အခန်း (၁၀၈၃-၁၀၈၄)
Vol. 64 Ch. 1083-1084
အပိုင်း (၁၀၈၃)
နုရှောင့်မြို့ ရဲတိုက်ကြီးတွင် ရှမ့်လန်က အားကောင်းသော မှန်ပြောင်းဖြင့် ကောင်းကင်ကို ကြည့်နေသည်။ ယနေ့ ရာသီဥတုက တကယ် ကောင်းပြီး ဤမြင်ကွင်းက ရင်သပ်ရှုမောဖွယ် ကောင်း၏။ တကယ့်ကို ခမ်းနား ကြီးကျယ်သော မြင်ကွင်းပင်။
ကောင်းကင်ယံရှိ ရန်သူ့လင်းယုန် ၁၅၀ က ကောင်းကင်ကို ဖုံးလွှမ်းသည်ဟု မဆိုနိုင်သော်လည်း မိုင်ပေါင်းများစွာ ရှည်လျားသည်။ ကမ္ဘာမြေရှိ ရုပ်ရှင်များတွင်ပင် တိုက်လေယာဉ် ၁၅၀ တပြိုင်နက် မြင်တွေ့ရသည်မှာ ရှားပါးသည်။
ရှမ့်လန် မနာလိုပင် ဖြစ်မိသည်။ စေတီတောင်တွင် ဤမျှ ကြီးမားသော လေတပ် ရှိနေသည်။ တော်ဝင်ရန် အင်ပါယာ ဆိုလျှင် ပို၍ပင် များပြားပေလိမ့်မည်။
“စေတီတောင်က ငါတို့ကို လေကြောင်းကနေ တိုက်ခိုက်တော့မယ်။ သူတို့ ဘာလက်နက် သုံးမယ်လို့ ထင်လဲ။” ဟီလာက မေးလိုက်၏။
“ကူပိုးကောင် လက်နက်တွေသုံးပြီး နုရှောင့်မြို့ကို လူသတ်ပွဲ ဆင်နွှဲကြလိမ့်မယ်။ သူတို့သာ အောင်မြင်သွားရင် ၁၅ မိနစ် အတွင်းမှာ ကျုပ်တို့လူ သောင်းချီ သေဆုံးမယ်လို့ အာမခံတယ်။”
စေတီတောင်၏ လေတပ်ကို ရင်ဆိုင်ရန် ရှမ့်လန်သည် မူလက နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို အသုံးပြုရန် စွမ်းအင်ဗဟိုချက် တစ်ခု ကုန်ဆုံးရလျှင်ပင် အသုံးပြုရန် စီစဉ်ခဲ့သည်။ သို့သော်ငြား ထိုသို့ လုပ်လျှင်ပင် လွတ်မြောက်သွားမည့် ငါးများ ရှိနေဦးမည်။ အဘယ့်ကြောင့်ဆိုသော် နှင်းလင်းယုန်များသည် အလွန် လျင်မြန်သောကြောင့်ပင်။
စွမ်းအင်ဗဟိုချက် ကောင်းကင်သို့ တက်လာသည်ကို မြင်သည်နှင့် ချက်ချင်း ရှောင်တိမ်းပြီး ပေါက်ကွဲမှု အချင်းဝက်မှ လွတ်မြောက်သွားကြလိမ့်မည်။ သို့သော်ငြား ယခု တချောင် ရှိနေပြီဖြစ်၍ အရာအားလုံးက ပြဿနာ မဟုတ်တော့ပေ။
“တချောင်... မင်းရဲ့ စွမ်းရည်ကို ပြသရမယ့် အချိန် ရောက်ပြီ။” ရှမ့်လန်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
သူ့စကားဆုံးသည်နှင့် “ဂါး...”
ကျယ်လောင်သော အော်မြည်သံနှင့်အတူ ၃၀ မီတာ ရှည်လျားသော အထူးသားရဲကြီး တစ်ကောင်သည် တိုက်လေယာဉ်ကြီး တစ်စင်းသဖွယ် ကောင်းကင်သို့ ရုတ်တရက် ပျံတက်သွားသည်။ ထို့နောက် ရှမ့်လန်၏ ရှေ့တည့်တည့်သို့ ပျံသန်းလာသည်။
ရှေးဟောင်းသံချပ်ကာ ဝတ်ဆင် ထားသော ချောင်ယောင်းအာသည် အသံထက်မြန်သော သားရဲကြီး၏ ကျောပေါ်တွင် စီးနင်းလိုက်ပါလာ၏။
ရှမ့်လန်က တချောင်၏ မေးစေ့ကို ပွတ်သပ်ပေးပြီး မှာကြားလိုက်သည်။ “အချက်နှစ်ချက် မှတ်ထား။ ပထမအချက်... လေသင့်တဲ့ဘက်ကနေ တိုက်ခိုက်ရမယ်။ ဒုတိယအချက်... ရန်သူနဲ့ မီတာ ၃၀၀ အကွာမှာ နေရမယ်။”
ဤရက်ပိုင်းတွင် တချောင်က ရေကန်ကြီးထဲတွင် အမြဲ နေထိုင်ခဲ့သည်။ လူအများအပြားအတွက် ၎င်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ချက်ချင်းပဲ ထိတ်လန့်သွားကြ၏။
‘ဒီလောက် ကြီးမားတဲ့ ပျံသန်းတဲ့ သားရဲကြီး ရှိတာလား။ ပြီးတော့ သူ့ပုံစံက အရမ်း ပြီးပြည့်စုံလွန်းနေတယ်။’
ဤသတ္တဝါပျံကြီးက လုံးဝ လေခွင်းအား ကောင်းမွန်သော ပုံစံဖြစ်လို့နေ၏။ တိုက်လေယာဉ် တစ်စင်းနှင့် တူနေသည်။ အစွမ်းထက်သော တိုက်လေယာဉ်အားလုံးသည် လေခွင်းအား ကောင်းမွန်သော အလှတရား နှင့် ကိုက်ညီရမည်။
တချောင်သည် အလွန် ဂုဏ်ယူဝင့်ကြွားနေ၏။ လူအများ၏ အာရုံစိုက်မှုကို ခံရသည့် ခံစားချက်ကို သူ အကြိုက်ဆုံး ဖြစ်သည်။
“သွားတော့...” ရှမ့်လန်က အမိန့်ပေးလိုက်၏။
တချောင်က နောက်တစ်ကြိမ် အော်မြည်လိုက်ပြီး ကောင်းကင်သို့ လျင်မြန်စွာ ပျံတက်သွားသည်။ ခန္ဓာကိုယ် တစ်ခုလုံး ထောင်မတ်လုနီးပါး ဖြစ်သွား၏။ ရှမ့်လန်သာဆိုလျှင် ပြုတ်ကျသွားလောက်ပြီ။ ရှေးဟောင်းဘုရင် လက်စွပ်၏ အကာအကွယ် ပါလျှင်တောင် တချောင်၏ လည်ပင်းကို ဖက်ထားနိုင်မည့် အားမရှိပေ။ သို့သော်ငြား ချောင်ယောင်းအာအတွက်မူ ပြဿနာ မရှိဘဲ တချောင်၏ ကျောပေါ်တွင် အလွယ်တကူ ကပ်၍လိုက်ပါသွားသည်။
“ပျံတက်... ပျံတက်... ပျံတက်...”
