အခန်း (၁၅)
Vol. 1 Ch. 15
မိစ္ဆာလမ်းစဉ်သည် မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်နှင့် ကွဲပြားသည်။ “ ကျားဟိန်းသံကျင့်စဉ် ”သည် မိစ္ဆာစွမ်းအားကိုသာ ကျင့်ကြံပေးနိုင်ခြင်း မဟုတ်ပေ။ ကျင့်စဉ်ကို လှည့်ပတ်နေသည့်အတောအတွင်း မိစ္ဆာစွမ်းအားက သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေရန် အစဉ်မပြတ် ပုံသွင်းထုဆစ်ပေးလိမ့်မည်။ ထို့ကြောင့် သူ၏ မိစ္ဆာကျင့်ကြံခြင်းက ပိုပြီးသန်မာလေ သူ၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးအစွမ်းထက်လေ ဖြစ်၏။ ထိုအချက်ကို သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် သက်သေပြုပေးနိုင်သည်။
“ ကျားဟိန်းသံကျင့်စဉ် ”ကို သူကျင့်ကြံနေသည့်အချိန် သူ၏ မိစ္ဆာစွမ်းအားက တိုးပွားလာပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီးထွားလာကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ သူက ရေးတေးတေး အာရုံရနေသည်။ အကယ်၍ သူက “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့်ကို ချိုးဖြတ်သွားမည်ဆိုလျှင် သူ၏ မိစ္ဆာစွမ်းအားက ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ရွေ့လျားစီးဆင်းနိုင်သည့်အခါ သူ၏ ခန္ဓာကိုယ်က ကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်။ သူက ယခုထက် အဆပေါင်းများစွာ ပိုပြီးကြီးမားသွားနိုင်လောက်၏။
အတိုချုပ်ဆိုရသော် မိစ္ဆာကျင့်စဉ်သည် မသေမျိုးကျင့်စဉ်ထက် မနိမ့်ကျပေ။ အမှန်မှာ တချို့အပိုင်းများတွင် မိစ္ဆာကျင့်စဉ်က မသေမျိုးကျင့်စဉ်ထက် ပိုပြီးအားကောင်းသည်။
ထိုသို့တွေးမိသောအခါ သီရှီထျန်သည် မိစ္ဆာတစ်ကောင် အမြန်ဆုံး ဖြစ်လာရန် ဆန္ဒရှိလာသည်။
“ တတိယအဆင့်ကို ချိုးဖြတ်ဖို့က မခက်ခဲပါဘူး… ငါလိုအပ်တာက အဆင့်ချိုးဖြတ်ဖို့ စွမ်းအင်စုစည်းဆေးလုံးတချို့ သောက်သုံးဖို့ပဲ… အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက ဒီလောက် တန်ဖိုးကြီးမားတဲ့ ဆေးလုံးတွေကို ငါ့ကို သာမန်ကာလျှံကာ ပေးသွားတယ်… အဲ့ဒီရတနာသေတ္တာထဲမှာ ဘယ်လိုလျှို့ဝှက်ချက် ရှိနေတာလဲ ”
စွမ်းအင်စုစည်းဆေးလုံးကို တွေးမိသောအခါ လျှို့ဝှက်ဆန်းကြယ်သော ရတနာသေတ္တာ၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထိုရတနာသေတ္တာသည် လုံးဝ သာမန်မဖြစ်နိုင်ပေ။
