာ မတ်တတ်ရပ်လိုက်သည်။ သူက အနောက်ခြေနှစ်ချောင်းဖြင့် မြေကြီးကို ကန်၍ လေထဲသို့ လွှားခနဲ ခုန်လိုက်ကာ လှိုဏ်ဂူအပြင်သို့ ထွက်သွားသည်။ သူက လှိုဏ်ဂူအပြင်သို့ ထွက်လာပြီးလျှင် အနီးနားမှ သစ်ပင်ဆီသို့ ပြေးသွားသည်။
ထိုသစ်ပင်သည် လူရွယ်တစ်ယောက်၏ ပေါင်လုံးခန့် ကြီးမားသည်။ သီရှီထျန်သည် အားကုန်သုံး၍ ခုန်လိုက်ပြီး သူ၏ ညာဘက်အရှေ့ခြေဖဝါးဖြင့် သစ်ပင်ကို ရိုက်ချလိုက်သည်။
… … …
" ဘန်း "
ကျားလက်သည်းက သစ်ပင်၏ ပင်စည်ကို ထိမှန်တော့မည့်အချိန် အနက်ရောင်မီးခိုးငွေ့အလွှာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ကျားလက်သည်းကို ဖုံးလွှမ်းသွားသည်။ ကျားလက်သည်းက သစ်ပင်၏ ပင်စည်ကို ထိမှန်သွားသည့်အခါ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာပြီး လူတစ်ယောက်၏ ပေါင်လုံးခန့် ကြီးမားသော သစ်ပင်က နှစ်ပိုင်းကျိုးသွားသည်။
“ ခရက် ”
ခုနစ်မီတာခန့် မြင့်မားသော သစ်ပင်က မြေကြီးပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။
ထိုလက်သည်းရိုက်ချက်က ရိုးရှင်းပြီး ထက်ရှသည်။ သီရှီထျန်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ယခု သူက “ ကျားဟိန်းသံကျင့်စဉ် ”၏ အကျိုးကျေးဇူးကို ကောင်းမွန်စွာ နားလည်သွားသည်။ သူက အရှေ့ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များကို ဖွင့်လှစ်ပြီးလေရာ မိစ္ဆာစွမ်းအားက အရှေ့လက်သည်းများဆီသို့ စီးဆင်းသွားနိုင်လာ၏။ ကျားလက်သည်းက သစ်ပင်ကို ထိမှန်တော့မည့်အချိန် သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို ကျားလက်သည်းဆီသို့ ပို့လွှတ်ခဲ့သည်။
မိစ္ဆာစွမ်းအားနှင့် သူ၏ သန်စွမ်းကြံ့ခိုင်သော ရုပ်ခန္ဓာကိုယ်က ပေါင်းစည်းသွားသည့်အခါ သူ့လက်သည်းက အရာအားလုံးကို ပိုင်းဖြတ်ပစ်နိုင်သည်ဟု သီရှီထျန် ခံစားမိသွားသည်။ ထို့ကြောင့် ကျားလက်သည်းက သစ်ပင်ပေါ်သို့ ကျဆင်းသွားသည့်အခါ တိုဟူးကို ပိုင်းဖြတ်လိုက်သကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်သည်။ သစ်ပင်က လူတစ်ယောက်၏ ပေါင်လုံးခန့် ကြီးမားသော်လည်း သူ၏ ကျားလက်သည်းရိုက်ချက်အောက်မှာ နှစ်ပိုင်းကျိုးသွားသည်။
သူ့အရှေ့မှ ကျိုးသွားသော သစ်ပင်ကို ကြည့်နေရင်း စက်ကရာက မျက်လုံးဝင်းလက်သွားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
" မိစ္ဆာစွမ်းအားနဲ့ဆိုရင် ငါက တကယ်ပဲ သန်မာတယ်… ကျင့်စဉ်ကို လှည့်ပတ်နေတဲ့အချိန် မိစ္ဆာစွမ်းအားက ငါ့ခန္ဓာကိုယ်ကို ပိုပြီးသန်မာလာအောင် အမြဲမပြတ် အားဖြည့်ပေးတယ်… အခု ငါ့ရဲ့ ရုပ်ခွန်အားက မေမေကျားဖြူထက် နှစ်ဆပိုပြီးသန်မာသွားပြီ… မိစ္ဆာစွမ်းအားနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ငါက ဒီတောအုပ်မှာ ပြိုင်ဘက်ကင်းပြီ… မိစ္ဆာကျင့်စဉ်က မသေမျိုးကျင့်စဉ်ထက် တကယ် မနိမ့်ကျပါလား ”
သူ၏ ခန္ဓာကိုယ်ထဲမှာ ပုန်းလျှိုးနေသော အစွမ်းထက်အင်အားကို ရှင်းလင်းစွာ သူခံစားမိသည်။ သူက အတိတ်ဘဝ၌ မသေမျိုးကျင့်ကြံခြင်းအကြောင်း တစ်စွန်းတစ်စ ကြားဖူးသည်။ မသေမျိုးကျင့်ကြံသူများက ကျိဒန်နှင့် ယွမ်ယင်ကို ပျိုးထောင်ပေးရန် အထူးအာရုံစိုက်ရကြောင်း အကြမ်းဖျဉ်း သူခန့်မှန်းမိသည်။ သူတို့က ရုပ်ခန္ဓာကိုယ်ကို အများကြီး အာရုံမစိုက်ကြပေ။ ထို့ကြောင့် မသေမျိုးကျင့်ကြံသူအများစု၏ ရုပ်ခန္ဓာကိုယ်က အလွန်အားနည်းသည်။