တချောင်က ကောင်းကင်သို့ တိုက်ရိုက် ပျံတက်သွားပြီးနောက် စေတီတောင်၏ နှင်းလင်းယုန် စစ်သည် ၁၅၀ ဆီသို့ ဦးတည်သွားသည်။ ၎င်း၏ အမြန်နှုန်းသည် တစ်နာရီ ကီလိုမီတာ ၆၀၀ အထိ ရောက်ရှိသွားရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ချောင်ယောင်းအာ အလွန် ပျော်ရွှင်နေ၏။ ဤခံစားချက်က အရမ်းကောင်းသည်။ ရှမ့်လန်နှင့် အတူနေရခြင်း ပြီးလျှင် ဒုတိယ အကောင်းဆုံး ခံစားချက်ပင်။ ကောင်းကင်ယံ၌ လွတ်လပ်စွာ ပျံသန်းရသည့် ခံစားချက်သည် သူမ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တစ်ခုလုံး ကောင်းကင်နှင့် ပေါင်းစပ်သွားသကဲ့သို့ဖြစ်ပြီး လောကကြီး၌ မကြုံစဖူး အမြင်အာရုံ၊ အမြန်နှုန်းတို့ဖြင့် မြင်တွေ့နေရသည်။
မိနစ် အနည်းငယ် အတွင်းမှာပဲ တချောင်သည် ရန်သူ့ လေကြောင်းတပ်ဖွဲ့၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထို့နောက် သူ အဂုဏ်ယူဆုံး၊ စိတ်အလှုပ်ရှားဆုံး ဖျော်ဖြေမှုကို နောက်တစ်ကြိမ် စတင်လိုက်သည်။ သူသည် အရှိန်အဟုန်ဖြင့် ထိုးဆင်းလိုက်ရာ အမြန်နှုန်းမှာ ပို၍ တိုးလာ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ဤအခိုက်အတန့်တွင် လွတ်လပ်စွာ ကျဆင်းခြင်းနှင့် အရှိန်မြှင့်တင်ခြင်းတို့ ပေါင်းစပ်လိုက်ရာ အသံထက် မြန်သောနှုန်းကို တိုက်ရိုက် ချိုးဖျက်သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ တချောင်က မီတာ ၅၀၀၀ အကွာအဝေးကို ထိုးဆင်းလိုက်ပြီး စေတီတောင် လေကြောင်းတပ်ဖွဲ့၏ ရှေ့တည့်တည့်၌ ပေါ်လာသည်။ သူ တစ်ကောင်တည်းက နှင်းလင်းယုန် ၁၅၀ ၏ ရှေ့တွင် ပိတ်ဆို့ထား လိုက်၏။
.........................
စေတီတောင် အကြီးအကဲဝူနှင့် အခြား နှင်းလင်းယုန်စစ်သည်များသည် လုံးဝ ကြောင်အသွားကြပြီး မျက်လုံးများထဲတွင် အလွန်အမင်း မနာလို ဝန်တိုမှုများ ပြည့်နှက်သွားသည်။ ရှမ့်လန် အဘယ်ကြောင့် နုရှောင့်မြို့ကို ဒီလောက်မြန်မြန် ပြန်ရောက်နေသနည်း ဆိုသည်ကို ယခုမှ သူ သိလိုက်ရ၏။
‘သူ တကယ်ပဲ ပျံသန်းပြီး ပြန်လာခဲ့တာကိုး။ ဘာအခြေခံနဲ့လဲ။ ဘာအခြေခံနဲ့ ဒီလို ပျံသန်းတဲ့ သားရဲကို ယဉ်ပါးအောင် လုပ်နိုင်တာလဲ။ ဒီသားရဲက နှင်းလင်းယုန်တွေထက် အများကြီး ပိုသန်မာပြီး အများကြီး ပိုပြီးပြည့်စုံနေတယ်။ ဒါပေမဲ့ မင်း သိပ်ပြီး မောက်မာလွန်းမနေဘူးလား။ မင်းမှာ တစ်ကောင်တည်း ရှိတာကို ငါတို့ရဲ့ နှင်းလင်းယုန် ၁၅၀ နဲ့ အထူးစစ်သည် ၁၅၀ ကို ပိတ်ဆို့ချင်နေတာလား။ သေချင်နေတာလား။’
မြင်ကွင်းအရ ကြည့်လျှင် တချောင်သည် တကယ်ပင် သေလမ်းရှာနေသကဲ့သို့ ဖြစ်နေသည်။ ဘယ်လောက်ပဲ သန်မာပါစေ တစ်ကောင်တည်းနှင့် ၁၀၀ ကျော်ကို တားဆီး၍ မရနိုင်ပေ။
“အရှိန်လျှော့... အရှိန်လျှော့...” စေတီတောင် အကြီးအကဲဝူက အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ နှင်းလင်းယုန် စစ်သည် ၁၅၀ သည် အရှိန်လျှော့လိုက်ပြီး ကောင်းကင်ယံ၌ စစ်ရေးပုံစံ ပြန်လည် ခင်းကျင်းကာ အသံထက်မြန်သော သားရဲကြီးဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားကြ၏။
တချောင်သည် လေထဲတွင် ရပ်တန့်နေပြီး တစ်လက်မမှ မရွေ့လျားပေ။ ဤအနေအထားက ဟန်ပါ လွန်းသည်။ အားကောင်းလွန်းသည်။ တစ်ကောင်တည်းနှင့် ၁၅၀ ကို တားဆီးနေသည်။
“အသင့်ပြင်...” စေတီတောင် အကြီးအကဲဝူက အော်ဟစ်လိုက်၏။
ချက်ချင်းပဲ အထူးစစ်သည် ၁၅၀ သည် ရှေးဟောင်းလေးမြားများကို မြှောက်လိုက်ကြသည်။ ရှေးဟောင်း လေးမြားများ၊ အိမ်မက်ဆိုးကျောက်တုံးနှင့် ရှေးဟောင်း တိုက်ပွဲဝင်ဓားများသည် စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက် မလိုဘူးလား။ အဘယ့်ကြောင့် မလိုအပ်သနည်း။
ယခင်က ပြောခဲ့သလိုပင် သီးခြားလွတ်လပ်သော ရှေးဟောင်း ပစ္စည်းကိရိယာများ ရှိသော်လည်း အလွန် အဆင့်မြင့်သော အိမ်မက်ဆိုးကျောက်တုံး သလင်းကျောက်များ ရှိသည်။ ဥပမာ - အဒေါ့ဖ်၏ ရှေးဟောင်း ပစ္စည်းကိရိယာများသည် စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက် မလိုအပ်ပေ။ ထိုကဲ့သို့ သီးခြားလွတ်လပ်သော ရှေးဟောင်း ပစ္စည်းကိရိယာများသည် စေတီတောင်၌ အလွန်တန်ဖိုးကြီးလှသည်။
အကြီးအကဲဝူ၏ အကြည့်သည် မိုင် ၇၀ အောက်သာ ဝေးတော့သည့် နုရှောင့်မြို့ဘက်သို့ နောက်တစ်ကြိမ် ရောက်သွား၏။
‘ရှမ့်လန်... မင်းက ပျံသန်းနိုင်တဲ့ သားရဲတစ်ကောင်တည်းနဲ့ ငါတို့ကို တားချင်တာလား။ တကယ့်ကို မိုက်မဲတဲ့ အိပ်မက်ပဲ။’
သို့သော်ငြား သူ တကယ် နှမြောနေမိသည်။ ဤသားရဲက အလွန်တန်ဖိုးကြီးသောကြောင့် အရှင်ဖမ်းမိလျှင် အကောင်းဆုံး ဖြစ်မည်။ သို့သော်ငြား လောလောဆယ်တွင် နုရှောင့်မြို့ကို ချေမှုန်းရန်နှင့် ရှမ့်လန်ကို ဖမ်းဆီးရန်က အရေးကြီးဆုံး ဖြစ်သည်။ ‘ဒီသားရဲကို အရင်သတ်ပြီးမှ နုရှောင့်မြို့ကို သွားချေမှုန်းမယ်။’
ထိုအချိန်၌ တချောင်သည်လည်း အသံလွန်လှိုင်း တိုက်ခိုက်မှုအတွက် စွမ်းအင် စုဆောင်းနေ၏။
‘စုဆောင်း... စုဆောင်း...’ အမြင့်ဆုံးအခြေအနေအထိ သူက စုဆောင်းနေသည်။
“ပစ်...” အကြီးအကဲဝူ ရုတ်တရက် အော်ဟစ်လိုက်၏။
ရင်သပ်ရှုမောဖွယ် မြင်ကွင်း ပေါ်လာသည်။ အထူးစစ်သည် ၁၅၀ ၏ ရှေးဟောင်း လေးမြားများသည် ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။
“ရွှီး ရွှီး ရွှီး ရွှီး ရွှီး...”