သူက လှိုဏ်ဂူအပြင်ဘက်မှာ မတ်တတ်ရပ်နေရင်း တစ်ခဏ တွေးတောလိုက်သည်။ သူခေါင်းမော့လိုက်သည့်အခါ စိတ်ဓာတ်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခုန်လိုက်ပြီး လှိုဏ်ဂူထဲသို့ ပြေးသွားသည်။
“ ပဟေဠိအပိုင်းအစတွေကို ဆက်ပြီး ရတနာသေတ္တာကို ဖွင့်မယ် ”
ဤအခိုက်အတန့်မှာ သီရှီထျန်က ဆုံးဖြတ်ချက်ချလိုက်သည်။ ရတနာသေတ္တာက သူ့ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက ယင်းကို သူ့ဆီမှာ ခဏထားသွားခဲ့ခြင်း ဖြစ်သည်။ သူ့ရန်သူကို လမ်းလွဲစေချင်သော ရည်ရွယ်ချက်ကြောင့် ထိုသို့လုပ်ဆောင်ခဲ့ခြင်းပင်။ ထို့ကြောင့် အမျိုးသမီးက သူ့အပေါ်မှာ ထူးဆန်းသော အတတ်ပညာကိုပင် အသုံးပြုသွားခဲ့သည်။ ထို့ပြင် မကြာခင် သူပြန်ရောက်လာမည်ဟု ပြောသွားခဲ့သည်။ သို့တိုင် ယခုအချိန်ထိ အမျိုးသမီးက ပြန်ရောက်မလာပေ။
သူက ရတနာသေတ္တာကို ဖွင့်လှစ်ပြီး အထဲမှ ပစ္စည်းကို စစ်ဆေးကြည့်မည်။
ထိုအတွေးက ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ နှလုံးသားထဲမှာ အမြစ်တွယ်လာသည်။
လှိုဏ်ဂူဆီသို့ ပြန်လာပြီးနောက် သူက မြေကြီးပေါ်မှ ဝက်ဝံအရေပြားကို ဖယ်လိုက်သည်။ နူးညံ့သော မြေဆီလွှာက ချက်ချင်း ထွက်ပေါ်လာသည်။
“ ရွှတ်… ရွှတ်… ရွှတ် ”
သူက ကျားလက်သည်းဖြင့် မြေကြီးကို မြန်ဆန်စွာ တူးလိုက်သည်။ မြေကြီးက နူးညံ့လေရာ ယခင်ကဲ့သို့ ခက်ခက်ခဲခဲ တူးစရာ မလိုပေ။ တစ်ခဏကြာပြီးနောက် မြေကြီးက တွင်းနက်ဖြစ်သည်အထိ တူးဖော်ခံလိုက်ရသည်။ သူခေါင်းငုံ့လိုက်သည့်အခါ မကြီးလွန်း မသေးလွန်းသော တွင်းနက်ကို မြင်သွားသည်။ တွင်းနက်ထဲတွင် ရိုးရှင်းသော အပြာရောင်ရတနာသေတ္တာတစ်လုံးနှင့် ကျောက်စိမ်းပုလင်းတစ်လုံး ရှိသည်။
သူက ရတနာသေတ္တာကို တွင်းနက်ထဲမှ ထုတ်လိုက်သည်။ သူက တွင်းကို မြေကြီးဖြင့် ချက်ချင်း ပြန်မဖို့ခဲ့ပေ။ ယင်းအစား သူက တွင်းပေါက်ကို ဝက်ဝံအရေပြားဖြင့် ဖုံးကွယ်လိုက်သည်။ သူက ဝက်ဝံအရေပြားပေါ်မှာ လဲလျောင်းလိုက်ပြီး သူ့အရှေ့၌ ရတနာသေတ္တာကို ချလိုက်သည်။
ရတနာသေတ္တာကို ဖင်တပြန်ခေါင်းတပြန် ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သည့်ထူးခြားချက်မှ သူရှာမတွေ့ပေ။ ထို့နောက် သူက အနက်ရောင်မိစ္ဆာအရှိန်အဝါ ဖုံးလွှမ်းနေသော သူ၏ ကျားလက်သည်းဖြင့် ရတနာသေတ္တာပေါ်သို့ ရိုက်ချလိုက်သည်။ အနက်ရောင်အလင်းတန်းနှင့် အေးစက်စက် အရှိန်အဝါက သူ၏ ကျားလက်သည်းပေါ်မှာ ထွက်ပေါ်လာသည်။