မရေတွက်နိုင်သော ရှေးဟောင်း မြားများသည် မိုးသီးမိုးပေါက်များသဖွယ် တချောင်ဆီသို့ ပျံသန်းသွားကြ၏။ နှစ်ဖက် အကွာအဝေးမှာ မီတာ ၅၀၀ သာ ရှိသောကြောင့် ရှေးဟောင်းလေးမြားများသည် မည်သည့် သတ္တဝါကိုမဆို အလွယ်တကူ ဖောက်ထွင်းသွားနိုင်၏။
ထိုအချိန်၌ တချောင်သည်လည်း စွမ်းအင် စုဆောင်းမှု ပြီးဆုံးသွားပြီး ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်သော အသံလွန်လှိုင်း တိုက်ခိုက်မှုကို ပစ်လွှတ်လိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း...” တိတ်ဆိတ်သော အသံလွန်လှိုင်း တိုက်ခိုက်မှုပင်။
သို့သော်ငြား ဤမြင်ကွင်းသည် သုံးပြည်ထောင်ခေတ်အကြောင်း ဇာတ်လမ်းများထဲမှ စစ်သူကြီးများ၏ အဆုံးစွန်သော သတ်ဖြတ်ခြင်း နည်းပညာနှင့် တူညီနေသည်။ ဤအသံလွန်လှိုင်း တိုက်ခိုက်မှုသည် မမြင်ရသော အရိပ်တစ်ခုသဖွယ် လေထုကို ချက်ချင်း ဖြတ်တောက်သွားပြီး ရှေ့မှ လာသမျှသော ရှေးဟောင်း မြားတံများ အားလုံးကို လွင့်စင်စေသွားကာ တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျသွား၏။
ထိုတင်မကသေးပေ။ ဤအသံလွန်လှိုင်း တိုက်ခိုက်မှုသည် စေတီတောင်၏ နှင်းလင်းယုန်စစ်သည် တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်သွားသည်။ ချက်ချင်းပဲ ကျောပေါ်ရှိ နှင်းလင်းယုန်စစ်သည်သည် အပိုင်းပိုင်း အစစ ဖြစ်သွားပြီး လွင့်စင်သွားသည်။ သူ၏သံချပ်ကာက ဘာမှမဖြစ်သော်လည်း အတွင်းထဲမှ လူမှာ တစစီ ဖြစ်သွားသည်။
ထိုတင်မကသေးပေ။ ပို၍ ပြီးပြည့်စုံသော အရာတစ်ခု ရှိသေးသည်။ ဤနှင်းလင်းယုန်စစ်သည်သည် ကူပိုးကောင်ဗုံး ၁၀ လုံးကို သယ်ဆောင်လာပြီး အားလုံးကို ခိုင်ခံ့သော ကြွေထည်ပုံးများထဲတွင် ထည့်သွင်း ပိတ်ဆို့ထား၏။
သို့သော်ငြား ကြွေထည်သည် တချောင်၏ အသံလွန်လှိုင်းတိုက်ခိုက်မှုကို တားဆီးနိုင်မည်လား။ လုံးဝမဖြစ်နိုင်ပေ။
“ဘုန်း... ဘုန်း... ဘုန်း...”
ကူပိုးကောင်ဗုံး ၁၀ လုံး ရုတ်တရက် ပေါက်ကွဲသွားပြီး ကုဋေပေါင်းများစွာသော ကူပိုးကောင်များသည် ကြောက်မက်ဖွယ် သေမင်းမုန်တိုင်းသဖွယ် လေထဲ၌ ပြန့်ကျဲသွားသည်။ စတုရန်းမီတာ ထောင်ပေါင်းများစွာရှိသော ကောင်းကင်ယံကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
မရေမတွက်နိုင်သော ကူပိုးကောင်များ ပျံ့နှံ့သွားသည်နှင့် နှင်းလင်းယုန်စစ်သည်များသည် တစ်ယောက်ပြီး တစ်ယောက် ပြည်အရည်များအဖြစ်၊ ထို့နောက် မီးတောက်များအဖြစ် ပြောင်းလဲသွားကြသည်။ နှင်းလင်းယုန် စစ်သည်များသည် ကူပိုးကောင်များ၏ အရှင်လတ်လတ် ဝါးမြိုခြင်းကို ခံရသောကြောင့် တစ်ယောက်ပြီး တစ်ယောက် သနားစရာကောင်းစွာ အော်ဟစ်နေကြသည်။ တကယ့် အသုဘမြင်ကွင်းတစ်ခုပင်။
.........................
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်မှာ တချောင်၏ ရူးသွပ်ဖွယ် ဖျော်ဖြေမှုပင် ဖြစ်သည်။ သူသည် ရူးသွပ်ဖွယ် လှုပ်ရှားနိုင်စွမ်းကို ပြသခဲ့ပြီး ၃၆၀ ဒီဂရီ ပတ်လည် လှည့်ပတ်ရင်းမှ အသက်ရှူနိုင်စွမ်းလည်း ရှိ၏။
ကြောက်မက်ဖွယ် အသံလွန်လှိုင်း တိုက်ခိုက်မှုများ တရစပ် ထွက်ပေါ်လာသည်။
စေတီတောင်၏ အထူးစစ်သည်များသည် ထိမှန်လျှင် မသေနိုင်သော်လည်း သူတို့စီးနင်းထားသော နှင်းလင်းယုန်များ မှာမူ သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ လေထဲတွင်ပင် တစစီ ဖြစ်သွားကြပြီး သူတို့ သယ်ဆောင်လာသော ကူပိုးကောင်ဗုံးများလည်း သေချာပေါက် ပေါက်ကွဲသွားမည် ဖြစ်၏။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော သေမင်းတမန်ပြပွဲကြီးဖြစ်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ စေတီတောင်တွင် ဤမျှများပြားသော ကူပိုးကောင်များ ရှိနေမည်ဟု မည်သူမှ မထင်ထားခဲ့သလို ၎င်းတို့၏ စွမ်းအားကလည်း ဤမျှကြောက်စရာ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ မိနစ်အနည်းငယ် အတွင်းမှာပင် နှင်းလင်းယုန်စစ်သည် ၁၅၀ ၏ ထက်ဝက်ကျော် သေဆုံးသွားခဲ့ပြီဖြစ်သည်။
စေတီတောင်၏ အကြီးအကဲဝူသည် အသည်းအသန် အော်ဟစ်လိုက်၏။ “လူစုခွဲ... လူစုခွဲ...”
တကယ်တမ်းတွင် သူ အမိန့်ပေးစရာ မလိုပေ။ ကူပိုးကောင်ဗုံးများ ပေါက်ကွဲချိန်မှာတော့ နှင်းလင်းယုန် စစ်သည်များသည် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးနေကြပြီ ဖြစ်သည်။ ၎င်းသည် လုံးဝ ကပ်ဘေးကြီးဖြစ်ပြီး အားလုံး ထွက်ပြေးကြသောကြောင့် စစ်ရေးပုံစံ ပျက်စီးသွားသည်။
ထို့ကြောင့် တချောင်သည် တစ်ယောက်ချင်း လိုက်လံတိုက်ခိုက်တော့၏။
ဤသည်က ရန်သူ့အတွက် ပို၍ဆိုးရွားသော အခြေအနေ ဖြစ်သွား၏။ အဘယ့်ကြောင့်ဆိုသော် တချောင်၏ လှုပ်ရှားနိုင်စွမ်းနှင့် ပျံသန်းနှုန်းသည် နှင်းလင်းယုန်များထက် များစွာ သာလွန်နေသလို တာဝေး တိုက်ခိုက်နိုင်စွမ်းကလည်း များစွာ သာလွန်နေသောကြောင့်ပင်။
ကျော်ကြားသော စကားလုံးကို သုံးရလျှင် မျိုးဆက် ကွာဟချက် ဖြစ်သည်။ ထို့ကြောင့် ဤဝေဟင်တိုက်ပွဲသည် လုံးဝတရားမျှတမှု မရှိတော့ပေ။ စတုတ္ထမျိုးဆက် တိုက်လေယာဉ်နှင့် ဒုတိယမျိုးဆက် တိုက်လေယာဉ် တိုက်ခိုက်ခြင်း မဟုတ်တော့ဘဲ J-20 က ဒုတိယကမ္ဘာစစ်သုံး ပန်ကာတပ် တိုက်လေယာဉ်ကို လိုက်လံတိုက်ခိုက်နေခြင်းနှင့် တူညီနေသည်။
တချောင်က သူ၏ တကယ့်ဖျော်ဖြေမှုကို စတင်လိုက်သည်။ သူသည် ရူးသွပ်စွာ အရှိန်မြှင့်ခြင်း၊ ထိုးဆင်းခြင်း၊ Z ပုံစံ ကဲ့သို့ ရွေ့လျားခြင်းများကို ပြုလုပ်ပြီး အလွန်ပျော်ရွှင်နေသည်။ သူ၏ အမြန်နှုန်းက မြန်ဆန်လွန်း သောကြောင့် မည်သည့်ပစ်မှတ်ကိုမဆို အလွယ်တကူ မီနိုင်သလို မည်သည့် လိုက်လံတိုက်ခိုက်သူကိုမဆို ဖြတ်ကျော်နိုင်၏။
“ရွှီး ရွှီး ရွှီး ရွှီး...”
စေတီတောင် နှင်းလင်းယုန်စစ်သည်များ၏ ရှေးဟောင်းလေးမြားများ ရူးသွပ်စွာ ပစ်ခတ်လာသည်။ ဤမြားတံများသည် အလွန်မြန်ဆန်ပြီး တစ်စက္ကန့်လျှင် မီတာ ၃၀၀ ကျော် သွားနိုင်သည်။ မီတာ ၈၀၀ အကွာအဝေးကို ၃ စက္ကန့်အောက်သာ ကြာသည်။
သို့သော်ငြား တချောင် ပျံသန်းချိန်မှာတော့ အမြန်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၆၀၀ ကျော်၊ တစ်စက္ကန့်လျှင် မီတာ ၁၀၀ ကျော် ရှိသည်။ ထို့ကြောင့် မီတာ ၃၀ ရှည်လျားသော ခန္ဓာကိုယ် ရှိသော်လည်း မည်သည့် မြားတံကိုမဆို အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ ရှောင်မရလျှင်လည်း ကိစ္စမရှိပေ။ သူ့ကျောပေါ်တွင် ကောင်းကင်ကို အန်တုနိုင်သော ချောင်ယောင်းအာ ရှိနေပြီး မည်သည့်မြားတံကိုမဆို လမ်းလွှဲပစ်နိုင်၏။
နုရှောင့်မြို့မှ လူများတွင်သာ မှန်ပြောင်းများရှိလျှင် ကောင်းကင်ယံမှ ပွဲကောင်း ကြည့်ရပေမည်။
စေတီတောင်၏ နှင်းလင်းယုန်စစ်သည်များသည် လေထဲတွင် တစစီကြေမွသွားပြီး ထူးဆန်းသော မီးခိုးငွေ့များ ပေါက်ကွဲထွက် လာသည်။ ၎င်းတို့မှာ မရေမတွက်နိုင်သော ကူပိုးကောင်များ ဖြစ်ကြသည်။
“ဘုန်း...”
နှင်းလင်းယုန်စစ်သည် တစ်ဦး၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး ကောင်းကင်မှ ပြုတ်ကျ လာသည်။ သူသည် ငရဲမီးပိုးကောင်နှင့် တူညီသော အထူးကူပိုးကောင်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ရှမ့်လန်သည် ရန်သူများ ကောင်းကင်မှ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာသည်ကို ကြည့်နေ၏။ ထို့အပြင် သူတို့အားလုံး မီးတောက်များအဖြစ် ပေါက်ကွဲနေကြသည်။ တကယ့်ကို ပုံရိပ်ယောင်တစ်ခုလို ခံစားရသည်။ ဤသည်မှာ ခေတ်သစ် ကမ္ဘာမြေပေါ်က ဝေဟင်တိုက်ပွဲ တစ်ခုလိုဖြစ်ပြီး ကောင်းကင်ယံတွင် တိုက်လေယာဉ်များ ပြည့်နှက်နေသလိုပင်။
“ဘုန်း...”
“ဘုန်း...”
တချောင်၏ အသံလွန်လှိုင်းများ ဆက်တိုက် ပစ်လွှတ်လိုက်တိုင်း ရန်သူ့လေတပ်တစ်ခုကို သေချာပေါက် ပစ်ချနိုင်ခဲ့သည်။ တကယ်ကို ခမ်းနားပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ရန်သူ့တိုက်လေယာဉ်များ တစ်စင်းပြီးတစ်စင်း ပြုတ်ကျနေသကဲ့သို့ ခံစားရ၏။
၁၀ မိနစ် ကြာပြီးနောက် စေတီတောင်၏ နှင်းလင်းယုန်စစ်သည် ၁၅၀ နီးပါး အကုန်အစင် သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။
စေတီတောင် အကြီးအကဲဝူကရော …..
နှင်းလင်းယုန်စစ်သည် ထက်ဝက်ကျော် မြေပြင်ပေါ် ပြုတ်ကျ သွားချိန်မှာတော့ အခြေအနေ မဟန်ကြောင်း သိလိုက်ပြီး ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။
တချောင်က စေတီတောင်၏ နှင်းလင်းယုန်စစ်သည် ၁၅၀ လုံးကို သတ်ဖြတ်ပြီးချိန်တွင် သူသည် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ပြေး... ပြေး... ပြေး...”
သင်္ဘောအုပ်စု၏ အထက်သို့ ပျံသန်းနိုင်သရွေ့ ဘေးကင်းမည် ဖြစ်ကြောင်း အကြီးအကဲဝူ သိသည်။ အဘယ့်ကြောင့်ဆိုသော် သင်္ဘောပေါ်ရှိ ဧရာမရှေးဟောင်း လေးမြားစင်များသည် အံ့သြဖွယ်ကောင်းသော လေကြောင်းရန် ကာကွယ်နိုင်စွမ်းရှိပြီး ပစ်ခတ်မှု အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၄၀၀၊ ၅၀၀ အထိ ကျော်လွန်နိုင်သည်။ ရှမ့်လန်၏ အံ့ဖွယ် သားရဲကြီးလည်း ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
တချောင်သည် အခြားသော နှင်းလင်းယုန်စစ်သည် အားလုံးကို သတ်ဖြတ်ပြီးနောက် သူကို ရူးသွပ်စွာ လိုက်လံ တိုက်ခိုက်သည်။ ၎င်း၏ အဆုံးစွန်သော အမြန်နှုန်းနှင့် ပြေးလွှားနိုင်စွမ်းကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ရာ တစ်နာရီ ကီလိုမီတာ ၇၀၀ အထိ ရောက်ရှိသွားသည်။ ဤသည်မှာ တိုက်ခိုက်မှု အရှိန်နှုန်း ဖြစ်ပြီး ပုံမှန်ပျံသန်းနှုန်း မဟုတ်ပေ။
၃ မိနစ် အတွင်းမှာပဲ စေတီတောင် အကြီးအကဲဝူ၏ နှင်းလင်းယုန်ကို မီသွားခဲ့၏။ ဤခံစားချက်သည် တကယ်ကို မျှော်လင့်ချက် ကင်းမဲ့စေသည်။ သူ၏ နှင်းလင်းယုန်က အစွမ်းကုန် ပျံသန်းနေသော်လည်း တချောင်၏ သုံးပုံ၊ တစ်ပုံ အမြန်နှုန်းသာ ရှိသည်။
သူက နှင်းလင်းယုန်ကို အသည်းအသန် ထိန်းချုပ်ပြီး လှုပ်ရှားနိုင်စွမ်းကို အသုံးပြုကာ တချောင်၏လက်မှ လွတ်မြောက်ရန် ကြိုးစားသည်။ သို့သော်ငြား လုံးဝအရှက်ရစေရုံသာ ဖြစ်သည်။ တချောင်၏ လှုပ်ရှားနိုင်စွမ်းသည် ပျံသန်းနှုန်းထက် ပို၍အံ့သြဖွယ် ကောင်းနေ၏။
...