“ ဘန်း ”
ထိုလက်သည်းရိုက်ချက်ထဲတွင် သီရှီထျန်က သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာအရှိန်အဝါအားလုံးကို ထည့်သွင်းထားသည်။ ယင်းက လက်ရှိ သူထုတ်လွှတ်နိုင်သော အသန်မာဆုံး တိုက်ခိုက်မှုဖြစ်သည်။ ကျားလက်သည်းက ရတနာသေတ္တာပေါ်သို့ ကျသွားသည့်အခါ ကျယ်လောင်သော မြည်သံ တရစပ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ရတနာသေတ္တာထံမှ မည်သည့်သတိပေးမှုမှမရှိဘဲ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဝင်ဆောင့်သွားသည်။
“ ဘန်း ”
ထိုစွမ်းအားမှာ အဆုံးမဲ့သော အလားအလာရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သီရှီထျန်က မီတာအနည်းငယ်အဝေးသို့ လွင့်စင်သွားပြီး လှိုဏ်ဂူ၏ ကျောက်နံရံနှင့် ဝင်ဆောင့်သွားသည်။ သူက မြေကြီးပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားပြီး အော်ဟစ်ညည်းညူလိုက်သည်။ အကယ်၍ သီရှီထျန်၏ ခန္ဓာကိုယ်သာ ယခင်ထက် အဆပေါင်းများစွာ ပိုပြီးသန်မာမနေလျှင် သူက သေချာပေါက် အရိုးတချို့ ကျိုးသွားလိမ့်မည်။
“ ဘယ်လောက်အားကောင်းတဲ့ ရတနာလဲ… အဲ့ဒါ စောစောက ငါအသုံးပြုလိုက်တဲ့ အင်အားမဟုတ်ဘူးလား… ဒီသေတ္တာက ငါအသုံးပြုလိုက်တဲ့ အင်အားကို နည်းနည်းမှ မလျော့ဘဲ တန်ပြန်နိုင်တယ်လား ”
သီရှီထျန်က အံ့ဩသွားသည်။ ရတနာသေတ္တာထံမှ တန်ပြန်လာသော အင်အားကို သူခံစားမိသွားသည့်အခိုက် ယင်းက အစောနက သူအသုံးပြုခဲ့သော အင်အားနှင့် တစ်ထပ်တည်း ညီမျှကြောင်း နားလည်သွား၏။ တစ်နည်းဆိုရလျှင် သူက သူအသုံးပြုခဲ့သော အင်အားဖြင့် ပြန်တိုက်ခိုက်ခံလိုက်ရခြင်းပင်။ သူက အံ့ဩသွားပြီး ရတနာသေတ္တာအကြောင်း ပိုပြီးစိတ်ဝင်စားသွားသည်။
“ ဒီရတနာသေတ္တာမှာ အဲ့ဒီလိုအံ့ဖွယ်စွမ်းရည် ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး… ဒီရတနာသေတ္တာကို ဖန်တီးခဲ့တဲ့လူက သေတ္တာပေါ်မှာ အကာအကွယ်စည်းတွေ မပြုလုပ်ခဲ့တာ အံ့ဩစရာမဟုတ်တော့ပါဘူး… သူက ဒီသေတ္တာပေါ်မှာ ပဟေဠိယန္တရားကိုပဲ ထည့်သွင်းခဲ့တယ် ”
သီရှီထျန်က တွေးတောလိုက်ပြီး ပြောသည်။
“ ဆိုလိုတာက ပဟေဠိကို ဖြေရှင်းနိုင်မှပဲ ဒီရတနာသေတ္တာကို ဖွင့်နိုင်လိမ့်မယ် ”