အပိုင်း (၁၀၈၄)
“ဘုန်း...”
တချောင်သည် စွမ်းအင်စုဆောင်းမှု ပြီးဆုံးသည်နှင့် ရုတ်တရက် အသံလွန်လှိုင်း တိုက်ခိုက်မှုကို ပစ်လွှတ်လိုက်သည်။
အကြီးအကဲဝူက အလွန်လျင်မြန်သည်။ ခေါင်းလှည့်မကြည့်သော်လည်း အန္တရာယ် အငွေ့အသက်ကို ခံစားနိုင်သည်။ ထို့ကြောင့် နှင်းလင်းယုန်ကို ထိန်းချုပ်ပြီး ရှောင်တိမ်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မဖြစ်နိုင်ပေ။ အသံလွန်လှိုင်း ဆိုသည်မှာ အသံလှိုင်းဖြစ်ပြီး အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၃၀၀ အထိ ရှိသည်။ မီတာ ၅၀၀ အကွာအဝေး ဆိုသည်မှာ တစ်စက္ကန့်ကျော်ကျော်လေးသာ ကြာမြင့်၏။
“ဂါး...”
နှင်းလင်းယုန်သည် အသည်းအသန် အောက်သို့ ထိုးဆင်းသည်။ ဤသည်မှာ ရှောင်တိမ်းရန် အမြန်ဆုံး နည်းလမ်းပင်။ သို့သော်ငြား ဝမ်းနည်းစရာကောင်းသည်မှာ တချောင်က အလွန်ကောက်ကျစ် စဉ်းလဲလွန်း၏။ အသံလွန်လှိုင်း ပစ်လွှတ်စဉ်တည်းက ပြေးမည့်လမ်းကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။
အကြီးအကဲဝူ၏ နှင်းလင်းယုန် အောက်သို့ ထိုးဆင်းလိုက်သည့် အချိန်တွင် အသံလွန်လှိုင်း ထိမှန်သွားသည်။ တစ်ခဏချင်းမှာပဲ ကြီးမားသော နှင်းလင်းယုန်သည် လေထဲတွင် တစစီကြေမွသွားသည်။ တစ်ချိန်တည်းမှာပဲ အကြီးအကဲဝူသည် လေထဲသို့ ရုတ်တရက် ခုန်ထွက်လိုက်ပြီး တချောင်၏ အသံလွန်လှိုင်းကို ရှောင်တိမ်း သည်။ ထို့နောက် ပင်လယ်ပြင်ဆီသို့ ရုတ်တရက် ထိုးဆင်း၏။
တချောင်သည် အောက်သို့ ထိုးဆင်းလိုက်ပြီး အကြီးအကဲဝူဆီသို့ အသံလွန်လှိုင်းများ ဆက်တိုက် ပစ်လွှတ်သည်။
“ဘုန်း... ဘုန်း... ဘုန်း...” သို့သော်ငြား အားလုံး လွဲချော်သွားခဲ့၏။
အဘယ့်ကြောင့်ဆိုသော် အကြီးအကဲဝူ၏ သိုင်းပညာ အဆင့်အတန်း မြင့်မားလွန်းသလို သူ့တွင် အဒေါ့ဖ်နှင့် မလျော့သော ရှေးဟောင်းပစ္စည်းကိရိယာများ ရှိနေသောကြောင့်ပင်။ သူသည် ချက်ချင်းဆိုသလို ၁၀ မီတာ ကျော် ရွေ့လျားနိုင်ပြီး အသံလွန်လှိုင်းများကို တိုက်ရိုက် ရှောင်တိမ်းနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ် အောက်သို့ ကျဆင်းမှုနှုန်း သည် တဖြည်းဖြည်း မြန်ဆန်လာသည်။
“ဗွမ်း...” နောက်ဆုံးတွင် သူက ပင်လယ်ထဲသို့ ရောက်ရှိသွား၏။
“ငါ့နဲ့ လွှဲထားလိုက်...” ချောင်ယောင်းအာက တချောင်၏ ပခုံးကို ပုတ်လိုက်ပြီး ကောင်းကင်မှ ရုတ်တရက် ခုန်ချကာ ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသည်။ ထို့ကြောင့် တချောင်သည် ပင်လယ်ပြင်အထက်၌ လှည့်ပတ်ပျံသန်းရင်း သူ့ပစ်မှတ်ကို ရှာဖွေနေသည်။
.........................
ချောင်ယောင်းအာ ပင်လယ်ထဲသို့ ရောက်ရှိပြီးနောက် အကြီးအကဲဝူ ရှိမည့်နေရာကို စတင်ရှာဖွေသည်။ မကြာခင်မှာပဲ သူမ ရှာတွေ့သွား၏။
ဤအချိန်၌ အကြီးအကဲဝူသည် ပင်လယ်ရေအောက်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ချောင်ယောင်းအာကို စိန်ခေါ်သလို ကြည့်နေသည်။ ‘မင်း လာရဲလား။’
ချောင်ယောင်းအာသည်လည်း ပင်လယ်ရေအောက်သို့ ငုပ်လျှိုးသွားပြီး အကြီးအကဲဝူ ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ တစ်ဖက်လူက မလှုပ်ရှားသေးပေ။ ချောင်ယောင်းအာသည် သူမ၏ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး ဆက်လက်လျှောက်လှမ်းသွားသည်။
နှစ်ယောက်ကြား အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာ၏။
မီတာ ၅၀၊ မီတာ ၃၀၊ မီတာ ၂၀။
ရုတ်တရက် အကြီးအကဲဝူသည် ယုတ်မာသော အပြုံးတစ်ခု ပြုံးလိုက်ပြီး အော်ဟစ်လိုက်၏။ “သေစမ်း... သေစမ်း... သေစမ်း... မရေမတွက်နိုင်တဲ့ ကူပိုးကောင်တွေ ဝါးမျိုတာ ခံပြီး သေဆုံးပေတော့။”
နောက်တစ်စက္ကန့်တွင် သူ ယူဆောင်လာသော ကူပိုးကောင်ဗုံး ၁၀ လုံးသည် ပင်လယ်ရေအောက်၌ ရုတ်တရက် ပေါက်ကွဲသွားသည်။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းပင်။ မရေမတွက်နိုင်သော ကူပိုးကောင်များ သည် ပင်လယ်ထဲ၌ ချက်ချင်းပျံ့နှံ့သွားပြီး မီတာ ရာဂဏန်းအတွင်းရှိ ပင်လယ်ရေကို လုံးဝလွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပဲ ပင်လယ်ထဲရှိ သက်ရှိအားလုံး၏ ဦးနှောက်များ အကုန်အစင် ပျက်စီးသွားရ၏။
ချောင်ယောင်းအာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဤဧရိယာအတွင်း၌ အကြီးအကဲဝူမှလွဲ၍ သူမတစ်ဦးတည်းသာ လူသားဖြစ်သောကြောင့် ကူပိုးကောင်အများစုက သူမဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