ယင်းကို အတည်ပြုပြီးနောက် သူက ကျားလက်သည်းကို ရတနာသေတ္တာပေါ်သို့ နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ရတနာသေတ္တာကို မတိုက်ခိုက်ပေ။ ယင်းအစား သူက ချွန်ထက်သော လက်သည်းတစ်ချောင်းကို အသုံးပြု၍ ရာထောင်ချီသော ပဟေဠိလေးထောင့်အတုံးများထဲမှ ဗလာလေးထောင့်အတုံးကို ကလော်ထုတ်လိုက်သည်။
“ ဂျလောက် ”
ကြွပ်ဆပ်သော မြည်သံ ထွက်ပေါ်လာသည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ဗလာလေးထောင့်အတုံးကို ဖယ်ရှားနိုင်ပေသည်။
ထိုဗလာလေးထောင့်အတုံးကို ဆွဲထုတ်လိုက်သည့်အခါ ရတနာသေတ္တာ၏ မျက်နှာပြင်ပေါ်မှာ နစ်မြုပ်နေကြသော ပဟေဠိလေးထောင့်အတုံးတစ်ထောင်သည် ရွေ့လျားရန် နောက်ဆုံးမှာ နေရာလွတ်တစ်ခု ရှိသွားသည်။
ပဟေဠိအပိုင်းအစများဆက်ခြင်းသည် တစ်စုံတစ်ယောက်၏ ဉာဏ်ရည်၊ အမြင်စွမ်းရည်၊ မှတ်ဉာဏ်နှင့် စိတ်ရှည်မှုကို စမ်းသပ်သော ကစားနည်း ဖြစ်သည်။ သို့သော်လည်း ပုံမှန်အားဖြင့် ထိုကစားနည်းမှာ ပဟေဠိအပိုင်းအစ ဒါဇင်ခန့်သာ ရှိသည်။ ပဟေဠိအပိုင်းအစတစ်ရာက အကန့်အသတ်ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ဉာဏ်ကြီးရှင်အဆင့် ဉာဏ်ရည်၊ ထက်ရှသော အမြင်စွမ်းရည်နှင့် အံ့ဖွယ်ကောင်းသော စိတ်ရှည်မှုမရှိလျှင် ပဟေဠိအပိုင်းအစတစ်ရာကို မှန်ကန်စွာ ဆက်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု ဤရတနာသေတ္တာပေါ်မှာ ပဟေဠိလေးထောင့်အတုံးများ တစ်ထောင်ခန့် ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုပဟေဠိကို အောင်မြင်စွာ ဖြေရှင်းချင်သည်ဆိုလျှင် ကြီးမားသော စိန်ခေါ်မှုဖြင့် ရင်ဆိုင်ရလိမ့်မည်။
ထိုအခြေအနေကို သိထားသော်လည်း သီရှီထျန်က စိတ်ဓာတ်မကျသွားပေ။ ယင်းအစား စိန်ခေါ်မှုကို ရင်ဆိုင်ချင်သော ပြင်းပြသည့် စိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အတိတ်ဘဝမှာ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သို့မဟုတ်လျှင် သူက နှစ်အနည်းငယ်အတွင်း ပမာဏများပြားသော ငွေကြေးဥစ္စာကို ပိုင်ဆိုင်ခဲ့မည် မဟုတ်ချေ။ သူ၏ ဉာဏ်ရည်က အလွန်ရှိန်လောက်ဖွယ်ကောင်း၏။
ထို့ကြောင့် ဉာဏ်ရည်နှင့် မှတ်ဉာဏ်သည် သူ့အတွက် ပြဿနာမဟုတ်ပေ။ အမြင်စွမ်းရည်သည်တော့ “ ကျားဟိန်းသံကျင့်စဉ် ”ကို သူကျင့်ကြံပြီးနောက် သူ၏ အမြင်စွမ်းရည်က ယခင်ကထက် အများကြီး ပိုအားကောင်းလာသည်။ သူက နေရာမှာ ရပ်နေလျှင်ပင် ပေတစ်ရာအကွာအဝေးမှ ပုရွက်ဆိတ်များကို မြင်နိုင်ပေသည်။ သို့ဖြစ်၍ အမြင်စွမ်းရည်သည်လည်း သူ့အတွက် ပြဿနာမဟုတ်ပေ။