မရေမတွက်နိုင်သော ကူပိုးကောင်များသည် အချင်းချင်း ဓာတ်ပြုပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာကာ မီးပွားများပင် လွင့်စင်လာသည်။ ကူပိုးကောင်များသည် ပင်လယ်ထဲတွင် အချိန်တိုသာ အသက်ရှင်နိုင်ပြီး မိနစ်အနည်းငယ်ထက် မပိုပေ။
သို့သော်ငြား ချောင်ယောင်းအာကို ဝါးမျိုရန်အတွက်တော့ လုံလောက်သည်ထက် ပိုနေသေးသည်။
စေတီတောင် အကြီးအကဲတစ်ဦးအနေဖြင့် အကြီးအကဲဝူသည် ကူပိုးကောင် အများစုကို ခံနိုင်ရည်ရှိသည်မှာ သေချာသည်။ ပင်လယ်ရေအောက် မီတာ ၁၀၀ အတွင်းရှိ ဧရိယာသည် သေမင်းဇုန် ဖြစ်လာခဲ့၏။
မရေမတွက်နိုင်သော ကူပိုးကောင်များသည် သန္တာကျောက်တန်းများနှင့် အသေးငယ်ဆုံး ရေနေသတ္တဝါလေးများ အပါအဝင် အရာအားလုံးကို ရူးသွပ်စွာ သတ်ဖြတ်ပစ်ကြသည်။
အကြီးအကဲဝူ ရူးသွပ်စွာ ရယ်မောလိုက်၏။ “ချောင်ယောင်းအာ... မင်းက တကယ်ပဲ ငါထင်ထားသလို ရိုးရှင်းနေတာပဲ။ အညံ့ခံမယ့်အစား တိုက်ခိုက်ဖို့ ရွေးချယ်တယ်ပေါ့။ ငါ့မှာ အကြံအစည်ရှိမှန်း သိရက်နဲ့ ငါ့ဆီ ပြေးဝင်လာသေးတယ်။ အနည်းဆုံး ကူပိုးကောင် ၁၀၀ လောက် မင်းကို ဝါးမျိုနေလောက်ပြီ။ မင်းက ပင်လယ်ဓားပြ မဟုတ်လား။ ဒီပင်လယ်က မင်းရဲ့ သင်္ချိုင်းဖြစ်လာလိမ့်မယ်။ ကောင်းတယ်။ အရမ်း ကောင်းတယ်။”
ပြီးနောက် သူက ထွက်ခွာရန် အလျင်မလိုပေ။ အဘယ့်ကြောင့်ဆိုသော် နုရှောင့်မြို့တစ်ခုလုံးတွင် အမှန်တကယ် ကြောက်စရာကောင်းသော ကျွမ်းကျင်သူ တစ်ဦးတည်းသာ ရှိပြီး ၎င်းမှာ ချောင်ယောင်းအာ ဖြစ်သည်။ သူသည် ထိပ်တန်းသိုင်းပညာရှင် ဖြစ်ရုံသာမက ထိပ်တန်းစစ်မြေပြင် ကျွမ်းကျင်သူလည်း ဖြစ်သည်။ အရူးကြီးသည်လည်း အလွန်ကြောက်စရာ ကောင်းသော်လည်း သိုင်းပညာ အထွတ်အထိပ်သို့ မရောက်သေးဘဲ စစ်မြေပြင် လူသတ်စက်ကြီး သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် သူမနှင့် နှိုင်းယှဉ်၍ မရသေးပေ။
လီချင်းချိုး၊ ရွှယ်ရင်နှင့် အခြားသူများကိုမူ အကြီးအကဲဝူ မကြောက်ပေ။ သူတို့အားလုံး မဟာပညာရှင်များ ဖြစ်သော်လည်း ကွာခြားမှု ကြီးမားနေဆဲပင်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ပင်လယ်ရေအောက်ရှိ ကူပိုးကောင် အားလုံး သေဆုံးပြီး ကြမ်းပြင်ပေါ် အနည်ထိုင်သွားကြသည်။ ပင်လယ်ရေလည်း ပြန်လည် ကြည်လင်လာသည်။
အကြီးအကဲဝူသည် ရှေးဟောင်းသံချပ်ကာပေါ်ရှိ အလင်းပေးကိရိယာကို ဖွင့်ပြီး ပင်လယ်ရေထဲသို့ ထိုးကြည့် လိုက်သည်။ ချောင်ယောင်းအာ၏ ခြေရာလက်ရာကို ရှာဖွေချင်သော်လည်း ဘာမျှမတွေ့ရပေ။ သူမ ပျောက်ကွယ်သွားပြီဖြစ်ပြီး အဝတ်စအနည်းငယ်သာ ပင်လယ်ထဲ မျောပါနေသည်။ သံချပ်ကာပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကူပိုးကောင် အများအပြားသည် သတ္တုကိုလည်း စားသုံးနိုင်သောကြောင့်ပင်။
အကြီးအကဲဝူသည် ပင်လယ်ပြင်တစ်ခုလုံးကို ထပ်မံရှာဖွေသော်လည်း ဘာမျှမတွေ့ရပေ။ ချောင်ယောင်းအာ သေဆုံးသွားဖို့ များသည်။ ဤအမျိုးသမီးက အလွန်ရိုးရှင်းပြီး ရှမ့်လန်မဟုတ်သောကြောင့် ဉာဏ်ဆင်ခြင်း ဆိုသည်ကို မသိပေ။
အကြီးအကဲဝူသည် ရေမျက်နှာပြင်ပေါ်သို့ တိတ်တဆိတ် တက်လာသော်လည်း ကိုယ်ထင်မပြသေးပေ။ သူက တချောင်ကို ဖမ်းချင်သေးသည်။ ဤပျံသန်းနိုင်သော သားရဲက အရမ်းအံ့အားသင့်စရာ ကောင်းသည်။ ယခု သခင် မရှိတော့သောကြောင့် ဖမ်းဆီးနိုင်လျှင် နှင်းလင်းယုန် ၁၅၀ ဆုံးရှုံးရသည်မှာ တန်နေပြီ ဖြစ်သည်။
ဤအချိန်၌ တချောင်သည် ရန်သူကို ရှာဖွေနေသကဲ့သို့ ပင်လယ်ပြင်အထက်၌ လှည့်ပတ်ပျံသန်းနေဆဲပင်။ သို့သော်ငြား အမြန်နှုန်းမှာ အလွန်နှေးကွေးနေ၏။
အကြီးအကဲဝူသည် ပင်လယ်ထဲတွင် တိတ်တဆိတ် ကူးခတ်ရင်း တချောင်အနားသို့ ချဉ်းကပ်သွားသည်။ လက်ရှိ သူ၏ပုံစံသည် လေထဲမှ သားကောင်ကို ဖမ်းယူရန် ချောင်းမြောင်းနေသော မိကျောင်းကြီး တစ်ကောင်နှင့် တူညီနေသည်။ သူက တချောင်အနားသို့ တရွေ့ရွေ့ တိုးကပ်သွားသည်။
မီတာ ၃၀၀၊ မီတာ ၂၀၀၊ မီတာ ၅၀၊ မီတာ ၃၀၊ မီတာ ၁၀ .....။
ထို့နောက် ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်းသံချပ်ကာကို ထိန်းချုပ်ပြီး စွမ်းအင်ကို အမြင့်ဆုံးအထိ စုစည်းလိုက်သည်။ ဤရှေးဟောင်းသံချပ်ကာသည် ကောင်းကင်သို့ ပျံတက်နိုင်ပြီး တစ်ကြိမ်တည်းဖြင့် မီတာ ၅၀ ကျော် ရောက်ရှိနိုင်သည်။ ထို့အပြင် အမြန်နှုန်းလည်း အလွန်မြန်ဆန်သည်။ တချောင် သတိမထားမိချိန်တွင် တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်မှာ သေချာ၏။
“နီးပြီ။ နီးပြီ။”
အကြီးအကဲဝူသည် ရှေးဟောင်းလေးမြားကိုပင် ပြင်ဆင်ထားလိုက်သည်။ တချောင်ကို မဖမ်းနိုင်လျှင် ချက်ချင်း မြားဖြင့် ပစ်မည်။
“ဘုန်း...”
အမြောက်ကျည်ဆန် တစ်ခုကဲ့သို့ အကြီးအကဲဝူသည် ပင်လယ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ကောင်းကင်မှ တချောင်ဆီသို့ ပျံတက်သွားသည်။
“ဘုန်း...”
သို့သော်ငြား ချက်ချင်းဆိုသလိုပဲ နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လူသား အမြောက်ဆံတစ်ခု သူ့ဆီသို့ ပျံသန်းလာ၏။
ချောင်ယောင်းအာသည် သူ့နောက် မီတာ အနည်းငယ် အကွာ၌ ရုတ်တရက် ပေါ်လာပြီး လက်ထဲမှ အိမ်မက်ဆိုးကျောက်တုံးဓားဖြင့် သူ့ကို ခုတ်ပိုင်းလိုက်သည်။
အကြီးအကဲဝူ လုံးဝထိတ်လန့်သွား၏။
“ရွှီး ရွှီး ရွှီး...”
သူသည် တချောင်ကို ဖမ်းဆီးရန် ဂရုမစိုက်နိုင်တော့ဘဲ ရှေးဟောင်းသံချပ်ကာကို ထိန်းချုပ်ကာ ရူးသွပ်စွာ ရှောင်တိမ်းလိုက်သည်။ ချောင်ယောင်းအာ၏ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။
ဤခွေးအိုကြီးက တော်တော်ကောက်ကျစ်သည်။ ချောင်ယောင်းအာ၏ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့၏။
ထို့နောက် ရှေးဟောင်းသံချပ်ကာ ဝတ်ဆင်ထားသော ကျွမ်းကျင်သူ နှစ်ဦးသည် ပင်လယ်ပြင်ပေါ်တွင် ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။ ဤသည်မှာ တကယ့် နတ်ဘုရားများ၏ တိုက်ပွဲပင်။ သူတို့နှစ်ဦးသည် သရဲတစ္ဆေ အရိပ်များအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ပြင်ပေါ်တွင် ရူးသွပ်စွာ ပျံသန်းတိုက်ခိုက်နေကြသည်။
ကျူးဟုန်ရွှဲ့သည် ချောင်ယောင်းအာ၏ ပြိုင်ဘက်ပေ။ နင်ဟန်ကတော့ အနည်းငယ် သာလွန်သည်။ သို့သော်ငြား အကြီးအကဲဝူနှင့် ချောင်ယောင်းအာတို့မှာမူ စွမ်းရည်တူညီသလောက်ရှိပြီး သူတို့၏ ရှေးဟောင်း လက်နက်ကိရိယာများသည်လည်း တူညီနေသည်။ ထို့ကြောင့် ဤသည်မှာ စစ်မှန်သော ယှဉ်ပြိုင်မှုဖြစ်ပြီး အကွက် ၃၀၀ ကျော်အထိ ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြ၏။
သို့သော်ငြား ချောင်ယောင်းအာ၌ ရဲဘော်ရဲဘက် တစ်ဦးရှိနေသေးသည်။ တချောင်ပင်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ပျံသန်းနေပြီး အကြီးအကဲဝူဆီသို့ အသံလှိုင်းများ ရူးသွပ်စွာ ပစ်လွှတ်နေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
အကြီးအကဲဝူသည် တချောင်၏ အသံလှိုင်းများကို အလွယ်တကူ ရှောင်တိမ်းနိုင်သည်မှာ မှန်ပေသည်။ သို့သော်ငြား တစ်ယောက်တည်းက နှစ်ယောက်ကို ရင်ဆိုင်နေရသောကြောင့် အာရုံများ ပြန့်ကျဲနေ၏။
ထို့အပြင် ချောင်ယောင်းအာက အဘယ်ကြောင့် ကူပိုးကောင်များကို ခံနိုင်ရည် ရှိနေသနည်းကို သူ နားမလည်နိုင်ပေ။
တိုက်ရိုက် အကျိုးသက်ရောက်စေသော အကြောင်းရင်းမှာ ချောင်ယောင်းအာ မတိုက်ခိုက်မီတွင် ရှမ့်လန်က သူ၏ ခန္ဓာကိုယ်ထဲသို့ သွေး ၅၀ မီလီလီတာ ထည့်သွင်းပေးထားသောကြောင့် ဖြစ်သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ရှမ့်လန်၏ သွေးကြောင့် ရရှိလာသော ကူပိုးကောင် ခံနိုင်ရည်ရှိမှုသည် ထာဝရ မဟုတ်ဘဲ အလွန်ဆုံး ၃ ရက်သာ ခံသည်။ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်သော်လည်း အချို့သော ထိပ်တန်း ကူပိုးကောင်များကို ကာကွယ်နိုင်စွမ်း လျော့ကျသွားရုံသာ ဖြစ်သည်။
တချောင်၏ အသံလှိုင်းများ ထိမှန်ချိန်မှာတော့ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အပေါက်ကြီးများ ဖြစ်ပေါ်လာပြီး ပင်လယ်ရေများ ပေါက်ကွဲထွက်သည်။ ထို့အပြင် တချောင်သည် အလွန်ပါးနပ်သည်။ တိုက်ခိုက်လေ ချောင်ယောင်းအာနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလေ ဖြစ်လာသည်။ အရှေ့အနောက်၊ ဘယ်ညာ ညှပ်တိုက်ခြင်းများ ပြုလုပ်လာ၏။
အကြီးအကဲဝူသည် အခြေအနေ မဟန်ကြောင်း ခံစားမိသောကြောင့် ပင်လယ်ထဲသို့ ချက်ချင်း ငုပ်လျှိုးသွား သည်။ ချောင်ယောင်းအာနှင့် တချောင်တို့လည်း ပင်လယ်ထဲသို့ လိုက်ပါသွားပြီး ရူးသွပ်စွာ ဆက်လက်တိုက်ခိုက် ကြသည်။
ရုတ်တရက် ပင်လယ်ထဲတွင် ဓားရောင်များ ပြည့်နှက်သွားပြီး ကျောက်ဆောင် အများအပြား တိတ်ဆိတ်စွာ ကွဲအက်သွားကြသည်။ နှစ်ဦးစလုံး ရှေးဟောင်း တိုက်ပွဲဝင်ဓားများကို ကိုင်ဆောင်ထားကြသည်။ ဓားချက်တစ်ချက် ခုတ်လိုက်တိုင်း ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ ဆူပွက်သွား၏။
အကွက် ၅၀၀။
အကွက် ၁၀၀၀။
အကွက် ၂၀၀၀။
နောက်ဆုံးတွင် အကြီးအကဲဝူသည် တဖြည်းဖြည်း အရေးနိမ့်လာသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် အတွင်းအားကိုသာ အားကိုးနေရပြီး ချောင်ယောင်းအာမှာမူ အတွင်းအားနှင့် စစ်မှန်သော ချီစွမ်းအင်သာမက သွေးမျိုးဆက်စွမ်းအားပါ ရှိနေသောကြောင့် အဆုံးအစမဲ့နီးပါး တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ ဤသည်မှာ သူ၏အားသာချက် ဖြစ်ပြီး ပြိုင်ဘက်ကို မောပန်းနွမ်းနယ် သေဆုံးသည်အထိ တိုက်ခိုက်နိုင်သည်။
နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို လူတိုင်း သိကြသည်။ အကြီးအကဲဝူသည် နောက်ထပ် အကွက် ၅၀၀ ခန့်တွင် ရှုံးနိမ့်တော့မည်။ သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ အရှိန်ပြင်းပြင်း တက်လာပြီး လှိုင်းလုံးများကို နင်းကာ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ တိုက်ပွဲကို လက်လျှော့လိုက်ခြင်း ဖြစ်၏။
“ချောင်ယောင်းအာ... မင်း သတ္တိရှိရင် လိုက်ခဲ့လေ။ ရှေ့မိုင်ရာချီ အကွာမှာ ငါ့ရဲ့ စေတီတောင်ရေတပ် ရှိတယ်။ သင်္ဘောပေါ်မှာ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာ၊ အထူးစစ်သည် ဒါဇင်ပေါင်းများစွာ ရှိတယ်။ မရေမတွက်နိုင်တဲ့ ရှေးဟောင်းပစ္စည်းကိရိယာတွေလည်း ရှိသေးတယ်။”
အကြီးအကဲဝူသည် ချောင်ယောင်းအာနှင့် တချောင်ကို ရှုံးနိမ့်ခဲ့ရခြင်းမှာ အမှန်ပင် အရှက်ရစရာ ဖြစ်သော်လည်း အသက်အန္တရာယ် ရှိလာလျှင် ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး ထွက်ပြေးရမည်သာ။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
အကြီးအကဲဝူသည် ရှေးဟောင်းပစ္စည်းကိရိယာ၏ စွမ်းအားကို အကန့်အသတ်အထိ ထုတ်သုံးလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ ပင်လယ်ပြင်ပေါ်တွင် လျင်မြန်စွာ ဆုတ်ခွာသွားသည်။
“ဘုန်း...”