စိတ်ရှည်မှုနှင့် အချိန်သည် အတိတ်ဘဝ၌ သူ့အတွက် အားနည်းချက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု သူက ကျားတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ အစားအစာအတွက် အမဲလိုက်ထွက်ရန်နှင့် ကျင့်ကြံခြင်းအချိန်မှလွဲလျှင် သူ့မှာ အချိန်အများကြီး ပိုနေ၏။ တစ်နည်းဆိုရလျှင် သူက ဤအံ့ဖွယ်ပဟေဠိကို ဖြေရှင်းရန် လိုအပ်သော အခြေအနေအင်္ဂါရပ်အားလုံးဖြင့် ပြည့်စုံသည်။
“ ရွှတ် ”
သူက ချွန်ထက်သော ကျားလက်သည်းကို အသုံးပြု၍ ရတနာသေတ္တာပေါ်မှ ပဟေဠိလေးထောင့်အတုံးတစ်တုံးကို ညင်သာစွာ ရွှေ့ပြောင်းလိုက်သည်။ သူတွေးထားသည့်အတိုင်းပင် ပဟေဠိလေးထောင့်အတုံးကို ဗလာအကွက်ထဲသို့ ရွှေ့ပြောင်းနိုင်ပေသည်။ သံသယဖြစ်ရန်မလိုပေ။ သူ့အရှေ့မှ ရတနာသေတ္တာက ပဟေဠိယန္တရားတစ်ခု ဖြစ်သည်။
ယင်းကို သူအတည်ပြုနိုင်သွားသည်။
စက်ကရာသည် ပဟေဠိကို ချက်ချင်း မဖြေရှင်းပေ။ ယင်းအစား သူက စူးရှသော ကျားမျက်လုံးဖြင့် သူ့အရှေ့မှ ပဟေဠိလေးထောင့်အတုံးတစ်ထောင်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်လိုက်သည်။ သူက စိတ်ထဲမှာ ထိုပဟေဠိလေးထောင့်အတုံးများကို တိတ်တဆိတ် မှတ်သားလိုက်ပြီး ပုံတူပွားလိုက်သည်။ ထို့နောက် သူက ပဟေဠိလေးထောင့်အတုံးများ၏ တူညီသော အချက်အလက်များကို ရှာဖွေပြီး ကိုက်ညီမှုရှိမရှိ စစ်ဆေးကြည့်လိုက်သည်။
ယင်းက ပဟေဠိအပိုင်းအစဆက်သော ကစားနည်း၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ပဟေဠိအပိုင်းအစများ၏ အစွန်းများမှ တူညီသော အချက်အလက်များကို တိုက်ကြည့်၍ ယင်းတို့ကို အတူတကွ ဆက်မည်။ ထိုနည်းဖြင့်ဆိုလျှင် ပဟေဠိအပိုင်းအစများကို ပိုပြီးလွယ်ကူစွာ ဆက်နိုင်လိမ့်မည်။
သူက ပဟေဠိလေးထောင့်အတုံးများကို အချိန်တစ်နာရီနီးပါး တိတ်တဆိတ် စိုက်ကြည့်နေသည်။
ထို့နောက် သီရှီထျန်က နူးညံ့စွာ မျက်လုံးမှိတ်လိုက်သည်။ သူက ရတနာသေတ္တာကို နောက်ထပ် မကြည့်တော့ပေ။ သူက စိတ်ထဲမှာ ပဟေဠိလေးထောင့်အတုံးများကို တိတ်တဆိတ် ဆက်လိုက်သည်။ သူက တစ်ခါမှားယွင်းသွားတိုင်း ထပ်ခါထပ်ခါ ပြန်ပြင်ပြီး ကိုက်ညီမှုကို ရှာဖွေလိမ့်မည်။
ယင်းက ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။
ယင်းကို ပြီးမြောက်ရန် အချိန်မည်မျှလိုအပ်နိုင်ကြောင်း စက်ကရာ သေချာမသိပေ။ ယင်းက ဆယ်ရက်ဖြစ်နိုင်သလို တစ်လလည်း ဖြစ်နိုင်၏။ သို့မဟုတ် တစ်လထက်ပင် ပိုပြီးကြာမြင့်နိုင်၏။ အချိန်မည်မျှကြာမြင့်ပါစေ စက်ကရာက ယင်းကို ဂရုမစိုက်ပေ။
နေရောင်ခြည် စတင်ထွက်ပေါ်လာသည်။
သို့မှသာ သီရှီထျန်က နောက်ဆုံးမှာ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက စိတ်ထဲမှာ ပုံဖော်ထားသည့်အတိုင်း ရတနာသေတ္တာပေါ်မှ ပဟေဠိလေးထောင့်အတုံးများကို စတင်ရွှေ့ပြောင်းလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ပဟေဠိလေးထောင့်အတုံးဒါဇင်ခန့်ကို မှန်ကန်စွာ ဆက်နိုင်သွားသည်။ သို့သော်လည်း ထိုမျှသာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သီရှီထျန်အတွက်တော့ ယင်းက စိတ်ကျေနပ်ဖွယ်ကောင်းသော ရလဒ်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက ဗလာလေးထောင့်အတုံးကို ရတနာသေတ္တာပေါ်မှ ဗလာအကွက်ထဲသို့ ပြန်ထည့်သွင်းလိုက်သည်။ ထို့နောက် သူက ရတနာသေတ္တာကို တွင်းနက်ထဲမှာ ပြန်ထည့်လိုက်ပြီး မြေကြီးဖြင့် အပေါ်မှ ဖုံးလိုက်သည်။
ထို့နောက် သူက လှိုဏ်ဂူထဲမှ ထွက်သွားသည်။ ယခုအချိန်က အမဲလိုက်ရမည့်အချိန် ဖြစ်သည်။
ပဟေဠိအပိုင်းအစများ ဆက်ခြင်းက မည်မျှခက်ခဲကြောင်း သူသိသည်။ ထို့ကြောင့် သူက အလျင်မလိုပေ။ တစ်နေ့ နည်းနည်းချင်းစီ သူဆက်သွားမည်။ ပဟေဠိအပိုင်းအစဆက်သော ကစားနည်းအရ အစပိုင်းတွင် အလွန်နှေးကွေးလိမ့်မည်။ မည်သို့ဖြစ်ပါစေ ပဟေဠိအပိုင်းအစများက အစတွင် ဖရိုဖရဲ ပြန့်ကျဲနေသည်မဟုတ်ပါလော။ အကယ်၍ သူက ပဟေဠိအပိုင်းအစများကို ဖြည်းဖြည်းချင်း မှန်ကန်စွာ ဆက်သွားမည်ဆိုလျှင် ရုပ်ပုံက အကြမ်းဖျဉ်း ထွက်ပေါ်လာလိမ့်မည်။ ထိုအခါ သူ၏ အလျင်က ပိုပြီးမြန်ဆန်လာလိမ့်မည်။ ယင်းက တစ်ရက် နှစ်ရက်တည်းဖြင့် ပြီးမြောက်နိုင်သော အလုပ်မဟုတ်ပေ။
“ အာဝူး ”
“ အာဝူး ”
“ အာဝူး ”
လှိုဏ်ဂူအပြင်ဘက်မှ အရှေ့တောင်ဘက်အရပ်တွင် ဝံပုလွေအူသံများ ဆက်တိုက် ထွက်ပေါ်လာနေသည်။
“ အဲ့ဒါ ဝံပုလွေအုပ်စုပဲ ”
သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်သည်။ ဝံပုလွေအူသံအရ ထိုနေရာမှာ ဝံပုလွေအများအပြား ရှိရမည်။ ၎င်းတို့က တစ်ပြိုင်နက်တည်း အူနေလေရာ ဝံပုလွေအုပ်စုတစ်ခုက အမဲလိုက်နေကြောင်း ထင်ရှား၏။