တချောင်သည် ပင်လယ်ထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ကောင်းကင်သို့ ပျံတက်ကာ လိုက်လံ တိုက်ခိုက်သည်။ ချောင်ယောင်းအာသည် ပင်လယ်လှိုင်းလုံးများကို နင်းကာ လိုက်လံတိုက်ခိုက်၏။
“ရွှီး ရွှီး ရွှီး ရွှီး...”
တချောင်သည် အသံလွန်လှိုင်း တိုက်ခိုက်မှုများကို ရူးသွပ်စွာ ပစ်လွှတ်နေသော်လည်း အကြီးအကဲဝူ၏ သိုင်းပညာ မြင့်မားလွန်းသလို လျင်မြန်လွန်းသောကြောင့် အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။ ဤအတိုင်း ဆက်သွားလျှင် အကြီးအကဲဝူ လွတ်မြောက်သွားနိုင်မည်မှာ သေချာသည်။
သူ၏ရေတပ်ဆီ ပြန်ရောက်သွားလျှင် သူ့ကို သတ်နိုင်မည့် အခွင့်အရေး လုံးဝဆုံးရှုံးသွားပေမည်။ ဝူကျွယ်၏ ရေတပ်အနား ရောက်သည်နှင့် ချောင်ယောင်းအာနှင့် တချောင်တို့ အန္တရာယ် ရှိလာမည်။
သို့သော်ငြား ဤအချိန်၌ “ရွှီး...” နဂါးနောင်တအတု အသေးစားလေးတစ်ခု မိုးကုပ်စက်ဝိုင်းဆီမှ ပျံသန်းလာသည်။
အမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး အသံထက်နှစ်ဆ၊ တစ်စက္ကန့်လျှင် မီတာ ၇၀၀ ခန့် ရှိသည်။ ပင်လယ်ရေမျက်နှာပြင် နှင့် ကပ်လျက် နိမ့်ပါးစွာ ပျံသန်းလာသည်။ အကြီးအကဲဝူ သတိထားမိသည့် အချိန်တွင် အလွန်နီးကပ်နေပြီ ဖြစ်၏။
“သောက်ကျိုးနည်း...” အကြီးအကဲဝူ ပင်လယ်ထဲသို့ ရုတ်တရက် ငုပ်လျှိုးချင်သွားသည်။
“ဘုန်း...”
နဂါးနောင်တ အတု အသေးစားလေး ပေါက်ကွဲသွားသည်။ အိမ်မက်ဆိုးကျောက်တုံး လျှပ်စစ်သံလိုက်ဗုံးပင် ဖြစ်နေပြန်သည်။ တခဏချင်းမှာပဲ အကြီးအကဲဝူ၏ ရှေးဟောင်းသံချပ်ကာသည် ယာယီ ထိန်းချုပ်မှု ပြတ်တောက်သွားပြီး အမြန်နှုန်းမှာ ရပ်တန့်လုနီးပါး နှေးကွေးသွားသည်။
ချောင်ယောင်းအာ၏ ရှေးဟောင်းသံချပ်ကာသည်လည်း ယာယီ ထိန်းချုပ်မှု ပြတ်တောက်သွားသော်လည်း သူမ၏အမြန်နှုန်းမှာ အလွန် မြန်ဆန်နေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် သူ၏ သွေးမျိုးဆက်စွမ်းအားက တုန်လှုပ်ဖွယ် ကောင်းလွန်း သောကြောင့်ပင်။
သို့သော်ငြား တချောင်လည်း ထိခိုက်မှု ရှိသွားပြီး ဦးနှောက်ထဲရှိ အိမ်မက်ဆိုးကျောက်တုံးမှာ ယာယီ ရပ်တန့်သွားကာ သတင်းအချက်အလက် အများအပြား ဆုံးရှုံးသွားသည်။ သို့သော်ငြား ၎င်း၏ ပျံသန်းမှုနှင့် အသံလွန်လှိုင်း တိုက်ခိုက်မှုသည် ခန္ဓာကိုယ်၏ ဂုဏ်သတ္တိများသာဖြစ်ပြီး အိမ်မက်ဆိုးကျောက်တုံးနှင့် မသက်ဆိုင်ပေ။
ထို့ကြောင့် ၎င်း၏ စိတ်ထဲတွင် ခေတ္တမျှ ဗလာဖြစ်သွားသော်လည်း အရှိန်အဟုန်ဖြင့် ဆက်လက်ပျံသန်းနေပြီး အသံလွန်လှိုင်း တိုက်ခိုက်မှုများ ဆက်လက်ပစ်လွှတ်နေဆဲပင်။
“ဘုန်း...” အားကောင်းသော အသံလွန်လှိုင်း တိုက်ခိုက်မှုသည် အကြီးအကဲဝူကို ပြင်းထန်စွာ ထိမှန်သွားသည်။
ဤရှေးဟောင်းသံချပ်ကာသည် အမှန်တကယ် အံ့သြဖွယ် ကောင်း၏။ အသံလွန်လှိုင်း တိုက်ခိုက်မှုပင် ဖျက်ဆီး၍ မရပေ။
သို့သော်ငြား အသံလွန်လှိုင်းတွင် အားကောင်းသော ထိုးဖောက်နိုင်စွမ်း ရှိသည်။ ရှေးဟောင်းသံချပ်ကာကို မဖျက်ဆီးနိုင်သော်လည်း ဖြတ်သန်းသွားပြီး အကြီးအကဲဝူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်နိုင်သည်။ အကြီးအကဲဝူသည် ကြီးမားသော အန္တရာယ်ကို ခံစားလိုက်ရပြီး အတွင်းအားနှင့် စစ်မှန်သော ချီစွမ်းအင် အားလုံးကို စုစည်းကာ ကြောက်မက်ဖွယ် အသံလွန်လှိုင်း တိုက်ခိုက်မှုကို အသည်းအသန် ကာကွယ်လိုက်၏။
“ဘုန်း...”
အကြီးအကဲဝူ၏ အတွင်းအားနှင့် တချောင်၏ အသံလွန်လှိုင်း တိုက်ခိုက်မှုတို့ ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံ သွားသည်။ ဤစွမ်းအားသည် သိပ်ပြီး မကြီးမားပေ။ လေဟင်းလင်းပြင်၌ ဆိုလျှင် အပြင်သို့ ပျံ့နှံ့ ထွက်သွားနိုင်သော်လည်း နေရာလွတ်တစ်ခုလုံးကို ရှေးဟောင်းသံချပ်ကာဖြင့် ပိတ်ဆို့ထားသောကြောင့် စွမ်းအားများသည် အတွင်းထဲ၌ ပေါက်ကွဲသွားသည်။